1 – WR 102

1 – WR 102

(WR 102 သည် Sagittarius ကြယ်စုအတွင်းရှိ အလွန့်အလွန်ရှားပါးသော တောက်ပပူလောင်သည့် ကြယ် တစ်လုံးဖြစ်သည်။ စူးရှတောက်ပလွန်း၍ ပေါက်ကွဲထွက်ခါနီးအဖြစ် ဆင့်ကဲပြောင်းလဲထားသော ကြယ် လည်းဖြစ်သည်။)

==============================================================================

ခြစ်ခြစ်တောက်ပူသည့် နေ့လယ်အချိန်သည် မည်သို့မျှ စိတ်ချမ်းမြေ့စရာမရှိနိုင်။ မီးကလည်း ပြတ်သွား သေး၍ ဝေယံ ဒေါသထွက်နေရပြီ။ ခဏနေလျှင် ဘယ်နှခုမြောက်မှန်းမသိသော အင်တာဗျူးကလာဦး မည်။ မနက်က ရေချိုးထားသည့်တိုင် ယခုပူလောင်အိုက်စပ်နေပြန်ပြီ။ အင်္ကျီကို တစ်ချက်လေဝင်အောင် လုပ်ပြီး စိတ်က အမှတ်စာရင်းထံရောက်သွားပြန်၏။ အောင်စာရင်းထွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် စိတ်အနှောင့်အယှက်ဖြစ်ရခြင်းပင်။

မောင်ဝေယံခ  ခုံအမှတ် ဆဒဂ – ၁၂၁

မြန်မာစာ – ၈၄

အင်္ဂလိပ်စာ – ၈၅

သင်္ချာ – ၁၀၀

ဓာတုဗေဒ – ၁၀၀

ရူပဗေဒ – ၁၀၀

ဇီဝဗေဒ – ၉၉

တက္ကသိုလ်ဝင်တန်းစနစ်တစ်ခု၏ အကောင်းနိုင်ဆုံးသော ရမှတ်များဟု လူတိုင်းပြောနေကြသည့် ထို အမှတ်စာရင်းမှာ ဘာမျှမထူးခြားတော့သလို ခံစားလိုက်ရသည်။ ရှက်ရွံ့မှုတစ်ခုကိုပါ တွဲပြီး ခံစားနေရ၏။

စားပွဲကို တစ်ချက်ထုချလိုက်တော့ အမှတ်စာရင်းဘေးမှ နုတ်စာရွက်လေးက မြောက်တက်သွားသည်။ ဆရာမတစ်ယောက်၏ ပြောပြချက်ကို လိုက်မှတ်ထားပြီးကတည်းက သူ ထိုအကြောင်းကိုသာ အာရုံ ရောက်နေရ၏။

“ဆစခ – ၂၀၇

မြန်မာစာ – ၈၅

အင်္ဂလိပ်စာ – ၈၅”

သူက အခုဘယ်ကမှန်းတောင်မသိတဲ့လူတစ်ယောက်ထက် အမှတ်နည်းတာတဲ့လား။ မိမိကိုယ်ကို အထင် ကြီးခဲ့သမျှ ဤတခါ အတော်အထိနာသွားရသည်။ မြန်မာစာကို ၈၅ ရအောင် ဘယ်လိုဖြေသလဲ။ နှစ်ဘာ သာထဲ ဂုဏ်ထူးထွက်သော်လည်း ထိုနှစ်ဘာသာကို အမြင့်ဆုံးရအောင်ဖြေနိုင်တဲ့လူက သူ့ဆရာများပင် မကြားဖူးသည့် နာမည်တစ်ခု။ ထို့ပြင် နာမည်ကြီးကျောင်းများမှလည်းမဟုတ်နိုင်။

“ခဏနေ ဂျာနယ်က သတင်းထောက်လာတော့မယ် သား။ ကော်ဖီအေးသောက်ဦးမလား”

မေမေရှေ့မှာ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားလိုက်ရင်း “ကျွန်တော် ရေချိုးလိုက်တော့မလို့” ဟု သာ ဖြေလိုက်သည်။ သို့သော်မေမေက သူ့ကိုသိပါသည်။

