5 – 13430 Pluto

5 – 13430 Pluto

(တချိန်က နေအဖွဲ့အစည်း၏ ကိုးလုံးမြောက် ဂြိုဟ်ကြီးဖြစ်ခဲ့ဖူးသော ပလူတိုသည် ယခုအခါ ၁၃၄၃၀ ဟူသော နံပါတ်တစ်ခုဖြင့် ဂြိုဟ်ပုတစ်လုံးအဖြစ် အဆင့်လျှောကျခံခဲ့ရသည်။)

ဖုန်းခေါ်ရန် စောင့်နေပါသည်ဆိုမှ ကျောင်းဝန်းထဲမှ တခဲနက် ထွက်လာသောဟစ်ကြွေးသံကြောင့် ဝေယံ ရုတ်တရက်လန့်သွားပြီးမှ ခပ်တိုးတိုးဆဲလိုက်မိ၏။

“နင် ဘယ်သူ့ကိုဆဲနေတာလဲ”

ထိုတော့မှ အလန့်တကြားဖြင့် ဖုန်းကိုကြည့်တော့ ကောလ်ဝင်နေပြီဖြစ်သည်။ သေစမ်း။

“ကြည်သာ့ ကိုဆဲတာမဟုတ်ဘူး။ ဟိုကွာ.. ဒီမှာ ဘောလုံးပွဲရှိတော့သိတဲ့အတိုင်းပဲ။ နားညီးလို့”

“ဪ.. အဲဒီဘောလုံးပွဲတွေတော့ ခံစားမရပါဘူး”

“ဟုတ်တယ်နော်”

သူ ဝမ်းသာအားရဖြင့် ဖုန်းကို တစ်ဖက်သို့ပြောင်းပြောလိုက်ရင်း ကားပေါ်သို့တက်လာခဲ့သည်။

“ငါလည်း အင်္ဂလိပ်ဘောလုံးကစားနည်းပဲကြိုက်တယ်။ ဒီက ရက်ဂ်ဘီလို ဘောလုံးပွဲတွေမကြိုက်ဘူး”

“နင် အဲဒီစကားကို UPenn ကလပ်ရှေ့ပြောကြည့်ပါလား”

“ကြည်သာက တော်တော်ရက်စက်တာပဲ။ ငါ့ကို အဲဒီလောက် အရိုက်ခံစေချင်လား”

ကြည်သာက ခပ်လွင်လွင်လေးရယ်နေသည်။ ပြဿနာပဲ၊ ကြည်သာအေးမြ ဆိုသည့် ကောင်မလေးရဲ့ ညှို့ ဓာတ်တွေထဲမှာ ရယ်သံပါပါနေပြီလား။ ကြည်သာက ကြည့်ကောင်းသည့်ပုံစံထဲပါသည်။ အထူးသဖြင့် ပြင် ပြင်ဆင်ဆင်နေလာတော့ ပိုလှနေပြီ။ သို့သော် ကြည်သာ့၏ အဓိကဆွဲဆောင်မှုက ထက်မြက်မှုပါပင်။ ကြည်သာ့ကို တခြားသောမိန်းကလေးများနှင့် မတူစေသည့်အချက်က ဉာဏ်ကောင်းပြီး ရဲရင့်သွက်လက် သည့် လုပ်ကိုင်မှုများကြောင့်ဖြစ်သည်။ ကြည်သာကဲ့သို့ မိန်းကလေးသည် သူတွဲချင်သည့် တစ်နည်း- သူနှင့် လိုက်ဖက်ညီသည့် ပုံစံရှိသည်။

“နင်ဘာတွေစဉ်းစားနေပြန်ပြီလဲ”

“နင် ဉာဏ်ကောင်းတဲ့အကြောင်း”

“ဪ.. ဟဟ။ မှန်မှန်ပြောစမ်း ဝေယံခ။ နင် ငါ့ကို ကြိုက်နေပြီလား”

ဝေယံ့ဘဝတွင် ဤမျှတည့်တိုးဆန်သောမေးခွန်းမျိုးမကြုံဖူးသဖြင့် မျက်နှာထူပူသွားရသည်။ ကားကို လည်း သတိလက်လွတ် လမ်းဘေးချရပ်လိုက်ရသဖြင့် နောက်မှ ကုန်တင်ကားက ကြိမ်းသွားသေး၏။


“ဝရုန်းသုန်းကားတွေဖြစ်သွားပုံပဲ။ ကြည့်ရတာ မှန်နေပြီထင်တယ် ဟဟ”

“ကြည်သာအေးမြ.. နင်..”

