19 – James Webb (Telescope)

19 – James Webb (Telescope)

(ဂျိန်းစ်ဝဘ် အာကာသ တယ်လီစကုပ်ကို NASA က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် လွှင့်တင်ခဲ့သည်။ ကြီးမား ကျယ်ပြန့်သော မျက်နှာပြင်သည် သည် á€…á€€á€źá€á€ á€Ź ဗေဒ၊ á€”ကယခတယတဗ္ဒ နယ်ပယ် များ၏ စူးစမ်းလေ့လာရေး အတွက် များစွာ အထောက်အကူပေးမည်ဖြစ်သည်။ ထို့ပြင် ရှေးယခင်က မလေ့လာနိုင်ခဲ့သော ဝေးကွာသည့် စကြဝဠာ အပိုင်း ကိုလည်း ပို၍ နားလည်စေလာမည်ဖြစ်သည်)

ချမ်းငြိမ်းအေးဟန်၏ အခန်းက ချမ်းငြိမ်းအေးဟန်နေထိုင်သည်ဟု သေချာပေါက်ခံစားရသည်ဟူသော ကြည်သာ့စကားကို ကြားစက ဝေယံ မခံမရပ်နိုင်ဒေါသထွက်ဖူးသည်။ အလင်းရောင်မရှိသော အခန်းကို လင်းစေနိုင်သည်ဆိုတုန်းက ဘာအခြေအမြစ်မရှိတာတွေလဲ ဟု လှောင်တွေးခဲ့ဖူးသည်။ သို့သော် ချမ်းငြိမ်း အေးဟန် တကယ်လက်တွေ့နေထိုင်သော အခန်းထဲသို့ ရောက်လာသောအခါ ဝေယံသည် ကြည်သာ့ကို မထောက်ခံ၍မရတော့ပေ။ အခန်းတံခါးဖွင့်ဝင်လိုက်သည်နှင့် လန်းဆန်းနွေးထွေးစေသော ရနံ့သင်းသင်း လေးတစ်ခုက ဆီးကြိုနေသည်။ အခန်းသည် နယူးယောက် စံနှင့်ဆိုလျှင် ကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိသည့်အနေအထားတွင် ရှိ၏။ ရေချိုးခန်းကတော့ အခန်းနှင့်တွဲလျှက် မရှိသော် လည်း လက်ရှိတွင် ကူးမား တို့သားနှစ်ယောက်က တခြားပြည်နယ်များတွင် နေထိုင်သည့်အတွက် အပေါ်ထပ်ရှိ ရေချိုးခန်းက ချမ်းငြိမ်းပဲ အသုံးပြုနိုင်သည်ဖြစ်၍ အဆင်ပြေပါသည်။

ချမ်းငြိမ်းအခန်းမှာ ထူးထူးခြားခြားအလှဆင်ထားခြင်းမျိုး မရှိသကဲ့သို့ နံရံကပ် ပန်းချီကားပင်မရှိပါ။ စာ အုပ်စင်ကလည်း စာအုပ်များများစားစားမရှိ။ အိပ်ရာသည်လည်း ရိုးရိုးရှင်းရှင်းဖြင့် သပ်သပ်ရပ်ရပ်ရှိသည်။ စာကြည့်စားပွဲ၊ အလုပ်စားပွဲတွင်တော့ ပစ္စည်းနည်းနည်းများသည်။ လက်ပ်တော့လေးတင်ထားသည်။ ခြုံ ငုံကြည့်လျှင် ချမ်းငြိမ်းအေးဟန် အခန်းရှိပစ္စည်းတစ်ခုချင်းစီက ဆန်းပြားနေခြင်းမရှိ။ သို့သော် အခန်းအ နေဖြင့် ကြည့်လိုက်လျှင်တော့ အလိုလိုပြောင်းလဲသွားပြီ။ ဤသည်က ချမ်းငြိမ်းအေးဟန်၏ အခန်းဖြစ်ပြီး ဤနေရာတွင် သူစာကြည့်မည်၊ အလုပ်လုပ်မည်၊ အိပ်စက်မည်ဟူသောအတွေးဖြင့်ပင် ဤအခန်းက မတူ ညီတော့ပေ။

“မင်းအခန်းထဲမှာ စာအုပ်တွေအများကြီးရှိမယ်လို့ထင်တာ”

ချမ်းငြိမ်း အခန်းသို့ ပထမဆုံးရောက်ဖူးခြင်းအတွက် ဝေယံ ရင်ခုန်ပါသည်။ သို့သော် ချမ်းငြိမ်းကမူ မည်သို့ မျှမထူးခြားသလိုပင်။ ဝေယံ့ကို အိပ်ရာပေါ်ထိုင်ခိုင်းသည်။ သူကိုယ်တိုင်ကတော့ စာကြည့်စားပွဲရှေ့မှခုံမှာ ထိုင်သည်။ အမှန်တော့ ဝေယံသည် ချမ်းငြိမ်းကို ဘေးတွင်လာထိုင်စေချင်သည်။ အိပ်ရာတစ်ခုတည်းပေါ် တူတူထိုင်သည်က ပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူးပဲဟုတွေးမိသည်။ သို့သော် ချမ်းငြိမ်းနေရာယူ ထားသည်က သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်အနေအထားဖြစ်ခြင်းအတွက် ပိုပြီးသင့်တော်ပါသည်။

