3 – KIC 9832227

3 – KIC 9832227

(Cygnus ကြယ်စင်စုထဲရှိ KIC 9832227 သည် ကြယ်နှစ်လုံးပါဝင်ထားသော Contact Binary စနစ် ဖြင့် တည်ရှိနေပြီး အချင်းချင်း ပြန်လည်လှည့်ပတ်နေကြသည်။ ယင်းတို့သည် အချင်းချင်း လှည့်ပတ်နေရာမှ နီးကပ်လွန်းသဖြင့် တစ်ချိန်တွင် ကြယ်တစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားမည်ဟု ယူဆချက်များ ကျယ် လောင်စွာ ထွက်ပေါ်ဖူးသည်။)

ရာသီဥတုက ခပ်အေးအေးဖြစ်နေသဖြင့် ဝေယံ အနွေးအင်္ကျီတစ်ထပ်ဝတ်လိုက်ပြီးမှ အဆောင်ကနေ ထွက်လာခဲ့သည်။ ရွက်ကြွေများရှိသောလမ်းကို ဖြတ်ရဦးမည်ဟု တွေးမိတော့ စိတ်အနှောင့်အယှက်ဖြစ် သွားရသော်လည်း မတတ်နိုင်။ ထိုလမ်းမှမဖြတ်လျှင်လည်း တကွေ့တပတ်ဖြင့် အချိန်ပိုကုန်သည်။ ကျောင်းဝန်းထဲမှ လူများက ရွက်ကြွေလမ်းကိုပင် တကူးတက လာလျှောက်ကြကြောင်းတွေ့ရသဖြင့် သူအံ့သြမိသေး၏။ အပင်က အရွက်ကြွေတာ ဘာထူးဆန်းသလဲ၊ အဲဒီရွက်ကြွေတွေကို ဖြတ်လျှောက်ရ သည်က ဘာများဆန်းသလဲ။ တွေးရင်း နှာခေါင်းရှုံ့ရင်းဖြင့် ကျောင်းဝန်းထဲမှ ဆရာများ၏ အဆောင်ကို ရောက်လာခဲ့တော့ ဆရာနော့် အခန်းကိုတစ်ချက်ရှာလိုက်၏။

တံခါးပင်မခေါက်ရသေး၊ ဆရာနော်က တံခါးလာဖွင့်သည်။

“လာကွာ ဝေယံ။ ဘယ်လိုလဲ။ ဒီမှာ အသားကျပြီလား”

ဆရာက ပြောပြောဆိုဆိုနှင့် တဟားဟားရယ်သည်။ သူလည်းပြုံးလိုက်မိ၏။ ဆရာနော်သည် သူ့ဘဝတွင် ပထမဆုံးအထင်ကြီးဖူးသော ပညာရှင်ဖြစ်သည်။ ကချင်ပြည်နယ်သို့ ရောက်ခါစက မိဘများကို စိတ်ဆိုးခဲ့ ရသလောက် ကချင်ပြည်နယ်၏ စီမံကိန်းတစ်ခုကိုအကြံပေးအဖြစ်လာသည့် ဆရာနော်နှင့် တွေ့ဆုံခဲ့ရ၍ သူ့ဘဝတွင် ရည်မှန်းချက်များပိုထင်ရှားလာခြင်းဖြစ်သည်။ ဝေယံခ၏ ကြီးကျယ်သော အိပ်မက်များက ဆရာနော့် ရုံးခန်းရှိစာအုပ်စင်မှလာသည်လေ။

“အရင်နေရာမှာ အသားကျမယ်ကြံပြီးမှ ထပ်ပြောင်းလာရတော့ တစ်မျိုးပဲ ဆရာ”

“အေးကွာ။ အစကဒီမှာပဲ preparation တန်းလုပ်ခိုင်းမလို့။ ဒါပေမဲ့ ရောက်ခါစကတော့ မြန်မာ မိသားစုရှိတဲ့ မေရီလန်းမှာပဲ တက်လည်း မဆိုးဘူးလို့တွေးမိတာနဲ့ ထားလိုက်တာ။ ဘာပဲဖြစ်ဖြစ် အရင်နှစ် က မင်းဒီကိုရောက်ရင် ငါလည်း တခြားမြို့ရောက်နေဦးမှာနဲ့”

