4 – Sagittarius A*
(Sagittarius A* သည် နဂါးငွေ့တန်းကြယ်စု၏ အလယ်တည့်တည့်တွင်ရှိသော အလွန်ကြီးမားသည့် တွင်းနက်ကြီးတစ်ခုဖြစ်သည်။)
ကြည်သာ ဖုန်းကိုတစ်ချက်ဖွင့်ကြည့်လိုက်ပြီး ခပ်မဲ့မဲ့ပြုံးလိုက်မိ၏။ ဝေယံခ နာမည်ဖြင့် Missed Call က အထင်းသား။ ပူရှိန်းလေးငုံလိုက်ပြီးမှ လက်ပ်တော့ဖွင့်ကာ Facebook နှင့်ချိတ်ဆက်လိုက်၏။ ကြည်သာ့ ကိုစကားလာပြောကြသူတွေရှိလည်း ထိုစာများကိုမကြည့်မီ ပထမဆုံးလုပ်သည်က ချမ်းငြိမ်း အကောင့် ကို သွားကြည့်ခြင်းဖြစ်သည်။ ချမ်းငြိမ်းက ပို့စ်တွေဘာတွေသိပ်တင်လေ့မရှိပါ။ တခါတရံတော့ ကြည်သာ နားမလည်သည့်ဘာသာစကားတွေနှင့်ရေးထားသည်တို့ကို ရှဲလာတတ်သည်။ ရှုခင်းပုံများတတ်တတ်၏။
သို့သော် ချမ်းငြိမ်း၏ ပရိုဖိုင်ပုံမှာ မလိုအပ်ဘဲ ဆွဲဆောင်မှုရှိချင်နေသည်ဟု ထင်မိသည်။ ချမ်းငြိမ်းပုံကို မြင် လျှင် ဘယ်ကောင်မလေးက မကြွေဘဲနေနိုင်မည်နည်း။ ပျင်းစရာကောင်းလှသော ချမ်းငြိမ်း ရည်းစားရနေ မည်ကိုစိတ်ပူ၍ ကျော်ဇောနှင့် သုခတို့ အပြင် အောင်စိုး ဟူသော ချမ်းငြိမ်းသူငယ်ချင်းတွေနှင့်ပါ ခင် အောင်ပေါင်းထားရသည်။
ရုတ်တရက် ချမ်းငြိမ်း အကောင့် မီးစိမ်းလာသဖြင့် ကြည်သာ လန့်သွား၏။ ရန်ကုန်မှာဆို ဒါ ဘယ်အချိန် ဖြစ်နေပြီလဲ။ ဒီအချိန်ကြီး ဘာဖြစ်လို့ ချမ်းငြိမ်းက လိုင်းသုံးနေတာလဲ။
“ကိုကို..မအိပ်သေးဘူးလား”
ချမ်းငြိမ်းက ချက်ချင်းဝင်ကြည့်ပြီး စာရိုက်နေသောအခါ သူစောင့်မနေတော့ဘဲ ဖုန်းခေါ်လိုက်၏။
“နင် ဘာလုပ်နေတာလဲဟင်” “ကြည်သာ။ ကျောင်းမှာလား” “မဟုတ်ဘူး။ အဆောင်မှာ။ နင်မအိပ်ဘူး လား ကိုကို” “လုပ်စရာလေးတွေက ခုနမှပြီးတာနဲ့။ Facebook ခဏဝင်ကြည့်တာ” “ငါ ညမအိပ်ဘဲ စာ ကျက်ရင်တော့ နင်ဆူမှာမလား။ နင်ညမအိပ်တော့ကျ ဘယ်လိုလုပ်မလဲ”
ချမ်းငြိမ်းက ခပ်ဖွဖွလေးရယ်သည်။
“ကိုယ် ပြီးရင် အိပ်မှာပေါ့ ကြည်သာ” “နင် ရည်းစားရနေပြီလား” “ကိုယ့်ကို အထင်ကြီးပြန်ပြီ” “နင် ရည်းစားထားခါနီးရင် ငါ့ကိုအရင်ပြနော်။ ငါကြည့်မရတဲ့ဟာတွေနဲ့မကြိုက်နဲ့” “ကြည်သာ ကြည့်ရတဲ့လူ ရောရှိလို့လား”
