15 – PHOENIX a

15 – Phoenix A

(2010 ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သော Phoenix အစုအဖွဲ့ထဲမှ Phoenix A သည် TON618 ကိုကျော်၍ ထုထည်အကြီးမားဆုံး တွင်းနက်ကြီးဖြစ်လာခဲ့သည်။)

ချမ်းချမ်းစီးစီးရာသီဥတုမှာ ကျောင်းဂိတ်ဝရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း နာရီကိုကြည့်နေမိ သည်။ ဖုန်းထဲမှ ကားသံကြားနေရသော်လည်း ချမ်းငြိမ်းအေးဟန်က တကယ်ပင် စကားတစ်ခွန်းမှမပြော။ ကိုယ့်စကားနှင့်ကိုယ်ဖြစ်နေ၍ ဝေယံသည်လည်း ပြောချင်သည့်တိုင် ချုပ်ထိန်းနေရသည်။ ကားတစ်စီး ဝင် လာတိုင်း ဝေယံ လည်ပင်းရှည်အောင်ပင်ကြည့်နေမိ၏။ဘောလ်တီမော မှာနေခဲ့သည်ဖြစ်၍ရော၊ ကြည်သာ့ကြောင့်ရော မမရတနာကိုသိပါသည်။ သို့သော် မမရတနာတို့ကားက ဘာအရောင်လဲဟုတော့ ဝေယံမသိပါ။ အချိန်အရဆိုလျှင်တော့ ရောက်လာသင့်ပါပြီ။ မေးလိုက်သင့်လား။

ဖုန်းကိုင်ပြီး ချီတုံချတုံဖြစ်နေစဉ် ဖုန်းလိုင်းကျသွား၏။ တစ်ဖက်ကချလိုက်ခြင်းသာဖြစ်ရမည်။ ဒီကောင် တော့…။ ဝေယံ လက်တုန်ခြေတုန်ဖြစ်သွားပြီး ထပ်ဆက်ရန်ပြင်နေစဉ် ကားတစ်စီးက တက္ကသိုလ်ဝန်း၏ အနီးရှိ သစ်ပင်ကြီးအောက်တွင် ရပ်သွား၏။ ထင်သည့်အတိုင်းပင် ချမ်းငြိမ်းက ကားပေါ်မှဆင်းလာသည်။

အညိုရောင်အနွေးထည်ဖြင့် ချမ်းငြိမ်းက အများကြီး ကြည့်ကောင်းသည့်လူပဲဟု ဝေယံတွေးနေစဉ်မှာပင် ချမ်းငြိမ်းက အနားသို့လျှောက်လာသည်။ ဟင်.. ချမ်းငြိမ်းလက်ထဲက…။

“ဝေယံ.. Congratulations”

“နေဦး။ အဲဒီဟာက ငါ့အတွက်လို့တော့ မပြောနဲ့နော်”

ချမ်းငြိမ်းက လက်ထဲမှ ပန်းစည်းအသေးလေးကို ကြည့်ပြီးမှ ပြုံးသည်။

“ပန်းစည်းမပါလို့ဘယ်ဖြစ်မလဲ။ ကိုယ့်အတွက်အရေးပါတဲ့သူကို ဂုဏ်ပြုတာ ပန်းစည်းတစ်စည်းတော့ ပါရမယ်မဟုတ်လား”

အရေးပါတဲ့သူ..။ ဒီကောင်နဲ့တော့ ကြာရင်ရူးမှာပဲ။

“ဟုတ်ပါပြီ။ ဒါပေမဲ့ အဲဒီပန်းစည်းကြီးက..”

