8 – Planet X
(1846 တွင် နက်ပ်ကျွန်းဂြိုဟ်ကို တွေ့ရှိပြီးနောက် နောက်ထပ် ဂြိုဟ်ကြီးများရှိနေဦးမည်ဟု ရှာဖွေခဲ့ကြ သည်။ ထိုရှာဖွေရေးကို Planet X ဟု အမည်တပ်ခဲ့ကြသည်။ )
တက္ကသိုလ်စာသင်နှစ်များအတွင်း တခါမှ ကျောင်းမပျက်ဖူးသော ကြည်သာက လက်တွေ့စမ်းသပ်ချိန်ကို ပျက်ကွက်ခဲ့သဖြင့် အားလုံးက အံ့သြနေကြသည်။ သို့သော် ကြည်သာ့အတွက်တော့ ချမ်းငြိမ်း ထိခိုက်ချိန် မှာ မည်သည့်အရာကမှ ပိုအရေးမကြီးနိုင်ပါ။ ဝေယံခကိုလည်း ဖုန်းဆက်ချိန်စိတ်မရှိ။ မည်သူနှင့်မှလည်း မတွေ့ချင်။ မေမေတို့ကိုပင် ဖုန်းမဆက်ချင်တော့ပါ။ ချမ်းငြိမ်းမျက်နှာကို တွေ့ချင်စိတ်သာရှိသည်။ အသံ လေးကြားရဖို့၊ မျက်နှာလေးမြင်ရဖို့ ဘာဖြစ်လို့များ ဒီလောက်ခက်ခဲရသလဲ။
ကြည်သာ ဘယ်နှကြိမ်မြောက်မှန်းမသိ ငိုချလိုက်မိပြန်သည်။ ရူးတော့မှာပဲ ကိုကိုရယ်။
ဖုန်းထဲမှ တင်ခနဲရောက်လာသော အသိပေးချက်ကြောင့် မျှော်လင့်ချက်အပြည့်ဖြင့်ကြည့်လိုက်တော့ တကယ်ပင် ချမ်းငြိမ်းဖြစ်နေသည်။ တုန်လှုပ်နေသော လက်အစုံဖြင့် ဖုန်းကိုဆုပ်ထားပြီးမှ လက်ခံလိုက် တော့ နဖူးမှာ ပလာစတာဖြင့် ချမ်းငြိမ်းမျက်နှာပေါ်လာ၏။
“ချမ်းငြိမ်းအေးဟန်… နင်… နင် အခုဆေးရုံဆင်းလာပြီလို့ ငါ့ကိုမပြောစမ်းနဲ့”
“မပြောပါဘူး။ ကိုယ် အဆင်ပြေတယ်လို့လှမ်းပြောတာပါ။ ကိုယ် အခုဆေးရုံမှာပါပဲ”
ဖုန်းထဲမှ ချမ်းငြိမ်းမျက်နှာက ပလာစတာနှင့် ဒဏ်ချက်တချို့ရှိသည်ကလွဲ၍ ပကတိ တည်ငြိမ်နေလျှက်။
“ဆေးရုံမှာ ဟုတ်ရဲ့လား ကိုကို”
“ဪ.. ကြည်သာရယ်”
ချမ်းငြိမ်းက ဖုန်းကိုဘေးဘက်သို့လှည့်ပြ၏။ ဆေးရုံခန်းမှာဖြစ်သည်မို့ ပိုပြီးနာကျင်ရပြန်သည်။
“နင် အရမ်းထိသွားတာပဲ..ကိုကို။ နင် ဘာဖြစ်လို့ငြိမ်ခံနေလဲဟင်။ နင့်ကို လုပ်တဲ့ကောင်တွေကို ငါ သွား သတ်ပစ်မှာသိလား”