ဆရာက ရေနွေးတစ်ခွက်ထည့်ပေးပြီး ကိုယ်တိုင်လည်းသောက်သည်။ ဆရာက ရိုးရာလက်ဖက်ခြောက် ကို အလွန်နှစ်သက်တတ်သော်လည်း နိုင်ငံခြားတွင်တော့ တရုတ်လက်ဖက်ခြောက်သာ ခပ်ရကြောင်း ပြောဖူးသည်ကိုသတိရမိသည်။

“မေရီလန်းမှာ ကျွန်တော့်အိမ်ရှင်တွေက တော်တော်ကောင်းပါတယ်။ ဒေါက်တာတို့ကလည်း ကူညီတယ် ဆရာ။ ကျေးဇူးတင်ပါတယ်”

“ကိုယ့်အချင်းချင်း ဒီလိုပဲ ကူညီကြရတာပေါ့ကွာ။ ငါလာတုန်းကလည်း ဒီလိုပဲ။ နောက်လည်း ရောက်လာ မယ့် ကိုယ့်လူတွေကို မင်းကထပ်ကူညီရမှာပဲ။ ဒါက သံသရာလည်နေတာပဲလေ။ ဝေယံ အခု Physics ဌာနက Electives ရွေးပြီးပြီလား”

“ဟုတ်ကဲ့ ဆရာ။ ကျွန်တော် ပထမနှစ်မှာပဲ Astrophysics နဲ့ Space Physics ကိုယူထားပါတယ်။ အရင် Preparation လုပ်တဲ့ကောလိပ်က ပရော်ဖက်ဆာကလည်း ကျွန်တော့်ကို စောစောယူထားဖို့ အကြံပေး တာနဲ့”

ဆရာက ခေါင်းတညိတ်ညိတ်ဖြင့် “တခြားလူဆိုရင်တော့ အဲဒီလိုလုပ်ထားရင် မင်းလွှတ်ချလိုက်လို့ပြောမိ မှာ။ ဒါပေမဲ့ ဝေယံ ဆိုရင်တော့ လုပ်နိုင်မှာ ငါသိတယ်။ အယ်လ်ဘာ့တ် စကော်လာရွေးချယ်ရေးအဖွဲ့က ငါ့ ကို စာပို့ပြီးမေးတယ်လေ။ ဝေယံခ ဆိုတဲ့ကျောင်းသားရဲ့လုပ်နိုင်စွမ်းကို အကဲဖြတ်ပေးပါတဲ့။ ငါက အဆုံး မှာ မှတ်ချက်တစ်ကြောင်းပဲပို့လိုက်တယ်။ မရွေးချယ်ဖြစ်ရင် မင်းတို့ရော ကျောင်းသားရော ပညာရပ်နယ် ပယ်ရော နစ်နာမယ်လို့။ ဟားဟားဟား” ဟုဆိုသည်။

“ကျွန်တော် ဆရာ့ကို အမြဲကျေးဇူးတင်တာပါ။ ကျွန်တော် အကောင်းဆုံးလုပ်ပါမယ်”

ဆရာက ရယ်ရင်း အပေါ်သို့ လက်ညိုးထိုးပြ၏။

“ငါကဘာလုပ်ပေးလို့လဲကွာ။ ဘုရားရွေးထားတဲ့သူ၊ ဘုရားကောင်းချီးရထားတဲ့သူကို ငါက ညွှန်ပြပေး လိုက်ရုံပဲ”

လူတစ်သန်းမှာတစ်ယောက်မရနိုင်သော အခွင့်အရေးကို မြန်မာနိုင်ငံမှဆယ်တန်းပညာရေးပြီးသော သူ ရသွားခြင်းအတွက် နိုင်ငံတကာကျောင်းအသိုင်းအဝိုင်းတွင်ပင် အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။ ဤ သည်က တကယ်ပဲ ကောင်းချီးပေးခံရလို့လား။ အဖေ့ဘက်က ဘုရားသခင်လား၊ အမေ့ဘက်က ယုံကြည် သည့် ကံလား။ ဘယ်လိုဖြစ်ဖြစ် သူရခဲ့သည်က အမှန်တရားပင်ဖြစ်သည်။

“မင်း ကားမောင်းသင်ပြီးပြီလားကွ။ ဒီမှာက ကားတစ်စီးနဲ့မှ အဆင်ပြေတာ။ တစ်ပတ်ရစ် တွေဖြစ်ဖြစ်၊ ကျောင်းသားတွေငှားတဲ့ ကုမ္ပဏီကဖြစ်ဖြစ် စုံစမ်းဦး”

