16 – Saturn V (1969)
(Saturn V သည် လကမ္ဘာပေါ်သို့ လူသားများသွားရောက်နိုင်ရေး Apollo Mission များကို သယ်ဆောင် သွားသည့် ဒုံးပျံယာဉ်ဖြစ်သည်။ ယင်း၏ အောင်မြင်မှုများကြောင့် Saturn V သည် လူသားသမိုင်း၏ နည်းပညာဆန်းသစ်မှု အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်)
လေးလံသောခြေလှမ်းများဖြင့် အဆောင်လှေကားခွင်မှနေ၍ တက်လာခဲ့ပြီးနောက် ဝေယံသည် လှေကား ခွင်မှ စတိုသေတ္တာလေးသို့ တစ်ချက်ငေးကြည့်နေမိ၏။ ဤနေရာလေးတွင် အသံသွင်းစက်လေးတစ်ခုကို ဝှက်ချည်၊ ထုတ်ချည် အဖန်ဖန်ပြုလုပ်ခဲ့ဖူးပြီ။ အကယ်၍ ထို အသံသွင်းစက်လေးကို တွေ့တွေ့ချင်း ကြည်သာ့ကိုပြန်ပေးခဲ့လျှင် ယနေ့ကဲ့သို့ အဖြစ်မျိုးကြုံလာမည်လား။ ကြည်သာ့၏ အမြွှာအစ်ကိုကို ဝေယံ စွဲလမ်းမိမည်မဟုတ်။ ချမ်းငြိမ်းအေးဟန်သည်လည်း မတော်လိုက်ရသော ယောက်ဖအဖြစ်သူ တော်စပ်မှု ရှိလိမ့်မည်။
“အရာအားလုံးက မင်းစောက်တလွဲလုပ်ခဲ့လို့ပဲ”
ဝေယံ စိတ်ပျက်လက်ပျက်ဖြင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိပြီးနောက် အခန်းထဲသို့ စိတ်မပါလက်မပါ ဖြင့် တက်လာခဲ့မိသည်။ ဤ အဆောင်ခန်းသည် ဝေယံ့ကို နားခိုရာ၊ ပြန်စရာနေရာအဖြစ် ၃ နှစ်မျှရှိခဲ့ပေး ပြီးပြီ။ ဤအခန်းလေးသည် ဝေယံ့၏ ပင်ပန်းမှု၊ ပျော်ရွှင်မှု၊ တက်ကြွမှု၊ စိတ်အားငယ်မှု၊ မနာလိုမှုတို့ကို မြင် ခဲ့ကြားခဲ့ပြီးသလို ကြည်သာနှင့် အတူရှိခဲ့ပုံကိုပါ သိရှိဦးမည်။
“ဘယ်လိုလုပ်မလဲ။ ငါက ငါမဟုတ်တော့သလိုပဲ”
ဝေယံ ခပ်တိုးတိုးညည်းညူမိရင်း အိပ်ရာပေါ်ခြေပစ်လက်ပစ် လှဲချလိုက်မိသည်။ ချမ်းငြိမ်းအေးဟန် အကြောင်း မတွေးဖို့ရာတော့ မတတ်နိုင်ပါလေ။ ချမ်းငြိမ်းအေးဟန်နှင့် တွဲဖြစ်ကြခြင်းအတွက် ဝေယံ့ရင် ထဲ တိကျသော ခံစားချက်မျိုး မရှာဖွေနိုင်သေးသကဲ့သို့ နားလည်နိုင်စွမ်းလည်းမရှိသေးပါ။ အထူးသဖြင့် တစ်ရက်တာကုန်ဆုံးပြီးလျှင် သိလာရသော ချမ်းငြိမ်းအေးဟန်သည် ယမန်နေ့ကထက် ပို၍ ပဟေဠိဆန် လာသည်ဟုပင် ခံစားမိ၏။
“ကိုယ့်ရဲ့မြန်မာစာဆရာက ကိုယ်တို့ကိုသင်ပြီးရင် စာသင်တာကနေ အနားယူတော့မှာ။ အဲဒီဆရာက ပညာရည်ပြည့်ဝတယ်။ ကိုယ်တို့ကို စာတတ်ဖို့၊ အမှတ်များဖို့ထက် မြန်မာစာကို လက်ဆင့်ကမ်းသင်ယူနိုင် သွားစေချင်တာ။ မြန်မာစာဆရာတစ်ယောက်က ဘာမှ ဂုဏ်ယူဖို့မရှိဘူးလို့ထင်နေတဲ့ ပတ်ဝန်းကျင်ကို သူ သက်သေပြနိုင်ဖို့ ကိုယ်ကူညီချင်ခဲ့တယ်။ ကိုယ် ၈၅ မှတ်ရဖို့ မရည်ရွယ်ခဲ့ဘူး။ ဒါပေမဲ့ သာမန်ဂုဏ်ထူးမှတ် ထက် များမှာလို့တော့ ကိုယ်ရော ဆရာရောယုံကြည်ခဲ့ပြီးသား။ ကိုယ် ၈၅ မှတ်ရတော့ ဆရာက ပျော်လွန်း လို့ မျက်ရည်ကျနေခဲ့တယ်။ ရပ်ကွက်ထဲက ဆရာတစ်ယောက်က ဒါမျိုး တပည့်ရှိတယ်ဟေ့ လို့ သူပျော် နေခဲ့တယ်။ ကိုယ် အဲဒီလောက် အမှတ်များသွားဖို့ မရည်ရွယ်ဘူး ဝေယံ။ အဲဒါကို ယုံစေချင်တယ်။ ကိုယ့် မှာ ကြည်သာလည်းရှိနေခဲ့ချိန် ၈၅ မှတ်ရဖို့ ကြိုးစားတာက မရည်ရွယ်မိဘူးဆိုတာ မင်းယုံပါ”