“ကိုယ်ရန်ကုန်ကထွက်လာတုန်းက စာအုပ်တွေကို လိုအပ်မယ့်သူတွေဆီမျှဝေဖြစ်ခဲ့တယ်။ ၄ ပုံးစာ လောက်ရတယ်။ ဘုန်းကြီးကျောင်းတွေကို မျှပေးဖြစ်သလို နယ်ဘက်က စာကြည့်တိုက်လေးတွေကို လည်း ပို့ဖြစ်တယ်။ စာအုပ်တွေက တစ်နေရာကနေတစ်နေရာရွှေ့ပြောင်းဖို့တော့မလွယ်လှဘူး”

ဝေယံ လက်မခံမိ။ ဝေယံတော့ အဆောင်မှနေ၍ နယူးယောက် ကို အကုန် သယ် လာသည်ပဲ။ FedEx တို့နှင့် ပို့၍ရသကဲ့သို့ အိမ်ပြောင်းဝန်ဆောင်မှုများကို သယ်ခိုင်းလိုက်လျှင်လည်းရသည်။ ဝေယံသည် မိမိပိုင်သော ရှားပါးစာအုပ်များကို မည်သို့မျှအလကားအဖြစ်မခံနိုင်။

“မင်း ဒီကို သင်္ဘောနဲ့တင်လိုက်လို့ရတယ်လေ ချမ်းငြိမ်း။ မင်းစာအုပ်တွေ အများကြီး လျှောက်ပေးပစ်ရ လား။ မင်းမှာ ရှားပါးစာအုပ်တွေရှိမှာပဲ။ ဟိုအတွေးအခေါ်စာအုပ်တွေလေ”

“ကိုယ့်အတွက် အဲဒီလောက်မလိုအပ်တော့တဲ့အရာတွေကို ကိုယ့်ထက် လိုအပ်သူတွေရသွားတာ မကောင်းဘူးလား ဝေယံ။ မြန်မာနိုင်ငံမှာ စာဖတ်ချင်ရင်တောင် ဖတ်စရာစာအုပ်ကို ဝေးဝေးလံလံသွားရှာ ရတဲ့၊ ဒါမှမဟုတ် ပမာဏတစ်ခုနဲ့ငှားမဖတ်နိုင်တဲ့သူတွေရှိတယ်။ သူတို့ဖတ်ဖို့ တစ်အုပ်ဖြစ်ဖြစ်တိုးလာရင် ကို မဆိုးပါဘူး”

“ကုသိုလ်ရချင်တာလား မင်းက”

ချမ်းငြိမ်းက သဘောကျသွားဟန်ဖြင့် ရယ်သည်။ ထို့နောက် ထိုင်နေရင်းဖြင့်ပင် ဆုံလည်ထိုင်ခုံကို ရှေ့သို့

ခပ်ဖြည်းဖြည်းတိုးလာပြီး ဝေယံနှင့် ဒူးချင်းတိုက်လိုက်၏။

“ကုသိုလ်ဆိုတဲ့ အရာက ကိုယ်စိတ်မဝင်စားဆုံးပဲ။ အကုသိုလ်ဆိုတာကိုတော့ ကိုယ်နည်းနည်း အလေး ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကုသိုလ်ဖြစ်သွားပြီလို့ အများက တွေးကြတဲ့တစ်ခုခုကိုလုပ်မိရင် ကိုယ်တိုင်ဖြစ်စေ၊ တစ်ယောက်ယောက်ဖြစ်စေ စိတ်အနှောက်အယှက်အရင်ဖြစ်ရမှာပဲမို့လို့လေ။ ကုသိုလ် ရယ်လို့တော့ မလိုအပ်ပါဘူး”

ခြေထောက်ချင်းထိတိုက်ထားသည့်အတွက် ဝေယံ့မှာ လက်တွဲထားရသည်ထက်ပင်ပို၍​ရှိန်းတိန်းတိန်း ဖြစ်နေသည်။ သို့သော် ဟန်ကိုယ့်ဖို့ မေးခွန်းများ တန်းစီထုတ်ချင်၏။

“မင်း ကုသိုလ်များများရတော့ နိဗ္ဗာန်မြန်မြန်ရောက်တာပေါ့။ ငါ သိပ်နားမလည်ပေမဲ့ နိဗ္ဗာန်ရောက်ချင်လို့ မင်း အဲဒါမျိုးလုပ်နေတာမဟုတ်ဘူးလား”

