9 – Vostok 1
*Trigger Warning – ပြင်းထန်သော စိတ်ဆုံးဖြတ်မှုများနှင့် အနာတရဖြစ်စေမှုများအား ပြောပြထားသည့် အပိုင်းဖြစ်၍ စာဖတ်သူတချို့အတွက် သင့်လျော်မည်မဟုတ်ပါ။ READ AT YOUR OWN RISK*
t/w – Fire, Suicide
(1961 တွင် ဆိုဗီယက်မှ လွှတ်တင်ခဲ့သော Vostok 1 သည် လူသားသမိုင်းတစ်လျှောက် ကမ္ဘာပတ်လမ်း ထဲသို့ ပထမဆုံးရောက်ရှိခဲ့သော အာကာသပျံသန်းမှုဖြစ်ခဲ့သည်။)
ဤရက်ပိုင်းတွေ ကြည်သာ ဘာပဲလုပ်လုပ် စိတ်မပါသကဲ့သို့ဖြစ်နေရသည်။ အာရုံထဲတွင်လည်း ကြည်သာ သိပင်မသိသည့် ဆူဇန် ၏ အမြွှာညီမက မီးတောက်ထဲမှာလူးလွန့်နေပုံကိုသာ မြင်ယောင်နေမိ၏။ သူစိမ်း ပဲဖြစ်ပါစေဦး၊ ဆူဇန် ၏ အမြွှာဆိုလျှင် ဆူဇန် နှင့်မျက်နှာချင်းဆင်တူမည်မဟုတ်လား။ မီးတောက်ထဲ မှ ဆူဇန်.. ထိုအတွေးသည် ကြည်သာ့ကို ထိတ်လန့်စေသည်။
ကြည်သာ အိပ်မရစွာဖြင့် Recorder ကိုစမ်းမိတော့ ရှာ၍မမိ။ ပိုစိတ်ရှုပ်သွားပြီး တစ်ခန်းလုံးအနှံ့လိုက်ရှာ သော်လည်း မရှိနေ။ ကြည်သာ့နှုတ်မှ ဆဲသံတစ်ခုထွက်လာမိသည်။ ချမ်းငြိမ်းအသံမရှိလျှင် ကြည်သာ ဘယ်လိုမှစိတ်ငြိမ်မည်မဟုတ်ပါ။
ထို့ကြောင့် ချမ်းငြိမ်းကို စာပို့ပြီး ဖုန်းပြောချင်ကြောင်း ပြောထားလိုက်၏။ ရန်ကုန်တွင် ညမိုးချုပ်လောက် ဖြစ်မည်ထင်သည်။ သို့သော် ချမ်းငြိမ်းရှိနေပါသည်လေ။
“ကြည်သာ.. စိတ်မရွှင်ဘူးလား”
ချမ်းငြိမ်းနှင့် စကားပြောရသည်ကို ကြည်သာ ကြိုက်သည်လည်းမပြောနှင့်။ ဖုန်းကိုင်၍ မျက်နှာမြင် သို့မဟုတ် အသံကြားကတည်းက ချမ်းငြိမ်းသည် နှုတ်ခွန်းဆက်စကားထက် ကြည်သာ့စိတ်အခြေအနေ ကို မေးမြန်းတတ်သူပင်။
“ကိုကို့ဖိုင်တွေထည့်ထားတဲ့ Recorder ပျောက်သွားတယ်။ စိတ်ရှုပ်တယ်”
“ဟုတ်လား။ ကိစ္စမရှိဘူးလေ။ ကိုယ် ပြန်ပို့ပေးမှာပေါ့ ကြည်သာ။ အဲဒါအတွက်နဲ့ စိတ်ရှုပ်မခံနဲ့နော်”
“ကိုကိုရယ်.. ငါ့မှာ ဖိုင်တွေတော့ရှိတာပေါ့။ ကွန်ပျူတာထဲမှာ သေချာသိမ်းထားပါတယ်။ ဒါပေမဲ့ အလွယ် နားထောင်ဖို့ ယူသွားနေကြ recorder မရှိတော့ တစ်ခုခုလိုနေတာ။ အသစ်ဝယ်ရဦးမယ်။ ပြန်ထည့်ရဦးမှာ နဲ့။ ဟူး.. ငါလည်း တော်တော်ကို နမော်နမဲ့နိုင်လာတယ်”
“ဘယ်မှာကျန်ခဲ့နိုင်လဲ ကြည်သာ”
“မသိဘူး။ စာကြည့်တိုက်၊ ကန်တင်း၊ ပန်းခြံ၊ ဆူဇန် အခန်း၊ မိုတယ်…”
ပြောလိုက်ပြီးမှ ကြည်သာ ရှိန်းခနဲဖြစ်သွားပြီး ချမ်းငြိမ်းကို ခိုးကြည့်လိုက်မိ၏။ ချမ်းငြိမ်း မျက်နှာက အလှုပ်အခတ် နည်းနည်းလေးရှိသွားသည်ဟု ကြည်သာထင်မိသည်။
“ကိုကို.. အဲဒါက..”
