6 – Sirius A
(ညအခါ ကောင်းကင်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် အလင်းလက်ဆုံးကြယ်မှာ Sirius A ဖြစ် ပြီး ကမ္ဘာနှင့်အနီးဆုံးသော ကြယ်စနစ်တစ်ခုဖြစ်သည်။ ၎င်းတွင် Sirius B ဟူသော အမြွှာကြယ် တစ်လုံး ရှိသည်။)
ကြည်သာတို့ တက္ကသိုလ်မှာဆရာဝန်လောင်းချောချောလေးများရှိသဖြင့် နာမည်ကျော်လှသော်လည်း တခြားမြို့ရှိ အပြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်နှင့် တွဲလိုက်သောအခါ ကြည်သာတို့စုံတွဲကို အာရုံစိုက်သောလူများလာ၏။ ကျောင်းတွင်းဘလော့ဂ်များတွင် သူတို့အကြောင်းထင်မြင်ချက်များ အပြည့် ဖြစ်နေသည်။ နိုင်ငံတူရာမှလာသူများဖြစ်၍ ကြိုက်သည်မှာမဆန်းကြောင်း ပြောသူများရှိသကဲ့သို့ UPenn မှ ရူပဗေဒကျောင်းသားကို အမြင်ကတ်ကြောင်းပြောသူကလည်းရှိသေးသည်။ ထိုအကြောင်းကို ဝေယံ့ကို ပြောပြတော့ ဝေယံက ရယ်ပါသည်။
“ငါတို့ကျောင်းကနင်တို့ကျောင်းကို ဘောလုံးပွဲမှာ ဂိုးပြတ်နိုင်ခဲ့လို့ မကြေကြတာပေါ့” ဟုပြောတတ်သည်။
ကြည်သာ့အနေဖြင့်တော့ ထိုသို့သောဆွေးနွေးခံရမှုကို စိတ်အနှောင့်အယှက်ဖြစ်ရ၏။ ဝေယံက ရယ်နေ နိုင်၍ ပိုစိတ်တိုရသည်။ ထို့ကြောင့် ကြည်သာ တတ်နိုင်သောအရာကိုသာ လုပ်ရ၏။ ချမ်းငြိမ်းထံ တိုင်ပြော ခြင်းဖြစ်သည်။
“ကိုကို.. ဒီမှာလူတိုင်း ကြိုက်တဲ့လူနဲ့အိပ်နေတာ ဘာပြဿနာမှမဖြစ်ဘဲ ငါရည်းစားထားမှ ဘာလို့အဲ့လို ဖြစ်ကြတာလဲ”
“ကြည်သာက ထူးခြားလို့နေမှာပေါ့”
“နင်ပဲပြောပါ ကိုကိုရယ်။ ငါတော့ စိတ်ဆင်းရဲရလို့ ဘလော့ဂ်တောင်ဝင်မကြည့်ချင်ဘူး”
“ကြည်သာ။ လျစ်လျူရှုထားလိုက်ပါ။ သူတို့ကလည်း မကောင်းတဲ့စိတ်မျိုးနဲ့ ပြောကြတာမဟုတ်ပါဘူး”
“သူတို့စိတ်အပန်းပြေဖို့ ငါက အသုံးတော်ခံရမှာလား။ နင်အဲ့လိုပြောလေ ငါစိတ်တိုလေပဲ”
“မဟုတ်ပါဘူး။ တခြားလူတွေကို အသုံးတော်ခံဖို့ ကြည်သာ ရည်းစားထားတာမှမဟုတ်တာ။ အတွေး လေးကို နည်းနည်းလေးလှည့်တွေးလိုက်နော်”
“မတွေးနိုင်ဘူး။ ငါ အဲဒီဟာတွေ ပါးစပ်ပိတ်သွားအောင် တစ်ခုခုလုပ်ပြမှပဲ”
“ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမှာမျိုးပါလား”
ကြည်သာ မဖြေမိ။ ပူရှိန်းကိုပဲဝါးစားနေမိတော့ ချမ်းငြိမ်းကထပ်မေးသည်။ ဤတစ်ခါ ချမ်းငြိမ်းအသံက တည်နေသည်ဟုထင်၏။
“ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမှာမျိုးလား”
