12 – Voyager 1
(1977 တွင်လွှတ်တင်ခဲ့သော Voyager 1 သည်ယခုအခါ ကမ္ဘာနှင့်အဝေးဆုံးသို့ ရောက်ရှိနေသော လူလုပ် ယာဉ်တစ်စင်းဖြစ်လာခဲ့သည်။)
စင်မြင့်ထက်မှာ လင်းလက်နေသော ချမ်းငြိမ်းအေးဟန်။ ဆွေးနွေးပွဲကဲ့သို့ လူအများရှေ့တွင် အသက်ကြီး ဝါကြီးများနှင့် ရင်ဆိုင်စကားပြောရသောအခါ ကြည်သာပင် အနည်းနှင့်အများ စိတ်လှုပ်ရှားပြီး အမှားလုပ် မိမည်ထင်သော်လည်း ချမ်းငြိမ်းကတော့ တည်ငြိမ်စွာပင် လုပ်ဆောင်နိုင်ကြောင်းတွေ့ရသောအခါ ကြည်သာ ဂုဏ်ယူမိသကဲ့သို့ စိတ်ထဲတွင်လည်း အားကျစိတ်ဖြစ်ရသည်။ ချမ်းငြိမ်း၏ အရည်အချင်းများ ကို တွေ့လာရလေလေ ကြည်သာသည် ချမ်းငြိမ်းနှင့်တစ်လှမ်းစီ ဝေးသွားသကဲ့သို့ ခံစားရ၏။ အင်္ဂလိပ်စာ ကို လေယူလေသိမ်းမှန်မှန်ဖြင့် ကြည်ကြည်လင်လင်ပြောပြနေသော ချမ်းငြိမ်းက တခါတရံတော့ ကြည်သာနှင့် အကြည့်ချင်းဆုံလျှင် အပြုံးလေးတစ်ပွင့်ပေးရှာပါသည်။ သို့သော် ကြည်သာ့စိတ်ထဲလေးလံ နေမြဲ။ ဘာပါလိမ့်…။ ဘာဖြစ်လို့ပါလိမ့်။
အားလုံးရဲ့အာရုံက ချမ်းငြိမ်းမှာပဲရှိကြလို့များလား။ ဤသည်က ထူးဆန်းသည်တော့မဟုတ်။ ပွဲထဲတွင် ချမ်းငြိမ်းသည် အလင်းလက်ဆုံးလူသားတစ်ယောက်ဖြစ်နေမည်ကို လူတိုင်းသိသည်။ ဆွေးနွေးသူများထဲ အသက်အငယ်ဆုံးဖြစ်ပြီး ချမ်းငြိမ်း၏ စကားပြောသံက ဘာသာပြန်အကူအညီမလိုပါဘဲ နားလည်နိုင်၏။ တခြားသော ဆွေးနွေးသူများက ပညာရပ်ပိုင်းဆိုင်ရာပြည့်ဝပြီး လူကြီးများလည်းဖြစ်သောကြောင့် သူတို့ ၏ မိခင်ဘာသာစကားများဖြင့် ပြောကြသည်ကများသည်။ အိန္ဒိယမှစာရေးဆရာကလည်း အင်္ဂလိပ်လို ပြောသည့်တိုင် အိန္ဒိယလေယူလေသိမ်းအသံထွက် လွှမ်းနေသဖြင့် ချမ်းငြိမ်း၏ဆွေးနွေးမှုသည် ပိုရိုးရှင်း ကာ နားလည်ရလွယ်နေသည်။ အင်းလေ.. အားလုံးက အင်္ဂလိပ်လိုပဲပြောပါစေဦး၊ ကြည်သာကတော့ ချမ်းငြိမ်းအေးဟန်တစ်ယောက်တည်းကိုပဲ မြင်နေပါဦးမည်။
“အရှေ့တိုင်းမှာ ငြိမ်းချမ်းမှုကို ရုပ်ဝတ္ထုပစ္စည်းတွေထက် အတွင်းစိတ် သဏ္ဌာန်မှာရှာဖွေဖို့ ကြိုးစားအား ထုတ်ကြပါတယ်။ စိတ်ကို အောင်နိုင်ခြင်းဟာ အရာအားလုံးကို အောင်နိုင်ခြင်းပဲဖြစ်ကြောင်းကို ဘာသာရေးတွေက တညီတညွတ်တည်းဆိုကြတယ်။ ဒါပေမဲ့ အဲဒီ အတွင်းစိတ်သည်ပင်လျှင် အောင်နိုင်ဖို့ အခက်ခဲဆုံးအရာပဲဖြစ်နေပါတယ်။ လူသားရယ်လို့ဖြစ်လာကြတဲ့အခါ ကျွန်တော်တို့ဟာ ခံစားမှုတွေနှင့် တည်ဆောက်ထားတာဖြစ်လို့ စိတ်ရဲ့အဆုံးမရှိမှုကို တားမြစ်လိုက်ဖို့မလွယ်ကူပါဘူး။ အဲဒီအခါ အမှားတွေ ဖြစ်လာတတ်ပါတယ်”
ကြည်သာ စင်ပေါ်ကိုမကြည့်တော့ဘဲတခြားတစ်နေရာကို မျက်နှာလွှဲထားမိသည်။ ပူရှိန်း..။ အာ.. ကုန် နေတာကို ထပ်မဝယ်ဖြစ်သေးတာနဲ့ပဲ တကယ်လိုချိန်မှာဘယ်ရောက်နေလဲ။ ချီးထုပ်ပဲ။ ကြည်သာ စိတ်ရှုပ်ရှုပ်နှင့် လက်မှ ပန်းလက်ပတ်လေးသို့အကြည့်ရောက်သွားသည်။
“ကိုကိုရယ်.. လူတွေဟာ ပန်းတွေမှမဟုတ်ဘဲကွယ်။ ဘယ်လိုလုပ် အမှားမလုပ်မိဖို့ ဖြစ်နိုင်မလဲ..”