“ကျွန်တော် မေရီလန်းမှာတုန်းက သင်ထားပါတယ် ဆရာ။ ကားကတော့ အခြေအနေကြည့်ဦးမလို့။ အရမ်းလည်း မငှားရဲဘူး။ အဆောင်က တခြားလူတွေနဲ့ ပေါင်းပြီး ဘုံသုံးမလားစဉ်းစားနေတာ”

မည်မျှပင် လိုလေသေးမရှိသော ပညာသင်ဆုနှင့် အိမ်ကလည်းတတ်နိုင်သည်ဖြစ်စေ၊ ဝေယံ အပိုမသုံးချင် ပါ။

“အေးပေါ့ ဒါနဲ့ မေရီလန်းမှာပဲ John Hopkins က ကောင်မလေးကိုတောင် ငါ Skype ကနေ စာသင် ပေးဖြစ် တယ်။ မင်းကိုသူက သိတယ်တဲ့”

“ဟုတ်လား ဆရာ။ ဘယ်သူတဲ့လဲ”

ခွက်ကိုနှုတ်ခမ်းနှင့်တေ့ရင်းမေးလိုက်မိသည်။

“ကြည်သာအေးမြ တဲ့။ ကလေးမက Biophysics တက်နေတာ။ သူက Hopkins ဆု တိုက်ရိုက်ရတာဆို တော့ ခေတော့မခေဘူးဟေ့။ အတော်ထက်တဲ့ကလေးမ။ မင်းနဲ့သူက တစ်နှစ်တည်းဆို”

သူ ရေနွေးခွက်ကို ပြန်မချမိ…ရေနွေးကြမ်းက ပူနေဆဲပါလား။


ဘော်လ်တီမော ဆိပ်ကမ်းကို လှမ်းမြင်ရသော ခေါင်မိုးထပ်တွင် ဝေယံ အနည်းငယ်စိတ်လှုပ်ရှားမိကြောင်း ဝန်ခံရပေမည်။ မြန်မာအသိုင်းအဝိုင်းတို့ ဆုံစည်းလေ့ရှိသော နေရာတစ်ခုတွင် ယနေ့ ကြည်သာအေးမြ လာမည်ဟု စုံစမ်းပြီးမှ ဝေယံ ထွက်လာခြင်းဖြစ်သည်။ ၂ နာရီကျော်ကားမောင်းရသည့် ဤခရီး၏ ရည် ရွယ်ချက်က တစ်ခုတည်းသာ။ ကြည်သာအေးမြ ကိုစကားပြောရန်ဖြစ်သည်။ အမှန်တော့ မေရီလန်းတွင် သူ နေထိုင်ခဲ့သည့်တစ်နှစ်ခွဲအတွင်း ကြည်သာအေးမြ အရိပ်အယောင်ကိုပင် မမြင်ခဲ့ရခြင်းကို မခံချင်ဖြစ် မိသည်။ မြို့မတူဘူးပဲဆိုပါဦး၊ ဝေယံ နေသည်က မြန်မာအိမ်ရှင်တို့နှင့်ဖြစ်ပြီး အနည်းဆုံးသတင်းစကား တော့ ကြားရမည်လေ။

နာရီကိုကြည့်တော့ ညနေစောင်းပြီ။ ဒီည ဘော်လ်တီမော မှာပဲအိပ်သွားရမည်ထင်၏။ အဆောင်ကိုတော့ ကြို ပြောလာ၍ တော်သေးသည်။ တွေးနေစဉ်မှာပင် ခပ်လန်းလန်းကောင်မလေးတစ်ယောက်ဝင်လာ၍ ဝေယံ တစ်ချက်ဝေ့ကြည့်မိတော့ တခါမှ မေ့မရဖူးသော အကြည့်စူးစူးများကို ရင်ဆိုင်လိုက်ရ၏။

“ကြည်..သာ..အေး.. မြ လား”

