11 – Apollo 13
(1970 April လတွင် လွှတ်တင်ခဲ့သော Apollo 13 သည် လပေါ်သို့ဆင်းသက်ရန် Mission တစ်ရပ် ဖြစ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လိုက်ပါသွားသော အာကာသယာဉ်မှူးအားလုံးတော့ အသက်ရှင်ခဲ့ သည်)
နေထွက်ချိန်ကို လူတွေတကူးတကစောင့်ကြည့်ကြခြင်းအကြောင်းအရာက ကြည်သာ့အတွက်တော့ မသက်ဆိုင်သောကိစ္စဖြစ်ခဲ့သော်လည်း ယခုတော့ ကောင်းကင်ရှိ တိမ်တိုက်များ အရောင်ပြေးလေးဖြင့် ထိုးထွင်းထွက်ပေါ်လာသော နေလုံးကို မက်မက်မောမောငေးကြည့်မိပြီ။ ချမ်းငြိမ်းက နေထွက်ချိန်ကို တခုတ်တရကြည့်တတ်သည့်အတွက် ကြည်သာလည်း နံနက်အစောလိုက်ထကာ ချမ်းငြိမ်းဘေးတွင်ထိုင် နေခြင်းပင်။ မှောင်မည်းနေခဲ့သောကောင်းကင်ပြင်က နေထွက်ပေါ်လာသည့် မိနစ်ပိုင်းအတွင်း လှပသော နံနက်ခင်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည်သာ ခံစားတတ်ပါပြီလေ။
“လှလိုက်တာ..”
ကြည်သာ့ အာမေဋိတ်သံကြောင့် ချမ်းငြိမ်းက လှည့်ကြည့်ပြီး ပြုံးသည်။
“ဗိုက်ဆာနေပြီလို့ မပြောတော့ဘူးပေါ့”
ချမ်းငြိမ်း၏ ချစ်စနိုးကျီစယ်မှုကြောင့် ကြည်သာ ရယ်လိုက်မိ၏။ ချမ်းငြိမ်းကလည်း ကြည်သာ့ကိုကြည့်ပြီး ပြုံးနေပြန်သည်။ မတွေ့ဖြစ်သောနှစ်များအတွင်း ချမ်းငြိမ်းက ပုခုံးပိုကျယ်လာပြီး ပိုရင့်ကျက်သည့်အသွင် ဆောင်လာသည်။ နဂိုအရပ်မြင့်သည့်ကြားမှ ပို၍မြင့်လာသေးပြီး ထိုအရပ်နှင့်လိုက်ဖက်သော ခန္ဓာကိုယ် ပုံစံကြောင့် ချမ်းငြိမ်းသည် ရှိရင်းစွဲထက်အများကြီးပိုကြည့်ကောင်းနေ၏။ ကြည်သာ စိတ်ထင့်ပြီး ဘေးဘီ လှည့်ကြည့်လိုက်တော့ ကောင်မလေးနှစ်ယောက်က ချမ်းငြိမ်းကို ရှိုးနေကြသည်ကို ပက်ပင်းတိုးတော့ သည်။ ဤအချိန်က အသွားအလာနည်းပါးမှတော့ ထိုကဲစိန်နှစ်ယောက်သည် ယခုဆိုင်မှဝန်ထမ်းများပင် ဖြစ်မည်။
ကြည်သာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ချမ်းငြိမ်းလက်မောင်းကိုဆွဲကာ ထွက်လာခဲ့သည်။
“တော်ပြီဟာ.. ကိုကို။ နောက်နေ့တွေ ဒီကိုမလာနဲ့တော့။ ပိုကောင်းတဲ့နေရာတွေရှာကြမယ်”
ချမ်းငြိမ်းက ကြည်သာ့နဖူးကို ခပ်ဖွဖွလေးတောက်ရင်း “မပြောင်းလဲသေးတဲ့ ကိုယ့်ညီမလေး” ဟု ဆို၏။
