14 – TON 618

14 – TON 618

(TON618 သည် အလွန်ဝေးကွာသော၊ စွမ်းအင်များတက်ကြွကာ အလွန် တောက်ပသော Galaxy များ၏ အဖွဲ့ဝင်ထဲမှတစ်ခုဖြစ်သည်။ လေ့လာချက်များအရ TON618 သည် အစောပိုင်း ရှာဖွေတွေ့ရှိထားမှု မှန် သမျှထဲတွင် ထုထည်အကြီးမားဆုံး တွင်းနက်ကြီးကို ပိုင်ဆိုင်ထားပြီး ယင်းမှာ နေ၏ ထုထည်ထက် အဆပေါင်း ဘီလျံ ၄၀ ကျော်ရှိသည်)

တစ်စုံတစ်ခုလွဲမှားနေပြီဟူသော ခံစားချက်သည် ကောင်းသောကိစ္စများအတွက်သာဖြစ်သင့်ပါသည်။ ရင်ထဲ တလှပ်လှပ်ခံစားနေရသော မသိစိတ်က ကောင်းသောကိစ္စအတွက်ဖြစ်လိမ့်မည်ဟု ကြည်သာ မယုံ ပါ။ အထူးသဖြင့် ချမ်းငြိမ်းနှင့်ပတ်သက်သည်ဆိုလျှင် ကြည်သာ တွေးရုံနှင့် စိတ်မောရပြီ။ ကော်ဖီသောက် နေသော ချမ်းငြိမ်းကို မသိမသာလေး ငဲ့စောင်းကြည့်မိ၏။ ဟားဗတ် မှပြန်လာပြီးကတည်းက ချမ်းငြိမ်း တစ်စုံတစ်ရာ ပြောင်းလဲနေသည်ကို ကြည်သာသတိထားမိသည်။

“ဘာဖြစ်လို့လဲ ကြည်သာ”

ကြည်သာနှင့် ချမ်းငြိမ်း၏ ကွာခြားချက်က ချမ်းငြိမ်းသည် ကြည်သာ့ကိုကြည့်မနေသည့်အချိန်မှာပင် ကြည်သာ ဘာဖြစ်နေမှန်းသိသည့်အချက်ပင်။ ကောင်းပြီလေ။ ကြည်သာကလည်း သိပ်ပြီး ထိန်းချုပ်ချင် သူမဟုတ်ပါ။ မေးမှဖြစ်မည်။ မေးမှရမည်။ ဤအစိုင်အခဲကို ဖြေရှင်းပစ်ရမည်ပဲ။ ချမ်းငြိမ်းအနားသို့ ထ သွားလိုက်မိသည်။

“ကိုကို.. ဒီရက်ထဲ တစ်ခုခုဖြစ်သေးလား”

ချမ်းငြိမ်းက ကြည်သာ့မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်နေ၏။ မကြိုက်။ ထိုမျက်ဝန်းနက်များက ကြည်သာ့အတွက်မဟုတ်တော့သလို ခံစားနေရ၍ သဘောမကျပါ။ ကြည်သာ စိတ်ထဲပူလောင်လာသည်။

“ကိုယ်ဘာဖြစ်နေတယ်လို့ ကြည်သာ ထင်လဲ”

“ငါမသိဘူး ချမ်းငြိမ်း။ နင်က နင်မဟုတ်တော့သလိုမျိုးပဲ။ နင့်ကိုယ်ကို နင်မဟုတ်တဲ့ တစ်စုံတစ်ရာက ပူးကပ်နေသလိုမျိုး..။ နင့်ကိုကြည့်နေရင်းတောင် နင့်ကိုမမြင်ရတော့ဘူး”

ချမ်းငြိမ်းက ကော်ဖီခွက်ကို တစ်ချက်ငုံ့ကြည့်နေ၏။ ပြီးတော့မှ မတ်တပ်ထရပ်ပြီး အခန်းထဲရှိ အံဆွဲထဲမှ တစ်စုံတစ်ရာကိုသွားထုတ်လာသည်။ 

“ကြည်သာ”