“ဒါကတော့ သူတို့ဘက်ကလွန်လာရင် ငါလည်း…”
“ကြည်သာ။ Skype ကိုလာခဲ့”
ထိုမျှသာပြောပြီး ချမ်းငြိမ်းက ဖုန်းချသွား၏။ ကြည်သာ Skype ပြေးဖွင့်လိုက်မိသည်။ ချမ်းငြိမ်းက Skype သုံးရန်တော့ အင်တာနက်ကဖေးသွားနေရတုန်းပင်။ အိမ်ရှိ ကွန်ပျူတာက မော်ဒယ်နိမ့်သကဲ့သို့ ဖုန်းက လည်း skype ၏ လိုင်းဆွဲအားကို မခံနိုင်။ ထို့ကြောင့် ချမ်းငြိမ်း မျက်နှာမမြင်ရသည်မှာကြာပြီ။
“ဟင်.. ကိုကို”
ချမ်းငြိမ်း မျက်နှာက ဖန်သားပြင်မှာပေါ်လာတော့ ကြည်သာ စိတ်မထိန်းနိုင်စွာပင် လက်နှင့်ထိမိသည် အထိဖြစ်ရ၏။ ချမ်းငြိမ်းမျက်နှာက ချောင်ကျသွားလိုက်တာ။
“ကိုကို နေမကောင်းဖြစ်တာလား။ မျက်နှာက သေးသေးလေးပဲကျန်တော့တယ်”
“ကြည်သာ။ ကျောင်းကလူတွေကိုဒေါသထွက်သလား”
“ဟာ.. အဲဒီစောက်ရေးမပါတဲ့လူတွေကိုထားစမ်းပါ။ အခု နင့်အကြောင်းပဲဖြေ။ နင်ဘာမှမစားမသောက်ဘဲ နေနေတာတော့မဟုတ်ဘူးမလား”
ချမ်းငြိမ်းက တည်ငြိမ်သောမျက်နှာထားဖြင့် ပြန်ဖြေသည်။
“ကြည်သာ ကိုယ့်ကိုစိုးရိမ်တယ်မလား။ ကိုယ်လည်း ကြည်သာ့ကိုစိုးရိမ်တယ်”
“မတူဘူးလေ ကိုကိုရယ်။ နင်က.. ဟင်း.. နင် အဲ့လိုလုပ်နေရင် ငါလည်း ဒီမှာ အစာငတ်ခံပစ်မှာ”
“အဲဒါဆို ကိုယ် နောက်တစ်ခါ skype မသုံးတော့ဘူး”
“ချမ်းငြိမ်းအေးဟန်”
“ကြည်သာ့ကို ဒီတခါ ဖုန်းပြောရင် တာရာမင်းဝေစာအုပ်အသစ်ကို ဖတ်ပြထားတာ ပို့မလို့”
ကြည်သာငြိမ်ကျသွား၏။ ချမ်းငြိမ်းသည် ကြည်သာ့ကို မည်သို့ကိုင်တွယ်ရမလဲ သိသူဖြစ်သည်။
“အဲဒါအသံသွင်းထားတာ ပို့ပေးချင်တယ်။ ကြည်သာ နားထောင်မလား”
မြန်မာပြည်မှစာအုပ်များနှင့်ဝေးနေသော ကြည်သာက ချမ်းငြိမ်းကို စာအုပ်ဖတ်ပြစေချင်ကြောင်း ပူဆာခဲ့ ပြီးကတည်းက ချမ်းငြိမ်းက တစ်လတစ်အုပ်ဖတ်ပြနေကြဖြစ်သည်။
“ကိုကို.. နင်.. အဲဒီလိုတွေဖတ်ပြဖို့မလိုပါဘူး။ ငါပြောတာဟာ.. တာဝန်ကြီးလိုမလုပ်နဲ့လို့။ ဒီတိုင်း နင် စကားပြောတာလေး ဘာလေး အသံသွင်းလည်းရတာပဲ”
“ကိုယ် ကြည်သာနဲ့ပတ်သက်တာကို ဘယ်တုန်းကမှ တာဝန်တစ်ရပ်လိုမတွေးဖူးဘူး ညီမလေး”
ချမ်းငြိမ်းမျက်နှာက ခုနကလောက်မတည်တော့ပါ။ ကြည်သာ မနေနိုင်တော့။
“ငါ ခုနက စိတ်တိုလို့လျှောက်ပြောတာ။ ငါ့ကိုယ်ငါထိခိုက်အောင်မလုပ်ပါဘူး။ ငါ့ကိုယ်ငါ ဘယ်လောက် ချစ်လဲ နင်အသိဆုံးပဲဟာ။ ဒါပေမဲ့ နင် နောက်တခါ ပိန်နေသေးရင် ငါလည်း အစားလျှော့မှာ”
