17 – Apollo 11
(အပိုလို ၁၁ အာကာသ စီမံကိန်းသည် လူသားများ ပထမဦးဆုံးအကြိမ် လကမ္ဘာသို့ သွားရောက်သည့် အစီအစဉ် ဖြစ်သည်။ ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့၊ နိုင်ငံတကာစံတော်ချိန် ၂၀:၁၈တွင် လပေါ်ဆင်းသက်ခဲ့ပြီး အာကာသယာဉ်မှူး နေးလ် အမ်းစထရောင်း၊ မိုက်ကယ် ကိုလင်းနှင့် ဘတ်ဇ် အယ်ဒရင်တို့ လိုက်ပါသွားသည်။)
ကားပေါ်မှာပဲ မထိန်းချုပ်နိုင်တော့လောက်အောင် ချမ်းငြိမ်းနှုတ်ခမ်းများက ဆွဲဆောင်လွန်းနေသည်လေ။ ထို့ပြင် ချမ်းငြိမ်း၏ တုံ့ပြန်မှုကလည်း အံ့သြဖွယ်ကောင်းလောက်အောင် ညင်သာလွန်းနေခဲ့သည်။ ပြုံးနေ ခဲ့သည်တဲ့။ စဉ်းစားကြည့်ကြစမ်းပါ၊ ချမ်းငြိမ်းအေးဟန်က နှုတ်ခမ်းချင်းထိကပ်နေရင်း ပြုံးနေခဲသည်တဲ့။ ဝေယံသည် ချမ်းငြိမ်းမဟုတ်သော နှုတ်ခမ်းများနှင့် နမ်းရှိုက်ခဲ့ဖူးပြီး ရမ္မက်များရှိခဲ့သည့်တိုင် ယခုအဖြစ်က တော့ ကြောက်ဖို့ကောင်းလွန်းအောင်ပင် ထိုစိတ်များထက် တန်ဖိုးထားသည့်ခံစားချက်များနှင့်သာ ပြည့် နေခဲ့၏။ ချမ်းငြိမ်းအေးဟန်ကို ချစ်နေမိပြီလား။
အတွေးတွေကြောင့် ဝေယံ တောင့်ခဲသွားပြီး အနမ်းများကို ရပ်တံ့ပစ်လိုက်တော့ ချမ်းငြိမ်းက ထိုင်နေရင်း မှပင် ခပ်တိုးတိုးမေး၏။
“ဘာဖြစ်လို့လဲ”
“မင်းက ငါ့ကို ပြုစားတာပဲ ချမ်းငြိမ်း”
ချမ်းငြိမ်းက အပြုံးဖွဖွလေးဖြင့် ဝေယံ့နားရွက်စွန်းများကို လက်ဖြင့်ထိပေးရင်း “ချစ်ခြင်းမေတ္တာဆိုတာ ပြုစားပြီး လုပ်ယူလို့ရကောင်းတဲ့အရာမဟုတ်ဘူးလေ” ဟု ကျီစား၏။ နားရွက်လေးကို ထိတွေ့ခြင်းတစ်ခု က ဝေယံ့စိတ်ဆန္ဒတို့ကို ပြည့်ဝစေသည်ဆိုတာ တကယ်မှားယွင်းနေသည်မဟုတ်လား။ ကားမောင်းသည့် ထိုင်ခုံသို့ ပြန်လှည့်လိုက်ရန် ကြိုးစားလိုက်သော်လည်း ဝေယံ မအောင်မြင်လိုက်ပါ။ ချမ်းငြိမ်း၏ လက်က ဝေယံ့ ခါးကို သိမ်းပွေ့လိုက်ပြီး အနီးသို့ တိုးကပ်စေလိုက်သောကြောင့်ဖြစ်သည်။
“အခုမှ နောက်ဆုတ်မလို့လား ဝေယံ”
“မင်းက နမ်းချင်စိတ်ရှိလို့လား”
ချမ်းငြိမ်း မျက်ခုံးတို့က ဖျတ်ခနဲ ပြောင်းလဲသွားပြီးနောက် ခါးကိုပွေ့ထားသောလက်တို့က ဝေယံ့ဇက်နား သို့ရောက်လာကာ နှုတ်ခမ်းဖျားတို့ ထပ်၍ ရောထွေးစေလိုက်ပြန်သည်။ ဤအနမ်းကတော့ ပထမတခါကဲ့ သို့ ကြာရှည်သော အနမ်းမျိုးမဟုတ်သည့်တိုင် ရင်ခုန်လှိုက်ဖိုဖွယ်ကောင်းသည့် အကြင်နာလေးဖြစ်ခဲ့၏။
ဝေယံသည် မြင်ကွင်းရှေ့မှ တည်ကြည်လေးနက်သော မျက်နှာကို တစိမ့်စိမ့်ကြည့်နေမိသည်။ ဤ မျက်ဝန်း နက်တွေက ယခုတော့ ကိုယ့်ကိုသာ ငေးကြည့်နေပြီ။ အကြိမ်ကြိမ်တောင့်တခဲ့ရသော နှုတ်ခမ်း တို့က ကိုယ့်အပိုင်ဖြစ်ခဲ့ရပြီ။
“မင်း ကျေနပ်လား ဝေယံ”
ဝေယံ ဖြည်းဖြည်းချင်း ကိုယ့်နေရာကိုယ်ပြန်လှည့်လိုက်ရင်း ခေါင်းညိတ်လိုက်မိသည်။
“အင်း၊ ဒါက ကျေနပ်တဲ့ခံစားချက်ပဲဖြစ်မှာပါ။ ငါ့အတွက် နယူးယောက် က နေချင် စရာကောင်းတဲ့မြို့ဖြစ်လာ တော့မှာပဲ။ ကျေးဇူးပဲ ချမ်းငြိမ်း”
