2 – SWEEPS-11

2 – SWEEPS-11

(SWEEPS-11 ကို ၂၀၀၆ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး နေအဖွဲ့အစည်းထံမှ အလင်းနှစ်ပေါင်း ၂၇,၇၁၀ ဝေး ကွာသဖြင့် သိရှိထားသမျှထဲတွင် အဝေးကွာဆုံး ဂြိုဟ်တစ်လုံးဖြစ်လာခဲ့သည်။ ၎င်းသည် ဂျူပီတာဂြိုဟ် ထက် ထုထည် ၉.၇ဆ ကြီးမားပြီး Sagittarius ကြယ်စင်စုထဲမှဖြစ်သည်။)

ဦးစားပေးတက္ကသိုလ်တွင် ဆေးတက္ကသိုလ် ၁၊ ရန်ကုန် ဟု ဖြည့်ရေးထားသော မေမေ့လက်ရေးကို ကြည့်၍

ကြည်သာ ခေါင်းခါပြီး ခြစ်ချလိုက်သည်။ မေမေ့ကို နားမလည်၍ မဟုတ်၊ မိသားစုမျိုးရိုးထဲတွင် ဆရာဝန် မရှိ၍ ဆရာဝန်မက်မောသည်ကိုသိပါသည်။ သို့သော် ကြည်သာအေးမြက ဒေါက်တာကြည်သာအေးမြ ဖြစ်လျှင်ပင် ထိုဒေါက်တာဘွဲ့သည်  á€‡á€Žá€á€›á€°á€•ဗ္ဒ ဘာသာရပ်အတွက်သာဖြစ်ပါလိမ့်မည်။ မေမေ့ စိတ်တိုင်းကျ နေထိုင်လာပြီးသည့်နောက် အောင်စာရင်းထွက်ချိန်တွင် တက္ကသိုလ်အတွက် ကြည်သာ စဉ်းစားပြီးသား ဖြစ်သည်။ ပြဿနာက ကုန်ကျစရိတ်ကိစ္စပင်။ ဆရာဝန်ပညာရေးထက် ပိုကုန်ကျမည့် တခြားသောသိပ္ပံကို လူကြီး တွေက နားမလည်နိုင်ပါ။

“တောက်။ ဒါ ဟိုကောင့်ကြောင့်ပဲ”

ဘောပင်ကိုထက်ပိုင်းချိုးပစ်လိုက်ပြီး ပစ်ပေါက်လိုက်မိသည်။ အမှန်တွင် သူ ခက်ခက်ခဲခဲတောင်းဆိုခဲ့ပြီး မေမေကလည်း ဇီဝရူပဗေဒကို နိုင်ငံခြားတွင်တက်ရောက်နိုင်မည့် ပညာသင်ဆုလျှောက်ရန် ခေါင်းညိတ်ခဲ့ပြီး ပြီ။ ထိုပညာသင်ဆုအတွက် ပြင်ဆင်မှုကို ဆရာမများက ကူညီပေးသဖြင့် ကြည်သာ ရနိုင်မည်ဟုထင်ခဲ့ သော်လည်း တစ်နိုင်ငံလျှင် တစ်ယောက်သာ ပေးသောဆုကို ဝေယံခ က ယူသွားခဲ့ လေသည်။ သိပ္ပံ နယ်ပယ်တွင် နာမည်အကျော်ဆုံးပညာသင်ဆုဖြစ်ပြီး ယူသည့်အထူးပြုဗေဒအလိုက် အလုပ်သင်အခွင့် အရေးပါ ရရှိမည့် ထိုပညာသင်ဆုသည် ယခုအခါ ဝေယံခ အတွက်ဖြစ်သွားခဲ့ပြီ။ ထိုဆုကို လျှောက်သူနည်း ပြီး ရကိုရမည်ဟု အပိုင်တွက်ထားမိသော ကြည်သာ့မှာ တခြားသော အစားထိုး အစီအစဉ်မရှိခဲ့သဖြင့် ဆောက်တည်ရာမရဖြစ်ရသည်။ မေမေကတော့ ဆေးတက္ကသိုလ်သာတက်ရန် တိုက်တွန်းနေလေသည်။