ချမ်းငြိမ်းက အနားကပ်လာပြီးနောက် ကြည်သာ့ခြေထောက်များရှေ့တွင် ထိုင်ချလိုက်သည်ကို နားမလည် နိုင်စွာပဲ ငေးကြည့်နေမိ၏။ ထို့ပြင် စိတ်ထဲတွင်လည်း တစ်စုံတစ်ရာသေချာလာပြီ။

“ကိုယ် ကြည်သာ့ဖို့ လက်ဆောင်တွေထဲ ဒီတစ်ခုပေးဖို့ကျန်ခဲ့သေးတယ်။ ကြည်သာက အိုက်တတ်ပေမဲ့ လက်ဖျားခြေဖျားတွေအေးတတ်တယ်လေ။ ဒီအနွေးဖိနပ်လေးက ဟိမဝန္တာတောင်တန်းတွေပေါ်က လျှော်တစ်မျိုးနဲ့လုပ်ထားတာ။ တိရိစ္ဆာန်သားရေမပါပေမဲ့ ခြေထောက်အသားကို နွေးထွေးလုံခြုံမှု အပြည့် အဝပေးတယ်။ ပြီးတော့ ကြည်သာ့လို ခြေဖဝါးနုနုလေးတွေနဲ့လည်း သင့်တော်တယ်”

ကြည်သာ့ ခြေဖမိုးကို ချမ်းငြိမ်းက ဖြည်းဖြည်းချင်း ကိုင်,မ,ယူ လိုက်ပြီး အနွေးဖိနပ်ဟုဆိုသည့် ဖြူဖြူ အလုံးလေးထဲသို့ သွင်းပေးလိုက်၏။ ကြည်သာ အဖြေကိုသိနေပါပြီ။ သို့သော် ထုတ်ဖော်ပြောဖို့ အင်အား မရှိတော့။

“လွန်ခဲ့တဲ့ ၃ ရက်က ကိုယ့်အတွက် ထူးခြားတဲ့လူတစ်ယောက်နဲ့ လက်တွဲဖြစ်ဖို့ သဘောတူခဲ့တယ် ကြည်သာ။ အဲဒီအခိုက်အတံ့က ကိုယ့်အတွက်လည်း မမျှော်လင့်ဘဲနဲ့ ရလာတာဖြစ်ပေမဲ့ ကိုယ်ပျော်ရွှင်ရ တယ်။ အဲဒီသူနဲ့ ဘဝကိုရှေ့ဆက်ချင်တယ်။ တိုတောင်းတဲ့အချိန်ဆိုရင်တောင် ကိုယ် ကြိုးစားကြည့်ချင် လာတယ်။ နောက်ကျမှ အသိပေးဖြစ်လို့ ကိုယ် တောင်းပန်ပါတယ် ကြည်သာ”

သိပြီးသားအဖြေကို ချမ်းငြိမ်းနှုတ်ဖျားမှ ကြားလိုက်ရသည်လောက် ပိုနာကျင်စရာရှိပါဦးမလား။ ကြည်သာ တောင့်တင်းစွာ ရပ်ရင်း ချမ်းငြိမ်းကို ငုံ့ကြည့်နေမိသည်။ ချမ်းငြိမ်းက ကြည်သာ့ခြေဖဝါးနှစ်ဖက်လုံးကို အနွေးဖိနပ်လေးထဲထည့်သွင်းပေးပြီးသော်လည်း ကြမ်းပြင်မှမထသေး။

“ကြည်သာ သဘောမကျတဲ့လူတွေကို ရည်းစားမတော်ဖို့ ပြောဖူးတာ ကိုယ် အမြဲအမှတ်ရပါတယ်”

“ဘယ်သူလဲ ကိုကို… နင်လက်တွဲချင်တာ ဘယ်သူလဲ”

“ကိုယ်နဲ့ ဝေယံ့ကို ကြည်သာ အကြာကြီးစိတ်မဆိုးရင် ကောင်းမှာပဲ”