ကြည်သာကလည်း ကိုယ့်အကြောင်းကိုယ်သိ၍ တိတ်ဆိတ်နေလိုက်ရသည်။ ချမ်းငြိမ်းလည်း မပြောင်းမလဲ သူ့အပေါ်စိတ်ရှည်သည်းခံပေးသည်ဆိုသော်လည်း ကြည်သာ့စိတ်ထဲ ဘာကိုမှန်းမသိ ထင့်နေသေး၏။ ချမ်းငြိမ်းနှင့်တွဲလျက် ကြည်သာ ကားလမ်းမဘေးမှာ ဖြည်းဖြည်းချင်း လျှောက်လာဖြစ် သည်။ တည်းခို သည့်နေရာနှင့် မိနစ် ၂၀ မျှလမ်းလျှောက်ရသည်ဆိုသော်လည်း ဤဆိုင်က ကုန်းမြင့် ထက်မှာရှိ၍ ချမ်းငြိမ်း က နေထွက်ချိန်ကြည့်ရန် ရွေးချယ်ခဲ့ခြင်းပင်။
“ကိုကို တအားချောလာတယ်”
ကြည်သာ ထိန်းထားသည့်ကြားမှ မကျေမနပ်နှင့် ပြောမိတော့ ချမ်းငြိမ်းက ခြေလှမ်းများကို ရပ်တံ့လိုက် ပြီး ကြည်သာ့ဘက်လှည့်လာ၏။ ကြည်သာ့ထက် ခေါင်းတစ်လုံးစာမျှ အရပ်ပိုမြင့်သည့် ချမ်းငြိမ်း၏ ပုခုံး ကျယ်များနှင့် ရင်ဆိုင်လိုက်ရသည်။
“ကြည်သာလည်း သိပ်လှလာတာလေ ညီမလေးရယ်”
ဤစကားတွင် ရွှတ်နောက်နောက်လေသံပါလျှင် ကြည်သာ စိတ်ကောက်လိုက်ဖို့ အသင့်ရှိသော်လည်း ချမ်းငြိမ်း၏ မူပိုင်အေးဆေးလေးနက်သော လေသံကြောင့် ကြည်သာငိုချင်သွား၏။
“နင်က ငါ့ကိုပစ်ထားတာကိုး”
“ကိုယ် အခုရောက်လာပြီပဲ။ နည်းနည်းနောက်ကျသွားပေမဲ့ ကိုယ်ရောက်လာပြီလေ ကြည်သာ”
“နင်နဲ့ဝေးနေတုန်းက ဘာမှမဖြစ်သလိုပဲ။ Skype ကနေမျက်နှာလေးမြင်ရ၊ ဖုန်းကနေ အသံလေးကြားရ လည်း ရပေမဲ့ အခုတခါပြန်တွေ့တော့ ဘယ်လိုကြီးမှန်းကိုမသိတော့ဘူး။ ငါ ထပ်မခွဲနိုင်တော့ဘူး။ အဲဒါ.. ဒီပွဲပြီးသွားရင်လည်း နင် ဒီမှာပဲကြာကြာနေပါနော်”
ချမ်းငြိမ်းက ကြည်သာ့ခေါင်းကိုဖွဖွလေးပုတ်ရင်း “ကလေးလိုဂျီကျနေတော့တာပဲ” ဟု ဖွဖွဆူ၏။
“မဂျီကျစေချင်ရင် နင်က ငါ့ထက်နောက်မှမွေးလာလေ။ ၇ မိနစ်စောမွေးပြီး ၇ နှစ်လောက် ကြီးချင်ဟန် ဆောင်နေတဲ့ ချမ်းငြိမ်းအေးဟန်”
ကြည်သာပွစိပွစိပြောမိတော့ ချမ်းငြိမ်းကရယ်သည်။ ကြားခံရှင်းလင်းစွာကြားရ၍ပဲလား.. ချမ်းငြိမ်း ရယ်သံက ကြည်လင်၏။
“ကိုယ့်ထက်စောမွေးလည်း ကိုယ်က ကြည်သာ့ကို ချော့မှာပါ။ ဂျီကျစေချင်တယ်။ ကိုယ်က ကြည်သာ ဂျီကျလို့ရတဲ့သူဖြစ်ရတာကို ကျေးဇူးတင်တယ်”
“အပိုတွေ..”