ကြည်သာ အခန်းထဲမှထွက်လိုက်ပြီး အပေါ်သို့တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆုပေးပွဲပြီးကတည်းကဆို လျှင် ချမ်းငြိမ်းနှင့် မျက်နှာချင်းဆိုင်မဖြစ်တာ လပိုင်းမျှပင်ရှိမည်။ လွမ်းသည်ကို ကိုယ်သာအသိဆုံးဖြစ် သော်လည်း ချမ်းငြိမ်းကိုရှောင်နေခဲ့သကဲ့သို့ ချမ်းငြိမ်းကလည်း ရှိမနေခဲ့ပါပေ။ 

“မေမေ.. သမီး ဒီနားစာအုပ်သွားငှားဦးမယ်”

ထိုမျှသာအော်ခဲ့ပြီး ကြည်သာ အင်တာနက်ကဖေးဆိုင်သို့ ထွက်လာခဲ့သည်။ အိမ်မှာ ဖေဖေ့လက်ထက်က ကျန်သော ကွန်ပျူတာ အဟောင်းတစ်လုံးရှိသော်လည်း ဘာမှသိပ်သုံးမရပါ။ ထို့ပြင် အိမ်မှာကလည်း လိုင်းချိတ်ဖို့ခက်သဖြင့် အင်တာနက်ကဖေးများသာ အားကိုးရသည်။ အင်တာနက်မှနေ၍ ပညာသင်ဆု များရှာရမည်ဖြစ်သော်လည်း ထိုကိစ္စက လွယ်တော့မလွယ်။ ဆိုင်ထဲဝင်သွားတော့ ဂိမ်းဆော့နေသော ကောင်လေးများနှင့် တိုးသော်လည်း ကြည်သာ ဂရုမစိုက်ဘဲ စက်တစ်လုံးတွင်ထိုင်လိုက်သည်။

“ကြည်သာ..”

ထိုအသံကိုကြားရတော့ ကြည်သာ ချက်ချင်းငိုချင်သွား၏။ ဘေးမှာလာရပ်နေသူက ချမ်းငြိမ်း။

“နင် ဒီမှာရောက်နေတာလား”

ချမ်းငြိမ်းက ပြဿနာဖြစ်ပြီးကတည်းက အိမ်မှာသိပ်မနေတော့ဘဲ ညအိပ်ချိန်လောက်သာပြန်လာသည် ဟု သိရသည်။

“ကြည်သာ အင်တာနက်တသီးတသန့်သုံးစရာရှိလား”

“ဘာကိုပြောတာလဲ”

“ကိုယ်ပြောတာက ချက်တင်လုပ်တာမျိုး၊ စကားပြောတာမျိုးလုပ်ဖို့ရှိရင် ကိုယ် နောက်မှလာပြောမလို့ပါ”

ကြည်သာ နှုတ်ခမ်းဖိကိုက်လိုက်မိသည်။

“နင်ဘယ်လိုအစ်ကိုလဲ ချမ်းငြိမ်း”

“ကြည်သာအေးမြ ကိုစိတ်ပူတဲ့ အစ်ကိုဖြစ်လိမ့်မယ်”

“စိတ်ပူရင် တားလေ”

“ကြည်သာ့ အချိန်ခဏယူချင်တယ်။ ရလား”

“အား.. နင် တကယ်ဘယ်လိုလူလဲ ချမ်းငြိမ်းရယ်။ မသိဘူး ဒီကထွက်ကြစို့။ ငါ ဗိုက်ဆာပြီ။ နင်ပြောချင် တာကို တစ်ခုခုစားရင်းပြောတော့”

ချမ်းငြိမ်းက ခေါင်းတစ်ချက်ညိတ်ပြီး တခြားစက်တစ်ခုတွင်တင်ထားသော ကျောပိုးအိတ်ကိုသွားယူသည်။