ကြည်သာက လေတစ်ချက်ချွန်ပြီး “မဟုတ်လည်းပြီးတာပဲ” ဟုပြောတော့လည်း သူမခံနိုင်ပါ။

“ဟုတ်တယ်။ ငါနင်နဲ့တွဲချင်တယ် ကြည်သာ။ နင်စဉ်းစားကြည့်လေ၊ ငါတို့လိုက်ဖက်တာပဲဟာ”

ကြည်သာ့လေသံက နည်းနည်းမျှအံ့သြဟန်မပြပါ။

“အဲဒါတော့လက်ခံပါတယ်။ နင်သာ ခပ်တုံးတုံးကောင်ဆိုရင် ငါ စကားပြောနေမိမှာကိုမဟုတ်ဘူး”

ထိုအချက်ကိုတော့ သူလည်း ယုံကြည်သည်။ ကြည်သာသည် လူတော်များကိုသာ ကြိုက်ပါလိမ့်မည်။

“နင့်ဘက်ကရော ဘယ်လိုနေလဲ”

“ငါလား။ ရည်းစားထားကြည့်ချင်တယ်”

“တွဲကြည့်မလား”

“အိုကေလေ”

မဆိုးပါဘူး။ ကြည်သာအေးမြထံမှ ထိုသို့သောတုံ့ပြန်မှုရသည်ပင် မဆိုးပါ။

“အခု ထွက်လာနေပြီ။ တွေ့ကြတာပေါ့”

“အတော်ပဲ။ ငါ ရုပ်ရှင်ကြည့်မလို့။ ၂ နာရီလောက်ဆိုကွက်တိပဲ။ ရောက်ရင်ဆက်လိုက်”

ဖုန်းချသွားသော ရည်းစားအသစ်စက်စက်လေးကြောင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်း သူ ထွက်လာခဲ့ ရသည်။ ကြည်သာနှင့် ပြန်တွေ့သည့် လပိုင်းအတွင်းတွင် သူတို့ခင်မင်ပုံကတစ်မျိုးပြောင်းခဲ့ပြီပဲ။ အမှန်က ကြည်သာ သိပ္ပံပညာသင်ဆု မရလိုက်သည်ကို သူတကယ်မသိခဲ့ပါ။ ကြည်သာ လျှောက်မည်ဟုမထင်ခဲ့ တာကြောင့်လည်းပါမည်။ သို့သော် သိခဲ့လျှင်လည်း အလျှော့တော့ပေးမိမည်မဟုတ်။ ဝေယံခ ကိုလာယှဉ် ၍တော့ မရပါ။

အဆောင်ရှေ့ရောက်တော့ ကြည်သာက ဂျင်းဘောင်းဘီဖြင့်ထွက်လာသဖြင့် တစ်မျိုးကြည့်ရဆန်းနေ၏။

“ငါ ဆူရှီစားချင်တယ်”

“ကိုယ့်ရည်းစားလေးသဘော”

ကြည်သာက သဘောမကျသလို တစ်ချက်ငြိမ်သွားတော့ သူ ကားမောင်းရင်း မေးလိုက်မိသည်။

“ကိုယ်ပြောတဲ့ထဲ သဘောမကျစရာပါသွားလား ဘေဘီ”

“ဝေယံခ..။ ငါနဲ့တွဲမယ်ဆိုရင် နင့်ကိုယ်နင် ‘ကိုယ်’ ဆိုတဲ့နာမ်စားကို မသုံးမိစေနဲ့။ ငါမကြိုက်ဘူး”