ချမ်းငြိမ်း၏ ရှင်းပြချက်သည် ဇာတ်လမ်းပုံပြင်တစ်ပုဒ်၊ သတင်းဆောင်းပါးတစ်ခုဆိုလျှင်တော့ အင်မတန် စိတ်နှလုံးကြည်နူးဖို့ကောင်းပါလိမ့်မည်။ သို့သော် ထိုအကြောင်းကိုနားထောင်နေရသော ဝေယံခ အတွက် တော့ မာနကိုပို၍ထိခိုက်စေသော၊ ပို၍ မုန်းစရာကောင်းသော၊ ပို၍ ခံရခက်သော အခြေအနေသို့သာ ရောက်ရှိစေခဲ့၏။ ဝေယံသည် ကိုယ့်ကိုယ်ကိုယ် တစ်နိုင်ငံလုံး ပထမဖြစ်မည်ဟူသော ယုံကြည်ချက်ရှိခဲ့ပြီး တကယ်လည်း ရယူနိုင်ခဲ့သည့်တိုင် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရသည်ကို ကိုယ်တိုင်သာသိသည်။ မေမေနှင့် ကျူရှင်ဝိုင်းများမှ ဆရာ၊ဆရာမများကလည်း ဝေယံ့ကို အိပ်ချိန်မှလွဲ၍ အချိန်ပြည့်တိုက်တွန်း နေခဲ့ကြပြီး ခက်ခက်ခဲခဲအကောင်အထည်ဖော်ခဲ့ရသောအိပ်မက်တစ်ခုဖြစ်ခဲ့သည်။ သို့သော်… ချမ်းငြိမ်း အတွက်တော့ ထိုအမှတ်သည် “မရည်ရွယ်ဘဲ” ရခဲ့ခြင်းဖြစ်သကဲ့သို့ “သက်သောင့်သက်သာ” ရယူခဲ့သည့် ကိစ္စရပ်သာဖြစ်နေ၏။ ရပ်ကွက်ကျောင်းမှ ဆရာ၏ ပင်စင်ဆန္ဒကို ဖြည့်ဆည်းဖို့။ ဝေယံ တွေးရင်းကို ခံ ရခက်စွာ ရယ်မောလိုက်မိသည်။ ထိုအစား ချမ်းငြိမ်းက “ကိုယ် မြန်မာစာကိုချစ်လို့ အဲဒါတော့ အမှတ် များများရချင်ခဲ့တာ” ဟု ပြောလျှင် ဝေယံ သေချာပေါက် ပြဿနာမရှာဘဲ နားလည်နိုင်ဦးမည်။ တစ်ကိုယ် ကောင်းဆန်ပစ်လိုက်ပါလား ဟု ဝေယံ အော်ဟစ်ပစ်လိုက်ချင်သည်။
ဖုန်းမှ စာဝင်သံကြားတော့ ဝေယံ လှမ်းယူကြည့်လိုက်မိ၏။ မည်သူမှန်းလည်းသိသည်၊ မည်သည့် အကြောင်းအရာမှန်းလည်းသိသည့်တိုင် ဝေယံကြည့်မိသေးသည်ပဲ။
“ကိုယ်ပြန်ရောက်ပြီ ဝေယံ။ ညနေစာမစားဘဲမနေနဲ့။ ပြီးတော့ ကိုယ့်ကို မင်းအသံနားထောင်ခွင့်ပေးမယ် မဟုတ်လား”
ကနဦး အစီအစဉ်အရ ချမ်းငြိမ်းနှင့်အတူဘောလ်တီမော လိုက်သွားမည်။ ကြည်သာ့ကိုလည်း အဆင်ပြေပြေ ချော့မော့ချင်သေးသည်။ မြန်မာအသိုင်းအဝိုင်းကိုလည်း NASA တွင် အလုပ်သင်လုပ်ရမည့် သတင်းမျှဝေ မည်။ ထို့ပြင် ချမ်းငြိမ်းနှင့်ပင် တစ်ညအတူရှိချင်ရှိဖြစ်ဦးမည်။ ဤအစီအစဉ်တို့က ကစဉ့်ကလျား ပျက်ပြား သွားရပြီး ချမ်းငြိမ်းကဘောလ်တီမော သို့တစ်ယောက်တည်း ပြန်မောင်းသွား ရကာ ဝေယံသည်လည်း ဘား တစ်ခုသို့ ခြေဦးလှည့်ခဲ့မိသည်။ ချမ်းငြိမ်း၏ ရှင်းပြချက်သည် ဝေယံ့ကို စိတ်သက်သာရာမှုမရစေပါ။
နောက်ထပ် အသိပေးချက်ဝင်လာ၏။
“ကိုယ် စောင့်နေမယ်”
ဝေယံ စိတ်ပျက်လက်ပျက် ညည်းညူလိုက်ပြီးနောက် ကုတင်ပေါ်တွင်ပင် ထထိုင်လိုက်ကာ ဖုန်းခေါ်လိုက် သည်။ ဖုန်းလိုင်းချိတ်သည်နှင့် ဝေယံ မစောင့်လိုက်ရဘဲ ချမ်းငြိမ်းအသံကိုကြားလိုက်ရပါသည်။
“ဝေယံ၊ အခန်းပြန်ရောက်ပြီလား”
အသံ။ ဝေယံ ပြန်မဖြေမိသေးဘဲ ချမ်းငြိမ်း၏ အသံအကြောင်းတွေးနေမိသည်။ ချမ်းငြိမ်းအသံက ပြုစား နိုင်သည်လား။ သူလိုကိုယ်လို အသံပဲမဟုတ်ဘူးလား။
“ဝေယံ”
သူလိုကိုယ်လို အသံပဲတော့မဟုတ်တာ ဝေယံ လက်ခံရမည်။ ချမ်းငြိမ်းအသံက ကြည်လင်သည်။ လှုပ်ခတ် မှုတချို့ရှိသွားလျှင်ပင် ရေခဲတောင်များမှစီးဆင်းလာသော စမ်းချောင်းပြာလွင်လွင်လေးထဲသို့ ကျောက်ခဲ ပစ်ချလိုက်၍ တုန်ခါမှုအဝိုင်းလေးများ ပျံ့သွားရုံမျှသာဖြစ်မည်။
