18 – Leonids (Meteor Shower)
(ထင်ရှားသော နှစ်စဉ်ကြယ်ကြွေခြင်းဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သော Leonids ကြယ်ကြွေခြင်းသည် နိုဝင်ဘာလထဲတွင် ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် Leonids meteor မုန်တိုင်းကိုတော့ ၃၃ နှစ်တွင်တစ်ခါ ကြုံတွေ့ရနိုင်သည်။ )
အခန်းတံခါးခေါက်သံကြားသော်လည်း ကြည်သာ ထ မကြည့်ဖြစ်။ မဟုတ်သေး၊ ကြားလိုက်ရသည်က ရော တကယ်ဖြစ်ပါသည်ဟု ကြည်သာမသေချာပါလေ။ သို့သော် တံခါးခေါက်သံက အဆတ်မပြတ်ထွက် လာနေဆဲ။ အေး.. အေး ဟု ခေါ်နေသံပါပါဦးမည်။ နေပါဦး၊ အဲဒါက ဆူဇန် ဘရောင်း အသံလား။ ကြည်သာ ခပ်မဲ့မဲ့ပြုံးမိသည်။ ဆူဇန် အသံအစား ကြည်သာ ကြားလိုသော အသံရှင်ရှိသည်ပဲ။ သို့သော် ထိုလူက နယူးယောက် မှာပျော်ရွှင်နေမှာပေါ့။
“ကြည်သာအေးမြ။ တံခါးဖွင့်စမ်းပါ”
ဆူဇန် ၏ခေါ်သံမှာ နာမည်အရင်းပါလာတော့မှ ကြည်သာ ထဖွင့်လိုက်ရသည်။ ကြည်သာအေးမြ ကို ခရီသအေးမိုင်ယာ ဟုခေါ်လာသည်ကိုတော့ ကြည်သာ ဂရုစိုက်မှဖြစ်မည်ထင်သည်။
“ဘုရားသခင်။ ဘာတွေများဖြစ်ခဲ့တာလဲ ကလေးရယ်”
ဆူဇန် က ပြောပြောဆိုဆိုနှင့် ပွေ့ဖက်ထားလိုက်၏။ အခန်းရှေ့မှဖြတ်သွားသော မိန်းမတစ်ယောက်၏ အကြည့်ကို ကြည်သာ မုန်းတီးသဖြင့် တံခါးကို ခပ်ဆတ်ဆတ်ဆွဲပိတ်ပစ်လိုက်သည်။
“ပြောပါဦး။ အေးရယ်.. ဘာတွေဖြစ်သလဲ။ မင်း ဒီလောက်ထိဖြစ်သွားရအောင် ဘာတွေဖြစ်ခဲ့သလဲ။ တို့ မရှိတဲ့ အချိန်ကာလတွေမှာ အေးက တခြားလူတစ်ယောက်လိုဘာလို့ဖြစ်သွားရတာလဲ”
“ဘာကိုဆိုလိုတာလဲ ဆူဇန်. မင်းရှေ့က ကြည်သာအေးမြက ကြည်သာအေးမြ ပဲလေ”
ဆူဇန် မျက်ဝန်းတွေထဲမှာ ကရုဏာတရားတို့ ဝမ်းနည်းခြင်းတို့ကို ကြည်သာ ဖမ်းမိသည်။ မုန်းလိုက်တာ။
အကယ်၍ ကြည်သာ့ရှေ့မှ လူသည် ဆူဇန် မဟုတ်လျှင် ကြည်သာ တစ်ခုခုပြောဆိုပစ်ကာ ဆဲပင်ဆဲဆိုမိ မည်ထင်သည်။
“တို့ အခုပြန်လာပြီ။ တို့ အဲဒီလောက် အကြာကြီး ထားသွားဖို့မကောင်းဘူးဆိုတာ သိခဲ့သင့်တယ်”
ကြည်သာ မျက်မှောင်ကျုံ့လိုက်မိသည်။ ဆူဇန် ဆီမှ ပန်းနံ့က ဘာပန်းနံ့ပါလိမ့်ဟု တွေးနေစိတ်ပင် ပျောက်သွား၏။ ဘယ်လောက်ကြာသွားနိုင်လို့လဲ။ ထားသွားတော့ရော ဘာဖြစ်လို့လဲ။
“အရင်ဆုံး အေး ဒီရက်ပိုင်းတွေ အစားရောစားရဲ့လားဟင်။ မျက်နှာက အရမ်းချောင်သွားတယ်။ တို့နဲ့ အတူ တစ်ခုခုစားပြီး အေးအေးဆေးဆေးစကားပြောချင်လား”
