10 – Titan (Moon)

10 – Titan (Moon)

(Titan သည် စေတန်ဂြိုဟ်၏ အကြီးဆုံး ဂြိုဟ်ရံလ ဖြစ်ပြီး နေအဖွဲ့အစည်းထဲတွင် ဒုတိယမြောက် အကြီး ဆုံး လ တစ်စင်းဖြစ်သည်။)

ညနေခင်းပိုင်း ကြည်သာ စာလုပ်နေချိန်တွင် အခန်းတံခါးခေါက်သံပေါ်လာသဖြင့် ကြည်သာ သွားကြည့် လိုက်တော့ ဆူဇန် ဖြစ်နေသည်။ လက်ထဲမှာလည်း အထုပ်များနှင့်။

“ဟိုင်း.. တို့ မိဘတွေက စားစရာနည်းနည်းထည့်ပေးလိုက်လို့။ အဲဒါ အေး နဲ့မျှချင်လို့ပါ”

ကြည်သာ ရုတ်တရက်ဘာပြောရမှန်းမသိသော်လည်း ဆူဇန် ကိုအခန်းထဲသို့ခေါ်လိုက်ပါသည်။ ကြည်သာက လူမှုဆက်ဆံရေးကောင်းသည့်ထဲမပါသကဲ့သို့ ထိုသို့ တစ်ခုခုမျှဝေတတ်သည့်အကျင့်လည်း ရှိမနေပါ။ တက္ကသိုလ်တက်သည့်နှစ်များတွင် အဆောင်မှ မေးထူးခေါ်ပြောအဆင့်လောက် အသိများထဲ ဆူဇန် တစ်ယောက်နှင့်သာ သူငယ်ချင်းဟု လောက်လောက်လားလားပြောစရာရှိသည်က သက်သေပင်။

“ဆူဇန်..  အားနာစရာကြီးကွာ။ နောက်အဲဒီလိုတွေမလုပ်နဲ့တော့နော်။ တို့က ပြန်ပေးစရာဘာမှမရှိဘူး”

ဆူဇန် က ခပ်ပြုံးပြုံးလေးဖြင့် “တို့က အေး ဆီက တစ်ခုခုပြန်လိုချင်လို့မှမဟုတ်ဘဲကွယ်” ဟု ပြော၏။

နှစ်ယောက်သား ကသိကအောက်ဖြစ်စွာပင် တိတ်ဆိတ်နေတုန်း အသံသွင်းစက်လေးထံမှ အဖြတ် အတောက်မှန်မှန် တည်တည်ငြိမ်ငြိမ်ဖြင့် ထွက်ပေါ်နေသော ချမ်းငြိမ်းအသံက အာရုံစိုက်စရာဖြစ်လာ၏။ ဆူဇန် က စာရေးစားပွဲပေါ်မှ ထိုအသံလာရာကို စိတ်ဝင်စားသလိုဖြင့် ကြည့်နေသောအခါ ကြည်သာ မနေ နိုင်တော့ဘဲ အသံပိတ်ပစ်လိုက်၏။

“ခုနက စာလုပ်နေတော့ စိတ်ငြိမ်အောင်ဖွင့်ထားတာပါ။ ဘာမှမဟုတ်ဘူး”

“အဲဒါ အေးတို့ မြန်မာဘာသာစကားလား”

ကြည်သာက ဘာမှမထူးခြားသလိုဖြင့် ဆူဇန် ပေးလာသော စားစရာအခြောက်အခြမ်းဘူးများကို ဗီရိုထဲ ထည့်သင့်သည်ထည့်၊ ပန်ထရီထဲ ခွဲထားသင့်သည်တို့ကို ခွဲလုပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ စိတ်ထဲတွင် တော့ ဆူဇန် ဤကိစ္စကိုထပ်မမေးပါနဲ့တော့ဟု ကြိတ်ဆုတောင်းမိသည်။ သို့သော် ကြည်သာ့ ဆုတောင်း မပြည့်ပါ။

“သိပ်လှတာပဲနော်။ ဘာသာစကားရော.. ပြီးတော့ အဲဒါကို ရွတ်ဖတ်နေတဲ့လူရဲ့အသံရော။ အေး.. အဲဒါက ဗုဒ္ဓဘာသာရဲ့ ဓမ္မလို့ခေါ်တဲ့ သင်ကြားမှုတွေလားဟင်”

ကြည်သာ ဘာဖြေရမည်လဲ။ တရားဓမ္မမဟုတ်ဘဲ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်ကြောင်း မည်သို့ရှင်းပြသင့်လဲ။

“အဲဒါ ဝတ္ထုတစ်ပုဒ်ပါ။ ငါတို့နိုင်ငံက နာမည်ကြီးတဲ့ စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုကိုဖတ်ပြထားတာ”

