7 – Chicxulub Crater
(လွန်ခဲ့သောနှစ်ပေါင်း ၆၆ သန်းအကျော်က ကမ္ဘာမြေကို ထိမှန်ရိုက်ခတ်ခဲ့သော ဥက္ကာခဲများကြောင့် ချိုင့်ခွက်ကြီးများ ဖြစ်ပေါ်ခဲ့သမျှထဲတွင် မက္ကစီကိုရှိ Chicxulub Crater က အချင်း မိုင် ၁၁၀ ရှိပြီး အနက် ၁၂ မိုင်ခန့်ရှိသည်။)
ကြည်သာအေးမြအတွက် တက္ကသိုလ်တွင် အထူးတလည်အံ့သြမိသည့်ကိစ္စရပ်မှာ အားကစားပရိသတ်များ ပင်ဖြစ်သည်။ ဘောလုံး၊ ဘတ်စကတ်ဘော၊ စားပွဲတင်တင်းနစ်၊ ဟော်ကီ စသည့်ကစားနည်းများစွာကို ဒေသစွဲ၊ ကျောင်းစွဲကြီးကာ ရူး ရူးသွပ်သွပ် အားပေးနေကြသည့်လူများကို ကြည်သာ နားမလည်နိုင်စွာ ကြည့်နေမိသည်။ သို့သော် ကြည်သာ သိုးမည်းမဖြစ်ချင်လျှင်တော့ ထိုအားကစားပွဲများတွင် တစ်နည်း တစ်ဖုံပါဝင်ပတ်သက်ရလိမ့်မည်ဟု သိထားသဖြင့် စေတနာ့ဝန်ထမ်း အကူအဖြစ် စေတနာမပါစွာစာရင်း ပေးထားလိုက်ရ၏။
ထိုအတွက် အကျိုးဆက်တစ်ခုက ဝေယံခကို ပေးနိုင်သည့်အချိန် ပိုနည်းပါးလာခြင်းဖြစ်သည်။ ဤသည် ကိုတော့ ကြည်သာ သဘောကျပါသည်။ ဝေယံနှင့် တွဲသည်မှာ လပိုင်းလောက်ရှိလာပြီးနောက် ကြည်သာ အနည်းငယ် ငြီးငွေ့စပြုလာပြီ။ ပိုသဘောကျဖို့ကောင်းသည်က ဝေယံကတော့ ကြည်သာ့ကို ပိုစွဲလန်းလာ ခြင်းပင်။ ချစ်ကြိုက်၍ဟုတော့ ကြည်သာမယုံကြည်ပါ။ သို့သော် ဝေယံသည် ကြည်သာနှင့်အတူရှိရသည် ကို အရသာတွေ့နေပုံရသည်။ တွေ့ရသည့်အချိန်လေးများတွင်ပင် ထိုကိစ္စကို တောင်းဆိုလေ့ရှိသည်က ရယ်ချင်စရာကောင်းသည်မဟုတ်လား။ ကြည်သာ့အတွက်တော့ ဝေယံသည် အိပ်၍ကောင်းသော ပါတနာ အဖြစ် လက်ခံနိုင်သော်လည်း ချစ်သူရည်းစားတစ်ယောက်… ထို့ထက်ပို၍ ယောက်ျားတစ်ယောက်ဟု တော့ မြင်၍မရပါ။
မျက်စိတစ်ဆုံး ရှိနေသည့် ဘောလုံးကွင်းထဲမှ ပြေးလွှားတွန်းတိုက်နေသည့် ယောက်ျားများနှင့် လက်သီး လက်မောင်းတန်းကာ အားပေးနေသော နောက်ထပ် ယောက်ျားများကို ကြည်သာ လိုက်ကြည့်နေမိသည်။
ကြည့်ကောင်းသည်၊ တောင့်တင်းသည်၊ မိုက်သည်ဟု မှတ်ချက်ပြုနိုင်စရာကောင်းသောလူများ ပါသော် လည်း ကြည်သာ့စိတ်ကိုဆွဲဆောင်နိုင်သည့်လူတော့ တစ်ယောက်မှမပါပါချေ။