ကြည်သာက စက်မသုံးဘဲ ပြန်ထွက်သော်လည်း ဆိုင်ရှင်က အသိဖြစ်နေ၍ ဘာမှမပြောပါ။ ထို့ပြင် ဆိုင်ရှင်က ချမ်းငြိမ်းကို လေးစားသူလည်းဖြစ်သေး၏။ ချမ်းငြိမ်းအသက်နှင့်တွက်လျှင် လေးစားခံရသည် ဆိုသည်က ကြီးကျယ်လွန်းသော်လည်း ကြည်သာနားလည်သည်။

“ကြည်သာ.. ဘာဂါကြိုက်တယ်မဟုတ်လား။ သွားစားချင်လား”

“အင်း”

ချမ်းငြိမ်းက စကားဆက်မပြောတော့သော်လည်း ကြည်သာ့ဘေးတွင် ခပ်မှန်မှန်လိုက်လာသည်။ လမ်းကူး ဖို့လိုအပ်လျှင် ကြည်သာ့လက်ကိုဆွဲကာ အေးအေးဆေးဆေးဖြတ်ကူးသွားသည်။ လူတွေမှာ နားလည်ရ ခက်သည့် အမြွှာအစ်ကိုတစ်ယောက်ရှိလျှင် ကြည်သာ့လိုပဲဖြစ်နေကြမည်လား။

ဘာဂါဆိုင်ရောက်တော့ ကြည်သာ စိတ်နည်းနည်းပျော်သွားပါသည်။ ဖေဖေနှင့်အတူလာနေကြဆိုင်ပဲ။ မုန့်မှာထားတုန်း ကြည်သာ့ကို ပြောစရာရှိသည်ဟု ဆိုကာ ချမ်းငြိမ်းက အိတ်ထဲမှ ဖိုင်တစ်ထပ်ကြီးထုတ် လာ၏။

“ဘာတွေလဲ အဲဒါ”

“ကြည်သာ့အတွက် စကော်လားရှစ် တွေ။ ကြည်သာကြည့်လို့ရအောင်ပါ”

ကြည်သာ ဆွံ့အသွားမိသည်။ လှန်လှောကြည့်တော့ နည်းနည်းနောနောလား။ ထို့ပြင် နာမည်ကြီးဆိုသည့် တက္ကသိုလ်များပါ ပါသေးသည်။ ရနိုင်ခြေနှင့် အထူးပြုဆိုင်ရာ နုတ်လေးများကို ဘေးတွင် လက်ရေးချွန် ချွန်နှင့် ရေးပေးထားသေးသည်။

“ကိုကို နင်.. ဒါတွေ.. ဘယ်တုန်းက လုပ်တာလဲဟင်”

“ဟို စကော်လားရှစ် မရလိုက်လို့ ကြည်သာ ငိုတုန်းက”

“ဟင် အဲဒါမကြာသေးဘူးလေ။ ဒါတွေကို နင် တစ်လတောင်မရှိဘဲ ဘယ်လိုများရှာလဲ။ နင့်ကိုယ်နင် အနားမပေးဘဲ ဒါတွေလုပ်နေတာလား ကိုကို။ နင်..အိမ်ပြန်မလာတာ ဒါတွေရှာနေလို့လား”

“အနားယူပါတယ် ကြည်သာ။ မဟုတ်ဘဲ ဘယ်လိုရပါ့မလဲ။ ကျောင်းလျှောက်ချိန်က ကပ်နေတော့ စာမေးပွဲတွေပြင်ဆင်တာနဲ့ အချိန်မနှောင့်နှေးအောင် ရှာထားလိုက်တာပါ။ ဒါတောင် ကိုယ့်ကို အကြောင်း မပြန်သေးတဲ့ တက္ကသိုလ်တွေရှိသေးလို့ စောင့်နေတာ”

“နင့်ကိုအကြောင်းပြန်တယ်ဟုတ်လား။ နင်က အဲဒီတက္ကသိုလ်တွေကို မေးလ်ပို့တာလား”

