13 – Vega (Star)

13 – Vega (Star)

(Vega သည် နေနှင့် အလင်းနှစ် ၂၅ ယူနစ်သာကွာဝေးပြီး နေအဖွဲ့အစည်းအတွင်း နေပြီးလျှင် အလင်းလက်ဆုံးသော ကြယ် တစ်လုံး လည်းဖြစ်သည်။)

အဖြစ်အပျက်တို့က မြန်ဆန်စွာ ပြောင်းလဲသွားသောကြောင့် ဝေယံ့၏ ဦးနှောက်မှာ လိုက်၍ပင်မမီလိုက်။ ခက်ခဲလှပါသည်ဆိုသော ရူပဗေဒပြဿနာများကိုပင် အာရုံစိုက်ကိုင်တွယ်သင်ယူနိုင်ခဲ့သော ဝေယံ့ကိုယခု မျက်ဝန်းနက်များကတော့ ကောင်းကောင်းကြီးဒုက္ခပေးနေလေပြီ။ ထိုမျက်ဝန်းနက်များက အစကနဦးမှာ ကိုယ့်မျက်နှာတည့်တည့်ကို စိုက်ကြည့်နေခဲ့၏။ ထို့နောက် ဖြည်းဖြည်းချင်းပြုံးငွေ့သန်းလာသည်။ နူးညံ့ လာသော မျက်ဝန်းနက်တို့က ပဟေဠိဆန်စွာ ပြုံးရယ်ပြီးနောက် ဝေယံ စွဲလမ်းခဲ့ရသော အသံတစ်ခု ကြား လိုက်ရပြီ။ သို့သော် ဝေယံထင်မှတ်ထားခဲ့သော စကားလုံးများတော့မဟုတ်။

“ကိုယ်တို့တွဲကြမယ်လို့ပြောတယ်မဟုတ်လား။ ကောင်းပြီလေ။ ဒီနေ့က Day 1 ပေါ့”

ထိုစကားရပ်၏ အဓိပ္ပာယ်ကို သေချာစွာ မစဉ်းစားနိုင်သေးခင်ပင် ဝေယံ့လက်များက ဖျတ်ခနဲ ဆွဲယူသွား ခြင်းခံလိုက်ရသည်။ အခု ချမ်းငြိမ်းက သူ့လက်ကိုဆွဲပြီးပြေးနေသည်လား။ ဝေယံ့ခြေထောက်များက လိုက်ပြေးနေသည်ထက် တရွတ်တိုက် ဘုမသိဘမသိပါသွားခြင်းဆိုလျှင် ပိုမှန်မည်။ လပြည့်ည၏ လရောင် အောက်ရှိ ရိုမန်ပန်းဥယျာဉ်ကျယ်ထဲမှာ အဖြူရောင် ကုတ်အင်္ကျီနှင့် ချမ်းငြိမ်းက ဝေယံ့လက်ကို ဆွဲပြီး ပြေး နေခြင်းသည် နတ်သမီးပုံပြင်ဆန်နေ၏။ မဟုတ်သေးပါဘူး၊ နတ်သမီးပုံပြင်ဆန်ရအောင် ဝေယံသည် စင်ဒရဲလားမဟုတ်ပါ။

“နေဦး။ ချမ်းငြိမ်းအေးဟန် ရပ်ဦးကွ”

ချမ်းငြိမ်းလက်မှ အတင်းဆွဲရုန်းလိုက်မှ ချမ်းငြိမ်းခြေလှမ်းတို့ကရပ်သွားပြီး သူ့ထံလှည့်ကြည့်လာသည်။ ဝေယံကတော့ ကျောက်ရုပ်ဖြစ်သွားပြီတောင်ထင်၏။ အသံသွင်းစက်လေးထဲမှ ကျောက်ရုပ်တစ်ပိုင်းဖြစ် သွားသော ဘုရင်လေးအကြောင်းပြောပြထားသည့် ချမ်းငြိမ်း၏ အသံကို သတိရမိပြီး အသက်ရှူ၍ပင် မဝ ချင်တော့။ ချမ်းငြိမ်းအေးဟန်က ပြုံးနေသည်လေ။ ချမ်းငြိမ်းအေးဟန်ဆိုသည့်ကောင်က ပြုံးနေသည်တဲ့။

ယခင်လို နှုတ်ခမ်းစွန်းလေးပဲမဟုတ်၊ မျက်ဝန်းလေးပဲမဟုတ်။ တစ်မျက်နှာလုံးက ကြည်နူးအားရစွာ ပြုံး နေသည်မျိုး။

“ဆောရီး ဝေယံ။ ခုနက ဟောလ်ခန်းထဲက လူတွေထွက်လာရင် ကိုယ်တို့အတွက် အနှောင့်အယှက်ဖြစ်မှာ စိုးလို့ ဒီဘက်ကိုထွက်လာခဲ့တာ”

ဝေယံ ခေါင်းခါပြီး ကိုယ့်ကိုယ်ကိုယ် အသိစိတ်ကပ်စေရ၏။

“အဲဒါနဲ့ပဲ နောက်ကနေ လိုက်သတ်နေကြသလို လက်ဆွဲပြေးရလားဟ”

“မောသွားပြီလား”

“မင်းကြီးတော်ကို မော”

ပြဿနာပဲ။ စကားကို ဘယ်ကစပြောရမလဲမသိ။ ဘေးဘီကြည့်တော့လည်း ပန်းချုံကြီးနှစ်ခုကိုမှ ခေါင်းလောင်းပန်းထင်ရသည့် အဝါရောင်ပန်းပွင့်ကြီးတွေနွယ်နေ၏။ သူတို့နှစ်ယောက်ရောက်နေသည်က သီးသန့်ဆန်သော အကန့်ဟုတော့ပြော၍ ရသည်။ ဤသည်က ကောင်းသည့်အခြေအနေလား၊ ဆိုးသည့် အခြေအနေလားတော့ ဝေယံမပြောတတ်။