“ချမ်းငြိမ်း။ မင်း ဒီဘဝအတွက် ဘာတွေဆုတောင်းခဲ့သလဲ”
“ဝေယံ။ ကိုယ့်ကို စိတ်ဆိုးတုန်းပဲလား”
“မင်းဆုတောင်းတွေအရမ်းကောင်းခဲ့မှာပဲ။ ဒါမှမဟုတ်.. ငါ့မေမေပြောဖူးသလို ငါကပဲ မင်းအပေါ် ဝဋ် ရှိ ခဲ့တာလား”
“ကိုယ်အရင်ဘဝကို မသိဘူး ဝေယံ။ ဒါပေမဲ့ ဝဋ် ဆိုတာတော့ မရှိစေချင်ဘူး။ ရှောင်လွှဲလို့မရရင်တောင် မင်းရဲ့ ကံက ကိုယ်နဲ့ရှိနေဖို့ပဲဖြစ်စေချင်တယ်။ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးက မင်းရဲ့ ကံ ဆိုရင် ကိုယ် အဲဒီကံကို လက်လွှတ်လိုက်မယ်”
“အရူးကောင်”
ဝေယံ ဟားတိုက်ရယ်လိုက်ချင်သော်လည်း ထွက်လာသောရယ်သံက နာနာကျင်ကျင်ရယ်သံမျိုး။
“မင်း ကိုယ့်ကို ခွင့်မလွှတ်နိုင်သေးတာ ကိုယ်သိပါတယ်။ ကိုယ်တို့နှစ်ယောက်ကြားထဲမှာ ဖြစ်ပျက်သွား တာတွေက အရမ်းမြန်တယ်။ ပြီးတော့ ကိုယ်တို့အေးအေးဆေးဆေးစကားပြောခွင့်ရတာမျိုး သိပ်မရှိသေး ဘူး။ အဲဒီ ဆယ်တန်းအမှတ်ကိစ္စက ကိုယ်ရှင်းပြဖို့ လုပ်ထားတဲ့ကိစ္စပေမဲ့ အချိန်ကောင်းမရောက်သေးချိန် မှာ မင်းသိသွားတာပါပဲ။ ကိုယ်ထပ်တောင်းပန်တယ်”
“ချမ်းငြိမ်းအေးဟန်။ မင်းက တကယ်အရူးပဲ။ အဲဒါ မင်းတောင်းပန်ရမယ့်ကိစ္စမဟုတ်ဘူး။ မင်း ဆယ်တန်း အမှတ်အများကြီးရတာက မင်းတောင်းပန်ရမယ့်ကိစ္စမဟုတ်ဘူးဆိုတာသိထားစမ်း”
ဝေယံ အော်ပစ်လိုက်မိသည်။
“မင်း ကိုယ့်ကိုခွင့်မလွှတ်နိုင်သေးဘူးလေ”
“ငါ့ကိုနားထောင်စမ်း။ ငါ ကြည်သာအေးမြထက် တစ်မှတ်ပိုများပြီး ပထမဖြစ်ခဲ့လို့ဆိုပြီး ကြည်သာအေးမြ ကို ငါ တောင်းပန်ခဲ့ဖူးတယ်ထင်လို့လား။ လုံးဝပဲ။ ဘာဖြစ်လို့လဲသိလား၊ အဲဒါက လူ့လောကအစစ်အမှန် မို့လို့။ လူတွေက အဲဒီလိုပဲလုပ်ကြလို့။ ဒါပေမဲ့ မင်းကတော့ လိုက်တောင်းပန်တယ်။ မင်းလိုချင်တာ မဟုတ် ပါဘူးလို့ ရှင်းပြတယ်။ ဆောရီး ပဲ ချမ်းငြိမ်း။ ငါအဲဒီလိုမနေနိုင်ဘူး။ မင်းလိုလူနဲ့ ငါမနေနိုင်ဘူး။ ငါတို့…”
အဆုံးသတ်စကားကိုတော့ ဝေယံ့နှုတ်ဖျားတို့မှ ပေးမထွက်နိုင်။ စ တွဲဖို့ပြောခဲ့တုန်းက လက်ခံခဲ့သော ချမ်းငြိမ်းသည် လမ်းခွဲစကားပြောလျှင်လည်း လွယ်လွယ်လက်ခံလိုက်မည်ကို ဝေယံ မုန်းတီးပါသည်။
“ကိုယ့်ကြောင့် အများကြီး စိတ်ပင်ပန်းရပြီပဲ။ ဒီနေ့က မင်းရဲ့ပျော်ရွှင်ရမယ့်နေ့ပါ ဝေယံ။ ကိုယ် နောက်မှ ထပ်ဆက်သွယ်လိုက်ပါမယ်။ NASA ကိုဝင်ခွင့်ရသွားတဲ့ မင်းအတွက် ကိုယ်သိပ်ဂုဏ်ယူတာပါ။ အဲဒါ စိတ် ရင်းပါ”
ဝေယံ အံကြိတ်ထားမိသည်။ စိတ်ထင်တိုင်းလုပ်ရလျှင် ချမ်းငြိမ်းအေးဟန်ကို သွားတွေ့လိုက်ချင်ပြီ။ တွေ့ လျှင် မျက်နှာကို နဖူးနှင့်တိုက်ပစ်မည်။ ပြီးလျှင် ချမ်းငြိမ်း၏ နှုတ်ခမ်းများကို ဆွဲကိုက်ပစ်မည်။
“ကားက ငှားလာတာသာမဟုတ်ရင် ကိုယ် ဒီည မင်းဘေးမှာပဲဆက်ရှိနေဖြစ်မှာ ဝေယံ။ အခုတော့ ကောင်းသောညပါ။ အိပ်ပျော်အောင်အိပ်စေချင်တယ်”