“အဲဒီအမှတ်ကိစ္စ စိတ်ထိခိုက်နေတာလား”

“စိတ်ထိခိုက်ရအောင် ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး မေမေ။ ဒါပေမဲ့ အဲဒီအမှတ်ကိုရတာ ကြည်သာ အေးမြ ဆိုရင် ကျွန်တော် ဒီလောက်အောင့်သက်သက်ဖြစ်မယ်မထင်ဘူး”

“ကြည်သာလေးလည်း တစ်မှတ်တည်းကပ်နည်းတာ။ တတိယနေရာကကလေးနဲ့ဆို ၅ မှတ်တောင်ကွာ တယ်။ ဒီနှစ်ကတော့ တကယ်ထူးခြားတာနော်”

ကြည်သာအေးမြ အကြောင်းတွေးမိတော့လည်း ခုနကစိတ်ဆိုးသည်ပင်ပျောက်ပါသည်။ ထိုနာမည်ကို သူ့ ကျူရှင်ဆရာတွေက တဖွဖွပြောခဲ့သည်လေ။ မြို့နယ်မတူသည်မို့ရော၊ ဝေယံ ကိုယ်တိုင်က ကချင် ပြည်နယ်မှာ ကြီးပြင်းခဲ့သူဖြစ်၍ ကြည်သာနှင့်ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းမရှိသော်လည်း ဆယ်တန်း အတွက် ရန်ကုန်သို့ပြောင်းရန်ပြင်ဆင်ကတည်းက နံပါတ် ၁ ရဖို့ ထိပ်တန်းစာရင်းမှာ ကြည်သာအေးမြ နာမည်ကို စတင်သိကျွမ်းခဲ့ရသည်။ ဝေယံကျောင်းပြောင်းလာရန် ပြင်တော့ ကြည်သာအေးမြ တက်သည့် နာမည် ကြီး ကျောင်းကို ရောက်သွားခဲ့သေး၏။ သို့သော် ကျူရှင်ဆရာများ၏ လမ်းညွှန်မှုအရ ကြည်သာအေးမြ နှင့် ပြိုင်ဘက်ကျောင်းကို ရောက်ရှိသွားသည်။ မည်သည့်ပတ်ဝန်းကျင်ဖြစ်ပါစေ၊ သူဂရုမစိုက်ပါ။ သူ့အစွမ်းအစများကို ထုတ်ဖော်ပြနိုင်မည့်ပတ်ဝန်းကျင်ဖြစ်လျှင်ရပြီ။ ကြည်သာအေးမြ ထက် တစ်မှတ် အသာနှင့် တစ်နိုင်ငံလုံး ပထမရခဲ့တုန်းက သူကျေနပ်မိသည်ကို ဝန်ခံရမည်။ တစ်ချိန်တည်းပင် ကြည်သာ အေးမြ အတွက် စိတ်မကောင်းဖြစ်မိသည်။ ရန်ကုန်တိုင်းအတွက်ရော၊ ကျောင်းအတွက်ရော နှစ်အဆက်ဆက်ကြို တင်ပြင်ဆင်လာသည့် ကောင်မလေးက တစ်မှတ်အလျော့ဖြင့် ဒုတိယ ဖြစ်ခဲ့ရ သည်မလား။ ကြည်သာအေးမြ က အမှတ်များသွားလျှင် သူ မုဒိတာပွားနိုင်ပါဦးမည်။

ဘယ်လိုဖြစ်ဖြစ် အင်တာဗျူးဖြေဖို့အချိန်နီးကပ်လာ၍ သူ ရေချိုးခန်းထဲဝင်လာခဲ့ပြီး ရေအေးအေး လောင်းချိုး လိုက်၏။ ချွေးစို့သည်တို့ ပျောက်သွားသော်လည်း ပူလောင်မှုတစ်ခုက မပျောက်သွား။ ဆစခ – ၂၀၇.. မင်းဘယ်လိုလူလဲ။

=============================================================================

ကြည်သာ့ ကျောင်းစိမ်းအင်္ကျီကိုပင် ဆန်းပြားသည့်ဒီဇိုင်းလေးချုပ်ပေးထားသော မေမေကြောင့် မှန်ရှေ့မှ ပုံရိပ်က ကျေနပ်စရာကောင်းပါသည်။

