လေနံရံ – ဝေယံဘုန်း

လေနံရံ – ဝေယံဘုန်း

စာရေးသူ – ဝေယံဘုန်း

ခုနှစ် – ၂၀၂၃

ထုတ်ဝေသည့်တိုက် – ကံ့ကော်ဝတ်ရည်စာပေ

လေနံရံ ကို စကြေငြာကတည်းက စိတ်ဝင်စားတယ်။ ဒါပေမဲ့ ပြဿနာက ဈေးနှုန်းနည်းနည်းများတယ်လို့ ထင်နေတာနဲ့ တန်းမဝယ်ဖြစ်သေးဘူး။ လျှော့ဈေးပေးတုန်းကလည်း မဝယ်ဖြစ်ဘဲ မထင်မှတ်တဲ့အချိန်မှလက်ထဲရောက်လာခဲ့တဲ့ စာအုပ်ပေါ့။

ဘီသိုဗင်ရဲ့ ဆိုနာတာရယ်၊ နဝဒေးကြီးရဲ့ ရတုတွေရယ်နဲ့ ဆိုတော့ စိတ်ဝင်တစားဖတ်ကြည့်ခဲ့ပြီး အစပိုင်းမှာ နည်းနည်းလေး လေးတယ်လို့ခံစားရတယ်။ လေးတယ်ဆိုတာထက် ရှင်းပြချင်တာများနေပုံလိုမျိုး။ (စကားမစပ် အမှာစာကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ အမှာစာကြောင့်သာ ဆက်ဖတ်ဖြစ်ခဲ့တာပဲ။ ဆရာတော်ကောင်းမင်းရဲ့ အမှာစာနဲ့ စာရေးသူကိုယ်တိုင်ရဲ့အမှာစာ)

ဒီလိုနဲ့ ဇာတ်လမ်းကိုဖတ်ကြည့်ပြီး ပထမ အပိုင်း ၁ ပိုင်းအပြီးမှာ ခဏရပ်ထားဦးမယ်ဆိုပြီး လုပ်လိုက်တာ တစ်လကြာသွားတယ်။ ပြန်ဖတ်ကြည့်ဦးမယ်ဆိုပြီး ကိုင်တော့လည်း လက်ကမချစတမ်းကို ဆွဲဆောင်နိုင်သွားတာပဲ။

မြင်နေတွေ့နေကြမဟုတ်တဲ့ သမားရိုးကျကနေ ကွဲထွက်နေတဲ့ တက္ကသိုလ်ဆရာ ဇာတ်ကောင်ကို အဓိကဇာတ်လိုက်အဖြစ် ထားထားတယ်။ ဆရာ ဦးမင်းဟန် ဆိုတာ ရန်ကုန်တက္ကသိုလ်က မြန်မာစာ ကထိကတစ်ယောက်။ ကျန်းမာရေးလိုက်စားလွန်းလို့လူငယ်ကျောင်းသားတွေနဲ့အပြိုင် နုပျိုပြီး အားကျနေရတဲ့လူမျိုး။ ဒီလူက ဘဝကို ရတဲ့နည်းနဲ့ ကျေနပ်အောင်နေနေတဲ့လူမျိုး။ ဘာသာမဲ့ တစ်ယောက်အဖြစ် ဘာသာတရားတွေကို မယုံကြည်ပေမဲ့ တပါးသူက ကိုးကွယ်နေတာပါဆိုတော့လည်း ကန့်ကွက်တာမျိုးမလုပ်တဲ့သူ။ ဒီလူဟာ (အနည်းဆုံးတော့ အဲဒီဝတ္ထုအခြေတည်ထားတဲ့ ခုနှစ်ကာလ အပိုင်းအခြားက) မြန်မာပြည်ရဲ့ တက္ကသိုလ် ဆရာ ဆိုတဲ့အလုပ်နဲ့ သိပ်မကိုက်ညီချင်တဲ့လူမျိုးပဲ။ အိမ်ထောင်ကွဲကိုမှ သမီးလေးတစ်ယောက်ရှိပေမဲ့ မိန်းမကခေါ်သွားတာမို့ သူက လူလွတ်လိုပဲနေခွင့်ရတယ်။ တကယ်လည်း နေတယ်။ မိန်းမတွေနဲ့ ပတ်သက်တယ်။ ဝီစကီလေးအရသာခံလိုက် ပီယာနိုလေးတီးလိုက် စာလေးဖတ်လိုက်နဲ့ လောကကြီးကို “ကြည့်ကြပ်လုပ်” ရင်းနေပျော်အောင်နေသူပေါ့။