“ဆူဇန်… မင်း ကိုယ့်ကို အထင်လွဲနေပြီထင်တယ်။ ကိုယ်က ပြဿနာတစ်စုံတစ်ရာရှိနေပုံပေါက်လို့လား။ ကိုယ့် နောက်ဆုံးနှစ် သုတေသနအတွက် ကိုယ်စာတွေအများကြီးဖတ်ဖို့လိုလို့ အခန်းပြင်မထွက်ဖြစ်ရုံပဲ”
ကြည်သာ့ စာကြည့်စားပွဲကို တစ်ချက်မေးဆတ်ပြလိုက်ကာ အကြောင်းပြချက်ပေးလိုက်၏။ သို့သော် ဆူဇန် ၏ မျက်ဝန်းများက ကြည်သာ့ထံမှ မျက်နှာမလွှဲပါ။
“ကလေးရယ်.. တို့ရှေ့မှာ ဟန်ဆောင်စရာမလိုပါဘူး”
ကြည်သာ့မျက်နှာကိုထိတွေ့လာသော ဆူဇန် လက်အေးအေးများကို ကြည်သာရှောင်လိုက်ရင်း ခပ် အက်အက်ရယ်လိုက်မိသည်။
“အိုး.. ဆူဇန်… မင်းမိဘတွေနဲ့ပြန်တွေ့နေတုန်း ကိုယ်က ကိုယ့်ကိုယ်ကိုယ် သေပစ်လိုက်မယ်လို့များ ထင်နေသလား”
ပြောလိုက်မိပြီးမှ ကြည်သာ ကိုယ့်နှုတ်ကိုယ်ထိန်းသင့်သည်ဟု သတိရသွား၏။ သို့သော် ပြောထွက်ပြီးပြီ လေ။ ဘာများတတ်နိုင်မှာလဲ။
“အေး အတွက် သေစကားက လွယ်လွယ်ပြောနိုင်တာလားဟင်။ အေးကို မထိခိုက်စေချင်သူတွေကျတော့ ရော အေးက ထည့်မတွက်ဘူးလား”
“ကိုယ်ပြောတာသေမယ်လို့မှမဟုတ်တာ။ ကိုယ် မသေဘူး ဆူဇန်.. လောကမှာ အသက်ရှင်ချင်ဆုံးက ကိုယ် ပဲ။ ကိုယ်လိုချင်တာတွေ ရတဲ့အထိ ကိုယ်ကပြည့်ပြည့်ဝဝရှင်သန်မှာ”
ဆူဇန် က ငေးစိုက်ကြည့်နေ၏။ ပြီးတော့မှ သက်ပြင်းချသည်။
“ဒါဆိုလည်း ခေါင်းလေးဖြီးပြီး လှလှပပလေးရှင်သန်ကြစို့ အေးရယ်”
ကြည်သာ ပြုံးလိုက်မိပါသည်။ တစ်ဆက်တည်းပဲ မီးခိုးမှိုင်းကောင်းကင်သည် အပြာရောင်သန်းလာသည် ဟု ခံစားလိုက်မိ၏။ ဆူဇန် ဘရောင်း သည် အပြာရောင်လေးဖြစ်လိမ့်မည်။ လူတွေကို အရောင်နှင့် သတ်မှတ်မည်ဆိုလျှင် ချမ်းငြိမ်းက ဘာအရောင်ဖြစ်ပါလိမ့်။ ချမ်းငြိမ်းသည်လည်း အပြာရောင်တစ်မျိုးဖြစ် လိမ့်မည်…။ စိမ်းပြာဖျော့ဖျော့လေး….။
==============================================================================
ဝေယံနှင့် လအနည်းငယ်မျှအဖော်ပြုပေးခဲ့သော စွဲလမ်းမှုလေးဖြစ်သည့် အသံသွင်းစက်ကို ချမ်းငြိမ်းက ပြန်သိမ်းဆည်းသွားခဲ့သော်လည်း လစ်ဟာမှုမျိုးနည်းနည်းမှမခံစားမိပါ။ ချမ်းငြိမ်းအေးဟန် ဝင်ရောက်နေ ထိုင်သော နှလုံးသားထဲတွင် တခြားအရာတစ်မျိုးပျောက်ကွယ်သွားခြင်းက မည်သို့မျှ သက်ရောက်မှုမရှိ ပါ။ အသက်ဖြစ်တည်ရန်လိုအပ်သော ရေထုသည် ချမ်းငြိမ်းအေးဟန်ဖြစ်ပြီး အသက်ရှင်သန်ရန်လိုအပ် သော အောက်စီဂျင်သည်လည်း ချမ်းငြိမ်းအေးဟန်ပင်ဖြစ်သည်။ ဘဝရပ်တည်ရေးအတွက် အစာအာဟာ ရ ပေးနိုင်သောစွမ်းအင်သည်လည်း ချမ်းငြိမ်းအေးဟန်ပဲဖြစ်ပြီး သံလိုက်ဆွဲအားစက်ကွင်းတို့လည်း ချမ်းငြိမ်းအေးဟန် ပင်ဖြစ်ပါလိမ့်ဦးမည်။