ကြည်သာ ကျေနပ်စွာဖြင့် မျက်နှာငုံ့လိုက်မိ၏။ ချမ်းငြိမ်းကိုဖြတ်၍ရောက်လာသောလေထုထဲတွင် ကြည်သာ သိပ်သဘောကျရသော ရနံ့တစ်ခုရှိနေသည်။ ကြည်သာ ပူရှိန်းစားဖို့မလိုတော့ပါလေ။
==============================================================================
ဟားဗတ်တက္ကသိုလ် အမှတ်အသား စည်းရိုက်ထားသော ခန့်ထည်သည့်ဖိတ်စာကို ကြည့်ရင်း ဝေယံခမှာ အသက်ရှူ၍ပင်မရဖြစ်နေသည်။ ချမ်းငြိမ်းအေးဟန် အမေရိကားသို့လာသည့်အကြောင်းအရင်းမှာ ကြည်သာ့ကိုတွေ့ရုံမျှလောက်ဟု ထင်မှတ်ထားခဲ့သည့် ဝေယံ့ကို အရှိန်ပြင်းစွာရိုက်ချခဲ့သည့် ဖိတ်စာပါ ပင်။ တစွန်းတစထွက်နေသော ရှေးလက်ရေးဆက်မူ ရွှေစာလုံးများဖြင့် ပုံနှိပ်ထားသော နာမည်တစ်ခုက Panelist – Chan.N.A. Han တဲ့။ ဟားဗတ် တက္ကသိုလ် အရှေ့တိုင်းနှင့် အရှေ့အလယ်ပိုင်းလေ့လာရေးဌာန ၏ ဖိတ်ကြားချက်အရ ဆွေးနွေးပွဲသို့လာရောက်သည့် အထူးဧည့်သည်တော်နှင့် ဆွေးနွေးသူတဲ့။ ဝေယံ ဆဲ မိသည်မှာမလွန်ဘူးထင်ပါသည်။
မြန်မာလိုနိုင်ငံမှလာပြီး ကမ္ဘာ့ထိပ်တန်း အစဉ်အလာကြီးသည့် ဟားဗတ် တက္ကသိုလ်လိုနေရာမှာ ဆွေးနွေး မည့် ပညာရှင်..။ ချမ်းငြိမ်းအေးဟန် ဆိုသည့်ကောင်ဟာ အမြီးဝှက်ထားသည့် မိကျောင်းလိုကောင်မျိုးပင်။ ကြည်သာ အရိပ်အမြွက်ပြောပြဖူးသည့် ထူးခြားသည်ဆိုသောကိစ္စတွေက တကယ်အမှန်ဖြစ်နေနိုင်သည် ကို တွေးရင်း ဝေယံ တခြားဘာမှပင်မလုပ်နိုင်တော့။ ယခုပင် သိထားရသော အချက်အလက်နည်းနည်း လေးမှ ချမ်းငြိမ်းအေးဟန်သည် သူ့ထက်အစစအရာရာသာလွန်နေပြီ။ လေးစားခံရသော စာရေးဆရာ တစ်ယောက်ဖြစ်ပြီး အရှေ့တိုင်းအတွေးအခေါ်နှင့် ယုံကြည်သက်ဝင်မှုဆိုင်ရာ ပညာရှင်ဟူ၍ ခေါင်းစဉ် တပ်ထား၏။
ကြည်သာအေးမြ၏ ထက်မြက်မှုထက် ပိုပြီးကြောက်ဖို့ကောင်းသော အားအင်တစ်ခုကို ယခုဖိတ်စာမှနေ ၍ ခံစားနေရသည်။ ကြည်သာအေးမြကလည်း သူ့ဟာသူကြောက်ဖို့ကောင်းသော မြေခွေးမလေး။ ကျော်ဇော်ပြောသောစကားကြောင့် ဝေယံ Facebook မှာ စစ်ကြည့်သော်လည်း ထူးခြားဆန်းပြားသော ကိစ္စမမြင်ရပါ။ ဖြစ်နိုင်သည်က ကျော်ဇော်ပြောသည်မှာ Facebook မဟုတ်သောတခြားအကောင့်တစ်ခုခု ဖြစ်နေနိုင်ခြင်း သို့မဟုတ်… ဝေယံခကို ကွက်၍မမြင်ရအောင်ဝှက်ထားခြင်း။ ဒုတိယတစ်ခုကတော့ ပို၍ ဖြစ်နိုင်ချေများပြီး သေချာပေါက် ကြည်သာအေးမြ၏ ဟန်ပန်ပင်။
ယခုဖိတ်စာပင်လျှင် မထင်မှတ်ဘဲ ဆရာနော့်ထံမှ တောင်းယူလာရခြင်းဖြစ်သည်။ ဆရာနော်က မြန်မာ နိုင်ငံမှလာသည်ဖြစ်၍ တက္ကသိုလ်ချင်းချစ်ကြည်မှုအရ ဖိတ်ကြားသောကိစ္စ။ သို့သော် ဆရာနော်ကတော့ ဟားဗတ် ရှိရာ ကိန်းဘရစ်ချ် မြို့သို့ ခရီးလမ်းအရမသွားတော့ဖို့ ဆုံးဖြတ်ထားသည်တဲ့။ ထိုအခါ ဖိတ်စာ လေးသည် ဝေယံ့အတွက်ဖြစ်လာသည်။ ဝေယံကတော့ သေချာပေါက် သွားကိုသွားရမည်ဟု ဆုံးဖြတ် ထားပြီး လေယာဉ်လက်မှတ်ပင်ဝယ်ထားပြီးပြီ။