ချမ်းငြိမ်းက ပြုံးရင်း အသိအမှတ်ပြုသည်။ ပြီးတော့မှ “ကိုယ် ပျော်ပါတယ်” ဟုခပ်ဖွဖွပြော၏။ ဝေယံ မသိ ချင်ဟန်ဆောင်ပြီး ကားမောင်းထွက်လာမိသည်။ လမ်းတွင်လည်း ထွေရာလေးပါးပြောဖြစ်ကြသည့်တိုင် စိတ်ထဲမှာတော့ ချမ်းငြိမ်းအေးဟန်ကို မည်မျှနစ်ဝင်နေမိသည်ကိုပဲ တွေးနေဖြစ်၏။
ကျေနပ်လား တဲ့။ ကြည်သာနှင့် ပထမဆုံးရှိခဲ့တုန်းက ထိုသို့ အတိအကျအမေးခံရဖူးသော်လည်း လေသံရော၊ ရည်ရွယ်ချက်ရောမတူပါ။ ကြည်သာ့လေသံက နှိမ်ချပစ်လိုက်ဖို့ အဆင်သင့်ရှိနေသော ဓားသွား ထက်က ပျားရည်စက်ပမာဖြစ်နေခဲ့ပြီး ယခုဘေးတွင်ရှိနေသော လူသား၏ အမေးလေသံကတော့ လပြည့် ညအောက်မှ ပန်းဝတ်ရည်ချိုတွေလိုဖြစ်နေလိမ့်မည်။ ဤအဖြစ်ကြောင့် ဝေယံသည် ချမ်းငြိမ်း၏ စိတ်ရင်း ဟု ပြောသောအရာကို ယုံကြည်စ ပြုလာခဲ့သည်။
စိတ်ရင်း…။ ပြီးတော့ ချမ်းငြိမ်းကပဲ ပြောခဲ့သေးသည်။ ချစ်ခြင်းမေတ္တာတဲ့လား။ မင်းသိပ်ပြုစားတယ် ချမ်းငြိမ်းအေးဟန်။
==============================================================================
ကြည်သာမှာ အရှေ့တွင်ရပ်နေသော ချမ်းငြိမ်းကို မယုံနိုင်စွာငေးကြည့်နေမိသည်။ နယူးယောက် ကိုသွားမည့် အကြောင်း ကြည်သာ့ကို အသိပေးလာသော ချမ်းငြိမ်းသည် Oriental Studies – အရှေ့တိုင်းပညာ ယူ လိုက်ပြီဟု အသိပေးခဲ့စဉ်ကလိုပင် အေးအေးလူလူအနေအထားတွင်ရှိသည်။ သို့သော် မတူတော့သည်က ချမ်းငြိမ်းသည် တခြားတစ်စုံတစ်ယောက်အတွက် ရွေးပစ်လိုက်ခြင်းပင်။
“နင် ရူးနေပြီလားဟင်။ ဟားဗတ် က နင့်ကို တခုတ်တရ ဖိတ်ခေါ်တာတောင် နင်က ငြင်းပစ်ပြီး ကိုလံဘီယာ ကို ရွေးလိုက်တယ်ဆိုတော့ နင်ဘာတွေတွေးနေတာလဲ ချမ်းငြိမ်း”
ချမ်းငြိမ်းက ထိုစကားများကို မျှော်လင့်ထားဟန်ဖြင့် ချော့ဖို့ပြုလုပ်လာလေ ကြည်သာ ပိုဒေါသထွက်ရ လေ။
“နင် ငါ့နားမလာနဲ့။ နင် အဲဒီလောက်တောင် ဝေယံခကို ကြိုက်နေလား။ ဟုတ်လား။ နင် ကြိုက်တဲ့လူကို ရွေးတာ ငါဘာမှ ဝင်ပြောခွင့်မရှိတာသိတယ်။ ဒါပေမဲ့ ဒီကိစ္စက မဟုတ်သေးဘူး ချမ်းငြိမ်း။ ဟားဗတ် လို နေရာကို ငြင်းပြီး ကိုလံဘီယာ မှာ နင်ကျောင်းလခပြန်ရှာပြီးတက်ရမှာ။ ငါ လုံးဝ.. မကျေနပ်ဘူး”
“ကြည်သာ။ ကိုယ် ဟားဗတ် ကိုသဘောကျပါတယ်။ ဒါပေမဲ့ ကိုလံဘီယာ ကလည်း ကိုယ့်အတွက် အဆင် ပြေတဲ့ကျောင်းပါ။ ဟားဗတ် ကို ကိုယ်တက်မှဖြစ်မယ့် အကြောင်းအရင်းရှိလို့လား”
ကြည်သာ စူးခနဲကြည့်လိုက်မိသည်။ ချမ်းငြိမ်းဆိုလိုချင်သည်ကို ကြည်သာ သဘောပေါက်သည်။ မေမေ သည်ပင် ချမ်းငြိမ်းကို ထိုသို့တက်ခိုင်းနေမည်မဟုတ်။ တစ်နည်း မေမေသည် ကြည်သာတို့ကို သိပ်ဂရုမပြု တော့ဘဲ ဆိုင်ကိစ္စလုပ်ရင်း မွေးစားတူမနှင့် မွေးစားမြေးတစ်ယောက်ပင်ရနေပြီ။
“အဲဒါဆို နင် ကိုလံဘီယာ ကိုရော တက်မှဖြစ်မယ့် အကြောင်းအရင်းပြောလေ”
“ကိုယ် နယူးယောက် မှာနေချင်တယ် ကြည်သာ။ ကိုယ့်မှာ ရွေးချယ်စရာရှိနေရင် အဲဒီလူနဲ့ နီးဖို့ ရွေးမယ်”