ဝေယံသည် မည်သည့်အခါကမျှ မိမိအောင်မြင်ရေးအတွက်မဟုတ်သော စိတ်ခံစားမှုများအပေါ်ဂရုမစိုက် ဖြစ်ခဲ့သော်လည်း ချမ်းငြိမ်းအေးဟန်သည် အလုံးစုံပြောင်းလဲစေနိုင်ခဲ့သောလူသားဖြစ်လာ၏။ ချမ်းငြိမ်း နှင့် စကားပြောနေရလျှင်ကို ဝေယံ့စိတ်တွေ ငြိမ်းချမ်းပါသည်။ ထိုသို့ပြောရသည်ကလည်း ထူးဆန်းသည်။ ငြိမ်းချမ်းခြင်းသည် တခြားသောကိစ္စရပ်များအတွက်ဖြစ်ပြီး ချမ်းငြိမ်းအပေါ်ထားသော ရင်ခုန်မှုကမူ နေမုန်တိုင်းပမာ ပြင်းထန်လှုပ်ရှားလွန်းသောကြောင့်ဖြစ်သည်။ ဤသည်ကို ချမ်းငြိမ်း မသိဘဲနေမည် မဟုတ်ပါ။ သို့သော် မ စ,နောက်ဘဲ နေပေးခြင်းအတွက် ကျေးဇူးတင်ရမည်။ မဟုတ်လျှင် ဝေယံ ရှက်လွန်း ၍ ရူးသွားမည်ထင်သည်။
တွေးနေစဉ်မှာပင် ချမ်းငြိမ်းက တက္ကသိုလ်ထဲမှထွက်လာ၏။ ကိုလံဘီယာ တက္ကသိုလ်သို့ ဝေယံစောင့်ကြို ဖြစ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်လိမ့်မည်။ ချမ်းငြိမ်းက အစပိုင်းတွင် ကျောင်းသားတစ်ယောက်နှင့် စကားပြောနေ၏။ ထို့နောက် ကျောင်းသူတစ်ယောက်ကိုလည်း ဘာတွေရှင်းပြနေသည်မသိ။ ဝေယံသည် သဘောထားသေးသိမ်သူမဖြစ်ချင်ပါ။ သို့သော် ချမ်းငြိမ်းဘေးတွင် စကားပြောနေသော ထိုနှစ်ယောက်လုံး ကို ဝေယံ အမြင်ကတ်ပါသည်။ ချမ်းငြိမ်းကိုလည်း စိတ်အလိုမကျဖြစ်ချင်သည်။ ဝေယံသည် ပြန်သွား လိုက်ရန်ပင် စဉ်းစားမိ၏။ ယနေ့က ဝေယံ့နားရက်ဖြစ်၍ ချမ်းငြိမ်းနှင့်အတူ အိန္ဒိယမိသားစုအိမ်တွင် နေ့လယ်စာစားမည်။ ပြီးလျှင် ကောင်းကောင်းမွန်မွန် ချိန်းတွေ့ မည်ဟုတွေးထားသောစိတ်တို့ကိုပင် ပြန် ရုတ်သိမ်းချင်လာသည်။
“စောင့်ရတာကြာသွားလား ဝေယံ”
ချမ်းငြိမ်းက အနားသို့ကပ်လာပြီး ခပ်ပြုံးပြုံးလာပြော၏။ ထိုအပြုံးက ကိုယ့်အတွက် သီးသန့်ဖြစ်၍တော့ ဝေယံ ကျေနပ်ပါသည်။
“ကြာတယ်လည်းမခေါ်ပါဘူး။ မင်းကျောင်းမှာ အဆင်ပြေရင်ပြီးတာပဲ”
လေသံကိုထိန်းကြည့်လိုက်ပါသည်လေ။ ဘာပဲဖြစ်ဖြစ် ချမ်းငြိမ်းကို ရစ်ခြင်းဖြင့် အချိန်မကုန်ချင်။ သို့သော် ချမ်းငြိမ်းအေးဟန် က စိတ်ဖတ်တတ်သူပမာ နားလည်နေပါသည်။
“မင်း သဝန်တိုနေတာပဲ။ သူတို့က ဒီအပိုင်းတွေကျ သေချာလေးသိချင်ကြတာမို့လို့ ကိုယ်က ဦးဆောင်ရှင်း ပြပေးရတာပါ”
“ဘယ်သူက သဝန်တိုနေလို့လဲ။ အပိုတွေ”