“ဒီဟာ ဒေစီပန်းတွေတဲ့ ဝေယံ။ ကိုယ် ပန်းဆိုင်ရောက်တော့ ဒီဒေစီပန်းတွေက အေးချမ်းတာမို့ ရွေးခဲ့တာ။ မင်းအတွက်လေ”

ဝေယံ့လက်များက အလိုလိုဖြင့် ထိုဒေစီပန်းစည်းလေးကို ယူမိလျက်သားဖြစ်သွားသည်။ ဒေစီဟူသည့် ပန်း အမျိုးအစားကို ဝေယံ သေချာတော့မသိပါ။ နှင်းဆီနှင့် စံပယ်လောက်သာသိခဲ့သော ဝေယံ့အတွက် ဒေစီပန်းဖြူဖြူတို့သည် ယခုမှစ၍ တန်ဖိုးထားဖွယ်ရာပန်းများဖြစ်လာတော့မည်။

“ပျော်နေရမှာကို ဘာလို့ မပြုံးနေတာလဲ”

ဒေစီပန်းစည်းကို ငေးကြည့်နေမိတုန်း ချမ်းငြိမ်းအသံကြားမှ ဆဲဖို့သတိရတော့သည်။

“အေး အေး သတိပေးတာကျေးဇူးပဲ။ ဒီမှာ ချမ်းငြိမ်းအေးဟန်။ မင်းက မင်းကိုယ်မင်း ပညာရှင်ဆိုတာနဲ့ ပဲ အကုန်သိအကုန်တတ် အကုန်လုပ်နိုင်တဲ့ စူပါမန်းထင်နေတာလား။ ဒီမှာ ကားတိုက်မှုဘယ်လောက်များ လဲသိရဲ့လား။ မင်းက ရောက်တာမှမကြာသေးဘဲ မြို့ကူးတဲ့ ဟိုင်းဝေး မောင်းစရာလား”

ချမ်းငြိမ်းက နည်းနည်းအံ့သြနေပြီးမှ ကားကိုတစ်လှည့် ဝေယံ့ကိုတစ်လှည့်ကြည့်ကာ “ကိုယ် အခုတော့ ရောက်လာတာပဲ” ဟု ဖြေသည်။

“အေးလေ။ အခုက အသက်ရှင်ရက်ရောက်လာတာလေ။ လမ်းမှာသေသွားနိုင်တယ်လို့ပြောတာ။ မင်းက လုပ်ချလိုက်ရင် အဲဒီတိုင်းချည်းပဲ။ ဒီမှာပဲ ကားမောင်းသင်ထားတဲ့ငါတောင် ဟိုင်းဝေး လမ်းကိုသတိထား မောင်းနေရတာကို။ မင်းက လူစွမ်းကောင်းလုပ်ချင်နေတာလား။ ငါ့ကိုလာတွေ့ရင်းသေသွားတယ်ဆိုရင် ကျော်မကောင်း ကြားမကောင်း”

“ကိုယ်လာခဲ့တဲ့ လမ်းက အဲဒီလောက် အန္တရာယ်များတယ်လား။ ဒါဆိုဘယ်လိုလုပ်မလဲ။ နောက်ဆို မင်း ကို တစ်ယောက်တည်းလာခိုင်းလို့မဖြစ်ဘူးပဲ”

“ဪ ဒီကောင်ကတော့။ ငါက သွားနေကြဟ။ ကြည်သာအေးမြကို တွေ့ဖို့ တစ်ပတ်ဘယ်နှခေါက် မောင်းခဲ့ရတယ်ထင်လို့လဲ”

ချမ်းငြိမ်းမျက်နှာထံမှ ရယ်မြူးမြူးပုံစံလေးက ချက်ချင်းပျောက်ကွယ်သွား၏။ အာ၊ ဒုက္ခပဲ။ မည်သို့ပင် ဆိုစေ၊ ချမ်းငြိမ်းသည် ကြည်သာ၏အစ်ကိုဖြစ်နေသေးသည်လေ။ ဝေယံ စိတ်ရှုပ်လာမိသည်။ ဘယ်လိုဖြစ် လို့ မောင်နှမနှစ်ယောက်ကိုမှ တွဲခဲ့ရတာပါလိမ့်။ မျက်နှာပူစရာတွေချည်း။