“မိတ်ကပ်မလိမ်းတော့ဘူးလား ကြည်သာ”

“မလိမ်းချင်ဘူး အန်တီ။ မိတ်ကပ်တွေနဲ့ဆို ကြည်သာ့မျက်နှာကို သေချာမမြင်ရမှာစိုးလို့”

“အို.. ကိုယ့်အိမ်က ကလေးတော့ ဘယ်လိုနေနေ လိုက်ရှာမှာပဲ။ ကြည်သာအေးမြ မိတ်ကပ်လိမ်းလို့ ပိုထင်းတာပဲဖြစ်မှာကို”

ကြည်သာ့ စကားကို အပြင်လူတွေကနားလည်မည်မဟုတ်ပါပေ။ ကြည်သာပြောသည်က ယနေ့ ရင်ဆိုင် တွေ့ရမည့် တစ်စုံတစ်ယောက်ကိုသာ ရည်ညွှန်းခြင်းဖြစ်၏။

“ချမ်းငြိမ်းက ဘယ်သွားပြန်တာလဲ။ ဒီကလေးနှယ်.. ဆိုင်စောင့်ရပါမယ်ဆိုတာကို”

ကြည်သာ ဆတ်ခနဲထလိုက်၏။

“ကိုကိုက ဘာဖြစ်လို့ ဆိုင်စောင့်ရမှာလဲ။ ကြည်သာ့ ဆုပေးပွဲကို တစ်အိမ်လုံးလိုက်မှာဆို”

မေမေက မိတ်ကပ်ပြင်နေရင်းလှည့်ကြည့်ပြီး “သားကြီးက ဘယ်တုန်းက အဲဒီလိုများလိုက်လို့တုန်း။ တခြားလူတွေလိုက်မယ်လေ” ဟု ခပ်အေးအေးပြန်ပြော၏။

ကြည်သာ စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်ကိုဖွလိုက်တော့ အန်တီက ဟဲ့ ဟဲ့ ဟုတားရှာသည်။ အပေါ်ထပ်ရှိ ချမ်းငြိမ်း အခန်းထဲသို့ ကြည်သာ ပြေးတက်ခဲ့သော်လည်း အခန်းထဲသို့တော့ မဝင်ရဲသဖြင့် တံခါးပဲ ခေါက်နေမိ၏။ အတော်ကြာမှ ချမ်းငြိမ်းထွက်လာသည်။ ချမ်းငြိမ်းက သူ့ဆံပင်ကိုကြည့်ပြီး လက်ဖြင့် ခပ် ဖွဖွ သပ်ပေးရင်း “ပွနေတယ်” ဟု ပြော၏။

“ဆုပေးပွဲကို နင်လိုက်ခဲ့ရမယ် ကိုကို”

“ကြည်သာ့အတွက် ကိုယ် ဂုဏ်ယူတာ ကြည်သာ အသိဆုံးပါ။ ကိုယ် လူရှုပ်ရှုပ်တွေထဲမလိုက်တော့ဘူး”

“ငါ့ဆုပေးပွဲတွေဆို နင်မလိုက်တာသိပါတယ်။ ဒါပေမဲ့ ဒီတခါတော့ လိုက်ခဲ့ပါ”

ချမ်းငြိမ်းက ကြည်သာ့ခေါင်းထက်မှ လက်ဖဝါးကိုခွာလိုက်၏။

“ဓာတ်ပုံလှလှရိုက်ခဲ့”

“ချမ်းငြိမ်းအေးဟန်ရှိမှရမှာ။ အနည်းဆုံးတော့ ငါ ဝေယံခ ရှေ့မှာ မတ်မတ်ရပ်နိုင်ဖို့ ကိုကိုရှိဖို့လိုတယ်။ ငါ တောင်းဆိုတယ်ဆိုရင် မရဘူးလားဟင်”

ချမ်းငြိမ်းက သူ့မျက်ဝန်းကိုငေးကြည့်နေပြီးမှ ခေါင်းညိတ်သည်။

“မေမေ့ကို ပြောလိုက်ဦးမယ်”