ပြောပြီးမှ ပြန်တွေးမိပြီး ဝေယံ စိတ်ညစ်သွားသည်။ မြန်မြန်သေပေါ့ ဟု ပြောလိုက်မိတာမဟုတ်ဘူးလား။ ချမ်းငြိမ်း မြန်မြန်သေသွားရင် ဒုက္ခပါပဲ။ ဝေယံက ချမ်းငြိမ်းမရှိ၍မရလောက်ပါ။

“နိဗ္ဗာန်ကို ကိုယ်ရောက်ချင်တယ်လို့ ဘာဖြစ်လို့ထင်ရတာလဲ။ ကိုယ် နိဗ္ဗာန်ဆိုတဲ့ အရာအားလုံး ချုပ်ငြိမ်း ခြင်းကို မရောက်နိုင်သေးဘူး ဝေယံ။ အထူးသဖြင့် ဒီလို လောကီစိတ်တွေနဲ့ပေါ့”

“ကောင်းတယ်။ မသွားနဲ့ဦး။ အဲ.. အဲဒီလိုဆို ငါ အကုသိုလ်ဖြစ်မှာလား”

ချမ်းငြိမ်းက တသိမ့်သိမ့်ရယ်ရင်း ရှေ့သို့ကိုယ်ကိုင်းကာ မျက်နှာ အနားသို့တိုးကပ်လာသည်။

“မင်းက ချစ်ဖို့ကောင်းတယ်”

“မင်း ငါ့ကို အဲဒီလို ကလေးဆန်ဆန်ဆက်ဆံနေတာတွေ ရပ်စမ်းပါ”

“ကလေးတစ်ယောက်ကို ကိုယ်အဲဒီလိုပြောပါ့မလား”

ချမ်းငြိမ်းက ထိုစကားကို ဝေယံ့ နှုတ်ခမ်းကို ထိကပ်ပြီးမှပြောခြင်းဖြစ်သည်။ ချမ်းငြိမ်းနှုတ်ခမ်းတွေက မလိုင်မုန့်များထက် ချိုပါသည်။ ဝေယံ အငမ်းမရနမ်းရှိုက်လိုက်ရင်း ထိုနှုတ်ခမ်းများက သောက်လေ သောက်လေငတ်မပြေ သော ပင်လယ်ရေကဲ့သို့ ဖြစ်လာသည်။ သို့သော် ဝေယံ့အတွက်တော့ ထို ပင်လယ်ရေသည် အန္တရာယ်အငွေ့အသက်မကင်းသေးပါ။

“ချမ်းငြိမ်း… မင်းလေ.. ငါ့ကို ချိုးနှိမ်ပစ်ဖို့ တွဲတာလား”

ချမ်းငြိမ်းမျက်နှာက အပြုံးတို့က ရုတ်ချည်းပျောက်ကွယ်သွား၏။ ဝေယံ့ရှေ့မှ မျက်ဝန်းနက်များက ပဟေဠိဆန်စွာကြည့်နေပြန်သည်။

“မင်းကို ကိုယ်က ချိုးနှိမ်ပစ်ရမယ့် အကြောင်းရှိလို့လား”

အရှိန်မြင့်နေခဲ့သော အနမ်းတို့ကြားမှာ ထိုမေးခွန်းထုတ်မေးခဲ့ခြင်းကို ဝေယံ နောင်တမရပါ။ အကယ်၍ ရှေ့ဆက်တိုးချင်လျှင် ထိုမေးခွန်း၏ တိကျသောအဖြေမရဘဲ ဝေယံ မတိုးရဲသည်မှာ အမှန်ပင်။ နောက်ဆုတ်၍လည်း ခက်ခဲသည့်အချိန်ဆိုသော်လည်း ရှေ့မတိုးဘဲ​ ရပ်တံ့ထားဖို့ကြိုးစားမှုပင်ဖြစ်သည်။

“ငါက မင်းညီမနဲ့တွဲခဲ့တာလေ။ မင်းမှာ ငါ့ကို သဘောမကျသင့်တဲ့ အကြောင်းပြချက်အများကြီးရှိတယ်”

ချမ်းငြိမ်း မျက်နှာက အနည်းငယ် မသာမယာဖြစ်သွားသည်။ ဝေယံ့မျက်နှာနှင့် နီးကပ်နေရာမှ ချမ်းငြိမ်းက ကိုယ်ကို ဖြည်းဖြည်းချင်းနောက်ဆုတ်သွားပြီး ထိုင်ခုံလေးမှာ မှီထိုင်လိုက်၏။ ချမ်းငြိမ်းကြည့်ရသည်မှာ နွမ်းလျနေပုံလည်းပေါ်သည်။ ထိုသို့ဆိုတော့ ဝေယံ စိတ်မကောင်းပါ။

“ကိုယ် ကြည်သာ့ရဲ့အစ်ကိုဖြစ်နေတဲ့ကိစ္စက မင်းကို အများကြီးစိတ်အနှောင့်အယှက်ဖြစ်စေလား ဝေယံ”