“ကိုယ် ဒီရက်ပိုင်း အလုပ်နည်းနည်းရှုပ်နေလို့ပါ။ ဒီနေ့ကစပြီး သေချာပြန်ဂရုစိုက်မယ်”
“ကတိပေးလား ကိုကို”
“ကိုယ် ကြည်သာ့ကို မလိမ်ဖူးဘူး”
ကြည်သာ ကျေနပ်သွား၏။ ထိုအခိုက် ချမ်းငြိမ်းက စကားတစ်ခွန်းထပ်ပြောသည်။
“ကြည်သာ့ရင်ထဲက မကျေနပ်သမျှ၊ စိတ်ဒေါသတွေကို ကိုယ့်ဆီပဲပုံချစေချင်တယ်။ ကိုယ်လက်ခံနိုင် တယ်။ တခြားလူတွေနဲ့ ကြည်သာ့ကိုယ်ကိုတော့ ကြည်သာ ပုံမချပါနဲ့။ ကိုယ်စိတ်မပူချင်ဘူး”
ကြည်သာ မျက်ရည်ပေါက်ခနဲကျလာပြီး လက်ပ်တော့ပိတ်ချလိုက်ပါသည်။
==============================================================================
တက္ကသိုလ်ရှိခက်ခဲသော သင်ရိုးများသည် ဝေယံ့ကို စိတ်အနှောင့်အယှက်မဖြစ်စေသည့်အပြင် ပိုတိုး၍ လေ့လာချင်စိတ်ပေါက်စေသော်လည်း ကြည်သာ၏ နားလည်ရခက်သော အပြုအမူများကတော့ ဝေယံ့ကို ခေါင်းစားစေပါသည်။ ကြည်သာ့ကို ချစ်သလားဆိုလျှင် မချစ်ပါဟု ဝေယံ ပြတ်ပြတ်သားသားပြောနိုင်ပါ သည်။ သို့သော် စုံတွဲအဖြစ် တွဲဖြစ်ကြပြီဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် နစ်မြုပ်သင့်သည်ဟု ယူဆ၏။ ထိုယူဆချက်မှာ မမှားဟုလည်း ဝေယံထင်သည်။
ကြည်သာနှင့် ပြန်တွေ့ပြီးကတည်းက ဝေယံအားလပ်ချိန်များကို နယ်ကျော်မြို့ကျော်၍ သွားနေမိသည်ကို အပေါင်းအသင်းများပင် ပြောလာကြပြီ။ တက္ကသိုလ်တွင် ရည်းစားမျက်နှာတစ်ကမ္ဘာ ဖြစ်နေသော ခပ်ညံ့ညံ့ကောင်တစ်ကောင်အဖြစ်တော့ ဝေယံ အပြောမခံချင်ပါ။
“ကြည်သာ.. နင်ရော ငါ့ကိုလာတွေ့ဖို့မစဉ်းစားတော့ဘူးလား။ ငါ ဘောလ်တီမော ကို အမြဲလာနေရမှာ လား”
“နင်ကတွေ့စေချင်တာလား”
“အင်း။ ဒီတခါ ဖီလာဒဲလ်ဖီးယား ကို နင်လာခဲ့။ ငါ UPenn မှာစောင့်နေမယ်”
ကြည်သာ့မှာ ငှားထားသည့်ကားရော၊ ကိုယ်ပိုင်ကားရော မရှိသည့်အတွက် လာရခက်ခဲမည်ကို သူ နားလည်သော်လည်း စိတ်ပေါက်ပေါက်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ကြည်သာအေးမြသည် မထင်မှတ်ထားသည်တို့ကို အမြဲလုပ်တတ်သူဖြစ်ကြောင်း သူမေ့နေခဲ့၏။
ကြည်သာ တက္ကသိုလ်သို့ရောက်နေပြီဆိုတော့ သူ သေချာပြင်ဆင်၍ အပေါင်းအသင်းများနှင့် မိတ်ဆက် ပေးမည်ဟုပါ ကြံထားခဲ့၏။ အဆောင်ရှေ့သို့ ထိုးရပ်လာသော ခပ်မိုက်မိုက်ပြိုင်ကားတစ်စီးကိုတော့ ကြည်သာ စီးလာမည်ဟု သူယောင်၍ပင် မတွေးမိဖူးပါပေ။
“ဟိုင်း..”