“မပြောနဲ့။ ကြည်သာပြောမယ်။ ကိုကိုက အဝတ်အစားလဲတော့။ ကြည်သာအရမ်းပျော်နေတာသိလား”

ပြောပြောဆိုဆိုနှင့် ပြေးဆင်းလာရင်း ဆံပင်ကိုပြန်ပြင်သည်။ မေမေ့ကို ချမ်းငြိမ်းလိုက်မည့်အကြောင်း ပြောသည်။ အရာရာက ချမ်းငြိမ်းအေးဟန် ရှိလျှင် စိတ်ဖြောင့်ဖြောင့်နှင့်စီစဉ်နိုင်သည်ချည်းသာ။

ကားပေါ်မှာ မေမေက စကားတပြောပြောနှင့်ရှိသော်လည်း ချမ်းငြိမ်းက ရှေ့ခန်းတွင် ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်နေ၏။

“ဟို နံပါတ် ၁ ရတဲ့ကောင်လေးကို အခုမှမြင်ဖူးရတော့မှာနော်။ တိုင်းအဆင့်ထိ တက်ခဲ့သမျှ သူနဲ့တခါမှ မဆုံဖူးဘူး”

ကြည်သာ မဲ့ပြုံးပြုံးလိုက်မိသည်။ မေမေသည်လည်း ကြည်သာနှင့်ထပ်တူ ထိုလူကို မကျေနပ်မည်ကို ကြည်သာသိသည်။ ၅ တန်းကတည်းမှနေ၍ ကြည်သာ ဖြေရသော ထူးချွန်၊ မြို့နယ်တိုင်းကို မေမေက စိတ်ပါဝင်စားစွာ လိုက်ခဲ့ပေးသကဲ့သို့ နာမည်ကြီးသောကျောင်းသားကျောင်းသူများနှင့်လည်း မျက်မှန်း တန်းမိကြသည်သာဖြစ်သော်လည်း ဝေယံခ ဆိုသောနာမည်ကိုတော့ အောင်စာရင်းထွက်မှ သိရခြင်းပင်။

“သူ မခံနိုင်ဖြစ်နေတယ်လို့ တီချယ်ထွေး က ပြောတယ်။ ဖြစ်မှာပေါ့၊ သူ့ကိုယ်သူအထင်ကြီးတာကိုး”

ချမ်းငြိမ်းက နောက်ကြည့်မှန်မှတဆင့် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် မျက်နှာပြန်လွှဲသွား၏။ ကြည်သာ ဆက်ပြောနေမိသည်။

“သူ့ထက် မြန်မာစာအမှတ်များတဲ့သူရှိသွားတယ်လေ”

“ဟင်။ အဲဒီဝေယံခက သမီးထက်တောင် တစ်မှတ်များတာကို သူ့ထက်ထပ်များတာလား”

အောင်စာရင်းသိရခါစရက်များက ထိုသို့ပြောလျှင် ကြည်သာ ပွဲကြမ်းပစ်နိုင်သော်လည်း ယခုတော့ သဘောကျစွာ ရယ်မောနေမိသည်။

“ဟုတ်တယ်။ မြန်မာစာ ၈၅ မှတ်ရတဲ့သူရှိတယ်တဲ့”

“အခုဆုပေးပွဲမှာတွေ့ရမှာပေါ့။ တော်လိုက်တာ အဲဒီကလေး”

“ဒါက တစ်နိုင်ငံလုံး ဘာသာစုံအမှတ်ပေါင်းများတဲ့လူတွေကိုပဲပေးတာထင်တယ်”

ချမ်းငြိမ်းကတော့ ကားအပြင်ဘက်ကိုသာ ငေးကြည့်နေ၏။ ဆုပေးပွဲကျင်းပမည့် ဗိမာန်သို့ရောက်တော့ ကြည်သာ့ကျောင်းမှ ဆရာ၊ ဆရာမများက ဖက်လှဲတကင်းနှုတ်ဆက်၍ ချမ်းငြိမ်းနှင့်ခဏဝေးသွား၏။ ဟို ဘက်ကျောင်းမှ လူများကိုမြင်တော့ ထိုထဲမှ တစ်ယောက်က ဝေယံခပဲဟု ကြည်သာ နားလည်လိုက်သည်။

“ကိုကိုရော..”