“ဟင်.. အဲဒီဝတ္ထုအကြောင်း တို့ကိုပြောပြပါလား အေးရယ်။ အေး အားရင်ပေါ့။ တို့ မိနစ်ပိုင်းလောက်ကြား လိုက်ရတာတောင် စိတ်ထဲစွဲသွားတာ”

ကြည်သာ့စိတ်ထဲ မနှစ်မြို့မှုက တိုးထွက်လာသော်လည်း တစ်ဖက်လူက ဆူဇန် ဖြစ်နေသည်။ ဆူဇန် ကို သေချာကြည့်လျှင် မီးပုံထဲမှာ ရုန်းကန်နေမည့် ဆူဇန် ညီမဆိုသည်ကို မြင်ယောင်လာတော့ ကြည်သာ စိတ်လျှော့လိုက်ပါသည်။ ကရုဏာဆိုသည်က ထားသင့်ထားထိုက်ပါသည်လေ။

“အာ.. အိုကေ။ တစ်ခုခုစားရင်းပြောမလား ဆူဇန်.. ထိုင်လေ။ ကော်ဖီ သောက်မလား”

“နိုး.. တို့တော်ပြီ”

ကြည်သာလည်း ကုတင်ပေါ်ဝင်ထိုင်ပြီး အသံသွင်းစက်လေးကို လှည့်နေမိသည်။ အရင်အဟောင်းပျောက် သွားကတည်းက ဤအသစ်လေးကိုတော့ သတိထားပြီးသုံးနေရ၏။

“ပန်းခေတ်က လမင်း တဲ့”

“ဘယ်လို..”

ကြည်သာ့ အင်္ဂလိပ်စာက မြန်မာတို့၏စံနှုန်းထဲ အတော်ကောင်းမွန်သည်ဟု သတ်မှတ်၍ရနိုင်သော်လည်း အနုအရွ ဖွဲ့ဆိုပြန်ဆိုမှုများအတွက်တော့ ကြည်သာ ခေါင်းခဲရပါသည်။ အထူးသဖြင့် ဆရာတာရာမင်းဝေ ၏ စိတ်ကူးများနှင့် ချမ်းငြိမ်း၏ ရွတ်ဖတ်ပြသံတို့ကို ကြည်သာ မည်သို့မျှ လိုက်မီအောင် ဘာသာပြန်တတ် မည်မဟုတ်ပါ။

“ဒီလိုကွာ..။ စာရေးဆရာက ပြောထားတယ်… လူသားတွေ ရှင်သန်နေထိုင်တဲ့ခေတ်တွေရှိမယ်ပေါ့။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ပြီးတော့ အခုလို အဆင့်ဆင့်တိုးတက်လာတဲ့ သိပ္ပံခေတ်လည်းပါမှာ ပေါ့။ နျူကလိယ၊ ကင်ဆာခေတ် တို့ရှိမယ်ပေါ့။ ဒါပေမဲ့ စာရေးဆရာရဲ့ ဇာတ်လိုက်ကဖြစ်စေချင်တာကကျ

.. အဲ ရှိစေချင်တာကကျ… ပန်းခေတ်တဲ့”

“The Floral Age.. ဘယ်လောက်တောင် မိုက်လိုက်လဲ”

ကြည်သာလည်း ဆရာတာရာမင်းဝေ၏ အတွေးအခေါ်များကို ချမ်းငြိမ်းရှင်းပြဖူး၍ သဘောကျပါသည်။ သို့သော် ဆူဇန် ကဲ့သို့တော့ စိတ်လှုပ်ရှားခြင်းမျိုးသိပ်မရှိခဲ့ဖူးပါ။

“ပန်းခေတ်မှာ ပန်းယဉ်ကျေးမှုရှိစေချင်တယ်တဲ့။ ကျောက်ခေတ်မှာ ကျောက်တုံးတွေကို နေ့စဉ်ဘဝမှာ အသုံးပြုကြသလိုမျိုးပေါ့။ ပန်းခေတ်မှာတော့ လူတွေက နူးညံ့အေးချမ်းနေကြပြီး ပန်းတွေလိုပဲ ယုယ ကြင်နာကြမယ်..။ အဲဒီလိုခေတ်မှာ သာတဲ့ လမင်းဟာလည်း အတော်လှပြီး အေးချမ်းရမယ်ပေါ့..။ အဲဒါကို အခြေတည်ပြီး အဓိကဇာတ်လိုက်က ပန်းချီဆွဲချင်တာ။ ပြီးတော့ .. အချစ်ဇာတ်လမ်းတစ်ခုရော..”