ကြည်သာ နှုတ်ခမ်းတွေနာကျင်လာသည်အထိ ကိုက်ထားဖြစ်မိ၏။ အချစ်မှာ နစ်မျောနေသော ချမ်းငြိမ်း က ကြည်သာ လုံးဝမထင်မှတ်ထားသည့် ပုံစံဖြစ်သည်။
“ငါနဲ့ ဝေးမယ်ဆိုရင်တောင်လား။ ဟင်.. ဖြေစမ်းပါ။ ချမ်းငြိမ်းအေးဟန်။ ငါနဲ့ဝေးရင်တောင်လား”
ကြည်သာသည် John Hopkins မှဘွဲ့ရပြီးလျှင် ကျောင်းမှပေးထားသော ပညာသင်ဆုရထားသည့် အတွက် တက္ကသိုလ်တွင်ပင် သုတေသနပြန်လုပ်ပေးရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ကြည်သာသည် ယခုမြို့မှာပင် ဆက်နေထိုင်ဖြစ်မည်။ ဤသည်ကို ချမ်းငြိမ်းလည်းသိသည်။
ချမ်းငြိမ်းက ကြည်သာ့အနားသို့ တစ်လှမ်းချင်းတိုးလာတော့ ကြည်သာ အတင်းထုနှက်ပစ်လိုက်သည်။ ချမ်းငြိမ်းက မတားပါ။ သူ့ရင်ဘတ်ကို ကြည်သာ ထုသမျှ ငြိမ်ခံပြီး ကရုဏာမျက်လုံးများနှင့်ကြည့်နေ၏။ ကြည်သာ မောသွားပြီး ရပ်တံ့သွားမှ ချမ်းငြိမ်းက ကြည်သာ့ပုခုံးစွန်းများကို ကိုင်ပြီး နဖူးချင်းလာထိထား ကာ တစ်ခွန်းပဲ ခပ်ဖွဖွဆိုသည်။
“ကိုယ်တို့က ဘယ်တုန်းကဝေးဖူးလို့လဲ ညီမလေးရယ်”
ကြည်သာ အော်ငိုပစ်လိုက်ချင်သည်။ တကယ်တော့ ကြည်သာတို့ ဘယ်တုန်းက နီးဖူးလို့လဲလေ။
==============================================================================
နေထိုင်လာခဲ့သော ဘဝသက်တမ်းတစ်လျှောက်တွင် ချမ်းငြိမ်းက ကြည်သာ့ကို အရာအားလုံး အလျှော့ ပေးခဲ့ပါသည်။ သို့သော် လူတွေမသိကြသည်က အရေးပါဆုံးသောအရာများကို ကြည်သာ ရှုံးနိမ့်ခဲ့ရခြင်း ပင်။ ဖေဖေနှင့်ရင်းနှီးခွင့်မှစ၍…။
ကြည်သာတို့ မိသားစုတွင် မေမေသည် စီးပွားရေးကိုဦးဆောင်လုပ်သူပီပီ လည်ဝယ်ပြီး ထက်မြက်သည်။ ဆိုင်ခွဲများရှိသော အထည်ဆိုင်ပိုင်ရှင်ဖြစ်၍ မေမေသည် စကားပြောဆိုရာတွင်လည်း သွက်ပါသည်။ ဖေဖေကတော့ မေမေနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်၏။ ကဗျာဆရာ ဖေဖေသည် စာအုပ်စာပေလောကတွင် ပဲ ကျင်လည်ချင်သူဖြစ်ပြီး ငွေကြေးရေးကိုလည်း သိပ်ဂရုစိုက်ခဲ့ခြင်းမရှိပါ။ ဖေဖေကံကောင်းသည်က မိဘ အမွေ မြေဝိုင်းလေးကျန်နေခြင်းသာဖြစ်ပြီး မေမေကလည်း ဖေဖေ့ကို ချစ်မြတ်နိုးပေးခြင်းသာဖြစ်မည်။ မေမေသည် ဖေဖေ ပိုက်ဆံမရှာနိုင်သည်ကို ငြိုငြင်ခြင်းမရှိပါ။ ဖေဖေဝါသနာပါရာကို လုပ်နိုင်ပြီး မေမေက ပဲ မိသားစုကို သူ့နည်းသူ့ဟန်ဖြင့် ထိန်းကျောင်းသွားခြင်းသာဖြစ်သည်။
ဖေဖေက ကြည်လင်သောမျက်နှာရှိပြီး စကားပြောရာတွင် အလွန်အေးချမ်း၏။ ကဗျာရွတ်နေလျှင် နား ထောင်၍ ကောင်းလွန်းသည်။ ထူးအိမ်သင်သီချင်းများဆိုပြလျှင် ကြည်သာ နားထောင်၍ပင်မဝ။ တုနှိုင်းမဲ့ ရတနာ သီချင်းကို ဖေဖေဆိုပြလျှင် ကြည်သာပေါက်စမှာ ပျော်လွန်း၍ ထခုန်မိသည်အထိပင်။ ကြည်သာ သိတတ်စ ကာလများတွင် ဖေဖေနှင့် ကြည်သာ အလွန်ရင်းနှီးခဲ့သည်ကို ကြည်သာ သိပါသည်။ သို့သော်.. ချမ်းငြိမ်းစကားစပြောလာပြီး နောက်ပိုင်းများတွင် ဖေဖေနှင့်ကြည်သာ တစတစ ဝေးကွာလာခဲ့ရ၏။ ဖေဖေ့ဘေးတွင် ရှိနေသူက ချမ်းငြိမ်းသာဖြစ်လာခဲ့သည်။ ဖေဖေသည် ချမ်းငြိမ်းကို လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားတတ်ပြီး တခါတရံ မိတ်ဆွေ စာသမားများနှင့်ပါ မိတ်ဆက်ပေးတတ်သည်။ ချမ်းငြိမ်းသည် ရှေးကဗျာများကို စာအုပ်များထံမှ လေ့လာခဲ့ပြီး ခေတ်ပေါ်ကဗျာများကိုတော့ ဖေဖေတို့ထံမှ သင်ယူခွင့်ရ ခဲ့သည်လေ။ ကြည်သာ မခံချင်စိတ်ဖြင့် ထိုကဗျာများကို လိုက်ဖတ်သော်လည်း ချမ်းငြိမ်းကဲ့သို့ အခွင့်အရေးမရခဲ့ပါပေ။
ဖေဖေနှင့် ချမ်းငြိမ်းက နီးကပ်လွန်းသည်မှ ရှာ၍ပင်မရသည်အထိဖြစ်တတ်သည်။ ကြည်သာသည် မေမေ နှင့် ရင်းနှီးနေသည့်တိုင် တစ်ဖက်ပဲ့နေသကဲ့သို့ခံစားရသည်။ မေမေသည် အိမ်မှုကိစ္စကို အန်တီဖြစ်သူနှင့် လွှဲထားပြီး ဆိုင်တွင် အချိန်ကုန်နေတတ်သော်လည်း ကြည်သာ့ ပညာရေး၊ ကျန်းမာရေးတို့နှင့် ပတ်သက် လျှင် သည်းသည်းလှုပ်ရှိတတ်သည်။ ကြည်သာ့ အရည်အချင်းကိုသိသောအခါ မေမေသည် ကျောင်း ပြောင်းဖို့ အားထုတ်တော့၏။ ချမ်းငြိမ်းနှင့် ဝေးရမည့်အတွက် ကြည်သာ ငြင်းဆန်ပြီး ဖေဖေ့ကိုပါ ပြေး ပြောခဲ့သော်လည်း ကြည်သာ မြို့လယ်ကျောင်းသို့ရောက်ခဲ့ရသည်။ သို့သော် နောင်မှပြန်သိရသည်မှာ ကျောင်းပြောင်းရန် အားပေးသူက ဖေဖေဖြစ်နေသည်တဲ့။
ကြည်သာသည် ထက်မြက်မှုအတွက် ချီးကျူးခံရတိုင်း ဂုဏ်ယူသည့်တိုင် ဤချီးကျူးမှုများက ရွှေရောင် အဆိပ်လူးမြား များသာဖြစ်ခဲ့သည်ကို မည်သူမျှသိလိမ့်မည်မဟုတ်ပါ။ ဖေဖေဆုံးသွားသောအခါ ချမ်းငြိမ်း ရော၊ ကြည်သာရော မငိုဖြစ်ခဲ့ကြပေ။ ဖေဖေသည် ကြည်သာနီးကပ်ချင်သော လူဖြစ်သည့်တိုင် ထိုအချိန် တွင်တော့ ချမ်းငြိမ်းနှင့်ရှိနေရလျှင်တော်ပြီဟုသာ ကြည်သာတွေးဖြစ်ခဲ့သည်။
“ကိုကို.. ငါ့ကို မထားခဲ့နဲ့နော်”
“ကြည်သာ့စိတ်ထဲက ကိုယ့်ကိုလိုအပ်လာတိုင်း ကိုယ်ရှိနေမယ်”
ထိုကတည်းက ကြည်သာသိသင့်ခဲ့သားပါပဲ။ ချမ်းငြိမ်းသည် ကြည်သာနှင့် နီးကပ်ပါမည်ဟု တခါမှ ကတိမပြုခဲ့ဖူးပါ လေ။
==============================================================================
“တချို့ကမေးခွန်းထုတ်ပါလိမ့်မယ်။ ဘာဖြစ်လို့ လ ကိုလဲ။ ဘာဖြစ်လို့ ဒီကိစ္စကို ကျွန်တော်တို့ရဲ့ ပန်းတိုင် အဖြစ် ရွေးချယ်ခဲ့တာလဲ။ အဲဒီလူတွေသည် အရင်ကလည်း မေးကြပါလိမ့်မယ်။ အမြင့်ဆုံးတောင်ထွဋ်ကို မှ ဘာဖြစ်လို့ရွေးခဲ့သလဲ။ လွန်ခဲ့တဲ့ ၃၅ နှစ်ကဆို ဘာဖြစ်လို့ အန္တလန်တိတ်ကို ဖြတ်ကျော်ပျံသန်းဖို့ ရွေး ခဲ့သလဲ။ Rice က Texas နဲ့ယှဉ်ပြိုင်ဖို့ ဘာဖြစ်လို့ ရွေးခဲ့သလဲ။
ကျွန်တော်တို့ကတော့ လကမ္ဘာကိုသွားဖို့ ရွေးချယ်ပါတယ်။ လကမ္ဘာကိုသွားဖို့ရွေးချယ်မှာပါ။ ဒီဆယ်စုနှစ် မှာ လကမ္ဘာကိုသွားပြီး တခြားသောကိစ္စရပ်တွေကိုဆောင်ရွက်ဖို့ရွေးချယ်ခဲ့ပါတယ်။ အဲဒါက လွယ်ကူလို့ တော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါက ခက်ခဲတဲ့ကိစ္စရပ်မို့လို့ကို ရွေးချယ်တာပါ”