ကြည်သာ မျက်ရည်တလိမ့်လိမ့်ကျလာ၏။ ဝေယံ..။ ကြည်သာ့ ငယ်ဘဝ၏အိပ်မက်ကို တစ်မှတ်တည်းနှင့် အနိုင်ယူသွားခဲ့သူ။ ကြည်သာ့၏ ရည်းစားဦးဖြစ်ခဲ့ပြီး ပထမဆုံး ရင်းနှီးခဲ့သူ။ အခုတော့ ကြည်သာ့ရဲ့ တစ်ခုတည်းသော အမြတ်တနိုး ရတနာကိုပါ သိမ်းပိုက်သွားခဲ့ပြီပဲ။

“ဝေယံ ဖြစ်နေတာလား..။ အဲဒါကြောင့် သူက နင့်အကြောင်းတွေတောက်လျှောက်မေးနေတာပဲ”

“ဝေယံ့ကို စိတ်မဆိုးပါနဲ့ ညီမလေး”

ကြည်သာ ရယ်မောလိုက်ချင်သည်။ သို့သော် ရယ်ရန်ပင် အင်အားမရှိ။ ကြည်သာ့ တစ်ကိုယ်လုံးမှ အားအင်တို့ ဆုတ်ယုတ်သွားပြီထင်သည်။

“ချမ်းငြိမ်း။ အဲဒီလိုဆိုတော့ ငါတို့က တကယ်စိတ်ချင်းဆက်သွားသလိုပဲနော်။ ဝေယံ့ကို ငါလည်းတွဲဖူးပြီး အခု နင်ကလည်း သဘောကျတယ်ဆိုတော့”

ချမ်းငြိမ်းက တိတ်ဆိတ်စွာ မတ်တပ်ထရပ်လာသည်။ ချမ်းငြိမ်း၏ အရပ်က ကြည်သာ့ပေါ်မိုးထား၏။ မော့ ကြည့်စရာမလိုဘဲ ကြည်သာသိသည်။ ချမ်းငြိမ်းသည် ကရုဏာမျက်ဝန်းများဖြင့် ကြည့်နေပါလိမ့်မည်။

“ငါ့ကို ဒီဖိနပ်ပေးတာက နင်မပါတော့မယ့်အနာဂတ်ကို ရှေ့ဆက်လျှောက်ဖို့လား”

“ကြည်သာ့ရဲ့ဘဝထဲမှာ ကိုယ်ကအမြဲတမ်းတစ်စိတ်တစ်ပိုင်းဖြစ်နေမှာပါ။ ကိုယ်မပါတော့မယ့် ကြည်သာ့ အနာဂတ်မရှိသလို ကြည်သာမပါဝင်မယ့် ကိုယ့်ရဲ့ဘဝလည်းမရှိဘူး ညီမလေး”

“ကောင်းပြီလေ။ ဒီဖိနပ်ကို ငါလက်ခံပါတယ်။ ငါ့ရဲ့အရှုံးတရားအတွက် ရခဲ့တဲ့လက်ဆောင်လို့ အမြဲ သိမ်း ထားမယ်”

အရှုံးတရားအတွက် ရရှိခဲ့သော ဆုလက်ဆောင်။ အဓိပ္ပာယ်ပြည့်ဝလွန်းတဲ့ ခြေနင်းတစ်စုံပါလား။

“ကိုယ်တောင်းပန်ပါတယ်”

“မတောင်းပန်စမ်းနဲ့ ချမ်းငြိမ်းအေးဟန်။ ဒါက နင့်ရဲ့ရွေးချယ်မှုလေ။ နင်အဲဒါကို အဆုံးထိဆုပ်ကိုင်ထားမှာ ပဲကို ဘာဖြစ်လို့တောင်းပန်မှာလဲ။ ဘာပဲဖြစ်ဖြစ်.. နင်ရွေးချယ်တဲ့သူက ဝေယံခ ဆိုတော့ ငါနည်းနည်း စိတ်သက်သာရာရသွားတယ်။ သူက နင်ရွေးချယ်လို့ရနိုင်သမျှလူတွေထဲမှာ အကောင်းဆုံးသူပါ။ ဘယ်က မှန်းမသိတဲ့ မိန်းမတွေ၊ ယောက်ျားတွေထက် ငါကောင်းကောင်းသိထားတဲ့လူကို ရွေးတာပဲ တော်ပါသေး တယ်။ အနည်းဆုံးတော့ ဝေယံခက တော်တယ်လေ”