ဝေယံ ဘာမှပြန်မပြောမိဘဲ ဖုန်းချပစ်လိုက်၏။ ဘာမှဆက်၍ ဦးတည်ချက်မရှိဘဲ ထိုင်နေစဉ် ဖုန်းထဲသို့ စာတစ်စောင်ထပ်ရောက်လာသည်။
“မင်းစိတ်ညစ်နေလို့ထင်တယ်၊ ဒီည ကောင်းကင်မှာ ကြယ်တွေကို မမြင်ရဘူး”
ဝေယံ မရယ်နိုင်တော့ဘဲ ကိုယ့်အဖြစ်ကိုယ် ရင်မောမိသွားသည်။ ချမ်းငြိမ်းအေးဟန်ထံမှ လွတ်မြောက်ဖို့ လမ်းစ မရှိပါလား။
==============================================================================
ဝိုင်အရှိန်ကြောင့် ကြည်သာ ခေါင်းသိပ်မကြည်ချင်။ လည်ပင်းနားမှာ တစ်စုံတစ်ယောက်က တင်းတင်း ဖက်ထားသည်ကို ခံစားရသဖြင့် လှည့်ကြည့်မိတော့ ဆူဇန်။ ကြည်သာ့ လည်ပင်းအောက်နားကို ဖက် ထားပြီး အိပ်ပျော်နေသော ဆူဇန် က ယခင်ကလို အေးချမ်းသည်ဟု မခံစားရတော့ဘဲ သနားစဖွယ်လေး လို့ မြင်လာသည်။ ဆူဇန် သည် ဟန်ဆောင်လုပ်ယူထားရသော အေးချမ်းသည့်ပုံရိပ်အောက်တွင် ဒဏ်ရာ အထပ်ထပ်နှင့် သမင်မလေးဖြစ်၏။ ကြည်သာ့အနေဖြင့် ဤကောင်မလေးကို ကရုဏာသက်ပါသည်။ သို့ တိုင် အိပ်နေလျှင် ထိုသို့ဖက်ထားသည်ကို ကြည်သာ မနေတတ်။ ထို့ကြောင့် ဆူဇန် လက်ကိုဖယ်ချ လိုက်ပြီး ကြည်သာ စားပွဲခုံသို့ထွက်လာဖြစ်သည်။
ကောင်းကင်ကိုကြည့်တော့ မှောင်မိုက်လျှက်။ ကြည်သာက ကြယ်တွေ လတွေ နေတွေကြည့်ဖို့ စိတ်ဝင် စားလာခြင်းမှာ ချမ်းငြိမ်းနှင့်မှဖြစ်သော်လည်း ထိုမှောင်မိုက်မှုကြီးကို မခံစားနိုင်သဖြင့် ပြတင်းပေါက် လိုက်ကာကိုပြန်ဆွဲပိတ်ချလိုက်၏။ ဆူဇန် ကတော့ အိပ်ပျော်နေဆဲ။
ကြည်သာ ပုံမှန်ဆိုလျှင် ချမ်းငြိမ်းကို စာပို့လိုက်မိမည်ထင်၏။ သို့သော် ယနေ့ညတော့ ချမ်းငြိမ်းကိုမရှာ ချင်။ ဒါဖြင့် ဝေယံရော။ မဟုတ်သေးပါဘူး၊ ဝေယံသည်လည်း ဆယ်တန်းအမှတ်ကိစ္စဖြင့် ရှော့ခ်ရသည်မှ သက်သာဦးမည်မဟုတ်။ အမှန်တော့ ချမ်းငြိမ်းရော ဝေယံရောသည် ကြည်သာ ရှာချင်သော်လည်း မရှာ သင့်သည့် လူမျိုးများပင်။ ဒါဖြင့် ကြည်သာက ဘယ်သူ့ကိုရှာသင့်လဲ။ အကြည့်က အိပ်ရာပေါ်ကိုရောက် သွား၏။
မအိပ်ခင်က ကြည်သာကလည်း ပုံမှန်အခြေအနေမှာမရှိ။ ဆူဇန် ကလည်း ကြည်သာ မိုက်ရူးရဲဆန်မှာ တွေကို တားချင်သည်ဟူသည့်ခေါင်းစဉ်အောက်မှာ သူ့ဘဝအကြောင်းတွေ တစ်စိတ်တစ်ပိုင်းရင်ဖွင့်လာ သည်။ ကြည်သာက ဆူဇန် ဘဝကို ဒီလောက်စိတ်မဝင်စားလှ။ ကြည်သာ စိတ်ဝင်စားသည်မှာ စန်ဒရာ သာ ဖြစ်သည်။ စန်ဒရာ ဘရောင်း ဆိုသော မိန်းမလေးသည် ကြည်သာ့ရှေ့မှ ဆူဇန် လို ကရုဏာသက်ဖွယ် မျက်နှာလေးရှိနေမည်လား။ မထင်။ အမြွှာဆိုတိုင်း ရုပ်တူမည်မဟုတ်။ ကြည်သာသည်ပင် ချမ်းငြိမ်းနှင့် နည်းနည်းမှ မတူပါ။ သို့သော် ဤသည်ကလည်း ကြည်သာနှင့် ချမ်းငြိမ်းသည် Fraternal Twins ဖြစ်သော ကြောင့်ပင်။ ကြည်သာတို့နှစ်ယောက်မှာ တူသည့်အချက်သိပ်မရှိ။ ဉာဏ်ကောင်းခြင်းပင် သိပ်မတူနိုင်။ ကြည်သာ့ ထက်မြက်မှုသည် တည်ဆောက်ယူထားခြင်းဖြစ်ပြီး ချမ်းငြိမ်းကမူ မွေးရာပါပါရမီရှင်။
ကြည်သာ ကိုယ့်အကြောင်းကိုယ်မတွေးချင်။ ထို့ကြောင့် တခြားလူအကြောင်းသာတွေးပစ်လိုက်၏။ စန်ဒရာ သည် လူမည်းမိသားစု၏ မွေးစားခြင်းခံရသည်ကို မပျော်မွေ့ခဲ့ဟု ဆူဇန် ကဆိုသည်။ ဤသည် ကပဲ မီးရှို့မှု၏ အရင်းခံလား။