မုန့်လာချပေးတော့ ချမ်းငြိမ်းက ကြက်ကြော်နှင့် ဘာဂါကို ကြည်သာ့ဘက်ပို့ပေးပြီး အာလူးချောင်းကြော် ယူစားလိုက်ပြီးမှ ခေါင်းညိတ်သည်။

“လိုချင်တာရှိရင် မေးလ်ပို့မေးလို့ရတယ်တဲ့။ သူတို့သဘောကောင်းပါတယ်။ ကြည်သာ့အမှတ်နဲ့ တခြား ထူးချွန်တာတွေပို့ထားတော့ သူတို့ထည့်စဉ်းစားပေးမယ်ပြောတယ်။ မြန်မာ သုတေသီရှိတဲ့ တက္ကသိုလ် တွေဆိုရင်တော့ ပိုပြီးအခွင့်သာတယ်”

ချမ်းငြိမ်းက ပြောနေရာမှ ထသွားပြီး ငရုတ်သီးဆော့စ် သွားယူလာပေးသည်။ ကြည်သာ ဘာပြောရမှန်း ပင်မသိ။

“နင် အင်တာနက်ဆိုင်မှာပဲ အချိန်ကုန်နေတာပေါ့ ကိုကို”

ကြည်သာ့အသံတုန်သွားတော့ ချမ်းငြိမ်းက တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

“အမေရိကန်စင်တာနဲ့ ဘီစီစာကြည့်တိုက်မှာလည်း တခါတလေ သွားလေ့လာပါတယ်။ အေစီက စာကြည့်တိုက်မှူးဆိုရင် ကြည်သာ့ကိုလည်းသိတော့ အများကြီးပြောပြပေးတယ်။ သူ့ကျေးဇူးနဲ့ ဒီစကော်လားရှစ်တွေကိုသိလာတာ”

ကြည်သာ မျက်ရည်တွေကျလာသဖြင့် ခေါင်းငုံ့ထားလိုက်ရသည်။ ကြည်သာ ဗြိတိသျှကောင်စီကို အလယ် တန်းမှာကတည်းက စတက်ခဲ့ခြင်းဖြစ်သည်။ ကြည်သာ့ကို ထူးချွန်ကျောင်းသူဖြစ်ရေး မေမေက ဆိုင်ခွဲ တစ်ဆိုင်ကိုပါ ရောင်းထုတ်ပစ်ပြီး အားထုတ်ခဲ့ပြီး ကြည်သာကလည်း တသွေမတိမ်းလိုက်နာခဲ့ပါသည်။ များပြားလှသော အင်္ဂလိပ်စာသင်တန်းများကို တီချယ်များစွာနှင့်တက်ရောက်ခဲ့သလို ဗြိတိသျှကောင်စီမှ သင်တန်းများကိုလည်း တက်ရသေးသည်။ နာမည်ကြီးကျောင်းတွင် ဝင်ဆံ့ဖို့က အင်္ဂလိပ်စာသင်တန်း တက်ရောက်မှုနှင့်လည်း ဆိုင်သည်တဲ့။ သို့သော် ထိုသင်တန်းကြေးများက သိန်းဂဏန်းရှိသဖြင့် ချမ်းငြိမ်း ကိုတော့ မေမေက မထားပေးနိုင်ခဲ့ပါ။ ချမ်းငြိမ်းက ငြင်းဆိုခဲ့သော်လည်း ဖေဖေက ချမ်းငြိမ်းတက်ချင်လျှင် တက်ဖို့ စီစဉ်ပေးခဲ့သေးသည်။ ချမ်းငြိမ်းက အခမဲ့သင်ရသော အခြေခံအတန်းတချို့လောက်သာတက်ပြီး  သိန်းကျော်တန်သင်တန်းများကို ခေါင်းခါခဲ့၏။ သို့သော် ကြည်သာ သိပါသည်၊ ချမ်းငြိမ်းက ထိုနေရာများ ကိုသဘောကျသည်။ စာကြည့်တိုက်ကတ်လေးလုပ်ထားပြီး ချမ်းငြိမ်းက ကြည်သာသင်တန်းတက်နေချိန် တွင် စာကြည့်တိုက်ထဲတွင် စာဖတ်နေလေ့ရှိသည်။