ဝေယံ နဖူးပေါ်ကျနေသောဆံပင်ကိုသပ်လိုက်မိသည်။

“မင်းသာ ကြည်သာနဲ့မသက်ဆိုင်တဲ့လူတစ်ယောက်ဖြစ်နေရင်ကောင်းမယ်လို့ ငါအမြဲစဉ်းစားတယ်။ အခု လည်း ပြဿနာကြီးတော့မဟုတ်ပေမဲ့ ကြည်သာအေးမြကို ငါ အခုထိ ဘယ်လိုမျက်နှာပြရမလဲမသိဘူး”

“မင်းကို အဲဒီလိုခံစားရမိစေလို့ ကိုယ်တောင်းပန်ပါတယ်။ ကိုယ် ဒီထက်အများကြီး သက်သေပြရဦးမှာပဲ”

ချမ်းငြိမ်းနှုတ်ဖျားထက်မှ ထိုသို့ပြောတော့လည်း ဝေယံ စိတ်ထဲအားနာသွားရသည်။ တကယ်တမ်းမှာ တော့ ချမ်းငြိမ်းက သက်သေတွေတော့ပြထားရှာပါသည်လေ။ နောက်ကို ခပ်မှီမှီဖြစ်နေသော ချမ်းငြိမ်း ထံ သို့ ဝေယံ တိုးကပ်သွားလိုက်မိတော့ ထိုင်ခုံလေးသည် နှစ်ယောက်အားကို ထမ်းထားရပြီ။

“ငါ မင်းအကြောင်းပိုသိချင်တယ်။ မင်းအကြောင်း… မင်းရဲ့နေထိုင်မှု.. ငါသိချင်တယ် ချမ်းငြိမ်း”

ချမ်းငြိမ်းက မျက်နှာသိပ်မကောင်းသေး။

“ကိုယ်ပြောပြမှာပေါ့ ဝေယံ”

ဝေယံကပဲ ချမ်းငြိမ်းလည်ပင်းထံသို့ အနမ်းရာလေးမှတ်ပေးလိုက်၏။ စိတ်ကို နွေးထွေးတည်ငြိမ်စေသော အသံတို့က ဤနေရာကဖြစ်တည်သည်ပေါ့။ ထိုနေရာလေးကို ဝေယံပိုင်ဆိုင်သည်ပဲ တွေးတော့ ကျေနပ် ဖို့ကောင်းလွန်းသည်။

“မင်းသိလား ချမ်းငြိမ်း။ တိုက်တန်းနစ်ကားထဲမှာ ဒီကာပရီယိုက I AM KING OF THE WORLD လို့ ရွက်တိုင်ထိပ်တက်အော်တဲ့ ခံစားချက်ကို ငါသိလာသလိုပဲ”

ချမ်းငြိမ်း မျက်နှာက ထိုတော့မှ ပြုံးယောင်သန်းလာသည်။ တိမ်များကြားမှ လင်းထွက်လာသော နေလုံး လို လင်းလက်လာသောမျက်နှာ။

“မင်းက KING OF THE UNIVERSE ပေါ့ ဝေယံ”

ဝေယံ ကျေနပ်စွာရယ်လိုက်မိသည်။ ချမ်းငြိမ်းပေါ်မှာ ခွထိုင်ထားသကဲ့သို့ဖြစ်နေသော်လည်း ဝေယံ နေရာ မပြောင်းချင်တော့။ ချမ်းငြိမ်းက ထိုင်နေသည့်ပုံစံကို မသိမသာလေးပြောင်းရင်း ပြောပြသည်။

“ကိုယ့်နာမည် ချမ်းငြိမ်းအေးဟန်။ လက်ရှိတော့ ကိုလံဘီယာ တက္ကသိုလ်မှာ ကျောင်းတက်တယ်။ အရှေ့ တိုင်း အတွေးအခေါ်ကို စိတ်ဝင်စားပြီး စာအုပ် ၂ အုပ်ထုတ်ဖူးတယ်။ အင်္ဂလိပ်လို ၁ အုပ်ထုတ်ဖူးတယ်”

“အဲဒါတွေ ငါသိပြီးသားဟ”

“ကိုယ် ရည်းစားမရှိဖူးဘူး။ ကိုယ့်ပေါင်ပေါ်မှာထိုင်ဖူးတဲ့သူလည်း မရှိဖူးဘူး။ ဝေယံခ ဆိုတဲ့ နာမည်တစ်ခု က ကိုယ့်ရဲ့ ပထမဆုံးတွေကို ပိုင်ဆိုင်သူပဲ။ သူက အရှင်သခင်လိုလူမျိုးဆိုလည်း မမှားဘူး”

ဝေယံ ကျေနပ်မှုတို့က အဆုံးစွန်ထိထိုးတက်သွားသည်။ ပထမဆုံးတို့ကို ပိုင်ဆိုင်ခွင့်ရသည်က မည်မျှ ဂုဏ်ယူစရာကောင်းသနည်း။

“မင်းကို ကြိုက်တဲ့သူတွေမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး”

