20 – Intersellar Space

20 – Interstellar Space

(ကြယ်များ အကြားမှ အာကာသဟင်းလင်းပြင်သို့ ယခုအချိန်တွင် voyager 1 နှင့် voyager ၂ ယာဉ်တို့သာ ရောက်ရှိဖူးသေးသည်။ ဝေးကွာလွန်းသဖြင့် လူသားတို့ မရောက်ရှိနိုင်သေးပေ)

ဝေယံ ဒေါသထွက်သည်။ ချမ်းငြိမ်းအေးဟန် ခါးမှ ဒဏ်ရာအတွက် ဝေယံ စိတ်ဆိုးပါသည်။ ဒဏ်ရာကို ဖုံး ရန် သုံးသော peppermint အနံ့ကို လိင်မှုကိစ္စဆွဲဆောင်ခြင်းအနေနှင့် တွေးမိခဲ့သည့် ကိုယ့်ကိုယ်ကိုယ် မုန်းတီးပါသည်။ ထိုရနံ့သည် ချက်ချင်းပင် သာယာမှုနိဗ္ဗာန်မှနေ၍ ခံစားမှုငရဲသို့ ပြောင်းလဲသွားခဲ့ပြီ။ ထို ရနံ့နှင့်အတူ ဝေဒနာခံစားနေရမည့် ချမ်းငြိမ်းအေးဟန် ဟုတွေးလိုက်လျှင်ကို ဝေယံ ကျဉ်ခနဲဖြစ်သည် အထိ စိတ်နာပါသည်။ ထို့ထက်ပို၍ကား ဘာမှမဖြစ်သကဲ့သို့ အေးအေးလူလူ ရှင်းပြနေနိုင်သည့် ချမ်းငြိမ်း ကို ဝေယံ ပြစ်ဒဏ်ပေးလိုက်ချင်သည်။ သို့သော် နမ်းလိုက်လျှင်ပင် ဤလူသား ထိခိုက်သွားမည်ကို ကြောက်နေမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ညစ်ပါသည်လေ။


“မင်းကြောင့် ငါ ရူးမှာပဲ ချမ်းငြိမ်း”

“ကိုယ်ကအဲဒီလိုအဖြစ်မခံပါဘူး”

ချမ်းငြိမ်းက ဖက်ဖို့လုပ်သော်လည်း ဝေယံ ရှောင်ထွက်လိုက်ပါသည်။ ချမ်းငြိမ်း မျက်နှာ နည်းနည်းလေး နွမ်းသွားတော့ ဝေယံ့စိတ်တံတိုင်းတွေပြိုကျပါသည်လေ။

“ချမ်းငြိမ်း.. ငါ့ကိုကြည့်၊ ငါ့စကားနားထောင်မှာလား”

ချမ်းငြိမ်းက သူ့ကိုတည့်တည့်ကြည့်ပြီး ခေါင်းညိတ်ပြတော့ နာခံတတ်သည့် ချမ်းငြိမ်းအေးဟန်ကို ဝေယံ အချစ်ပိုရပြန်သည်။

“ဒါဆို အိပ်ရာပေါ်လှဲနေတော့”

ချမ်းငြိမ်းကို ခပ်ဖွဖွလေး ကုတင်ပေါ် ထိုင်ချခိုင်းတော့ လက်မောင်းကို စိုးရိမ်တကြီးလာညှစ်ပြီး ပြောလာ သည်က ရူးချင်စရာ။

“မပြန်ပါနဲ့ဦး”

“မပြန်ပါဘူး။ မင်းအိပ်ရာပေါ်လှဲနေတော့။ ငါ အဲဒီဒဏ်ရာကို ဆေးသေချာလိမ်းပေးမယ်”

ချမ်းငြိမ်း မျက်နှာမှာ အပြုံးရိပ်လေးတွေ ပြန်ရောက်လာတော့ ဝေယံ ဘာကိုမှန်းမသိ ရှက်တော့ရှက်သွား ၏။ ထို့ကြောင့်မသိချင်ဟန်ဆောင်ပြီး ချမ်းငြိမ်း လှဲသည်ကိုပဲ ဘေးမှ ဖေး မ ပေးလိုက်ပါသည်။ ရှက်စိတ် ကို မသိချင်ဟန်ဆောင်၍ရသော်လည်း ရင်ခုန်စိတ်ကိုတော့ သတိမထား၍မရပါပေ။ ဝန်ခံရလျှင်တော့ ယခင်က ကြည်သာ့၏ ဆွဲဆောင်မှုရှိသောပုံစံကို မြင်ရတုန်းကထက်ပင် ဝေယံ ရင်ခုန်ပါသည်။ မမရေချယ် ၏ အတွင်းသားများကို စမြင်ဖူးတုန်းက လူပျိုကလေး ဝေယံသည်ပင် ဤသို့သော ရင်ခုန်သံစည်းချက် မျိုး မရှိခဲ့ဖူးပါ။ ယခုက ဆန်းပြားသော ထိတွေ့မှုမျိုးမပါဘဲ… ချမ်းငြိမ်းလက်မောင်းကို ထိန်းပေးရုံနှင့်တင် ဝေယံ့ရင်ထဲ လျှပ်စစ်စီးနေ၏။

“ဆေးလိမ်းပေးဖို့တော့မလိုပါဘူး ။ လက်တွေပူမယ်၊ ကိုယ်ကျင့်သားရနေပါပြီ”