ချမ်းငြိမ်းအေးဟန်၏ ပုံစံအစစ်အမှန်ကို သူကိုယ်တိုင်မြင်တွေ့ချင်သည်။ ချမ်းငြိမ်းအေးဟန် မည်သို့ ဆရာ လုပ်မည်လဲဟု ကိုယ်တိုင်သွားပြီး အကဲဖြတ်ချင်သေးသည်။ ထို့နောက်… ချမ်းငြိမ်းအေးဟန် အသံက အမှန်တကယ် အေးချမ်းပါရဲ့လားဟု သိချင်သေးသည်လေ။
ဝေယံ အသံသွင်းစက်ကိုတင်းတင်းဆုပ်ထားမိတော့သည်။ ဘာကြောင့်မှန်းမသိဘဲ ဝေယံ့ရင်ထဲတွင် ဘဝ၏ ပထမဆုံးအကြိမ်အဖြစ် အရှုံး တစ်ခုကို ကြိုပြီးခံစားမိနေသည်။ သို့သော် ထိုနေရာကို ဝေယံ အရောက်သွားမည်။
==============================================================================
ကြည်သာသည် ချမ်းငြိမ်းရောက်လာလျှင် ပျော်ရွှင်စရာများပြည့်နေမည်ဟု ယူဆခဲ့ဖူးသော်လည်း ယခု တော့ ချမ်းငြိမ်းအေးဟန်သည် အလုပ်ရှုပ်သော ပညာရှင်ဖြစ်နေပြီ။ အထူးသဖြင့် ဟားဗတ် တက္ကသိုလ်ရှိ ရာ ကိန်းဘရစ်ချ် မြို့ထဲတွင်ထောင်ထားသော ဘုတ်တချို့ထဲ ချမ်းငြိမ်းပုံပါသည်လေ။ ထို့ကြောင့် လျှောက် လည်ရာတွင်ပင် သိပ်လွတ်လွတ်လပ်လပ်မရှိတော့ချေ။ ဤကြားထဲ ဌာနမှခေါ်၍တို့၊ ကျောင်းအတွက် အင်တာဗျူးချင်၍တို့၊ မြန်မာအဖွဲ့က ဘော်စတွန်သို့ ညစာစားရန်တို့…။ များပြားလှသောကိစ္စရပ်များပင်။
“နင်အရင်က အဲဒါတွေမကြိုက်ပါဘူး”
စာရွက်ဖိုင်တွဲကိုစစ်နေသော ချမ်းငြိမ်းက လှည့်ကြည့်ပြီးနောက် သေချာလေးစီထားခဲ့ကာ ကြည်သာထိုင် နေသည့်စားပွဲနားရောက်လာပြီး လက်ထောက်၍ပြုံးပြုံးကလေးဖြေသည်။
“ကိုယ်အခုလည်း ဒါတွေမကြိုက်ပါဘူး ကြည်သာ။ ဒါပေမဲ့ ကိုယ်က သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့ဒီကိုလာရတာ လေ။ သူတို့ခေါ်ပေးလို့လည်း ကိုယ် ကြည်သာနဲ့ ပိုစောပြီးတွေ့နိုင်တာမဟုတ်လား။ ကိုယ့်ဘက်က အကောင်းဆုံးတာဝန်ကြေရမှာပေါ့”
ချမ်းငြိမ်းနှင့်မလှမ်းသည့်တိုင် အသက်ရှူသံကိုမကြားရ။ ကြည်သာ့အသက်ရှူသံကတော့ မကျေနပ်စိတ် ကြောင့်ထင် ပြင်းနေ၏။
“အဲဒီလိုတွေးတော့လည်း ဟုတ်ပေမဲ့… ငါကတော့ နင့်ကို ဖန်ပုလင်းထဲထည့်ထားချင်တော့တယ် ကိုကို။ အခုက သူတို့ရှုပ်နေတာနဲ့ ပင်ပန်းနေရပြီ”
ချမ်းငြိမ်းက ကြည်သာ့နားမှနေ၍ ခရီးဆောင်အိတ်ထားထားသည့်နေရာသို့သွားရင်း “မပင်ပန်းပါဘူး” ဟု ဖြေသည်။ ကြည်သာ စိတ်ဆိုးတော့မည်အလုပ် ချမ်းငြိမ်းက လက်ထဲမှာ ကတ္ထီပါအိတ်ရှုံ့ကလေးကိုင်၍ ပြန်ရောက်လာ၏။ ထို့နောက်စားပွဲပေါ်တွင် တင်ပြီး ကြည်သာ့ဆံပင်ဖျားများကို မ, ယူ လိုက်တော့ ရုတ်တရက်လန့်သွားရသည်။
“ဟင် ကိုကို..”