ပြိုင်ကားမှဆင်းလာသော ကြည်သာ့ကိုမြင်ရတော့ သူအံ့သြလွန်း၍ စကားပင်ပြောမထွက်။ ထို့ပြင် ပြိုင်ကားမောင်းသူ ခပ်ချောချောလူဖြူကောင်လေးက ကြည်သာ့နားနား တိုးကပ်၍ တစ်စုံတစ်ခုပြောသွား ပြီးမှ သူ့ကိုပင် အဖက်မလုပ်ဘဲ ပြန်ထွက်သွားသဖြင့် ဝေယံ လက်သီးဆုပ်ထားလိုက်မိသည်။ အဆောင် ရှေ့တွင် အရှက်ကွဲရလေခြင်း။
“နင်လိုက်ခဲ့ ကြည်သာ”
ကြည်သာ့လက်မောင်းကိုဆွဲ၍ တတိယထပ်ရှိ အခန်းသို့ ခပ်ကြမ်းကြမ်းခေါ်ဆောင်လာလိုက်သည်။ ဝေယံ့ လုပ်ဆောင်မှုသည် အဆောင်နေသူ ကျောင်းသားများ၏ အာရုံစိုက်မှုကို ရရှိစေမည်သိသော်လည်း ဒေါသ ကဖုံးလွှမ်းနေချိန်ဖြစ်၍ မည်သူ့ကိုမျှ ဂရုမစိုက်နိုင်လိုက်ပါ။
အခန်းထဲသို့ ဆွဲသွင်းလိုက်တော့ ကြည်သာက ခပ်မဲ့မဲ့ပြုံးသည်။
“နင် ငါ့ကို အခန်းထဲဆွဲခေါ်လာတယ်.. ပြီးတော့ရော။ ငါနဲ့ အိပ်မှာလား”
ကြည်သာ့ထိုလေသံကို သူကလည်း သေလောက်အောင်မုန်းပါသည်။
“ကြည်သာအေးမြ။ နင် အဲဒီလို သတ္တိကောင်းပြနေရုံနဲ့ ငါက လွှတ်ပေးမယ်မထင်နဲ့”
ကြည်သာ့အနားသို့ တိုးကပ်သွားလျှင် ကြည်သာက တစ်ခုခုနှင့်ပြန်ဆဲ၍ ပစ်ပေါက်ခုခံမည်ထင်သော် လည်း တကယ်တမ်းတွင် အနမ်းခံလိုက်ရသည်က ဝေယံသာဖြစ်နေခဲ့ပြန်ပါသည်။ ကြည်သာ့အနမ်းများ က စူးရှသည်။ တပ်မက်စိတ်ကိုနှိုးဆွပေးသည်။ ထို့ပြင်.. ကြည်သာသည် အချိန်ကောင်းကိုသိသူဖြစ်ပြန် သည်။
“ဘာ.. ဘာဖြစ်လို့ ရပ်ပစ်လိုက်ရပြန်တာလဲ ကြည်သာ”
“ဒီလောက်ပဲနမ်းချင်လို့လေ”
ကြည်သာက ပူရှိန်းတစ်လုံးထုတ်စားပြီးနောက် အခန်းထဲလှည့်ပတ်ကြည့်နေ၏။ အဆောင်ခန်းသည် ပြောပလောက်အောင် မကျယ်ပါ။ သို့သော် ထူးချွန်ကျောင်းသားများရသည့် အထပ်ဖြစ်၍ တစ်ကိုယ်ရည် စာအတွက် လုံလောက်သည့်အခန်းဖြစ်ပါပင်။
“ငါက နင့်အခန်းကို နင့်အခန်းလို့ထင်ရတဲ့နေရာဖြစ်မယ်ထင်ခဲ့တာ”
ကြည်သာ့အသံက ခနဲ့တဲ့တဲ့သံပါသဖြင့် သူ မကျေနပ်စွာဖြင့် ထသွားလိုက်မိသည်။
“ငါ့အခန်းက ငါ့အခန်းလို့မထင်ရဘူးဆိုတော့ နင်က ဘာတွေများမျှော်လင့်ထားလို့လဲ ကြည်သာ”
ကြည်သာက နံရံများရှိ ပိုစတာများ၊ အချိန်ဇယားများ၊ ဖတ်စာအုပ်များစီထားသည်တို့ကို ကြည့်နေရာမှ အကြည့်မလွှဲဘဲ ဖြေသည်။
“ဪ ဪ.. နင့်အမှားလို့ပြောနေတာမျိုးမဟုတ်ပါဘူး။ ငါက ချမ်းငြိမ်းအခန်းကလွဲပြီး ဘယ်ယောက်ျား အခန်းကိုမှမှ မရောက်ဖူးသေးတာလေ”
“အဲဒီ ချမ်းငြိမ်းဆိုတဲ့ကောင်ကရော သူ့အခန်းလို့ထင်ရအောင် ဘာတွေများလုပ်..”