ကြည်သာ ထပ်ပြီးမရှင်းပြတတ်။ သို့သော် ဆူဇန် က နှုတ်ခမ်းလေးပင် ဟ ပြီး ငေးမောကြည့်နေရှာသည်။

ကြည်သာ့သိမှုအရတော့ ဆူဇန် သည် အချစ်ဇာတ်လမ်းကိုစိတ်ဝင်စားလိမ့်မည်မဟုတ်ပါပေ။ ထို ငြိမ်း ချမ်းသည့် ပန်းခေတ်ကိုသာ စိတ်ဝင်စားပါလိမ့်မည်။

“တို့ရဲ့မိဘတွေပြောဖူးတဲ့ ပုံပြင်ထဲလည်း အဲဒီလိုပန်းခေတ်ဆန်ဆန်ပါတယ်သိလား။ သူတို့ကတော့ ဆာဟာရသဲကန္တာရထဲက အိုအေစစ်ခေတ်ခေါ်မလားကွယ်။ အဲဒီလိုတင်စားတာပေါ့”

မထိန်းနိုင်လိုက်စွာပဲ ကြည်သာ လှည့်ကြည့်မိသွားသည်။ ဆူဇန် သည် လူဖြူကောင်မလေးတစ်ဦးမှန်း သိသာလှ၏။ သွေးနှောသည့်လက္ခဏာပင်မရှိ။ အာဖရိကကကန္တာရနှင့် ဘယ်လိုမျိုးပတ်သက်ပါလိမ့်။

“အိုး.. တို့မပြောပြဖူးဘူးပဲ။ တို့က မွေးစားမိဘတွေနဲ့နေတာပါ။ သူတို့က အာဖရိကန်-အမေရိကန်”

“ဟုတ်လား.. ကောင်းတာပေါ့”

ဘာကို ကောင်းတာပေါ့ လဲမေးလာရင်တော့ ကြည်သာဖြေတတ်လိမ့်မည်မထင်။ လူဖြူတွေကြီးစိုးသော အသိုက်အဝန်းထဲ အာဖရိကန်-အမေရိကန်မိသားစုက လူဖြူကလေးမလေးကို မွေးစားသည်က နည်းနည်း တော့ ထော်လော်ကန့်လန့်နိုင်သလိုပင်။ သို့သော် ဆူဇန် က ပြုံးပြုံးလေးဆက်ရှင်းပြရှာသည်။

“တကယ်ကောင်းတာပေါ့ အေးရယ်။ တို့နဲ့  စန်ဒရာ နှစ်ယောက်တည်း နှင်းတောထဲ အေးခဲပြီး သေတော့မယ့်အချိန်မှာ လက်ရှိအဖေက ကားပေါ်ခေါ်တင်သွားပြီး ဆေးရုံပို့ခဲ့တာလေ။ ပြီးတော့ သူကပဲ မွေးစားဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒီခေတ်က ပေါ်လစီတွေအရမလွယ်ခဲ့ပေမဲ့ သူတို့ရဲ့မေတ္တာအားကြီးခဲ့တယ် ထင်ပါတယ်”

 စန်ဒရာ..။ ဒါဖြင့် ဆူဇန် ညီမလေးက  စန်ဒရာ ပေါ့။ နှစ်ယောက်လုံးက မွေးစားမိဘနဲ့နေခဲ့ရသည်ပေါ့။  စန်ဒရာ က ဘာဖြစ်လို့များ မီးပုံရှို့သလဲ။ အတွေးနက်နေမိသည်ကို ဆူဇန် က တိုးတိုးကလေးဖျက်၏။

“အဲဒီစာကို တို့ ဖတ်လို့ရလားဟင်။ ဒါမှမဟုတ်.. ဖတ်ပြထားတဲ့ အသံဖိုင်ကို တို့ ဒေါင်းလော့ဆွဲလို့ရမယ့် နေရာ..”

“အို မရှိဘူး။ မဟုတ်ဘူး.. ဒါက.. တို့အတွက်ပဲ သီးသန့်ရှိတာမို့လို့လေ။ တခြားသူနားထောင်ဖို့ ဖတ်ထား တာမဟုတ်တော့..”

“အာ.. ဆောရီးနော် အေး။ တို့ မသိလိုက်လို့”

“ရတယ်။ ဒါပေမဲ့ စာရေးဆရာနာမည်ကို တို့ရေးပေးလိုက်ပါမယ်။ ဘလော့ဂ်တွေမှာ သူ အတော်နာမည် ကြီးတယ်။ အင်္ဂလိပ်လို ပြန်ထားတဲ့တစ်ခုနှစ်ခုရှိလောက်မှာပါ”

“ကျေးဇူးပါ အေး..”