“အဲဒါဆို တွဲနေရင်လည်း ကိုယ်.. ငါ နဲ့နင်လို့ပြောနေရမှာလား”

“ငါတို့နှစ်ယောက်ကရွယ်တူတွေပဲ။ အဲဒါကြောင့် နင်နဲ့ငါ လို့ပြောလည်း ငါ့ဘက်ကတော့ကိစ္စမရှိဘူး။ ကိုယ် ဆိုတဲ့စကားလုံးရှောင်ပေး”

“ဒါဆို ကိုကိုကလို့ပြောရမလား”

“နင်သုံးချင်သုံး။ ငါကတော့ နင့်ကို ကိုကိုလို့ခေါ်မှာမဟုတ်ဘူး။ ဝေယံခ လို့ပဲခေါ်မှာ”

ဝေယံ စိတ်အနှောင့်အယှက်တော့ဖြစ်သွားရသည်။

“အေးကွာ။ နင်နဲ့ငါပဲကောင်းတယ်”

ဆူရှီဆိုင်ရောက်သည်အထိ သူတို့စကားဆက်မပြောဖြစ်ကြ။ ဆူရှီဆိုင်က Japanese Sudoku Quiz ဖြင့် အရောင်းမြှင့်တင်ရေးအစီအစဉ်ပြုလုပ်နေတော့ သူတို့နှစ်ယောက် အကြည့်ချင်းဆုံမိကြ၏။

“ကြည်သာ.. ဒီဟာ နင်ရှုံးရင် ငါ့ကို ဝေယံခ အစား တစ်ခုခုတော့ပြောင်းခေါ်ရမယ်။ ဘယ်လိုလဲ”

“ငါနိုင်ရင်ရော”

“နင်ကြိုက်တာပေးမယ်”

ကြည်သာက ချက်ချင်းခေါင်းညိတ်၏။ ဆိုင်မှ ဝန်ထမ်းများကရှင်းပြသည်မှာ Sudoku Quiz Book လေး များစီစဉ်ထားရှိပြီး ခက်ခဲမှု အဆင့်ပေါ်မူတည်၍ မိမိမှာသောဟင်းပွဲများအတွက် လျှော့ဈေးရမည်ဖြစ် သည်။ အခက်ခဲဆုံးအဆင့်ရှိ ၃ ခုကို ရအောင်ဖြေနိုင်လျှင် ထိုနေ့အတွက် မှာသမျှ ပိုက်ဆံပေးရန်မလိုပေ။

“ကျွန်မတို့ ဒီ level ရွေးမယ်။ အရင်ပြီးတဲ့သူက အနိုင်”

ဆိုင်မှ မန်နေဂျာပင်ခေါင်းရှုပ်သွား၏။

“မဟုတ်သေးပါဘူး။ မင်းတို့တူတူစဉ်းစားပြီးနိုင်လည်း အလကားရမှာပဲ”

“ကျွန်မတို့က အဲဒီလိုမကြိုက်ဘူး။ ကျွန်မတို့ချင်းလည်း အနိုင်အရှုံးလိုတယ်”

ကြည်သာ့ကို ဝေယံ တစ်ချက်တော့ငေးကြည့်မိ၏။ ကြည်သာ့ရင်ထဲမှ နိုင်လိုစိတ်သည် သူ့ရင်ထဲရှိ အရှုံး မပေးချင်သောစိတ်ထက် နည်းနည်းမှမလျော့ပါလား။

ဆိုင်မှ ရွေးချယ်ချထားပေးသော quiz ၃ မျက်နှာက သူတို့ကိုစောင့်နေပေသည်။ မန်နေဂျာက အချိန်မှတ် သည့်နာရီလေးတစ်လုံးလာချပေး၏။ စ လို့ရပြီဆိုသည်နှင့် သူ ကြည်သာ့ကိုမကြည့်တော့စတမ်း နံပါတ် များကို စီချလိုက်၏။ Sudoku သည် ဝေယံ အကျွမ်းကျင်ဆုံးအရာတော့မဟုတ်သော်လည်း ဝေယံ ယုံကြည်သည်က သူရှုံးနိုင်စရာမရှိကြောင်းပင်။

“Done”

ဝေယံ ၃ ခုမြောက် quiz ကိုချရေးနေတုန်းမှာပင် ကြည်သာက အော်ပြီး ခဲတံကိုပစ်ချလိုက်၏။ အချိန်က ယခုမှ ၇ မိနစ်။ တစ်ဆိုင်လုံးလည်း ဝေယံနှင့်အတူ ကြက်သေသေသွားကြသည်။

“မဖြစ်နိုင်တာ..”

