ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တ​ယ် – ဂျူး

ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် – ဂျူး

၂၀၀၂ ၊ ဂျူးစာပေ

“ပြောလိုက်ပါမေ.. စကားပင်ပေါင်း သုံးရာတစ်ဆယ့်ခုနစ်ပင်ရှိတယ်..လို့”

အိပ်မက်ဆန်ဆန် ပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောချင်တယ်။

ကိုယ့်ဘဝမှာ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ကို ပြောပါဆိုရင် ဒီ စာအုပ်ထဲက ကိုခွန်သာကိုပဲ ပြောပြဖြစ်လိမ့်မယ်။ ဒီစာအုပ်ကို ဘယ်နှခါတောင်ဖတ်ခဲ့မိသလဲ မသိဘူး။ မရေမတွက်နိုင်အောင်ပဲ။ နိုင်ငံခြားသွားရရင်တောင် မဖြစ်မနေယူသွားခဲ့တဲ့အထိ စွဲလမ်းခဲ့ရတဲ့ စာအုပ်။ ဆရာမဂျူးရဲ့ အရေးအသားနဲ့ ဇာတ်ကောင်တည်ဆောက်ပုံကို လေး စားအားကျမိတဲ့ စာအုပ်။

ဒီစာအုပ်ကို လွန်ခဲ့တဲ့နှစ်ပိုင်းက ပြန်ထွက်လာတော့ ကိုယ်ဝယ်စရာတောင်မလိုလိုက်ဘဲ ချစ်ရ တဲ့သူတွေက လက်ဆောင်ဆိုပြီး အသီးသီးပေးကြလို့ ၄ အုပ်တောင်ရှိတယ်။ ပြန်ဖတ်တိုင်း လည်း နာကျင်ရတဲ့၊ ကြည်နူးရတဲ့၊အတုယူအားကျရတဲ့ ခံစားချက်တွေနဲ့ ပြည့်နေတတ်တယ်။

နာမည်ကိုက စိတ်ဝင်စားဖို့ကောင်းတာလေ။ ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့တယ် တဲ့။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် မေဇော်နု ဆိုတဲ့ မိန်းကလေးက စာကြည့်တိုက်ပညာ ဘွဲ့လွန်စကော်လာလျှောက်ထားတာ။ ပြင်သစ်စာလည်းတတ်သလို ပြင်သစ်ကိုလည်း သွားရ ဖို့ ပြင်နေတာ။ ဒါပေမဲ့ သူက မြဦးမေ ဆိုတဲ့ နာမည်ကြီးစာရေးဆရာမရဲ့ အတ္ထုပတ္ထိကို ပြုစု ချင်နေတယ်။ မြဦးမေကို အစောဆုံး Feminist တစ်ယောက်အဖြစ် မေဇော်ကလက်ခံထား တယ်။ မြဦးမေရဲ့ဘဝကို သူလေ့လာချင်တယ်။ သူ့ကို အမြဲကူညီပေးတဲ့ သူကလည်း crush နေတဲ့ မင်းညိုစင် ဆိုတဲ့ သူငယ်ချင်း တားနေတဲ့ကြားက သူက မြဦးမေရဲ့နေရပ်ကိုသွားပြီး လေ့လာခဲ့တယ်။ မြဦးမေက ဆုံးသွားတာကြာပြီဆိုပေမဲ့ မြဦးမေရဲ့အိမ်က စကားပင်တွေ ရာချီရှိတဲ့ ဧကပေါင်းများစွာရှိတဲ့ ရုက္ခဗေဒဥယျာဉ်တစ်ခုဖြစ်နေတာကို သူတွေ့လိုက်ရတယ်။ စကားဖြူပန်းတွေ အများကြီးရှိတဲ့အရပ်မှာ မေဇော်ဟာ ပုံပြောဆရာတစ်ယောက်နဲ့တွေ့ဆုံခဲ့ တယ်။ ပုံပြောဆရာဆိုတာက စကားပန်းတွေအကြောင်းကို စီကာပတ်ကုံး ပြောပြတတ်တာမို့ လို့လေ…။

ဟူး.. ဇာတ်လမ်းအကျဉ်းက အဲဒါပါပဲ။ အဲဒီထက် ပိုရေးရင်လည်း အကုန်လုံးပါသွားတော့ မယ်။ ဒီထဲမှာ ဆရာမဂျူးက မေဇော်နု၊ မင်းညိုစင်၊ ကိုခွန်သာ၊ ဒေါ်အေးအေးထွန်း၊ ကိုသီဟ၊ မြဦးမေ စတဲ့ ဇာတ်ကောင်တွေနဲ့ အပြန်အလှန် ချိန်ညှိပုံဖော်သွားခဲ့တယ်။ အထူးသဖြင့် Feminism အကြောင်းခံယူချက်တချို့ကို ရေးသွားတာသိပ်လှတာပဲ။ ကိုသီဟလိုမျိုး ဇာတ် ကောင်ကိုလည်း မိန်းမတွေကို နှိမ့်ချတတ်တဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ထားပေမဲ့ ဘာဖြစ်လို့ လဲ ဆိုတဲ့ အကြောင်းပြချက်ကို မေဇော်ကနေတဆင့် ရှင်းပြခဲ့ပြန်တယ်။ ဒီထဲက ဇာတ်ကောင် တွေက အပြန်အလှန်ကို စိတ်ဝင်စားဖို့ကောင်းလွန်းတဲ့ ပုံဖော်မှုတွေပါပဲ။ မြဦးမေအစား မေဇော်နု ကလည်း မိန်းမသားတွေရဲ့ထုတ်ပြခွင့်မရှိတဲ့အကြောင်းကို ပါးပါးလေးပြောသွားခဲ့ ပြန်တယ်။