“ရှက်နေတာလား ဝေယံ”

ဝေယံ ဆဲမိသွား၏။ ချမ်းငြိမ်းက တကယ်အတည်ပေါက်ကြီးမေးနေလေ ဝေယံ မျက်နှာဘယ်ထားရမှန်း မသိ။

“မင်း မျက်နှာမပြောင်နဲ့ ချမ်းငြိမ်း။ ငါ အဲဒီစကားကို အဲဒီအဓိပ္ပာယ်နဲ့ပြောတာမဟုတ်ဘူး”

“ဒါဆို ဘယ်လိုသဘောနဲ့ ပြောတာလဲ။ ကိုယ်နားလည်မှုလွဲသွားတာတော့ မဟုတ်ဘူးမဟုတ်လား”

ချမ်းငြိမ်းနှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ချမ်းငြိမ်းထံမှ ပူရှိန်းနံ့သင်းသင်းလေးရနေ၏။ ထို့ပြင် ချမ်းငြိမ်းအသံက လှုပ်ခတ်မှု သဲ့သဲ့ကို ခံစားမိသောအခါ ဝေယံ့ရင်ဘတ်ထဲ တုန်သွားရတော့သည်။ ချမ်းငြိမ်းအသံကို လပိုင်းမျှ ညစဉ်ရက်ဆက် အလွတ်ကျက်မိသူအနေဖြင့် ထိုအလှုပ်အခတ်ကို မရင်းနှီးစွာ နားထောင်နေမိသည်။ ချမ်းငြိမ်း ဘာကိုစိတ်ပူနေသလဲ။

“ဝေယံ.. ကိုယ့်ကို သဘောကျတယ်လို့ပြောတာ တကယ်မဟုတ်ဘူးလား”

ဘာမှမပြောနိုင်ခင် မေးခွန်းထပ်မေးလာသော ချမ်းငြိမ်းပါလား။ သဘောကျသည်ပင် မဟုတ်။ စွဲလမ်း သည့်အဆင့်ကိုရောက်နေပြီ။ မကြားရလျှင် အသံကိုတောင့်တသည်။ မမြင်ရလျှင် မျက်နှာကို စိတ်မှန်းနှင့် ပုံဖော်မိသည်အထိ။ သို့သော် မည်မျှစွဲလမ်းသည်ပဲဆိုဆို တွဲလိုက်ဖို့အထိက မဖြစ်သင့်။ ထို့ပြင် ချမ်းငြိမ်း ကလည်း ဤမျှ ချက်ချင်းလက်မခံသင့်ပေ။

“ငါပြောတာက ငါနည်းနည်းအသိစိတ်လွတ်သွားတယ်ထင်တယ်။ အင်း ဟုတ်တယ်။ ခုနက သောက်တာ များသွားလို့နေမှာ။ ဟားဟား။ မေ့လိုက်တော့နော်။ ဒီည ရယ်စရာလေးတွေဖြစ်သွားတာ”

ဘာမှမဖြစ်ဟန်ဖြင့် လှည့်ထွက်လာဖို့ကြိုးစားသော ဝေယံ့ရှေ့ကို ချမ်းငြိမ်းကပိတ်ရပ်လိုက်၏။ ပူရှိန်းနံ့တို့ သင်းခနဲဖြစ်သွားလျှင် ဝေယံ မအောင်မြင်နိုင်တော့ပါ။

“ရယ်စရာလေးတွေတဲ့လား ဝေယံ။ ဒါပေမဲ့ ကိုယ်က Day 1 လို့ပြောတာကတော့ အလေးအနက်ပဲ”

“မင်း တစ်ခန်းလွတ်နေပြီလား ချမ်းငြိမ်း။ ငါတို့က ယောက်ျားတွေဟ။ ဘယ်လိုလုပ်တွဲလို့ရမှာလဲ”

ချမ်းငြိမ်းမျက်ဝန်းများက ချက်ချင်းနူးညံ့သွား၏။ ဝေယံသည် ချမ်းငြိမ်းမျက်နှာမှ အလှုပ်အရွေ့တိုင်းကို လိုက်ကြည့်ပြီးခံစားမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းပါသည်။

“ဝေယံ။ မင်းစိတ်ပူနေတာ အဲဒီအတွက်လား။ ကိုယ်တို့နှစ်ယောက်ရဲ့ခံစားချက်ကို ဘာဖြစ်လို့ အပြင်ကလူ တွေရဲ့သတ်မှတ်ချက် စည်းဘောင်နဲ့ ဆုံးဖြတ်မှာလဲ။ ကိုယ့်ကိုကြည့်ပါ ဝေယံ။ ကိုယ် မင်းကို သဘောကျ တယ်။ မင်းဘေးမှာရှိနေချင်တယ်။ ကိုယ်တို့ရဲ့ဖြစ်တည်မှုက မင်းနဲ့ကိုယ် အချင်းချင်း အပြန်အလှန် အတွက် လုံလောက်ရင် အဆင်ပြေတယ်။ တခြားအမြင်တွေကို အာရုံမစိုက်စေချင်ဘူး”

သဘောကျသည်တဲ့။ ဘေးမှာရှိနေချင်သည်တဲ့။ အာကာသဟင်းလင်းပြင်ထဲတွင် ကြယ်ပေါင်း ထရီလျံနှင့် ချီရှိပြီး ထိုကြယ်များကို အမှုန်အမွှားများအဖြစ် ဖြတ်တိုက်သွားသည့် အလင်းတန်းတစ်ခုပမာ ခံစားနေရ သည်ပဲ။

“မင်းအထင်လွဲနေတာရှိသေးတယ်။ ငါမင်းကိုကြိုက်တယ်ဆိုတာ.. မင်းရဲ့အရည်အချင်းကိုကြိုက်တာ။ မင်းတော်တာကိုကြိုက်တာကွ”

မင်းကိုမဟုတ်ဘူး ဆိုသည့်စကားကိုတော့ လည်ချောင်းဝတွင်ပင် သိမ်းထားခဲ့ပါသည်။ အနည်းဆုံးတော့ ထို မျက်ဝန်းနက်များနှင့် မျက်နှာချင်းဆိုင်နေပြီး ပူရှိန်းနံ့တို့ဖြင့် စိတ်၏ ဆန္ဒကို ဖိထိန်းရသည့်အခြေအနေ တွင် မင်းကိုကြိုက်တာမဟုတ်ဘူး ဆိုသည့်စကားကို မပြောထွက်နိုင်ပါ။ ပြောမထွက်ရက်ပါ။

“ကိုယ်နားလည်တယ်။ ကိုယ့်ရဲ့အရည်အချင်းဆိုတာအတွက် ကိုယ်ဂုဏ်ယူရမှာပေါ့။ ဒါပေမဲ့ ဝေယံ.. ကိုယ် ကတော့ မင်းကို အဲဒီလိုမဟုတ်ဘူး”

ဝေယံ့ရင်ထဲ ဘာတွေဖြစ်လို့ဖြစ်နေပြီမှန်းတောင်မသိ။ ချမ်းငြိမ်းအေးဟန်ဆိုသည့်လူသားဟာ ဘယ်လို လူပါ လိမ့်။ ချမ်းငြိမ်းက ဝေယံ့ကိုကြိုက်နေသင့်သည့် အချက်ကို စဉ်းစား၍ပင်မရ။ ဘာအတွက် ကြိုက် တာလဲ။ ဝေယံသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းသည့်လူတစ်ယောက်တော့မဟုတ်ပါ။ ကြည်သာအေးမြ ၏ အဆက်မပြတ်ထိုးနှက်မှုတွေအောက်မှာပင် ဝေယံသည် မိမိ၏သွင်ပြင်နှင့် လုပ်နိုင် စွမ်းရည်ပေါ်တွင် အပြည့်အဝ ကျေနပ်အားရမှုရှိပါသည်။ သို့သော် ချမ်းငြိမ်းအေးဟန်နှင့်ဆိုလျှင်တော့ ဤသည်က မတူညီ သော ပြဿနာတစ်ခုဖြစ်လာပြီ။

“ငါ မသိတော့ဘူး ချမ်းငြိမ်း။ ငါ.. ဒီမှာဆက်မနေနိုင်တော့တာပဲသိတယ်”

ရှေ့တစ်လှမ်းတိုးကြည့်သော်လည်း ချမ်းငြိမ်းကမဖယ်ပေးဘဲ စိုက်ကြည့်နေဆဲ။

“ဖယ်စမ်းပါကွာ။ ငါ အချိန်မရတော့ဘူး”

“အခုကိုယ့်ကိုကျော်ပြီးရင် ဘယ်သွားမှာလဲ။ ပြီးတော့ ဘာလုပ်မှာလဲ”

“ငါ အခု ဘော်စတွန် လေဆိပ်ကို ကားငှားသွားရမယ်။ ညသန်းခေါင်နောက်ဆုံး ဖလိုက် နဲ့ပြန်မယ်။ အဲဒါကြောင့် အချိန်မရှိဘူး”

ချမ်းငြိမ်းက သူ့လက်မောင်းကိုဆွဲထားလိုက်၏။ ဝေယံသိသည်၊ ဤည ဖီလာဒဲလ်ဖီးယား ကိုပြန်ရောက် မည် မဟုတ်တော့။ ထိုအဖြစ်ကို သေချာသွားစေသည်က ချမ်းငြိမ်း၏ စကားတစ်ခွန်း။

“မသွားနဲ့လို့ ကိုယ်တားလို့ရမလား”

“မင်းကို ငါဆွဲထိုးမိတော့မယ် ချမ်းငြိမ်း”

ဝေယံသည် ယခုမှ ကိုယ့်အဖြစ်ကိုယ် သိသွား၏။ ဘာနှင့်တူနေသနည်းဆိုလျှင် ယခုစတင်စမ်းသပ်နေကြ သည့် မှတ်ဉာဏ်တု – Artificial Intelligence အတိုင်းပင်။ ဝေယံ့ခေါင်းထဲတွင် ချမ်းငြိမ်း၏ စကားပြောသံ မျိုးစုံရှိသည်။ စာအုပ်များကိုအသံထွက်ဖတ်ပေးထားသော ချမ်းငြိမ်းသည် စကားကွာခြားမှုအခြေအနေ အလိုက် အသံကိုအဖိအဖော့ပြောင်းလဲပေး၏။ ထို့ကြောင့် ကိစ္စရပ်များစွာအတွက် ချမ်းငြိမ်း၏ တုံ့ပြန်မှုကို ခန့်မှန်းနိုင်ခဲ့သည်သာ။ သို့သော် ယခုညမှစကားသံများသည် ထိုမှတ်ဉာဏ်တုမှ လေ့လာထားခြင်း အလျင်းမရှိသော ပကတိခံစားချက်များဟု ဝေယံ ယုံကြည်သည်။ ထိုခံစားချက်များကို ဝေယံ လျစ်လျူရှု ပစ်ဖို့ ခက်ခဲပါသည်။