နီညိုဘက်သန်းသော ဆံပင်ရှည်ခွေခွေလေးများနှင့် လှလှပပကောင်မလေးက သူ့စာပြိုင်ဘက်တဲ့လား။ ထို မပြောင်းလဲသော အကြည့်စူးစူးများကြောင့် မဟုတ်လျှင် သူမှတ်မိနိုင်မည်မဟုတ်ပါပေ။ မျက်မှောင် တွန့်ချိုးသွားပုံကအစ ကြည်သာအေးမြဟာ သူတခါတွေ့ဖူးသည့် မိန်းကလေးမဟုတ်တော့သလိုပင်။

“နင့်ကို ဒီမှာတွေ့ရမယ်လို့မထင်ထားဘူး”

“ငါ့ကို မှတ်မိတယ်ပေါ့”

“ငါလူတွေကို လွယ်လွယ်မမေ့ဘူး။ အထူးသဖြင့် ငါအမြင်ကတ်တဲ့လူတွေကို”

ဝေယံ အနည်းငယ် အောင့်သက်သက်ဖြစ်သွားရသည်။ သို့သော် ထိုအမြင်ကတ်မှုကို ဝေယံ နားလည်နိုင်ပါ သည်။

“အခု နှစ်တွေတောင်ကြာပြီပဲဟာ။ နင်.. အဲ.. ကြည်သာနဲ့ခင်ခင်မင်မင်နေချင်ပါပြီ။ U.S မှာ တခြားလူတွေ ရှိရင်တောင် ငါသိဖူးတဲ့လူနဲ့ပြန်တွေ့ရတာဝမ်းသာတယ်”

ကြည်သာက တစ်ချက်ရယ်လိုက်တော့ သွားစွယ်လေးများလက်ခနဲဖြစ်သွား၏။

“ဟုတ်လား။ ငါတော့ဝမ်းမသာမိပါဘူး။ နင် UPenn ကိုရောက်သွားပြီလို့သိထားတာ”

(UPenn – Pennsylvania တက္ကသိုလ်)

ကြည်သာသိနေသည်ပဲ။ ဝေယံ့အထင်မှန်နေပြီပေါ့။ ကြည်သာသည် တစ်နှစ်ခွဲအတွင်း ဝေယံ့ကို ရှောင်နေ ခဲ့ခြင်းပင်ဖြစ်ရမည်။

“ကြည်သာ.. ငါလည်းကွေ့ပတ်ပြောရတာမကြိုက်ဘူး။ ငါ့နေရာကနေ ဘော်လ်တီမော ကို မိုင် ၁၀၀ လောက်ကားမောင်းလာတာ နင့်ကိုမေးချင်လို့ပဲ”

ကြည်သာက ဟက်ခနဲရယ်ပြန်သည်။

“ဘာလဲ။ ဆရာနော့်ဆီကနေ ကြည်သာအေးမြက မေရီလန်းမှာရှိနေတာလို့သိရပြီးတော့ မခံမရပ်နိုင်ဖြစ် ပြီး လာမေးတာတော့မဟုတ်ဘူးမလား”

“အဲဒါတကယ်လား”

“ဆိုပါတော့”

ကြည်သာ့အဖြေကြောင့် သူ ဒေါသတလိပ်လိပ်ဖြစ်လာသည်။

“နင် ဘာဖြစ်လို့ ငါ့ကို အဲဒီလောက်မုန်းနေတာလဲ။ ဟုတ်တယ်၊ ဆယ်တန်းတုန်းက အမှတ်ကိစ္စ နင် ပြင်ဆင်ထားတာသိလို့ နင်ခံရခက်မှာနားလည်တယ်။ ဒါပေမဲ့ ကြည်သာ.. အဲဒါတွေက ပြီးခဲ့ပြီလေ။ ပြီးတော့ ငါတို့က ပိုပြီးခင်မင်နေသင့်တာမဟုတ်ဘူးလား”

“နင်နဲ့ခင်မင်သင့်တဲ့အကြောင်းအရင်း တစ်ခုလောက်သိပါရစေဦး”

“ငါ့ဘက်က သူငယ်ချင်းဖြစ်ချင်တဲ့ လူနည်းစုထဲမှာ နင်က တစ်ဦးတည်းသောမိန်းကလေးပဲ။ နင် တော်တာ တွေကိုငါလေးစားတယ်”