အမှားလုပ်မိတတ်ကြသည့်တိုင် ကြည်သာသည် လူသားတစ်ယောက်ဖြစ်ရသည်ကို ပန်းတစ်ပွင့်ဖြစ်ရမည် ထက်ပိုမက်မောသည်။ အဘယ်ကြောင့်ဆိုသော် လူသားဆိုသည့်ခေါင်းစဉ်အောက်ဝယ် အမှားလုပ်မိနိုင် သောကြောင့်ပင်။
==============================================================================
ဆွေးနွေးပွဲက ၂ နာရီခန့်ကြာမြင့်ပြီး ကြားထဲတွင် နားချိန်ရှိသည့်တိုင် ဝေယံ့အတွက်တော့ အနားမရလိုက် ပါ။ ချမ်းငြိမ်းအေးဟန်သည်လည်း စင်ပေါ်မှပင် မဆင်းလိုက်ရပေ။ နားချိန်တွင် ချမ်းငြိမ်းအေးဟန် ရေ သောက်လိုက်ရသည်ပင် ကြည်သာအေးမြက အလိုက်တသိ စင်ပေါ်ယူသွားပေးသောကြောင့်သာဖြစ်၏။ မဟုတ်လျှင် ချမ်းငြိမ်းအေးဟန် ဆိုသည့်လူသားက ရှေ့မှ ရေဘူးကိုပင် သောက်ရန်သတိရမည်မဟုတ်။ ဦးဆောင်သူပါမောက္ခနှင့် ချမ်းငြိမ်းအေးဟန်သည် ဧည့်သည်များထဲမှ တချို့နှင့်စကားပြောနေသဖြင့် နားချိန်တစ်ခုလုံးပြည့်သွားပေသည်။ ထိုအတွက် ဝေယံမှာ မကျေမနပ်ဖြစ်ရ၏။ ဟားဗတ် ကဲ့သို့နေရာ အနေဖြင့် ထိုမျှစီစဉ်မှုမကောင်းရလားဟုလည်း စိတ်ထဲမှ ကြိတ်၍ အပြစ်တင်မိသည်။
ထိုသို့ပြောသော်လည်း ဝေယံကိုယ်တိုင်ပင် ရေသောက်သည်မှာ တစ်ကြိမ်သာရှိသေးသည်။ ချမ်းငြိမ်းအေး ဟန်က စင်ပေါ်တွင် ရေသန့်ဘူးလေးကို ကြည်သာ့ထံမှ မျက်နှာလွှဲသောက်ရာ ဝေယံကြည့်နေသည့် ရှုထောင့်နှင့် အံကိုက်ဖြစ်သွားခဲ့၏။ ရေသောက်ခြင်းအမှုဟူသည် လူသားတိုင်း၊ သတ္တဝါတိုင်း၏ လိုအပ်မှု ဖြစ်ပြီး မဖြစ်မနေပြုလုပ်ရသောကိစ္စဖြစ်သည့်တိုင် ချမ်းငြိမ်းအေးဟန်ကမူ ရေသောက်သည်ကိုပင် အလွန် ခမ်းနားသောပြကွက်သဖွယ် လုပ်ဆောင်သွားလေသည်။ တွေးရင်း ဝေယံ စိတ်ဆင်းရဲလာသည်။ ချမ်းငြိမ်း အေးဟန်၏ လည်ပင်းလှုပ်ရှားသွားပုံကိုကြည့်ပြီး ဝေယံဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အငမ်းမရ ရေငတ် သွားခဲ့၏။ ပူပြင်းသည့်သဲကန္တာရထဲတွင် လျှောက်လာပြီး ရေဆာလာသူကဲ့သို့ ဝေယံသည်ရှေ့ရှိ ရေဘူးကို နှုတ်ခမ်းနားတေ့၍ အငမ်းမရမော့ချသည့်တိုင် ရေငတ်မပြေ..။ တစ်နည်း.. အာသာမပြေ။
ဤပွဲတွင် စိတ်ခံစားမှုဆိုင်ရာ စကားလုံးတော်တော်များများပါသည်။ ဥပမာ – ပူလောင်မှု၊ လောဘ၊ လိုချင် တပ်မက်မှု၊ ထို့နောက် ငြိမ်းအေးမှု။ ဝေယံကတော့ ထိုအရာအားလုံးကို ဤနေရာရောက်မှ ခံစားနေရတာ သိလားကွ ဟုသာ အော်အော်ပစ်ချင်တော့သည်။ ဘာဖြစ်လို့များ ဤလက်မှတ်ကိုတောင်းခဲ့မိသလဲ။ ဘာ ဖြစ်လို့များ ကြည်သာအေးမြရဲ့ အသံသွင်းစက်ကို နားထောင်ဖြစ်ခဲ့သလဲ။ ဘာဖြစ်လို့များ အသံသွင်းစက် ကို ဆက်ပြီးခိုးထားခဲ့သလဲ။ ဒါမှမဟုတ်လည်း… ပွဲအစမှာ ဘာဖြစ်လို့ ထမထွက်လာခဲ့သလဲ။ ကိုယ့်ကိုယ် ကိုယ် မေးခွန်းများက အစီအရီတက်နေသည့်တိုင် ဝေယံ့အကြည့်များသည် တစ်နေရာတွင်သာတည်ရှိပြီး တစ်ဦးတည်းကိုသာ မြင်လေသည်။
အမေးအဖြေအစီအစဉ်ရောက်လာသောအခါ တခြားသူများ မေးသကဲ့သို့ အလေးအနက် မေးခွန်းများ ဝေယံ့တွင်မရှိ။ ရှိလျှင်လည်း ချမ်းငြိမ်းအေးဟန်နှင့် သက်ဆိုင်သည်များသာဖြစ်နေလိမ့်မည်။ သို့သော် ဝေယံ အပြင်းအထန်စဉ်းစားရသည်က ပွဲထဲတွင်မေးမည်လား၊ ပွဲပြီးမှ မေးမည်လားဟူ၍။
“ဆွေးနွေးပေးတဲ့ ဂုဏ်သရေရှိလူကြီးမင်းများရဲ့အချိန်ကို ငဲ့ခြင်းအားဖြင့် နောက်ဆုံးမေးခွန်းတစ်ခုသာ လက်ခံပေးမှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ တခြားသောမေးခွန်းများကိုတော့ အီးမေးလ်လိပ်စာကနေ ဆက်သွယ်နိုင်ပါတယ်။ ဟားဗတ် ရဲ့အရှေ့တိုင်းပညာဌာနက ဝမ်းမြောက်စွာနဲ့ကြိုဆိုနေပါ့မယ်”
တင်ဆက်သူ ပါမောက္ခ၏စကားအဆုံးတွင် ချမ်းငြိမ်း၏ အကြည့်က သူ့ထံသို့ရောက်လာ၏။ ပကတိ တည်ငြိမ်သော မျက်နှာထားအောက်မှာ ဝေယံ မည်သို့မျှ မလှုပ်သာ။ နေပါဦး၊ ဒီလူ့မျက်နှာ နည်းနည်း ပင်ပန်းနေပုံပဲ။ အင်းလေ… နားချိန်တောင်မရှိထားတာ။ ကျွတ်.. အဲဒါပဲ။ ဝေယံ အကြည့်လွှဲပြီး မျက်စိ ကစားလိုက်တော့ ရှေ့ ၂ ခုံကျော်မှ အမျိုးသမီးက စာအရှည်ကြီးကောက်ရေးထားပြီး မေးရန်ပြင်နေသည် ကိုတွေ့လိုက်ရ၏။ ထို့ပြင် ထိုစာအရှည်ကြီးကိုမှတ်ထားပုံက ချမ်းငြိမ်းအေးဟန် ပုံအောက်မှာပါလား။ ထို အမျိုးသမီး လက်လှုပ်မည်အပြုတွင် ဝေယံ လက်မြှောက်ရင်း မတ်တပ်ထရပ်လိုက်၏။