“ကိုယ့်ကို သူတို့က လူသားတစ်ယောက်အနေနဲ့ထက် စာအုပ်တစ်အုပ်လို စိတ်ဝင်စားကြတာဖြစ်ပါလိမ့် မယ်။ ဒါက သူတို့အပိုင်းပါ။ ကိုယ့်အပိုင်းကတော့ သေချာတယ်။ ကိုယ် ကြိုက်တဲ့သူက မင်းပဲ”

“ချမ်းငြိမ်းအေးဟန်… မင်းငါ့ကို ဘာဖြစ်လို့ကြိုက်တာလဲဟင်။ အရည်အချင်းကြောင့်.. မဟုတ်ဘူးမလား”

ဝေယံသည် မေးပြီးမှ ကိုယ့်ကိုယ်ကိုယ် မည်သည့်အဖြေမျှော်လင့်သနည်းဟု မသေချာဖြစ်လာသည်။ အနိုင်ယူလိုစိတ်နှင့်ပြောခဲ့ဖူးသော “အရည်အချင်းအတွက်” ဟု ချမ်းငြိမ်းသာဖြေလျှင် ဝေယံ ဝမ်းနည်းမိ မည်ဖြစ်ပြီး တခြားအဖြေဆိုလျှင်လည်း ကိုယ့်အရည်အချင်းကိုအသိအမှတ်ပြုမခံရမှုအတွက် ဝေယံ ဝမ်း သာမိမည်တော့မဟုတ်ပါပေ။

“မင်းဖြစ်နေလို့။ အဲဒီလူက ဝေယံခ ဆိုတဲ့ မင်းဖြစ်နေတာနဲ့တင် ကိုယ့်မှာ အကြောင်းပြချက်လုံလောက် ပြီလေ”

ထိုအဖြေသည် ချမ်းငြိမ်းဖြေလောက်မည့်အဖြေဖြစ်ပြီး စိတ်သက်သာရာရစေသည့်တိုင် သေချာချင်သေး သည်လေ။

“ငါက တော်တယ်ထင်လား”

“မင်းက ပြီးပြည့်စုံတဲ့သူပါ ဝေယံ။ တော်တယ်ဆိုတာထက်ပိုပါတယ်။ မင်းစိတ်ထဲမှာ အဲဒီအပေါ်ကို မတင်မကျမဖြစ်စေချင်ဘူး။ အထူးသဖြင့် ကိုယ့်မြန်မာစာအမှတ်နဲ့ပတ်သက်ပြီး မင်းစိတ်ထဲတစ်မျိုးဖြစ် နေသေးမှာ ကိုယ်သိပါတယ်။ ကိုယ် မင်းထက် တစ်မှတ်များတာက ကိုယ့်စာစစ်တဲ့ဆရာတွေရဲ့ ဆုံးဖြတ် ချက်သာဖြစ်ပြီး မင်းကမှ အကုန်လုံးပြည့်စုံအောင်ဖြေနိုင်တဲ့သူပါ။ ပြီးတော့ မင်းမှာ တိကျသေချာတဲ့ အိပ်မက်ရှိတယ်။ မင်းဘေးမှာရှိခွင့်ရလို့ ကိုယ်ဘယ်လောက်ဂုဏ်ယူရသလဲ မင်းသိလားဟင်”

ဝေယံ ရင်ထဲမှ လေးပင်နေသည်တို့ ယခုမှကျဆင်းသွားသလိုပင်။ ချမ်းငြိမ်းဆံပင်တွေကြားထဲ​ ဝေယံ မျက် နှာအပ်လိုက်သည်။ ဘာရှန်ပူသုံးလဲမသိ၊ မွှေးလွန်းသည်။

“ငါ ဝန်ခံစရာရှိတယ်”

“အင်း”

“ငါ မင်းကို ကြိုက်တာ အရည်အချင်းတစ်ခုပဲမဟုတ်ပါဘူး။ မင်း.. အသံ။ အဲဒီအသံကို မကြားရရင် ငါ သေမတတ်စွဲခဲ့တာ”

“အဲဒါနဲ့ပဲ အဒိန္နာဒါနာ ကျူးလွန်ခဲ့တယ်ပေါ့”

“မင်း အဲဒီလို ဘာသာရေးနဲ့ကိုင်မပေါက်နဲ့နော်”

“ဘာကိုကြောက်နေတာလဲ။ ကိုယ်ရှိတာကို”

ဝေယံ နှုတ်ခမ်းကိုက်လိုက်မိသည်။ ဒီအချိန်လေးမှာ နောက်တစ်ဆင့်တက်ချင်သည်။ သို့သော် ချမ်းငြိမ်း မည်သို့တွေးလဲတော့မသိ။

“ငါလေ.. ကြည်သာအေးမြကို မနာလိုဘူး။ ပြီးတော့ ကျော်ဇောကိုရောပဲ”