“ကြည်သာ.. ဖြစ်ချိန်တန်လို့ဖြစ်တဲ့ကိစ္စတွေမှာ ကြည်သာ့ကို ဘာပူပန်မှုမှမယူစေချင်ဘူး။ ကိုယ်ပြောတာ ကို သဘောပေါက်တယ်မဟုတ်လား”
“ဘာပူပန်မှုလဲ။ အဲဒါ ပူပန်မှုမဟုတ်ဘူး ကိုကို။ ငါသတ်ပစ်မှာပါဆို”
ကြည်သာက ပြောရင်း အော်မိပြီး မျက်ရည်များကျလာပြန်သည်။ ရှိုက်သံက ထိန်း၍ပင်မရ။
“ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ညီမလေး စိတ်ပူနေရပြီ”
“ကိုကို… နင်အဲဒီလိုဖြစ်တော့ ငါ ဒီမှာ ခံစားမိတယ်သိလား”
ချမ်းငြိမ်းက ဖုန်းထဲမှနေ၍ သူ့ကိုငေးစိုက်ကြည့်နေ၏။ ပြီးတော့မှသက်ပြင်းရှိုက်ရင်း ခပ်ဖွဖွမေးသည်။
“အဲဒီကိစ္စကို လက်မလျှော့သေးဘူးလား”
“ဘာပြောတာလဲ ကိုကို။ ငါသေရင်တောင် လက်မလျှော့ဘူး။ ငါ့တစ်ဘဝလုံးကို နင်နဲ့ ထပ်တူကျဖို့ ကြိုးစားမှာ”
“မလိုအပ်ဘူးလေ”
“နင်တော်တော့ ချမ်းငြိမ်း။ နင် နေကောင်းအောင်သာလုပ်စမ်းပါ။ ငါအခုရော အဆင်ပြေနေတယ်လို့ ထင် နေလား”
“ကိုယ် နေကောင်းပါတယ်။ ကြည်သာ.. နောက်နေ့ကျ ကိုယ်ထပ်ခေါ်မယ်နော်။ ဒီနေ့က တခြားသူရဲ့ဖုန်း နဲ့ဆိုတော့ ကိုယ်တို့ ဒီလောက်ပဲ။ စိတ်မပူနဲ့တော့နော် ညီမလေး။ မငိုနဲ့တော့။ တစ်ခုခုစားဖို့မမေ့နဲ့”
“ဘာ..။ အခုက ဘယ်သူ့ဖုန်းမို့လို့လဲ”
ချမ်းငြိမ်းက ခဏမျှတိတ်နေပြီးမှ “ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းပါ။ ကိုယ့်ဖုန်းက skype အတွက် လိုင်းဆွဲအားမမီသေးဘူးလေ” ဟုပြန်ဖြေ၏။
“အေး ဘယ်သူငယ်ချင်းလဲ။ ကျော်ဇောတော့မဟုတ်ဘူးဆိုတော့ အောင်စိုးလား”
“ကိုယ်တို့တက္ကသိုလ်ကပဲ။ ဝတ်ရည်ဆိုတဲ့သူငယ်ချင်းပါ”
ကြည်သာ သွေးတွေပြောင်းပြန်စီးသွားပြီဟု ခံစားလိုက်ရ၏။
“ဘာ…။ အဲဒီဝတ်ရည်ဆိုတဲ့ မိန်းမက နင် အခုလိုဖြစ်ရတဲ့အကြောင်းရင်းမဟုတ်လား။ အဲဒီမိန်းမဘက်က ကာကွယ်ရင်း နင့်ကို ဟိုသူတောင်းစားတွေက ဝိုင်းရိုက်ကြတာလေ။ အဲဒါတောင်အရှက်မရှိ ပေါ်လာရဲ သေးတဲ့ မိန်းမ..”