“ဘာတွေခေါင်းခါနေလဲ အေး”
ဘေးနားရှိ အားကစားပွဲအကူ ကျောင်းသူဖြစ်သော ဆူဇန် က သူ့ကို စပ်စပ်စုစုမေးသည်။ ဆူဇန် က သူနှင့် မေဂျာမတူသော်လည်း အားကစားကလပ်များသို့လာလျှင်တွေ့နေကြဖြစ်၍ ရင်းနှီးနေပြီ။
“သူတို့ကစားနေတာကို နားမလည်လို့လေ ဆူဇန်”
ဆူဇန် က သွားညှိကိရိယာလေးပေါ်သည်အထိ ရယ်၏။
“ဟုတ်လို့လားနော်။ စိတ်ထဲက တစ်ယောက်ယောက်အကြောင်း တွေးနေတာမဟုတ်ဘူးလား။ UPenn က တစ်ယောက်မဟုတ်ဘူးလား”
ဆူဇန် ကရင်းရင်းနှီးနှီးမေးလာ၏။ စိတ်ပညာကျောင်းသူဖြစ်သော ဆူဇန် သည် စိတ်တို့ ရင်ထဲတို့ နှလုံးသားတို့ မသိစိတ်တို့ကို တွင်တွင်သုံးတတ်ပါသည်။
“ဆူဇန်.. အခုကွင်းထဲမှာလေ.. ယောက်ျားပေါင်း ၂၀၀ လောက်ရှိမယ် ပဲထားပါတော့။ အဲဒီလူတိုင်းကို မင်း စိတ်ထဲက တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်နေမိရင်… ဘာဖြစ်လို့လဲ”
“အေး… ရင်ထဲက အဲဒီလူက နေရာဘယ်လောက်တောင်ယူထားတာလဲ”
ကြည်သာ လက်လေးပိုက်ရင်း သက်ပြင်းချမိသည်။
“ကိုယ့်စိတ်က ဒီဘောလုံးကွင်းပဲထားပါတော့။ အဲဒီလူက ကိုယ်တို့ တက္ကသိုလ်ဝန်းတစ်ခုစာလောက် နေရာယူထားတယ်။ က တောင်မကလောက်ဘူး။ အမေရိကန်ပြည်ထောင်စုကြီး.. မြောက်အမေရိက တိုက်… ပစိဖိတ်သမုဒ္ဒရာ.. ကမ္ဘာ့အနောက်ခြမ်း… ကမ္ဘာဂြိုဟ်.. နေအဖွဲ့အစည်း… ပြီးတော့ ကိုယ်တို့ မသိ သေးတဲ့ စကြဝဠာ…။ ဟဟ.. လျှောက်ပြောတာပါ”
ဆူဇန် က ပြုံးရင်းဖြင့် ကြည်သာ့လက်ကို ဆုပ်ကိုင်လာ၏။
“အေး.. စိတ်ရဲ့တည်နေရာအကျယ်အဝန်းဟာ အဆုံးမရှိဘူး။ ဒါပေမဲ့ အေး… ပွင့်လင်းမှတော့ဖြစ်မယ်”
ကြည်သာ ဖျတ်ခနဲစိုက်ကြည့်လိုက်တော့ ဆူဇန် က နားလည်ပေးနိုင်သည့်ပုံဖြင့်ခေါင်းညိတ်ပြ၏။
“အေး ဆိုတဲ့စာလုံးက cool ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လို့ အေးပြောဖူးတယ်လေ။ ဒီပွဲပြီးရင် အေး ဖုန်းတစ်ကောလ်လောက်ဆက်သင့်ပြီထင်တယ်။ Be cool, girl”