“ကြည်သာကကိုယ့်ညီမလေးလေ ဝေယံရယ်။ ဒါနဲ့ကျော်ဇောကိုလည်းသိတယ်လား”

“အမှန်တော့ ကျော်ဇောကိုဖုန်းမဆက်ဖြစ်ရင် မင်း အမေရိကားရောက်နေတာမသိဘူး။ မင်းညီမ အကျင့်ပုပ်လေးက ငါ့ကို မပြောပြဘူးလေ”

ချမ်းငြိမ်းက သဘောကျစွာရယ်နေပြန်သည်။

“ကျော်ဇောတို့ ကြည်သာတို့က မင်းနဲ့ငယ်ငယ်ကတည်းက သိလာမှာပဲနော်။ ငါမရှိခဲ့တဲ့အချိန်တွေလေ။ မင်း ကျောင်းတက်တဲ့အချိန်တွေ… မင်း လူပျိုဖြစ်စအချိန်တွေ…။ ငါ မနာလိုဘူး။ ငါရှိနေချင်တယ်။ မင်းရဲ့ အသက်ရှူသံကို ငယ်ငယ်ကတည်းက နားထောင်ခွင့်ရခဲ့ရရင်ကောင်းမှာ”

ဤသို့သောစကားမျိုး ဝေယံ ပြောမိသည်ကို မိမိကိုယ်တိုင်ပင် မယုံကြည်နိုင်ဖြစ်ရသည်။ သို့သော် ဤအတွေးက ဝေယံ့စိတ်ထဲစိုးမိုးထားသည်မှာ ရက်အတန်ကြာပြီ။ ချမ်းငြိမ်းနှင့်အတူ ကြီးပြင်းလာခဲ့ချင် သည်။ ချမ်းငြိမ်းနှင့်အတူ အရွယ်ရောက်ချင်သည်။ ထို့ပြင် ချမ်းငြိမ်းနှင့်အတူ… အိုမင်းသွားချင်သည်လေ။

“အခုလည်းနောက်မကျပါဘူး။ ကိုယ်က မင်းဆိုတဲ့ကောင်းကင်အောက်က ဘယ်လိုမှမလွတ်ပါဘူးကွာ”

“မင်းလေ အဲဒီလို ပေါတောတောတွေပြောလည်း နားထောင်ကောင်းနေအောင် ဘယ်လိုများ လေ့ကျင့် ထားလဲ”

“ကိုယ်မလေ့ကျင့်ပါဘူး။ မင်းက ချစ်သောအာရုံနဲ့ နားထောင်ပေးလို့ဖြစ်မှာပါ”

ဝေယံ အသည်းယားလာ၍ ချမ်းငြိမ်းမေးဖျားကို နဖူးနှင့်ဆောင့်တိုက်ပစ်လိုက်၏။ ချမ်းငြိမ်းက ရယ်ရင်း နှင့် မျက်နှာတစ်မျိုးဖြစ်လာသည်။

“ဝေယံ။ ခဏလေး။ ကိုယ် ရေချိုးခန်းထဲခဏဝင်မယ်နော်”

“ဟင်.. ဪ.. အေး”

ဝေယံ ခွထိုင်ရာမှ ထလိုက်ပြီး ကုတင်ပေါ်ပြန်ထိုင်လိုက်စဉ် ချမ်းငြိမ်းက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာ ၏။ ထို့နောက် ပြုံးပြပြီးမှ ရေချိုးခန်းထဲ ခပ်ဖြည်းဖြည်းထွက်သွားသည်။ ဘာဖြစ်သွားတာလဲမသိဟု ဝေယံ တွေးမိသော်လည်း လေးလေးနက်နက်တော့မရှိလိုက်။ အခန်းထဲမှာ ချမ်းငြိမ်းကိုစောင့်ရင်း လှဲအိပ်ချလိုက် မှ ပူရှိန်းနံ့လေးကို ခံစားမိ၏။ ဟုတ်သားပဲ၊ ချမ်းငြိမ်းအခန်းက ပူရှိန်းနံ့ရှိရမှာပေါ့။ ထိုကိစ္စမေးရမည်ပဲ။

ချမ်းငြိမ်းအငွေ့အသက်များကို အိပ်ရာထဲ အပြည့်အဝ ခံစားနေရင်း ဝေယံစိတ်ကူးယဉ်နေမိသည်။ ဒီမှာပဲ အိပ်လိုက်ရလျှင်ကောင်းမည်ပဲ။ ချမ်းငြိမ်းအိပ်ရာထဲ အိပ်ခွင့်ရသည်မှာလည်း ဝေယံ ပထမဆုံးပင်ဖြစ်ဦး မည်ထင်သည်။ မဟုတ်သေးပါ၊ ချမ်းငြိမ်း အနည်းငယ် ကြာနေပြီဟု ဝေယံ ခံစားလာရ၏။ ထို့ကြောင့် ရေချိုးခန်းနားသို့ လိုက်သွားမိ၏။ ဘာသံမှ မကြားရဘဲ တိတ်ဆိတ်လွန်းသော ရေချိုးခန်းကြောင့် ဝေယံ အနည်းငယ် မသင်္ကာဖြစ်လာသည်။

“ချမ်းငြိမ်း..”