“ကိုယ်တို့ သေချာစကားပြောရမယ်လို့မထင်ဘူးလား။ လေယာဉ်လက်မှတ်ကို ကိုယ်လည်းနှမြောပေမဲ့ ရက်နည်းနည်းလောက် ထပ်ရွှေ့ရင်ရော”

“အဲဒါ ဘယ်နှခါတောင်ရွှေ့ထားရတယ်ထင်လို့လဲ။ JetBlue က မင်းကြီးတော်လေကြောင်းလိုင်းလား”

ချမ်းငြိမ်းမျက်နှာက ဖြည်းဖြည်းချင်းပြုံးလာ၏။ အရှက်ကွဲပြန်ပြီပဲ။

“တခါလေးပဲထပ်ရွှေ့ပေးပါ ဝေယံ။ ကိုယ်တောင်းဆိုတာပါ”

ဝေယံသည် စိတ်ထဲမှ ငြင်းဆန်လိုမှုကို အပြတ်ဖယ်ရှားပစ်လိုက်ဖို့သာ စဉ်းစားလိုက်ပါတော့သည်။ ဘာပဲဖြစ်ဖြစ် ဤညက.. တကယ်ပင် ပထမဆုံးနေ့မဟုတ်လား။

==============================================================================

ကြည်သာမှာ ဗိုက်ထဲမှအောင့်သည့်ဒဏ်ကိုမခံချင်။ ထိုအချိန်များတွင် ချမ်းငြိမ်း၏ အသံသည်သာ သက်သာရာဖြစ်သည်မို့ ဘေးတွင် အသံသွင်းစက်ကို ခပ်တိုးတိုးဖွင့်ထားလိုက်၏။ ဂျူး ၏ နံရံ၏အခြား တစ်ဘက် ဝတ္ထုသည် ကြည်သာ့အကြိုက်ဆုံးထဲတွင်မပါဝင်သော်လည်း ချမ်းငြိမ်းအသံနှင့်ဆိုလျှင်တော့ စိတ်ဝင်စားစရာကောင်းပါသည်။ ဝတ္ထုထဲမှ နှောင်းခင်ဇော်ဆိုသည့် မိန်းကလေးကို ကြည်သာ စာနာကြည့် ၍ရသောအချိန်များရှိသည်။ ဥပမာ – သေခြင်းတရားသည် အရှုံးဖြစ်သည်ဟူသောခံယူချက်မျိုး။

“နှောင်းအရှုံးမပေးချင်ဘူး.. သေမှာကြောက်တာထက် လူ့လောကထဲက ထွက်သွားရတဲ့အရှုံးကို နှောင်း လက်မခံချင်ဘူး။ နှောင်းသေသွားတဲ့အခါ သူတို့က နှောင်းကို သနားကရုဏာသက်သလိုလို စုတ်တသပ် သပ်နဲ့ မျက်ရည်လည်ပြကြလိမ့်မယ်။ မေမေ့ကို သူတို့နှစ်သိမ့်ပေးလိမ့်မယ်၊ သူတို့ကိုယ်တိုင်ကတော့ ဘယ်တော့မှ မသေတော့မယ့်ပုံစံမျိုး အောင်နိုင်သူရဲ့မျက်နှာထားမျိုးတွေနဲ့ နှောင်းရဲ့အလောင်းကို ငုံ့ ကြည့်နေကြလိမ့်မယ်..”

ချမ်းငြိမ်း၏ အံ့သြဖွယ်ရာထဲတွင် ထိုစာသားများကဲ့သို့ စိတ်ပူပင်သောကရောက်နေသော မိန်းကလေးတစ် ယောက်၏ ပြောစကားများကို ချမ်းငြိမ်း၏ ပင်ကိုယ်ဟန်ဖြင့် သဘောပေါက်အောင်ဖတ်ပြနိုင်ခြင်းပင်။ သေခြင်းတရားက တကယ်ပဲရှုံးသလား။ ချမ်းငြိမ်းရော ဘယ်လိုထင်မှာပါလိမ့်။ ချမ်းငြိမ်း ဤစာအုပ်ကို ဖတ်ပြရန် ရွေးချယ်လိုက်ခြင်းက တစ်စုံတစ်ရာအဓိပ္ပာယ်ရှိ၍သာဖြစ်မည်။ ကြည်သာ ဆက်နားထောင် ကြည့်သည်။ နှောင်းခင်ဇော်ဆိုသည့် မိန်းကလေးက ဆရာဝန်ဖြစ်သူ ဒေါက်တာအောင်စည်နှင့် အပြန်အ လှန်စကားပြောခန်းများကတော့ ချမ်းငြိမ်းရွေးချယ်သည့်အကြောင်းအရင်းဖြစ်နိုင်သည်ပဲ။

“အလင်းကိုခံစားရလောက်အောင် ကြည်လင်တဲ့မျက်နှာတွေ့ဖူးလို့လား”

“ဆရာ့မျက်နှာလေ”

ဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ် မည်မျှ ကြည်ညိုဖို့ကောင်းသနည်းမှနေ၍ လူတစ်ယောက်၏ မျက်နှာ ကြည်လင်ပုံအကြောင်း ဆွဲပြောသွားပုံက သဘောကျစရာကောင်းလွန်းသည်ပဲ။ ကြည်သာလည်း ထိုသို့ကြည်လင်သောမျက်နှာကိုသိ၏။ တစ်ခုပင်မက၊ နှစ်ခုရှိသည်။ ပထမတစ်ယောက်က ဖေဖေဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ ချမ်းငြိမ်းအေးဟန် ပင်။

ကြည်သာ အသံသွင်းစက်ကိုပိတ်ပြီး ဖုန်းကိုလှမ်းယူလိုက်၏။ ချမ်းငြိမ်းကိုဖုန်းခေါ်သင့်လား။ ဟင့်အင်း၊ ချမ်းငြိမ်းကိုက အချိန်မရွေးဆက်၍ရသည်။ ညအိပ်ချိန်မတိုင်မီ ကြည်သာ ဆက်ရမည့်လူရှိ၏။ ဖုန်းနံပါတ် တို့နှိပ်လိုက်တော့ သိပ်မစောင့်လိုက်ရပါ။

“ဟေး ဆူဇန်..”