ပြောရင်း ကြည်သာ ဒေါသအလိပ်လိုက်ထွက်လာသည်။ ချမ်းငြိမ်းက ရန်ဖြစ်မည့်သူမဟုတ်ကြောင်း လူတိုင်းသိသည်။ ယခုကိစ္စတွင်လည်း ကျောင်းမှဝတ်ရည်ဆိုသော မိန်းမကို ရည်းစားဟောင်းနှင့်အဖွဲ့က နှောင့်ယှက်ကြသဖြင့် ချမ်းငြိမ်းက ကာကွယ်ပေးခဲ့ရာမှ ဖြစ်ခဲ့ရခြင်းပင်။ ထို့အတွက် ပိုစိတ်တိုသည်။
“ကြည်သာ.. အဲဒီလိုမပြောပါနဲ့”
“ပြောမယ်။ ပြောတော့ဘာဖြစ်လဲ ချမ်းငြိမ်း။ အဲဒီလိုမိန်းမရဲ့ဖုန်းနဲ့ ငါ့ဆီဆက်စရာမလိုဘူး။ အေး.. နင်က တော့ လူတကာအပေါ်မေတ္တာထားပြီး သူတော်ကောင်းလုပ်နိုင်ပေမဲ့ ငါတော့မရဘူး ကိုကို။ ငါငရဲပဲသွား လိုက်မယ်”
“ညီမလေး။ စိတ်လိုက်မာန်ပါမပြောရဘူး။ ပြီးတော့ ကိုယ်က ညီမလေးကို ငရဲကို အရောက်ခံမယ်ထင်နေ သလား”
“နင်လား”
ကြည်သာ မျက်ရည်များကြားမှ နာနာကျင်ကျင်ရယ်လိုက်မိ၏။
“နင်ကတော့ သူတော်ကောင်းကြီးလေ ချမ်းငြိမ်းရယ်။ နင် နိဗ္ဗာန်ရောက်ဖို့အားထုတ်လိုက်ပေါ့။ ငါကတော့ နိဗ္ဗာန်မရောက်မယ့်အတူတူ ငရဲကို တစ်ယောက်တည်းသွားပစ်မယ်သိလား”
“ကိုယ်က ကြည်သာ့ကို အဲဒီလိုအဖြစ်ခံမယ်ထင်နေသလားဟင်”
“ထင်တော့ရော.. နင်က ဘာလုပ်ပေးမှာမို့လို့လဲ။ ချမ်းငြိမ်းအေးဟန်.. နင်ကလေ.. လူတိုင်းအပေါ် ပေးဆပ် ပါတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ တစ်ကိုယ်ကောင်းဆန်သူပဲ”
“ကြည်သာ.. ကိုယ်နိဗ္ဗာန်မရောက်ချင်ပါဘူး။ ကိုယ်ငရဲလည်းမသွားဘူး။ ကြည်သာနဲ့အတူ ကိုယ်ရှိနေမှာ။ ဒါက ကိုယ့်တစ်ဘဝစာအတွက်ရော သံသရာအတွက်ပါ ပေးတဲ့သစ္စာပဲ”
ကြည်သာ့ရင်ထဲက မီးတောက်ကြီးက ဝုန်းခနဲငြိမ်သက်သွား၏။ ချမ်းငြိမ်းမျက်ဝန်းတွေက ကြေကွဲနေပုံ ရသည်။
“ငါ…. ငါမသိဘူး ကိုကိုရယ်။ ငါ နင့်ကိုလေ.. ဘယ်သူ့ကိုမှမပေးချင်ဘူး။ ပြီးတော့ အဲဒီဝတ်ရည်ဆိုတဲ့ မိန်းမ ကို ငါမုန်းတယ်ဟာ။ နင့်ကို ဒီလိုထိခိုက်စေလို့ ငါအရမ်းမုန်းတယ်”
“ငိုနေတာ မပင်ပန်းဘူးလား ညီမလေးရယ်။ ပြီးတော့ ကိုယ် ဆေးရုံမှာ တခြားဘာနည်းလမ်းမှမရှိတာမို့လို့ ဒီဖုန်းကိုသုံးမိတာပါ။ ကိုယ် အခုကစပြီး အဲဒီဖုန်းကိုမသုံးတော့ဘူးနော်။ ကိုယ် ဆေးရုံဆင်းတာနဲ့ လိုင်းဆွဲ အားနိုင်တဲ့ ဖုန်းဝယ်လိုက်မှာမို့ စိတ်မပူနဲ့တော့နော်”