“ကိုယ် အိန္ဒိယကိုရောက်တုန်းက ဟိမဝန္တာတောင်တန်းတွေရဲ့အောက်ကမြို့လေးတွေထိရောက်ဖြစ်ခဲ့ တယ်။ အဲဒီမှာ ကလေးတွေရောင်းတဲ့ ပန်းလေးတွေဝယ်ရင်း ကြည်သာ့ဖို့သတိရတာနဲ့ ရွေးခဲ့တာ”
ချမ်းငြိမ်း၏ ရှည်သွယ်ဖြောင့်စင်းသော လက်ချောင်းများကြားတွင်တော့ ပန်းပွင့်ပုံစံခေါင်းစည်းကြိုးလေး တစ်ခုရှိနေသည်။ ထိုခေါင်းစည်းကြိုးလေးသည် တရုတ်မှလာသော၊ သို့မဟုတ် မည်သည့်အရပ်ဒေသမှ ထုတ်လုပ်ထားသည်ဖြစ်သော ခေါင်းစည်းကြိုးများနှင့် နည်းနည်းမျှမတူပါပေ။ ပန်းအစစ်များမဟုတ်မှန်း သိသည့်တိုင် မွှေးပစ်လိုက်ချင်သည့် ပန်းပွင့်ချပ်ကလေးဖြစ်ပြီး လက်ရာအနုစိတ်လှသည်။ ရှေးအိန္ဒိယ မင်းသမီးများ၏ ဦးခေါင်းထက်မှ ပန်းပွင့်လေးများကိုပင် မြင်ယောင်လာ၏။ ချမ်းငြိမ်းက ကြည်သာ့ဆံပင် ဖျားလေးကို သိမ်မွေ့စွာ ယူငင်ပြီးစည်းပေးလိုက်တော့ ကြည်သာ့ရင်ထဲ အပြုံးပန်းတွေဝေဆာသွားသည်။
“ငါ့ကိုမမေ့ဘူးပေါ့ ကိုကို”
“ကိုယ်က ကြည်သာ့ကို မေ့ဖို့ဆိုတာ ဖြစ်နိုင်မလား”
ချမ်းငြိမ်းက စားပွဲစောင်းကိုမှီရင်းဖြင့် ကတ္ထီပါအိတ်ရှုံ့လေးထဲမှ တစ်စုံတစ်ရာကိုလည်းထုတ်ပြ၏။ ရိုးရှင်း စွာ လှပနေသည့် ပန်းလက်ပတ်လေး။ စံပယ်ပန်းလေးများသီထားသည်နှင့်ပင်တူသေးသည်။ ပန်းဖြူဖြူတို့ ၏ အောက်တွင် ကြေးနန်းကြိုးသဖွယ် ညှိယူထားသောလက်ပတ်ကွင်းလေးရှိ၏။
“ကြည်သာ သိလား။ အဲဒီရွာလေးက စံပယ်ဆီထုတ်တာလေ။ စံပယ်နံ့တွေပဲရှိတဲ့ရွာကလေးပေါ့။ စိတ် အေးချမ်းတယ်။ ဒီလက်ပတ်လေးက တန်ဖိုးတော့သိပ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ် ကိုင်ကြည့်တဲ့အချိန်မှာ ကြည်သာ့လက်နဲ့ဆိုရင် လိုက်မှာပဲလို့တွေးမိတယ်။ ပြီးတော့…”
ချမ်းငြိမ်းက ကြည်သာ့လက်ကို လက်ပတ်ထဲသို့ ညင်သာစွာပဲ ထည့်သွင်းပေးပြီး “စံပယ်ဆိုတာ အေးမြသန့်စင်ခြင်းတဲ့ ကြည်သာ” ဟုဆိုသည်။
“ကိုကို့ညီမက မအေးမြနိုင်တာ သိလို့ဝယ်ပေးတာလား”
ကြည်သာ မျက်ရည်ဝဲနေသည့်ကြားမှ ထေ့လိုက်တော့ ချမ်းငြိမ်းက ကတ္ထီပါအိတ်ရှုံံ့ထဲမှ နောက်ဆုံး လက် ကျန် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ ကြာပွင့်ပုံစံ ဘယက်တစ်ခု။ လည်ဆွဲဟုပြောရန်ကြီးလွန်းသော ဘယက်တစ်ခု။ ငွေသားဖြင့်ပြုလုပ်ထားသော ဘယက်ဖြစ်ပြီး ကြာပွင့်ကိုလည်း ငွေဖြင့်ပင်ပြုလုပ်ထား သည်ဟု ချမ်းငြိမ်းကရှင်းပြ၏။
