ရှင်းပြချက်

မင်္ဂလာပါ၊ မတွေ့တာကြာပြီနော်။ 

တကယ်တော့ LYA အတွက် တစ်ခုခုထပ်တင်ရတယ်ဆိုရင် Extra ဖြစ်ဖြစ်၊ သတင်းကောင်းတွေ ဖြစ်ဖြစ် ပေးချင်ခဲ့တာပါ။ ဇာတ်လမ်းနဲ့ ပတ်သက်ပြီးတော့ ရေးထားသမျှက လုံလောက်ပြီလို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတလော ရလာတဲ့ တချို့ comment လေးတွေကြောင့် ရှင်းပြဖို့ ဖြစ်လာ ပါတယ်။ အမြင်မတူတာလည်း ရှိနိုင်တာ နားလည်တာမို့ ဒါက စာရေးသူ အနေနဲ့ ဘယ်လို ရှုထောင့် နဲ့ ပုံဖော်ဖြစ်ခဲ့လဲ ဆိုတာရယ်၊ စကားပြောနဲ့ပဲပြခဲ့ရတဲ့ တချို့ဇာတ်ကွက်တွေရယ်ကို ပြောပြရုံသာဖြစ်ပါ တယ်။ တကယ်လို့ ဒါကို ဖတ်ပြီးတဲ့အထိ LYA က စိတ်ကိုအဆင်မပြေစေသေးဘူးဆိုရင် တကယ်ကို စိတ်မကောင်းပါဘူး။

အခုကစပြီး ပြောမယ့်အကြောင်းအရာတွေမှာ ဇာတ်လမ်းအဆုံးနားက ဇာတ်ကွက်တွေပါဝင်လို့ spoiler alert ပေးထားပါတယ်။ အဓိက conflict ရဲ့အကြောင်းခံလည်းဖြစ်တာမို့လို့ မဖတ်ရသေးတဲ့ သူတွေ မသိချင်ရင် ထားထားလို့ရပါတယ်။

*Spoiler Alert*

Light-Years Away က သမားရိုးကျ ဇာတ်လမ်းတစ်ပုဒ်လို ရေးခဲ့တာမဟုတ်ပါဘူး။ ပူလောင်မှုတွေ၊ နာကျင်မှုတွေ၊ ဝန်တိုမှုတွေ၊ အတ္တ၊ မာနတွေ စတဲ့ အစွန်းရောက်မှု တွေလည်း ပါဝင်ပြီး လူ့အဖွဲ့အစည်း ထဲ တော်ရုံမကြားရကြတဲ့ ဆိုးယုတ်မှုကိုလည်း အနည်းနဲ့အများ ထည့်သွင်းထားပါတယ်။ အဲဒါတွေရဲ့ ဆန့်ကျင်ဘက်အနေနဲ့ အဓိကဇာတ်ကောင် ချမ်းငြိမ်းအေးဟန် ကို သာမန်လူတွေ လိုက်မီဖို့ခက်တဲ့ အေးချမ်းမှုတရား လက်ကိုင်ထားနိုင်သူအနေနဲ့ ဖန်တီးဖြစ်ခဲ့ပါတယ်။ စစချင်း မိတ်ဆက်အပိုင်းမှာ ရေး ခဲ့သလိုပဲ.. ကျွန်မ အရေးချင်ဆုံး ဇာတ်လမ်းမျိုးကို စ ရေးဖြစ်ခဲ့တာပါ။ ဒါက စာဖတ်သူ အားလုံးနဲ့ ကိုက်ညီပြီး ကြိုက်နှစ်သက်ပါစေတော့လို့ မရည်ရွယ်ပါဘူး။ အရင် ရေးခဲ့တဲ့ဇာတ်လမ်းတွေလိုတောင် မဟုတ်ဘဲ trigger warning တွေလည်းတောက်လျှောက်ပေးခဲ့ပြီး ဆက်မဖတ်နိုင်တော့ဘူး ဆိုတဲ့လူ တွေကိုလည်း အပြည့်အဝ နားလည်ကြောင်း အမြဲပြောခဲ့ပါတယ်။ ဒီဇာတ်လမ်းက မိဘ၊ မောင်နှမ နဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေ တင်ကျန်ခဲ့သူတွေအတွက် တော်တော် ထိခိုက်စရာကောင်းမယ့် ကိစ္စ တွေ ပါဝင်နေတော့ တော်ရုံစိတ်နဲ့ ဖတ်ဖြစ်ဖို့ ခက်ပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းပြီးချိန်မှာ ခံစားချက်တွေ လာဝေမျှတဲ့ ညီမလေးတွေ၊ အစ်မတွေ ရှိခဲ့ပါတယ်။ ဝေယံ့ မေမေ အကြောင်းကို ဖတ် ပြီး မိဘကို ခံစားချက်တွေဖွင့်ထုတ်နိုင်ခဲ့တယ် ဆိုတဲ့ ညီမလေးတစ်ယောက်ကို အမြဲကျေးဇူးတင်ရပါ တယ်။ ရေးသူဖြစ်တဲ့ ကျွန်မ ကိုယ်တိုင်တောင် အခုထိ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖို့ ခက်ခဲ နေတုန်းမို့လို့ပါ။ နောက်ပြီးတော့ အခက်ခဲဆုံးအပိုင်းဖြစ်တဲ့ ကြည်သာတို့ အဖေ အကြောင်းကြောင့် ဆင်တူတဲ့ ငယ်ဘဝရဲ့စိတ်ဒဏ်ရာတွေ လာရင်ဖွင့်ခဲ့ကြတဲ့ စာဖတ်သူတွေရှိပါတယ်။ ဒါတွေ ရေးပြရတဲ့ အကြောင်းအရင်းက LYA ကို ရေးခဲ့တဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ “အပြင်မှာ တကယ် ကြုံတွေ့ရနိုင်တဲ့၊ ရှိတဲ့ ကိစ္စတွေ” ကိုပြောပြချင်ရုံဖြစ်ပါတယ်။ သေချာတာကတော့ အဓိက ဇာတ်ကောင် ၃ ယောက်၊ အထူးသဖြင့် ချမ်းငြိမ်း ကတော့ အလွန်အကျွံစိတ်ကူးယဉ်ထားတဲ့ Fantasy ဆန်တဲ့ ဖန်တီးမှုဖြစ်တယ် လို့ ကိုယ်တိုင်လက်ခံထားပါတယ်။ ဒါပေမဲ့လည်း သူတို့ကြုံတွေ့ခဲ့ရတဲ့ ငယ်ဘဝဒဏ်ရာတွေကတော့ အပြင်မှာ တကယ်ရှိပါတယ်။