ကြည်သာ သိချင်လာသည်။ ထို့ကြောင့် စားပွဲပေါ်မှ စာအုပ်တစ်အုပ်ယူကာ ကြမ်းပြင်ပေါ်ပစ်ချလိုက်၏။
ကျယ်လောင်သောအသံကြောင့် ဆူဇန် နိုးလာသည်။ ကြည်သာက ပြုံးရင်းတောင်းပန်လိုက်ပါသည်။
“ဆောရီး။ ဆူဇန်.. ကိုယ် လက်ကလွတ်ကျသွားတာ”
“မအိပ်ဘူးလား ကလေးရယ်။ မနက် ၂ နာရီပဲရှိသေးတာ”
ညကတည်းက ဆူဇန် သည် ကြည်သာ့ကို “ကလေး” “Babe” ဟု စတင်ညွှန်းဆို၏။ ကြည်သာ ကြိုက်လှ သည်မဟုတ်သော်လည်း ဆူဇန် ကိုငြင်းဆန်ပစ်ရန် စိတ်အားမရှိပါ။
“အိပ်ရင်းနိုးလာတာပဲ။ ဆူဇန် အိပ်ချင်ရင်တော့ အိပ်ပါ”
ဆူဇန် က ထထိုင်လိုက်ပြီး ဆံပင်ကိုစုစည်းလိုက်၏။ ကြည်သာ ကြိတ်ပြုံးလိုက်မိသည်။
“စကားပြောချင်နေတာပဲ အေးက”
“ဟုတ်တယ်။ အမြွှာတွေရဲ့ အံ့သြဖို့ကောင်းတဲ့ ခြားနားမှုတွေအကြောင်း ပြောချင်တာ ဆူဇန်။ မင်းနဲ့ပဲ ပြောချင်တာလေ”
ကြည်သာက ပြောပြောဆိုဆိုနှင့် ဆူဇန် ဘေးသို့တိုးဝင်လိုက်၏။ ဆူဇန် ထံမှ ပန်းနံ့သင်းသင်းလေးက ကြည်သာ့၏ ဝိုင်နံ့ပြင်းပြင်းကိုမယှဉ်နိုင်ပါ။ ဆူဇန် က ကြည်သာ့ပုခုံးပေါ်မှီလိုက်ပြီး “အေးက တို့ကို တို့အဖြစ်နဲ့ပဲ ဆူဇန် ဘရောင်း အဖြစ်နဲ့ပဲ စိတ်ဝင်စားရင်ကောင်းမှာပဲ” ဟု ခပ်တိုးတိုးပြောလာသည်။ ကြည်သာ မလုံမလဲဖြစ်သွားသော်လည်း မသိချင်ဟန်ဆောင်ရင်း ရယ်နေလိုက်ပါသည်။ ဆူဇန် ဘရောင်း က ထိုသို့စိတ်ကျွမ်းကျင်သူမဟုတ်လျှင်တော့ ပို၍စိတ်ဝင်စားမိလောက်မည်ဟူသောစကားကိုတော့ ရင်ထဲ မှာပဲထားဖြစ်ခဲ့သည်။ ချမ်းငြိမ်းအေးဟန်ကို လွမ်းမိသောအခိုက်အတံ့များပါပင်။
=============================================================================
ချမ်းငြိမ်းအေးဟန်ကို အံ့သြမိသော တစ်ချက်ကိုပြောပါဆိုလျှင်တော့ စိတ်ရှည်သည်းခံနိုင်စွမ်းပင်ဖြစ်လိမ့် မည်ထင်၏။ ဤရက်များအတွင်း ဝေယံသည်လည်း NASA မှာတောင်းသော လျှောက်လွှာများပြင်ဆင်ရေး အတွက် အလုပ်ရှုပ်နေပြီး စာများကိုပင် ပြန်မပို့ဖြစ်သည့်တိုင် ချမ်းငြိမ်းက နေ့စဉ်မှန်မှန်စာပို့သကဲ့သို့ ဖုန်း လည်းဆက်သေးသည်။ ဝေယံသာ “မလာနှင့်” ဟုမတားထားလျှင် ချမ်းငြိမ်းက သေချာပေါက် အရောက် လာမည့်ပုံရှိသည်။
မတွေ့ချင်ဘူးလားမေးလျှင်တော့ ဝေယံ တွေ့ချင်ပါသည်။ သို့သော် ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းနိုင်စွမ်း စမ်းသပ်နေခြင်းပင်။ တွေးနေစဉ် NASA မှ အီးမေးလ်အတည်ပြုလွှာရောက်လာသဖြင့် ဝေယံ နည်းနည်း စိတ်ရှုပ်သွားရ၏။ ထိုကဲ့သို့အချိန်များတွင် ထိန်းချုပ်ရန်ခက်ပါသည်။ ချမ်းငြိမ်းဖုန်းကိုင်ဖို့ ကြာကြာမစောင့် လိုက်ရပါပေ။
“ဝေယံ။ ဘာဖြစ်လို့လဲ။ အဆင်မပြေတာရှိလို့လား”
“အဆင်မပြေတာရှိမှ မင်းကိုဆက်ရမှာလား။ မင်းအကူအညီလိုအပ်နေတယ်ထင်လို့လား”
“မဟုတ်ပါဘူး။ ကိုယ် စိုးရိမ်သွားလို့ပါ။ ဆောရီးနော် ဝေယံ”
“ငါ NASA နယူးယောက် ရုံးကိုသွားရမှာ။ ပြောရရင် အဲဒါက ရုံးတောင်မဟုတ်ဘူး။ လေ့လာရေးဌာနကြီး”