ချမ်းငြိမ်းရဲ့ကျီစယ်ပုံကြောင့် ကြည်သာ ပြုံးမိသွားသည်။
“မရှိသေးဘူး။ ရှိလာရင်တော့ပြောမယ်လေ။ ဒါနဲ့ ကိုကို… ဝေယံခက ငါ့ကိုကြိုက်နေတယ်ဆိုရင် ကိုကို သဘောတူမှာလား”
ချမ်းငြိမ်းအသံတိတ်သွား၏။ မိုက်ခရိုဖုန်းကြောင့်ထင်သည်၊ ချမ်းငြိမ်းအသက်ရှူပုံကိုကြားနေရသည်။ ချမ်းငြိမ်းက တရားထိုင်တတ်သည့်သူဖြစ်၍ပဲလား၊ အသက်ရှူပုံကအစ ထူးခြားသည်။
“ကိုယ်သဘောမတူရင် ကြည်သာမကြိုက်တော့ဘူးလား” “ကိုကို့အမြင်ကိုမေးနေတာလေ” “ကြည်သာ့ အပေါ် ကောင်းတဲ့သူဖြစ်ပြီး ကြည်သာကလည်း သဘောကျတယ်ဆိုရင် ကိုယ်က ဘာကန့်ကွက်စရာမှမရှိ ပါဘူး” “နင်ကတော့ ဝေဿန္တရာ လက်သစ်ပါပဲ ကိုကိုရယ်” “ဘုရားလောင်းလိုတော့ ကိုယ့်မှာ ပါရမီမပြည့် ပါဘူး။ ကိုယ်လည်း ပုထုစဉ်ပဲ။ ကြည်သာ့အပေါ်မကောင်းဘူးဆိုရင် ကိုယ်ဘယ်သဘောတူမလဲလေ”
ကြည်သာ့ရင်ထဲနွေးခနဲ။
“တကယ်တော့ ဝေယံခကို တွဲကြည့်ချင်တယ်” “အင်း” “ငါသူ့ကိုအမြင်ကတ်တာက ဆယ်တန်းအမှတ် တင်မကဘဲ သိပ္ပံပညာသင်ဆုအတွက်ရောလို့ ပြောပြပြီးကတည်းက သူတော်တော်အားနာသွားပုံပဲ။ ရယ် ရတယ် သူက” “အင်း” “သူက ဆောင့်ကြွားကြွားလည်းနိုင်သေးတယ်။ ဒါပေမဲ့ ကြည်သာအေးမြကိုတော့ မနိုင်ပါဘူး ဟဟ” “အင်း” “ကိုကို ငါ့ကိုချစ်လား” “ကိုယ့်မေတ္တာကို ညီမလေး မခံစားမိဘူးလား”
အငိုက်ဖမ်း၍မေးလိုက်သော်လည်း ချမ်းငြိမ်းက အမြဲတမ်းအတွက် သတိရှိနေသူပါပင်။
“ငါလည်းချစ်တယ်။ ရည်းစားရလည်း နင့်ထက်ပိုမချစ်ဘူး”
“ကြည်သာ.. မေတ္တသုတ်မှာလေ.. ဒီလိုပါတယ်။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေ ထ ကတ္ထစိ န ကဉ္စိ။ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ တဲ့”
ကြည်သာ က နားမလည်သဖြင့် ဟင် ဟုပြန်မေးတော့ ချမ်းငြိမ်းက လေသံအေးဖြင့်ရှင်းပြသည်။
“တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစုံတခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီ ကံဖြင့်လည်း ကောင်း၊ခိုက်ရန်မျက်ပွား အငြိုးထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့် တဲ့။ အဲဒါ အနက်အဓိပ္ပာယ်ပြန် ပဲ”