သမ္မတ ကနေဒီ၏ မာန်ပါသော မိန့်ခွန်းမှတ်တမ်းကို မျက်နှာပြင် အကြီးကြီးဖြင့် ပြသထား သော အဆောက်အဦးကြီးထဲရောက်နေခွင့်ရတာ ဝေယံ ကျေနပ်သည်။ နယူးယောက် သည် ဝေယံ့ အစီအစဉ် ထဲက မြို့မဟုတ်ခဲ့သော်လည်း ယခုရောက်လာရပြီ။ ထို့ပြင် ဤနေရာနှင့် သိပ်မလှမ်းသောနေရာတွင် ချမ်းငြိမ်း ရှိနေလိမ့်မည်။ သမ္မတ ကနေဒီ ပြောခဲ့သည့်စကားများက ဝေယံ့ကို အမေရိကန်ပြည်သူများ နည်းတူ စိတ်အားတက်ကြွစေ၏။ လွယ်ကူ၍မဟုတ်ဘဲ ခက်ခဲ၍ကို ရွေးချယ်ခဲ့ခြင်း တဲ့။ နယူးယောက် သည် ဝေယံ့၏ အလုပ်အကိုင်ဘဝခရီးအတွက် လွယ်ကူသော မြို့ဖြစ်မည်မဟုတ်သော်လည်း ဝေယံရွေးချယ်ခဲ့ရ ပြီ။ သမ္မတ ကနေဒီ ၏ လက်သီးလက်မောင်းတန်းသော မိန့်ခွန်းကဲ့သို့ ဝေယံသည် တနေ့တွင်တော့ မုချ အောင်မြင်ရပါမည်။
“နယူးယောက် ကနေကြိုဆိုပါတယ်။ ငါက မင်းတို့ရဲ့ဌာနအကြီးအကဲဖြစ်လာမှာ၊ ငါ့နာမည်က အက်ဘီ”
သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်အနေဖြင့် ခပ်မိုက်မိုက်ပုံစံရှိသော အက်ဘီ က လာမိတ်ဆက်၏။ ဝေယံသည် အက်ဘီ ကို မမြင်ဖူးခင်ကတည်းက ရင်းနှီးပါသည်။ အီးမေးလ်များမှတဆင့်အပြင် အက်ဘီ ၏ လုပ်ဆောင်ချက်များကို ရှာဖွေကြည့်ဖူးသည်။ အက်ဘီ သည် ကမ္ဘာမြေမဟုတ်သည့် တခြားသော နေရာများ တွင် သက်ရှိနေထိုင်နိုင်ခြင်းအထောက်အထားကို ရှာတွေ့သည့် ပညာရှင်ဖြစ်၏။
“ကျွန်တော် ဝေယံပါ။ ကျွန်တော် ဒီမှာ အကောင်းဆုံး လုပ်ဆောင်ပါမယ်”
“အင်း။ မင်းအဲဒီလိုလုပ်မှကိုဖြစ်မှာ။ အကောင်းဆုံးမဟုတ်ရင် ငါတို့က အလိုမရှိဘူး”
အက်ဘီ က ဝေယံ လုပ်ကိုင်ရမည့်ဌာနသို့ခေါ်ဆောင်သွား၏။ ဝေယံတို့ဌာနသည် မြေအောက်ထဲတွင်ရှိပြီး ဘောလုံးကွင်းကြီး နှစ်ကွင်းစာလောက်ကျယ်မည်ထင်သည်။ စက်ပစ္စည်းကိရိယာများစုံလင်ပြီး ခွဲခြမ်း စိတ်ဖြာရေးရုံးခန်းဟု အမည်တပ်ထားသော အခန်းများလည်းရှိ၏။ ကောင်းမွန်လွန်းသော်လည်း ဝေယံ ထင်ထားသည်နှင့် မတူ။
“ဆောရီး။ ကျွန်တော်မသိလို့ဗျ။ ကျွန်တော်တို့က အာကာသထဲက အရာတွေကို လေ့လာရမှာဖြစ်ပြီး ဘာ ဖြစ်လို့ မြေအောက်ထဲမှာလဲ”
အက်ဘီ က တစ်ချက်လှည့်ကြည့်ပြီး ဌာနထဲမှ တခြားလူများကလည်း တစ်ချက်ရယ်လိုက်ကြ၏။
“မရူးစမ်းပါနဲ့ ကောင်လေး။ ငါတို့ရဲ့တယ်လီစကုပ်တွေက မြို့လယ်ခေါင်မှာရှိမယ်ထင်လို့လား။ ဒီလောက် noise များတဲ့နေရာမှာလေ။ ငါတို့ခေါင်မိုးထပ်မှာတော့ ရှိသင့်တဲ့အလတ်စားတွေရှိပေမဲ့ တယ်လီစကုပ် စခန်းက သက်သက်ရှိတယ်။ ပြီးတော့ သူတို့ကို ကြီးကြပ်စောင့်ကြည့်တဲ့လူတွေလည်းရှိပြီးသား။ ငါတို့က အဲဒီက ရတဲ့အချက်အလက်တွေကနေ ခွဲခြားရမှာ”
“ဒါဆို ရှာမတွေ့နိုင်ဘူးပေါ့”
ဝေယံက ဂြိုဟ်များကို ကိုယ်တိုင်ရှာဖွေချင်သည်။ သို့သော် အလုပ်သင်ကျောင်းသားအနေဖြင့်တော့ ထို စကားကို အမြန်ဖာတေးဖို့လိုပါသည်။