မေမေ့ကို လက်တို့မေးနေတုန်း ဘေးကို ချမ်းငြိမ်းရောက်လာပါသည်။ အရပ်မြင့်သည့် ချမ်းငြိမ်းရောက် လာလျှင် ကြည်သာ အလိုလိုစိတ်လုံခြုံစမြဲ။

“အနားမှာနေပါ ကိုကိုရာ။ ငါဟိုကောင်နဲ့စကားပြောနေပြီးတဲ့ထိတော့နေ”

“ဘာသွားပြောမလို့လဲ”

“ကြည့်နေပေါ့”

“ကြည်သာ..ညီမလေး။ ဒီအမှတ်တွေအတွက်နဲ့ ရန်သူမဖွဲ့လိုက်နဲ့။ အနာဂတ်မှာ မိတ်ဆွေတစ်ယောက်ရ အောင်ပဲ လုပ်ပါ”

တရားချနေသည့် ချမ်းငြိမ်းကို ရယ်ချင်သော်လည်း ကြည်သာ မရယ်ရဲပါ။ တစ်ဖက်မှ အသားဖြူဖြူနှင့် ကောင်လေးတစ်ယောက်ကို တွေ့တော့ ကြည်သာ ငေးကြည့်မိ၏။ ဝေယံခပေါ့လေ။ အရပ်ကချမ်းငြိမ်းနှင့် မကွာလောက်ပါ။ ဝေယံခက အသားဖြူပြီး ကြည့်ကောင်းသည်ဟု ဝန်ခံရမည်။ ချမ်းငြိမ်းဆိုလျှင်…။ ယှဉ် စရာကိုမဟုတ်တာ ဘာဖြစ်လို့ယှဉ်နေမိပါလိမ့်။ ဝေယံခ ကြည့်ကောင်းလည်း ချမ်းငြိမ်းအေးဟန် သည် မည်သူနှင့်မှမတူပါ။

“ကြည်သာအေးမြလား”

“အင်း.. နင်က ဝေယံခ ပေါ့”

ချမ်းငြိမ်းကိုလှည့်ကြည့်တော့ ကျောပေးထား၏။ ဒုက္ခပါပဲ။

“နင် ဘယ်တက္ကသိုလ်ယူမှာလဲ”

ကြည်သာ တစ်ချက်ရယ်လိုက်မိသည်။ ဒီမေးခွန်းတွေမေးရအောင် ခင်မင်နေသည်ထင်နေလား။

“မယူဖြစ်ဖို့များတယ်။ ငါ တက်ချင်တဲ့ဘာသာက ဒီမှာမရှိလို့”

“ဟုတ်လား။ ငါလည်း နိုင်ငံခြားသွားမှာ”

ဆောင့်ကြွားကြွားကောင် ဟုမှတ်ချက်ချမိစဉ် ထပ်ပြောလာသော စကားကြောင့် ကြည်သာ လက်သီး ဆုပ်မိသွားသည်။

“Physics တက်ဖို့”

ဝေယံခ မျက်နှာက ကြည့်လေ စက်စုပ်ဖို့ကောင်းလာလေပင်။ Physics ကို အဲဒီကောင်ကလည်း စိတ်ဝင်စားသတဲ့လား။

“မြန်မာစာနဲ့အင်္ဂလိပ်စာကို ၈၅ မှတ်ရအောင်ဖြေတဲ့သူရှိတယ်လို့ကြားတော့ ငါက အဲဒါ နင်ပဲလို့ထင်လိုက် တာ”

ဝေယံခ မျက်နှာပျက်သွားသည်ကိုကြည့်ရတာ အရသာရှိလိုက်လေခြင်း။ ကြည်သာအေးမြ က ထိုသို့သော ကိစ္စများတွင် ကျွမ်းကျင်ပါသည်လေ။

“အဲဒါဘယ်သူလဲ နင်သိလား။ ရန်ကုန်ကပဲဆိုတော့”