“ကိုကို ဘာပြောချင်တာလဲ”
“အငြိုးအတေးနဲ့ တစ်ဖက်လူကို ဒုက္ခပေးဖို့သက်သက် တွဲမယ်ဆိုရင် စိတ်မချမ်းသာရမှာစိုးတာပါ”
“ခုနကပြောတော့ မတားဘူးဆို”
“အင်း။ ကြည်သာ့ကို တားဆီးတာမဟုတ်ဘဲ ပြောပြတာပါ”
ကြည်သာငြိမ်သွားတော့ ချမ်းငြိမ်းကပင် ဆက်ပြောသည်။ “ဒါဆို ကိုယ် နားတော့မယ်။ ကြည်သာ.. ပူရှိန်း တွေကို တနေ့နည်းနည်းပဲစားနော်”
ကြည်သာက ဖုန်းမချခင် ပူရှိန်း ၃ လုံးထပ်စားပြီးမှ “အင်း” ဟုဆိုကာ ဖုန်းချလိုက်၏။ ထို့နောက်မှ ပူရှိန်း ဘူးထဲမှ အနံ့ကို မွှေးကြည့်ရင်း အိပ်ရာထဲလှဲချမိသည်။
“ဝေယံခကို ငါရောကြိုက်လား…”
==============================================================================
အတွေးတွေထဲ ချမ်းငြိမ်းပြောစကားက မည်မျှစိုးမိုးသွားသနည်းဆိုလျှင် ထိုညအိပ်မက်ထဲ ငယ်ဘဝကိုပါ ပြန်မြင်မက်လာ၏။ ကြည်သာနှင့် ချမ်းငြိမ်း၏ ငယ်ဘဝသည် အများသူငါ အမြွှာမောင်နှမများကဲ့သို့ ပျော် စရာကောင်းခဲ့သည်တော့မဟုတ်ပါပေ။ ကြည်သာ့ဘဝ၏ အစောဆုံးမှတ်ဉာဏ်များထဲတွင် မိဘများ၏ ပျော်ရွှင်သော အကြည့်များနှင့် ဂုဏ်ယူသောအပြုံးများရှိခဲ့သည်။ သို့သော် … တချိန်တည်းမှာပင် ငိုယိုနေ သော မေမေ့မျက်နှာကို ကြည်သာမမေ့။
“သားကြီးက တကယ်ပဲ ချို့ယွင်းမှုရှိနေရင်ရော”
မေမေ့၏ တုန်ရီလှိုက်ဖိုသောလေသံသည် ကြည်သာ့နားထဲ ယခုတိုင် ရှင်းလင်းပြတ်သားစွာ ကြားယောင် နေဆဲဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ကြည်သာသိလာသည်က ကြည်သာအေးမြ သည် တော် လွန်းသော ကလေးဖြစ်သည့်အတွက် မိဘများက ဂုဏ်ယူရသလောက် ချမ်းငြိမ်းအေးဟန်က စကားပင် မပြောသဖြင့် မိဘများ.. အထူးသဖြင့် မေမေ့မှာ ဗျာပါဒများနေရရှာသည်။ ဖေဖေကတော့ ထိုအပေါ် အမြင် တစ်မျိုးရှိဟန်တူပါသည်။ ချမ်းငြိမ်းကို ဖေဖေက အသိမိတ်ဆွေများမှတဆင့် အထူးပညာရေးကိုရှာဖွေနေ ပြီ။ သို့သော် ကြည်သာနားမလည်နိုင်ပါ။ အဘယ်ကြောင့် မေမေတို့ထိုသို့ထင်သနည်း။ ချမ်းငြိမ်းသည် ကြည်သာနှင့် နှစ်ယောက်ထဲရှိနေလျှင် စကားပြောသည်ပဲမဟုတ်လား။