“ကိုယ်လာမယ် ဝေယံ။ ခဏ”

ထို့နောက်မှ ရေသံတချို့ကြားရပြီး ချမ်းငြိမ်းထွက်လာသည်။ ထူးဆန်းသည်က ပူရှိန်းနံ့တို့ လှိုင်ခနဲရလာ ခြင်းပင်။ ထိုအနံ့ကြောင့်မဟုတ်လျှင် ဝေယံ စစနောက်နောက်စကားသာဆိုမိမည်။

“မင်း ဘာလုပ်နေတာလဲ”

“ဘာမှမဟုတ်ဘူး။ သွားကြမယ်”

ဝေယံ ပြောချင်သေးသော်လည်း ရေချိုးခန်းရှေ့တွင် မပြောချင်တော့သဖြင့် အခန်းထဲပြန်ဝင်လာပြီး ထိုင် လိုက်ရ၏။ စိတ်ထဲတော့ တစ်မျိုးဖြစ်နေဆဲ။

“ကျော်ဇောက ကိုယ့်သူငယ်ချင်းလေ။ အထက်တန်းမှခင်တာပါ”

ချမ်းငြိမ်းက ဘာမှမဖြစ်သကဲ့သို့ စကားဆက်ပြောနေသော်လည်း ဝေယံမကြိုက်ပါ။

“ချမ်းငြိမ်း.. အဲဒီအနံ့လေ.. ပူရှိန်းနံ့။ အဲဒါ ဘာနံ့လဲ”

ချမ်းငြိမ်း တိတ်ဆိတ်သွား၏။ ဝေယံ ထပ်ပြီးဖိအားပေးလိုက်ရသည်။

“မင်းမလိမ်နဲ့နော်။ အဲဒီအနံ့က ငါ့ကို တအားဆွဲဆောင်တယ်။ အဲဒါကြောင့် ငါ အဲဒီအနံ့ထွက်လာရင်သိ တယ်။ ဒါပေမဲ့ … ဆပ်ပြာတို့ body lotion တို့မဟုတ်ဘူးထင်တာပဲ။ အဲဒါ ဘာလဲ ချမ်းငြိမ်း”

ချမ်းငြိမ်းက အတော်ကြာတိတ်ဆိတ်နေပြီးမှ ခပ်လေးလေးဖြေသည်။

“ဆေး”

“ဘာ..”

“ဆေးနံ့။ ကိုယ့်မှာ ကျောရိုးဒဏ်ရာရှိတယ်။ အဲဒါအတွက် ဆေး”

ဝေယံ ဆက်စပ်တွေးနိုင်သွားပါသည်။ ချက်ချင်းပင် ချမ်းငြိမ်းမတ်တပ်ရပ်နေသည်ကို အင်္ကျီဆွဲတင်ပစ် လိုက်၏။ ပူရှိန်းနံ့က အရှိန်ပြင်းစွာထွက်လာသည်။ ထို့နောက်… အင်္ကျီအောက်ရှိ ကျောဘက်တွင် အမာရွတ်တစ်ခုရှိနေပြီး လောလောလတ်လတ်လည်း ဆေးလိမ်းခဲ့ဟန်ရှိသည်။

“အခု ဆေးသွားလိမ်းလာတာလား။ ဘာလို့… ။ မဟုတ်မှ.. ငါ.. ငါ့ကြောင့်”

ဝေယံသည် ဆက်စပ်တွေးချင်လျှင် အလွန်တော်တတ်၏။ ယခုလည်း ချမ်းငြိမ်း မဖြေခင် အဖြေထွက်ခဲ့ပြီ။ အချိန်အတော်ကြာ ချမ်းငြိမ်းပေါ်တက်ထိုင်နေခဲ့ပြီး ထိုဒဏ်ရာကိုဖိထားခဲ့သကဲ့သို့ ဖြစ်နေခဲ့လိမ့်မည်လေ။

“ရှူး..ကိုယ့်ကိုကြည့်။ အဲဒီလိုမဟုတ်ဘူး ။ မင်းကြောင့်မဟုတ်ဘူး”

“ငါ.. မင်းပြောစမ်း။ အခု ပြောစမ်း။ အဲဒါ ဘာဖြစ်တာလဲ”

ဝေယံ ခေါင်းမှာသွေးတွေဆောင့်တက်လာသလိုပင်။ ချမ်းငြိမ်း ကျောပြင်ကို မကြည့်ရက်နိုင်သကဲ့သို့ မျက်နှာလည်းမလွှဲရက်။ အမာရွတ်ကိုထိချင်သကဲ့သို့ မကိုင်လည်းမကိုင်နိုင်။

“ကိုယ့်ကိုကြည့်။ အဲဒါ ဘာမှမဟုတ်ဘူး”