“ကျွန်တော်.. ကျွန်တော်မေးမှာပါ”
အလောတကြီးနိုင်မှုကြောင့်ထင်သည်၊ ကြည်သာအေးမြကလည်း လှည့်ကြည့်လာ၏။ ဘာကြောင်တာလဲ ဟူသော အကြည့်မျိုးကို ဝေယံဖတ်တတ်သည်၊ နားလည်သည်။ သို့သော်.. လောလောဆယ်တော့ ထို အကြည့်ကို အာရုံစိုက်ရန်မအားသေး။ လက်ထဲရောက်လာသော မိုက်ခရိုဖုန်းကို လှမ်းယူပြီး ချမ်းငြိမ်းအေး ဟန်ကို တည့်တည့်ရင်ဆိုင်လိုက်၏။
“ကျွန်တော်မေးချင်တာက ဒီက ချမ်း.. မစ္စတာ ချမ်းငြိမ်းအေးဟန်ကိုပါ။ ကျွန်တော်လည်း မြန်မာပြည်က လာတာပေမဲ့.. ဟို..ဒီပွဲနားထောင်ပြီး ကျွန်တော်တိတိကျကျ အဖြေတစ်ခုသိချင်လာလို့ပါ”
အင်္ဂလိပ်လိုပြောရသည်ကိုပင် စာမေးပွဲဖြေနေသကဲ့သို့ခံစားရသော်လည်း ဝေယံ ဆက်ပြောနေမိသည်။ ချမ်းငြိမ်းကိုပင် မကဘဲ ကြည်သာနှင့် တခြားသောဧည့်သည်တို့ကိုပါ အကြောင်းပြချက်ပေးရဦးမည်ဟု တွေးမိသောကြောင့်ပင်။
“ဆောရီး။ ကျွန်တော်က UPenn ကပါ။ ကျွန်တော်မေးချင်တာက စိတ်ရဲ့အတော မသတ်ပူလောင်မှုတွေနဲ့ လူတစ်ယောက်က ဘဝကို အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်မယ်ထင်လားလို့ပါ”
မေးခွန်းမေးပြီးသောအခါ စောင့်ဆိုင်းရသော စက္ကန့်ပိုင်းသည် ဘဝမှာ အရှည်တာဆုံးဟု ဝေယံထင်မိ၏။ ချမ်းငြိမ်းအေးဟန်၏ မျက်နှာက တည်ငြိမ်နေရာမှ အနည်းငယ်.. တကယ်ကို အနည်းငယ်လောက်တော့ တင်းသွားသည်ဟု စိတ်ထဲကထင်မိသောကြောင့်ပါမည်။ ၂ နာရီလုံး ဤမျက်နှာကိုပဲစိုက်ကြည့်ခဲ့၍ သေး ငယ်သော ပြောင်းလဲမှုကို သူချက်ချင်းမြင်နိုင်သွားသည်။ မေးမိတာမှားပြီလား…။ ဝေယံ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စွာဖြင့် မျက်နှာငုံ့လိုက်တော့မည်အလုပ် မျှော်လင့်ခဲ့ရသော အသံထွက်လာ၏။
“မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်”
အင်္ဂလိပ်လိုပြန်ဖြေသံကတော့ ကြည်လင်ပါသည်။
“စိတ်ရဲ့အတောမသတ်ပူလောင်မှုလို့ပြောတဲ့အခါ အဲဒါက ဘယ်သူ့ရှုထောင့်ကနေကြည့်တာလဲလို့ မူတည်မှာပါ။ တချို့သောပူလောင်မှုတွေက တားမြစ်ဖို့ခက်ပါတယ်။ ပြီးတော့ တိုင်းတာဖို့လည်း ခက်ပါ တယ်။ အောင်အောင်မြင်မြင်ရှေ့ဆက်နိုင်လားဆိုတာကလည်း ထပ်တူပါပဲ။ အောင်မြင်မှုဆိုတဲ့အရာကို ဘာနဲ့သတ်မှတ်လိုက်သလဲပေါ်မူတည်ပြီး ပြောဖို့ခက်ပါတယ်။ တခြားသူတွေကနေ ဒီလူအောင်မြင်တယ် လို့တွေးပေမဲ့ ကာယကံရှင်က အဲဒီလိုမတွေးတာမျိုးဖြစ်နိုင်တာပဲမို့လို့။ ဒါပေမဲ့ တိတိကျကျသိချင်တယ်လို့ ပြောလာတာမို့ ဖြေရရင်တော့ ရှေ့ဆက်နိုင်မှာပါ။ အဲဒီပူလောင်မှုဟာ အောင်အောင်မြင်မြင်ရှေ့ဆက်ဖို့ အတွက် နည်းလမ်းတစ်မျိုးလည်းဖြစ်နိုင်ပါတယ်”
ချမ်းငြိမ်းအေးဟန်သည် ထိုအဖြေကို သူ့မျက်ဝန်းတည့်တည့်ကိုစိုက်ကြည့်ရင်း ဖြေပေးခြင်းဖြစ်သည်။ မျက်ဝန်းနက်များက မည်သို့မှန်းမသိဘဲ သူ့ကို ညှို့ထား၏။ ထို့နောက် ပွဲပြီးဆုံးသွားပြီး ဝေယံကမူ အရုပ် တစ်ရုပ်ကဲ့သို့ ကျောက်ဖြစ်ကျန်ခဲ့သည်။ မိုက်ခရိုဖုန်းပြန်ပေးလိုက်မိသေးလား မသိ။ ရှေ့မှ အမျိုးသမီးက ရော ဝေယံ့ကို မကျေမနပ်ဖြစ်သွားသေးလား မသိ။ တခြားဧည့်သည်တွေပြန်ပြီလား မသိ။ ရှေ့ကိုကြည့်ပါ သော်လည်း မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိသကဲ့သို့ နားထောင်သော်လည်း ကြားနိုင်စွမ်းမရှိတော့ သည့် အခြေအနေပင်။
“နင် အဲဒီမေးခွန်းက ငါ့ကို တမင်တိုက်ခိုက်ဖို့ မေးတာမဟုတ်ဘူးလို့တော့ ဖြေလိုက်စမ်းပါ”
သူ့ပုခုံးကိုတစ်ချက်ပုတ်လိုက်သော ကြည်သာအေးမြကြောင့်သာ အသိစိတ်ပြန်ဝင်လာ၏။ လူတွေပင် ပါး သွားပြီပဲ။ ဒီနေ့တနေကုန် အဆင်ပြေမနေပါ။
“ငါက နင့်ကို ဘာဖြစ်လို့တိုက်ခိုက်ရမှာလဲ ကြည်သာ။ နင်လည်းသိတာပဲကို”
ကြည်သာ့မျက်နှာကလည်း သိပ်မကောင်း။ သူကလည်း ဘာဆက်ပြောရမှန်းမသိ။ ထိုအခိုက်မှာပင် အနား သို့ မျှော်လင့်နေသောအရိပ်အငွေ့ သဏ္ဌာန်က ရောက်ရှိလွှမ်းခြုံသွား၏။