“ကြည့်ကြည့်လေ..”

ကြည်သာက လက်ဖက်ရည်ကြမ်းကို အရသာခံသောက်နေပြီး သူ့ကို ခပ်ထေ့ထေ့ပြုံးနေသည်။ မန်နေဂျာ မှ အတည်ပြုပေးသည်မှာ ကြည်သာ တကယ်ကိုပင် နိုင်သည်တဲ့။ အမှတ်တရအဖြစ် ဆိုင်တွင် ဓာတ်ပုံ မှတ်တမ်းတင်လိုကြောင်းပင် ပြောနေ၏။ ဝေယံ့တစ်ကိုယ်လုံး သွေးတွေဆူပွက်လာသလိုပင်။ ဘယ်လိုမှ မဖြစ်နိုင်သောအရာကို ကြည်သာက လုပ်ပြခဲ့သည်ပဲ။ ဟင်းပွဲတွေလာချသည်အထိ သူစကားမပြောနိုင်ပါ။

လက်ဖက်ရည်ကြမ်းကိုပင် မော့နေမိသည်မှာ ကရားတစ်အိုးကုန်ပြီ။

“နင် အရှုံးကိုလက်မခံနိုင်သေးဘူးလား ကို..”

ဝေယံ တုန်ခနဲဖြစ်သွား၏။

“ဘာ..”

“အာ.. နင်နိုင်ရင်တော့ ကို လို့ပြောင်းခေါ်မလားလို့။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ ငါက နိုင်သွားတာလေ”

ရှက်ရွံ့စိတ်နှင့် ဒေါသစိတ်တို့ပေါင်းလာသောကြောင့် သူ လက်သီးဆုပ်ထားမိ၏။

“ဝေယံ.. လူဆိုတာက တစ်ခုခုပြိုင်ရင် အရှုံးအတွက်လည်း ပြင်ထားရတယ်တဲ့”

“အဓိပ္ပာယ်မရှိတာ။ ရှုံးနိုင်တယ်ဆိုတဲ့စိတ်နဲ့ ပြိုင်ပွဲဝင်ရင် အဲဒီလူက ရှုံးမှာပဲ။ လူဆိုတာက စိတ်ဓာတ်ကို အမြဲတင်ထားဖို့လိုတယ်”

ကြည်သာက သဘောကျသွားဟန်ဖြင့်ရယ်သည်။

“အင်း၊ ငါလည်း အဲဒီလိုပဲတွေးတာပါ။ ဒါပေမဲ့ နင့်ကိုနှစ်သိမ့်ဖို့ အဲဒီစကားပဲခေါင်းထဲရောက်လာလို့”

“တော်တော့ ကြည်သာ။ စားစရာရှိတာစား”

ကြည်သာက ရယ်ရင်းဖြင့် ပုဇွန်တန်ပူရာကြော်ကို အားရပါးရစား၏။ ဝေယံ့အတွက်တော့ တူနာအသား လွှာကလည်း အရသာမရှိသကဲ့သို့ ဆယ်လ်မွန်ကင်ကိုလည်း ဘာမှမခံစားလိုက်မိပါ။ ကြည်သာ မြိန်ရည် ရှက်ရည်စားနေလေ သူ့အတွက်ခံရခက်လေ။

“စားတာနည်းလှချည်လား ဝေယံ။ ကြိုက်တာထပ်မှာဦးလေ.. ငါနိုင်ထားတော့ အလကားရမှာပါ”

သူ တူကို ပစ်ချပြီး ဆိုင်ထဲမှ ထွက်လာခဲ့ကာ ကားပေါ်တွင် စောင့်နေလိုက်၏။ သို့သော် ကြည်သာက အေးအေးဆေးဆေးစားပြီးမှ ထွက်လာ ဟန်ရှိသည်။

“ငါပြန်သွားလိုက်တော့မလို့၊ နင့်ကိုတွေးပြီး နေခဲ့တာ”

“အိုး.. ကျေးဇူးတင်စရာကောင်းလိုက်တာ။ ဆိုတော့..”