“ချမ်းငြိမ်း.. ငါက အဲဒီလမ်းမှမဟုတ်ဘူး။ တခြားလမ်းတွေလည်းကျွမ်းပါတယ်။ အဲဒါပြောချင်တာ။ မင်းက ဒီလမ်းတွေမှသိပ်မသိသေးတာ။ အခုလို ကောင်းကောင်းမွန်မွန်ရောက်လာတာပဲ တော်ပါသေးတယ်။ မင်း ကိုစောင့်နေရတာနဲ့ အေးတာမှ သေတော့မယ်။ ဘယ်သွားကြမလဲ”

ချမ်းငြိမ်းက မျက်နှာတည်လျှက်ပဲ အနားသို့တိုးကပ်လာသည်မှ ဝေယံက အလိုလိုနေရင်း ချမ်းငြိမ်းကို ဖက်ထားသကဲ့သို့ အနေအထားဖြစ်သွား၏။

“နွေးသွားပြီလား”

“ရူးနေပြီလား။ ဒါ ငါ့ကျောင်းရှေ့မှာဟ”

ဝေယံ အတင်းကာရော တွန်းလွှတ်ပစ်လိုက်ရ၏။ ဘေးဘီကိုကြည့်တော့ အားလုံးက သူ့အာရုံနှင့်သူဖြစ်နေ ၍သာတော်သေးသည်။

“နေ့လယ်စာစားမယ်ဆို။ သွားကြမယ်။ နေဦး၊ ငါမောင်းမယ်”

ချမ်းငြိမ်းက ဘာမှမပြောတော့ဘဲ ဝေယံ့လက်ထဲသို့ သော့တစ်ခုထည့်ပေးပြီး ကျောခိုင်းထွက်သွား၏။ ထိုသို့ဆိုတော့လည်း ဝေယံစိတ်မကောင်း။ ချမ်းငြိမ်းနှင့် ဝေယံတို့ကြားတွင် ညှိယူဖို့အများကြီးရှိသေးသည် ပဲ။

“ချမ်းငြိမ်း။ ငါ..”

သစ်ပင်နှင့်ကားကြားထဲသို့ အားလုံး၏ အကွယ်သို့ရောက်သောအခါ ချမ်းငြိမ်းက ရုတ်တရက်လှည့်ပြီး လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားတော့သည်။ ဝေယံ နိဗ္ဗာန်ကိုမတ်တပ်ကြီးရောက်သွားပြီထင်သည်။ ပူရှိန်း နံ့သင်းသင်းလေးကိုပင် မေ့သွားရလောက်အောင် ချမ်းငြိမ်း၏ လက်နှစ်ဖက်က အင်အားကြီးလွန်းပါသည်။

“NASA မှာအလုပ်လုပ်ရတော့မယ့် မင်းအတွက် ကိုယ် ဂုဏ်ယူသလို မင်းရဲ့ချစ်သူဖြစ်ခွင့်ရလို့လည်း ကိုယ် ဂုဏ်ယူတယ် ဝေယံ”

“အာ.. ချမ်းငြိမ်း။ ကျေး..ကျေးဇူးတင်ပါတယ်”

“ကိုယ်အခု ဒီလက်တွေလွှတ်လိုက်ရမှာပေါ့”

“မင်းပဲနေ့လယ်စာသွားစားမယ်ဆို။ ဒီတိုင်းသွားလို့မှမရတာ ငတုံးရယ်။ လွှတ်မှပေါ့”

ချမ်းငြိမ်းက သဲ့သဲ့လေးရယ်ပြီး ဖက်ထားသည်ကိုဖြည်းဖြည်းချင်းလွှတ်၏။

“ပျော်လား ဝေယံ”

“ပျော်တယ်”