“ဘာတွေတွေးမိပြန်ပြီလဲ”

“နင် အဲဒီ ဘီစီတို့မှာ သင်တန်းတက်ခွင့်မရခဲ့တာလည်း ငါ့ကြောင့်…. ကိုကိုရယ်။ ငါလေ ငါ တကယ် တောင်းပန်ပါတယ်။ မဟုတ်ဘူး။ ဒါကြီးကမှားနေတာ ငါသိတယ်။ ဒါပေမဲ့ ငါဘယ်လိုပြန်ပြုပြင်ဖို့အခွင့်ရှိ မလဲဟင်”

“အဲဒီမှာ သင်တန်းမတက်ခဲ့ရတာနဲ့ပတ်သက်လို့ ကိုယ်က ကြည်သာ့ကို အပြစ်ပြောမိလား”

“နင်က ဘယ်တော့မှ ငါ့ကိုအပြစ်မပြောဘူးလေ ကိုကို..”

“အဲဒီမှာသင်တန်းတွေတက်ဖို့ ကိုယ်စိတ်မပါတာ ကြည်သာ။ အဲဒီလို စကားတွေအများကြီးပြောပြီး လူတွေ အများကြီးနဲ့နေရတာ ကိုယ်မကြိုက်ဘူးလေ။ ဘယ်သူမှမမှားဘူး။ အဲဒါကြောင့် ပြန်ပြင် စရာလည်းမလိုဘူး။ ဒါပေမဲ့ ဒီရက်တွေ ကိုယ်နည်းနည်းအလုပ်ရှုပ်ခဲ့ရတာကို စဉ်းစားပေးရင်တော့…”

“အင်း ပြော ကိုကို”

“အဲဒီ ဘာဂါနဲ့ကြက်ကြော်မအေးခင် စားစေချင်တယ်”

သူ မျက်ရည်ကိုပွတ်သုတ်လိုက်ပြီး ဘာဂါကို တစ်ကိုက်စားလိုက်၏။ မျက်ရည်များက စီးကျနေမြဲ။

“နင်ဝယ်မကျွေးတော့ ဒီလတွေဘာမှစားမကောင်းဘူး..”

“အင်း.. ပိန်သွားတယ်။ အခုများများစား”

“ငါ အဲဒီဆုတွေရလို့ အမေရိကားကိုသွားရရင် အဝေးကြီးနော် ကိုကို။ နင်နဲ့ အဝေးကြီးဝေးမှာ။ နင်လိုက်ခဲ့ ပါလားဟင်။ ငါပေါ့ပေါ့လေးမပြောဘူး။ နင်ဘယ်လောက်တော်လဲ ငါအသိဆုံးပဲ ကိုကိုရယ်”

ချမ်းငြိမ်းက ခပ်ဖွဖွလေးပြုံးရင်း “ကိုယ် ဒီမှာပဲတက္ကသိုလ်လျှောက်လွှာတောင်တင်ပြီးပါပြီ” ဟုပြော၏။

“ဘာ.. ဘာတက်မှာလဲ။ ဒီလောက်အစောကြီး.. ဘာဆုံးဖြတ်လိုက်တာလဲ”

“Oriental Studies ပါ။ အရင်ကတည်းက ဆုံးဖြတ်ထားတာမို့လို့ပါပဲ။ ဖေဖေ့ကိုလည်း ပြောထားဖူးတယ်”