ဝေယံခက မကျေမနပ်မေးခြင်းဖြစ်သည်။ သိလျှင် သွားများရန်ရှာဦးမလားမသိ။

“မသိဘူးလေ။ ဒီဆယ်ယောက်ထဲတော့မပါဘူး။ ဝိဇ္ဇာတွဲကလည်းမဟုတ်ဘူးတဲ့”

“နှစ်တိုင်းဆုရနေကြ နင်တောင်မသိတာ… ဘယ်လိုများဖြေလဲဟာ”

“နင်ဖြေသလိုဖြေလို့နေမှာပေါ့။ နင်လည်း ၈၅ ရတာပဲလေ။ အာ.. မြန်မာစာတော့ ဟိုကသာသွားပုံပဲ”

“ကြည်သာ.. ဓာတ်ပုံရိုက်ဖို့ မေမေစောင့်နေပြီ”

ပုခုံးကို ဖွဖွလေးကိုင်ပြီး ချမ်းငြိမ်းက ဝင်ပြော၏။ ဝေယံခက ချမ်းငြိမ်းကို တစ်ချက်စူးခနဲကြည့်သော်လည်း ဘာမှတော့မပြော။

“ကြည်သာအေးမြ.. ငါတို့သူငယ်ချင်းလုပ်ကြမလား”

“သွားကြမယ် ကိုကို”

ဝေယံခ ကမ်းပေးလာသော လက်ကို ဥပေက္ခာပြုပြီး ကြည်သာက ချမ်းငြိမ်းလက်ကိုတွဲကာ မေမေတို့ထံ လျှောက်သွားလိုက်၏။ သူ့အပြုံးကို ဝေယံခ တစ်ယောက်မမြင်နိုင်မှာသေချာပါသည်။

“ကိုကို.. နင်တွေ့လိုက်သေးလား။ သူ့မျက်နှာကို တကယ်မြင်စေချင်တာ”

“ကြည်သာ.. ကလေးဆန်တုန်းပဲ”

“ငါက ကလေးဆန်တာမဟုတ်ဘဲ ငါ့ထက် ၇ မိနစ်ကြီးတဲ့ နင်က လူကြီးဆန်လွန်းနေတာပါ ကိုကိုရဲ့”

ဓာတ်ပုံရိုက်နေရင်း ကြည်သာ ပြုံးပျော်နေသည်ကို မထိန်းထားနိုင်။

“ကြည်သာ.. အဲဒီ ၈၅ မှတ်ရတဲ့သူကိုစိတ်ဆိုးလား”

“ဝေယံခ မရှိရင်တော့ စိတ်ဆိုးမိမလားမသိဘူး။ ဒါပေမဲ့ အခုတော့ ဝမ်းသာတယ်။ အဲဒီလူကို ကျေးဇူး တောင် တင်ချင်သွားတယ်။ ဟားဟား”

ချမ်းငြိမ်း ငြိမ်သွားတော့ ကြည်သာ ထင့်သွား၏။

“ကိုကို.. နင်အမှတ်စာရင်း ဘယ်တော့ထုတ်မှာလဲ”

“မနေ့က ညနေက ကျော်ဇောတို့နဲ့တခါတည်းသွားထုတ်ဖြစ်ပါတယ်”

ကြည်သာ ကြည့်လိုက်တော့ ချမ်းငြိမ်းက ကြည်သာ့ပုခုံးလေးကို ဖွဖွကိုင်ရင်း “ကြည်သာ့ကို ပြောမလို့ပဲ။ မနေ့ကပြန်လာတော့ ဆိုင်မှာပဲဆိုလို့..” ဟုဆိုသည်။

“နင်အမှတ်ပေါင်းဘယ်လောက်လဲ။ မဟုတ်ဘူး နင်မြန်မာစာနဲ့ အင်္ဂလိပ်စာ ဘယ်နှမှတ်ရသလဲ”

“ကြည်သာ.. အဲဒီအမှတ်တွေက ကိုယ့်အတွက် အရေးမပါဘူး”

ကြည်သာ လက်တွေတုန်လာကာ ခြေထောက်တွေပင်ခွေကျချင်လာသည်။

“ညီမလေး.. ကိုယ့်ကိုကြည့်။ အဲဒါတွေက ဘဝမှာဘာမှမဟုတ်..”