“အို.. အေး။ ဖုန်းဆက်မယ်မထင်ထားဘူး။ ခဏနော် တို့ Dryer ပြန်သွားပေးလိုက်ဦးမယ်”

“Dryer.. ဘယ်သူ့ Dryer လဲ ဆူဇန်။ ခေါင်းမှုတ်တဲ့ Dryer လား”

“ဟုတ်တယ် အေး၊ အောက်ထပ်က ကေတီ ဆီက။ ခဏလေး..”

ကြည်သာ အလိုမကျမှုဖြင့် ထထိုင်လိုက်၏။ ကေတီ ဆိုသောမိန်းမကို ကြည်သာသိသည်။ စိတ်ပညာ ဌာနမှပဲ ဖြစ်ပြီး ဆူဇန်နှင့်မတူစွာပဲ ဆရာကြီးလုပ်လွန်းသဖြင့် ကြည်သာ လုံးဝကြည့်မရ။ အဆောင်သူများ စု၍ ရုပ်ရှင်ကြည့်ကြလျှင်ပင် ကေတီ ပါလျှင် ကြည်သာမသွား။

“ရပြီ အေး။ ဟူး.. ထူးထူးခြားခြား ဖုန်းဆက်လို့ပါလား။ အဲဒီမှာဘယ်လိုနေလဲ”

“ဆူဇန်.. အဲဒါတွေထားစမ်းပါ။ မင်း ဘာဖြစ်လို့ Dryer မဝယ်သေးတာလဲ။ ပြီးတော့ ငှားရင်တောင် အဆောင်မှာ လူ တစ်ရာလောက်ရှိတာ။ ကေတီ ဆီကငှားစရာလိုလို့လား”

“တို့ အမြဲငှားနေကြမို့လို့ပါ အေးရဲ့။ Dryer ကအမြဲမသုံးဖြစ်ဘူးလေ။ တခါတလေလောက်ပဲ သုံးတာ။ အခု လည်း ညဘက်ဖြစ်နေလို့ ငှားလိုက်တာပါ အေးရယ်”

“ဘာ။ ငှားနေကြဟုတ်လား။ မင်းနဲ့ အခန်းနီးတာက တို့မဟုတ်ဘူးလား ဆူဇန်”

“အေးကို အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။ ဆောရီး အေး”

ဆူဇန် သည် ကြည်သာ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်၍ ထိုသူငယ်ချင်းကိုတော့ အဆုံးရှုံးမခံနိုင်။ အထူးသဖြင့် ကိုယ်ကြည့်မရသည့် မိန်းမထက်သို့အပါမခံနိုင်။

“မင်းလုပ်တာနဲ့ တို့ ဗိုက်ပိုအောင့်သွားပြီ”

“ဟင် နေမကောင်းဘူးလား အေး။ ဘာဖြစ်တာလဲ။ အခု ဟိုတယ်မှာလား။ အေး အစ်ကိုရော။ ဝေယံ လည်းရှိတယ်ဆို။ မဟုတ်ဘူး.. 911 ပဲခေါ်လိုက်တော့။ ပြီးတာနဲ့ တို့ကိုဖုန်းပြန်ဆက်။ တို့စောင့်နေမယ်”

“အဲဒီလောက်မလိုဘူး။ ဆူဇန်..  တို့ အခုဖုန်းခေါ်တာ အကြောင်းရှိတယ်။ မေးစရာရှိလို့”

“ရရဲ့လား အေးရယ်။ တို့တော့စိတ်မချဘူး”

“သေခြင်းတရားက အရှုံးလား”

ဆူဇန် တိတ်သွား၏။ ကြည်သာ စိတ်မရှည်စွာထပ်မေးမိသည်။

“သေပြီဆိုရင် ရှုံးတယ်လို့ ထင်လား ဆူဇန်”

“အေးက ဘယ်လိုအနေအထားအတွက်သိချင်တာလဲ”

“ဥပမာ..  á€…န်ဒရဏ အဲဒီလိုလုပ်သွားတာ ရှုံးတာလား နိုင်တာလား”