ဝေယံ့အားနည်းချက်မှာ ထက်မြက်သောဉာဏ်ရည်ပိုင်ရှင်များပင်ဖြစ်သည်။ အကယ်၍ ကြည်သာအေးမြ နေရာတွင် တခြားသောလူတစ်ယောက်ဆိုလျှင် ဝေယံ အဖက်လုပ်နေမည်မဟုတ်။ မိုင် ၁၀၀ ခရီးကို တကူးတကပြန်လာနေစရာအကြောင်းမရှိ။ သို့သော်.. တစ်ဖက်လူက ကြည်သာအေးမြ ဖြစ်နေ၍ပင် ဝေယံ နေမရထိုင်မရဖြစ်နေခြင်းပင်။

“ပြီးရင်ပြောကြတာပေါ့။ ငါ မမရတနာတို့ကို နှုတ်ဆက်ရဦးမယ်”

ကြည်သာက ပိုက်ဆံအိတ်လေးလွယ်၍ အထဲသို့ ဝင်သွား၏။ ဝေယံကတော့ လိုက်မဝင်ချင်တော့သဖြင့် အပြင်ဘက်မှာသာ ရပ်၍ အအေးသောက်နေမိသည်။ ကြည်သာ့ကိုစောင့်ရတာ နာရီဝက်မျှကြာသည်။ ကြည်သာ ပညာပေးနေပြီဟု သူတွေးမိတော့ အအေးဘူးခွံကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ကားသော့ယူလိုက် စဉ်မှာပင် ကြည်သာပြန်ရောက်လာပါသည်။

“နင် ဒီကိုကားမောင်းလာတာလား”

“မဟုတ်လို့ လမ်းလျှောက်လာရမှာလား”

“ဒီနေရာက လူကြီးတွေလည်းရှိတော့ စကားပြောလို့သိပ်မကောင်းဘူး။ နင်ပြောချင်ရင်ပေါ့”

ကြည်သာ့အမူအရာများက သူ့ကိုဒေါသထွက်စေသော်လည်း ငြင်းဆန်ဖို့ မစဉ်းစားမိပါပေ။ နေရာကိုလည်း ကြည်သာပြောသည့် မြစ်ဘေးရှိ လျှောက်လမ်းကိုပဲရွေးချယ်ဖြစ်သည်။

“ဝေယံခ..”

မြစ်ပြင်ကျယ်ကို စိုက်ကြည့်နေသော ကြည်သာက သူ့နာမည်ခေါ်ပြီးတိတ်သွားပြန်သည်။

“ပြောလေ”

“အဲဒီနာမည်က ဘယ်လိုအဓိပ္ပာယ်မျိုးလဲ”

ကြည်သာ့ထံမှ ထိုမေးခွန်းလာမည်ဟု မထင်ထားသဖြင့် ဝေယံ ကြောင်သွားရသည်။ ကြည့်သာ့လေသံက ဘလိုင်းဒိတ်တွင် အ,လာပ သ,လာပ မေးသောပုံစံမဟုတ်ဘဲ ရန်သူတစ်ယောက်၏ အားနည်းချက်ကို ရှာချင်သော ဗျူဟာရှင်တစ်ယောက်၏ အမေးဖြစ်နေသဖြင့် ပိုခံရခက်သွား၏။

“နင့်နာမည်လိုပဲ နာမည်ကနာမည်ပေါ့”

“ကောင်းကင်က နင့်ရှေ့မှာဒူးထောက်ခစားရမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့လား”

အမှန်တွင်တော့ ထိုအဓိပ္ပာယ်ကို ဝေယံ အတော်ကြိုက်ခဲ့ဖူးသည်။ ဝေယံ အလယ်တန်းကျောင်းလောက် တွင် ထိုနာမည်အတွက် အလွန်ဂုဏ်ယူဖူးသည်။ သို့သော် ယခုတော့ အနည်းငယ်ရှက်သွားရ၏။

“ကြည်သာအေးမြက ရော။ ကြည်သာအေးမြ နေလား”

ကြည်သာက သဘောကျစွာရယ်သည်။ ထိုခဏမှာတော့ ကြည်သာအေးမြ မျက်နှာက ပကတိဖြူစင်သွား သည်ဟု ထင်မိ၏။ ဆုပေးပွဲတုန်းက အမေကိုဖက်ပြီးငိုနေသော ကလေးမလေး၏မျက်နှာလိုမျိုး။ ကြည်သာက ခဲလုံးတစ်လုံးကိုကောက်ပြီး မြစ်ထဲဆီသို့ ပစ်လွှတ်လိုက်၏။