“ကြည်သာ.. ညီမလေး”
ဝေယံ လက်ထဲမှ စာရွက်လေးကိုသာ မှီတွယ်ရာအဖြစ် ကျစ်ကျစ်ဆုပ်ထားမိသည်။
“ကိုကို… ပြန်တော့မှာလား။ ကြည်သာ ဗိုက်ဆာနေပြီ”
“ကျောင်းထဲမှာပဲ နေ့လယ်စာစားကြတာပေါ့”
ချမ်းငြိမ်း၏အကြည့်က သူ့ပေါ်သို့ရောက်လာတော့ ဝေယံ အတော်နေရခက်သွားသည်။ ကြည်သာအေးမြ ကလည်း အလိုက်တသိ မိတ်ဆက်ပေးမည့် ကောင်မလေးမဟုတ်။ ဤမြေခွေးမလေးနဲ့တော့ ဒုက္ခပဲ။
“ခုနက မေးခွန်းမေးပေးတာ ကျေးဇူးတင်ပါတယ်။ ကိုယ့်နာမည် ချမ်းငြိမ်းအေးဟန် ပါ”
ကမ်းလာသော လက်တစ်ဖက်ကို ဝေယံ ကြောင်ကြည့်နေမိ၏။
“ကိုကို.. မိတ်ဆက်စရာလိုသေးလား။ သူတောင် ကိုကို့နာမည်ကိုတပ်ပြီးမေးတဲ့ကိစ္စကို။ ပြီးတော့ အဲဒါ တခြားသူမဟုတ်ဘူးလေ။ ဝေယံခ ။ Pennsylvania တက္ကသိုလ်မှာတက်တာ။ ကြည်သာတို့နှစ်တုန်းက The Whole Burma First”
ကြည်သာ့ရည်းစားဟောင်းဟု မမိတ်ဆက်ပေးသည်နှင့်တင် ကျေးဇူးတင်နေရသည်။
“ကြည်သာ နင်အဲဒီကိစ္စကိုဆွဲထုတ်ပြန်ပြီ။ ငါက ဝေယံခ။ မင်းနဲ့ငါက အသက်တူတူပဲဆိုတော့ မင်းနဲ့ ငါ ပဲပြောလို့ရတယ်မလား။ ဒီပွဲကို ဆရာနော့်အစားလာဖြစ်ပေမဲ့ မင်းပြောသွားတာတွေက ရှင်းလင်းပြီး နားထောင်လို့ကောင်းတယ်။ ငါ ဆရာနော့်ကို သေချာပြန်ပြောပေးပါမယ်”
ကြည်သာ့ကိုလှည့်ပြောပြီးမှ ချမ်းငြိမ်းကိုလက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုတော့မှ ကြည်သာ့ပြောစကား တစ်ခုကို သူနားလည်တော့၏။
ချမ်းငြိမ်းအေးဟန်၏ လက်သည် သေချာပေါက် ချမ်းငြိမ်းအေးဟန်၏လက်တွင်ရှိသင့်သော နွေးထွေးမှုတို့ အပြည့်ရှိလေသည်။
“ကိုယ်ဝမ်းသာပါတယ်။ ဒါဆို ဝေယံ.. ကိုယ်တို့နဲ့ နေ့လယ်စာတစ်ခါတည်းလိုက်စားပါလား။ ဒီကျောင်းထဲ မှာပဲ။ အချိန်အဆင်ပြေရင်ပေါ့”
မထင်မှတ်ထားသော ဖိတ်ခေါ်ခြင်းကြောင့် ကြည်သာ့ကို တစ်ချက်တော့ကြည့်လိုက်ရ၏။ ကြည်သာ မည်သို့ကန့်ကွက်ဦးမည်နည်းပေါ့။
“နင် လိုက်မှာဆို မြန်မြန်လာ။ ငါဗိုက်ဆာလို့သေတော့မယ်။ ကိုကို.. ဘယ်ဆိုင်လဲ”
ချမ်းငြိမ်းက တစ်ချက်ပြုံးပြီး ဆိုင်နာမည်တစ်ခုကိုရွတ်လိုက်သောအခါ ဝေယံ့ငြင်းဆန်နိုင်စွမ်းတို့က ထို အပြုံး အောက်တွင် အငွေ့ပျံသွားခဲ့၏။ လက်ထဲမှ ကြော်ငြာစာရွက်လေးကတော့ ကြေမွနေခဲ့ပြီ။
============================================================================
“ကိုကိုတော့မသိဘူး။ ငါတော့ နေမကောင်းဖြစ်ချင်လာပြီ”
ကြည်သာက အိပ်ရာပေါ် ခြေပစ်လက်ပစ်လှဲရင်း ပြောလိုက်တော့ ချမ်းငြိမ်းက ရေတစ်ခွက်ယူလာပေးရင်း ဘေးတွင်လာထိုင်၏။
“ရေသောက်လိုက်ဦး ကြည်သာ။ ပင်ပန်းသွားလို့ထင်တယ်။ ကိုယ်တောင်းပန်တယ်နော်။ ဒီည ကြည်သာလိုက်နိုင်ရဲ့လား”
ဟောပြောပွဲပြီးကတည်းက ရက်ဆက် ချမ်းငြိမ်းမနားရသေးသကဲ့သို့ ကြည်သာလည်း ပင်ပန်းလှပြီ။
“အမှန်တော့ မလိုက်ချင်တော့ဘူးဟာ။ ငါ တော်တော်စိတ်ကုန်သွားပြီ။ တော်တော် စကားပြောနိုင် ကြတဲ့ နေရာပဲ။ ကိုကိုရှိလို့သာစောင့်နေရတာ။ ငါ့မှာ ဝေယံခနဲ့သာစကားပြောဖော်မရရင် ပျင်းသေသွားမယ် ထင်တယ်”
ချမ်းငြိမ်းက တစ်ချက်ခေါင်းညိတ်၏။
“ဝေယံနဲ့ ရန်မဖြစ်တော့ဘူးပဲ”
“မဟုတ်ပါဘူးနော်။ ဒါပေမဲ့ သူက တခါတလေစကားပြောလို့ကောင်းတယ်လေ။ ကလိလို့လည်းကောင်း တယ် ဟားဟား။ ကိုကိုရော အဲဒီလိုမထင်ဘူးလား”
ချမ်းငြိမ်းက ရေးရေးကလေးပြုံး၏။ ကြည်သာ အောင့်သက်သက်တော့ဖြစ်သွားသည်။
“ဘာလဲ အဲဒါက။ ငါ ကလေးဆန်တုန်းပဲဆိုပြီးတော့တော့ မပြောနဲ့”
“ကြည်သာသိနေတာပဲ။ ဝေယံက တော်တဲ့သူပါ။ တအားစိတ်ပင်ပန်းအောင်မလုပ်နဲ့လေ”
“ပြတ်သွားတဲ့ ရည်းစားဟောင်းကို စိတ်ပင်ပန်းအောင်မလုပ်ပါနဲ့ဆိုပြီး ညီမကိုတရားချတဲ့အစ်ကိုပါလား နော်။ ချမ်းငြိမ်းရယ်.. နင်သာမန်အစ်ကိုပဲဖြစ်လို့မရဘူးလား”
“သာမန်အစ်ကိုက ဘယ်လိုမျိုးလဲ။ ကိုယ်လည်း ကြည်သာနဲ့မှ အစ်ကိုဖြစ်ဖူးတာဆိုတော့ သာမန်အစ်ကို ဆိုတာဘယ်လိုလဲ သိရအောင် တခြားသူရဲ့အစ်ကိုဖြစ်ကြည့်ရမလား”
“ချမ်းငြိမ်းအေးဟန် နော်”
ကြည်သာ အော်ပစ်လိုက်တော့ ချမ်းငြိမ်းကရယ်သည်။
“ကြည်သာ..”