“ကျွန်တော်ဆိုလိုတာက အဲဒီလို ရှုပ်ထွေးတဲ့ ဂြိုဟ်တွေကိုရှာတဲ့အခါ ကျွန်တော်တို့ကိုယ်တိုင်မမြင်ရဘဲနဲ့ နားလည်ပါ့မလားပေါ့”
အက်ဘီ ကမျက်မှောင်ကျုံ့သည်။
“လူသစ်လေး။ မင်း နားလည်မှုလွဲနေတာရှိတယ်ကွ။ တစ်စုံတစ်ခုကို နားလည်ဖို့ သူတို့ကို ကိုယ်တိုင် နီးကပ်ဖို့မှမလိုဘဲလေ”
ဝေယံ ခေါင်းညိတ်ပြပြီး လုပ်ငန်းဆောင်တာများကို သင်ယူနေလိုက်၏။ စိတ်ထဲတွင်တော့ ဝေယံ နီးကပ် စွာဖြင့် နားလည်ချင်သော တစ်စုံတစ်ယောက်ကိုသာ မြင်ယောင်နေခဲ့သည်။
ချမ်းငြိမ်း…။ ဝေယံ ပိုင်ဆိုင်သော ချမ်းငြိမ်း။
=============================================================================
“အလုပ်ရဲ့ ပထမဆုံးနေ့က အဆင်ပြေခဲ့လား ဝေယံ”
ရုံး လုံခြုံရေးဂိတ်မှထွက်လာသည်နှင့် ချမ်းငြိမ်းက သမ္မတ ကနေဒီ ၏ မိန့်ခွန်းပြထားသည့် မျက်နှာပြင်ရှေ့ တွင် ရပ်စောင့်နေသည်ကို မြင်ရသောအခါ ဝေယံ ပင်ပန်းသမျှ အကုန်ပြေပျောက်သွားရသည်။ ခြေလှမ်း တို့က နည်းနည်းပင်သွက်သွားမိလားမသိ။ ချမ်းငြိမ်းကလည်း အပြုံးနှင့်ဆီးကြို၏။ ချမ်းငြိမ်းက အမြဲတမ်း ကုတ်အင်္ကျီအရှည်နှင့် လည်စည်းပုဝါဝတ်တတ်ပြီး လူကြီးဆန်သော်လည်း ချမ်းငြိမ်းဖြစ်၍ကို ကြည့် ကောင်းလှသည်။
“မင်း လာကြိုတာလား။ ညနေစာစားမှ တွေ့မယ်ပြောထားတာကို”
“ကိုယ့်အခန်းမှာ ပစ္စည်းရွှေ့ပြီးပါပြီ”
ဝေယံက အခန်းငှားခပေးစရာမလိုဘဲ NASA ဝန်ထမ်း အိမ်ရာတွင် နေခွင့်ရခဲ့သော်လည်း ချမ်းငြိမ်းကမူ ကျောင်းအဆောင်ထက် အိမ် လေးတစ်လုံးသာရှာဖွေခဲ့၏။ ဈေးကြီးမြင့်လှသော နယူးယောက် တွင် ကံ ကောင်းစွာဖြင့် ချမ်းငြိမ်း၏ အိန္ဒိယမှ အသိက မိတ်ဆက်ပေးသော အိန္ဒိယမိသားစု၏နှစ်ထပ်အိမ်တွင် နေရာရခဲ့သည်။ ဝေယံ လိုက်ကြည့်ရသလောက် အဆင်တော့ပြေပါသည်။ ထိုအိန္ဒိယမိသားစုကလည်း ပညာတတ်များပင်ဖြစ်၏။
“မင်းက ဘာမဆို လုပ်လိုက်ရင်ချောမွေ့နေတာပဲ။ ငါတော့ ပစ္စည်းရွှေ့ရတာ သေတော့မလို ညောင်းကိုက် နေတာ။ ပြီးတော့ NASA က ဘာအီလက်ထရောနစ် ပစ္စည်းမဆို စာရင်းတင်ရသေးတယ်။ အိမ်ငှားခ မပေး ရတာနဲ့တောင် မတန်ပါဘူး။ စည်းကမ်းကလည်းများပြားပြီး ရှုပ်နေတာပဲ”
“သူတို့စည်းကမ်းထဲ ဧည့်သည် ညအိပ်မလာရဘူးလို့တော့ မပါဘူးမဟုတ်လား”
ချမ်းငြိမ်းက အတည်ပေါက်မေးနေတော့ ဝေယံ ရယ်ချင်စိတ်ကိုထိန်း၍မရလိုက်။
“ဟားဟား။ ချမ်းငြိမ်း။ မင်းကလေ တကယ်ပဲ အဲဒီလိုတွေလည်းပြောတတ်တာလား”
“ရယ်နေတာလား ။ ဒါဆိုရင်တော့ ရတယ် ထင်ပါတယ်။ တော်ပါသေးရဲ့”
“တော်ပါသေးရဲ့ လုပ်မနေနဲ့။ အဲဒါလည်းစာရင်းသွင်းရတယ်”
နှစ်ယောက်လုံး ရယ်လိုက်မိသည်။ ဘာလိုလိုနှင့် နှစ်ယောက်သား လမ်းမပေါ်ရောက်လာ၏။ ဌာန၏ နံဘေးတွင် ကာသီဒြယ်ကျောင်းတော်ကြီးတစ်ခုရှိပြီး လမ်းကူးလျှင်တော့ နယူးယောက် Central Park ကို ရောက်သည်လေ။
“Central Park ကိုသွားမလား ဝေယံ”
“နောက်နေတာလား။ ငါ ဒီလောက်ညောင်းကိုက်နေတာကို မင်းပဲအဲဒီလောက် ကျယ်တဲ့ပန်းခြံကြီးထဲ ခေါ်ချင်နေ”