အိမ်ထောင်ကွဲပြီးကတည်းက သူ့မှာ နောက်ထပ် အိမ်ထောင်တစ်ခု မတည်ထောင်ချင်တော့တဲ့စိတ်ရှိနေတယ်။ ပတ်သက်ရုံပဲ ဆိုပြီး တွဲတဲ့အမျိုးသမီးတွေက လက်ထပ်ယူပေးပါ ပြောလာရင် သူနဲ့ပြဿနာတက်ကြတာပဲ။ မိ ဆိုတဲ့ အမျိုးသမီးကိုတော့ သူ ကြိုက်သလိုပဲ ဒါပေမဲ့ သူလိုချင်တဲ့ ဉာဏ်အသိပညာကို မိဆီမှာ ရှာမတွေ့ဘူး။ သူနဲ့ တန်းတူရည်တူ ပညာရပ်တွေကိုဆွေးနွေးပေးနိုင်ဖို့လုံလောက်တဲ့ အသိပညာရှာမတွေ့နိုင်တဲ့ မိန်းမကို သူ လက်မထပ်နိုင်ဘူး။ ဒီတော့ လည်း ဝေးကြလေသတည်းပဲ။

ဒီလိုနဲ့ပဲ ဘဝကို သူ့နဂိုပုံမှန်အတိုင်း နေထိုင်နေတုန်း နတ်သမီးအလား လှပါတယ်ဆိုတဲ့ ရတုတွေကိုသတိရမိစေတဲ့ ကောင်မလေးကိုကျောင်းမှာသွားတွေ့တယ်။ ကံကောင်းတိုက်ဆိုင်စွာ (တစ်ဖက်မှာလည်း ကံအကြောင်းမလှစွာနဲ့) သူသင်ရမယ့် ဂုဏ်ထူးတန်းကျောင်းသူလေး ရွှန်းလဲ့ ဖြစ်နေလေတယ်။ ဆရာတပည့် ဖြစ်မှုဟာ သူ့ကိုစိတ်အနှောင့်အယှက် အကြီးကြီးဖြစ်စေတယ်။

မြန်မာစာ ဂုဏ်ထူးတန်းကျောင်းသူလေးဟာစာရေးရတာ စာဖတ်ရတာ ဝါသနာပါရုံတင်မက စာပေဝေဖန်ရေးနဲ့ စာရေးနည်း သီအိုရီတွေကိုပါ စိတ်ဝင်စားတယ်။ သာမန် ဝန်ထမ်းမိသားစုကမွေးလာတဲ့ ရွှန်းလဲ့ဟာ ဘဝမှာ ဒီအကြောင်းတွေပြောရမယ့် တစ်စုံတစ်ယောက် မရှိခဲ့ဖူးဘူး။ ဒီတော့ ဆရာမင်းဟန် နဲ့ ပြောရင်းနဲ့ တစစ ရင်းနှီးလာခဲ့တယ်။

မဖြစ်သင့်ပါဘူးလေ ဆိုတဲ့ ဆရာမင်းဟန်ရဲ့ စကားကို မြန်မာစာကျောင်းသူလေးဟာ “ဩ” ဆိုတဲ့စကားလုံးကို အက္ခရာဩ လို့ ဖတ်မယ့်အစား ဘာလို့ သရရစ်ဩ လို့မဖတ်သလဲ လို့မေးခွန်းထုတ်ပြီး ဆရာ့အနီးဆုံးကို တိုးလာခဲ့တယ်။

အဲဒီနောက်မှာတော့ အချစ်လှိုင်းတွေထန်ပြီး မုန်တိုင်းတွေတိုက်သတည်းပေါ့လေ။

ဒီဝတ္ထုမှာ ဘိုဆန်တဲ့ မြန်မာစာ ကထိကနဲ့ စာပေဝါသနာ ပါတဲ့ မြန်မာစာ ကျောင်းသူတို့ချစ်ကြတာဆိုတော့ ပုံခိုင်းနှိုင်းထားတဲ့ ဥပမာ တွေမှအများကြီး။ ဦးမင်းဟန်ရဲ့ လက်ချာချိန်တွေမှာ နဝဒေးကြီးက ချစ်ရသူလေး ရှင်နှောင်းကို မြင်မြင်ချင်း ချစ်မိတဲ့အကြောင်း တစ်ပုဒ်လုံးနီးပါး ထည့်ထားပေမဲ့ လေးလံတယ်လို့မခံစားရသလို အပိုတွေလို့မခံစားရဘဲ တကယ့်ကို ဇာတ်လမ်းနဲ့ တသားတည်းဖြစ်တဲ့ ရတုကဗျာတွေပဲလို့ခံစားရတယ်။ ခေတ်နဲ့စနစ်ကို ပါးပါးကလေး ဝေဖန်ရင်း တက္ကသိုလ်ကျောင်းသား ဟာသ လေးတွေ နှောထားတယ်။ အတွေးအခေါ်တွေ အယူအဆတွေကို ပညာတတ် ဇာတ်လိုက်တွေကနေ ပြသလို ထင်ရှားကျော်ကြားတဲ့ စာရေးဆရာကြီးတွေကိုလည်း ဧည့်သည်အဖြစ်ထည့်ထားသေးတယ်။ ဥပမာ – ဆရာမြသန်းတင့်၊ အမေလူထုဒေါ်အမာ။