သေခြင်းတရားအကြောင်း ကြည်သာတွေးတော့ ခေါင်းထဲမှာ ပထမဆုံးပေါ်လာသည်က ဖေဖေ။ ဖေဖေက အိပ်နေရင်းမှာပင် ဆုံးသွားခဲ့သည်မို့ အေးအေးချမ်းချမ်းပါပဲဟု ပတ်ဝန်းကျင်ကပြောကြသည်။ဤသည်ကို ကြည်သာ တကယ်ဟုတ်မဟုတ်မသိ။ ထို့နောက် လွိုင်ကော်မှဆက်သွားရသော ရွာကလေးရှိ ကြီးတော်၏ နာရေး။ ကြီးတော်နှင့်က မရင်းနှီး။ သို့သော် လေယာဉ်ခရီးသွားရမည်ဟု မေမေကပြောလာသောအခါ ကလေးပီပီသွားချင်ခဲ့သည်မို့ ကြည်သာရောက်သွားခြင်းသာ။ ကြီးတော် ရောဂါနှင့်ဆုံးသည်ဟုသာ မေမေ က ပြောသည်။ ဘာရောဂါမှန်းလည်းမသိ။ ထို့ပြင်ကြီးတော်နာရေးပြင်ထားသည့်အိမ်ကို ကြည်သာတို့ သွားပင်မကြည့်ဖြစ်။ ဒါဖြင့် ဘယ်သူ့သေခြင်းတရားအကြောင်းတွေးဖြစ်မလဲဟု ကိုယ့်ကိုယ်ကိုယ် မေး ကြည့်တော့  á€…န်ဒရဏ ဆိုသည့်နာမည်ပေါ်လာသည်။ ဆူဇန် ၏ မျက်နှာဖြင့် မီးထဲလောင်ကျွမ်းသွားသည့် မိန်းကလေး..။

“ စန်ဒရာ က အရှုံးသမားသက်သက်ပဲ အေး။ ဒါပေမဲ့ သူ့ကိုယ်သူတော့ အနိုင်ရတယ်ပဲထင်သွားတာလေ။ တို့ကို အပါမခေါ်နိုင်ခဲ့တာတောင်သူမသိဘူး။ ဆိုတော့ အရှုံးပေါ့”

ဆူဇန် အသံက တိုးသော်လည်း မာထန်သည်။

“ စန်ဒရာ က မင်းကိုရှုံးတာလား”

“မဟုတ်ဘူး။ သူ့ကိုယ်သူရော.. တစ်လောကလုံးကိုရော.. ရှုံးတာ”

“ဟုတ်ပြီ။ တို့သိချင်တာ အဲဒါပဲ”

“အေး..”

“အင်း ဆူဇန်.. တို့ ဟားဗတ် ကနေ အသစ်ထွက်တဲ့ ပါမောက္ခဘားနက် ရဲ့ဦးနှောက်နှင့် စိတ်အာရုံ ဆက်စပ်ပုံ စာအုပ် ဝယ်လာတယ်။ သူ့လက်မှတ်လည်းပါတယ်သိလား”

“အေး.. နောက်တစ်ခါ အဲဒီလိုကိစ္စမေးဖို့အတွက် ညမိုးချုပ်ဖုန်းမဆက်ပါနဲ့။ ဂရုစိုက်ပါ”

ဆူဇန် က ဖုန်းချသွားခဲ့ပြီ။ ကြည်သာ မှားသွားပြီလားဟု တွေးမိပြီး စိတ်ထဲနေ၍မကောင်းဖြစ်လာ၏။ ဆူဇန် ဝမ်းနည်းသွားပြီထင်သည်။ ကြည်သာ တောင်းပန်ရမည်လား…။

==============================================================================

လပြည့်ညတွေသည် ဝေယံ့ဘဝတွင် မည်သို့မျှ ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ဟု ထင်သည်။ ထို့ပြင် တယ်လီစကုပ်ရှိလာသောအခါ လပြည့်လ၏ ရောင်ပြန်အလင်းသည် တခြားသော ကြယ်များကို ရှာဖွေရာ တွင်ပင် အနှောင့်အယှက်ဖြစ်စေသေး၏။ ထို့ပြင် လပြည့်လသည် ဆွဲအားအကောင်းဆုံးအချိန်ဖြစ်သော ကြောင့် ကမ္ဘာပေါ်တွင် ဒီရေတို့အမြင့်ဆုံးတက်သေးသည်။ သို့သော်… ထိုတွေးတောချက်များသည် ယခု လပြည့်ည၏ လှပမှုအောက်တွင် အရာအားလုံးပြောင်းလဲသွားခဲ့ပြီ။

“ဒီညက မြန်မာလို နတ်တော်လပြည့်။ ကိုယ်တို့ မြန်မာသက္ကရာဇ်နဲ့မှတ်တော့လည်း ထူးခြားတာပဲ”

ချမ်းငြိမ်းက ခပ်မတ်မတ်ထိုင်ပြီး ပြောနေသည်။ ပန်းချုံဘေးမှနေ၍ ယခုတော့ ဥယျာဉ်ကိုမြင်ရသည့် အမိုး တစ်ခုပေါ်ထိုင်နေဖြစ်ကြပြီ။ လရောင်ဖြင့် ကြည့်လို့တော့ကောင်းသားပါပဲ။

“လပြည့်ညတွေကို မင်းကြည့်နေကြလား”

“အင်း။ ကိုယ် အခွင့်အရေးရရင် ငေးဖြစ်ပါတယ်။ လပြည့်ညတွေက ထူးခြားတယ်လေ မဟုတ်ဘူးလား”

“ငါကတော့ လ ကိုဖြတ်ပြီး အာကာသထဲ မြန်မြန်ခရီးသွားလို့ရဖို့ပဲစိတ်ဝင်စားတယ်”

“မင်းရဲ့အိပ်မက်က ဘာလဲ ကိုယ်သိလို့ရမလား ဝေယံ”

သိလို့ရမလားတဲ့။ ချမ်းငြိမ်း၏ စကားပြောပုံကိုကထူးခြားသည်။

“ငါ့အိပ်မက်က အင်း.. အောင်မြင်တဲ့ ရှာဖွေမှုတွေလုပ်နိုင်ပြီး ကမ္ဘာပေါ်မှာထင်ရှားတဲ့ ရူပသိပ္ပံပညာရှင် ဖြစ်ချင်တယ်။ ငါ့လက်နဲ့ကိုယ်တိုင် spacecraft သေးသေးလေးတစ်ခုခုဖြစ်ဖြစ် ပါဝင်ပြီးလုပ်နိုင်ချင်တယ်”