“အင်း ကိုကို”
“ဝေယံ့ကို မုန်းလား”
“ဟားဟား။ သူနဲ့မတွဲခင်အထိမုန်းတယ်။ ဒါပေမဲ့ အခုတော့ အဲဒီဟာတွေမရှိပါဘူး ကိုကိုရာ။ သူက သူငယ်ချင်းအနေနဲ့ကောင်းပါတယ်။ ဘာလို့လဲ၊ ငါအခုထိ သူ့ကိုမုန်းပြီး လျှောက်လုပ်နေမှာကြောက်လို့ လား”
“ဝေယံက လူကောင်းတစ်ယောက်ပါ။ ပြီးတော့ သူ့နာမည်ကလည်း ကြည်သာပြောခဲ့သလို တအားဆိုးလှ တာမဟုတ်ပါဘူး”
ကြည်သာ ရယ်လိုက်မိသည်။ ဝေယံခ နာမည်ကို မလှဟုပြောခဲ့သည်မှာ ချမ်းငြိမ်းအေးဟန် ဆိုသည့် နာမည်စာလုံးလောက်မလှခြင်းကို ရည်ညွှန်းခဲ့ခြင်းသာ။
“ကိုကို သိလား။ ငါသူနဲ့ ပြန်တွေ့တွေ့ချင်း အဲဒါဘာနာမည်ကြီးလဲလို့ခွပ်ပစ်လိုက်တယ်။ သူကလည်းမခံ ဘူး။ ကြည်သာအေးမြကရော ကြည်သာအေးမြနေလားတဲ့”
“ကလေးနှစ်ယောက်ပဲ။ တကယ့်ကလေးနှစ်ယောက်”
“နင်ကမှ လူကြီးဖြစ်နေတာလေ။ ငါတို့က ပုံမှန်ပဲ”
“ကိုယ်လူကြီးမဖြစ်ချင်ပါဘူးကွာ”
ချမ်းငြိမ်းက အိပ်ရာပေါ်ဖြည်းဖြည်းချင်းလှဲချပြီး မျက်လုံးမှိတ်ထားတော့သည်။
===========================================================================
ဝယ်ယူထားသည့် အပြန်လေယာဉ်လက်မှတ်ကိုပင် ရက်ရွှေ့လိုက်ပြီးနောက် ဝေယံခသည် ကိုယ့်အခြေ အနေကိုယ် ကောင်းကောင်းကြီးသိသည်။ သို့သော် ယခုမှဘာလုပ်မည်နည်း။ ချမ်းငြိမ်းအေးဟန် ဖိတ်ခေါ် ခဲ့သော နေ့လယ်စာကို လိုက်သွားခဲ့ပြီးနောက်တွင် မည်သို့မျှ ရုန်းထွက်မရတော့ချေ။ ချမ်းငြိမ်းအေးဟန် နှင့် အချိန်ပြည့်စကားပြောချင်သည်။ အသံကြားချင်သည်။ ပြုံးမပြလျှင်နေ၊ မျက်နှာကိုလည်းမြင်ယောင် နေသေးသည်။ ဘေးတွင် ကြည်သာအေးမြ တစ်ယောက်လုံးရှိနေသည့်တိုင် ချမ်းငြိမ်းကိုသာ မြင်နေသည် မှာ တကယ်မဖြစ်သင့်။
ဤ နှစ်ရက်တွင် သူနှင့် ချမ်းငြိမ်းတို့ သိကျွမ်းလာကြသည်။ ချမ်းငြိမ်းက သူ့ကိုယ်သူ “ကိုယ်” ဟု သုံးနှုန်း တတ်သည်ကိုလည်း ဝေယံ့မှာ အံ့သြရင်းမှ နှစ်သက်ရပြန်သည်။ တချို့အချိန်များတွင် ချမ်းငြိမ်းက အင်တာဗျူးများရှိနေတတ်သဖြင့် ကြည်သာနှင့် သူက ခပ်လှမ်းလှမ်းမှ အအေးတစ်ခွက်နှင့် ငုတ်တုတ်ထိုင် ကြည့်နေကြရသည်။ ကြည်သာကလည်း ချမ်းငြိမ်းအကြောင်းဆိုလျှင်နှစ်ခါမေးစရာမလိုဘဲ စိတ်လိုလက် ရ ရှင်းပြတတ်၏။
“ဖေဖေက ကဗျာဆရာဆိုတော့ စာအရမ်းဖတ်တယ်လေ။ စာသမားပေါ့။ ချမ်းငြိမ်းက ဖေဖေ့စာအုပ်စင်က နေ အကုန်ယူဖတ်တာ။ ဒါပေမဲ့ သူ့ကိုယ်သူ ကိုယ် လို့စသုံးတာက ဖေဖေဆုံးပြီးမှပါ။ ဖေဖေ့နာရေးမှာ သူ က စာရေးဆရာမင်းလူရေးတဲ့ ငှက်ကလေးစာအုပ်ကို ဖေဖေနဲ့အတူထည့်ပေးလိုက်တယ်။ ပြီးတော့ကိုယ် လို့ စသုံးတော့တာပဲ။ မေမေတို့ကိုတော့ မသုံးဘူး။ မေမေတို့က အဲဒါမျိုးတွေသိပ်နားလည်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ငါနဲ့ တခြားရွယ်တူတွေဆိုရင်တော့ သူက ကိုယ် လို့ပဲပြောတော့တယ်”
“ငယ်ငယ်လေးနဲ့ပေါ့”
“အေး။ အခုနေတော့ သူ့ပုံစံနဲ့ ကိုယ် လို့သုံးတာက အရမ်းမိုက်တယ်လေ။ ဒါပေမဲ့ သူငယ်ငယ်တုန်းက လည်း ရယ်စရာကောင်းမနေဘူး။ ချမ်းငြိမ်းက တအားတည်တော့ သူ အဲဒီလိုသုံးတာကို ငါတော့ ရယ်စရာ လို့မတွေးဖူးဘူး”