အိုကေ။ ဇာတ်လမ်း spoiler မသိချင်သူတွေက ဒီမှာပဲရပ်ထားလို့ရပါပြီ။ ကိုယ်တကယ်ပြော ချင်တာတွေက အခုမှလာမှာပါ။

**Spoiler Alert**

ကိုယ် ပထမဆုံးစဖတ်တဲ့အချိန်ကနေ အခုထိ ယုံကြည်တာ တစ်ခုပဲရှိပါတယ်။ ကိုခွန်သာက တကယ်ရှိတဲ့လူတစ်ယောက်ဆိုတာပါပဲ။ ဆရာမဂျူးရဲ့ အင်တာဗျူးဖတ်မိတုန်းကဆိုရင် ငိုပါ ငိုမိတဲ့အထိပဲ။ ကိုခွန်သာရဲ့ဖြစ်တည်မှုကို ကိုယ်တော့ အပြည့်အဝ ယုံတယ်။ သူဘာဖြစ်လို့ လူ လုံးထွက်မပြတာလဲ၊ ဘာဖြစ်လို့ ပြန်မလာတာလဲ၊ ဘာဖြစ်လို့ အိမ်က ဟောင်းနေတာလဲ.. ဘာ ဖြစ်လို့.. ဘာဖြစ်လို့… အဲဒီ ဘာဖြစ်လို့တွေအတွက် ကျေနပ်လောက်ဖွယ်အဖြေတွေကို ထိုင် စဉ်းစားခဲ့တယ်။ ကိုခွန်သာက မေဇော့်ကို ဘာဖြစ်လို့ဆွဲထားခဲ့မှာလဲ၊ မေဇော်က ပြင်သစ်သွား ရမှာ သူသိနေခဲ့မှာပဲ စသဖြင့် ကိုယ် အခါခါတွေးခဲ့တယ်။ ပြီးတော့လေ.. နောက်ဆုံးညက စကားဖြူဟာလည်း ကိုခွန်သာ ကိုယ်တိုင်လာပေးသွားတာလို့ယုံတယ်။ အဆုံးသတ်တော့ ကိုခွန်သာဟာ ဥယျာဉ်မှူးလိုပဲ အဝေးကနေငေးပြီးထွက်သွားခဲ့ဖို့ပဲ ဆုံးဖြတ်ခဲ့တာပါပဲ။

တကယ်တော့လေ.. ပြောချင်တာတွေသိပ်ကိုများပေမဲ့ ကိုခွန်သာအကြောင်းပါလာရင် ကိုယ့် မှာ ပြောစရာတွေပျောက်ရှသွားပြန်တယ်။ ဘယ်သူတွေကိုမှ ဘာအတွက်မှ မငြင်းနေချင် တော့ဘဲ စကားတောထဲမှာ မြစ်ကမ်းပါးမှာ ပုံပြောဆရာတစ်ယောက်ကို သွားရှာချင်စိတ်တွေ လည်းအများသား။

ဒီနေ့ ဒီ ပို့စ်တင်ဖို့အတွက် အစအဆုံးပြန်ဖတ်ဖြစ်ရင်း အများကြီးနာကျင်ခဲ့ရတယ်။

ဒါက ကိုခွန်သာနဲ့ပတ်သက်တာပါ  မင်းညိုစင်၊ ဒေါ်အေးအေးထွန်းနဲ့ ကိုသီဟတို့ ပြော တာတွေကနေတော့ ဘဝနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်တွေထားဖို့ စိတ်ခွန်အားရပါတယ်။

ဒါပေမဲ့လည်းပေါ့…။ တခါတလေကျတော့ ပန်းကလေးလိုယုယပေးမယ့် ကိုခွန်သာလို လူမျိုး အတွက် တည်ရှိချင်ပါသေးတယ်လေ။

(Bookmark တွေအများကြီးရှိတဲ့ကြားကနေ ကိုယ်တော့ ဒီစာအုပ်အတွက် ညှပ်ထားဖြစ်တာ လေးက ငြိမ်းချမ်းမှုကို အတူတွေ့ရှိခြင်း တဲ့။ ကိုခွန်သာ စကားပြောသမျှ ကိုယ်အေးချမ်းရပါ တယ်)

Leave a comment