“အင်း။ ကိုယ်လည်းပျော်တယ်။ မင်းကိုဖက်ထားခွင့်ရလို့”

“ငါက NASA မှာအလုပ်လုပ်ရမှာမို့ပျော်တာ။ ငါတို့ကမတူဘူး ဟုတ်ပြီလား။ ဘာစားမှာလဲ ပြော”

ဝေယံ ကားမောင်းသူနေရာဝင်ထိုင်ပြီး ဆိုင်များကိုတန်းစီစဉ်းစားနေစဉ် ချမ်းငြိမ်းက ဘေးခုံမှနေ၍ မျက်နှာရှေ့တိုးလာပြီး “မင်းအကြိုက်ဆုံးဆိုင်ကိုသွားလေ” ဟု ဆို၏။ ထိုလေသံလေးသည်ပင် ဝေယံ့ကို ရူးသွပ်စေဖို့လုံလောက်ပါသည်လေ။

“ခါးပတ်ပတ်တော့”

“ဟုတ်ကဲ့ဗျ ကိုဝေယံ”

“မျက်နှာပြောင်တယ်”

“အဲဒါကိုဝေယံအတွက်ပါပဲ”

ဝေယံ မရယ်ဘဲမနေနိုင်တော့။ ပျော်ရွှင်သည်၊ ပေါ့ပါးသည် ထို့အပြင် ကြည်နူးရင်ခုန်ရသည်။ ချမ်းငြိမ်းနှင့် မှ ပထမဆုံးဆိုသောအရာတွေ စတင်ခံစားလာရသည်ပဲ။ ဤလူနဲ့ ဝေယံ့အနာဂတ်က ဘယ်လိုရှိမလဲတော့ သိချင်ပါသည်လေ။

============================================================================

ဆူဇန် အခန်းရှေ့မှာ ကြည်သာ ရပ်နေမိ၏။ တံခါးခေါက်ဖို့ရာကို ဘာအတွက် တွန့်ဆုတ်နေသနည်းတော့ ကြည်သာမသိ။ နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ကာ စာအုပ်လေးကို တံခါးဘောင်ရှေ့တွင် မှီတင်ခဲ့ပြီး တံခါး ခေါက်ကာ ထွက်လာခဲ့သည်။ ကြည်သာ့မှာ လက်ရှိသွားရန်နေရာမရှိတော့ပါ။ ချမ်းငြိမ်းအေးဟန်ထံသို့ သွား၍ မရတော့သကဲ့သို့ ဆူဇန် နှင့်လည်းဝေးကွာနေပြီ။ ဝေယံသည်လည်း… ရယ်စရာကောင်းစွာ ချမ်းငြိမ်းနံဘေးမှာရှိနေလိမ့်မည်။ ကြည်သာအေးမြ စာလုပ်ဖို့ပဲရှိတော့သည်ပဲ။

“အေး..”

ဆူဇန် ခေါ်သံကြောင့် ကြည်သာရပ်လိုက်မိသည်။ နောက်တော့လှည့်မကြည့်မိ။

“တို့နဲ့စကားပြောကြစို့”

ဆူဇန် က ကြည်သာ့ကိုလက်ဆွဲ၍ အခန်းထဲသို့ခေါ်သွားခဲ့၏။

“ဆူဇန်.. တို့အခု စိတ်အခြေအနေက အကောင်းအတိုင်းမရှိဘူး။ တို့ အမှားထပ်မလုပ်ချင်ဘူး ဟုတ်ပြီ လား”

“အေး အခုဘာဖြစ်နေသလဲ… ဘာတွေခံစားနေရလဲ”

ကြည်သာ ပြောပြချင်သည်။ ချမ်းငြိမ်းလက်ကိုဆွဲ၍ ကမ္ဘာအပြင်ဘက်သို့ထွက်ပြေးချင်ကြောင်း။ သို့သော် ဆူဇန် မျက်နှာကိုစိုက်ကြည့်ပြီး ကြည်သာ တိတ်ဆိတ်နေခဲ့၏။