“ငါ မအေးမြချင်ဘူး”

သူ လက်ပိုက်ရပ်ရင်း “ဒါကတော့ နင်ငယ်ငယ်က ကြည်သာလို့နေမှာပေါ့။ ကြည်သာအေးမြ အစား ကြည်သာထက်မြက်ဆိုရင် နင်နဲ့ပိုလိုက်မယ်” ဟု ပြောလိုက်မိတော့ ကြည်သာက ဖျတ်ခနဲလှည့်ကြည့်၏။

“ဝေယံခ.. နင်နဲ့ငါက အရင်ဘဝက အမြွှာတွေများဖြစ်ခဲ့ပြီး ရန်ဖြစ်လို့ သေခဲ့ကြတာလားမသိဘူးနော်”

“ဟင်”

ကြည်သာက ရယ်နေသေး၏။ ပြီးတော့မှ “ငါ့ကိုယ်ငါ ပေးချင်ခဲ့တဲ့ နာမည်ထဲတော့ ကြည်သာထက်မြက် ကို အကြိုက်ခဲ့ဆုံးပဲ။ ဒါပေမဲ့… အေးမြ ဆိုတဲ့စကားလုံးကို ငါလက်မလွှတ်နိုင်ဘူး။ အဲဒါက ငါ့ဘဝအတွက် အရေးပါနေပြန်တယ်” ဟုဆိုသည်။

ဝေယံခေါင်းရှုပ်သွားသော်လည်း ဘာဆက်မေးရမှန်းမသိ။

“စာတွေ အဆင်ပြေလား”

“မလွယ်ပေမဲ့ ပြေတယ်”

မျှော်လင့်ထားသော အဖြေမျိုးပါပင်။ ဝေယံ့ကိုလည်း တခြားတစ်ယောက်က ထိုမေးခွန်းမျိုးမေးလျှင် ဖြေမိ မည့်အဖြေမျိုး။

“Biophysics ယူဖြစ်သွားတာလား။ နိုင်ငံခြားသွားမယ်ပြောဖူးပေမဲ့ ဘာသာရပ်သေချာမပြောဖြစ်ကြတော့ မသိလိုက်တာ.. ငါတို့စောစောခင်ရင် နင်နဲ့တူတူ Science တွေပြင်လို့ရတယ်”

ကြည်သာက ဘာမှပြန်မပြောဘဲ မဲ့ပြုံးပြုံးနေပြန်၏။

“နင် ငါ့ကို မုန်းနေတာရပ်လို့ရပြီလား ကြည်သာ”

“သိပ်တော့မလွယ်ဘူး။ ငါပြန်ပြောမယ်လေ”

ဝေယံခတော့ ဒီကောင်မလေးနဲ့မှ ခံရတော့တာပါပဲ။

“ဒါဆိုလည်း ဖုန်းနံပါတ်ပေးထားဦး။ Facebook ရောသုံးလား”

“ဖုန်းနံပါတ်လဲထားမယ်”

ဖုန်းနံပါတ်ကို လျင်လျင်မြန်မြန်လဲပေးထားပြီး Facebook အကြောင်းမဟတော့သဖြင့် သူ့ဘက်က ထပ်မေးဖို့ခက်နေပြန်သည်။

“ဒါပဲမဟုတ်လား။ ငါပြန်တော့မယ်။ အဆောင်ပြန်ဝင်ရမှာမို့လို့”

“ငါလိုက်ပို့ပေးမယ်”

ကြည်သာက နာရီတစ်ချက်ကြည့်သည်။ သူ့ကားကိုလှည့်ကြည့်သည်။ ပြီးမှ အင်း ဟုပြောပြီး ကားပေါ် တက်သွား၏။ ကားပေါ်မှာ ကြည်သာက စကားမပြောသဖြင့် သူကလည်း စကားရှာဖို့မလွယ်။ ဒီအချိန်ကြီး ဖီလာဒဲလ်ဖီးယား ကိုပြန်မှာလား ဘာညာမေးစေချင်သည်။ ကားလမ်းတစ်နေရာမှာ ဓာတ်ဆီဆိုင် တွေ့တော့ သူအကြံရသွား၏။

“ခဏ.. ငါဓာတ်ဆီဖြည့်ဦးမယ်”