“ကိုကို.. ဘာဖြစ်လို့ မေမေတို့ကိုစကားမပြောတာလဲဟင်”
ငယ်ရွယ်သောချမ်းငြိမ်း၏ တည်ငြိမ်သောဖြေသံကို ကြည်သာမမေ့နိုင်။
“ကိုကိုဘာပြောရမှာလဲ”
“အခု သမီးနဲ့ ပြောနေသလိုပေါ့ ကိုကို။ သမီးကို ပြောပြတဲ့ပုံပြင်တွေ၊ ဘုရားစာတွေ မေမေတို့ကို ပြောပြ လိုက်ပါလားဟင်”
“မပြောချင်ဘူး ညီမလေးနဲ့ပဲပြောချင်တယ်”
“ကိုကို.. သမီးက ကိုကို့မင်းသမီးလေးမို့လို့ ကိုကိုကပြောပြတာပေါ့နော်”
“အင်း”
“ဖေဖေက ကိုကို့ကိုချစ်တယ်လေ”
“ညီမလေးက ကိုကို့ကိုပြောခိုင်းတာလား”
“ဟုတ်ကဲ့ ကိုကို။ သမီးကိုကိုနဲ့ အရမ်းပျော်ချင်တယ်။ ကိုကိုကသမီးချစ်တဲ့ကိုကိုလေ”
ထိုညနေတွင် ချမ်းငြိမ်းက စကားစပြောခဲ့ပြီး စတင်ပြောခဲ့သောအကြောင်းအရာက ဖေဖေရေးထားသော ကလေးကဗျာတစ်ပုဒ်အကြောင်းဖြစ်နေခဲ့သည်။ ဖေဖေ့တစ်သက်တာတွင် ထိုညနေက အတောက်ပဆုံး မျက်နှာထားဖြစ်ခဲ့လိမ့်မည်ထင်သည်။
“ဖေဖေ့သားက ပါရမီရှင်ဆိုတာ ဖေဖေယုံတယ်။ သိပ်ကိုအေးချမ်းတဲ့ကလေး။ ဖေဖေ့ချမ်းငြိမ်း”
ချမ်းငြိမ်းကို စကားပြောရန် တိုက်တွန်းမိသည့်အတွက် ကြည်သာ နောင်တရခဲ့ဖူးကြောင်း ပြန်တွေးတိုင်း အာ ခနဲနှုတ်မှထွက်မိသည်။ မည်မျှရှက်ရွံ့စရာကောင်းလိုက်သည့် အဖြစ်လဲ။
အိပ်မက်အကြောင်း အတွေးကို ရပ်တံ့လိုက်ပြီး ပစ္စုပ္ပန်သို့ ပြန်ခုန်ဝင်လိုက်တော့ ကြည်သာ့ စားပွဲထက်က ဓာတ်ပုံမှာ ချမ်းငြိမ်းနှင့် ကြည်သာတို့တွဲလျှက်ရိုက်ထားသောပုံလေး။ မေတ္တသုတ်ဖြင့် တရားချတတ်သော အစ်ကိုတစ်ယောက်ရှိခြင်းအတွက် ကြည်သာ သဘောကျစွာပြုံးမိသွား၏။
အရှေ့တိုင်းပညာကို ရန်ကုန်တွင်ပင် တက်ရောက်နေသော ချမ်းငြိမ်းက ပါဠိတွေ၊ ကျမ်းစာတွေ၊ အတွေး အခေါ်တွေ သင်ကြားနေရပေမည်။ သို့သော် ထိုသင်ခန်းစာများသည် ချမ်းငြိမ်း ၇ နှစ်လောက်တွင်အကုန် နားလည်ပြီးသားများဖြစ်ကြောင်း ကြည်သာသိ၏။
ဒါနဲ့များ.. ဘာဖြစ်လို့ အမေရိကားမလိုက်လာရသလဲ ကိုကိုရယ်…။
နင်ရှိရင် ငါ ဝေယံ့ကိုကြိုက်ဖြစ်မှာမဟုတ်ဘူးလေ။


Leave a comment