“ဒါကတော့ ဈေးကြီးမယ်ထင်တယ်နော် ကိုကို”
“ပန်းမင်းသမီးလေး ဖြစ်သွားပြီ ကိုယ့်ညီမလေး”
ကြည်သာ ထိုင်နေရာမှနေ၍ မှန်တင်ခုံသို့သွားကြည့်ပြီး မျက်ရည်များကြားမှ ပြုံးမိ၏။
“ကိုကို.. ငါ့ကိုယ်ငါ အိန္ဒိယကမင်းသမီးတစ်ပါးလို ခံစားနေရပြီသိလား။ ကိုကို ပေးတာတွေ ငါတန်ဖိုး ထားမယ်နော်”
“ကိုယ်မရှိလည်း အမြဲအေးချမ်းနေရင်ကောင်းမှာပဲ ကြည်သာ”
ကြည်သာ မျက်ရည်များဖြင့် ချမ်းငြိမ်းကို ဖက်ထားမိသည်။ ချမ်းငြိမ်းလိုအစ်ကိုရှိတာ ကြည်သာ ကံကောင်းတာပါပဲ။
========================================================================
ဟားဗတ် တက္ကသိုလ်ဝင်းသို့ ကားငှားလာရသည်ကိုက ဝေယံ့အတွက် စိတ်လှုပ်ရှားစရာဖြစ်နေသည်။ ယနေ့အတွက် အဝတ်အစားကိုပင် အသပ်ရပ်ဆုံး suit ကိုရွေးချယ်ဝတ်ဆင်ခဲ့၏။ ရှူးဖိနပ်တို့လက်နေ အောင်လည်း တိုက်ခဲ့သေးသည်။ ဆံပင်ကိုလည်း ပုံကျအောင်သေချာပြင်ဆင်ခဲ့ပြီ။ သို့သော် ဝေယံ့အဖို့ ထိုအရာတွေက မလုံလောက်ဟုတွေးနေမိသည်။
ဟားဗတ် တက္ကသိုလ်၏ ဝိဇ္ဇာသိပ္ပံ ပြတိုက်ရှေ့တွင် သူ အထဲမဝင်သေးဘဲ အကြာကြီးရပ်ငေးနေသေး သည်။ ယနေ့ကျင်းပမည့် ဆွေးနွေးပွဲအတွက် ဆိုင်းဘုတ်တွင် ပါဝင်သူများ၏ ပုံနှင့်အမည်ကိုဖော်ပြထား သည်လေ။ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး၊ တိဘက်မှ ဘုန်းတော်ကြီးတစ်ပါး၊ အိန္ဒိယမှ စာရေး ဆရာတစ်ဦးနှင့် ချမ်းငြိမ်းအေးဟန်။ ဦးဆောင်ဆွေးနွေးမည်က ဟားဗတ် မှ ပါမောက္ခ။ ဝေယံ ထိုခန်းမထဲ မဝင်ချင်သေးလျှင် မှီသေးသည်ဟု ကိုယ့်ကိုယ်ကိုယ်သတိပေးနေမိသော်လည်း ခြေလှမ်းများကို ပြန်လှည့် မရတော့ပါ။
သူ ဝင်သွားလိုက်မိပြီ။ ခန်းမသည် ကျယ်ဝန်းသည်ဟုတော့ မဆိုသာပါ။ ထို့ပြင် အပြင်အဆင်ကလည်း ရိုးရှင်းသည်။ ဖိတ်စာနှင့်ပင်မလိုက်။ အလယ်နားကျမည့် ခုံတစ်ခုံကိုနေရာယူလိုက်ပြီးနောက် ခုံတွင် တင် ထားသော စာစောင်ကိုဖတ်ကြည့်မိ၏။ ငြိမ်းချမ်းမှုအကြောင်းကို အရှေ့တိုင်းအတွေးအခေါ်ရှုထောင့်မှ ဆွေးနွေးခြင်း..။ ဘုန်းတော်ကြီးတွေနှင့် ပါမောက္ခတွေပါသည်က အကြောင်းမဟုတ်။ ချမ်းငြိမ်းအေးဟန် က ဘယ်လိုဖြစ်လို့ ထော်လော်ကန့်လန့်ပါလာရသလဲ။