အဲဒီလိုဆိုပြန်တော့ အမြင်တချို့က “သူတို့က လူကြီးတွေကို မတိုင်ဘူးလား။ အမေ့ကို မတိုင်ဘူးလား။ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘဲ ငြိမ်ခံနေတယ်။ လုပ်တဲ့သူက သေသွားလို့သာ၊ မဟုတ်ရင် တစ်သက်လုံး ငြိမ်ခံနေမှာလား” ဆိုတာမျိုး ဖြစ်လာပါတယ်။

အရှင်းဆုံး အဖြေတစ်ခုပဲပေးရရင်တော့ “ဟုတ်တယ်။ တခြားရွေးစရာမရှိဘူး” ဆိုတာပဲဖြစ်ပါလိမ့် မယ်။ အရင်ဆုံး ပြောပြချင်တာက ဒီဇာတ်လမ်းက “ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲ၊ တရား ဥပဒေရဲ့မှန်ကန်မျှတမှုအောက်မှာ ဇာတ်ကောင်တွေက တရားမျှတမှုရသွားပြီး လူဆိုးတွေက ပြစ်ဒဏ် စီရင်ခံလိုက်ရတယ်” ဆိုတဲ့ အကြောင်း လုံးဝ မဟုတ်တာပါပဲ။ စိတ်ညစ်စရာကောင်းနေမှာ နားလည် ပေမယ့် ဒါက အမှန်တရားလည်းဖြစ်ပါတယ်။ ကျွန်မ စ ရေးကတည်းက အဲဒီလို တရားမျှတမှုမျိုး ရေး လိုက်မယ်လို့ နည်းနည်းလေးတောင် စိတ်မကူးဖူးပါဘူး။ ဒီဇာတ်လမ်းက ဒီဇာတ်ကောင်တွေ ဒီလို ကြုံ တွေ့ခဲ့ရတယ်၊ ရင်ဆိုင်ခဲ့ရတယ် ဆိုတဲ့ experience ကို အဓိက ဖော်ပြတာဖြစ်ပါတယ်။ ပြီးတော့ ငယ်ဘဝ ထရော်မာ တွေက ပုံဖော်ပေးလိုက်တဲ့ သူတို့ရဲ့ ပုံစံတွေပါ။

ပြင်ပလက်တွေ့ကမ္ဘာမှာ တရားမျှတမှုရသွားတဲ့ ကလေးသူငယ်တွေ အများကြီးမရှိပါဘူး။ အထူးသ ဖြင့်တော့ မိဘ အိမ်ထောင်ဦးစီးက ကျူးလွန်သူဖြစ်နေတဲ့ ကိစ္စတွေမှာ ကလေးတွေရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်အများကြီးရှိပါတယ်။ ထုတ်ဖော်ပြောပြလိုက်ဖို့လည်း မလွယ်ကူပါဘူး။ အခန့်မသင့်ရင် မိသားစုပြိုကွဲရခြင်းရဲ့ လက်သည် အဖြစ် ခေါင်းစဉ်တပ်ခံရနိုင်ပါတယ်။