“အသစ်ဝယ်လိုက်ပါ ကြည်သာ။ ကိုယ်နောက်လည်း ထပ်ပို့ဦးမှာပဲဆိုတော့ ဒီတခါ ပိုကောင်းတဲ့ စက် ဝယ်ထားလိုက်နော်”
“ကိုကို.. စိတ်ဆိုးလားဟင်”
ချမ်းငြိမ်းက ကြည်သာ့ကို ခပ်ငေးငေးကြည့်နေသည်။ ချမ်းငြိမ်း အတွေးတွေကို ကြည်သာသိချင်ပါသည်။
သို့သော် ချမ်းငြိမ်းက ထုတ်ဖော်ပြောမည့်သူမဟုတ်။
“ကိုယ် စိတ်ဆိုးသင့်တဲ့ အကြောင်းရင်းတစ်ခုခုရှိသလား ကြည်သာ”
“ဒါကတော့ဟာ.. မသိဘူး။ နင်စိတ်ဆိုးတာလည်းမခံချင်ပေမဲ့ အခုလိုကြီးနေတော့လည်း ငါမကြိုက်ဘူး”
ချမ်းငြိမ်းက ဖြည်းဖြည်းချင်းပြုံးလာပြီး “အဲဒါဆိုမတွေးနဲ့တော့လေ အဲဒီအကြောင်းကိုမေ့လိုက်တော့” ဟု ပြော၏။ ချမ်းငြိမ်း မျက်နှာကို ကြည်သာ ငေးကြည့်နေမိသည်။ နဖူးမှ ဒဏ်ရာကို ပလာစတာမကပ်တော့ သဖြင့် ထင်ထင်ရှားရှားမြင်နေရသော်လည်း ချမ်းငြိမ်းမျက်နှာ၏ တည်ကြည်မှုကို ထိုဒဏ်ရာက အနှောင့် အယှက်မပေးနိုင်ပါ။
“ကိုကို.. ဒဏ်ရာက နာသေးလားဟင်”
“မနာပါဘူး”
“ဘာစားချင်လဲဟင်။ နင် အစားသိပ်မစားဘူးလို့ မေမေကပြောတယ်။ ကျော်ဇောကိုမေးတော့လည်း ဆေးရုံမှာ နင်ဘာမှသိပ်မစားဘူးတဲ့”
“အဲဒီလိုမရှိပါဘူး။ ဆေးရုံမှာတုန်းက အလုပ်ရှုပ်လို့ ဘာမှမလုပ်ခိုင်းတော့တာ။ အိမ်ရောက်တော့လည်း သိပ်စားချင်စိတ်မရှိတော့တာပါ။ ကိုယ့်ကိုစိတ်မပူနဲ့ ကြည်သာ”
“ပူရတာပေါ့။ ကိုကို ဆန်ပြုတ်စားမလား။ ငါ အန်တီ့ကိုဖုန်းဆက်ပြီး ချက်ခိုင်းလိုက်မယ်လေ”
“ကိုယ်က ကြည်သာ့မေတ္တာနဲ့တင် လုံလောက်ပါတယ်။ အလုပ်ရှုပ်မခံနဲ့ကွာ”
“ဟင့်အင်း။ ငါကတော့ မလုံလောက်ဘူး။ နင့်ကို ငါက ကိုယ်တိုင် ‘စားနော် မစားရင် စာအုပ်ပေးမဖတ်ဘူး’ ဆိုပြီး ဘေးကနေ တုတ်တစ်ချောင်းနဲ့ကို ကျွေးချင်တာ”
ချမ်းငြိမ်း သဘောကျစွာရယ်လိုက်တော့ ကြည်သာ ပြုံးမိသွားသည်။ ချောလိုက်တဲ့ ငါ့အစ်ကိုဟု ကြည်သာ ကပ်သပ်ဂုဏ်ယူမိသေး၏။
“ကိုယ်ဆန်ပြုတ်စားလိုက်ပါမယ်”
“လိမ္မာတယ် ငါ့ရဲ့ချမ်းငြိမ်း”
“ဒါနဲ့.. ကြည်သာ ပြောစရာရှိတယ်မဟုတ်ဘူးလား”
“ဟင်..”