“တကယ်နော် ချမ်းငြိမ်း…”
“ကိုယ့်ကို မယုံဘူးလား ကြည်သာ”
“ငါ နင့်ကို အရမ်းလွမ်းတယ် ကိုကို”
ချမ်းငြိမ်းက ပထမဆုံးအကြိမ်အဖြစ် ရေးရေးကလေးပြုံးလာသည်။ နှုတ်ခမ်းထောင့်မှ ယောင်နေသည့် တိုင် ချမ်းငြိမ်းအပြုံးကအေးချမ်းပါသည်။
“ကိုယ်ရောပဲ”
ထိုစကားနှင့်တင် လုံလောက်ပါသည်လေ။
==============================================================================
ဘောလ်တီမော မြို့ကိုရောက်လာရပြန်ပြီ။ ဝေယံသည် ကိုယ့်အဖြစ်ကိုယ် ဆန်းစစ်ရင်းလည်း ရယ်ချင်မိ၏။ ကြည်သာ့ကို စိတ်ကုန်မိတော့မည်ဟု တွေးတိုင်း သူပဲပြန်ရုန်းထွက်မရဖြစ်နေသည်။ ကြည်သာသည် ရူပဗေဒသဘောအရ ဆွဲငင်အား အလွန်ကြီးသော မိန်းမတစ်ယောက်ပင်ဖြစ်ရမည်။ ဘုရားသခင်သည် ကြည်သာ့ကို ဖန်ဆင်းစဉ်က ဉာဏ်ပညာထက်မြက်မှုနှင့်အတူ ဆွဲငင်အား – Gravitational Force ပါ ပိုပိုသာသာပေးသနားလိုက်ဟန်တူ၏။ နယူတန်သည် ပန်းသီးပြုတ်ကျသည်ကို သတိမပြုခဲ့မိလျှင် ကြည်သာအေးမြ နှင့်တွေ့ဆုံကြုံကြိုက်ပါက ဆွဲငင်အားသီအိုရီကို အတည်ပြုနိုင်ဦး မည်သာ။
တွေးနေရင်းနှင့် ကြည်သာရောက်လာ၏။ ကြည်သာ့ မျက်နှာက သိပ်လန်းပုံမရ။ အမှန်တော့ ကြည်သာက ယနေ့မတွေ့တော့ဟု ပြောသေးသည်။ သို့သော် ဝေယံက လာမည့်အပတ်တွင် လက်တွေ့စာမေးပွဲရှိ၍ မည်သို့မျှ မလာနိုင်။ ထို့ကြောင့် ယနေ့ပဲတွေ့ဖြစ်ကြခြင်းပင်။
“ငါ ဒီနေရာကို သိပ်မကြိုက်ဘူး။ အဘွားကြီးက သိပ်စကားများတယ်”
ကြည်သာက အခန်းထဲရောက်သည်နှင့် အပေါ်အင်္ကျီချွတ်ပြီး လှဲချလိုက်၏။ သူကလည်း ကြည်သာ့ကို ပွေ့ ဖက်ထားရင်းဖြင့် စကားပြောကာ အစပျိုးနေမိသည်။
“ဒီ မိုတယ်က အဆင်ပြေပါတယ်။ အခန်းလည်း မဆိုးပါဘူး။ ဈေးလည်းအတော်ပဲ။ ပြီးတော့ privacy ရှိတယ်လေ”
“အေး အဲဒီအဘွားကြီးက စကားများလွန်းတာတော့ မကြိုက်ဘူး”
“နင့်အဆောင်ကမှ ဧည့်သည်လက်မခံတာ။ တွေ့လား၊ နင်ကသာ ယောက်ျား မိန်းမ တန်းတူညီမျှမှုပြော နေတာ။ ငါ့အဆောင်ဆိုရင် ဘယ်လိုလာလာ လက်ခံတယ်။ နင်တို့မိန်းမအဆောင်တွေကသာ ယောက်ျား တွေကို ခွဲခြားတာ”