LYA ထဲက ချမ်းငြိမ်းက ထုတ်မပြောခဲ့ခြင်း အကြောင်းရင်းက ညီမလေးကို ကာကွယ်ဖို့ပါ။ ကြည်သာ အကြီးအကျယ် စိတ်ဒဏ်ရာရပြီး ဒီကိစ္စတွေကို မေ့ပျောက်ပစ်ခဲ့ ချိန်မှာ ချမ်းငြိမ်းကလည်း ထပ်ပြီး မထုတ်ဖော်တော့ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ သူ စာအုပ်တွေအများကြီး ဖတ်ပြီးမှ ဒီကိစ္စဖြစ်ခဲ့ တာမဟုတ်ဘဲ ဒီကိစ္စဖြစ်ပြီးမှ စာအုပ်တွေနဲ့ အချိန်ကုန်ခဲ့ တဲ့လူပါ။ သူ့ရဲ့ကြီးပြင်းလာမှု၊ ငြိမ်သက် သွားမှုတွေမှာ ဒီကိစ္စက အများကြီး သက်ရောက်မှုကြီးခဲ့ပါတယ်။ အဲဒီကနေ သူ့ရဲ့ Relationship ဖြစ်တဲ့ ဝေယံနဲ့မှာလည်း သက်ရောက်မှုတွေဖြစ်လာပါတယ်။ ဝေယံက သူ့ဘဝရဲ့ ပထမဆုံး လုံခြုံမှု ပေးနိုင်တဲ့လူ ဖြစ်လာခဲ့ပေမယ့် ပြဿနာက ဝေယံက တပါးသူကို နားလည်မှုပေးဖို့ နေသားတကျဖြစ် မနေခဲ့တာပါ။ ပြီးတော့ ဒီထဲမှာ ချမ်းငြိမ်းအမြင် ရှုထောင့် တစ်ခန်းတောင်မပါတာမို့ သူ ဘယ်လိုခံစား နေရလဲ၊ ဘာတွေဖြစ်ခဲ့လဲ သိဖို့ ခက်ပါတယ်။ အဲဒါကို စာဖတ်သူတွေ စိတ်ကြိုက်တွေးယူနိုင်အောင် ကွက်လပ် ထားထားတာပါ။ ကြည်သာနဲ့ ဝေယံ ကိုယ်တိုင်တောင် သိခွင့်မရခဲ့တဲ့မီးခိုးရောင်တိမ်တိုက် တွေဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအကြောင်းတွေက ချမ်းငြိမ်းတစ်ဦးတည်းနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီထဲကလို ငြိမ်ခံနေဖို့ ဘယ်နားမှာမှ အားပေးတိုက်တွန်းထားတာမပါပါဘူး။ ကျွန်မ စိတ်ထဲမှာလည်း ဒီလိုကိစ္စတွေ ကမ္ဘာ ပေါ်မှာပျောက်ကွယ်သွားစေချင်တာပါ။ ပညာပေး မဟုတ်တဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်လို ရင်ဆိုင်ဖြေရှင်း ရမယ် လို့မပါပါဘူး။ ဒီလောကမှာ ဒီလိုအဖြစ်အပျက်တွေရှိပါလား လို့ သိစေချင်တာပဲ ရှိပါတယ်။ စိတ်တိုဒေါသထွက်ရတာကို နားလည်ပေမယ့် Victim-blaming တွေမလုပ်ကြဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကို အားမလို အားမရ ဖြစ်လို့ ပြောမိတာဆိုရင် ပြင်ပလောကက တကယ်ရှိတဲ့ တကယ်ကြုံတွေ့ခဲ့ရပြီး ထုတ်ဖော်တိုင်ပြောလို့မရခဲ့တဲ့ ကလေးတွေကို တွေးကြည့်ပေးစေချင်ပါတယ်။ Victim-blaming က ဘယ်တုန်းကမှ မသင့်တော်ပါဘူး။ စာနာစိတ် လေးတွေ ထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီထက်ပိုပြီး ဆွေးနွေးချင်တာတွေရှိရင် အပြုသဘောဆန်ဆန်ပဲ ဆွေးနွေးပေးပါ။ ဆဲဆိုထားတဲ့စကားလုံးက ဘယ်သူ့အတွက်မှ အဆင်မပြေစေပါဘူး။ ကျွန်မတစ်ယောက်တည်းကိုပဲ ပြောမယ်ဆိုလည်း Facebook Page – Mon Shwe Yee မှာလာပြောနိုင်သလို email လည်းပို့နိုင်ပါတယ်။ အခုထိ အချိန်ယူ ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။

Posted In ,

Leave a comment