ချမ်းငြိမ်းက ဟက်ဟက်ပက်ပက်ရယ်လိုက်တော့ ဝေယံလည်း ရင်ထဲ ပျပျလေးရယ်မိသွားပါသည်။ ရယ်ပုံ ကိုက အေးချမ်းလိုက်တာ ချမ်းငြိမ်းရာ ဟုလည်း ရေရွတ်မိသည်။ ကျောင်းအနီးရှိ မက်ထရိုဘူတာသို့ သွား ရင်း ချမ်းငြိမ်းက ရှင်းပြလေသည်။
“ဒီမှာက ဆရာတွေက အနောက်တိုင်းမှာကြီးပြင်းလာရသူတွေလေ။ ဆိုတော့ သူတို့က ပါဠိနဲ့သက္ကတ စာပေတွေ အရမ်းကျွမ်းကျင်ရင်တောင် အဲဒီဒေသမှာ ကြီးပြင်းလာရသူရဲ့ အမြင်နဲ့ လုံးဝကွဲပြားတယ်။ ကိုယ်က ကံကောင်းစွာနဲ့ နည်းနည်းမျှဝေနိုင်သူဖြစ်ခွင့်ရရုံပါကွာ။ ပြီးတော့… ကိုယ်က ပျင်းစရာကောင်းတဲ့ သူပါ။ မင်းက တွဲချင်တာပဲ ကံကောင်းလှပြီ”
ဝေယံ မရယ်ချင်ရယ်ချင်ရယ်လိုက်ရသည်။
“မင်းက ကံကောင်းတယ် ကံကောင်းတယ်နဲ့ ဘာကိုကံကောင်းတာလဲ။ မြန်မာလိုနိုင်ငံမှာ ကြီးပြင်းရတာ ကံကောင်းတယ်လို့မင်းထင်တာလား”
“အဲဒါကတော့ တစ်ဦးချင်းအမြင်ပေါ်မူတည်မယ်ထင်တယ်။ ဒါပေမဲ့ မင်းနဲ့တွဲခွင့်ရတာတော့ ကိုယ် ကံ ကောင်းတာ သေချာပါတယ်”
“ချမ်းငြိမ်း… ငါလည်း ကံကောင်းချင်တယ်”
ချမ်းငြိမ်းခြေလှမ်းတွေ ရပ်တံ့သွား၏။ ဝေယံက ရှေ့ငါးလှမ်းလောက်ရောက်နေပြီးမှ သတိထားမိပြီး လှည့် ကြည့်လိုက်တော့ စိုက်ကြည့်နေသော မျက်ဝန်းနက်များနှင့်ရင်ဆိုင်လိုက်ရသည်။
“ဘာလဲကွာ။ မင်းကလည်း..”
“ဘယ်လိုအရာကို ကံကောင်းခြင်းလို့ မင်းယူဆသလဲလို့ ကိုယ်စဉ်းစားနေတာ ဝေယံ။ မင်းကို ပျော်ရွှင်ဖို့ ကိုယ့် ကြိုးစားအားထုတ်မှုတွေကို ဘယ်လိုပိုပြီး အဆင့်မြှင့်ရမလဲလို့ရောပေါ့”
ဝေယံ မျက်နှာရဲခနဲပူသွား၏။
“လူလည်ခေါင်မှာ ရုပ်တည်ကြီးနဲ့ပြောချရလားဟ”
“ကိုယ့်ကမ္ဘာမှာ မင်းပဲ ကိုယ့်ကောင်းကင်ပါ ဝေယံရာ”
ချမ်းငြိမ်းက ထိုစကားကို ဘာမဟုတ်သလို အေးအေးဆေးဆေးပြောပြီး အတူတူလျှောက်လာ၏။ ဒီ ကောင်က ပြောချင်တာပြောပြီးလျှင် ဘာမှမဖြစ်သလိုနေနိုင်ပေမဲ့ နားထောင်ရသူ ဝေယံ့မှာတော့ ငုတ်တုတ်နတ်ပြည်စံလိုက် ငရဲလားလိုက်ဖြင့် နာမ်က ကူးလူးသွားလာနေရ၏။ ရင်ခုန်လွန်း၍ အသက်ကို ပါးစပ်မှပင် ဟစိဟစိရှူချင်သည်ကို ဝေယံ ထုတ်မပြချင်။ ပြော၍ရတာမဟုတ်၊ ချမ်းငြိမ်းအေးဟန်ဆိုသည့် လူထူးဆန်းက ရထားဘူတာတွေဘာတွေဂရုမစိုက်ဘဲ အောက်စီဂျင်ပေးပေးရမလားဟု အတည်ပေါက် လုပ်လာနိုင်သေးသည်လေ။
“ခဏလေး ဝေယံ”