ဟုတ်သား။ ဖုန်းဆက်တုန်းက ဆူဇန် ညီမကိစ္စပြောမလို့ ဆက်ခဲ့တာကို မေ့နေပြန်ပါပြီ။
“ကိုကိုသိလား။ လူတစ်ယောက်က မီးပုံထဲမှာဆို အတော်ပူလောင်ရှာမှာနော်”
ချမ်းငြိမ်းမျက်နှာ နည်းနည်းတည်သွားသည်ဟု ခံစားမိ၏။
“ဘာတွေးမိလို့လဲ ကြည်သာ”
“ငါ့သူငယ်ချင်း ဆူဇန် လေ.. သူ့ညီမလေးက မီးထဲမှာသေသွားတာတဲ့။ ဒါပေမဲ့..သူ့ကိုယ်သူ မီးရှို့တာ။ ငါ ဘယ်လိုမှ စဉ်းစားမရဘူး။ သူက ရှုရှီလာလို အတင်းအကျပ်မီးပုံထဲသွားရတာမှမဟုတ်တာ။ အဲဒါကို သူ ဘာဖြစ်လို့ ရွေးချယ်သလဲဟင်”
ကြည်သာ့ကို ချမ်းငြိမ်းက စာကြီးပေကြီးများ ပြောပြတတ်လေ့ရှိပြီး အထူးသဖြင့် ချမ်းငြိမ်းသည် အိန္ဒိယ နှင့် အရှေ့ပိုင်းအတွေးအခေါ်များကို စိတ်ဝင်စားသူဖြစ်သည့်အလျောက် ရွေးချယ်ပြောပြသောဝတ္ထုများ သည်လည်း ထိုအကြောင်းများပင်ဖြစ်တတ်သည်။ ကြည်သာ့ဘဝတွင် မှတ်မှတ်ရရဖြစ်နေသော စာအုပ် မှာ ရွှေပြည်တော်မျှော်တိုင်းဝေး ဆိုသည့် စာအုပ်ဖြစ်၏။ ချမ်းငြိမ်းဖတ်ပြသည်ကို နားထောင်ပြီး ကြည်သာ ပျော်ရွှင်ဖူးသည်၊ အားရဖူးသည် ထို့အပြင်.. ကြောက်ရွံ့ခဲ့ဖူးသည်။
အိန္ဒိယရှိ မဟာရာဂျာများနှင့် ရာဇကုမ္မာရီခေါ်မင်းသမီးများအကြောင်းကို ကြည်သာ တမေ့တမောနား ထောင်ရာမှ ဆတ္ထီးဟုခေါ်သော ဓလေ့အကြောင်း ကြားရသောအခါ ကြည်သာ ကြောက်ဖျားပင်ဖျားဖူး၏။ လင်ယောက်ျားသေဆုံးသည်နှင့် မီးပုံထဲလိုက်ခုန်ချရသော မုဆိုးမများကို ကြည်သာ သနားသည်။ ထိုထဲမှ ဆိုးချင်တိုင်းဆိုးနေခဲ့သော ရာဇကုမ္မာရီ ရှုရှီလာ ကို ကရုဏာပိုရသည်။ မီးပုံထဲခုန်ချရမည့် မင်းသမီးလေး ကို နတ်ဘုရားမတစ်ပါးအလား အုံးအုံးကြွက်ကြွက်ကြည့်ကြ၊ ခြေရာလေးကို နမ်းကြသည်ဆိုသော လူအုပ် ကို ကြည်သာ စိတ်ပျက်ရွံရှာသည်။ သို့သော် ရှူရှီလာသည် ခေါင်းကိုမော့ရင်ကိုကော့၍ ခမ်းနားသော မီးပုံ ထဲဝင်ရောက်သွားသည်ဆို၏။
“ကိုကို.. ငါ နားမလည်ဘူး”
“လူတိုင်းက အတွေးကိုယ်စီရှိကြတယ်လေ။ အစွန်းရောက်တဲ့အတွေးတွေလည်းရှိတတ်ကြတာ ပေါ့။ ကြည်သာ စိတ်မကောင်းဖြစ်မှာ ကိုယ်နားလည်တယ်။ ဒါပေမဲ့ ကြည်သာ.. သူ့ဆုံးဖြတ်ချက်အတွက် ကြည်သာ လိုက်ခံစားပေးဖို့တာဝန်မရှိပါဘူး”
“လိုက်ခံစားတယ်ဆိုတာထက် ငါကြောက်တာပါ”
“ကြောက်စရာမရှိဘူး ကိုယ့်ကိုကြည့်၊ ကြည်သာ ကိုယ့်ကိုယုံတယ်မဟုတ်လား။ ကြည်သာ့ကို ကိုယ်က ဘယ်လိုအန္တရာယ်မှကျရောက်စေမှာမဟုတ်ဘူးဆိုတာ ယုံတယ်ဆိုရင် ကြည်သာမကြောက်နဲ့ တော့”
ကြည်သာ လုံခြုံသွားရသည်။
“အင်း.. နင့်ကိုယုံတာပေါ့”
“တာရာမင်းဝေစာအုပ် နားမထောင်ရသေးဘူးထင်တယ် ဟုတ်လား”
“ဘယ်စာအုပ်လဲ ကိုကို”
ချမ်းငြိမ်းဖတ်ပြထားသည်တို့က မနည်းသဖြင့် ကြည်သာပြန်မေးလိုက်ရ၏။
“အရှေ့မြို့ရိုးမှ မိုးရေစက်များ”