ကြည်သာ မျက်ရည်အတောမသတ်ကျလာသည်။ ရှိုက်သံကထိန်း၍ပင်မရ။ ချမ်းငြိမ်းက ကြည်သာ့ ပုခုံး ကို ဖွဖွလေး ဆုပ်ကိုင်ပေးထားတော့ ပို၍ပင်ဆိုးသေးသည်။ စိတ်တင်းထားသည့်ကြားမှ ချမ်းငြိမ်းကို မှီချ မိပြီး ခပ်တိုးတိုးတောင်းဆိုမိသည်။

“နင်… သူ့ကို ငါ့ထက်ပိုမချစ်ပါနဲ့ဟာ”

“ကြည်သာက ကိုယ့်ရဲ့တစ်ဦးတည်းသော ကြည်သာအေးမြလေ။ ကျေးဇူးတင်ပါတယ် ကြည်သာ”

ချမ်းငြိမ်းအေးဟန်ရဲ့ရင်ခွင်က ပထမဆုံးအကြိမ်အဖြစ် အေးစက်နေခဲ့ပါသည်။

==============================================================================

ကွန်ပျူတာဖန်သားပြင်ပေါ်မှ အောင်စာရင်းကို မကြည့်ချင်သေးသဖြင့် ဝေယံ အချိန်ပတ်ဖြုန်းနေမိသည်။ ခုံနံပါတ်နှင့် မွေးနေ့ရိုက်ထည့်ရန်သာလိုသော အဆင့်တွင် ဝေယံ အမှားအယွင်းတစ်ခုကို ရင်ဆိုင်နိုင်ဖို့ အင်အားမရှိပါ။ ဘေးခန်းမှတချို့၏ အော်ဟစ်အောင်ပွဲခံသံတို့ ကြားနေရသော်လည်း ဝေယံ တံခါးဂျက်ချ ထားပြီး ရှေ့စာမျက်နှာကိုမသွားရဲသေးဘဲဖြစ်နေသည်။ ဆယ်တန်းစာမေးပွဲတုန်းကပင် ဝေယံ ထိုသို့ မခံ စားဖူးပါ။ ပထမရမည်ဟု ယုံကြည်ချက်ပြင်းထန်ခဲ့သည်မဟုတ်လား။ သို့သော် တက္ကသိုလ်ကြီးတွင် ကိုယ့် ထက်သာသော လူများနှင့်ချည်းရင်ဆိုင်ရသောအခါ ဝေယံ အဖြေကို မကြည့်ရဲ။

စိတ်လှုပ်ရှားသည်တို့ ငြိမ်စေရန် အသံသွင်းစက်အကူအညီယူရမည်ဟု တွေးနေမိစဉ် အသံရှင်က တိုက်တိုက်ဆိုင်ဆိုင်ဖုန်းဆက်လာ၏။ ဟုတ်သားပဲ။ အမှန်တော့ ချမ်းငြိမ်းနှင့် ဝေယံတို့ ပတ်သက်မှုသည် ပွင့်ပွင့်လင်းလင်း တိုင်ပင်၍ရသော ဆက်ဆံမှုဖြစ်နေပြီပဲ။ ခိုးကြောင်ခိုးဝှက်နဲ့ အသံသွင်းစက်နားထောင် စရာတော့မလိုပါ။ ချမ်းငြိမ်းအေးဟန် သည် ကြည်သာအေးမြ မဟုတ်သဖြင့် ဝေယံ့စိုးရိမ်မှုတို့ကို အလေး အနက် နားထောင်ပေးမည်ဟု ယုံသည်။

“အေး ချမ်းငြိမ်း။ မင်းဖုန်းဆက်တာ အတော်ပဲ”