“အရက်မူးအောင်သောက်ချင်တယ်။ ပြီးတော့ က ချင်တယ်”

“တို့ကြည့်ရသလောက် အေးက အမြဲရှောင်ပြေးချင်တာပဲ။ ပြဿနာကို မရင်ဆိုင်ဘူး။ အေး သိလား။ ပြဿနာက​ရှောင်ပြေးဖို့မဟုတ်ဘူး။ ရင်ဆိုင်ဖို့ပဲ”

ကြည်သာ ဒေါသထောင်းခနဲထွက်ကာ မတ်တပ်ထရပ်လိုက်သည်။

“မင်းက ဘာသိလို့ တို့ကို အဲဒီလို လာဆရာလုပ်နေတာလဲ”

ဆူဇန် ကတော့ ကြည်သာ့လက်ကိုဖွဖွလေးကိုင်ရင်း ပါးနားကပ်ကာ…

“ဘာဖြစ်လို့လဲဆိုတော့ တို့လည်းတစ်ချိန်ကရှောင်ပြေးခဲ့ဖူးလို့လေ” ဟု တိုးတိုးလေးပြောလေသည်။

==========================================================================

ချမ်းငြိမ်းအေးဟန်နှင့် တွဲဖြစ်ခြင်းမှာ ရုတ်တရက်နိုင်လွန်းသော်လည်း ဝေယံသည် ဤအဖြစ်အတွက် ကြည်သာ့အမြင်ကို သိချင်ပါသေးသည်။ ချမ်းငြိမ်းကတော့ ကြည်သာ့ကို သူပဲချော့မည်ဟု ပြောသည်။ ဤသည်က ဝေယံ့အတွက် အဖြေမဟုတ်ပါ။ ကြည်သာကဲ့သို့ မာနခဲမလေးသည် အချစ်ရဆုံးအစ်ကိုနှင့် အမြင်ကတ်ရဆုံးရည်းစားဟောင်းတို့ လက်တွဲဖြစ်ခြင်းကို နည်းနည်းမှကျေနပ်နေမည်မဟုတ်မှန်း ဝေယံ သိသည်။ ဝေယံသည်လည်း မျက်နှာပူရပါသည်။ ချမ်းငြိမ်းကို တွဲပစ်လိုက်မည်ဟု စ,နောက်ပြောခဲ့စဉ်က တော့ တကယ်ဖြစ်လာမည်မှန်း မည်သူမျှမသိခဲ့ကြပါပေ။

ဝေယံ စိတ်ကိုတင်း၍ ကြည်သာ့ကိုဖုန်းခေါ်လိုက်မိ၏။ ချမ်းငြိမ်းဘောလ်တီမော သို့ကားမောင်းပြန်လျှင် ဝေယံ လိုက်သွားမည်ဟု စိတ်ကူးမိသောကြောင့် ကြည်သာ့ကို ကြိုတင်အသိပေးချင်သောကြောင့်လည်း ဖြစ်သည်။ ဝေယံ့စိတ်ကူးကို ချမ်းငြိမ်းပင်မသိသေးပါ။ ကိုယ်တော်ချောက သတ်သတ်လွတ်ဆိုင်တစ်ခုမှာ စားပြီးနောက် UPenn စာကြည့်တိုက်ကိုသွားကြည့်ချင်သည်ဆို၍ လိုက်ပို့ထားရသည်။ ထိုအချိန်ကို အခွင့် ကောင်းယူ၍ ဝေယံ အပြင်ဘက်တွင် ဖုန်းဆက်ရန်အကြံရခြင်းပင်။

“ဟယ်လို ကြည်သာ”

“နင့်မှာ ငါ့ကို ဖုန်းဆက်ရမယ့်အကြောင်းအရင်းရှိလို့လား”