“သဘာဝတရားထဲ သွားလိုက်ရင် မင်း စိတ်ပိုကြည်လာမလားလို့”
“နေစမ်းပါ။ ဘာသဘာဝတရားလဲ။ အပင်တွေနဲ့ ခိုတွေပဲရှိမှာကို။ တစ်ခုခုစားမယ်။ ပြီးရင်ပြန်ကြစို့။ ငါ စိတ်ကြည်ဖို့က မင်းအသံနားထောင်ရင်ရပြီ”
“ကိုယ့်အသံကို မင်း သဘောကျလား”
ဝေယံ ဒါမျိုးကျ မဖြေချင်။ ပေကပ်ကပ်နှင့် ဟိုကြည့်ဒီကြည့်လုပ်နေမိတော့ ချမ်းငြိမ်းက ထပ်ပြော၏။
“ဒါဆို မင်းသဘောကျတဲ့အထဲ ကိုယ့်အရည်အချင်းအပြင် ကိုယ့်အသံပါတိုးလာပြီပေါ့”
“ချမ်းငြိမ်းအေးဟန်။ မင်းက မာန်တက်နေတာပဲ”
နှစ်ယောက်သား ဘတ်စ်ကားစီး၍ စူပါမားကတ်တစ်ခုတွင် လိုအပ်သည်တို့ဝင်ဝယ်ပြီး ဝေယံ့ အခန်းသို့ လာဖြစ်ကြသည်။ ချမ်းငြိမ်းက ပုံမှန်ဧည့်သည် အနေဖြင့် NASA အိမ်ရာကိုစာရင်းသွင်းနေတော့ ဝေယံ ကြိတ်ရယ်မိသေးသည်။ သို့သော် ဝေယံ မေ့နေခဲ့သည်က အသံသွင်းစက်ကို ဝှက်ထားရန်ဖြစ်သည်။
တိုက်ခန်းတွဲ တံခါးကို ဖွင့်ဝင်ပြီး ဝယ်လာသော ပစ္စည်းများနေရာချနေစဉ် ချမ်းငြိမ်း တိတ်ဆိတ်နေသဖြင့် ဝေယံ လှည့်ကြည့်လိုက်မိတော့မှ ထိတ်ခနဲဖြစ်သွားရသည်။ အိပ်ရာပေါ်ရှိ ခေါင်းအုံးနံဘေးမှ အသံသွင်း စက်လေးကို ချမ်းငြိမ်းက ငေးကြည့်နေ၏။
“ချမ်း.. ချမ်းငြိမ်း။ ငါပြောပြမယ်။ အဲဒါက ကြည်သာ့ပစ္စည်းဆိုတာသိတယ်။ ဒါပေမဲ့ ငါ ပြန်မပေးဖြစ်သေး တာ”
ချမ်းငြိမ်းက မာဖလာကိုဖြုတ်ရင်း ဝေယံ့ကို ကြည့်နေ၏။ ထိုမျက်ဝန်းနက်များမှာ ပြုံးရိပ်တို့ရှာမတွေ့၍ ဝေယံ ပိုထိတ်လန့်သွားရသည်။
“ကြည်သာနဲ့ ငါနဲ့က စကားပြောရင် အဆင်မပြေကြတော့ ပြန်မပေးဖြစ်ရင်း.. ငါခဏယူထားတာ။ ပြန်ပေး မှာပါ။ ငါ ပြန်ပေးဖို့ကြိုးစားဖူးတယ်”
“ဝေယံ။ အဲဒီစက်ကို ကိုယ်ပြန်ယူသွားမယ်”
ဝေယံ့ ရင်ထဲဟာခနဲ။ သို့သော် ဤသည်က ဖြစ်သင့်သည့်ကိစ္စပဲ။
“ဟုတ်တယ်။ မင်းယူသွားတာ ကောင်းတာပေါ့။ အင်း အင်း။ အဲဒါ ကြည်သာ့ကိုပြန်ပေးပေးဦးနော်။ အခု ပါစတာစားမှာလား။ ဝက်အူချောင်းကြော်မလို့”
ချမ်းငြိမ်းက ဝေယံ့အနားသို့ လျှောက်လာပြီး ပွေ့ဖက်လိုက်၏။
“မင်းအတွက် သီးသန့် အသံသွင်းပေးမယ်။ မင်းနားထောင်ချင်တာတွေအတွက် ကိုယ် အကုန်လုပ်ပေး မယ်။ မင်း သဘောကျတဲ့ ကိုယ့်အသံနဲ့ ကိုယ်သဘောကျတဲ့ မင်းအတွက် စာဖတ်ပြမှာမို့လို့ တခြားလူရဲ့ ပစ္စည်းတစ်ခုကို မင်းစိတ်ဒုက္ခရောက်ခံပြီး မယူထားချင်နဲ့ ဝေယံ”
ကိုယ် သဘောကျတဲ့ မင်း။ အခု ချမ်းငြိမ်းအေးဟန် နှုတ်ဖျားက သဘောကျသည် ဟုပြောလိုက်တာလား။
ဝေယံ့ရင်ထဲ ငလျင်လှုပ်သွားသလိုပင်။
“မင်းက ငါ့ကို.. သဘောကျတယ်လား”
ချမ်းငြိမ်းက ဖက်ထားရာမှ ဖြည်းဖြည်းချင်းခွာပြီး မျက်နှာချင်းဆိုင်ကာ “အင်း” ဟု ခေါင်းညိတ်ပြသည်။
ဝေယံ မယုံနိုင်သေး။ ဒါကြီးကမဟုတ်သေးပါဘူး။
“ချမ်းငြိမ်း။ မင်း.. တကယ်လို့ အဲဒီညက ငါသာ မူးပြီး လျှောက်မပြောခဲ့ရင် မင်းဘယ်လိုလုပ်မှာလဲ။ ငါက ဟားဗတ် ကိုမလာခဲ့ရင်ရော။ ဒါမှမဟုတ် ငါက အဲဒီညအထိမနေခဲ့ရင်ရော”