ကြည်သာ အကြည့်ကို ဘောလုံးကွင်းထဲသို့သာပြန်ပို့ထားလိုက်ပြီး အိတ်ကပ်ထဲမှ ပူရှိန်းသကြားလုံး ငုံ ထားလိုက်၏။ ဆူဇန် သည် ခင်မင်ဖွယ်မိန်းကလေးတစ်ဦးဖြစ်သော်လည်း ကြည်သာ့အတွက်တော့ မနှစ် မြို့သည့်ခံစားချက်တစ်ခုရနေပြီ။ ချမ်းငြိမ်းသည် ဆူဇန် လိုမိန်းကလေးကို အထင်ကြီးသဘောကျလိမ့် မည်ဖြစ်သောကြောင့်ပင်။
==============================================================================
ရူပဗေဒကို ကြိုက်နှစ်သက်လှပါသည်ဆိုသော ဝေယံမှာ တက္ကသိုလ်တွင် နောက်ကောက်မကျန်ရအောင် မနည်း ကြိုးစားရုန်းကန်နေရ၏။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်မှာက ကြိုက်နှစ်သက်သောသူများ မရှိဘဲ အရူးအမူးဟူသော လူများသာရှိသောကြောင့်ပင်။ အထူးသဖြင့် ဝေယံ ရွေးချယ်ယူထားသော ဘာသာရပ်များက ခက်ခဲလွန်းသဖြင့် ခေါင်းထဲရှိဦးနှောက်များပင် အငွေ့ပျံသွားတော့မည်ဟု ထင်ရ၏။ ထို့ပြင် ဝေယံ့ဘာသာရပ်က လက်တွေ့ပြင်ပလေ့လာနိုင်မှုအရေးကြီးလွန်းသဖြင့် အားလပ်ချိန်တွင်ပင် ကွန်ပျူတာတစ်လုံးဖြင့် စမ်းသပ်မှုဖိုင်များကို ကြည့်ရ ဖတ်ရ မှတ်စုထုတ်ရ၏။
ဤအခြေအနေများကြားတွင် ဝေယံ့ကို အကောင်းအတိုင်းရှိစေအောင်ထိန်းရမည့်သူမှာ ကြည်သာ ဖြစ်သင့်သည်မဟုတ်လား။ သို့သော် ဝေယံ့ကို အရာအားလုံးထက် စိတ်ဒုက္ခပေးသူမှာလည်း ကြည်သာပင် ဖြစ်နေပြန်သည်။
ကြည်သာအေးမြနှင့် ဆက်ဆံရေးကို ဝေယံအနေဖြင့် ရှည်ကြာလိုသည်။ အိမ်ထောင်ဖက်အဖြစ်ပင် စဉ်းစားဖူးသည်။ ထိုစိတ်ကူးကို ကြည်သာ့ရှေ့မှာ လွှတ်ခနဲပြောထွက်မိတော့ အရှက်ကွဲခဲ့ရပြန်သည်လေ။
ထိုနေ့ကို ပြန်တွေးတိုင်း ဝေယံ ခံရခက်လွန်း၍ လက်သီးဆုပ်မိသည်အထိ။
ကြည်သာနှင့် ရုပ်ရှင်ကြည့်ဖြစ်ကြသောတစ်နေ့က စကားပြောရင်းဖြင့် သိပ္ပံပညာရှင်တစ်ဦး၏ ဇနီးသည် အကြောင်းကို ရောက်သွား၏။ သိပ္ပံပညာရှင်မှမဟုတ်၊ ထူးချွန်သောသူတိုင်း၏ လက်တွဲဖော်များသည် အနည်းနှင့်အများ ထက်မြက်သောသူများပင်ဖြစ်ကြောင်း ပြောမိတော့ ကြည်သာက လက်မခံချင်။