ကြည်သာ စိတ်မလုံသလိုတော့ဖြစ်သွား၏။ သို့သော် ချမ်းငြိမ်းအေးဟန် စာဖတ်ပြသည်က ကြည်သာ့ကိုပဲ ဟာ။ ကြည်သာမဟုတ်သည့် တစ်စုံတစ်ယောက်က ချမ်းငြိမ်းအေးဟန်အသံကို နားထောင်ပြီး တည်ငြိမ်မှု ရနေမည်ကို ကြည်သာမလိုလား။ ရှေ့လတော်တော်များများက ပျောက်သွားသည့် အသံသွင်းစက်လည်း တခါတည်းပဲ ရေထဲကိုကျသွားတာမျိုးဖြစ်ပါစေ… တစ်ယောက်ယောက်နားထောင်လိုက်မှာ ကြည်သာ မကြိုက်ပါဘူးလေ။

==============================================================================

ဝေယံခမှာ တစ်နေရာမှပြန်လာသည်နှင့် အဆောင်တွင် ခြေအိတ်မချွတ်အားပဲ အရင်ဆုံးလုပ်ရသည်က သူ ဝှက်ထားခဲ့သည့် အသံသွင်းစက်ကို ပြေးကြည့်ခြင်းပင်။ အသံသွင်းစက်ကလေးကို UPenn ယောက်ျား လေးအဆောင် ၁ ၏ လှေကားခွင်နံဘေး နံရံထဲတွင် အိတ်နှင့်ပတ်၍ ထည့်ထားဖြစ်သည်။ အခန်းထဲမထား သည်ကလည်း ကြည်သာ မတော်တဆလိုက်လာပါက ဝှက်ရန်အချိန်မရမည်စိုး၍ဖြစ်သည်။ ကြည်သာက မည်သို့မျှ ခန့်မှန်း၍ရသည်မဟုတ်။ ပေါ်ချင်လျှင် ဗြုန်းစားပေါ်လာတတ်သည့် လူဆိုးမလေး။

လုံလုံခြုံခြုံရှိနေသည်ကို မြင်ရမှ ထိုအသံသွင်းစက်ကို သေချာယူ၍ အခန်းထဲဝင်လာခဲ့သည်။ ရေချိုးလျှင် လည်း ဖွင့်၊ တစ်ခုခုစားနေလည်းဖွင့်၊ စာလုပ်လည်းဖွင့်ဖြင့် ဝေယံသည် ထိုထဲမှ​စာအုပ်များကို အလွတ်ရလု နီးပါးဖြစ်တော့မည်။ ကြည်သာ လာအိပ်ပြီးပြန်သွားသောနေ့တွင်ပင် ဝေယံ ဖွင့်တတ်၏။ အနည်းငယ် မျက်နှာပူစရာတော့ကောင်းသည်ပဲ။ ညီမနှင့်အိပ်ပြီး အစ်ကို့အသံကိုဖွင့်နားထောင်သည်မှာ တစ်ခုခုတော့ ချွတ်ချော်နေသလိုပင်။ သို့သော် လူ့ကျင့်ဝတ်ဖောက်ဖျက်သည်တော့မဟုတ်ပါလေ။ ဘယ်ဟုတ်ပါ့မလဲ။ ခိုးယူခြင်းအမှုတော့ မြောက်သွားသေးသည်ပဲ။

အမှန်တွင်တော့ ဝေယံသည် အသံသွင်းစက်ကို ကြည်သာ့ထံပြန်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ကြည်သာ့မွေးနေ့တုန်းကရော၊ မွေးနေ့ပြီးနောက် တွေ့ဖြစ်သည့် ၃၊၄ ခါတွင်ရော။ ဤဖိုင်များကို ကူးယူ ထားပြီးဖြစ်၍ မဖြစ်မနေလိုအပ်နေတာမျိုးမရှိတော့။ သို့သော် သူတွန့်ဆုတ်နေမိသည်က ကြည်သာ့ကို ရှင်းပြရမည့်ကိစ္စပင်။ ဘယ်ကတွေ့လဲ ဆိုလျှင် ပြဿနာမရှိ။ သူဖြေနိုင်သည်။ နားထောင်လိုက်သေးလား ဆိုလျှင်တော့ နားထောင်သည်ဆိုလျှင် နောက်ဆက်တွဲဖြေရှင်းရဦးမည်။ နားမထောင်ဘူးဟု လွယ်လွယ် လိမ်လျှင်ပင် ထိုခွေးမလေးက ယုံမည်မဟုတ်။ ပြီးလျှင် ခနဲ့တဲ့တဲ့ လေသံနှင့် အစ်ကိုဂုဏ်တော်ဖွင့်ခန်းကို နားထောင်ရဦးမည်။ ဤသို့ အတွေးများဖြင့် တွန့်ဆုတ်ပြီးနောက် အချိန်ကြာလာလေ သူ့မှာ စိတ်ဆင်းရဲမှု ထုထည်ကြီးလာလေဖြစ်သည်။ စောစောပြန်ပေးလိုက်လျှင် ဤမျှစိတ်ဒုက္ခရောက်ရမည်မထင်ပါပေ။

“မင်းကြောင့် ငါတော့ ဒုက္ခပဲ ချမ်းငြိမ်းအေးဟန်”