ဖေဖေ…။ ချမ်းငြိမ်းက ဖေဖေနှင့်ရင်းနှီးခင်တွယ်သူဖြစ်ခဲ့ပြီး ဖေဖေတစ်ယောက်သည်သာ ချမ်းငြိမ်းကို အနားလည်နိုင်ဆုံးဖြစ်ခဲ့မည်ထင်သည်။ ထို့ကြောင့် ချမ်းငြိမ်း၏ ဘာသာရပ်ရွေးချယ်မှုတွင် ဖေဖေ့ပုံရိပ်တို့ လွှမ်းမိုးမည်သာ။ တွေးကြည့်တော့လည်း ငယ်စဉ်က ကြည်သာက သိပ်ထူးချွန်ပြီး ချမ်းငြိမ်းက စကားနည်း သည့်အတွက် ဉာဏ်ရည်မမီသူဟု သတ်မှတ်ခံရဖူးသော်လည်း ဖေဖေတစ်ယောက်သာ ချမ်းငြိမ်း၏ ထူးခြားမှုကို နားလည်ခဲ့ခြင်းဖြစ်သည်။ ‘ငါ့သားက မင်းတို့ရဲ့ပေတံတွေနဲ့ မဆိုင်တဲ့ကမ္ဘာကလူ’ ဟု ဖေဖေ က မကြာခဏဆိုတတ်၏။ မဆိုင်တဲ့ကမ္ဘာ…။ ကြည်သာ မကျေနပ်ပါ။

“ငါဆေးကျောင်းပဲတက်လိုက်ရမလား ကိုကို”

ချမ်းငြိမ်းက သူ့ကိုစိုက်ကြည့်လာ၏။

“ဆရာဝန်တကယ်မဖြစ်ချင်ဘဲနဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ရော တပါးသူကိုပါ နစ်နာစေမှာလဲ”

နင်နဲ့မခွဲနိုင်လို့ ဟု အော်ငိုချင်သော်လည်း ကြည်သာ ထိုစကားမပြောမိအောင် ဘာဂါကိုပဲ အတင်းထိုးသိပ် နေမိသည်။

“နင်ဦးမယ်..”

ချမ်းငြိမ်းက ချက်ချင်းထလာပြီး ကြည်သာ့ကျောကို ပွတ်ပေး၏။

“အ..”

ကြည်သာ့အသံကြောင့် ချမ်းငြိမ်း လက်ကချက်ချင်းရပ်တံ့သွားပြီး မျက်မှောင်ကျုံ့သွားသည်။

“ဘာဖြစ်တာလဲ။ ဘယ်နားက နာလို့လဲ”

ကြည်သာ မဖြေချင်။ သို့သော် ချမ်းငြိမ်းကြောင့် ငိုချင်နေလျှင် ကြည်သာ့အတွေးတွေ ဘယ်တုန်းကမှ မကြည်ခဲ့ပါ။

“ဆုပေးပွဲနေ့က ငါ ကိုကို့ကို တွန်းလို့ လှေကားပေါ်ကပြုတ်ကျသွားတယ်မလား။ ကိုကိုနာသွားမှာ ငါသိ တယ်။ အဲဒီနေ့က ကိုကို့နောက်ကျောမှာချက်ချင်းရောင်သွားတာ ငါတွေ့ပေမဲ့ မဆွဲထားဖြစ်ခဲ့တာ။ ငါတို့ က တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်းဆက်နွှယ်မှုမရှိတဲ့အမြွှာဆိုရင်တောင် ကိုကို့နာကျင်မှုကို ငါ ခံစားချင်တယ်”

ချမ်းငြိမ်း ကျောက်ရုပ်ဖြစ်သွားပြီဟု ကြည်သာထင်မိ၏။ နီးကပ်သော်လည်း ဝင်သက်ထွက်သက်ကိုပင် မကြားနိုင်သည်အထိ ချမ်းငြိမ်းက ငြိမ်သက်နေခဲ့၏။

“ဘာမှမဖြစ်ပါဘူး။ ငါ့ကိုယ်ငါ နံရံနဲ့ပစ်ဆောင့်ထားတာပါပဲ”