“ပါတနာအဖြစ်တော့ဟုတ်မှာပေါ့။ ဒါပေမဲ့တစ်သက်လုံးလက်တွဲရမယ့် အိမ်ထောင်ဖက်အဖြစ်တော့ မထင်ဘူး။ အထူးသဖြင့် မိန်းမတစ်ယောက် တော်နေရင် အဲဒီမိန်းမကို လက်တွဲရဲတဲ့ ယောက်ျားက ရှား တယ်။ ဘယ်လောက်ပဲ နားလည်မှုရှိပါတယ်ပြောပြော ပတ်ဝန်းကျင်ဖိအားကိုရင်ဆိုင်ရဲဦးမှကိုး”
“အဲဒါက သတ္တိကြောင်တဲ့ယောက်ျားတွေဖြစ်ပါလိမ့်မယ်။ ငါကတော့ နင့်ကို လက်တွဲရဲတယ်။ ငါ့အတွက် နင်ကပဲ ပြည့်စုံတဲ့မိန်းမဖြစ်လာမှာလို့ ယုံတယ်”
ကြည်သာက အလွန်ရယ်ရသည့် ဟာသတစ်ခုကို ကြားလိုက်သလို ဗိုက်ကိုနှိပ်၍ ရယ်သည်။ ကြည်သာ့ ထို ရယ်ပုံက အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလွန်းသဖြင့် သူ မျက်နှာတွေပင်ပူလာ၏။
“နင်က အများကြီးတွေတွေးတာပဲ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ ငါက နင့်ကို ယူဖို့ စိတ်ကူးမရှိဘူး ဝေယံ”
တွဲနေကြသည့်ဆက်ဆံရေးတွင် လက်ထပ်ဖို့စိတ်ကူးမရှိဟု ပြောလိုက်သည်က ထိုခရီးမှာ သိပ်မကြာခင် ပြီးဆုံးတော့မည်ဟု ကြေငြာလိုက်သလိုပင်မဟုတ်လား။ ဝေယံ ထိုနေ့က ဒေါသထွက်လွန်း၍ ကြည်သာ့ ကို လိုက်မပို့ဘဲ ထွက်လာခဲ့၏။ ကြည်သာ့ကို လှည့်ပင်မကြည့်ခဲ့။ ကြည်သာကလည်း ဖုန်းဆက်မလာပါ။ ဒီမိန်းမဟာ အဲဒီအတိုင်းချည်းပဲ။
ယနေ့တော့ ကြည်သာနှင့်သဘောတူညီထားသည်အရဆိုလျှင် သူ့ထံသို့ ကြည်သာလာရမည့်အလှည့် ဖြစ်သည်။ ပထမဆုံးအကြိမ် အိပ်ဖြစ်ပြီးကတည်းက ဝေယံနှင့် ကြည်သာတို့ တစ်လတွင် တစ်ခါတော့ ကြည်သာ့ဘက်က ဝေယံ့ထံသို့ လာရမည်ဟု သဘောတူညီထားကြ၏။ ကျန်သည့်အချိန်များတွင်တော့ ဝေယံကပဲဘောလ်တီမော သို့သွားရမည်သာ။
“ယံ.. မင်းကောင်မလေးရောက်ပြီ”
တစ်ဆောင်တည်းနေသူ ကျောင်းသားက တံခါးခေါက်ပြီး အသိလာပေးသဖြင့် ဝေယံ ပြုံးလိုက်မိ၏။ ဆံပင် ကိုတစ်ချက်သပ်ပြီး အောက်ထပ်သို့ဆင်းလာလိုက်တော့ ကြည်သာက စကတ်ရှည်လေးဝတ်ထားသည်ကို ငေးခနဲဖြစ်သွားမိသည်။ ကြည်သာ့ စကတ်ရှည်က ပါးလွန်းသဖြင့် ပေါင်တံလေးများကို ထိုးဖောက်မြင်ရ ၏။ တခြားသောကျောင်းသားများ၏ အကြည့်ကလည်း ကြည်သာ့ အောက်ပိုင်းကိုပဲရောက်နေသဖြင့် သူ နည်းနည်းတင်းသွားရပြီ။ ထို့ကြောင့် ကြည်သာ့လက်ကိုခပ်ဆတ်ဆတ်ဆွဲပြီး အခန်းထဲသို့ ခေါ်လာခဲ့ရ၏။