တစ်ကိုယ်တည်းညည်းတွားရင်းနှင့် သူနားထောင်နေကြ တစ်ပုဒ်ကိုဖွင့်ဖြစ်လိုက်၏။ ချမ်းငြိမ်းအေးဟန် ဖတ်ပြထားသော ကဗျာ၊ စာ၊ ပုံပြင်တို့က နည်းတာမဟုတ်။ ကြည်သာအေးမြသည် ဤအသံဖိုင်များနား ထောင်ပြီး သွေးနားထင်ရောက်နေနိုင်ခဲ့ခြင်းဖြစ်မည်။ အတွေးများကို ပြောင်းစေသည်က အသံသွင်းစက်မှ ဖြည်းဖြည်းမှန်မှန်ထွက်ပေါ်လာသောအသံ။ အာရေဗီယံညများတဲ့။ တစ်ထောင့်တစ်ညပုံပြင်များကိုလည်း ချမ်းငြိမ်းအေးဟန်က ဖတ်ပြထားသေးသည်လေ။

ပုံပြင်ဖတ်ပြသည်ဆိုလျှင် မြန်မာ့အသံနှင့် စီးတီး FM တို့မှ ပျင်းစရာအစီအစဉ်များသာ ကြုံဖူးသော ဝေယံခ မှာ ချမ်းငြိမ်းအေးဟန်၏ ပုံပြောခြင်းကို အလွန်စွဲလန်းနေမိပြီ။ ပါရှားပြည်အကြောင်း၊ အာလာဒင်မီးခွက် အကြောင်း၊ မှော်မြင်းပျံအကြောင်း။ ဝေယံ့ဘဝတွင် ထို ယုတ္တိယုတ္တာမရှိသော ပုံပြင်များကို မည်သည့်အခါ ကမျှ မကြိုက်ခဲ့ဖူးပါ။ မေမေသည်ပင် ဝေယံ့ကို ပုံပြင်ပြောပြ၍မရ။ ဝေယံသည် သမ္မာကျမ်းစာထဲမှဖြစ်စဉ် များကို မယုံသကဲ့သို့ မေမေပြောပြသော ငါးရာ့ငါးဆယ်နိပါတ်တော်ကိုလည်း စိတ်မဝင်စား။ သို့သော် ချမ်းငြိမ်းအေးဟန် အသံကိုကြားပြီးနောက် ဝေယံ တွေးမိသည်က တစ်ခုသာ။

အကယ်၍ ချမ်းငြိမ်းအေးဟန်သာ ပြောပြလျှင် နော်ဧ၏ သင်္ဘောအကြောင်းနှင့် မဟာဇနကမင်းသား ပင်လယ်ပြင်ကိုဖြတ်ကျော်ခန်းတို့ကလည်း စိတ်ဝင်စားစရာကောင်းမည်သာ။

“ဝေယံခရေ… မင်းတော့ ဒုက္ခပဲ”

ကိုယ့်ကိုယ်ကိုယ် လ၏ဆွဲငင်အားကို မလွန်ဆန်နိုင်သော ဒီရေပမာ မြင်ယောင်ရင်း ဝေယံ သက်ပြင်း တစ်ချက်မှုတ်ထုတ်လိုက်မိသည်။

==============================================================================

ကြည်သာက တွေ့ကြမည်ပြောသဖြင့် ယနေ့တော့ တက္ကသိုလ်ရေကူးကန်နားမှ ပွဲကြည့်စင်တွင်သာ ထိုင် ရင်း စကားပြောဖြစ်ကြ၏။ ကြည်သာကတော့ မုန့်ပင်ဝယ်လာလိုက်သေးသည်။

“ဝေယံ.. ငါတို့တွဲလာတာ ဘာလိုလိုနဲ့ တော်တော်တောင်ကြာပြီနော်”

အဆက်အစပ်မရှိပြောလာသော ကြည်သာ့ကြောင့် သူတွေးမိတော့ ဟုတ်သည်။ ဒီအရှုပ်ထုတ်မလေးနှင့် တွဲဖြစ်သည်မှာ နှစ်နဲ့ချီနေပြီပဲ။

“အေးပေါ့။ သိပ်မကြာခင်ပဲ နောက်ဆုံးနှစ်ရောက်တော့မှာကို”

“ငါ ရှင်းရှင်းပဲပြောမယ်ဟာ။ ငါဆက်မတွဲချင်တော့ဘူး”

ကိုက်မိလိုက်သည့် ပေါင်မုန့်က ဘာအရသာမှမရှိတော့ပါလားဟု ဝေယံထင်မိသည်။ ကြည်သာကတော့ အေးအေးသက်သာပင်..