ကြည်သာအေးမြနှင့် ရန်မဖြစ်ဘဲ နှစ်ရက်လောက်ကပ်လိုက်နိုင်သည်ပင် တော်ပါသေးသည်လေ။ ကြည်သာ ကလည်း အစပိုင်းလေးတွင်သာ ရှိုးတို့ရှန်းတန်းဖြစ်နေပြီး နောက်ပိုင်းမှာ သူနှင့် စကား ဖြောင့်ဖြောင့်ပြောပါ သည်။ ထေ့ငေါ့တာလေးတွေရှိတတ်သော်လည်း ချမ်းငြိမ်းရှေ့တွင် ကြည်သာ က စကားထိန်းပြော၏။ ထင် ထားသလိုပင် ချမ်းငြိမ်းသည် ကြည်သာ့ကို ကောင်းကောင်းကိုင်တွယ် တတ်သည်ပဲ။
ချမ်းငြိမ်းအေးဟန်သည် ဝေယံခ မုန်းတီးလိုက်နိုင်သည့် အချက်တိုင်းနှင့်ပြည့်စုံသည်။ ထိုကြားထဲမှ ဝေယံ့ မှာ မမုန်းနိုင်ဘဲ စွဲလမ်းနေမိသည်မှာ ကိုယ့်ကိုယ်ကိုယ်ပင်နားမလည်နိုင်တော့။ အရေးကြီးဆုံးက ချမ်းငြိမ်း က ယောက်ျားတစ်ယောက်ဖြစ်နေသည်။ ပြီးတော့ ချမ်းငြိမ်းဖတ်ရှုထားသောစာအုပ်များနှင့်ဆိုလျှင် လိင်တူချစ်သူတွေကို ရှုံ့ချဦးမလားမပြောတတ်။
“ရူးတော့မှာပဲ”
ကိုယ့်ကိုယ်ကိုယ် နံရံနှင့်ဆောင့်တိုက်နေမိသည်မှာ အခါခါ။ ယနေ့ညလည်း ပါမောက္ခမှ တည်ခင်းသော ညစာစားပွဲရှိသေးသည်။ ဆရာ့ကျေးဇူးဖြင့် ပါဝင်ခွင့်ရပြီး ဤလက်မှတ်နှင့်မဟုတ်လျှင်ပင် ချမ်းငြိမ်းနှင့် ကြည်သာက ချန်ခဲ့မည်တော့မဟုတ်ပါ။ သို့သော် ပြဿနာက ဝေယံကိုယ်တိုင်ပင်။ ဤစွဲလမ်းမှုကို ကြာရှည်မဖြစ်စေချင်တော့ပေ။ တစ်ခုခုတော့ပြင်ဆင်ရမည်။
ချမ်းငြိမ်းအေးဟန်…။ ငါ့ကို ဒီလောက်ပဲ ဒုက္ခပေးပါတော့။
=============================================================================
တက္ကသိုလ်ဝင်း၏ ခန်းမလတ်တစ်ခုတွင် တည်ခင်းထားသော ကော့တေးလ်ပါတီ ကလူစည်ကားပါသည်။ အားလုံးကဝတ်စုံပြည့်ဖြင့် အထာကျနေကြ၏။ ဝေယံ့မှာသာ ပါတနာအဖြစ် ဟားဗတ် မှ ပထမနှစ် တရုတ် မလေးကို ချိတ်ဆက်ခေါ်ဆောင်ခဲ့ရသော်လည်း တရုတ်မလေးကလည်း ဝေယံ့ကိုတော့ စိတ်ဝင်စားပုံမရ။
စောရောက်နေကြသည်ဖြစ်၍ တရုတ်မလေးက တခြားသူများနှင့်စကားပြောနေ၏။ ထိုအခိုက် ချမ်းငြိမ်း နှင့် ကြည်သာက လက်ချိတ်၍ ဝင်လာသောအခါ အားလုံး၏ အာရုံက သူတို့နှစ်ယောက်ပေါ်သာ ရောက် သွားတော့သည်။ ချမ်းငြိမ်းအေးဟန်က အဖြူအမည်း ဝတ်စုံ ဖြင့်ဖြစ်သောကြောင့် အတော်ခန့်ညားပြီး ထင် ပေါ်သလို ကြည်သာကလည်း ခဲရောင်ဂါဝန်ရှည်လေးနှင့်ဖြစ်သောကြောင့် လှပစွာဆွဲဆောင်နိုင်၏။ သို့သော် ဝေယံ့အကြည့်က ချမ်းငြိမ်းတွင်သာရှိနေခဲ့ပါသည်။
“တော်တော်လိုက်ဖက်တာပဲ”
ဘေးနားမှ လူတစ်ယောက်၏မှတ်ချက်ကြောင့် ဝေယံ စိတ်အနှောင့်အယှက်တော့ဖြစ်သွားသည်။ အမြွှာတွေဟု သိမထားလျှင် ဝေယံသည်လည်း ချမ်းငြိမ်းနှင့် ကြည်သာကို လိုက်ဖက်သောစုံတွဲအဖြစ် မြင် မိလိမ့်မည်။
“ပါတနာ ရအောင်ရှာခဲ့သားပဲ”
ချမ်းငြိမ်းရှေ့မှာ ခနဲ့ခံလိုက်ရသဖြင့်ဝေယံ နည်းနည်းတော့ အောင့်သွား၏။ ကြည်သာအေးမြဟာလေ..။
“နင့်မှာလည်း တခြားရွေးစရာလူမရှိတော့လို့လား ကြည်သာ”
“ဟော.. ချမ်းငြိမ်းရှိနေတာကို ငါက ဘယ်သူ့ရွေးရမှာတုန်း”
ကြည်သာက ပြုံးပြုံးလေးဖြင့် ခနဲ့လေလေ ဝေယံ့မှာခံရခက်လေ။
“ကြည်သာက နေသိပ်မကောင်းဘူး ဝေယံ။ သူကအခုခဏလာနှုတ်ဆက်ပြီး ပြန်မှာဆိုတော့ တခြားလူ နဲ့ တွဲရင် အဆင်မပြေမှာစိုးလို့ ကိုယ်ပဲပါတနာဖြစ်ပေးလိုက်တာ”
ချမ်းငြိမ်းက ဝင်ရှင်းပြတော့ ဝေယံ့ရင်ထဲ နည်းနည်းတော့ပေါ့ပါးသွာသလိုလို။
“ဟုတ်လား၊ ကြည်သာ။ နေမကောင်းဘူးလား”
“မသေသေးဘူး”
“ကြည်သာ”