ဝေယံ စိတ်ပျက်မိသည်။ NASA မှခေါ်သည်ဆိုလျှင် ဝါရှင်တန်ဒီစီ ရှိ ရုံးချုပ်သို့ရောက်လျှင်ရောက်၊ မဟုတ်လည်း လက်တွေ့တည်ဆောက်ရေးဌာနများသို့ တာဝန်ကျမည်ဟု ထင်မိသော်လည်း ယခုတော့ အင်ဂျင်နီယာသိပ္ပံထက် ဂြိုဟ်များ၏ သွင်ပြင်ကိုလေ့လာသည့်ဌာနမှာဖြစ်နေသည်။ ဤသည်က ဝေယံ မျှော်လင့်ထားသော NASA တော့မဟုတ်ပါ။
“နယူးယောက် မှာ မင်းလိုချင်တဲ့တည်ဆောက်ရေးမရှိဘူးပေါ့”
“အခုထိတော့ ရှိတယ်လို့မကြားမိဘူး။ ငါ့ကို assigned လုပ်ထားတာတော့ EXOPLANETS တွေကို လေ့ လာပြီး သက်ရှိတွေအတွက် သင့်တော်မတော် ခွဲခြားပေးဖို့ သုတေသနလုပ်ရတဲ့နေရာပဲ။ ငါလိုချင်တဲ့နေရာ နဲ့တော့ ဝေးတယ်”
ချမ်းငြိမ်းက ခဏစဉ်းစားနေပုံပေါ်၏။ အင်း။ အဲဒီလိုပဲ အသက်ရှူ။ မင်း အဲဒီလို အသက်ရှူပေးရုံနဲ့ ငါ စိတ် အေးချမ်းတယ်ဟု ပြောလိုက်ချင်သည်။
“ဝေယံ။ ကိုယ်နားလည်သလောက် မင်းလေ့လာချင်တဲ့အထဲမှာ နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တွေ လည်းပါတယ်နော်။ ကြယ်တွေ၊ ကြယ်စင်စုတွေနဲ့ တွင်းနက်တွေရောပေါ့”
“ဟုတ်တယ်လေ”
“မင်းအဲဒီနေရာတွေကို လေ့လာဖို့ ယာဉ်တွေတည်ဆောက်ချင်ရင် အဲဒီနေရာတွေကို အရင်နားလည်ရမှာ လို့ ကိုယ်ထင်တယ်။ ဥပမာ – မင်းက စေတန်ဂြိုဟ်ကိုလေ့လာမယ့်ယာဉ်ကို တည်ဆောက်ချင်ရင် အင်ဂျင် နီယာသိပ္ပံတစ်ခုတည်းကို သိထားလို့မရဘူးမဟုတ်လား။ စေတန်ရဲ့မုန်တိုင်းစက်ကွင်းတွေ၊ သံလိုက်ဆွဲ အားနဲ့ ဓာတ်ငွေ့တွေကိုသိထားမှ အဲဒီနေရာကိုအနီးကပ်လေ့လာရာမှာ သင့်တော်မယ့် ယာဉ်ကို ဆောက် နိုင်မှာလေ။ ကိုယ်ထင်တာကတော့ မင်းကို NASA က တကယ် ဘက်စုံပြင်ဆင်ပေးချင်ပုံပဲ ဝေယံ။ ကိုယ် ပြောသလိုပဲ။ ဆယ်စုနှစ်အတွင်း မင်းအိပ်မက်တွေဖြစ်လာမှာ”
ဝေယံ မျက်မှောင်ကျုံ့လိုက်မိ၏။ ထိုကိစ္စကို ဝေယံ နားမလည်၍မဟုတ်။ သို့သော် ဝေယံတွေးသည်က တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ရင်း ထိုအရာဝတ္ထုကိုလေ့လာနိုင်သားပဲဟူ၍။ ချမ်းငြိမ်းနှင့် တွေးသည့်ကိစ္စတူသော်လည်း တွေးပုံချင်းမတူ။ ချမ်းငြိမ်းက တွေးခေါ်ပုံကို ဒီဂရီနည်းနည်းလေးစောင်းရုံ နှင့် ဝေယံ့အတွက် အံ့မခန်းပျော်စရာကြီးလို ပြောနေနိုင်ပါလား။
“မင်း တကယ်ပဲ ဘယ်လိုလူလဲ ချမ်းငြိမ်းရာ”
“ကိုယ်က မင်းကို အားပေးဖို့ ဒါတွေလျှောက်ပြောနေတာမဟုတ်ဘူး ဝေယံ။ ကိုယ်က မင်းကို ယုံတာ”
ဝေယံ ဤရက်များအတွင်း ပထမဆုံးအကြိမ်အဖြစ် သဘောကျစွာပြုံးမိသွား၏။
“ငါ နယူးယောက် ကို သွားဖို့စိတ်အားထက်သန်လာပါပြီ။ ဒါနဲ့ မင်း message ထဲမှာပြောတဲ့ ကိစ္စကဘာလဲ”
“ဪ။ ကိုယ် ဒီမှာ ဆက်နေဖို့ ကျောင်းတက်ဖြစ်မယ်ပြောတာပါ။ ကိုယ့်ကို ဟားဗတ် ကပဲ MRes (Master of Research) အတွက် ခေါ်တယ်။ ကိုယ်တို့ဆွေးနွေးပွဲတုန်းက ပါမောက္ခက ထောက်ခံ ပေးတာနဲ့လေ”
ဝေယံ့ရင်ထဲ မနာလိုစိတ်နည်းနည်းလေးဖြစ်ထွန်းသွားသည်ဟု ဝန်ခံပါသည်။
“ကောင်းသားပဲ။ မင်းက ဟားဗတ် နဲ့လိုက်ပါတယ်။ အခု ဗီဇာ ပြောင်းရုံပဲပေါ့”