သူ့ကိုငုံ့၍ချော့သော ချမ်းငြိမ်းကို ဆောင့်တွန်းပစ်လိုက်တော့ ဟန်ချက်ပျက်သွားပြီး လှေကားထစ်များမှ ချမ်းငြိမ်း လိမ့်ကျသွားသည်။ ရင်ထဲထိတ်ခနဲဖြစ်သွားသော်လည်း ချမ်းငြိမ်းက ချက်ချင်းပြန်ထလာပြီး သူ့ကိုပြန်လာချော့ပြန်သည်။

“ကိုယ် တောင်းပန်တယ်။ ကြည်သာ.. ဒီနေ့.. အနည်းဆုံး ဒီပွဲပြီးတဲ့ထိတော့ အဲဒီလိုမလုပ်ပါနဲ့။ ပြန်ရင် ကိုယ့်ကို ကြိုက်သလောက်ပြောပါ”

“ချမ်းငြိမ်းအေးဟန်.. နင် ဘယ်အချိန်ထိ သေလူလိုလုပ်နေမှာလဲ”

သူ အော်ငိုပြီး ချမ်းငြိမ်းရင်ဘတ်ကို ထုလိုက်မိသည်။ အနီးဆုံးက လူဖြစ်နေ၍ ပိုဆိုးရသည်။

“သမီးတို့ ဘယ်လိုဖြစ်တာလဲ”

မေမေက သူတို့ရှိနေသည့် နောက်ဘက်သို့လိုက်လာပြီးမေးသည်။

“ကိုယ်သွားတော့မယ်။ မေမေ.. ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်မလိုက်လာသင့်ဘူး”

ချမ်းငြိမ်းက သူ့ကိုတစ်ချက်လှည့်မကြည့်ဘဲ ထွက်သွားတော့ သူ အရုပ်ကြိုးပြတ်ထိုင်ကျသွား၏။ ချမ်းငြိမ်း ကျောပြင်ကို ငေးကျန်ခဲ့ရတာ နာကျင်လိုက်တာ။

“မေမေ…ကြည်သာ ကိုကို့ကိုမုန်းလိုက်တာ.. မုန်းချင်လိုက်တာ”

“မဟုတ်တာတွေမပြောရဘူး သမီးရယ်။ ဘာတွေစကားများကြတာလဲ”

“ကိုကိုက… မြန်မာစာနဲ့ အင်္ဂလိပ်စာ အမှတ်အများဆုံးရတဲ့သူ..”

မေမေ့မယုံကြည်နိုင်သောမျက်နှာကို ကြည်သာ နားလည်ပါသည်။ ကြည်သာတို့ မိသားစုပုံစံက ထူးဆန်း သည်ဟု မြင်စရာရှိသော်လည်း ချမ်းငြိမ်းအေးဟန်က ပို၍ထူးဆန်းပါသည်။ ကြည်သာ ဝမ်းပန်းတနည်း ငို ရှိုက်မိတုန်း လှေကားခွင်နားသို့ရောက်လာသော ဝေယံခ ကိုတွေ့လိုက်ရ၏။

“ဟို.. ငါတို့ခဏနေ လူကြီးလာရင် နှုတ်ဆက်ရမယ်ဆိုလို့..”

ကြည်သာ စူးခနဲကြည့်လိုက်တော့ ဝေယံခ က နောက်ဆုတ်သွား၏။

ထိုနေ့က ဆုပေးပွဲတွင် ဖောင်းအစ်နေသောမျက်ဝန်းများဖြင့် ဆုယူခဲ့သော မြန်မာတစ်နိုင်ငံလုံး ဒုတိယဆု ရှင်နှင့် မျက်နှာမသာမယာဖြစ်နေခဲ့သော မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင်တို့၏ အကြောင်းက ဆရာ ဆရာမများနှင့် ပွဲလာပရိသတ်တို့ကြား ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။


Posted In ,

Leave a comment