“ငါတို့ final year မှာမြို့ကူးနေရမှာအဆင်မပြေသလို ဒီလိုပဲ.. ငြီးငွေ့လာပြီ။ ချစ်လို့မဟုတ်ဘဲနဲ့ ငါတို့ ဒီလို တွေလုပ်နေတာ ရပ်လိုက်ရအောင်ဟာ”

“ကြည်သာအေးမြ။ ချစ်လို့မဟုတ်ဘူးဆိုတာက မလွန်လွန်းဘူးလား။ နင်မချစ်တဲ့ကောင်နဲ့ နင်ဒီလိုပဲ အိပ် နေတာလား”

“နင်တောင် နင်မချစ်တဲ့မိန်းမနဲ့အိပ်သေးတာပဲဟာ ဝေယံရယ်။ ဘာကို အဲဒီလောက် ဆတ်ဆတ်ထိမခံ ဖြစ်နေတာလဲ”

“ငါနင့်ကို..”

မည်သို့ပင်ဆွဲထားချင်ပါစေ၊ ချစ်သည့်စကားကတော့ ပြော၍မဖြစ်ပါ။ ကြည်သာအေးမြကို တကယ်မချစ် သည်ကို ဝေယံကိုယ်တိုင်ရော ကြည်သာပါသိသည်လေ။ သို့သော် ဝေယံ့မှာ ကြည်သာ့ကို သံယောစဉ် တော့ဖြစ်မိပြီ။ ဤအရှုပ်ထုတ်မလေးသည် သူငယ်ချင်းကောင်းတစ်ဦးတော့ဖြစ်နိုင်ပါဦးမည်။

“ကြည်သာ.. ငါတို့ relationship က စောက်တလွဲကြီးဖြစ်နေမှန်းငါလည်းသိတယ်။ ဒါပေမဲ့ အနည်းဆုံး အပေးအယူမျှနေတာပဲ။ ပြီးတော့ ငါ့ဘက်ကရော၊ ငါ့အိမ်ကရော နင့်ကိုပဲ ငါ့ရည်းစားအဖြစ်မြင်တယ်”

“ဘယ်လိုလုပ်မလဲ။ ငါကမမြင်ဘူးလေ။ ငါ့အိမ်ကိုလည်း နင့်အကြောင်းမပြောဖူးဘူး”

သူ အထိတ်တလန့်ဖြစ်သွားရသည်။ ဘာကိုထိတ်လန့်မှန်းပင် မသိတော့ပါ။

“ဘာ။ နင့်အစ်ကိုကိုရော”

“ချမ်းငြိမ်းကတော့ သိမှာပေါ့။ ဒါပေမဲ့ ငါတို့အပြန်အလှန်မချစ်တာလည်း သူသိတယ်”

“ဘာ”

ဝေယံ မျက်နှာတွေ ရှိန်းခနဲပူသွား၏။ မချစ်ဘဲနှင့် လိင်မှုကိစ္စအတွက် တမ်းတမ်းစွဲနေသည့်ကောင်ဟု ချမ်းငြိမ်းအေးဟန်က သူ့ကိုထင်သွားမည်လား။ အတွေးနှင့်တင် သူ သွေးတိုးချင်လာ၏။

“ချမ်းငြိမ်းက အေးဆေးပါ။ ငါတို့ပြတ်သွားတယ်ဆိုလည်း သူက ဟုတ်လား ဆိုပြီးပဲမေးမှာပဲ”

“ဘယ်လိုပဲဖြစ်ဖြစ် ကြည်သာ.. ငါတို့သေချာပြန်စဉ်းစားကြည့်လို့မရဘူးလား။ မချစ်ဘဲနဲ့ စခဲ့ကြပေမဲ့ အခု တကယ် အလေးအနက်စိတ်နှစ်ကြည့်ရင်ရော”

ဝေယံ ကိုယ်တိုင်ပင် မည်သည့်အတွက်ကြောင့် ကြည်သာ့ကို ဤသို့တိုးလျိုးခယနေမိသနည်း နားမလည် နိုင်တော့ပေ။ သို့သော် သူ ကြည်သာနှင့် မဝေးချင်။ ချမ်းငြိမ်းအေးဟန်ရှေ့မှာ သူ ခပ်ညံ့ညံ့ကောင် မဖြစ် ချင်။

“နင်ကငါလိုချင်တဲ့ပုံစံမဟုတ်ဘူးလေ”

ဝေယံ ဒေါသထောင်းခနဲထွက်သွားပြီး လေသံမာမာဖြင့်မေးမိတော့သည်။

“ဘာလဲ၊ နင်လိုချင်တဲ့ပုံစံက နင့်ကို ပြိုင်ကားလေးနဲ့ကြော့ကြော့လေးလိုက်ပို့မယ့်ကောင်လား”

ကြည်သာက တစ်ချက်စဉ်းစားပြီးမှ ခပ်ဟဟလေးရယ်သည်။

“ဪ.. ဝေယံရယ်။ နင်ဟာလေ သဝန်တိုတာတောင် ရယ်ရတယ်”

“ကြည်သာ.. ငါတို့ဒီတလော မအိပ်ဖြစ်လို့များ နင်..”