“အင်း။ ကိုယ်လက်ခံရင် ဗီဇာ ပြောင်းဖို့လုပ်ရမယ်”
“ကောင်းပါတယ်။ Congratulations ချမ်းငြိမ်း။ ငါ နယူးယောက် မသွားခင် တခါလောက်တွေ့မယ်လေ။ ပြီး ရင် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြတော့မယ့် ဘဝတွေဆိုတော့”
“ဝေယံ”
“နယူးယောက် နဲ့ ကိန်းဘရစ်ချ် က အခုလောက်တောင်မနီးဘူးလေ”
ချမ်းငြိမ်းအဖြေကို မစောင့်ဘဲ ဝေယံ ဖုန်းချဖြစ်ခဲ့သည်။ ကိုယ့်ဘဝနှင့်ကိုယ်ဆိုလျှင်ပင် ဘာဖြစ်လို့ ရင်ဘတ်ထဲကနာနေပါလိမ့်။ ဝေယံ လုပ်နိုင်သည်ကတစ်ခုသာ။ ချမ်းငြိမ်းအေးဟန်ကို ကိုယ့်နည်းကိုယ့် ဟန်ဖြင့် လွမ်းတတ်ရန်ပင်။
==============================================================================
တက္ကသိုလ်အဆောင်ခန်းကို ပြန်အပ်ရန် အခန်းရှင်းလင်းရပြီး အတန်းဖော်များကို နှုတ်ဆက်ရသည်။ အဆောင်တူသူများကိုလည်း နှုတ်ဆက်ပါတီသဘောမျိုးပေးရသည်။ ဝေယံ တကယ်ပင် အလုပ်ရှုပ်နေခဲ့ ၏။ ထိုအခိုက်အတံ့တွင် ချမ်းငြိမ်းအေးဟန်နဲ့ အဆက်အသွယ်ရှိသေးသော်လည်း စကားများများမပြော ဖြစ်။ လွမ်းလျှင်တော့ အသံသွင်းစက်လေးကို ဖွင့်နားထောင်ဖြစ်ပါသည်။
ယနေ့တော့ ချမ်းငြိမ်းက လာတွေ့မည်ဟုဆို၏။ ဝေယံ ထပ်ရှောင်နေ၍လည်း မရတော့။ နောက် ၂ ရက် နေလျှင် ဝေယံက နယူးယောက် သို့ပြောင်းရတော့မည်။
အမှန်တော့ ဝေယံ စိတ်လှုပ်ရှားနေသည်။ မတွေ့တာကြာသော ချမ်းငြိမ်းကို တွေ့လျှင် ချုပ်ထိန်းထားရသ မျှ ပြိုမကျပါဘူးဟု မည်သူမျှအာမ မခံနိုင်။ သို့သော် မတွေ့ဘဲလည်းမနေနိုင်ပါ။ ဤသည်က နောက်ဆုံး တွေ့ဆုံခြင်းပင်ဖြစ်သွားနိုင်သည်မဟုတ်လား။
“ချမ်း…ငြိမ်း..”
ချမ်းငြိမ်းက ရထားနှင့်ပဲလာတော့မည်ဆို၍ ဝေယံ ဘူတာမှာသွားစောင့်ဖြစ်ပါသည်။ ရုပ်ရှင်၊ အထူးသဖြင့် အချစ်ရုပ်ရှင်များကို ဝေယံ သိပ်မစားတတ်သော်လည်း ဘူတာရုံများသည် လမ်းခွဲခြင်း၏ ပြယုဂ်ဖြစ်နေ တတ်သည်မဟုတ်လား။ ညနေတွင်လည်း ဝေယံသည် ချမ်းငြိမ်းကို ဤဘူတာသို့ပြန်လိုက်ပို့ဖြစ်မည်။ ပြီး လျှင်.. တကယ်ပဲ ကိုယ့်ဘဝနှင့်ကိုယ်ဖြစ်သွားမည်လား။
“ဝေယံ”
ချမ်းငြိမ်းက ရထားပေါ်မှဆင်းလာသည်နှင့် ဝေယံ့ကိုရှာတွေ့ပြီး အနားသို့ ရောက်လာ၏။ ဝေယံ ရယ်ဖို့ ကြိုးစားကြည့်လိုက်သည်။ ပူရှိန်းနံ့တို့ဝေ့နေသော လေထုက အေးမြလှ၏။
“ရောက်ပြီလား။ ငါ ဗိုက်ဆာနေပြီ ချမ်းငြိမ်း”
ချမ်းငြိမ်းက ဝေယံ့ကို ဖက်ဖို့ကြိုးစားသည်ကို ရှောင်ထွက်လာဖြစ်ရင်း ကားပေါ်သို့ထွက်လာခဲ့၏။ ကား ပေါ်ရောက်လျှင်တော့ ဝေယံလည်း ပိုစိတ်လွတ်လပ်မည်ထင်သည်။
“ချမ်းငြိမ်း”
ချမ်းငြိမ်းက ကားပေါ်တွင် ဝေယံ့လက်ကို လှမ်းဆုပ်ကိုင်လာသည်။
“အပြင်မှာ နည်းနည်းအေးသေးတယ်”
“အဲဒါတော့ မင်းပြောမှလား”
ချမ်းငြိမ်းကရယ်သည်။ ပြီးတော့မှ အိတ်ထဲက စာရွက်တစ်ရွက်ထုတ်ပေး၏။
“ကိုယ်ပြောစရာရှိတယ်”
ဝေယံ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ လမ်းခွဲစကားကို ဒီအချိန်ကြီးတော့မပြောလိုက်စေချင်။ အနည်းဆုံး နေ့လယ်တစ်ပိုင်းလောက်တော့ အတူတူရှိနေချင်သေးသည်။