ကြည်သာက အနွေးထည်အိတ်ကပ်ထဲမှ သော့တွဲတစ်ခုကိုထုတ်၍ သူ့လည်ပင်းကို ဦးတည်လိုက်၏။
“နင်က ဘာအကြောင်းနဲ့မှ ချမ်းငြိမ်းကို မလေးမစားသုံးခွင့်မရှိဘူးဆိုတာ မှတ်ထား ဝေယံ”
“ဟား.. ကြည်သာ။ သူက နင့်အစ်ကိုပေမဲ့ ငါတို့ကရွယ်တူပဲလေ။ အိုကေ.. ငါ သူ့ကို ချမ်းငြိမ်းဆိုတဲ့ကောင် လို့ သုံးမိတာ စိတ်လောသွားတယ်ပဲထားပါ။ နင့်သော့ကြီးပြန်သိမ်းပါတော့”
ကြည်သာက ထိုတော့မှ မကျေမနပ်ဖြင့် လက်ကိုရုတ်သွား၏။
“ပြောပါဦး။ ချမ်းငြိမ်းရဲ့အခန်းအကြောင်း”
“သူ့အခန်းက..အလင်းရောင်မရတဲ့အခန်းပဲ။ သူနေတဲ့ဘက်မှာ ကန်ထရိုက်အသစ်ဆောက်ထားတာမို့ နေရောင်မရ၊ လေဝင်ပေါက်မရတဲ့အခန်းတစ်ခု..။ ဒါပေမဲ့ သူက အဲဒီအခန်းကို လျှပ်စစ်မီးအကူအညီ မပါဘဲ လင်းအောင်လုပ်နိုင်တယ်”
“ဘာလဲဟ.. ပပဝတီလား”
“အေးပေါ့။ ဒါတွေက နင်နားလည်ဖို့ခက်ပါတယ်။ ချမ်းငြိမ်းကို မေမေတောင်နားလည်တာမဟုတ်ဘူး။ သူ့ အခန်းထဲဝင်ရင် ဒါကချမ်းငြိမ်းအခန်းပါလား ဆိုတဲ့ခံစားမှုရတယ်”
“မဟုတ်သေးပါဘူး ကြည်သာ။ နင်က သူနေတဲ့နေရာမှန်းသိလို့ အဲဒီလိုခံစားရတာလေ။ ငါနေတဲ့နေရာကို နင်က မသိထားဖူးလို့..”