“နင် ဒါတမင်လုပ်တာလား”
“ဘာကိုလဲ”
“ယောက်ျားတွေချည်းရှိတဲ့ အဆောင်ကို နင် ဒါဝတ်လာရလား”
ကြည်သာက အိတ်ကလေးချပြီး မျက်လုံးလေးပြူးကာရယ်သည်။
“ဟယ်.. ယောက်ျားရှိရှိ မိန်းမရှိရှိ ဘယ်သူရှိရှိမရှိရှိ ငါဝတ်တာဘာဖြစ်နေလို့လဲ။ ရှေးရိုးစွဲအူကြောင်ကြောင် တွေနဲ့ ငါ့ကို လာမပိတ်ပင်နဲ့”
“ဘာပဲဖြစ်ဖြစ် နင့်ရည်းစားအနေနဲ့ ငါဒီလောက်တော့ပြောခွင့်ရှိတယ်။ အေး သဝန်တိုခွင့်လည်းရှိတယ်”
ကြည်သာက ရယ်ရင်းဖြင့် သူ့ပုခုံးကိုဖက်ကာ လာနမ်း၏။ ပူရှိန်းနံ့တို့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား တော့ ဝေယံ့ ဒေါသစိတ်က လောဘအဖြစ်ပြောင်းလဲသွားပြီ။ ကြည်သာ့ကို သူလိုချင်ပြီ။ ကြည်သာအေးမြ လို စိတ်ဆင်းရဲစရာအရှုပ်ထုပ်မလေးကို ယခုထိ သည်းခံနေခြင်းသည် ဆွဲဆောင်မှုရှိသော အထိအတွေ့ လေးများကြောင့်သာဖြစ်သည်။
ကြည်သာ့ခန္ဓာကိုယ်သည် အမြင်အားဖြင့် ပြစ်မျိုးမှဲ့မထင် စင်းလုံးချောမဟုတ်လှသော်လည်း ဝေယံ့ အတွက် စွဲမက်ဖွယ်အပြည့်ပါပင်။ နှစ်ယောက်အတူအိပ်ရန် ကျဉ်းသော ကုတင်လေးက သူတို့နှစ်ယောက် ၏ ထပ်တူကျမှုကို ယဉ်ပါးစွာဖြင့် အသံတချို့ထွက်ပေး၏။ ထိုအသံသည်ပင် သူတို့နှစ်ယောက်၏ စိတ်ဆန္ဒ ကို အရှိန်မြှင့်ပေးတာဖြစ်ပါလိမ့်မည်။
“ကြည်သာ.. နင် တခြားလူတွေနဲ့မအိပ်နဲ့”
“အဟင်း… နှမြောနေတာလား”
“နင့်ပူရှိန်းနံ့တွေ ငါပဲလိုချင်တယ်”
ကြည်သာက ပြုံးရင်းဖြင့် သူ့လည်ပင်းကို ခပ်ဖွဖွလေးကိုက်နေသည်။ သာယာမှုကို ခံစားတတ်ခြင်းသည် ကြည်သာ၏ အားသာချက်ဖြစ်ပါလိမ့်မည်။ အရာအားလုံး ပြီးမြောက်ဖို့ တည်းတည်းလေးလိုသောအချိန် တွင် ကြည်သာ့ထံမှ အာမေဋိတ်သံနှင့်အတူ အတင်းကာရော ဆွဲကုတ်လိုက်သည်ကိုခံစားရ၍ ခံစားချက် ပျက်သွားရ၏။
“ဘာဖြစ်တာလဲ”
“ငါ…. ရပ်စမ်း ဝေယံ။ ငါ့ရင်ဘတ်..”