“အာ.. အဲဒါအသစ်မဟုတ်လား။ Recorder ထဲထည့်ထားပြီး နားမထောင်ရသေးဘူး ကိုကို။ ဘာဖြစ်လို့လဲ အခုနားထောင်လိုက်မယ်လေ”
“မဟုတ်ပါဘူး ကြည်သာ။ အဲဒီမှာလည်း အစွန်းရောက်တဲ့သက်သေပြမှုတစ်ခုပါလို့ပါ။ ကြည်သာ စိတ် အဆင်မပြေချိန်မှာ နားမထောင်စေချင်သေးဘူး။ ကိုယ် တခြားတစ်ပုဒ်ဖတ်ပြမယ်လေ”
“ဟာ.. ခေါင်းကိုက်ခံပြီးတော့တော့မဖတ်ပါနဲ့တော့။ ပြီးတော့ ကြိုပြောမယ်။ နင် လုံးဝသက်သာမှ ငါ့ကို စာပြန်ဖတ်ပြရမှာနော်။ ဒါပဲ”
“ဟုတ်ပါပြီဗျာ”
ကြည်သာနဲ့ချမ်းငြိမ်း ပြိုင်တူရယ်လိုက်မိကြသည်။ ဖုန်းချတော့မည်လုပ်မှကြည်သာ တစ်ခုခုကိုသတိရ၍ လှမ်းပြောလိုက်မိ၏။
“ကိုကို…”
“အင်း ညီမလေး”
“ငါ ဝေယံ့ကိုမချစ်ပါဘူး”
ချမ်းငြိမ်း မျက်နှာတစ်မျိုးဖြစ်သွားသလိုပင်။ ကြည်သာဖြေရှင်းရမည်ဟုထင်၏။
“ဒါပေမဲ့ ဝေယံကလည်း ငါ့ကိုမချစ်ပါဘူး ကိုကို။ ငါတို့က တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်ကြ တာထက်မပိုပါဘူး”
ချမ်းငြိမ်းက သက်ပြင်းချကာ ခေါင်းညိတ်ရင်း “ကြည်သာ အဆင်ပြေရင်ပြီးတာပါပဲ” ဟုဆိုပြီး ဖုန်းချသွား
၏။ ကိုကိုရယ်… နင်ငါ့ကိုစိတ်မဆိုးဘူးလားကွယ်။
=========================================================================
ဖုန်းသံကြောင့် ဝေယံ သတိဝင်လာကာ နာရီကြည့်မိတော့ မနက်မိုးလင်းနေပြီ။ မနေ့ကညနေကတည်းက မအိပ်မစားဘဲ ဆက်တိုက် သီအိုရီများလိုက်ရှာနေသည်မှာ ဤမျှကြာသွားမည်ဟုမထင်ခဲ့။ ဤတစ်ပတ် လုံး စာမှစာပဲ စိတ်နှစ်ထားသဖြင့် တခြားအကြောင်းအရာများကို ဂရုတစိုက်မရှိနိုင်သကဲ့သို့ ကြည်သာ့ကို ပင် ဖုန်းမဆက်ဖြစ်ခဲ့။ ယခုတော့ ဖုန်းဆက်လာသူက ကြည်သာဖြစ်နေ၍သာ သတိရလာခြင်းပင်။
“ပြော ကြည်သာ”
“ငါဒီနေ့စောထွက်လာတယ်လို့”
“ဟင်.. ဪ.. ဟုတ်သား။ ဒီနေ့ ငါတို့တွေ့ရမယ့်နေ့။ အဆောင်ကိုမလာနဲ့တော့ဟာ။ ငါတစ်နေရာထွက်ခဲ့ မယ်”
“အေး ကောင်းပါတယ်။ ဆိုင်တစ်ခုခုရွေးလိုက်ပေါ့”
“ရထားနဲ့ပဲမလား။ ငါလာခဲ့မယ်”
ဖုန်းချပြီးတော့ လုပ်လက်စ စာကို အပြီးသတ်ပြီး ရေမိုးချိုးလိုက်၏။ ထွက်လာခါနီးမှာ ကြည်သာ့ကို Recorder ပြန်ပေးရန် အံဆွဲထဲမှထုတ်လိုက်သော်လည်း စိတ်ထဲတစ်မျိုးဖြစ်နေသဖြင့် ချိတုံချတုံဖြစ်နေ သေး၏။ ကြည်သာ့ကို ပြန်မပေးချင်ပါဘူးလေ။ ပြန်မပေးတော့လည်း ကိုယ့်ပစ္စည်းမှမဟုတ်တာ။ ဝေယံ အတော်စိတ်ညစ်သွားပြီးမှ ဆုံးဖြတ်ချက်ချကာ ထို recorder ထဲမှ အသံဖိုင်များကို ကိုယ်ပိုင်ကွန်ပျူတာထဲ ကူးထည့်ထားလိုက်တော့သည်။ ကိုယ့်ရည်းစားကို ကိုယ်ဒီလောက်တော့စွက်ဖက်ခွင့်ရှိသင့်သည်ပဲ ဟု ကိုယ်တိုင် တရားမျှတမှုလုပ်တွေးပြီးမှ သူထွက်လာဖြစ်ပါသည်။
ကြည်သာက ရထားဘူတာမှာစောင့်နေပြီ။ ယနေ့ဝတ်ထားသည်က မြန်မာလုံချည်ဖြစ်နေသဖြင့် တအံ့တသြကြည့်မိသွားရ၏။