ဇာတ်လမ်းထဲမှာ ရွှန်းလဲ့က ကြည်အေး ကဗျာတွေကိုကြိုက်ပြီး အကြိုက်ဆုံး ဝတ္ထုက မေတ္တာမီးအိမ်ပါ လို့ဆိုထားကတည်းက အဖေနဲ့ပတ်သက်တဲ့ ပဋိပက္ခကို ကြိုခံစားမိတယ်။ ခေတ်ပေါ် နဲ့ ဂန္တဝင်ကဗျာကြီးတွေကိုရှုထောင့်တစ်ခုကနေ အသစ်အဆန်းအနေနဲ့ချဉ်းကပ်တာကိုလည်းခံစားမိတယ်။

တချို့ဇာတ်လမ်းတွေကိုဖတ်တဲ့အခါ “ဟာ ဟိုလိုဖြစ်လိုက်ပါလား ဒီလိုဖြစ်လိုက်ပါလား” လို့ စိတ်ထဲဖြစ်မိပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘာမှ ကြားအမြင်ပေးစရာမရှိဘဲ စာရေးသူ ခေါ်ဆောင်ရာနောက်ကိုပဲ သက်သက်သာသာ လိုက်သွားရင်း လေ့လာခံစားခဲ့တယ်။

လေနံရံ ဆိုတဲ့နာမည်က ရွှန်းလဲ့ ရဲ့ ပထမဆုံး ကိုယ်ပိုင်ဖန်တီးမှုလက်ရာဖြစ်လာမယ့် ဝတ္ထုတစ်ပုဒ်ရဲ့ခေါင်းစီးပေါ့။ ဒါပေမဲ့လည်းလေနံရံဟာ ဘာဖြစ်လို့ ဒီစာအုပ်ရဲ့ခေါင်းစီးဖြစ်နေသလဲလို့လည်း နားလည်နိုင်ဖွယ်အပြည့်ပဲ။

မြန်မာဝတ္ထုတွေ ကိုယ်တိုင်ရေးအသစ်တွေထဲတော့ ဒီလေနံရံကလည်း ထူးခြားတဲ့လက်ရာအဖြစ် ရင်ထဲရှိနေတော့မှာပါပဲ။လေနံရံကိုဖတ်ပြီးတဲ့အခါ ရတု ကဗျာတွေကို စိတ်ဝင်စားလာမယ်၊ ဂန္တဝင်သီချင်းကြီး တွေ ရုပ်ရှင်တွေကို တဖန်ပြန်ကြည့်ချင်လာမယ်၊ လေးဖြူရဲ့အလင်းရောင် ကို နားထောင်ချင်လာမယ်၊ နှစ်ကိုယ်တူချစ်သမျှ နဲ့ မင်္ဂလာဆောင်ချင်လာမယ်၊ As time goes by ကို အမြင်သစ်နဲ့ခံစားမိလာမယ်…။ စာရေးဖို့စိတ်ခွန်အားတွေရလာမယ်။ ဪ နောက်ပြီးတော့ ဆရာမြရဲ့မာယာဘုံနဲ့ ဆရာနိုင်ဝင်းဆွေရဲ့ မသိန်းရှင်ဆီပို့ပေးပါ ကို နောက်တစ်ကြိမ်ပြန်ဖတ်ချင်လာမယ်။

ရွှန်းလဲ့ရဲ့စာပေဝေဖန်မှုအဖြစ် “မသိန်းရှင်ကို မာယာဘုံဆီသို့ပို့ကြည့်ခြင်း” ဆိုပြီး နောက်ဆက်တွဲလေးထည့်ပေးထားတာ တကယ်မထင်မှတ်ထားတာလေးပဲ။ ဇာတ်သိမ်းပြီးတဲ့နောက် လိုအပ်နေတဲ့ကွက်လပ်ကို စာရေးသူကပြန်ဖြည့်ပေးထားတာ။ သိပ်သဘောကျတာပဲ။

တကယ်ကို ဖတ်ကြည့်လို့ မမှားတဲ့ စာအုပ်ပါလို့ ညွှန်းဆိုလိုက်ပါတယ်။

စာအုပ်ထဲမှာပါတာလေးတစ်ခုကို သဘောကျလို့ ကောက်နှုတ်ပါဦးမယ်။

“တော်လိုက်တာ” ဆိုတဲ့စကားနဲ့ “ကြိုးစားလိုက်တာ” ဆိုတဲ့စကား ဘယ်ဟာကြားချင်သလဲလို့ ဆရာက ရွှန်းလဲ့ကိုမေးတယ်။ ရွှန်းလဲ့က စဉ်းစားပြီး “တော်လိုက်တာဆိုတာက တစ်ခုခုကိုလုပ်လို့ပြီးဆုံးသွားပြီဆိုတဲ့ အချိန်ပဲတဲ့။ ကြိုးစားလိုက်တာဆိုတာကတော့ အခုထက် ပို ကောင်းလာဦးမယ် ဆိုတဲ့ သဘော ဆောင်တာမို့ ကြိုးစားလိုက်တာ ဆိုတာကိုပဲ ယူပါမယ်” တဲ့လေ။

အားလုံးပဲ ကြည်သာတဲ့နေ့ရက်လေးဖြစ်ပါစေ။

Leave a comment