အံ့သြဖို့ကောင်းသည်က ထိုအိပ်မက်ကို ချမ်းငြိမ်းက ပထမဆုံးကြားသိရသည့်လူဖြစ်သည်။ ကြည်သာနှင့် တုန်းကလည်း ထပ်တူအမေးခံခဲ့ရသည့်တိုင် ဝေယံဖြေခဲ့သည်က “NASA မှာအောင်မြင်ဖို့” ဟူသော ခပ် တုံးတုံးအဖြေတစ်ခုသာ။ ဤသည်ကိုပင် ကြည်သာက ရယ်မောပစ်ခဲ့ပြီး ချမ်းငြိမ်းကတော့ ဝေယံ့ကို လေး လေးနက်နက်စိုက်ကြည့်နေခဲ့၏။

“မင်းမှာ အဲဒီလိုလုပ်နိုင်တဲ့အရည်အချင်းအပြည့်အဝရှိတယ်လို့ ကိုယ်ယုံတယ် ဝေယံ။ ပြီးတော့ အချိန် တောင်သိပ်ကြာမှာမဟုတ်ဘူး။ ကိုယ်ပြောရဲတယ်၊ လာမယ့် ဆယ်စုနှစ်မှာတင် မင်းရဲ့အိပ်မက်တွေ အကုန်ဖြစ်လာလိမ့်မယ်”

ဆယ်စုနှစ်။ ဝေယံ သဘောကျစွာဖြင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။

“ဆယ်စုနှစ်မှာ ငါက အသက် ၃၀ ကျော်ပဲရှိဦးမှာ ချမ်းငြိမ်း။ အသက် ၃၀ ကျော်နဲ့ spacecraft တစ်ခု တည်ဆောက်ပြီး လွှတ်တင်နိုင်မယ်ဆိုရင် ငါက အိုင်းစတိုင်းတို့ ဟော့ကင်းတို့ထက်တောင် ပိုနာမည်ကြီး မှာပေါ့။ NASA မှာတောင် မနည်းကပ်တွယ်နေရမယ့်အချိန်ကိုကွာ”

“တကယ်ပြောတာ ဝေယံ။ ကိုယ့်ကိုမယုံဘူးလား”

မယုံဘူးဟု ပြောလိုက်ချင်သော်လည်း ဝေယံ့စိတ်ထဲမှာက ချမ်းငြိမ်းအေးဟန်၏စကားလုံးတိုင်းကို လိုက်နာရမည့် နိယာမတစ်ခုပမာ နက်နက်ရှိုင်းရှိုင်းယုံကြည်ပါသည်။

“အေးပါကွာ။ တကယ်ဖြစ်ရင်တော့ ကောင်းတာပေါ့။ မြန်မာပြည်ဖွား သိပ္ပံပညာရှင်ကြီး မစ္စတာ ဝေယံခ။ မိုက်သားပဲ။ မင်းရော.. မင်းအိပ်မက်ကဘာလဲ ချမ်းငြိမ်း”

ချမ်းငြိမ်းက ပြုံးပြီး လပြည့်ညကို မော့ကြည့်နေသည်။

“ကိုယ့်အိပ်မက်က တကယ်ပဲ ချမ်းငြိမ်းအေးဟန် ဖြစ်ဖို့လေ”

“အဲဒီလိုမဟုတ်ဘဲ ဟိုလို ငါ့လို အိပ်မက်မျိုးရော”

“ကိုယ်ဂရုစိုက်တဲ့သူတွေကို ပျော်ရွှင်အောင်ထားချင်တယ်”

“ဘာကွာလို့လဲ အဲဒါက။ မင်းနဲ့ကြာကြာစကားပြောရင် ငါဂေါက်မယ်”

ဝေယံ မကျေမနပ်ပြောမိသည်။ ချမ်းငြိမ်းအေးဟန်၏ အဖြေက ထိုသို့ဖြစ်မည်ဟုပဲ မျှော်လင့်ထားသည့် တိုင် ဝေယံသည် ချမ်းငြိမ်းကို ယခုထက်ပို၍ တစ်ကိုယ်ကောင်းပိုဆန်စေချင်သည်။ ပိုပြီး ရည်မှန်းချက်တွေ ထားစေချင်သည်။

“အခုမှအစပဲရှိသေးတာ။ စိတ်မဆိုးနဲ့လေ။ ကိုယ့်ရဲ့အိပ်မက်တော့မဟုတ်ပေမဲ့ လုပ်ရမယ့်ကိစ္စထဲတော့ အမေရိကားမှာ ကျောင်းတက်ဖို့ပါတယ်”

“ဟင် တကယ်လား”

မဟုတ်သေးပါဘူး။ သူတက်ချင်တက်ပေါ့။ ဝေယံ့စိတ်ထဲပျော်စရာအကြောင်းမှမရှိဘဲ။

“အင်း။ ဘာလို့လဲ။ ကိုယ်က မြန်မာပြည်ပြန်သွားမှာကို မင်းနဲ့တွဲမယ်ပြောခဲ့တယ်ထင်နေလား ဝေယံ”

“ဘယ်လိုနေနေကွာ တစ်ပတ်လောက်နဲ့ပြတ်ချင်လည်းပြတ်သွားမှာပဲကို”

“ကြည့်တာပေါ့”

ချမ်းငြိမ်းက ပြုံးနေလျှင် နှစ်ဆပိုကြည့်ကောင်းသည်ပဲ။ ပူရှိန်းနံ့သင်းသင်းလေးက နှစ်ယောက်ကို ရစ်ပတ် နေသည်ဟုထင်ရ၏။ အပေါ်ဝတ်အဖြူဖြင့် ချမ်းငြိမ်းက ဘေးတိုက်ကြည့်လေ ပိုဆွဲဆောင်မှုရှိလေ။ သို့သော် မနမ်းချင်။ ဝေယံ စ မနမ်းချင်သဖြင့် စိတ်ကိုချုပ်တည်းထားရ၏။

“ဝေယံ..”