ဝေယံ့အမေးများထွက်ပေါ်နေသော နှုတ်ခမ်းကို ချမ်းငြိမ်းက လက်ညိုးဖြင့် ထိကပ်လာပိတ်၏။
“ရှူး.. ဝေယံ။ ကိုယ် ကံကိုယုံပြီးသား”
အရင်ကကဲ့သို့ဆိုလျှင် ဒီအရူးကောင်ကတော့ ဂေါက်ပြန်ပြီဟု ဆဲမိမည်ထင်သည်။ သို့သော် ယခုတော့ ဝေယံ ဘာမှမတုံ့ပြန်မိ။ ချမ်းငြိမ်းက မျက်နှာချင်းကပ်လာသည်မှာ ဝင်သက်ထွက်သက်တို့ပင် အချင်းချင်း ခံစားနေရပြီ။
“ဝေယံသိလား။ ခုနက အဆောက်အဦးထဲမှာ ပြထားတဲ့ သမ္မတ ကနေဒီ ရဲ့မိန့်ခွန်းပြီးတော့ သမ္မတ ရစ်ချက်နစ်ဆင် ရဲ့မိန့်ခွန်းရှိသေးတယ်။ လူသားတွေ လကမ္ဘာကို ပထမဆုံး အောင်မြင်စွာခြေချနိုင်ခဲ့တုန်း က ပေါ့။ နေးလ်အားမ်စထရောင်း တို့ အာကာသယာဉ်မှူးတွေအတွက် သမ္မတ နစ်ဆင် က မိန့်ခွန်း နှစ်ခုပြင်ခဲ့ရ တယ်တဲ့။ ဘာဖြစ်လို့လဲ မင်းသိလားဟင်”
ဝေယံက ချမ်းငြိမ်းစကားကို အာရုံစိုက်ကဲ့သို့ ချမ်းငြိမ်း ဝင်သက်ထွက်သက်ကိုလည်း အငမ်းမရ ခံစားနေ မိသည်။ ထို့ကြောင့် ချမ်းငြိမ်းကပင် ဆက်ပြော၏။
“အဲဒီခရီးစဉ်က ကြီးကျယ်ခမ်းနားသလို ကျရှုံးနိုင်တဲ့အနေအထားလည်းရှိတယ်။ ဘယ်သူမှ သေချာကြို မသိနိုင်ဘူး ဝေယံ။ သမ္မတ နစ်ဆင် က အဲဒီအတွက် ကြိုပြီးမိန့်ခွန်းပြင်ခဲ့ရတယ်။ လူတွေက အနိုင်ကိုပဲ မျှော်လင့်ရင်တောင် အရှုံးအတွက် ကြိုပြင်ကြရတာပဲလေ။ မင်းသာ ဟားဗတ် ကိုလိုက်မလာခဲ့ရင် ကိုယ် UPenn ကိုလိုက်လာဖြစ်မှာပါပဲ။ အဲဒီအခါလည်း ပိုပြီးလှပတဲ့ တွေ့ဆုံမှုဖြစ်လာနိုင်သေးတာပဲလေ။ ဝေယံ.. သမ္မတ နစ်ဆင် မိန့်ခွန်းထဲကလိုပဲ ကံကြမ္မာက လှပစွာစီရင်ပေးလိုက်တာပါ။ ကိုယ်နဲ့မင်းကိုလေ”
ချမ်းငြိမ်းနှုတ်ခမ်းများပေါ် ဝေယံ တိုးကပ်နမ်းရှိုက်လိုက်မိ၏။
ဝေယံ့ရှေ့မှ လူသားသည် လူသားမဟုတ်တော့သကဲ့သို့ ခံစားနေရသည်။ ချမ်းငြိမ်းသည် စကြဝဠာထဲမှ
ကြယ်စင်စုတစ်ခုအလား လင်းလက်တောက်ပနေသောကြောင့်ပင်။
==============================================================================
“လကမ္ဘာဆီကို ငြိမ်းချမ်းမှုအပြည့်နဲ့ သွားပြီးလေ့လာစူးစမ်းကြမယ့်လူသားတွေကို လကမ္ဘာပေါ်မှာပဲ အေး ချမ်းစွာ အနားယူနိုင်ဖို့ ကံကြမ္မာကစီရင်လိုက်ပါတယ်။ ရှေးရှေးတုန်းက လူသားတွေက ကြယ်တွေကို မော့ ကြည့်တဲ့အခါ သူတို့ရဲ့သူရဲကောင်းတွေကို ကြယ်စင်စုတွေထဲ မြင်တွေ့နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာ လည်း အတူတူပါပဲ။ ဒါပေမဲ့ ငါတို့သူရဲကောင်းတွေကတော့ ကြီးမြတ်တဲ့ အသွေးအသားနဲ့ လူသားတွေပဲ ဖြစ်တယ်”
(အမေရိကန် သမ္မတ ရစ်ချက်နစ်ဆင် ပြင်ဆင်ထားခဲ့ပြီး မပြောခဲ့ရသည့် မိန့်ခွန်း)
==============================================================================
(Author’s Note – ဒီအပိုင်းအတွက် Art လှလှလေးနဲ့ short animated media လေးတစ်ခုကို Artist Moon You က ဖန်တီးပေးထားပါတယ်။ We chose to go to the moon ဆိုတဲ့ မိန့်ခွန်းနဲ့ပေါ့။ )


Leave a comment