“ကိုယ့်ဖုန်းကိုစောင့်နေတာလား ဝေယံ”

ချမ်းငြိမ်းအေးဟန်သည် ထိုသို့ မျက်ခွက်ပြောင်တတ်သေးသည်။ ဝေယံ့မှာ မနည်းကြီးမျိုချထားရ၏။

“မင်းအဲဒီအသားယူတာတွေ ခဏရပ်ပြီး ငါ့ကိစ္စကို နားထောင်မှာလား နားမထောင်ဘူးလား”

“မင်းပြောတာတွေ နားထောင်ချင်လို့ ဖုန်းဆက်တာပါ။ ကိုယ်နဲ့ ဘာတွေပြောချင်လဲဟင်”

ဟင် ဆိုသည့် အသံထောက်စကားလုံးကို ပျော့ညံ့သည့်ပုံစံဟု ဝေယံ ခံယူဖူးသော်လည်း ချမ်းငြိမ်း၏ အသံနှင့်ဆိုလျှင်တော့ ငိုချပစ်ချင်စရာ အားကိုးမှုမျိုးပေါ်လာသည်ပဲ။

“ငါ ဘွဲ့မရခင် အလုပ်သင်အဖြစ် ဘယ်မှာလုပ်ခွင့်ရမလဲဆိုတဲ့ အောင်စာရင်းကြည့်ဖို့ရှိတယ်”

“ဟုတ်လား။ အခုကြည့်လို့ရပြီလား”

“ရပြီ”

ဒါဆိုကြည့်လေ ဟူသော စကားမျိုးပြောလျှင် ဝေယံ တကယ်ဆဲပစ်လိုက်မည်ဟု တွေးထားသော်လည်း ချမ်းငြိမ်းက တခြားလူမဟုတ်ပါ။

“ဝေယံ။ ကိုယ်ပြောသလိုလေး အတူတူလုပ်ကြည့်ကြမလား။ အသက်ကို နှာခေါင်းနဲ့ ရှူသွင်းပြီး ၁၊၂၊၃ လို့ ရေပြီးရင် ပါးစပ်ကနေ ရှူထုတ်ကြည့်နော်။ အဲဒါက စိတ်လှုပ်ရှားတာကို နည်းနည်းလျော့စေလိမ့်မယ်”

ဝေယံ ဖုန်းကိုင်ထားလျှက်က ချမ်းငြိမ်း ညွှန်ကြားသည့် အသက်ရှူလေ့ကျင့်ခန်းကို လိုက်လုပ်မိသည်။ ၃ ခါမျှ လုပ်ပြီးသည့်နောက်တွင် ရင်ထဲကို ဖိထားသော အစိုင်အခဲက သိသိသာသာပြေလျာ့သွား၏။ ယခု  အချိန်တွင် အောင်စာရင်းရလဒ်ထက် ချမ်းငြိမ်းအေးဟန်၏ အသက်ရှူသံကသာ အာရုံထဲရောက်လာပြီ။ အသက်ရှူသည့်ကိစ္စရပ်ကိုပင် ဆွဲဆောင်မှုရှိအောင်လုပ်နိုင်သည့်လူသားက ကိုယ့်ရည်းစားပါလားဟု တွေး မိတော့ ဝေယံ စိတ်ချမ်းသာသွားရသည်။

“အောင်စာရင်းစာမျက်နှာဖွင့်ထားပြီးပြီလား ဝေယံ”

“အင်း။ ခုံနံပါတ်နဲ့ မွေးနေ့ရိုက်ထည့်ဖို့ပဲလိုတယ်”

“ခဏလေး။ မင်းအဲဒီအောင်စာရင်းမှာ အတိအကျလိုချင်တဲ့အဖြေရှိလား”

“ငါမှမဟုတ်ဘူး ငါတို့တစ်နှစ်လုံးက သိပ္ပံကျောင်းသားတွေအကုန်လုံးရဲ့အိပ်မက်က NASA ရဲ့ အလုပ်သင် ဖြစ်ဖို့ပဲ။ ဒါပေမဲ့ အဲဒါက မေဂျာတိုင်းရဲ့ ထိပ်ဆုံး ၂ ယောက်ကိုပဲရွေးမှာ”