“ဘယ်လိုဖြစ်လို့ မြန်မာဝတ်စုံဝတ်ဖို့စိတ်ကူးပေါက်သွားတာလဲ”
“ဝတ်ချင်လို့လေ”
“အင်း.. နင်နဲ့လှတယ်”
ကြည်သာက ရယ်ပြီး ပူရှိန်းထုတ်စားသည်။ တွဲဖြစ်ကြသည့်တစ်လျှောက်လုံးလည်း ကြည်သာ့အကြိုက်ဟူ ၍ ထိုပူရှိန်းသကြားလုံးများသာ ဝေယံ တွေ့၏။
“မနက်အစောပဲရှိသေးတယ်။ ဘာစားမလဲ”
“ငါဒီနေ့ Asian မုဒ်ဝင်နေတယ်။ အာရှဆိုင်တစ်ဆိုင်ဆိုင်သွားရအောင်ဟာ”
ကြည်သာ့စကားကြောင့် အာရှဆိုင်များကို တန်းစီစဉ်းစားပြီးမှ ကားရပ်၍ပြေသော၊ အေးအေးဆေးဆေးရှိ မည့် ဗီယက်နမ် အသားညှပ်ပေါင်မုန့်ဆိုင်သို့ တူတူသွားဖြစ်ကြသည်။ ထိုဗီယက်နမ်ဆိုင်၏အနီးတွင် လေ တပ်စခန်းတစ်ခုတော့ ရှိသဖြင့် လုံးဝကြီး အေးဆေးနေသည်တော့မဟုတ်ပေ။ လေယာဉ်အတက်အဆင်း သံတို့တော့ရှိသည်။
အသားညှပ်ပေါင်မုန့်စားရင်း လေယာဉ်ငယ်များ ပျံတက်သွားသည်ကို ငေးကြည့်ရသည်က သိပ်တော့မဆိုး ပါ။ ကြည်သာကတော့ ခပ်ငေးငေးလေး ကောင်းကင်ကိုသာကြည့်နေ၏။
“ဘာတွေစဉ်းစားနေတာလဲ”
“ဪ.. လေယာဉ်တွေအကြောင်းပေါ့ ဝေယံ။ နင်ရော အာကာသသိပ္ပံဆိုတော့ Pilot တွေဘာတွေလည်း လုပ်သင့်လုပ်ရမှာပေါ့နော်”
ဝေယံ ရယ်မိသွားသည်။ ကြည်သာ့၏ ရှားမှရှားသော ခပ်တုံးတုံးပုံစံလေးအတွက် အလွန် ကျေနပ်မိသွား ခြင်းလည်းပါမည်။
“ငါက Pilot မဟုတ်ဘူး။ ငါအခုယူထားတဲ့ မေဂျာက အာကာသယာဉ်မှူးတွေဘာတွေအဖြစ် ဆက်သွားချင်ရင် သွားလို့ရတယ်။ ဒါပေမဲ့ ငါက အင်ဂျင်နီယာပိုင်းကိုပိုရွေးဖြစ်တယ်။ အဲဒီ Pilot တွေ သွား မယ့် ယာဉ်တွေတည်ဆောက်တဲ့နေရာမျိုးပေါ့”
ပြောရင်း ဝေယံ ကျေနပ်မှုကိုခံစားရသည်။ ကြွားဝါလိုစိတ်ဆိုလည်း ဤခံစားချက်က တကယ်ကို ကောင်း လှသည်ပဲ။
“အဲဒီ ဒုံးပျံတွေ.. အာကာသယာဉ်တွေ နောက်ဆုံး လေယာဉ်ပျံပဲဖြစ်ဖြစ်.. သူတို့ အပေါ်ကိုစပျံတက်ရင် အရမ်းထူးခြားမှာပဲနော်”
“နင် ရန်ကုန်ကနေ အမေရိကားကိုလာခဲ့ပြီးပြီလေ။ ဘာဖြစ်လို့ လေယာဉ်မစီးဖူးသူလိုပြောနေ တာလဲဟ”
“ချမ်းငြိမ်းလေ…။ သူပြောဖူးတာ ငါတွေးနေတာပါ”
ထိုနာမည်ပါလာတော့ ဝေယံ အအေးဘူးယူသောက်လိုက်ရ၏။ နာမည်နဲ့တင် သူက ဘာကို စိတ်လှုပ်ရှား နေရတာလဲ။
“သူက ဘာပြောလို့လဲ”
ဂရုမစိုက်ချင်ဟန်ဆောင်ချင်သော်လည်း မအောင်မြင်ပါ။ သူ အမှန်တကယ်ကိုသိချင်မိသည်မဟုတ်လား။
“ချမ်းငြိမ်းနဲ့ ငါ ပထမဆုံးလေယာဉ်စီးဖူးတာ ငါတို့ ၁၂ နှစ်လောက်ထင်တယ်။ လွိုင်ကော်ဘက်ကိုသွားရ တာ။ အဲဒီမှာ ငါတအားကြောက်နေခဲ့ပေမဲ့ ချမ်းငြိမ်းက ပြတင်းပေါက်ကိုပဲကြည့်နေခဲ့တာ။ လေပေါ်တက် တော့ ငါငိုတောင်ငိုမိတယ်။ လေယာဉ်စက်သံကြီးရော၊ အဲဒီလို အပေါ်ကိုမြောက်တက်သွားတာကြီးရော နားအူတာရော ပေါင်းပြီးစိတ်ရှုပ်လာတာ။ ချမ်းငြိမ်းကတော့ ဘာမှမဖြစ်သလိုပဲ။ အဲဒါနဲ့ ငါသူ့ကို မေးတာ ပေါ့။ ဘာမှမဖြစ်ဘူးလားဆိုတော့ သူက ဘာပြန်ဖြေလဲသိလား။ ‘ဖြစ်ပါတယ်.. ကိုယ်တို့ မြေကြီးကို လွန် ဆန်ခဲ့ပြီလေ’ တဲ့”
