လေလွင့်မြစ် – မြကျေး
၂၀၂၃-ဧပြီ
ပိတ်ရက်တွေမစခင် နောက်ဆုံးဝယ်ဖြစ်လိုက်တဲ့ စာအုပ်က ဆရာမ မြကျေးရဲ့ လေလွင့်မြစ် ဖြစ်ခဲ့ပါတယ်။ ဆရာမ မြကျေးရဲ့ ညီမလေးရီ ဝတ္ထုက ကိုယ့်ဘဝမှာ မမေ့နိုင်တဲ့ စာအုပ်တွေထဲပါနေခဲ့လို့ လေလွင့်မြစ် ထွက်လာခဲ့တဲ့အခါမှာလည်း ဆိုင်တွေမှာ မရရအောင် လိုက်ရှာဖြစ်ခဲ့တယ်။ စ ဝယ်လာတဲ့နေ့မှာ အမြည်းဖတ်တော့ ပေါ့ပေါ့ပါးပါးတော့ ဖတ်ဖြစ်မှာမဟုတ်ဘူးလို့ သိနေခဲ့တယ်။ အဲဒါနဲ့ အေးအေးဆေးဆေးမှပဲ ဖတ်ဖြစ်ခဲ့တယ်ဆိုပါတော့။
ချစ်စွာသော မရှိမဖြစ် အမျိုးသမီးများအတွက် လို့ပြောထားပြီး ဇာတ်လမ်းကလည်း သူငယ်ချင်းဖြစ်တဲ့ သက်လတ်ပိုင်းထဲဝင်စ အမျိုးသမီးနှစ်ယောက်ရဲ့ ကားမောင်းသွားတဲ့ ခရီးတိုတစ်ခုအကြောင်းရေးထားတာပါပဲ။ ဘားကအပြန် ဩဇာသီးစားချင်လို့ဆိုပြီး ညသန်းခေါင်လည်း ပြည် အထိ ကားမောင်းချသွားတဲ့ ခက်မာခင်ဆိုတဲ့ ဇာတ်ညွှန်းရေးဆရာမရယ်၊ သူ့သူငယ်ချင်း သဲဦး ဆိုတဲ့ နာမည်ကြီးရုပ်ရှင်မင်းသမီးရယ်ရဲ့Road trip ထက်ကစကားပြောခန်းတွေကို ရေးထားတာ။ ရန်ကုန်ကနေ ပြည် ကိုသွားတဲ့ လမ်းတစ်လျှောက်
မတူညီတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ အတွေးစတွေကို လှစ်ဟကြည့်ခွင့်ရခဲ့တယ်ပေါ့။ ဇာတ်လမ်းကဘာလဲဆိုတော့ အဲဒါပါပဲ။ ရိုးရိုးလေးပဲလားဆိုတော့လည်း အဲဒီလိုမဟုတ်ပြန် ပါဘူး။ တိုတောင်းတဲ့ တစ်ပိုင်းစီဟာ စာဖတ်နေတဲ့သူတွေကို အတွေးတွေ တသီကြီးပေးခဲ့ပြီး နောက်တစ်ပိုင်းကိုကူးသွားတာမို့လို့ပါပဲ။ အချစ်ရေး.. မိသားစုရေး.. လူတွေ အကြောင်း .. ပတ်ဝန်းကျင်ရဲ့စွပ်စွဲမှုတွေ… Domestic Abuse… ရှေးရိုးစွဲမိသားစုတွေ.. သိမ်းထုတ်ခဲ့ရတဲ့ ထပ်တူမညီတဲ့နှလုံးသားတွေ…။ စာမျက်နှာ နည်းပါးပေမဲ့ သဲဦးနဲ့ အလွယ်လေး ထိတွေ့သွားတဲ့ အကြောင်းအရာတွေက စိတ်ထဲမှာစွဲကျန်ခဲ့တယ်။ (ခက်မာခင် ကို သဲဦးက အလွယ်လေးလို့ခေါ်တယ်။)
ရန်ကုန်မြို့ပြင်မှာပြေးနေတဲ့ ကားတစ်စီးနဲ့အတူ ပြည် တစ်ဖက်ကမ်းအထိ ကိုယ် အတူတူရောက်သွားခွင့်ရလိုက်သလိုပဲ။ သဲဦးတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောစဉ်အတွက်
ဂုဏ်ယူမိပြန်ရော။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ် ဒီနေ့ ကြည့်ထားခဲ့တဲ့ ရုပ်ရှင်က Soulmate ဆိုတဲ့ ကိုရီးယားကား။ အမျိုးသမီးသူငယ်ချင်းနှစ်ယောက်ကြားက နားလည်မှုနဲ့ အားကျမှုတွေအကြောင်း လို့ပဲ ကိုယ်က ခေါင်းစဉ်တပ်မယ်။ အမျိုးသမီးတွေအချင်းချင်းကြားက ထားရှိတဲ့ သံယောစဉ်နဲ့ နားလည်မှုက အရေးကြီးတယ်လို့ ကိုယ်ထင်တယ်။ အဲဒီလိုသူငယ်ချင်းမျိုးရှိပြီ
ဆိုရင် ကိုယ်တို့ ဘာကိုမဆို ရင်ဆိုင်နိုင်မယ်ထင်ရဲ့လေ။
– မွန်ရွှေရည်
16.4.2023


Leave a comment