မက်ထရိုဘူတာသို့ဆင်းခါနီးဆဲဆဲ ပန်းဆိုင်သေးသေးလေးတွေ့တော့ ချမ်းငြိမ်းက ကြည့်နေသဖြင့် ဝေယံ လက်ဖျားတွေအေးသွားရသေးသည်။ ဒုက္ခပဲ၊ ချမ်းငြိမ်း တခါပေးဖူးသော ဒေစီပန်းစည်းလေးပင် ဝေယံ သတိရမိသေး၏။ အမှန်တော့ ထိုညကပင် ပန်းစည်းလေးကို လက်လွတ်စပယ် ပစ်ပယ်ခဲ့မိသည်။ ချမ်းငြိမ်း ကိုစိတ်ဆိုးလွန်း၍ ဒေစီပန်းစည်းလေးကို ဒေါသတို့ပုံချခဲ့မိသည်ကိုး။ ထိုနောက်ပိုင်းတော့ ပန်းမရတော့ သော်လည်း… ယခုပြန်ရမည်လား။
“သွားကြစို့”
ချမ်းငြိမ်းက ဘာပန်းမှမဝယ်ဘဲ လက်ဗလာဖြင့် ပြန်လာတော့ ဝေယံ အံ့သြသွားရသည်။
“ဘာသွားလုပ်တာလဲ”
“မစ္စတာ ကူးမားတို့အတွက် ပန်းရှာနေတာ မတွေ့ဘူး။ သူတို့ကို ပန်းစည်းလေးနဲ့ လက်ဆောင်လေး ပေးချင်လို့လေ”
မက်ထရိုရထားပေါ်တက်လိုက်ရင်းဖြင့် ဝေယံ ထိုမျက်နှာကို ငေးမောကြည့်နေမိ၏။ ချမ်းငြိမ်းအေးဟန် က မည်သည့်အရာကိုမျှ မလစ်လပ်ရအောင် ဘယ်လိုများစီမံခန့်ခွဲနိုင်သလဲ။ ပြီးတော့ ဘာဖြစ်လို့ ထိုမျှ သိတတ်ရသလဲ။
“မင်း လူတိုင်းအပေါ် ကောင်းပေးတာပဲလား ချမ်းငြိမ်း”
ချမ်းငြိမ်း မျက်နှာကတစ်မျိုးဖြစ်သွားသည်။
“ကိုယ်လူတိုင်းအပေါ်ကောင်းနိုင်အောင်ကြိုးစားတယ် ဝေယံ။ ကြည်သာကတော့ ကိုယ့်ကို အဲဒါ တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုး တဲ့။ ဒါပေမဲ့ မင်းအပေါ်ကိုလောက် ကိုယ်တခြားသူတွေကို မကောင်း ပေးဖြစ်ဘူးဆိုတာ ယုံပါ”
“ကြည်သာ့ကိုရော”
မမေးသင့်မှန်းသိသော်လည်း ဝေယံ ကလေးဆန်မိသွားပြန်သည်။
“ကြည်သာက တခြားသူမဟုတ်ဘူးလေ”
မက်ထရိုရထားက အရှိန်ဖြင့်ရပ်တံ့လိုက်ရာ တင်းတင်းဆုပ်ကိုင်ထားသော လက်ကိုင်ကွင်းသာမရှိလျှင် အလဲလဲအပြိုပြိုဖြစ်သွားလောက်မည်။ ချမ်းငြိမ်းကတော့ လက်ကိုင်ကွင်းမဆုပ်ထားဘဲ ဝေယံ့ခါးကိုသာ ဖမ်းထိန်းပေးလာ၏။ ဝေယံ့ရင်ထဲ နေမုန်တိုင်းတိုက်သွားပြီ။
==============================================================================
“အာကာသ ဆိုတာ ဒီဘက်ခေတ်မှသာ သက်သေသကာရပြနိုင်လာလို့ အံ့သြဖွယ်ထင်နေရတာ။ တို့တွေ ဆီမှာတော့ နှစ် ၃၀၀၀ လောက်ကတည်းက ဒီကောင်းကင်ကြီးကို ဘာကိရိယာမှမပါဘဲ နှလုံးသားနဲ့ လေ့ လာပြီး ကြီးကျယ်မြင့်မြတ်မှုတွေရှာဖွေခဲ့ကြတာကွ”
ချမ်းငြိမ်း၏ အိမ်ရှင်ဖြစ်သော မစ္စတာကူးမားက နေ့လယ်စာစားရင်းဖြင့် အားရပါးရပြောသည်။ မစ္စတာ ကူးမားသည် ကွန်ပျူတာလုပ်ငန်းရှင်ဖြစ်ပြီး ဇနီးသည်နှင့် သားနှစ်ယောက်ကပါ ပညာတတ်များဖြစ်သည့် တိုင် ဘာသာတရားကို တလေးတစားယုံကြည်ကြသည်။ ထို့ကြောင့်လည်း ချမ်းငြိမ်းက အိမ်မပြန်မီ ကြာ ပန်းများ တကူးတကသွားဝယ်လာတော့ မစ္စတာကူးမား၏ ဇနီးသည် အနိတာ က ချမ်းငြိမ်းကို မည်မျှ ကျေးဇူးတင်ကြောင်း ပြောနေသည်မှာ ဝေယံပင် စိတ်ညစ်လာသည်အထိပင်။ ထို့ပြင် မစ္စတာကူးမားတို့က သတ်သတ်လွတ်စားကြသည့်အလျောက် ပဲဟင်းနှင့် အသီးအရွက်ဟင်းများ၊ ငရုတ်သီးတောင့်ကြော်တို့ကို ဝေယံ သိပ်ခံစား၍မရပါ။ ချမ်းငြိမ်းကတော့ ထိုမိသားစုနှင့်တသားတည်းဖြစ်နေသည့်အလား လိုက်လျော ညီထွေနေတတ်သည်။
“အာရှသားတွေက မညံ့ဘူးကွ သိလား။ ငါတို့က ရှေးဦးတီထွင်သူတွေပဲ။ ခက်တာက ငါတို့မှာ ထောက်ပံ့ မှုနည်းတယ်ကွာ”
မစ္စတာကူးမားက စကားများသည်ပဲဟု ဝေယံ တွေးနေမိသည်။ ဝေယံက လူကြီးများနှင့် စကားပြောတာ သိပ်မကောင်းသဖြင့် အလိုက်အထိုက်မျှ ထောက်ခံရုံသာတတ်နိုင်သည်။ ချမ်းငြိမ်းကတော့ တကယ့် မိသားစုဝင်အလား ဆွေးနွေးနိုင်သည်။ ထမင်းစားရင်းဖြင့် ပါပလာကြော်ကုန်သွားတော့ အနိတာက သွား ယူမည်လုပ်သော်လည်း ချမ်းငြိမ်းကပဲ ထ ယူလိုက်သည်ကို တွေ့တော့ ဝေယံသည် မေမေ့ကိုပင် သတိရ မိသေးသည်။ မေမေက ချမ်းငြိမ်းကို မည်သို့မြင်မှာပါလိမ့်။
ထမင်းစားပြီးတော့ အနိတာက ဝေယံ့ကို မဆလာလက်ဖက်ရည်တစ်ခွက်ပေးပြီး မလိုင်လုံးအချိုများချ ပေးကာ အဘိုးကြီး ကူးမားနှင့် စကားပြောစေသည်။ ချမ်းငြိမ်းကတော့ အနိတာနှင့်အတူ ပန်းကန်ဝင်ဆေး နေ၏။
“မင်း အဆောင်မှာ မနေချင်ရင် ဒီကိုသာ လာနေလိုက်ကွာ။ အပေါ်ထပ်မှာ နှစ်ယောက် အေးအေးဆေး ဆေးနေလို့ရတာပဲ။ အချစ်မကြမ်းကြရင်ရပါပြီ”
အဘိုးကြီးကူးမားက ပြောပြောဆိုဆိုနှင့် ရယ်နေသော်လည်း ဝေယံက သောက်လက်စ မဆလာလက်ဖက် ရည် သီးသွားရ၏။ ဘုရား ဟုလည်း တ လိုက်မိသည်။ မည်သည့်ဘုရားနည်းတော့ ဝေယံပင်မသိတော့။
“ဘာလဲကွ။ ငါတို့ကို မသိဘူးထင်နေတာလား။ အမေရိကားမှာ ဘာထူးဆန်းတာကျလို့ကွာ။ ချမ်းငြိမ်း အတွက် သူငယ်ချင်းဖြစ်ရုံနဲ့ ငါတို့က မင်းကိုဖိတ်မယ်ထင်နေသလား။ ဒီမှာကြည့်.. အနိတာရဲ့ လာဒူမုန့်။ အဲဒါ မိသားစုဝင်တွေကိုပဲ ကျွေးတာနော်။ ချမ်းငြိမ်းက ငါတို့မိသားစုဝင်ပဲ။ မင်းက ချမ်းငြိမ်းအတွက် ထူးခြားတဲ့လူမို့လို့ အနိတာကကျွေးတာ။ မင်းကံကောင်းတယ် ကောင်လေး”
“ကျေး.. ကျေးဇူးတင်ပါတယ်ဗျ”
“ချမ်းငြိမ်းနဲ့ မင်းနဲ့က သိပ်ထူးခြားတာပဲကွာ။ အဲဒီလောက် ဦးနှောက်ကောင်းတဲ့လူတော်နှစ်ယောက်ကို တူတူမြင်ရဖို့ခက်တယ်ကွ”
“မစ္စတာကူးမား ခင်ဗျ…”
“ပြောလေကွာ”
“ကျွန်တော်က ဦးနှောက်ကောင်းတဲ့လူလို့ မစ္စတာကူးမား ထင်လားဗျ။ သူနဲ့ယှဉ်ရင်ပေါ့”