ဝေယံ စာစောင်ဖတ်ရင်းသိလာသည်က ဤဆွေးနွေးပွဲသည် ကနဦးဆွေးနွေးပွဲအဆင့်သာရှိသည်။ ပွဲတွင်း ပါဝင်သူတို့သည်လည်း အလွန်အရေးပါခြင်းမရှိ။ တိဘက်မှဘုန်းတော်ကြီးသည်လည်း ထင်ပေါ်ခြင်းသိပ် မရှိ။ အေးလေ၊ အရေးပါသည့်ပွဲမဟုတ်၍သာ ချမ်းငြိမ်းအေးဟန် လာရခြင်းပေါ့။ မြန်မာနိုင်ငံမှာ ပညာတတ် ဘုန်းတော်ကြီးတွေမရှားပါ။ ဟားဗတ် ကမဖိတ်သည်ပဲဖြစ်နိုင်သည်။ ဆရာတော်တွေအချိန် ရှားပါးမှာပေါ့လေ။ ကိုယ့်ကိုယ်ကိုယ်ဖြည့်တွေးဖြေသာနေရင်း စိတ်ထဲမှတစ်စုံတစ်ရာကိုခံစားမိ၍ ခေါင်း မော့ကြည့်လိုက်တော့ ကြည်သာအေးမြ။
“ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေတာတုန်း”
ကြည်သာအေးမြက ပုံစံပြောင်းနေသည်ဟု ဝေယံထင်မိသည်။ လည်ဆွဲတွေ လက်ပတ်တွေနှင့် ဆံပင်ကို ပင် စုထုံးထားသေး၏။ ကြည့်လို့တော့ကောင်းသဖြင့် ဝေယံ ငေးခနဲဖြစ်သွားမိပြီးမှ “ဆရာနော်က သွားစရာ ရှိနေတာနဲ့ ဆရာ့အစားလာပေးတာ” ဟု ခပ်တည်တည်ဖြေလိုက်၏။
“ဟုတ်လား.. ဆရာကလည်း။ ငါသေချာဖိတ်ထားတာကို။ မလာနိုင်ရင်တောင် လွှင့်မပစ်သင့်ပါဘူး”
“နင်..။ ဆရာက လွှင့်ပစ်တာမဟုတ်ဘဲ ငါ့ကိုသေချာပေးလိုက်တာပါ”
“တန်ဖိုးထားတဲ့သူလက်ထဲမဟုတ်ရင် လွှင့်ပစ်တာပဲပေါ့”
“ငါက တန်ဖိုးမထားဘူးလို့ နင်ကဘယ်လိုသိလဲ”
“ဪ.. ဒါဆိုလည်း ပြီးတာပါပဲလေ။ ငါ့အစ်ကိုအကြောင်း ငါပြောတာမမှားကြောင်း ကြည့်ကြည့်ပေါ့။ သူတို့ပြောမှာတွေက နည်းနည်းတော့ မြင့်တယ်”
ဝေယံ လက်သီးဆုပ်ထားမိသည်။ ဤခွေးစုတ်မလေးက အစ်ကိုအားကိုးနှင့် တကယ်ကို ကလေးဆန် လွန်းသည်ပဲ။
“ငါ Ivy League ကျောင်းသားတစ်ယောက်ပါ ကြည်သာ”
ကြည်သာက နာပုံမပြပါ။ ထိုအစား ရယ်ပြီး “ငါကစေတနာနဲ့ပြောတာ။ နင်နဲ့တွဲဖူးတာပဲဟာ.. နင့်နားလည် နိုင်စွမ်းကို ငါသိတာပေါ့” ဟုပြော၏။ ဝေယံမယုံ။ ဘယ်လောက်များမြင့်မှာမို့လို့လဲ။
“ငါက ဟိုဘက်မှာထိုင်မှာ။ ပွဲပြီးမှ တွေ့တာပေါ့”
ကြည်သာက တစ်ဖက်ခြမ်းမှာသွားထိုင်၏။ ဝေယံ မကျေမနပ်ဖြင့် ကျန်ခဲ့ရသည်။ ကံကောင်းသည်က ခဏအကြာတွင်ပင် ပွဲစတင်ခြင်းပင်။ ကြည်သာနဲ့စကားများနေစဉ် ပွဲထဲမှာ ပရိသတ်တို့တဖြည်းဖြည်း ပြည့်လာပြီး ပညာတတ်အသိုင်းအဝိုင်းများဖြစ်ကြောင်း ဝေယံသိသည်။ မျက်မှန်းတန်းဖူးသည့်ကျောင်းမှ ပါမောက္ခများပင်ပါသေး၏။