ကြည်သာ့အသံက ခပ်အက်အက်။ သိကျွမ်းဖူးသော အချိန်ကာလများကြောင့် ကြည်သာ စိတ်အနှောင့် အယှက်ဖြစ်လျှင် ဖြစ်တတ်သောအသံဟု နားလည်မိသည်။

“နင်သိသွားပြီပဲဆိုတော့ ငါလည်း.. ပြောစရာရှိလို့ပါ”

“ဟက်.. အေး။ ပြောကြည့်လေ”

“ငါ အဲဒီလိုဖြစ်သွားဖို့ အစီအစဉ်မရှိခဲ့ဘူး။ တကယ်ပြောတာ။ အဲဒါက ရုတ်တရက်ကြီး ဖြစ်သွားတာ။ ငါ့ ကိုယ် ငါတောင်သေချာမသိလိုက်ရဘူး”

“ဘာပြောတယ်။ နင့်အတွက် ဒီကိစ္စက ရုတ်တရက်ဖြစ်သွားတဲ့ကိစ္စပဲပေါ့ ဟုတ်လား။ တောက်”

ကြည်သာ့ အသံမာထန်သွားခြင်းအတွက် ဝေယံ ကြောင်သွားမိသည်။ စကားမှားသွားမိလို့လား။

“နင် ချမ်းငြိမ်းအေးဟန်ကို မကြိုက်ဘူးလား ဝေယံ။ ဖြေစမ်း အခု”

“အာ.. ကြည်သာကလည်းကွာ။ ငါ သူ့ကို ကြိုက်မကြိုက်တောင်စဉ်းစားချိန်မရလိုက်တာ”

“အံ့သြလိုက်တာ ဝေယံခ။ နင်ကလေ ချမ်းငြိမ်းအေးဟန်ကို အဲဒီလိုပစ်စလက်ခတ်တွဲပစ်တာလား”

“မဟုတ်.. မဟုတ်ပါဘူးဟ။ ကြည်သာ။ အဲဒီကိစ္စ ငါတို့ ဖြေရှင်းကြမယ်လေ။ ငါ လာခဲ့မယ်နော်”

“မဟုတ်မှ.. နင် ငါ့ကိုတွဲတုန်းကလို ချမ်းငြိမ်းက ဉာဏ်ကောင်းတာပဲ၊ ငါနဲ့လိုက်ဖက်မှာပဲ ဆိုတဲ့စိတ်နဲ့ ထပ် ကြောင်ပြန်ပြီလား”

ဝေယံ ဘာပြောရမှန်းမသိ။ အမှန်တကယ်လည်း ဝေယံသည် ချမ်းငြိမ်း၏ အရည်အချင်းကို သဘောကျ သည်ပဲ၊ သို့သော် ကြည်သာပြောသလိုတော့မဟုတ်ပါပေ။

“သူတော်တာကို ငါသဘောကျပေမဲ့.. ငါလည်းမသိဘူး ကြည်သာ။ နင့်အစ်ကိုက တကယ်နားလည်ရခက် တဲ့လူဆိုတာ ငါအခုလက်ခံပြီ”

ကြည်သာက မရယ်ချင်ရယ်ချင်ရယ်သည်။ ထို့နောက် တစ်ခုခုကို မော့သောက်လိုက်ပုံလည်းရသည်။

“ကြည်သာ နင် အရက်သောက်နေတာလား”

“ဝိုင်ပါ”

“တစ်ယောက်တည်းလား”

“နင်က ဘာကိုစိတ်ပူတာလဲ။ ရည်းစားဟောင်းအတွက်လား၊ လက်ရှိရည်းစားရဲ့အမြွှာညီမအတွက်လား”