“ဘာမှမဟုတ်ရင် မင်းဒီလိုဖြစ်နေမလား အရူးရဲ့။ ပြော.. ဘာဖြစ်တာလဲ”

“အဲဒါ မင်းနဲ့ ကိုယ် စတွေ့တဲ့နေ့က ရခဲ့တဲ့ဒဏ်ရာ။ ဆယ်တန်းဆုပေးပွဲလေ။ အဲဒီမှာ ကိုယ် လှေကားပေါ် က လိမ့်ကျသွားခဲ့တယ်။ အရိုးတွေမထိခိုက်ပေမဲ့ ဒဏ်ဖြစ်သွားခဲ့တာ။ လှုပ်ရှားမှုတွေကိုတော့ မထိခိုက်စေ ပါဘူး။ ဒီတိုင်း.. တခါတခါတော့လည်း ကိုက်ခဲတာပေါ့”

“ဘာဖြစ်လို့ လိမ့်ကျတာလဲ။ ချော်ကျသွားတာလား”

“ကြည်သာ အထင်လွဲသွားတာ”

“ဘာ… ကြည်သာအေးမြက မင်းကိုတွန်းချလိုက်တာလို့ပြောချင်တာလား”

“မဟုတ်ဘူး။ သူ မတွန်းပါဘူး။ ကိုယ်တို့ နည်းနည်း ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ။ သူမသိဘူး။​ ကိုယ် အဲဒီ နေ့က ပြန်သွားခဲ့တယ်လေ။ မင်းတို့ဆုယူတော့ ကိုယ်မရှိဘူး”

ဝေယံ မှတ်မိပြီ။ ကြည်သာ့ကို ဓာတ်ပုံရိုက်ဖို့သွားခေါ်တော့ ကြည်သာငိုနေခဲ့သည်။

“မင်း ဒီလောက်နှစ်တွေကြာတဲ့ထိ နာနေတာဆိုရင် တော်တော်ထိသွားလို့ပေါ့”

“ဒဏ်ပဲဖြစ်တာပါ။ ဆေးလိမ်းထားရင်သက်သာပါတယ်”

“ဒါဆို ပူရှိန်းနံ့က ဆေးနံ့လား”

ချမ်းငြိမ်းက  အနည်းငယ်တုံ့ဆိုင်းနေပြီးမှ အင်း ဟုအဖြေပေး၏။ ဝေယံ ရူးချင်သွားသည်။

“ဘာဖြစ်လို့ ပူရှိန်းနံ့လဲ။ ပရုတ်ဆီလိုမျိုးလား”

ချမ်းငြိမ်းကမဖြေ။ ဝေယံ သိချင်စိတ်ကိုမထိန်းနိုင်တော့ဘဲ ချမ်းငြိမ်းထွက်လာခဲ့သော ရေချိုးခန်းကို သွား ကြည့်လိုက်မိ၏။ ပူရှိန်းနံ့တို့လှိုင်နေသည့် ရေချိုးခန်းထဲတွင် လိမ်းဆေးဆီကဲ့သို့ ပုလိမ်းမျိုးတွေ့လိုက်ရ၏

“ဒီဟာ လိမ်းတာလား”

“ကိုယ်ပြောပြမှာပါ။ အဲဒါထားခဲ့လိုက်တော့။ လက်တွေပူမယ်”

ပုလင်းကိုင်လိုက်သည်နှင့် မျက်စိတွေပင်စပ်ချင်လာသည်အထိ ပူသည်ကိုခံစားရ၏။ ဤသို့ဆိုလျှင် ချမ်းငြိမ်း မည်မျှ….။

“မင်း ဘာတွေလုပ်နေတာလဲဟင် ချမ်းငြိမ်း။ ဒီလောက်ဆေးအပူတွေ..”

“ကိုယ်က peppermint နဲ့ရောလိမ်းလို့ထင်တယ်။ သိပ်တော့မပူတော့ဘူး”

“ငါ့ကိုမရှင်းပြနိုင်ရင် ငါ တကယ်စိတ်ဆိုးမိမှာ ချမ်းငြိမ်း”

“ကိုယ်ရှင်းပြမှာပါ အဲဒါကြောင့်စိတ်မဆိုးနဲ့နော် ကိုယ့်ကောင်းကင်လေး”

ချမ်းငြိမ်းမျက်နှာကိုကြည့်ပြီး ဝေယံ ငိုချပစ်ချင်သွားသည်။ ဤလူသားကို ဝေယံ မည်သို့ စောင့်ရှောက်ရမည် နည်း။ ဤလူသားကို စေလွှတ်လိုက်သော ဖန်ဆင်းရှင်ရှိလျှင်လည်း ကောင်းမည်၊ ဤလူသားကို နာကျင်ထိခိုက်မှုများ ကင်းဝေးအောင် စောင့်ရှောက်ပါဟု ဝေယံ ဒူးထောက်လိုက် ချင်သည်လေ။

==========================================================================


Leave a comment