“NASA မှာအလုပ်သင်ဖြစ်ဖို့။ အင်း။ တကယ်လို့ ထိပ်ဆုံး နံပါတ် ၃ ဆိုရင်ရော ဘယ်မှာအလုပ်လုပ်ရမှာလဲ”

ဝေယံ မတွေးချင်။ နံပါတ် ၃ လည်းမဖြစ်ချင်။

“NASA က အမြဲ ထိပ်ဆုံး ၂ ယောက်ကိုခေါ်သွားတယ်။ တခြားအဖွဲ့အစည်းတွေကတော့ ကျန်တဲ့သူတွေ ကို အင်တာဗျူးတို့ ဝင်ခွင့်တို့နဲ့ပြန်ခေါ်တယ်။ ဒါပေမဲ့ အဲဒါက အာမခံချက်မရှိဘူး”

“ဝေယံ။ မင်းက NASA ရဲ့ရွေးချယ်မှုနဲ့ သင့်တော်မှာ ကိုယ်သိတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုး ကြောင့် ထိပ်ဆုံးနှစ်ယောက်ထဲမပါခဲ့ရင်တောင် ဘွဲ့ရပြီးတဲ့အခါ NASA ကိုလျှောက်လို့ရနိုင်သေးတယ်။ အဲဒီလိုရမယ်ဆိုတာလည်း ကိုယ်ယုံတာမို့လို့။ အခု ခုံနံပါတ်ရိုက်ထည့်ကြည့်နော်”

ဝေယံက အရှုံးအတွက်ပြင်ဆင်ထားခြင်းမရှိပါ။ သို့သော် ဘေးမှ ချမ်းငြိမ်းအေးဟန်သည် ဝေယံ့အတွက် ကူရှင်တွေခံထားပေးသလိုမျိုး အကုန်ပြင်ဆင်ပေးနေသည်ပဲ။

“ငါအခုကြည့်လိုက်မယ်။ ဖုန်းချလိုက်ရမလား”

အမှန်တော့ ဝေယံ ဖုန်းမချချင်။ ချမ်းငြိမ်း စကားမပြောလျှင်တောင် အသက်ရှူသံ ငြိမ်ငြိမ်လေးကြားရ သည်က စိတ်သက်သာရာရစေမည်။

“ကိုယ့်ကို မင်းရဲ့ထူးခြားတဲ့အခိုက်အတံ့နားရှိနေပေးဖို့ အခွင့်အရေးပေးပါဦး”

ဝေယံ ပြုံးလိုက်မိပြီး ခုံနံပါတ်ရိုက်ထည့်လိုက်သည်။ ထို့နောက် မွေးနေ့ နံပါတ်များ။

“System ထဲရောက်ပြီ။ အာ…”

UPenn Physics ၏ ထိပ်ဆုံးနှစ်ယောက်စာရင်းတွင် ဝေယံ မပါဝင်ခဲ့ပါ။ သို့သော် ထို အတန်းဖော်နှစ်ဦး သည် သေချာပေါက် ထိပ်ဆုံးနှစ်ယောက်နှင့်ထိုက်တန်သော ထူးချွန်သူများဖြစ်နေသဖြင့် ဝေယံ အထွန့် တက်၍မရ။

“ဝေယံ။ ကိုယ် အဲဒီကိုလာခဲ့ရမလား”

ချမ်းငြိမ်းက ကြည်သာ့ကျောင်းနားတွင်ပင် ခဏနေထိုင်နေသည်ဖြစ်၍ လာမည်ဆိုလျှင်တော့ ရပါသည်။ သို့သော် ဝေယံသည် ဤအနေအထားဖြင့် ချမ်းငြိမ်းကို တွေ့ချင်သည်လားမသေချာ။

“ငါ..”