ကြည်သာက သူ့ဓာတ်ဆီဒိုင်ခွက်ကို လှမ်းကြည့်၏။ ကံကောင်းသည်က ဓာတ်ဆီက လေးပုံတစ်ပုံစာသာ ကျန်တော့သဖြင့် ကြည်သာကဘာမှတော့မပြော။

“နင် တစ်ခုခုစားဦးမလား”

“ငါ ဝယ်စရာရှိသေးတယ်”

ဝေယံ ဓာတ်ဆီဖြည့်နေတုန်း ကြည်သာက စတိုးဆိုင်လေးမှနေ၍ Mentos သကြားလုံးများဝယ်လာ၏။

“များလှချည်လား။ နင်တစ်ယောက်တည်းစားတာလား”

“အင်း..”

ကြည်သာက သူ့ရှေ့မှာတင်ဖောက်၍ ၂ လုံး ၃ လုံးလောက် ပါးစပ်ထဲထည့်လိုက်၏။

“ငါ့အတွက် အဲဒါတွေမရှိလို့မရဘူး”

“ဘာအရသာကြိုက်လဲ”

ကြည်သာက အရသာခံနေပြီးမှ “ပူရှိန်းဆိုအကုန်ကြိုက်တယ်” ဟုဖြေ၏။

“ကောင်းလား”

“အရမ်းကောင်းတယ်”

ကြည်သာက ထိုမျှများပြားသော အထုတ်ထဲမှ သကြားလုံးတစ်လုံးပင်သူ့ကိုမပေးပါ။ သူ အောင့်သက် သက်ဖြင့် ကြည်သာ့အဆောင်သို့သာမောင်းလိုက်၏။

“အိုကေ။ ကျေးဇူး”

“ဒါပဲလား”

“အာ.. ခဏ”

ကြည်သာက သူ့ဘက်သို့ပြန်လျှောက်လာပြီး ခေါက် ပိုက်ဆံအိတ်လေးကိုဖွင့်၏။ ပိုက်ဆံရေနေစဉ်မှာ သူ အာရုံရောက်နေမိသည်က ပိုက်ဆံအိတ်လေးရှိ ဓာတ်ပုံထည့်သည့်အကန့်ထဲမှ စတစ်ကာပုံလေးပင်ဖြစ် သည်။ ကြည်သာနှင့် တခြားလူတစ်ယောက် တွဲရိုက်ထားသည့်ပုံ။ ကြည်သာက ထိုလူနှင့်ပါးချင်းပင်ထိ ထားသေး၏။ ဘယ်လိုပတ်သတ်မှုမျိုးပါလိမ့်။

“ဓာတ်ဆီဖိုး”

လက်ထဲရောက်လာသော ဒေါ်လာ ၂၀ တန်များကြောင့် ထိုပုံမှ အကြည့်လွှဲလိုက်ရသည်။

“နင်ကလေ တော်တော်အမြင်ကတ်ဖို့ကောင်းတဲ့ ကောင်မလေးပဲ ကြည်သာ”

“အခုမှသိလား။ ငါက အမြဲအဲဒီလိုပဲ။ ဪ.. ပြီးတော့ နင် ဖီလာဒဲလ်ဖီးယား ကနေ ကားမောင်းလာရတဲ့ မေးခွန်းရဲ့အဖြေကို ဖုန်းထဲမှာပြောပြမယ်။ Good Night”

ကြည်သာက လှည့်မကြည့်တော့ဘဲ အဆောင်ထဲသို့ ဝင်သွားသည်။ သူ့မှာသာ ဒေါ်လာ ၂၀ တန်များကိုင် ပြီး ကြောင်တောင်တောင်နှင့်ကျန်ခဲ့ရသည်။ ၅ မိနစ်မျှကြာတော့မှ ကားပြန်မောင်းထွက်လာခဲ့သည်။ မူလ စီစဉ်ထားသလို မအိပ်တော့ဘဲ ကိုယ့်မြို့သာကိုယ်ပြန်ရန် ဆုံးဖြတ်လိုက်၏။

သူ ထိုနေ့က ဘော်လ်တီမော ကို မသွားဖြစ်ခဲ့လျှင် ဟူသော မေးခွန်းကို ဘဝတွင် အကြိမ်ကြိမ် ပြန်မေးရလိမ့် မည်ဟူတော့ မထင်ခဲ့ဖူးပါချေ။


Posted In ,

Leave a comment