အသက် ၁၂ နှစ်ဆိုတော့ လက်တောက်လောက်အရွယ်ရှိဦးမှာပေါ့။ စာဖတ်နာတောင် နယူတန်တွေ ဘာတွေသိဦးမယ့်အရွယ်လည်းမဟုတ်ပါဘူး၊ ဘာတွေကြီးကြီးကျယ်ကျယ်ပြောနေတာလဲ ဟု ဝေယံ စိတ် ထဲက ကြိတ်တွေးမိတုန်း ကြည်သာကဆက်ပြောလာသည်။
“သူပြောတဲ့ မြေကြီးကို လွန်ဆန်ခဲ့ပြီဆိုတာက Gravity defying moment ကိုပြောတယ်ဆိုတာ ငါ နောက် နည်းနည်းကြီးမှသိတာ။ ချမ်းငြိမ်း အဲဒါတွေ ဘယ်လိုသိတာလဲဆိုတာ ငါသိချင်လို့ သူ့စာအုပ်စင်ကို ဝင်မွှေဖူးတယ်။ နင်သိလား၊ ငါနဲ့ရွယ်တူ အစ်ကိုရဲ့စာအုပ်စင်တွေမှာဘာတွေရှိလဲဆိုတာ”
“အပြာစာအုပ်တော့မဟုတ်လောက်ဘူးနော်”
အမြင်ကတ်လာ၍ တမင်ရွဲ့ပြောလိုက်သော်လည်း ကြည်သာကရယ်ပါသည်။
“အေး.. လူပျိုဖော်ဝင်တဲ့ကောင်လေးရဲ့စာအုပ်စင်မှာ အဲဒီမဂ္ဂဇင်းတွေကမှ ရှိသင့်တာမဟုတ်လား။ ငါတွေ့ ခဲ့တာတွေက .. ဘာသာရေးဆိုင်ရာစာအုပ်တွေရယ်၊ ပြီးတော့ ဖရွိုက်ဒ်ရဲ့စာအုပ်တို့၊ ကားလ်မာ့ခ်စ်ရဲ့ အတွေးအခေါ်တို့။ ဘာသာရေးကလည်း ငါပြောရဲတယ်၊ တော်ရုံဘုန်းကြီးကျောင်းမှာ ငါတို့အိမ်လောက် ဗုဒ္ဓစာပေစုံမှာမဟုတ်ဘူး။ ပြီးတော့ သူ့ဆီမှာ သမ္မာကျမ်းစာပါရှိတယ်”
ဝေယံ တော်တော်စိတ်ဆင်းရဲသွား၏။ ဒီ ချမ်းငြိမ်းအေးဟန် ဆိုတဲ့ကောင်ကတကယ်ကို ဘာကောင်လဲ။ ဝေယံ ၁၂ နှစ်မှာ ဘာတွေဖတ်ဖြစ်ပါလိမ့်။ အကြီးကျယ်ဆုံးဖတ်ဖြစ်ခဲ့သည့်စာအုပ်သည်ပင် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီအကြောင်း ကလေးများအတွက် မြန်မာလိုရေးထားသည့် စာအုပ်လေးပင်။
“သူက အဲဒါတွေဖတ်ပြီး ဘာလုပ်မလို့တဲ့လဲ။ ပြီးတော့ နိုင်ငံခြားလည်းထွက်လာတာမဟုတ်ဘဲနဲ့”
“ဝေယံရယ်… နင်ကတော့လေ.. လူတိုင်းက နင့်လိုထင်နေတာပဲ။ ချမ်းငြိမ်းက အခု အများကြီး အောင်မြင် တယ်။ သူစာတွေရေးတယ်လေ။ ဘာသာပြန်တွေရောပဲ။ သူရေးတာတွေက သူ့တက္ကသိုလ်ဆရာတွေ တောင် လိုက်မမီဘူး”
ဝေယံ အသားညှပ်ပေါင်မုန့်ကိုသာ ခပ်ကြမ်းကြမ်းကိုက်လိုက်မိသည်။ ခံပြင်းဖို့ကောင်းလိုက်လေခြင်း။
ထိုစဉ် လေယာဉ်အပေါ့စားတစ်စီးက သူတို့ဦးခေါင်းထက် ကောင်းကင်ယံမှာ ပျံဝဲသွား၏။ ဝေယံက ငယ်စဉ်ကတည်းက ကချင်ပြည်နယ် မြစ်ကြီးနားမှာနေခဲ့၍ လေယာဉ်စီးရသည်ကို မစိမ်းပါ။ ဖေဖေ့အလုပ် ကြောင့် ရန်ကုန်သို့ဆင်းလျှင်လိုက်ဖူးသည်ပဲ။ သို့သော် ထို ပြည်တွင်းလေယာဉ်သေးသေးတွေရော၊ အမေရိကားသို့လာခဲ့သော လေယာဉ်ကြီးတွေရောမှာ ရောက်သည်နှင့် ဝေယံ အိပ်နေခဲ့သည်က များပါ သည်။ ချမ်းငြိမ်းအေးဟန်ကဲ့သို့တော့ Gravity တွေဘာတွေ မစဉ်းစားဖူးပါချေ။
“ဝေယံ..”