ကြည်သာက ဝါဝင်းသော ရင်ဘတ်ကို လက်ဖြင့်အုပ်ကိုင်ထားပြီး အသက်ကို အတင်းရှူနေ၏။ ထို့ကြောင့် စိတ်မပါလက်မပါဖြင့် ဝေယံ အဆုံးသတ်လိုက်ရသည်။ ကြည်သာ့ ထိုပုံစံကို မမြင်ဖူးခဲ့၍လည်း အံ့သြနေ ရသည်။
“နေမကောင်းဘူးလား ကြည်သာ”
“ငါ.. ငါ့ရင်ဘတ်ထဲ တစ်မျိုးကြီးပဲ။ ရေ.. ရေသောက်ချင်တယ်”
ကုတင်ဘေးမှ ရေကရားနှင့် ခွက်ကိုယူပေးတော့ ကြည်သာက ကရားလိုက်မော့ချလိုက်၏။ ရေတွေစီးကျ နေသော နှုတ်ခမ်းလေးကလည်း နမ်းချင်စရာ။ ထိုမျက်နှာလေးနားကပ်မိတော့ ကြည်သာက ငြင်းဆန်ပြီး ငုတ်တုတ်ထထိုင်သည်။
“အဆင်ပြေပါ့မလား..”
ကြည်သာ့ ထိုလေသံက ထူးဆန်းနေသဖြင့် သူလည်း ဘေးမှာပဲဝင်ထိုင်ဖြစ်သည်။
“နှလုံးရောဂါလား။ ဆေးသောက်ရလား ကြည်သာ”
“ငါ့ရင်ဘတ်ထဲ အဲဒီလိုခံစားရတာ.. ချမ်းငြိမ်း တစ်ခုခုဖြစ်နေပြီထင်တယ်”
ကြည်သာက အဝတ်အစားများပင် ပြန်မဝတ်ဘဲ ဖုန်းကိုဆွဲယူကာ နံပါတ်တစ်ခုကိုနှိပ်၏။ ထိုဖုန်းကို မှတ် ထားပုံက ပိုက်ဆံအိတ်ကပုံပဲ။ ဝေယံ နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်ရသည်။
“ကြည်သာ.. နင်တို့က စိတ်ချင်းဆက်နေတာမို့လို့လား”
ကြည်သာ့အကြည့်ကစူးခနဲရောက်လာ၏။
“နင်ဘာမှမသိဘဲ မပြောစမ်းနဲ့ ဝေယံခ”
ကြည်သာက ဖုန်းကိုဆွဲယူကာ ရေချိုးခန်းထဲထွက်သွားသည်။ ရေကျသံတချို့ကြားသော်လည်း ဖုန်းပြော သံတော့မကြား။ ကြည့်ရသည်မှာ ဖုန်းကိုင်ပုံမပေါ်။ တောက်ခေါက်သံပါကြားရတော့ သူ မနေနိုင်တော့ဘဲ ရေချိုးခန်းတံခါးကိုဖွင့်ဝင်သွားမိ၏။
“စိတ်အေးအေးထားပြီး ဖုန်းခေါ်ကြည့်ပါလား။ အခုက ဟိုမှာ အချိန်မတော်ဖြစ်နေမှာကို”
“အချိန်မတော်လည်း ချမ်းငြိမ်းအေးဟန်က ငါ့ဖုန်းကို တခါမှ မကိုင်ဘဲမနေဖူးဘူး”
ဝေယံ ဘာပြောရမှန်းမသိဖြစ်သွားရပြီး ကြည်သာ့ကို တဘက်ကြီးတစ်ထည်ဖြင့်သာ လွှမ်းပေးလိုက်၏။