“ဘာလဲ”

“ဟိုးဘက်က ခပ်လင်းလင်းကြယ်လေးကိုတွေ့လား”

“တွေ့သားပဲ။ အဲဒါဘာဖြစ်လဲ။ ကောင်းကင်မှာ ကြယ်ရှိတာဆန်းလား။ ကြယ် ဘယ်နှကုဋေတောင်ရှိလဲ သိရဲ့လား”

“အဲဒီကြယ်အကြောင်း မင်းသိလား”

ဝေယံ နေရာအနေအထားအရ မှန်းပြီး မည်သည့်ကြယ်စုမှဖြစ်သည်ဟုတော့ ပြော၍ရသည်။ နေနှင့်နီးကပ် သောကြယ်များထဲမှ အလင်းလက်ဆုံးကြယ်များကို စဉ်းစားနေစဉ် ချမ်းငြိမ်းကဆက်ပြော၏။

“အဲဒီကြယ်ကို ရှေးခေတ်သက္ကတဘာသာမှာ အဘီဂျစ် လို့ခေါ်တယ်။ ရှုံးနိမ့်ခြင်းကင်းသော ပြိုင်ဘက်ကင်း အောင်နိုင်သူ လို့ ပြောရမယ်ထင်တယ်။ သူက လိုင်ရာ ကြယ်စုထဲမှာ အလင်းဆုံးပဲ”

“Vega ကိုပြောတာလား”

လိုင်ရာ ကြယ်စုကိုတော့ ဝေယံ တရေးနိုးမေးလျှင်ပင်ဖြေနိုင်ပါသည်။ Vega သည် အလင်းလက်ဆုံးသော ကြယ်တစ်စင်းထဲတွင်ပါပြီး ထူးခြားသော သွင်ပြင်လက္ခဏာများကြောင့် အာရုံစိုက်လေ့လာခံရသော ကြယ် လည်းဖြစ်သည်။

“အင်း။ အဲဒီကြယ်ပါပဲ။ မင်းအိပ်မက်တွေတကယ်ဖြစ်လာမှာလို့ပြောတဲ့အခါ အဲဒီကြယ်ကိုပါ မြင်နေရပြီ ဆိုတော့ သေချာပါတယ်။ ဝေယံ.. မင်းက ပြိုင်ဘက်ကင်းအောင်နိုင်သူဖြစ်မှာ”

“ချမ်းငြိမ်း.. ငါ Vega မဖြစ်ချင်ဘူး။ မင်းသိလား.. Vega က တောက်ပပါတယ်။ ဟုတ်တယ်။ အများကြီး လည်း လေ့လာခံရတယ်။ ဒါပေမဲ့ သူက နေ ပြီးတဲ့နောက် ဒုတိယအရေးပါတဲ့ ကြယ် တဲ့။ ငါ ဒုတိယမဖြစ် ချင်ဘူး။ ငါ နေ ပဲဖြစ်ချင်တယ်။ ငါ ဒုတိယနေရာတွေကိုမုန်းတယ်”

ချမ်းငြိမ်းတိတ်ဆိတ်သွား၏။ ထို့နောက်မှ ချမ်းငြိမ်းက ဖြည်းဖြည်းချင်း ထရပ်သည်။ ဝေယံလိုက်ရပ် တော့ ချမ်းငြိမ်းက လက်ကမ်းပေး၏။ ထိုလက်ကို မမြင်ချင်ဟန်ဆောင်လိုက်သော်လည်း ချမ်းငြိမ်းက ရုတ်တရက် ဝေယံ့ကို ဆွဲယူလိုက်သည့်အတွက် အချင်းချင်းနီးကပ်သွားရ၏။ ပူရှိန်းနံ့ပျော့ပျော့လေးက သင်းနေသည်။ မျက်ဝန်းနက်တို့က တစ်စုံတစ်ရာအဓိပ္ပာယ်ဆောင်နေပြန်ပြီ။

“ဝေယံ။ ကိုယ့်ကို သဘောကျတယ်လို့ ပြောခဲ့တာ ရယ်စရာအဖြစ်ရှိတုန်းပဲလား”

ချမ်းငြိမ်း၏ အသက်ရှူသံတည်ငြိမ်ပုံက ဤအခြေအနေတွင် ပို၍စိတ်လှုပ်ရှားစရာကောင်းနေသည်။

“မင်းအဲဒီလိုကြီးမေးမှဖြစ်မှာလား။ လွှတ်စမ်းပါ။ တခြားသူတွေမြင်ရင် ကြည့်မကောင်းဘူး”

ချမ်းငြိမ်းက ခပ်ဖွဖွလေးလွှတ်ပေးပြီးမှ ဝေယံ့လက်ကိုဆွဲကာ နာရီချင်းတိုက်၍ “၁၂ နာရီကျော်သွားပြီ ဝေယံ။ Welcome to Day 2” ဟု ဆိုသည်။ ဝေယံ မဆဲနိုင်တော့ပေ။


Leave a comment