ချမ်းငြိမ်းက ဟန့်ရုံရှိသေးသည်။ ကြည်သာက ဂါဝန် မ ပြီး သွားထိုင်နေလေ၏။ ထို့နောက် ချမ်းငြိမ်းဘေး တွင် လူတွေဝိုင်းလာသည်။ ချမ်းငြိမ်းအေးဟန်နှင့်စကားပြောချင်ကြသည်မှာ ဝေယံတစ်ယောက်တည်း မဟုတ်ပါ။ အမျိုးသား၊ အမျိုးသမီး လူပေါင်းစုံကိုမှ ဝေယံ့ ပါတနာပင်ပါသေးသည်။
ချမ်းငြိမ်းလက်ထဲမှ အအေးခွက်ကိုကြည့်ရင်း ဝေယံအတွေးများရသေးသည်။ ကြည်သာကတော့ သောက်တတ်သည်ကို ဝေယံသိ၏။ ချမ်းငြိမ်းကတော့ အအေးပဲရွေးချယ်သည်လား။
“သူက မသောက်တတ်ဘူးလား”
အအေးသောက်နေသော ကြည်သာ့ဘေးတွင်ထိုင်ရင်း မေးလိုက်မိသည်။
“ချမ်းငြိမ်းလား။ မသောက်ဘူးလေ။ နင်ကလည်း၊ သူ့ပုံစံနဲ့သောက်မလား”
“ချမ်းငြိမ်းအေးဟန်အကြောင်းကလည်း တခါသိရင် တခါအံ့သြစရာပါလား”
ကြည်သာက တိတ်ဆိတ်စွာဖြင့် လူကြားထဲမှ ချမ်းငြိမ်းကို ငေးကြည့်နေသည်။ အတော်ကြာမှ အအေး လက်ကျန်ကို မော့သောက်ရင်း..
“ချမ်းငြိမ်းက အရမ်းထူးဆန်းတယ် ဝေယံ။ ဘယ်လိုပြောရမလဲ။ ရှာဖွေဖော်ထုတ်ဖို့အများကြီးကျန်သေး တဲ့…”
“စကြဝဠာ..”
“ဆဲလ်တွေ..”
နှစ်ယောက်ပြိုင်တူပြောမိပြီးမှ ကြည်သာက မျက်မှောင်ကျုံ့သည်။
“စကြဝဠာက ကျယ်ပြန့်လွန်းတယ်”
“ဆဲလ်တွေကလည်း သေးမွှားလွန်းတယ်”
“ငါ အခု နင်နဲ့ရန်ဖြစ်ဖို့အားမရှိဘူးဟုတ်ပြီလား။ ပါမောက္ခလာရင် နှုတ်ဆက်ပြီးပြန်မှာ”
ထိုသို့ဆိုတော့လည်း ဝေယံစိတ်မကောင်းပါ။
“ကြည်သာ.. အဆင်ပြေရဲ့လား၊ ငါလိုက်ပို့ပေးရမလား”
“ရတယ်။ ကိုကိုစီစဉ်ပေးပြီးသား။ သူကတော့ စောပြန်လို့ရမှာမဟုတ်တော့”
ထိုအခိုက် ပါမောက္ခဝင်လာသဖြင့် သူတို့လည်း နှုတ်ဆက်ဖြစ်ကြသည်။ ကြည်သာက တကယ်ပင် နွမ်းနေ သဖြင့် ခဏချင်းပင် ပြန်သွားပါသည်။ ချမ်းငြိမ်းကိုပင် သေချာနှုတ်ဆက်ခဲ့ဟန်မတူ။ ချမ်းငြိမ်းကလည်း လူ ကြားထဲမှာဝိုင်းဖွဲ့စကားပြောနေရဆဲ။
ဝေယံမှာ ခပ်လှမ်းလှမ်းမှနေ၍ တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း နည်းနည်းအမြင်ကတ်လာသည်။ ထိုလူ တွေက အလိုက်ကမ်းဆိုးမသိကြပါလား။ ချမ်းငြိမ်းအေးဟန်ကို အစ်ကိုတာဝန်တောင်ကြေခွင့်မပေးကြ။
“သူ့ကို တအားမုန်းတာပဲလား”
ဝေယံ့ ပါတနာ တရုတ်မလေးက ဘေးမှလာမေး၍ ဝေယံ သောက်လက်စပင်သီးသွား၏။
“အရမ်း.. သိသာသွားလား”
“ဒီကိုလာတဲ့ တစ်လျှောက်လုံးလည်း အစ်ကိုက အဲဒီလူအကြောင်းပဲပြောနေတာလေ။ ဒီရောက်တော့ လည်း သူ့ကိုပဲကြည့်နေတာဟာ။ ကျွန်မကြားထားတာရှိပါတယ်။ သူ့ညီမနဲ့ အစ်ကိုကတွဲခဲ့တာဆို”
“အဲဒီလိုတော့လည်း မဟုတ်ပါဘူးကွာ။ မင်းလည်း စာလုပ်ရမယ့်ဟာကို ဘာတွေစိတ်ဝင်စားနေတာလဲ။ ကျင်းကျင်း ထင်သလိုမဟုတ်ဘူး။ သူ့ကိုလည်း မမုန်းဘူး”
“အစ်ကို့မျက်လုံးတွေမှာရေးထားတယ်။ ချမ်း တဲ့”
“ဟာ ဒီကောင်မလေးတော့”
ကျင်းကျင်း က ရယ်ပြီး တခြားဘဲတစ်ပွေနှင့်စကားသွားပြောနေ၏။ မဖြစ်တော့။ အပြင်လူတွေပင် သတိထားမိလောက်အောင် သူ့အဖြစ်ကဆိုးနေပြီဆိုလျှင် အပြတ်ဖြတ်မှဖြစ်တော့မည်ပဲ။ ချမ်းငြိမ်းဘေး မှာ လူတစ်ယောက်စ နှစ်ယောက်စသာကျန်သည်ကို အခွင့်ကောင်းယူလျှက် အနားသို့တိုးကပ်သွား လိုက်သည်။
“ချမ်းငြိမ်း.. ငါ မင်းနဲ့ဒီညစာရင်းရှင်းရမယ့်ကိစ္စရှိတယ်။ မင်းလိုက်ခဲ့”
ချမ်းငြိမ်းက အံ့သြသွားဟန်တော့ပေါ်သည်။ သို့သော် ချက်ချင်းခေါင်းညိတ်ပြီး ဝေယံ့နောက်လိုက်လာပါ သည်။ ခန်းမလတ်မှထွက်လျှင် ခန်းမကြီးသို့ရောက်မည်။ ခန်းမကြီးကိုကျော်လျှင်တော့ လရောင်ဆမ်း သော ပန်းဥယျာဉ်တစ်ခုသို့ရောက်လေသည်။ ရှေးခေတ်ရိုမန်စတိုင်လ်ဥယျာဉ်ဖြစ်၍ ရေပန်းများ၊ လျှောက် လမ်းများအပြင် ပန်းချုံများလည်းရှိသဖြင့် အေးအေးဆေးဆေးသာသာယာယာတော့ရှိလှသည်။ ဝေယံ သည် မထင်မှတ်ဘဲ ဤနေရာလေးကိုတွေ့လိုက်ရသည့်အတွက် ကျေနပ်သည်။