“ငါက ကြည်သာအေးမြ ဆိုတဲ့မိန်းမကိုစိတ်ပူတာ။ အဲဒါ ဘာခေါင်းစဉ်အတွက်လဲတော့ ငါ့ကိုလာမမေးနဲ့။ ဆယ်တန်းဆုပေးပွဲကဖြစ်ဖြစ်၊ အခုဖြစ်ဖြစ် နင်က ငါဂရုစိုက်တဲ့ မိန်းမပဲ။ ဟုတ်ပြီလား”

ဝေယံ စိတ်ပေါက်ပေါက်နှင့် ပြောလိုက်ပြီးမှ စိတ်ကိုပြန်ထိန်းရသည်။ ကြည်သာအေးမြကို ထိုသို့ သွား ကြမ်းလျှင် ကိုယ်ပဲပြန်ထိနိုင်သည်လေ။

“ဪ…ဟုတ်လား။ နင်သတိပေးမှပဲ ကိစ္စတစ်ခုကိုသတိရတော့တယ် ဝေယံ။ အဲဒီ ဆယ်တန်းဆုပေးပွဲ လေ။ နင်နဲ့ငါ ပထမဆုံးတွေ့တော့ နင် မကျေမနပ်နဲ့ တစ်မှတ်သာသွားတဲ့သူက ဘယ်သူလဲလို့ နင်မေးဖူး တယ်မဟုတ်လား”

ဝေယံ နားထောင်ရင်းဖြင့် အလိုလို သတိအနေအထားသို့ရောက်လာပြီး မျက်မှောင်ကျုံ့ထားမိသည်။

ကြည်သာ ဘာပြောချင်တာပါလိမ့်။

“အဲဒီလူ.. ဆစခ ၂၀၇.. နင် မကျေမနပ်နဲ့မေးချိန်မှာ အဲဒီလူက နင့်ရှေ့မှာရှိနေခဲ့သားပဲ”

“ဘာ..”

“ချမ်းငြိမ်းအေးဟန်ရဲ့ ဆယ်တန်းခုံနံပါတ် .. ဆစခ ၂၀၇။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ၈၅ ရအောင်ဖြေပြီး ကျန်တာတွေကို ၇၀ ကျော်မှာ ထားပစ်ခဲ့တဲ့လူ”

ဝေယံ့နားထဲကို မိုးကြိုးပစ်လိုက်သလိုခံစားရ၏။ ထိုတုန်ခါမှုသည် ကြောက်လန့်စရာကောင်းလွန်းပြီး ပြေး ပုန်းစရာမြေပြင်မရှိတော့သလိုပင်။

“နင်သိလား ဝေယံ။ ချမ်းငြိမ်းက အရမ်းလျို့ဝှက်တယ်။ ဘယ်လောက်ထိလဲဆိုရင် တခါတခါ ကြောက် စရာကောင်းတယ်လို့ထင်လာတဲ့အထိပဲ”

ဝေယံသည် ဖုန်းကိုင်ထားရင်းဖြင့် ကြည်သာ့စကားများကို ကြားတစ်ချက်၊ မကြားတစ်ချက်ခံစားနေရ၏။ ဝေယံ့ရင်ထဲမှ တစ်သက်တာဆူးညှောင့် ဆစခ ၂၀၇ က ချမ်းငြိမ်းအေးဟန်တဲ့လား။ ဝေယံ ထိုကိစ္စကို နည်း နည်းမှပင် စိတ်မကူးမိခဲ့ပေ။

“ဝေယံ”

စာကြည့်တိုက်မှ ထွက်လာသော ချမ်းငြိမ်းက ဝေယံ့နာမည်ကိုခေါ်ရင်း ပြုံးပြသည်။ ဝေယံ ဖုန်းချလိုက်ပြီး ချမ်းငြိမ်းလက်ကိုဆွဲကာ စာကြည့်တိုက်အနောက်ဘက်ရှိ တိတ်ဆိတ်သောနေရာကို ခပ်မြန်မြန်လျှောက် လာခဲ့၏။

“ဘာဖြစ်လို့လဲ ဝေယံ”