“မဟုတ်ဘူး ဝေယံ။ ငါပြောထားတဲ့အတိုင်းပဲ။ ငါတို့ရပ်ကြစို့”

ကြည်သာ ငြင်းနေပုံက သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်။ ကြည်သာ့ပုံစံက တစ်ခုခုမူမမှန်သကဲ့သို့ လည်း ခံစားမိသည်။

“နင် နောက်တစ်ယောက်ရတာလား”

“ဝေယံ။ ငါ အခု ဘယ်ယောက်ျားကိုမှ မစဉ်းစားနိုင်ဘူး ဟုတ်ပြီလား။ နင့်ရဲ့ ကြီးမားတဲ့ မဟာ ပုရိသ မာန တော်ကြီး ထိခိုက်စရာမရှိလို့ ဘာကိုမှမပူနဲ့။ ငါ တစ်ယောက်တည်းနေချင်လို့နေတာ”

“ဒါပေမဲ့ ငါတို့ သူငယ်ချင်းဆက်လုပ်လို့ရတယ်မလား…”

“ရည်းစားဟောင်းနဲ့သူငယ်ချင်းဆက်လုပ်တာ သိပ်တော့ မမိုက်ဘူးနော်”

“ကြည်သာအေးမြ… နင်အဲဒီလိုလုပ်ချင်တိုင်းလုပ်လို့ရတယ်ထင်နေလား။ တစ်ဖက်လူကို ထည့်တွက်ဖို့ နင့်ကို ချမ်းငြိမ်းက မသင်..”

ကြည်သာက ဖျတ်ခနဲမော့ကြည့်ပြီး စားလက်စ ပလက်စတစ်ဓားကို သူ့လည်ပင်းကိုထောက်လိုက်၏။ မည်မျှပင် ပလတ်စတစ်ဆိုပါစေ၊ ထိုဓားဦးချွန်သည် အရေပြားကို ပွန်းရှစေသည်သာ။

“ငါပြောဖူးတယ်နော်။ နင်ဘယ်လိုအခြေအနေအောက်မှာမှ ချမ်းငြိမ်းအေးဟန်ကို ပြောစရာမလိုဘူး။ ထပ်ပြောရင် နင့်ကို ငါတကယ်ထိုးချလိုက်ဖို့ ဝန်မလေးဘူး”

ကြည်သာ တစ်သက်လုံးပြောလာသော ခပ်ရွတ်ရွတ်အရွဲ့တိုက်စကားများထက် ဤစကားကို သူ ပိုနာ သည်။ မည်သည့်အပိုင်းအတွက်လဲတော့ ကိုယ့်ကိုယ်ကိုယ်မမေးလိုက်နိုင်ခင် သူတုံ့ပြန်မိ၏။ ကြည်သာ့ လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်ခြင်းပင်။

“ကြည်သာအေးမြ.. နင် ငါ့ကိုကြည့်ပြီးဖြေစမ်းပါ။ နင် ကြိုက်နေတာ ဘယ်သူလဲ”

ကြည်သာ့ မျက်ဝန်းတွေလက်သွား၏။ အကယ်၍ သူဖမ်းဆုပ်ထားသည်မဟုတ်လျှင် ပလတ်စတစ်ဓား သည် သူ့လည်ပင်းထဲ အရှိန်ဖြင့်တိုးဝင်သွားလောက်မည့် ဒေါသမျိုး။

“ငါကြိုက်နေတာ ဘယ်သူဖြစ်ဖြစ် နင့်လိုကောင်မဟုတ်တာသေချာတယ်”

ကြည်သာသည် ဓားကို ပစ်ချလိုက်ပြီး ထထွက်သွား၏။ ဒေါသကြောင့်ထင်သည်။ စီးထားသော အပြေးဖိနပ်လေးမှပင် အသံကြားနေရသည်။ ဝေယံသည် ပလက်စတစ်ဓားလေးကို ကိုင်ရင်း နာကျင်မှုကို ဖြေသိမ့်နေရ၏။