“အင်း ဟုတ်မှာပေါ့။ ဆိုတော့ နင် ငါ့ကို စိတ်ဆိုးတာပျောက်ပြီလား”
စိတ်ဆိုးသည်ကိုပင် မေ့သွားမိကြောင်း ကြည်သာ့ရှေ့မှာ ဝန်မခံချင်သဖြင့် သူက သဘောထားကြီးဟန်ပဲ ဆောင်လိုက်ရပါသည်။
“စိတ်ဆိုးဒေါသထွက်ရတာထက် အရေးကြီးတာတွေရှိတယ်”
“ဪ ဪ.. ဒါဆို ခုနက ကားပေါ်က ကောင်လေးကို နင်မသိချင်ဘူးပေါ့”
“ကြည်သာ.. နင် ငါ့ကို မချစ်တာငါသိတယ်။ ဒါပေမဲ့ နင့်ဘက်က ငါ့ကို လေးစားမှုတစ်ခုထားဖို့လိုတယ်လို့ နင်မထင်ဘူးလား”
“လေးစားမှုဟုတ်လား။ ကားမရှိတဲ့ ရည်းစားကို မိုင် ၁၀၀ လောက်ခရီးသွားခိုင်းမှတော့ ငါလည်း လေးစားမှုကို သိပ်မတွေးဖြစ်လိုက်ဘူး ဆောရီး”
ဝေယံ ပြောရခက်သွားသည်။ အမှန်တွင် ဝေယံလိုချင်သည်က ‘ငါ ကားမရှိဘူး။ နင်ပဲလာခဲ့လို့မရဘူးလား ဟာ’ ဆိုသည့် တောင်းဆိုမှုတစ်ခုဖြစ်သည်။ သို့သော် ကြည်သာက ထိုအောက်ကျို့မှုမျိုးမလုပ်ဘဲ တခြား ရွေးချယ်မှုတစ်ခုလုပ်ခဲ့ခြင်းသာ။
“အဲဒီကောင်ကဘယ်ကလဲ”
“ငါနေတဲ့နေရာနားက ကောလိပ်မှာတက်နေတဲ့ ကောင်လေး။ဂျိမ်းစ် တဲ့”
“ဘာရယ်..။ နင့်တက္ကသိုလ်ကတောင်မဟုတ်ဘူးလား”
“မဟုတ်ဘူး”
ကြည်သာက ပြတင်းပေါက်လိုက်ကာကို ဆွဲချလိုက်ပြီး တံခါးကိုသွား၍ ဂျက်ချလိုက်၏။
“ဝေယံ.. ငါအချိန်မရှိဘူးဟုတ်ပြီလား။ ငါ့ကိုဂျိမ်းစ် ပြန်လာခေါ်ဖို့က အချိန်ထပ်မပြောင်းချင်ဘူး”
ထိုစကားက ဝေယံ့မာနနှင့် ဒေါသကိုအဆုံးထိဆွပေးလိုက်သလိုပင်။ ကြည်သာ့ကို ခပ်ကြမ်းကြမ်း ပွေ့ဖက် နမ်းရှိုက်လိုက်တော့ ကြည်သာက ပြုံးကာ လည်ပင်းကိုပြန်လည်ဖက်ထား၏။ ကြည်သာ့လက်သည်းများ ၏ ကုတ်ခြစ်မှုလေးများက သူ့အပေါ်ပိုင်းမှာနေရာအနှံ့ပြန့်ကျဲပြီး သူ့အချစ်သက်သေများကလည်း ကြည်သာ့ ကိုယ်လုံးအနှံ့မှာ ထင်းလင်းနေပြီ။
“ဝေ..ယံ”
ဝေယံက ကြည်သာ့ဆံပင်များကိုသပ်တင်ပေးရင်းဖြင့် အဆုံးထိ အဆင့်တက်လိုက်၏။ ကြည်သာ့မျက်နှာ က အံ့သြဖွယ်ကောင်းလွန်းသည်ဟု ဝေယံထင်သည်။ ကြည်သာ့ထံမှ ညည်းညူသံက ညည်းညူသံ မဟုတ် ဘဲ သူ့ကိုဆွပေးနေသောလေသံသာဖြစ်သည်။ ထို့ပြင် ကြည်သာသည် သာယာမှုကို မိန်းမောရာတွင် ဆွဲဆောင်မှုရှိလှသောမျက်နှာပေးကို ပြသသည်။ ဝေယံ့အတွက်တော့ ထိုမျက်နှာပေးသည် စိတ်ကျေနပ်မှု ကို နှစ်ဆပေး၏။
“နင် ငါ့ကို နောက်တစ်ခါ မလေးမစားမလုပ်နဲ့ ကြည်သာ”
“စဉ်းစားမယ်”
ကြည်သာက ခပ်လွင်လွင်ကလေးရယ်ပြီး သူ့ရင်ဘတ်ထဲရောထွေးဝင်လုံးလိုက်၏။ သူလည်း ပြုံးလိုက်မိ ပြီး ကြည်သာ့ကို ဖက်ထားရင်း ကျေနပ်မှုကိုခံစားနေမိသည်။