“ပြီးရင်ထွက်ခဲ့။ အဲဒီမှာလိုင်းသိပ်မမိဘူး”
ကြည်သာက ရေစက်လက်ဖြင့်ပင် ထွက်လာသည်။ ဖုန်းကိုလည်းတောက်လျှောက်နှိပ်နေသည်။
“မကိုင်ဘူးလား။ အိမ်ကိုဆက်ရင်ရော”
“မေမေတို့လည်း မကိုင်ဘူး။ သေချာတယ်… ချမ်းငြိမ်း တစ်ခုခုဖြစ်နေပြီ”
ကြည်သာ့နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်လာသည်ကို ဝေယံ ငေးကြည့်နေမိသည်။
“နင် ဘယ်လိုသိလဲ”
“ကျော်ဇော.. ကျော်ဇောကို ဖုန်းဆက်ရမယ်။ ဟာကွာ ချီးပဲ။ ဝေယံ နင့်ဖုန်းပေးစမ်းပါ”
ကြည်သာ့ဖုန်းက နိုင်ငံခြားဆက်သွယ်မှုအတွက် တစ်ရက်စာကန့်သတ်ချက်ပြည့်ကြောင်း ပြနေသဖြင့် သူ ဖုန်းထုတ်ပေးလိုက်ပါသည်။ ကြည်သာက နံပါတ်တစ်ခုကို နှိပ်နေ၏။ ကျော်ဇော ဆိုတာရောဘယ်သူတွေ လဲမသိ။ ကြည်သာ့ကို မေးရန်လည်း အခြေအနေမပေးသဖြင့် ဒီတိုင်းကြည့်နေရသည်။
“ဟယ်လို… ကျော်ဇော။ ငါ.. ကြည်သာ။ နင် အခု ချမ်းငြိမ်းနဲ့ရှိနေလား”
ကြည်သာ့လေသံက အလျင်စလိုနိုင်လွန်းသည်။ နံပါတ်စိမ်းတစ်ခု၊ နိုင်ငံခြားဖုန်းဖြင့်ဆက်ပြီး အားမအား မမေးဘဲ မေးချင်တာမေးနေသော ကြည်သာ့ကို တစ်ဖက်က ကောင်းမွန်စွာပြန်ဖြေ၍ ဝေယံ ထပ်အံ့သြရ သည်။
“အေး ကြည်သာ။ နင်ဆက်တာအတော်ပဲ။ ချမ်းငြိမ်း ဆေးရုံရောက်နေတယ်”
“ဘာဖြစ်တာလဲ။ ချမ်းငြိမ်းကို ဖုန်းပေးလိုက်”
“ချမ်းငြိမ်း သတိမရသေးဘူး ကြည်သာ။ ချုပ်ရမယ်ပြောတယ်”
“ဘာဖြစ်တာလဲ။ ချမ်းငြိမ်းဘာဖြစ်တာလဲ။ ဘယ်လောက်ထိသွားတာလဲ”
ကြည်သာက မတ်တပ်ထရပ်ပြီးပါ တုန်လှုပ်စွာမေးနေ၏။ ကြည်သာ ထိုမျှပျာယာခတ်သည်ကို မမြင်ဖူးခဲ့။
“ရန်ပွဲပဲပြောရမှာပေါ့။ ချမ်းငြိမ်းကို မကျေနပ်ကြတဲ့ကောင်တွေလုပ်တာ။ ဒါပေမဲ့ အဲဒီကောင်တွေနဲ့ ရဲစခန်းမှာ အောင်စိုးလည်းရှိနေပါပြီ”
“ဘာရဲစခန်းလဲ။ နင်တို့ အဲဒီနေရာမှာ အသေသတ်ခဲ့ရမှာ။ ဘယ်ကောင်တွေလဲ။ နာမည်ပြော..”