“ကိုယ်လာခဲ့လိုက်မယ် ဟုတ်ပြီလား”

“မလို…ဟင်။ ချမ်း…ချမ်းငြိမ်း… အောင်စာရင်းကမပြီးသေးဘူး”

ဝေယံ မယုံနိုင်စွာပဲ ဆက်၍ကြည့်နေမိသည်။ အောင်စာရင်းသည် မေဂျာအောင်စာရင်းအဆင့်သာဖြစ်ပြီး NASA ၏ ရွေးချယ်ခြင်းခံရသူစာရင်းတွင်တော့ ဝေယံခ ဟူသောနာမည်က နံပါတ် ၂ ဖြင့်ပါဝင်နေ၏။

“ငါ NASA ကိုပါတယ်.. ချမ်းငြိမ်းအေးဟန် .. ကြားလား။ ငါ NASA ကိုပါသွားပြီ”

“ဝေယံ တကယ် Congratulations။ မင်းသိပ်တော်တာပဲ ဝေယံ။ အား ကိုယ်ဖုန်းဆက်မိတာ မှန်သွားတာ ပဲနော်”

“ချမ်းငြိမ်း.. ငါ NASA မှာအလုပ်လုပ်ခွင့်ရတော့မှာကွ။ အား.. ဒါ အိပ်မက်လား”

“မဟုတ်ပါဘူး။ ဒါအိပ်မက်မဟုတ်ဘူးလေ မင်းရဲ့အိပ်မက်ထဲ ကိုယ်ပါပါနိုင်လို့လား ဝေယံ”

“ပါတာပေါ့”

သတိလက်လွတ်ဖြေပြီးမှ​​ ဝေယံ အရှိန်သတ်လိုက်ရ၏။

“နေဦး။ ငါကဘယ်လိုဖြစ်ပြီး ပါသွားတာလဲ ဖတ်လိုက်ဦးမယ်”

“မင်းတော်တာကို သူတို့မြင်လို့ပေါ့​”

ချမ်းငြိမ်းအေးဟန် အပိုတွေပြောပြန်ပြီဟု တွေးနေစဉ်ပဲ အောက်တွင်ရေးသားထားသော မှတ်ချက်က ထို အတိုင်းဖြစ်နေသည်ကို မြင်ရတော့ တကယ်အံ့သြသွားရ၏။ ဝေယံသည် NASA ကခေါ်ယူမည့်အစီအစဉ် အရတော့ ထိပ်ဆုံး နှစ်ယောက်မဟုတ်၍ မပါခဲ့ပါ။ သို့သော် ပထမနှစ်မှစတင်၍ ဝေယံ့၏ အစဉ်အဆက် စာတမ်းများ သုတေသနများနှင့် Space engineering အပိုင်းတွင်ရူးသွပ်ပုံကို NASA မှဖတ်ရှုပြီးနောက် တွင် မြန်မာနိုင်ငံသားလည်းဖြစ်သောကြောင့် မတူညီသည့်နောက်ခံများကို ထည့်သွင်းစဉ်းစားရာတွင် ထပ်တိုးနှစ်ယောက်ပါလာခဲ့ခြင်းပင်။ အိန္ဒိယနွယ်ဖွား ကျောင်းသူတစ်ဦးနှင့် မြန်မာနိုင်ငံသား ဝေယံတို့ သည် Diversity Excellence ဟူသောခေါင်းစဉ်အောက်တွင် ပါဝင်ခွင့်ရရှိခဲ့သည်။

“Diversity ကြောင့်ပဲ”

“ဝေယံ။ အဲဒါက မင်းတော်လို့ဆိုတဲ့အချက်ကို နည်းနည်းမှ မထိခိုက်ဘူးလေ။ Diverse Background ကို ရွေးချယ်တိုင်း မင်းမတော်ရင်သူတို့ရွေးမှာမှမဟုတ်တာ”

“မဟုတ်ပါဘူး။ ငါကျေနပ်ပါတယ်”

“ကျေနပ်ရမှာမဟုတ်ဘူး ဝေယံ။ ပျော်ရမှာ”

“အင်း..။ ပျော်ရမှာပေါ့”

“ကိုယ်နဲ့ နေ့လယ်စာစားကြရအောင်နော်”

“နေဦး။ မင်းတကယ်ကြီး ဒီကိုလာနေတာလား”

“ကိုယ်နောက်နေတယ်လို့ထင်နေလို့လား။ ကိုယ် အခု ထွက်လာနေပြီ”

“နေ..နေပါဦးဟ။ ဘာနဲ့လာတာလဲ။ ရထားတော့မဟုတ်..”