ဘာအတွက် နာကျင်သလဲ။ ပြီးတော့ ဘာကိုကြောက်သလဲ ဝေယံ…။

သေချာသည်က ကြည်သာအေးမြ သူ့ကိုမချစ်ခြင်းအတွက် ဝေယံ မနာကျင်ပါ…။

==============================================================================

ဝေယံသည် ရက်သတ္တပတ်ပေါင်းများစွာစဉ်းစားပြီးနောက် တစ်စုံတစ်ရာကို ရဲဝံ့ပစ်ဖို့ ဆုံးဖြတ်လိုက်၏။ ကြည်သာ နှင့် တွဲခဲ့စဉ်က သူ့ဖုန်းကိုအသုံးပြု၍ ကြည်သာခေါ်ဆိုခဲ့သော နံပါတ် ၂ ခုရှိသည်။ ချမ်းငြိမ်းအေးဟန်၏ ဖုန်းနှင့် ကျော်ဇောဆိုသောလူ၏ ဖုန်း။ သူကလည်း လိုလိုမယ်မယ် ထိုနံပါတ်များကို မှတ်ထားခဲ့၏။ ယခု တော့ အသုံးဝင်လာပြီ။ ဆိုးသွမ်းလှသော ရည်းစားဟောင်း၏ အမြွှာအစ်ကိုကို ဖုန်းဆက်ရန် သူ့မှာ ခိုင်လုံ သော အကြောင်းပြချက်များစွာရှိ၏။

  • မင်းညီမကတော့ သိပ်မဟုတ်သေးဘူး။ ငါ့အသက်ကိုရန်ရှာချင်နေတာ
  • မင်းညီမ စိတ်ညစ်စရာများရှိနေလား။ ငါအကြောင်းရင်းသိချင်လို့ မင်းသိတာရှိရင် ပြောပြလို့ ရမလား
  • ကြည်သာ့ကို မင်းနည်းနည်းဆူပေးပါဦး
  • ကြည်သာက ငါနဲ့တွဲနေတာ..

ဘာဖြစ်ဖြစ် တစ်ကြောင်းတော့ပြောထွက်သွားမှာပါပဲဟု အားတင်းကာဖုန်းဆက်သော်လည်း ချမ်းငြိမ်း ဖုန်းက ပိတ်ထားသည်တဲ့။ အမေရိကားမှတောင် လှမ်းဆက်သည်ကို ပိတ်ထားသောဖုန်းပါပဲ။ ဝေယံ လက် တော့မလျှော့မိ။ ကျော်ဇောရှိသေးသည်။ ကျော်ဇောဆိုသည့်လူသည် ကြည်သာ့အပြောအရရော၊ အရင် တခါ ကြားဖူးထားသည်အရရော သဘောကောင်းမည့်ပုံတော့ပေါ်ပါသည်။

ကျော်ဇော်ဖုန်းကိုတော့ တစ်ခေါက်တည်းနှင့်ဝင်သွား၏။

“ဟယ်လို.. ဟယ်လို.. ဘယ်ကလဲဗျ”

သူ တံတွေးအရင်မျိုချမိသည်။

“ကြည်သာအေးမြလား”

“ဟယ်လို…။ မင်္ဂလာပါ၊ ကျော်ဇောလားမသိဘူး..”

“ဟုတ်ပါတယ်။ ဘယ်သူလဲမသိဘူး။ ကြည်သာ့ဖုန်းမဟုတ်ဘူးလား”

“ငါ့နာမည် ဝေယံပါ၊ ကြည်သာ့.. ကြည်သာ့ သူငယ်ချင်း။ ကြည်သာအေးမြ ကိစ္စ တိုင်ပင်စရာရှိလို့လေ ချမ်းငြိမ်းကို ဖုန်းခေါ်တာ မကိုင်တာနဲ့”

ကျော်ဇောက ရုတ်တရက်တိတ်သွား၏။

“ဝေယံ…။ ကြည်သာ့ရည်းစားလား”

“အင်း ဆိုပါတော့။ အဲဒါ.. ချမ်းငြိမ်းနဲ့ တိုင်ပင်စရာရှိလို့”

ကျော်ဇောက စဉ်းစားနေပုံတော့ရသည်။

“ချမ်းငြိမ်းမရှိဘူး။ မင်းကို ကြည်သာကမပြောဘူးလား။ ချမ်းငြိမ်းက အမေရိကားရောက်နေပြီဟာ”

“ဘာ…”

“ဟုတ်တယ်လေ။ ကြည်သာတောင်ပုံတင်ထားသေး။ ချမ်းငြိမ်း တနေ့ကပဲ ကြည်သာနဲ့တွေ့ပြီးပြီကို။ မင်း. ကြည်သာ့ရည်းစားရောဟုတ်ရဲ့လား”

သူ ဖုန်းချလိုက်မိသည်။ ချမ်းငြိမ်းအေးဟန် ရောက်နေသည်တဲ့လား။ သူ ကြည်သာ့ကိုဖုန်းဆက်လိုက်သေး လား။ ဟင့်အင်း.. သူ ဒီထက်ပိုပြင်ဆင်ရမည်။ သူတစ်ကွက်နောက်ကျခဲ့ပြီ။

ဒေါသကြောင့်ပဲလား.. ဝေယံ့လက်ချောင်းတွေကတုန်နေသည်မှာ အတောမသတ်။

==============================================================================


Leave a comment