“အာ ကြည်သာ။ နင်သိမှာမဟုတ်ဘူးလေ။ လောလောဆယ် ချမ်းငြိမ်း နိုးတာကိုပဲစောင့်ရအောင်”
“ငါ.. ချမ်းငြိမ်း သတိရလာရင် ငါ့ကို လှမ်းပြောပေးပါ ကျော်ဇောရယ်”
“အေးပါ ပြောမှာပါ။ ချမ်းငြိမ်းက အဆင်ပြေမှာပါ ကြည်သာ။ တအားစိတ်မပူနဲ့။ နင့်ဟာနင်ပဲ ဂရုစိုက်”
“ကျော်ဇော.. ငါတောင်းဆိုပါတယ်။ ချမ်းငြိမ်းကိုဂရုစိုက်ပေးပါနော်။ အဲဒီအရူးက ဆေးရုံဆင်းမယ်ပြောရင် လည်း နင်လက်မခံနဲ့။ သူလုံးဝ ကောင်းမှဆေးရုံဆင်းခိုင်းနော်။ ပြီးတော့ ဟိုသူတောင်းစားတွေကိုလည်း သူက ခွင့်လွှတ်ရင်တောင် နင်က တရားစွဲခိုင်းပေးနော်”
ကြည်သာအေးမြ ကတစ်စုံတစ်ယောက်ကို တိုးလျိုးတောင်းပန်နေသတဲ့လား။ သည်းခံနိုင်မှုက ဂိတ်ဆုံး ရောက်လာပြီ။
“စိတ်အေးအေးထား။ ငါတို့ဘာလုပ်ရမလဲသိတယ် ချမ်းငြိမ်းလည်းသိတယ်။ နော်.. ဒါပဲ ကြည်သာ”
ဖုန်းကျသွားသည့်တိုင် ကြည်သာက ဖုန်းကိုနားနားကပ်ပြီး ပုခုံးလေးတုန်နေဆဲ။ သူ ထကြည့်လိုက်တော့ ကြည်သာ့မျက်နှာမှာ မျက်ရည်တွေနှင့်ပြည့်နေ၏။
“ကြည်သာ…”
ရုတ်တရက် ကြည်သာက သူ့ဘက်လှည့်လာကာ အတင်းဖက်ထားရင်း ငိုချတော့သည်။
“ငါနေလို့မရဘူး။ နာလို့သေတော့မယ်။ ငါဘယ်လိုလုပ်ရမလဲ”
ပြဿနာပါပဲ။ ကြည်သာ့မျက်ရည်များကိုရင်ဆိုင်လိုက်ရတော့ သူ မည်သို့မျှ မဆူရက် မပြောရက်တော့ဘဲ ပြန်ပွေ့ထားကာ ကျောလေးကို သပ်ပေးမိ၏။
“အဆင်ပြေမှာပါ။ ချမ်းငြိမ်း အဆင်ပြေသွားမှာပါ”
“ချမ်းငြိမ်းတစ်ခုခုဖြစ်သွားရင် ငါလည်း လိုက်ဖြစ်မှာ”
“အဲဒီလိုတော့ ဘယ်ဟုတ်မလဲ။ ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ”
ကြည်သာက သူ့ကိုဖက်ထားလျှက်က ခေါင်းခါသည်။
“ဟင့်အင်း။ ငါ့ဘဝက ချမ်းငြိမ်း”
ချမ်းငြိမ်းအေးဟန် တစ်ခုခုမဖြစ်ပါစေနဲ့တော့ဟုပဲ စိတ်ပျက်လက်ပျက်ဆုတောင်းမိသည့်အခိုက်အတံ့များ ပါပင်။ သိခဲ့ဖို့ကောင်းသည်က ချမ်းငြိမ်းအေးဟန်သည် ထိုကတည်းက သူ့ဆုတောင်းများကို လွှမ်းမိုးနိုင် ခဲ့သည်ဟူ၍။


Leave a comment