ကြည်သာက တစ်ချက်ရယ်လိုက်ပြီး “အဲဒါက နင်တို့ယောက်ျားတွေက မုဒိမ်းကောင်ဖြစ်နေနိုင်လို့ပေါ့” ဟု ပြန်ပြောသဖြင့် သူအောင့်သက်သက်ဖြစ်သွားရသည်။
“နင်အဲဒီလိုပြောဖို့လိုလို့လားဟာ”
“လိုတာပေါ့။ နင်အရင်စပြောတာပဲဟာ”
ဝေယံ အရှုံးပေးလိုက်ရသည်။ ကြည်သာနှင့် စတွဲကတည်းက ဝေယံ အနိုင်ရသည်က ခပ်ရှားရှားပင်။ ဘဝ တွင် အရှုံးကို မသိဖူးသောသူ့ကို ကြည်သာသည် ကောင်းကောင်းကြီးပညာပေးနေပြီ။
“တော်ကွာ။ အဲဒါတွေမပြောနဲ့။ ငါတို့အချိန်ကောင်းလေးကို…”
“ငါ ဒီနေ့စိတ်မပါဘူး။ ဒီမိုတယ်ကို ငါလာတာက နင့်ကို အဆောင်မှာမတွေ့ချင်လို့ပဲ”
သူ အတော်ဒုက္ခရောက်သွားရ၏။ ကြည်သာက လက်မခံလျှင် သူရှေ့ဆက်မတိုးလိုပါ။ ခုနကတင် အလိုမတူသောကိစ္စကိုပြောထားသဖြင့် သူ ထိုသို့အထင်မခံချင်။ ပြဿနာက သူ့ခန္ဓာကိုယ်က ကြည်သာ့ ကို အလောတကြီးလိုအပ်နေခြင်းပင်။
“အာ.. ကြည်သာ… ငါ..”
“ဝေယံ… ငါတို့စကားပဲပြောကြရအောင်”
“အေး။ စကားပဲပြောမယ်ဆိုလည်း အစကတည်းက ငါ့ရှေ့မှာ အဲဒီလိုတွေမနေနဲ့”
ဝေယံ ဒေါသထွက်သွားမိပြီးမှစိတ်ကိုထိန်းလိုက်သော်လည်း ကြည်သာက ရယ်ပြီးနေပြီ။
“အိုက်လို့ပါဟ။ ပြန်ဝတ်လိုက်မယ် ဟုတ်ပြီလား”
“နင်က တကယ်လူဆိုးမပဲ”
“လက်ခံပါတယ်”
ဝေယံ စိတ်လျှော့ပြီး အိပ်ရာပေါ်ထိုင်ရုံမျှရှိသေး၊ ကြည်သာက လက်မောင်းပေါ်လာမှီအိပ်၏။
“နင်သိလား။ ပုံပြင်ထဲမှာလေ.. ရိုးရာအယူအရ.. ယောက်ျားရဲ့လက်ရုံးပေါ်ခေါင်းအုံးအိပ်ရင် ဘုန်းတန်ခိုး တွေကျတယ်ဆိုပဲ။ ဘယ်လောက်ရယ်ရလိုက်သလဲ”
ထိုလက်မောင်းကို ပြန်ရုတ်ဖို့လုပ်နေသည့် ဝေယံ့မှာ ကြောင်တောင်တောင်ဖြင့်ရပ်လိုက်ရ၏။
“ယောက်ျားတစ်ယောက်ရဲ့ဘုန်းတန်ခိုးက မိန်းမတစ်ယောက် ဘယ်မှာအိပ်တယ်ပေါ်မူတည်နေရင် အဲဒီ ယောက်ျားဟာ အတော်အသုံးမကျလို့ပဲဖြစ်ရမယ်”
“ကြည်သာ.. နင်က ယောက်ျားတစ်ယောက်ဖြစ်သင့်တာသိလား”
ကြည်သာက ရယ်ပြန်သည်။