အိန္ဒိယအဘိုးကြီးက မျက်မှန်အောက်မှ စိုက်ကြည့်၏။ ဝေယံ နည်းနည်းတော့ အနေရခက်သွားသည်။
“မင်း ဘာနားထောင်ချင်တာလဲ။ မင်းက အရမ်းတော်တာဆိုတာကိုကြားချင်တာလား”
“မဟုတ်ဘူး။ ကျွန်တော် မစ္စတာကူးမား အမြင်ကိုကြားချင်ရုံပါ”
ဝေယံ ပြောနေရင်းဖြင့် မီးဖိုခန်းဘက်သို့ ကျောမလုံစွာ ကြည့်မိသေး၏။ ချမ်းငြိမ်းနှင့် အနိတာလည်း စကားပြောနေကြဟန်ရှိပါသည်။ အဘိုးကြီးကတော့ လက်ဖက်ရည်ခွက်ကိုပြန်ချထားပြီး လက်နှစ်ဖက်ကို ယှက်ကာ အလေးအနက်ထိုင်လိုက်၏။
“မင်းက သိပ်တော်တဲ့လူပဲ ဝေယံ။ မင်းကြိုက်တဲ့လူကို မေးကြည့်။ မင်းမတော်ဘူးလို့ဖြေတဲ့သူက မနာလို လို့ပဲဖြစ်နိုင်မယ်။ ပြီးတော့ မင်းက သိပ်ထက်မြက်တယ်။ ဦးနှောက်ကောင်းတယ်။ မင်းက အနာဂတ် အတွက် သေချာပေါက် အားကိုးအားထားပြုရမယ့် ပညာရှင်ဖြစ်လာမှာ ငါယုံတယ်။ အေး… သူကတော့.. အဲဒီလိုမဟုတ်ဘူးကွ”
အဘိုးကြီးက စကားလုံးရွေးနေဟန်ရှိ၏။ ပြီးတော့မှ ဖြည်းဖြည်းချင်း ပြောလာသည်။
“ချမ်းငြိမ်းအေးဟန်က တော်တာမဟုတ်ဘူး။ သူက ဒီကမ္ဘာလောကကမဟုတ်ဘူး ဝေယံ။ သူ့ကို ဘုရားကများ စေလွှတ်လိုက်သလားလို့ ငါထင်မိတယ်။ သူက အနာဂတ်တွေ အတိတ်တွေ အချိန်ကာလ တွေနဲ့မဆိုင်ဘူး။ သူ့ရဲ့ဒီတစ်ဘဝစာဖြစ်တည်မှုဟာ အဓိပ္ပာယ်ရှိလွန်းတယ်။ ငါပြောတာက သူက နိုဘယ် ဆုတွေဘာတွေရချင်မှလည်းရလိမ့်မယ်။ သူ့အမည်နာမကို လူတွေက သိချင်မှလည်းသိကြလိမ့်မယ်။ ဒါပေမဲ့ သူက သူဖြစ်နေဦးမှာပဲ။ ငါတို့က ဒီကမ္ဘာကြီးထဲရှင်သန်ရဖို့ ကြိုးစားနေတုန်း သူက စကြဝဠာထဲကို ရောက်နေနှင့်သလိုပဲ…။ ငါ့သား.. မင်းသူ့ကို မပြိုင်ချင်နဲ့လေ။ တစ်ကောင်တည်းပြေးနေတဲ့ မြင်းဟာ မော ပြီးလဲမှာပေါ့”
အဘိုးကြီးစကားများကြောင့် ဝေယံ တောင့်တင်းသွားရသည်။ ချမ်းငြိမ်းအေးဟန်သည် သီတင်းပတ် အနည်းငယ်မျှသာ နေရသေးသော လူကြီးများကိုပင် ဤသို့လွှမ်းမိုးနိုင်ပါလား။ ချမ်းငြိမ်းအတွက် ဂုဏ်ယူ မိပြီး ကိုယ့်အတွက် သိမ်ငယ်မိသော အချိန်ပါပဲ။
“ဝေယံ.. လာ”
အနိတာက ခပ်တိုးတိုးလာခေါ်၏။ အနိတာ၏ ဆာရီဝါဝါက ထင်းနေသော်လည်း ပိုထင်းသည်က အပြုံး များဖြစ်သည်။ အနိတာသည် ခင်မင်ဖွယ်အမျိုးသမီးကြီးဖြစ်၏။ ချမ်းငြိမ်းကထွက်မလာသေး။
“ဒီမုန့်အချိုကိုစားဖို့ ချမ်းငြိမ်းလက်မအားဘူး။ မင်းသွားခွံ့လိုက်”
ဝေယံ မျက်နှာတွေရှိန်းခနဲပူသွားရသည်။
“သူ…သူ့ဟာသူစားပါလိမ့်မယ် အနိတာ”