ထိုမျက်နှာကို ဝေယံ တည့်တည့်ကြည့်လိုက်မိသည်။ ချမ်းငြိမ်းအေးဟန်၏ မျက်နှာကိုကြည့်ရုံနဲ့ အကဲခတ် တတ်ဖို့ခက်ပါသည်။

“ငါ ဒုတိယနေရာတွေကိုမုန်းတယ်လို့ပြောဖူးတယ်မလား။ မင်းသိလား၊ ငါ့ဘဝမှာ ဆူးတစ်ချောင်းလို ဖြစ် နေတဲ့ လူတစ်ယောက်ရှိဖူးတယ်ဆိုတာ”

ချမ်းငြိမ်း မျက်နှာက တစ်စုံတစ်ရာကို သဘောပေါက်သွားဟန် ပြောင်းလဲသွား၏။

“ဝေယံ”

“အဲဒီကိစ္စက နှစ်တွေကြာနေပြီး ကလေးဆန်တယ်ဆိုပေမဲ့ ငါ မေ့လို့မရဘူး။ မင်း.. အဲဒီလူမဟုတ်လား။ ငါ့ ကို မင်းလှောင်ရယ်ဖို့ တွဲခဲ့တာလား ချမ်းငြိမ်း”

“မဟုတ်ဘူး ဝေယံ။ တကယ် အဲဒီလိုမဟုတ်ဘူး။ ဆယ်တန်းတုန်းကကိစ္စက ကိုယ်မပြောခဲ့တာ ကိုယ့် အမှားပါ။ ဒါပေမဲ့ မင်းကို ကိုယ်တွဲခဲ့တာက ကိုယ့်ရဲ့စိတ်ရင်း..”

“တော်စမ်းပါ”

ထိုမျက်နှာကို ဆွဲထိုးပစ်ချင်သည်။ အနာတရတွေပေးပစ်လိုက်ချင်သည်။ မင်းကို ငါ စောက်ရမ်းမုန်းတာ ဟု ပြောလိုက်ချင်သည်။ သို့သော် လက်တွေ့တွင် ဝေယံတတ်နိုင်သည်က ချမ်းငြိမ်းအေးဟန်ရှေ့မှ လှည့် ထွက်လာခြင်းသာဖြစ်သည်။

“ဝေယံ”

ခြေလှမ်း သုံးလှမ်းမတိုင်ခင်မှာပဲ ချမ်းငြိမ်းအေးဟန်၏ လက်နှစ်ဖက်က ဝေယံ့ခါးမှနေ၍ ဗိုက်ပေါ်မှာ ယှက်၍ သိုင်းဖက်ထား၏။ ပူရှိန်းနံ့တို့က ပတ်ဝန်းကျင်တခွင်မှာ ပြန့်ကြဲနေပြီ။ ချမ်းငြိမ်းက တစ်ကိုယ်လုံး ကို နောက်မှနေ၍ဖက်ထားပြီး ဝေယံ့နားနားသို့ မျက်နှာကပ်၍ တဖွဖွပြောသည်က

“ကိုယ်တောင်းပန်ပါတယ်။ ကိုယ်ရှင်းပြမယ်” ဟူ၍။

ဝေယံ ခြေလှမ်းတို့က မရွှေ့သာပါ။ သို့သော် ထို့အတွက် တစ်ခွန်းတော့ နှုတ်က ပြောနိုင်ပါသေးသည်။

“မင်းက ကြောက်ဖို့ကောင်းတယ် ချမ်းငြိမ်းအေးဟန်”

လွတ်ထွက်သွားမည်ကိုစိုးရိမ်စွာ ဖက်ထားသော ချမ်းငြိမ်းအေးဟန်၏ လက်တို့အနည်းငယ် ယိုင်သွားခဲ့ ခြင်းကို ဝေယံ ခံစားမိလိုက်ပါသည်။

=============================================================================


Leave a comment