“တွေ့လား။ နင့်အတွေးကိုက ပြဿနာရှိနေတာ။ ငါ မိန်းမတစ်ယောက်အဖြစ် ဒါတွေပြောနေတာက နင့် အတွက် အနှောင့်အယှက်ဖြစ်နေတယ်မလား။ ယောက်ျားတွေကပဲ ဒါမျိုးတွေးခွင့် ပြောခွင့်ရှိတယ်လို့ နင့် မသိစိတ်က judge နေတာ”
သူစိတ်အချဉ်ပေါက်လာသဖြင့် ခပ်ရွတ်ရွတ်အော်လိုက်မိ၏။
“မဟုတ်ဘူး။ နင်ယောက်ျားတစ်ယောက်ဖြစ်ရင် ငါမကြိုက်မိလောက်ဘူးလေ။ နင်နဲ့လည်း အိပ်ချင်စိတ် ဖြစ်မှာမဟုတ်ဘူး”
ကြည်သာက ထိုစကားကိုတော့ သဘောကျစွာဖြင့် သူ့လက်မောင်းကို တဖျတ်ဖျတ်ရိုက်ရင်းရယ်သည်။ ပြီးတော့မှ
“ဝေယံ.. နင် ယောက်ျားတစ်ယောက်ကို မကြိုက်မိဖူးဘူးလား။ sexually attract ဖြစ်တာမျိုးလေ”
“နင်ဘာတွေပြောနေတာလဲ။ ငါ မိန်းမတွေပဲကြိုက်တယ် ဟုတ်ပြီလား”
“နိုး နိုး။ နင် တကယ် ကြိုက်ရမယ့်လူကိုမတွေ့သေးတာဖြစ်နိုင်တယ်”
“နင်က ငါ့ရည်းစားဆိုတာသတိရဦး”
“အို.. ရည်းစားလည်းဘာဖြစ်လဲ။ နင်နဲ့ငါက ချစ်လို့တွဲတာမှမဟုတ်ဘဲ။ နင်ချစ်ရမယ့်သူကိုရှာကြည့်ဖို့ ငါက အကြံတောင်ပေးနိုင်သေးတယ်”
ဒီကောင်မလေးကို သူနိုင်ဦးမှာလား။၏
“တော်တော့ဟာ။ နင်ပေါက်ကရပြောတာတွေရပ်တော့။ မရပ်ရင်..”
“မရပ်တော့ ဘာဖြစ်လဲ”
“ငါ ချမ်းငြိမ်းကို ကြိုက်ကြည့်လိုက်မယ်”
ကြည်သာက ဆတ်ခနဲထထိုင်သည်။ ထို့နောက် အဝတ်ပြင်ဝတ်ကာ အခန်းထဲမှ ထွက်သွား၏။ ဝေယံ စိတ်ရှုပ်စွာနှင့် ခေါင်းကုတ်မိ၏။ ဒုက္ခပဲ။ ဘယ်သူက ကိုယ့်ရည်းစားရဲ့အစ်ကိုကိုကြိုက်မှာလဲ။
ကြည်သာ့နောက်ပြေးလိုက်ဖို့ကြံသော်လည်း ကြည်သာက လျင်မြန်စွာပင် ပျောက်သွားပြီ။ ဖုန်းပင်မကိုင်။ ကောင်းကွာ။ အခန်းထဲမှာတော့ အသံသွင်းစက်လေးတစ်ခုကျကျန်နေခဲ့သည်ကို သတိထားမိ၏။ နောက် မှ ကြည်သာ့ကိုပြန်ချော့ရင်း ပေးရမည်ပဲဟု နှလုံးသွင်းကာ သိမ်းထားဖြစ်သည်။
တကယ်တော့ သူ့အတွေးထဲမှာ ချမ်းငြိမ်းအေးဟန်သည် မသိမသာနေရာယူထားခဲ့ပြီးဖြစ်သည်။
=========================================================================
တက္ကသိုလ်စာကြည့်တိုက်မှာ ကြည်သာ တစ်စုံတစ်ရာကို သည်းကြီးမည်းကြီးရှာဖွေနေမိသည်။ ကြည်သာ့ ပုံက အလောသုံးဆယ်နိုင်နေမည်ကို သိ၏။ သို့သော် ကြည်သာအေးမြသည် တစ်စုံတစ်ရာကိုလိုချင်လျှင် သည်းခံစောင့်စွမ်းနိုင်ခြင်းအလျင်းမရှိပါ။