“ကိုယ် ကားမောင်းလာတာ။ မရတနာရဲ့အမျိုးသားက ဒီမှာသွားလာဖို့ ကားသော့ပေးထားတယ်လေ။ ကိုယ် အဲဒါကိုနည်းနည်းအလွဲသုံးစားလုပ်လာတာ”

ဝေယံ ဒိန်းခနဲခံစားလိုက်ရပြီး မတ်တပ်ထရပ်လိုက်မိသည်။

“မင်းတစ်ယောက်တည်းကားမောင်းလာမလို့လား”

“မင်းတစ်ယောက်တည်း ဒီအဖြေကိုလက်ခံရမှာ ကိုယ်ခွင့်မပြုနိုင်ဘူးလေ”

“မင်းမှာ နိုင်ငံတကာလိုင်စင်ရှိလို့လား ချမ်းငြိမ်း။ ပြီးတော့ ဒီလမ်းတွေက မြန်မာကနဲ့မတူဘူး။ ဟာကွာ.. မင်းမောင်းနေမကျဘဲ တစ်ယောက်တည်း ဟိုင်းဝေး မောင်းလာတာ တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ။ အဲဒီ လမ်းက ကုန်ကားတွေလည်းရှိတယ်။ ချမ်းငြိမ်း..ဘောလ်တီမော က ဆိုင်တစ်ခုခုမှာပဲစောင့်နေ။ နေဦး။ မမရတနာတို့အိမ်ပြန်စောင့်နေ။ ငါလာခဲ့မယ်။ ငါက ဒီလမ်းတွေမောင်းနေကြ”

“ကိုယ်မြို့ပြင်ရောက်နေပြီ။ စိတ်ပူနေတာလား ဝေယံ”

“ချမ်းငြိမ်း..။ ငါ့ကို မျက်နှာမပြောင်စမ်းနဲ့”

“ကိုယ်မင်းကိုတွေ့ချင်လို့ပါ။ အန္တရာယ်မဖြစ်အောင် မောင်းခဲ့မှာမို့လို့ စိတ်မပူနဲ့နော် ဝေယံ။ အပြင်မှာ မုန့် သွားစားဖို့သာပြင်ထားတော့။ ခဏနေတွေ့မယ်”

“နေဦး ချမ်းငြိမ်း။ အဲဒီဖုန်းကို ချဖို့စိတ်မကူးနဲ့။ ငါ့ဆီရောက်တဲ့အထိ အဲဒီတိုင်းဖွင့်ထား။ စကားလည်း မပြောနဲ့။ အာရုံမများစေနဲ့။ ကားကိုသေချာမောင်း”

“ဖုန်းဖွင့်ထားတာကရပါတယ်။ စကားလည်းမပြောရဘူးလား ဝေယံ”

“မပြောနဲ့။ ငါလည်းမပြောဘူး။ ငါအခုရေချိုးမှာ။ အဲဒီတိုင်းဖွင့်ပြီးလာခဲ့”

ချမ်းငြိမ်းထံမှ ရယ်သံသဲ့သဲ့ကြားလိုက်ရသော်လည်း ဝေယံ ဂရုမစိုက်။ မကြားဟန်ဆောင်ပြီး ရေဖွင့်ချိူးနေ လိုက်၏။ ထိုကတည်းကသိခဲ့သင့်ပါသည်။

ချမ်းငြိမ်းအေးဟန် တစ်ခုခုဖြစ်မှာစိတ်ပူမိသောအခိုက်အတံ့တွေက တွဲပြီးရက်မကြာမီပင် စတင်ခဲ့သည်ပဲ။

==============================================================================


Leave a comment