ကြည်သာက ရုတ်တရက် သူ့ပါးကိုလှမ်းနမ်းလိုက်သဖြင့် ဝေယံ ကျဉ်ခနဲဖြစ်သွားရသည်။ နှုတ်ခမ်းအိအိ လေးထံမှ ထွက်ပေါ်နေသော ပူရှိန်းနံ့လေးက ခုနလေးတင် ပင်လယ်စာများစားခဲ့သည်ဟု မထင်ရအောင် မွှေးပျံ့လွန်းနေသည်။ သူ ကားခါးပတ်ကိုဖြုတ်၍ ကြည်သာ့နှုတ်ခမ်းများကို အငမ်းမရသိမ်းပိုက်ပစ်လိုက် ၏။

“အဟင်း.. ဒီလောက်ပဲ။ ငါတို့စကားပြောရဦးမယ်လေ”

ကြည်သာက တွန်းလွှတ်လိုက်မှ သူရပ်လိုက်ရ၏။ အမှန်တွင်တော့ သူစိတ်မကျေနပ်သေး။ ကြည်သာက စကားပြောမည်ဆို၍ လူရှင်းသောပန်းခြံတစ်ခုသို့သွားထိုင်ဖြစ်ကြသည်။ ကြည်သာကတော့ ပူရှိန်းလုံး လေးများ ငုံနေ၏။

“ကြည်သာ.. နင့်ကိုငါမေးစရာရှိတယ်”

“ဘာလဲ ရည်းစားရှိဖူးလားတို့ဘာတို့လို ခပ်ကြောင်ကြောင်မေးခွန်းတွေလား”

“နင့်ပိုက်ဆံအိတ်ထဲကပုံ… ဘယ်သူလဲ”

ကြည်သာက ဪ ဟုတစ်ချက်ပြောပြီး ခပ်ပြုံးပြုံးဖြစ်သွား၏။ ထိုအပြုံးက အေးချမ်းလှသဖြင့် ဝေယံ ငေးခနဲဖြစ်သွားမိသည်။ ခုနက အနိုင်ရစဉ်ကပင် ထိုသို့အပြုံးမဟုတ်။

“ငါ့ရဲ့.. ချမ်းငြိမ်း”

“နင့်သူငယ်ချင်းလား..”

“ဟဟ..။ ငါ့အစ်ကိုပါ။ ချမ်းငြိမ်းအေးဟန် လို့ခေါ်တယ်”

ထိုနာမည်ကို လိုက်ရွတ်ကြည့်မိ၏။ အတော်အေးချမ်းသည့်နာမည်ပဲ။

“နင်တို့အိမ်က အအေးဓာတ်လေးတွေပဲလား”

“ငါ့အဖေပေးထားတာပါ။ အဖေက ကဗျာဆရာလေ။ ဒီလိုပဲ.. သူရွေးတာတွေက လှတယ်”

“ဟုတ်လား။ နင့်အစ်ကိုရော.. နင့်လိုပဲလား”

“ငါနဲ့မတူဘူး။ ငါ့ဘဝရဲ့ဆန့်ကျင်ဘက်ဖြစ်တည်မှုက ချမ်းငြိမ်းပဲ”

ချမ်းငြိမ်းအေးဟန် ဆိုသည့်နာမည်အတွက် ဝေယံခံစားရသည့် ပထမဆုံးထင်မြင်ချက်မှာ မနှစ်မြို့မှုဖြစ်ခဲ့ လေသည်။


Posted In ,

Leave a comment