“ဝေယံ။ ပြဿနာတစ်ခုခုရှိလို့လား”
“မင်းမေးရဲသေးတယ်။ မင်းပါးစပ်ကနေ မေးရဲသေးတယ်။ ချမ်းငြိမ်းအေးဟန်”
“ကိုယ့်ကို စိတ်ဆိုးနေတာလား”
တော်ပါတော့ဟု ထိုင်ပင်ကန်တော့ချင်လာသည်။ ဤသို့လုပ်နေမှတော့ ဝေယံ မည်သို့အပြတ်ဖြတ်မည် လဲ။ ချမ်းငြိမ်းကို စွဲလမ်းမိသည့်စိတ်ကို အသိစိတ်ပြန်ကပ်စေရန် တစ်ယောက်ယောက်က နားရင်းရိုက်ပေး မှပင်ရတော့မည်ပဲ။ ထိုသို့နားရင်းရိုက်ပေးမည့်လူကလည်း ချမ်းငြိမ်းအေးဟန်ပဲဆိုလျှင် ဝေယံ သေချာ ပေါက် မုန်းတီးနိုင်လိမ့်မည်။ ဤသည်ကတော့ သေချာသည်။ မည်မျှ အသံနှင့်ဟန်ကို စွဲလမ်းပါစေ၊ ကိုယ့် ကို ကိုယ်ထိလက်ရောက်ကျူးလွန်သောလူကိုတော့ ဝေယံ စိတ်ဖြတ်နိုင်ပါသည်။
ဟုတ်ပြီ။ ဤညပဲ လေဆိပ်ဆင်းမည်။
“မင်း သေချာနားထောင်စမ်း။ ချမ်းငြိမ်းအေးဟန်”
ချမ်းငြိမ်းနားတိုးကပ်ပြီး မျက်နှာချင်းဆိုင်လိုက်၏။ ဤတွင် ဝေယံ တစ်စုံတစ်ရာကို သတိပြုမိသွား၏။ ပူရှိန်းနံ့…။ ကြည်သာ့ထံမှ ရနေကြအနံ့နှင့်တော့ မတူသော်လည်း ဆင်သည်။ ဤရနံ့က ပို၍ ပျော့ပျောင်း ပြီး သဘာဝဆန်သည်။ ရှေ့ရက်များကတော့ ကြည်သာနှင့်လည်းရှိနေ၍ ကြည်သာ့ထံမှပဲထင်လိုက်မိ သော်လည်း ယခုမှ သေချာသွားသည်က ချမ်းငြိမ်းအေးဟန်ထံမှ ရနံ့ဖြစ်ကြောင်းပင်။ အမြွှာမောင်နှမ ဖြစ်၍ အကြိုက်တူမည်က ပြဿနာမဟုတ်။ ယခု ပြဿနာအစစ်က ပူရှိန်းနံ့သည် ဝေယံ့စိတ်ကို ဆွဲ ဆောင်သည့် ကိစ္စပင်။
“သေရော”
“ဘာဖြစ်တာလဲ ဝေယံ”
ချမ်းငြိမ်းအေးဟန်၏ မျက်ဝန်းနက်တို့ကို ဝေယံ အဓိပ္ပာယ်မဖော်တတ်။
“ငါတစ်ခါပဲပြောမယ်။ မင်းကြောင့် စိတ်ဒုက္ခရောက်ရလွန်းလို့ ငါ..။ ဒီည အပြီးပြောမယ် ဟုတ်ပြီလား”
“ကိုယ် နားထောင်နေတယ်”
“ငါ မင်းကို ကြိုက်နေပြီထင်တယ် ချမ်းငြိမ်းအေးဟန်။ ငါတို့တွဲကြမလား”
သေပြီ။ တကယ်တော့ ငါတို့တွဲကြမလားဟူသည့်စကားက အစီအစဉ်ထဲမပါ။ ပူရှိန်းနံ့သင်းသင်း၏ နှောင့်ယှက်မှုအောက်တွင် ကမောက်ကမဖြစ်ကုန်ရသောကိစ္စတွေပါပင်။ ပြောပြီးပြီးချင်း မျက်နှာပူလွန်း ၍ ဝေယံ အံကြိတ်ကာ လက်သီးဆုပ်ထားမိသည်။ ချမ်းငြိမ်းထံမှလာမည့် လက်သီးချက်ကိုလည်း အသင့် ပြင်ထားမိ၏။ သို့သော် အတန်ကြာသည်အထိ ချမ်းငြိမ်းထံမှ တစ်စုံတစ်ရာတုံ့ပြန်မှုထွက်မလာသဖြင့် ဝေယံ မရဲတရဲဖြင့် မျက်လုံးဖွင့်ကြည့်မိသည်။ ချမ်းငြိမ်းရှိနေဆဲ။ ထိုအကောင်က အသေကောင်ကြီးလို ရှိနေဆဲ။ အသက်ရှူသံပင်မကြားရ။ တည့်တည့်ကြီးစိုက်ကြည့်နေ၏။
“ငါပြောချင်တာက အဲဒါပဲ။ မင်းအလှည့်ရောက်ပြီ”
ချမ်းငြိမ်း နားရင်းအုပ်လျှင် တစ်ချက်ပဲခံမည်ဟု ကိုယ့်ဟာကိုယ်တွက်နေသော ဝေယံ့ကို နားရင်းရိုက်သည် ထိဆိုးသော တုံ့ပြန်မှုတစ်ခု ချမ်းငြိမ်းနှုတ်မှပေးလာခဲ့၏။
“အင်း..”
“ဘာ”
“ကိုယ်တို့တွဲကြမယ်လို့ပြောတယ်မဟုတ်လား။ ကောင်းပြီလေ။ ဒီနေ့က Day 1 ပေါ့”
ချမ်းငြိမ်းက သူ့လက်ကို ဖျတ်ခနဲဆွဲယူသွား၏။ ဝေယံကတော့ ယခုမှ ဒုက္ခလှလှရောက်ခဲ့ပြီ။
=============================================================================


Leave a comment