အတော်ကြာထိ ချမ်းငြိမ်းက တိတ်ဆိတ်နေပြီးမှ “ကိုယ်တောင်းပန်ပါတယ်” ဟုဖွဖွလေးပြောလာ၏။

“ငါ မရှိလည်း ကိုကို အဆင်ပြေမယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ငါယုံကြည်ချက်မရှိဘူး”

ချမ်းငြိမ်းက ကြည်သာ့ကို ရင်ခွင်ထဲထည့်ကာ ဖက်ထားပေးရင်း “အဆင်ပြေသွားမှာ” ဟုနှစ်သိမ့်ပေးနေ သည်။ ဤသို့ ချမ်းငြိမ်းက ကြည်သာ့ကိုဖက်ထားဖူးသည်မှာ ယခုနှင့်မှ ဒုတိယအကြိမ်ဖြစ်သည်။ ပထမ အကြိမ်က ဖေဖေ့ရက်လည်မှာဖြစ်သည်။ ၆ တန်းသာရှိသေးသော ချမ်းငြိမ်းက သူ့ကိုယ်သူ “ကိုယ်” ဟု စ သုံးသောနေ့။

“ကိုယ်ယုံတယ်နော်။ ညီမလေး အဆင်ပြေသွားမှာ။ ကိုယ်ရှိတယ်”

ကိုယ် ဟု ကြီးကြီးကျယ်ကျယ်သုံးနှုန်းခြင်းအတွက် အိမ်နားရှိလူများနှင့် မေမေတို့ကပါ အံ့သြသော်လည်း ကြည်သာ မအံ့သြမိ။ ဖေဖေဆုံးတော့ ချမ်းငြိမ်းက ဖေဖေပိုင်ဆိုင်သောစာအုပ်များထဲမှတစ်အုပ်ကို ယူဖတ် သည်။ မီးသဂြိုဟ်တော့ ထိုစာအုပ်ကို ထည့်ပေးလိုက်၏။ ဆရာမင်းလူရေးသော ငှက်ကလေး ဆိုသည့် စာအုပ်။ ကြည်သာ ထိုစာအုပ်ကိုစိတ်ဝင်စား၍ ဆိုင်မှာရှာဖတ်ဖူးသည်။ ထို့ကြောင့် ကြည်သာ နားလည်သည်။

“နောက်တစ်ခါ… အဲဒီလိုတွေ ထပ်မလုပ်နဲ့တော့”

“အင်း”

“ကြည်သာ.. ကျောင်းကိစ္စတွေ ကိုယ်အခုမပြောတော့ဘူး”

“ဟင့်အင်း ကိုကို။ အခုရှိနေတဲ့စာရွက်တွေထဲက ငါနဲ့သင့်တော်မယ်လို့နင်ထင်တဲ့ကျောင်းကိုရွေးပေး။ ငါ အဲဒီကို ရောက်အောင်သွားမယ်။ ပြီးတော့ ငါ ကြိုးစားမယ်”

ချမ်းငြိမ်းက ကြည်သာ့ကို ငေးကြည့်နေပြီးမှ ဖိုင်အထပ်လိုက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြ၏။

“John Hopkins University”

ဘေးမှ ချမ်းငြိမ်းလက်ရေးဖြင့် မှတ်ချက်လေးက “ဆေးတက္ကသိုလ်သင်ရိုးအတွက် နာမည်ကြီးပြီး အာရှဘက်မှ ကျောင်းသားများကို Biophysics ပညာသင်ဆုပေးရန် စိတ်ဝင်စား” ဟူ၍။

ကြည်သာ မျက်ရည်ကို လက်ခုံနှင့်ပွတ်လိုက်ကာ ထိုစာရွက်ကို ဆတ်ခနဲဆွဲယူလိုက်သည်။

“ကိုကို သွားစေချင်တဲ့ တက္ကသိုလ်ကို ငါရောက်အောင်သွားမယ်”

ချမ်းငြိမ်းမျက်နှာက အပြုံးအရယ်မရှိနေခဲ့ပါ။


Posted In ,

Leave a comment