“နင်ကြုံဖူးတဲ့ sex တွေထဲ ငါနဲ့ကဘယ်လိုလဲ”
“နင်က ငါ့ရဲ့ ပထမဆုံးမဟုတ်မှန်းဘယ်လိုသိသလဲ ကြည်သာ”
“ယောက်ျားတွေလေ.. နင် အခုချိန်ထိ သူတော်စင်လိုနေရအောင် နင်က ချမ်းငြိမ်းမှမဟုတ်တာ”
ကျေနပ်မှုအစုံက အပ်နှင့်ထိုးဖောက်ခံလိုက်ရသော မိုးပျံပူဖောင်းပမာ ပျောက်ကွယ်သွား၏။
“နင့်အစ်ကိုလည်း.. ယောက်ျားပဲလေ ကြည်သာ။ နင်မသိဘဲ ဟိုအတန်းသွားတာလည်းဖြစ်နိုင်သလို နင် မသိတဲ့ ရည်းစားတွေနဲ့ အိပ်တာလည်းဖြစ်နိုင်တာပဲ”
ကြည်သာက မျက်လုံးမှိတ်ထားရင်းဖြင့် ရယ်သည်။
“ချမ်းငြိမ်းအေးဟန်က အဲဒီလိုမဟုတ်ဘူး ဝေယံ။ နင့်အကြောင်းပဲပြောစမ်းပါ၊ နင့် ပထမဆုံးက ဘယ်တုန်း ကလဲ”
သူ ပြောရနည်းနည်းခက်သွားသည်။ အမှန်တိုင်းပြောသင့်လား။ သို့သော် မပြောရဲစရာဘာများရှိလို့လဲ။ ဒါ လောက သဘာဝပဲဟာ။
“ငါ ၁၀ တန်းဖြေပြီးတော့.. သဘောကျတဲ့ အစ်မကြီးတစ်ယောက်ရှိတယ်။ သူနဲ့အိပ်ဖြစ်သွားတယ်”
“အင်း.. မှန်းကြည့်ရရင် အဲဒီအစ်မကြီးက ဉာဏ်ကောင်းမယ့်ပုံပဲ”
“အင်း”
မမရေချယ်လ်က ဉာဏ်ကောင်းသူတစ်ယောက်ထက်ပိုပါသည်။ မမရေချယ်လ်သည် ဝေယံ့ဘဝတွင် ပထမဆုံးနီးကပ်ခဲ့ဖူးသော အမျိုးသမီးဖြစ်ပြီး ဝေယံ့ဘဝကိုလမ်းညွှန်ပေးသောသူလည်းဖြစ်သေးသည်။
“သူနဲ့မတွဲဘူးလား”
“အိမ်ထောင်ပြုသွားပြီ”
“အိုး.. ဝေယံခ လေးက ကြေကွဲကျန်ရစ်လေးပါလား”
ကြည်သာက ချစ်စနိုးလေသံဖြင့်ပြောပြီး သူ့မေးဖျားကို လာထိသည်။ သူမကြိုက်ပါ။
“ကြည်သာ.. နင်ရော နင့်ပထမဆုံးက ဘယ်သူနဲ့လဲ”
“နင်နဲ့လေ”
သူ့ အောင်နိုင်သူအပြုံးကို ရုတ်တရက်မထိန်းနိုင်လိုက်ပါ။
“နင်ပြုံးနေလား ဝေယံ”
ကြည်သာကမျက်လုံးဖွင့်မကြည့်ဘဲ သူ့ရင်ဘတ်ပေါ်တိုးရင်းမေးသည်။
“ဒါကတော့..”
“ငါသာ နင့်မတိုင်ခင်မှာ တစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ရင် နင်ပြုံးနိုင်ဦးမှာလား”
“ငါ လက်ခံရမှာပဲပေါ့။ ဒါပေမဲ့ အခု ငါကပထမဆုံးဖြစ်ရတာဝမ်းသာတယ်”
“ဒါပေါ့။ နင်က ယောက်ျားတစ်ယောက်ပါပဲ။ ဘာမှမထူးဘူး”
ကြည်သာက အကြောဆန့်ပြီးနောက် ရေချိုးခန်းထဲဝင်သွား၏။ သိပ်မကြာလိုက်ပါ။ လက်ကိုင်အိတ်အကြီး ထဲမှ အဝတ်အစားကိုပြန်ထုတ်ဝတ်ရင်းဖြင့် ကြည်သာက တစ်ခွန်းပြောသည်။
“နင်သိလား၊ ဒီနေ့ အတွေ့အကြုံကကောင်းပါတယ်။ ငါလည်းကြိုက်တယ်။ ဒါပေမဲ့ နင့်ကို ငါက ဒီထက် တော့ နည်းနည်းမျှော်မှန်းခဲ့ဖူးတာ”
ဝေယံ လက်သီးတင်းတင်းဆုပ်လျှက်ကျန်ခဲ့လေသည်။


Leave a comment