“အေး… တို့ ဘာကူပေးဖို့လိုလဲ”
အနားသို့ တိုးတိုးလေးလာပြောသော ဆူဇန် ကို ကြည်သာလှည့်ကြည့်မိတော့ ဆူဇန် က ပုံမှန်အတိုင်းပင် ပြုံးပြနေ၏။ ကြည်သာ့အတွက်ကတော့ ထိုအပြုံးကိုပင် ကြည့်မရ။
“ရတယ်။ ကိုယ့်ဟာကိုယ်ပဲရှာလိုက်မယ်”
သို့သော် ဆူဇန် က ကြည်သာ့နားမှထွက်မသွားဘဲ ဘေးမှာရပ်နေသည်။
“အေး… ကိုယ်က ဒီစာကြည့်တိုက်မှာ အလုပ်လုပ်တာပါ။ ကိုယ်ရှာပေးနိုင်တယ်”
“အမြွှာတွေရဲ့စိတ်ခံစားချက် ဆက်စပ်ပုံအကြောင်းရှာနေတာ”
ဆူဇန် က နှုတ်ခမ်းလေးဟသွားပြီးမှ ခေါင်းညိတ်ကာ ကြည်သာ့ကို Neuroscience အကန့်သို့ခေါ်သွား ပေး၏။ ကြည်သာ ခုနက ရှာပြီးခဲ့သော်လည်း လှေကားနှင့်တက်မှရသည့်နေရာတွင် ထိုအကြောင်း စာတမ်းများရှိနေသည်ပဲ။
“ကျေးဇူး.. ဆူဇန်.”
“အေး… ဒီမှာစကားပြောလို့မကောင်းဘူး။ အပြင်ခဏထွက်ရအောင်”
ကြည်သာယူမည့်စာအုပ်များနှင့် စာတမ်းများကို စာရင်းသွင်းပြီးသည်နှင့် အပြင်သို့ထွက်လာဖြစ်ကြ၏။ ကြည်သာ စိတ်မကြည်မလင်ရှိသည်ကို ဆူဇန် သိပုံပေါ်ပါသည်။
“အေးမှာ အမြွှာအစ်ကိုရှိတယ်လို့ပြောဖူးတာ တို့သတိရမိတယ်။ ဒါပေမဲ့ အေး.. တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က မသိနိုင်ဘူး။ အနီးစပ်ဆုံးခန့်မှန်းနိုင်တာပဲဖြစ်လိမ့်မယ်။ အဲဒါကလည်း နီးကပ်မှုကြောင့် ဖြစ်ပြီး အမြွှာဖြစ်နေလို့မဟုတ်ဘူး”
“ဆူဇန်.. တို့နဲ့တို့အစ်ကိုက သူများအမြွှာတွေနဲ့မတူဘူး။ တို့ သေချာပေါက်ကို အဲဒီအကြောင်း လေ့လာမှ ရမယ်။ နောက်ဆုံးနှစ်အတွက် တို့ခေါင်းစဉ်ကိုတောင် Cell Biology ယူထားပြီးသား။ တို့ သေချာပေါက် ရှာမှာ”
“မရှိတဲ့အရာတစ်ခုကို ရှာလို့မှမရဘဲ အေးရယ်”
“ဆူဇန်.. မင်းရဲ့စေတနာကိုကျေးဇူးတင်ပေမဲ့ တို့ကို ဝင်စွက်ဖက်တာရပ်လိုက်ပါ။ ဒါနောက်ဆုံးပြောတာ ပါ”
ဆူဇန် ကမျက်နှာလေးမှိုင်းသွားပြီးမှ “တို့… နားလည်တယ်။ တို့မှာ အမြွှာရှိဖူးတယ် အေး” ဟု ခပ်တိုးတိုး လေးဆိုလာ၏။ ကြည်သာ လှည့်ထွက်လုအခြေအနေမှ ပြန်လှည့်ကြည့်လိုက်မိသည်။