“ဘာလဲ”
“ငါ စားပြီးရင် ပြန်တော့မလို့”
ဝေယံ ဖျတ်ခနဲစိုက်ကြည့်လိုက်တော့ ကြည်သာက ခပ်ဟဟလေးရယ်ရင်း “ဒီနေ့ ငါ မြန်မာဘုန်းကြီး ကျောင်းသွားဖို့ မမရတနာကိုပြောထားတာရှိလို့ စောစောထွက်လာတာဟ။ ဆိုတော့ တစ်ရက်တစ်လေ ထိန်းလိုက်ဦးနော် ကောင်လေး” ဟု ပြော၏။
“နင်က နင်လုပ်ချင်တာပဲလုပ်တာပါပဲ”
“အင်း ဟုတ်တယ်။ ဒီနေ့က ငါ့မွေးနေ့လေ”
“ဟင်”
အာ.. မွေးနေ့။ ရည်းစားမွေးနေ့ကိုမသိဘဲ အိပ်ပဲအိပ်ချင်နေသည့် ကောင်ဖြစ်သွားပြီလားမသိ။
“Happy Birthday ကြည်သာ။ ငါမသိလို့ဟာ။ ဒါနဲ့ နင့်အစ်ကိုလည်း ဒီနေ့ပဲပေါ့”
“အေးပေါ့ အမြွှာတွေပါဆိုမှ”
“နင် မွေးနေ့ကိုဘုန်းကြီးကျောင်းပဲသွားမှာလား။ ဟို ငါပြောတာက တခြားပျော်စရာ ကစားကွင်း ဘာညာသွားချင်လည်း ငါရှိပါတယ်လို့”
ကြည်သာက ပြုံးသည်။
“အရင်ကတော့ ငါတို့မွေးနေ့တွေဆို ချမ်းငြိမ်းတစ်ယောက်ကတော့ ဘုရားသွားတာပဲ။ ဒါမှမဟုတ် ဘုရားကျောင်းသွားတာပေါ့။ သူက အဲဒီလို ဘာသာရေးဘက် ကိုင်းရှိုင်းဖို့ တာဝန်ရှိတယ်လို့တွေးထားတဲ့ အတိုင်းပဲ။ ငါကတော့ ကျူရှင်တွေနဲ့ပင်ပန်းနေတာများတယ်။ အရုဏ်ဆွမ်းတောင် မေမေနှိုးလို့ ထလောင်း ဖြစ်တာလောက်ပါပဲ။ ဒီအချိန်က ထူးချွန် မြို့နယ်ဖြေတဲ့အချိန်လေဟာ”
“ဘုရားကျောင်းသွားတယ်ဆိုတော့ …”
ကြည်သာပြောသွားသည့်စကားတွေထဲ ဝေယံ့အာရုံကို ဖမ်းစားသည်က ချမ်းငြိမ်းအေးဟန်၏ ထူးဆန်း သော လုပ်ရပ်များပင်။
“ဪ.. ငါတို့က တစ်မိသားစုလုံး ဗုဒ္ဓဘာသာပါပဲ။ ဒါပေမဲ့ ချမ်းငြိမ်းကတော့ နှစ်ခြင်းအသင်းတော်ကို မကြာခဏသွားတယ်။ သူ အင်္ဂလိပ်စာကို အဲဒီမှာသင်တာဟ။ ငါတို့စမ်းချောင်းမှာက ဘုရားရော၊ ချာ့ချ်ရော အများကြီးပဲ။ ချမ်းငြိမ်းကို ရှာမတွေ့ရင် ကိုးထပ်ကြီးဘုရားနဲ့ ကချင် နှစ်ခြင်းအသင်းတော် ကျောင်းကိုသွားရှာရုံပဲလေ”
ကချင်နှစ်ခြင်းအသင်းတော်။ မဆိုင်လှသော်လည်း ငါတို့သိကျွမ်းနိုင်ခဲ့သားပဲဟု တွေးမိသည်ကအရင်။ မဟုတ်သေးပါဘူး။
“ကြည်သာအေးမြ.. နင်ကလေ ချမ်းငြိမ်းအေးဟန် အကြောင်းပြောရင် တကယ်ကို ရေပက်မဝင်ပဲနော်”
“အင်း။ နင်လည်း နားထောင်ရင်း သွားရည်တွေကျလာဦးမယ်။ သတိထားနော်။ ကဲ.. ငါသွားတော့မယ် ဘိုင့်”
“ဟာ.. နင်..”
“ရော့”
ကြည်သာက သူ့ကိုဆွဲဖက်၍ ပါးကိုတစ်ချက်နမ်းလိုက်ပြီး “မွေးနေ့မှာ နင့်ကို treat တာ” ဟုပြောရင်း ထွက်သွား၏။ ကြည်သာအေးမြကို သူဘယ်တော့မှ မနိုင်ပါလား။ ထွက်ခွာသွားသော ကြည်သာ့ကျောပြင် ကိုကြည့်ရင်း အတွေးတစ်ခုပေါ်လာသဖြင့် သူ စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။
ချမ်းငြိမ်းအေးဟန်ကတော့ ကြည်သာ့ကို အနိုင်လည်းယူနိုင်သကဲ့သို့ နိုင်နင်းစွာ ကိုင်တွယ်တတ်မည်ပဲ ဟူ၍။
==============================================================================
“နားထောင်နော်…”