“မပြောနဲ့”
“ကိုယ်ကတော့ အဲဒီစကားကိုပြောဖို့ မစောင့်နိုင်တော့ဘူး”
“မင်းကိစ္စလေ အဲဒါ။ ငါမကြားချင်ဘူး။ ဗိုက်ဆာပြီ သွားမယ်”
ဝေယံ ခါးပတ်ပတ်ပြီး ကားကို ဂီယာပြောင်းလိုက်စဉ်မှာပဲ ချမ်းငြိမ်းက “ကိုယ် ကိုလံဘီယာ တက္ကသိုလ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်” ဟု အေးအေးဆေးဆေးပြောလာ၏။ ဝေယံ အလန့်တကြားဖြင့် ဂီယာပင် မှား ထိုးမိပြီထင်သည်။
“ဘာ”
“ကိုလံဘီယာ ကလည်း ကိုယ်သွားချင်တဲ့တက္ကသိုလ်ထဲမှာပါပါတယ်။ ကိုယ့်ကို သူတို့ခေါ်ဖို့စိတ်ဝင်စား တယ်။ ဟားဗတ် နဲ့မတူတဲ့ အတွေ့အကြုံတွေကိုယ်လည်းလိုချင်တယ်။ အဲဒါ ကိုယ် ဝင်ခွင့်ရခဲ့ပြီ ဝေယံ”
ချမ်းငြိမ်းထုတ်ပေးထားသော စာရွက်ကိုကြည့်လိုက်တော့ ဝေယံ ယုံပင်မယုံနိုင်။ နယူးယောက် မြို့လယ်ခေါင် ရှိ ကိုလံဘီယာ တက္ကသိုလ်မှ ချမ်းငြိမ်းကို ဝင်ခွင့်ပြုလိုက်သည့်စာ။
“ချမ်းငြိမ်း.. မင်း .. အဲဒါ ဘာတွေလျှောက်လုပ်နေတာလဲ”
ဝေယံ စိတ်ထဲမှသိတော့သိသည်။ ချမ်းငြိမ်း နယူးယောက် ကိုလာဖြစ်တော့မည်ဖြစ်သည့်တိုင် ဝေယံ အံ့သြနေ ဆဲ။ ဟားဗတ် ကို စွန့်ပစ်ခဲ့သည့် ချမ်းငြိမ်းအေးဟန်ပါလား။
“နယူးယောက် မှာနေကြည့်ဖို့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ရန်ကုန်က ထွက်လာကတည်းက ဒီမှာ စာလေ့လာရင်း အလုပ်လုပ်ဖို့ တွေးထားတာဆိုတော့ နယူးယောက် က အလုပ်ပိုပေါပါတယ်”
“ကိုလံဘီယာ က မင်းရဲ့အစီအစဉ်ထဲပါခဲ့လို့လား။ မင်း လျှောက်ပြီး အရူးထ နေတာမလား”
“အရင်ကမပါခဲ့ပေမဲ့ အခုပါသွားပြီဆိုရင် မရဘူးလား ဝေယံ။ ကိုယ်ထင်တာက မင်းပျော်နေမလားလို့”
ဝေယံ သက်ပြင်းကြီးတစ်ချက်မှုတ်ထုတ်လိုက်၏။ ဘာပြောရမှန်းမသိ။ ကိုလံဘီယာ သည် ထိပ်တန်း တက္ကသိုလ်ဖြစ်ပြီး ဟားဗတ်, UPenn တို့ကဲ့သို့ Ivy League အဖွဲ့ဝင်တက္ကသိုလ်ကြီးဖြစ်သည့်တိုင် ဝေယံ နားမလည်နိုင်သေး။
“မင်းအခုလို ဆုံးဖြတ်တာ ကြည်သာသိလား”
“ကြည်သာ့ကို ကိုယ် မပြောရသေးပေမဲ့ နဂိုကတည်းက မြို့မတူနိုင်မှာ ကြည်သာသိပြီးသားပါ”
“မင်း နယူးယောက် ကိုသဘောကျလို့လား ချမ်းငြိမ်း”
“ကိုယ် သဘောကျဖို့မလိုဘူးလေ ဝေယံ”
ဝေယံ ခေါင်းတွေပင်ကိုက်လာပြီ။ ဒီကောင်တော့။
“ဒါဆို အခု သေချာပြီလား”
“အင်း။ ကိုယ် နယူးယောက် မှာကျောင်းတက်မှာ သေချာတယ် ဝေယံ”
“ကောင်းတယ်။ အနည်းဆုံးတော့ မင်းကို ငါ နောက်ထပ် တစ်နှစ် ထပ်မြင်ရဦးမှာပဲ။ ကိုယ့်ဘဝနဲ့ကိုယ် မဖြစ်သေးဘူးပဲ”
“အဲဒါကို မင်းမပျော်ဘူးလား” ဝေယံ ဆုံးဖြတ်လိုက်ပြီ။ ဤအချိန်ကို မဖြုန်းတီးတော့ပေ။ ခါးပတ်ကိုဖြုတ်လိုက်ပြီးနောက် ဝေယံသည် ချမ်းငြိမ်းထိုင်နေသည့်ဘက်သို့ ကိုယ်ကိုလှည့်၍ ရုတ်တရက် နှုတ်ခမ်းချင်းထိတွေ့ဆွဲကပ်စေလိုက်၏။ ဤ မျက်နှာ… ဤ နှုတ်ခမ်း။ အိပ်မက်ထဲ အခါခါပါသော ဤလူသည် ဝေယံပုံဖော်ထားသည်ထက် အဆပေါင်း များစွာ ချိုမြိန်ကြောင်း သိလိုက်ရသောအခါ ဝေယံ ထိုနှုတ်ခမ်းများကို မလွှတ်ပေးချင်တော့ပါ။


Leave a comment