“တို့ရဲ့အမြွှာညီမက အေးနဲ့သိပ်တူတယ် သိရဲ့လား။ သိပ်ထက်မြက်တယ်၊ ရဲရင့်တယ်၊ မှန်တယ်ထင်ရင် ဘာကိုမှ ဂရုမစိုက်ဘူး။ ပြီးတော့.. အေးလိုပဲ.. အမြွှာတွေဟာ တစ်ယောက်နဲ့တစ်ယောက်ခံစားရတာခြင်း ထပ်တူကျရမယ်လို့ သူယုံကြည်တယ်”
ဆူဇန် မျက်ဝန်းများမှာ မျက်ရည်များပြည့်လာ၏။ ကြည်သာ့စိတ်ထဲမှာ တစ်စုံတစ်ရာကို ကြိုသိလာသကဲ့ သို့ ခံစားမိသည်။ သို့သော် ကြည်သာထုတ်မမေးချင်။ ထုတ်မမေးရဲ။ ဆူဇန် ကဆက်ပြောလာပါသည်။
“သူ ဘာဖြစ်သွားလဲသိလားဟင်။ တို့နဲ့စကားများပြီးတဲ့နောက်မှာ သူ့ကိုယ်သူ မီးရှို့ပစ်လိုက်တယ်။ သူ ယုံ တာက ဒီကနေ ထွက်သွားဖို့ တို့ကိုပါခေါ်သွားမယ်ပေါ့။ ဒါပေမဲ့ အေး.. သူပဲဝေဒနာခံစားပြီးထွက်သွားရ တာ။ တို့က အဝေးမှာ မိဘတွေနဲ့ပျော်နေခဲ့သားပဲ”
ကြည်သာ့ရင်ထဲ စူးခနဲအောင့်သွား၏။ မီးရှို့ခြင်းက မည်မျှပူလောင်မည်နည်း ကြည်သာမတွေးရဲပါပေ။
“ဆူဇန်.. ဆောရီးကွာ။ တို့ .. လာကွာ။ ဖက်ထားမယ်”
ကြည်သာက ဆူဇန် ကိုတင်းနေအောင်ဖက်ထားပေးလိုက်မိတော့ ဆူဇန် က ရှိုက်ငိုနေတော့၏။ အေးချမ်းလှသည်ဟု လူအများမှတ်ချက်ပြုသော မိန်းကလေးမှာလည်း ဒီလိုကြောက်စရာနောက်ကြောင်း ရှိနေသေးတာပဲလား။
“မဖြစ်နိုင်တာ တို့သိတယ် ဆူဇန်..။ ဒါပေမဲ့ တို့အစ်ကို တစ်ခုခုဖြစ်ချိန်မှာ တို့ရူးမတတ်ပဲ။ အဲဒါကို တို့ ရှာဖွေချင်တယ်။ အမြွှာတွေမှာ ခံစားချက်အတွက် အပို အာရုံကြောမရှိဘူးဆိုပေမဲ့ တို့အစ်ကိုက အဲဒီလို မဟုတ်ဘူးလို့ ထင်တယ်..။ တို့ ရှာကြည့်ချင်သေးတယ်”
“အေး ယုံကြည်မှုပြင်းထန်ရင် ဆက်လုပ်ပါ။ တစ်ခုပဲ အေးရယ်.. ကိုယ့်ကိုယ်ကိုယ်မထိခိုက်ပါစေနဲ့နော်။ အဲဒီအခါ အေးရဲ့အစ်ကိုလည်း တစ်ဘဝလုံးနောင်တတွေနဲ့နေထိုင်သွားရလိမ့်မယ်။ ပြီးတော့ ဆူဇန် လည်း ဖြေသိမ့်နိုင်မှာမဟုတ်ဘူး”
ကြည်သာ သက်ပြင်းချရင်း ဆူဇန် လက်ကိုကိုင်ထားမိသည်။
“တို့ကိုစိတ်ချပါ”
ချမ်းငြိမ်းအေးဟန်မှာ နောင်တတရားမရှိကြောင်းတော့ ဆူဇန် ကိုတစ်ရက်ပြောပြရဦးမည်။


Leave a comment