“အို။ သူက ငါ့သားပဲဟာ.. အချိန်မရွေးစားနိုင်တာပေါ့။ ဒါပေမဲ့ သူ့ချစ်သူခွံ့ကျွေးတဲ့ မုန့်အချိုကိုတော့ အမြဲ စားရတာမှမဟုတ်ဘဲ”
အနိတာက ပန်းကန်ကိုဝေယံ့လက်ထဲထည့်ပြီး မီးဖိုခန်းသို့အတင်းတွန်းပို့သွား၏။ ဝေယံမှာ ပန်းကန်ကိုင် ရင်းဖြင့် ချမ်းငြိမ်းနောက်ကျောကိုငေးကြည့်နေမိသည်။ ချမ်းငြိမ်းက အိမ်မှာဖြစ်သော်လည်း အပြင်မှ ပြန် လာသည်ဖြစ်၍ ရှပ်အင်္ကျီလက်ရှည်ဝတ်ထားဆဲ။ ပန်းကန်ဆေးထား၍ ခေါက်တော့တင်ထားသည်။ ချမ်း
ငြိမ်း လက်ဖျံကြောတွေက ကြည့်လို့ကောင်းလှသည်။ သို့သော် ချမ်းငြိမ်းကျောပြင်ကိုငေးကြည့်ရသည်က ဝေယံ့အတွက်တော့ မတူညီသောကမ္ဘာကို ငေးကြည့်နေရသလိုပင်။
“ဟင်.. ဝေယံ.. ဘာလိုလို့လဲ”
ရုတ်တရက် ချမ်းငြိမ်းကသတိထားမိပြီး လှည့်ကြည့်ကာ အနားသို့တိုးလာ၏။ ဝေယံ ဘာလုပ်ရမှန်းမသိ။
“ဟိုဟာ.. အနိတာက.. စားခိုင်းလို့”
“ဟုတ်လား။ မလိုင်လား”
“ဟုတ်တယ်”
ဝေယံ လက်က မုန့်အချိုလုံးလေးကို ယူလိုက်ပြီး အယောင်ယောင်အမှားမှားဖြင့် ကိုယ့်နှုတ်ခမ်းနားကိုယ် ကပ်လိုက်မိသည်။ ဒုက္ခပဲ၊ ချမ်းငြိမ်းကိုခွံ့ကျွေးရမည့်ကိစ္စကို ဘာဖြစ်လို့ ကိုယ့်ဟာကိုယ်စားနေတာလဲ ဟု စိတ်ထဲကဆဲမိသွား၏။
ထိုစဉ်မှာပင် ချမ်းငြိမ်းက မထင်မှတ်သည်တို့လုပ်လာ၏။ ဝေယံ့နှုတ်ခမ်းဖျားတွင်တေ့ထားသော မုန့်လုံးကို မျက်နှာချင်းကပ်၍ ယူစားလိုက်ခြင်းပင်။ ချမ်းငြိမ်းမျက်နှာက ပြုံးရွှင်နေပြီး ထိုမုန့်ကို စားနေ၏။
“ချိုတယ်…နော် ဝေယံ”
“စားချင်ရင် ဒီလောက် တစ်ပန်းကန်လုံးရှိနေတာကို ဘာလို့ လာလုစားနေတာလဲ အငတ်ရဲ့”
ဝေယံ ရှက်ရမ်းရမ်းမိပြီး ပန်းကန်ကိုချကာ ရှေ့သို့ထွက်ပြေးတော့မည်အလုပ် ချမ်းငြိမ်းက ပိတ်ရပ်၏။
“ကိုယ် လက်တွေစိုနေလို့လေ။ မရဘူးလား”
“လက်တွေစိုနေလည်း ငါခွံ့ကျွေး.. တော်တော်။ မင်းနဲ့နေရတာ သွေးတက်တယ်”
ချမ်းငြိမ်းက ရယ်နေဆဲ။ ဝေယံ ပို၍ အမြင်ကတ်သွား၏။
“မင်းက တကယ်ပဲ အဘိုးကြီး ကူးမားပြောသလိုမျိုး.. ဒီလောကကမဟုတ်ဘူး။ ဒီလောကအတွက်လည်း မဟုတ်ဘူး။ တကယ် ဘာအတွက်မှန်းကိုမသိတဲ့ကောင်”
ဝေယံဒေါသဖြင့်ပြောနေသော်လည်း ချမ်းငြိမ်းက ပြုံးနေဆဲ။ ရေစိုလက်တို့အစား စိမ်းမြမြအကြောတို့နှင့် လက်ဖျံကို ပုခုံးနားတင်ပြီးမှ ခပ်တိုးတိုးလေးပြောလာသည်က မုန်းစရာပိုကောင်းသည်။
“ကိုယ်က ဝေယံခ အတွက်လေ” တဲ့။
ပြဿနာက ချမ်းငြိမ်းအေးဟန်မဟုတ်။ ချမ်းငြိမ်းအေးဟန်ပြောသမျှကို လိုက်ခံစားနေသော ဝေယံသည် သာ ပြဿနာဖြစ်ပေလိမ့်မည်။


Leave a comment