ချမ်းငြိမ်းအေးဟန် နာမည်ကြေငြာတော့ ထိုပါမောက္ခများက လက်ခုပ်တီးကြသည်ကိုတွေ့သောအခါ ဝေယံ ခံရခက်သွားသည်။ ချမ်းငြိမ်းက ထိုမျှကြီးကျယ်သည်လား။ သူ့အတွေးတို့မဆုံးမီ စင်ပေါ်သို့ လူ တစ်ယောက်တက်လာ၏။
ချမ်းငြိမ်းအေးဟန်…။ ဝတ်စားထားသည်က သာမန်ဆန်သည်ဟုပင် ပြော၍ရသည်။ သို့သော် ဝေယံ ကိုယ်တိုင်ပင် အပြစ်တင်လိုက်ဖို့ခက်ခဲသောပုံစံပါပင်။ ချမ်းငြိမ်းနှင့်ယှဉ်လျှင် ဝေယံသည် မိမိကိုယ်ကိုယ် မန်နေဂျာတစ်ယောက်သာသာဖြစ်ပြီး ချမ်းငြိမ်းက လွတ်လပ်သော သူဌေးတစ်ယောက်ပုံစံနှင့်တူနေသည် ဟုတွေးမိကာ ဝတ်လာသော suit ကိုစိတ်ပျက်သွား၏။ ဝေယံသည် panel ပြောမည့်ခုံအရ ချမ်းငြိမ်းက ခြေထောက်ချိတ်ထိုင်လိမ့်မည်ဟု တွက်မိ၏။ သို့သော် ဝေယံသည် ခါးမတ်နေပြီး ခြေထောက်ချိတ်ထား ခြင်းအလျင်းမရှိပေ။ တွက်သမျှလွဲနေပြီး ချမ်းငြိမ်းအေးဟန်၏ အေးဆေးပုံကိုမြင်ရသည့်အတွက် ဝေယံ စိတ်ပျက်လာပြီ။ ထို့ကြောင့် ထထွက်လာလိုက်ဖို့ ကြိုးစားမိ၏။ ခုံမှ အထ သူရင်းနှီးနေသော အသံတစ်သံ ကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ရသည်။
“မင်္ဂလာပါ။ ကျွန်တော်က ချမ်းငြိမ်းအေးဟန်ပါ”
ဝေယံ စင်ပေါ်ကိုလှမ်းကြည့်မိတော့ မိုက်ကိုင်ထားသော ချမ်းငြိမ်းက ထိုင်နေရာမှနေ၍ ဝေယံ့တည့်တည့် ကြည့်နေသည်ကိုတွေ့လိုက်ရ၏။ သွားပြီ။ အကြည့်ချင်းဆုံသွားပြီ။
ဝေယံ ဆက်၍မထဖြစ်၊ ပြန်၍မထိုင်ဖြစ်ဘဲ ချမ်းငြိမ်းမျက်ဝန်းကိုစိုက်ကြည့်နေမိ၏။ ပတ်ဝန်းကျင်တစ်ခု လုံး တိတ်ဆိတ်သွားသည်.. မဟုတ်။ ရပ်ပင်ရပ်တံ့သွားသည်ထင်၏။ ကမ္ဘာမြေကြီးသည် ရုတ်တရက် လည်ပတ်မှုရပ်တံ့ပစ်လိုက်ပုံပေါ်သည်။ ဆွဲငင်အားတို့သည် အလုပ်မလုပ်တော့။ နေ၏ အလင်းသည်ပင် ကမ္ဘာမြေပေါ်ရောက်မလာတော့ဟုထင်သည်။ ကြားခံနယ်မရှိသဖြင့် အချိန်ရပ်သွားပြီး အသံလည်း မရှိ။
လှုပ်ရှားနေသည်က တစ်ခုသာ။ ဝေယံ့ရင်ဘတ်ထဲက နှလုံးသား…။
သို့သော် နောက်ထပ်တစ်ခုထပ်၍ လှုပ်ရှားသွား၏။
ချမ်းငြိမ်းအေးဟန်၏ နှုတ်ခမ်းထောင့်စွန်းတို့ဖြစ်သည်။
==============================================================================


Leave a comment