အသံသွင်းစက်လေးကို နားကြပ်တပ်၍ နားထောင်တိုင်း သူနှိပ်နေကြ ဖိုင်က အရှေ့မြို့ရိုးဟု အင်္ဂလိပ် အက္ခရာဖြင့်ရေးထားသော ဖိုင်လေးသာ။ ထိုဖိုင်၏ အစက “နားထောင်နော်” နှင့်စ၏။ ဝေယံ အစကတော့ ကလေးပုံပြင်ပြောပြတယ်ထင်နေလားဟု ခပ်ရွတ်ရွတ်တွေးဖူးသော်လည်း မြန်မာပြည်ကို လူကြုံအတန် တန်ဖြင့် မှာ၍ စာအုပ်လက်ဝယ်ရောက်လာသောအခါမှ ထိုစာအုပ်၏ အပိုင်း ၁ ကနဦးအဖွင့်ကိုက နားထောင်နော် နှင့် စဖွင့်ခြင်းဖြစ်သည်။ ဝေယံ မြန်မာဝတ္ထုများကို သိပ်ဖတ်လေ့မရှိပါ။ ဖတ်ဖြစ်လျှင် လည်း စုံထောက်ဝတ္ထုများလောက်သာ အပျင်းပြေသဘောဖြင့်ဖတ်လေ့ရှိခဲ့သည်။ ထို့ကြောင့် နာမည် ကျော်ကြားပါသည်ဆိုသည့် တာရာမင်းဝေ ကို ကြားဖူးရုံမျှသာရှိခဲ့၏။
အသံသွင်းစက်အရတော့ ကြည်သာအေးမြတို့ မောင်နှမသည် တာရာမင်းဝေ၏ ပရိသတ်အကြီးစား ဖြစ် ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တာရာမင်းဝေ ကဗျာများလည်း ဖတ်ထားသောကြောင့်ပင်။ ထို အသံသွင်းစက်လေးသည် ရတနာသိုက်တစ်ခုအလား အမျိုးအစားစုံလင်လှသည်။ ကြည်သာအေးမြကို သူ မနာလိုဖြစ်မိကြောင်းတော့ ဝန်ခံပါသည်။ ချမ်းငြိမ်းအေးဟန်သည် အမျိုးအစားစုံလင်လှသော စာအုပ်များ ကို လစဉ်မှန်မှန်ဖတ်ပြခဲ့ဟန်ရှိ၏။
ဝေယံကတော့ အရှေ့မြို့ရိုးမှ မိုးရေစက်များ စာအုပ်ကို အဖန်ဖန် နားထောင်ဖြစ်ခဲ့သည်။ မြန်မာစာရေး ဆရာတစ်ယောက်က ထိုသို့ရေးနိုင်ခြင်းအတွက် ဝေယံ အတော်အံ့သြရသကဲ့သို့ ချမ်းငြိမ်းအေးဟန်၏ စာဖတ်သံအတွက်လည်း သူ့မှာ စိတ်လှုပ်ရှားရပြန်သည်။
ချမ်းငြိမ်းအေးဟန်၏ စကားသံသည် ချမ်းငြိမ်းအေးဟန်ဆိုသည့်နာမည်နှင့်လိုက်ဖက်လွန်းသည်။ အထူး သဖြင့် အသက်ရှူသံကို ကောင်းကောင်းကြီးထိန်းထားနိုင်သည်။ ဘလော့ဂ်တွေမှ တချို့ဟောပြောသူတွေ ပင် အသက်ရှူသံကို ထိုမျှမထိန်းတတ်ချေ။ ချမ်းငြိမ်းအေးဟန်၏ အသံဖိုင်ထဲတွင် ပြင်ပဆူညံသံ တချို့ပါ သော်လည်း အရည်အသွေးကောင်းသည့် အသံဖိုင်ဟုတော့ပြော၍ရသည်။ ဝေယံ့မှာ ထိုအသံကို နား ထောင်ရင်း တဖြည်းဖြည်း နားမထောင်ရမနေနိုင်သည့်အဆင့်သို့ရောက်လာ၏။ အထူးသဖြင့် သူ နားထောင်နေကြနေရာ၏ မိနစ်အပိုင်းအခြားကိုပင်သူအလွတ်ရနေပြီ။
“ဟိုင်ပိုက သူမ၏မျက်နှာကို ပျော့ပျောင်းစွာကြည့်၏။ တိုးညင်းစွာပြန်ပြောသည်။ သူကပြောနေသည်ဟု မထင်မှတ်ရလောက်အောင်ပင် စကားသံကတိုးလျလွန်းချေ၏။
ကချေသည်ဆိုတာကတော့ က,ရမှာပါပဲ။ ကပါ။ ဒါပေမဲ့ ငါ ကတယ်ဆိုတဲ့စိတ်ကိုဖျောက်ပါ။ ကချေသည် တစ်ယောက် က တယ်လို့သာသဘောထား။ ကချေသည်မို့ ကတယ်လို့သာ သဘောထား။ အားလုံးဟာ အချိန်တန်ရင်တော့ ပြီးဆုံးသွားမှာပါ”
ဝေယံ တွေးနေမိသည်ကတစ်ခုသာ။ ကချေသည်အကြောင်းလည်းမဟုတ်၊ ဂျူနို့အကြောင်းလည်းမဟုတ်။ စက်ရုပ်အကြောင်းလည်းမရှိ။ သိပ္ပံပညာအကြောင်းပင်မဟုတ်ပါ။ ထိုဝတ္ထုထဲမှ ဟိုင်ပိုဟူသော ဖြစ်တည်မှု သည် ယနေ့ခေတ်လက်တွေ့ဘဝတွင် ချမ်းငြိမ်းအေးဟန် အဖြစ်များဝင်စားနေသလားဟူ၍သာ။
ဟိုင်ပို၏ စကားသံကို တင်စားပုံက ချမ်းငြိမ်းအေးဟန်၏ အသံကို နားထောင်ဖူးသူတစ်ယောက်က ရေးသည့်အလားပါလေ။
==========================================================================


Leave a comment