ရင်ခုန်မှုအနေအထားကို ဆန်းစစ်နေတုန်း အိပ်ရာပေါ်လှဲနေသည့် ချမ်းငြိမ်းထံမှ ရုတ်တရက် အသံထွက် လာတော့ ဝေယံ လန့်သွားရ၏။

“မင်းက ငါ့ရည်းစားလား၊ ငါက မင်းရည်းစားလား”

အာ၊ ဝေယံခရာ။ ချမ်းငြိမ်းက ရယ်ချင်နေသော်လည်း မရယ်သဖြင့် ပိုစိတ်တိုလာရသည်။ ရယ်လိုက်ပါ လား၊ ရယ်လိုက်လျှင်တော့ ဝေယံ စိတ်တိုရသည်ကိုမေ့နိုင်ဦးမည်။

“တော်ကွာ။ စကားကိုများတယ်။ လှဲခိုင်းတာ ဆန့်ဆန့်ကြီး အသေကောင်လို အတောင့်လိုက်လှဲနေရလား။ ဆေးလိမ်းမလို့ပါ ဆိုနေ”

ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်း မှောက်ရက်လှဲနိုင်ဖို့ ဝေယံ ကူညီပေးလိုက်ရ၏။ အင်္ကျီစကို ဖြည်းဖြည်း ချင်း တင်လိုက်တော့ ဝေယံ အသက်အောင့်လိုက်မိသည်။ အနီးကပ်ကြည့်တော့မှ ဒဏ်ရာအမာရွတ်က ထင်းနေပြီး ရောင်နေသလိုလည်းခံစားရ၏။

“နာတယ်မလား ချမ်းငြိမ်း။ ငါ့ကို ကံငါးပါးအကြောင်း ပြောပြီး မင်းကတော့ မုသာဝါဒ မသုံးနဲ့နော်”

“အင်း။ နာတယ်”

“ဘာလို့ မပြောခဲ့တာလဲ”

“ကိုယ်ပြောစရာတွေအများကြီးရှိနေခဲ့လို့လေ”

Peppermint နှင့် အသင့်ရောစပ်ထားပြီးသော ဆေးဂျယ်လ်တို့ကို လက်ချောင်းဖြင့် ကော်ယူစဉ်မှာပင် အပူကို သိသိသာသာကြီးရလိုက်၏။ ဝေယံ ပြောမနေတော့ဘဲ သက်ပြင်းချရင်း ချမ်းငြိမ်းခါးကို ဖြည်းဖြည်း ချင်းထိတွေ့ ပွတ်ပေးလိုက်မိသည်။ ရောင်နေသောနေရာများကိုလက်ဖြင့် ဖွဖွပွတ်ရသည်ကိုပင် ဝေယံ အသက်အောင့်ထားမိ၏။ လက်ချောင်းထိပ်များမှာ အားနည်းနည်းပါသွားမည်ကိုပင် စိုးရိမ်နေရသည်က ဖိအားတစ်ခုလိုဖြစ်လာသည်။ ဤသည်ကို ချမ်းငြိမ်းကလည်း သိသွားပုံရပါသည်။

“ကိစ္စမရှိဘူး။ အဲဒီလောက်ထိန်းထားဖို့မလိုဘူး။ ဒီဒဏ်ရာက နှစ်ချို့နေပြီ။ မင်းထိလို့ရတယ်”

“ထိလို့ရတာတော့ မင်းပြောမှလားဟ။ မထိချင်လို့ လုပ်နေတာကို။ စကားကိုများတယ်၊ ပြီးတော့ မင်း မျက်နှာကြီး ဟိုဘက်လှည့်ထားစမ်းပါ။ ဆေးလိမ်းတာ ဖြောင့်ဖြောင့်မလိမ်းရဘူး”

“ကိုယ့်ကို ပထမဆုံး ဂရုတစိုက်ဆေးလိမ်းပေးတဲ့လူ.. ကိုယ့်ချစ်သူကို ကြည့်ချင်လို့ပါ”

ဝေယံ စိတ်မကောင်းတော့ဖြစ်သွားရသည်။ ချမ်းငြိမ်းကို ဆေးလိမ်းပေးမည့်သူမရှိခဲ့ဘူးလား။ ချမ်းငြိမ်း မိသားစုနှင့် ဘယ်လိုပါလိမ့်။ ကြည်သာ့ကိုတော့ ချမ်းငြိမ်းက ထိုသို့ပုံစံမပြသလောက်ပါဟု ဝေယံ ရိပ်မိခဲ့ပါ ပြီ။

“မင်း ဒီနှစ်တွေမှာ ဒဏ်ရာကနာတိုင်း ကိုယ့်ဟာကိုယ်လိမ်းတာလား”

ချမ်းငြိမ်းက ငေးကြည့်ရင်း ပြုံးကာ အင်း ဟုခေါင်းညိတ်ပြ၏။

“အဲဒီလိုကြီး ကိုယ့်ခါးကိုယ်လက်နဲ့ စမ်းစမ်းပြီး ဆေးလိမ်းတာလား။ မင်းဟာကလည်း ခါးဒဏ်ရာ မပျောက်ခင် လက်က အကြောညပ်တော့မယ်”

“ဒါဆို ကိုယ့်လက်မောင်းကိုရော ဆေးလိမ်းပေးဦးမှာလား”

“ပြောလေရောင့်တက်လေနဲ့။ တော်တော့။ နောက်တခါ ထပ်အနာတရမဖြစ်နဲ့”

ချမ်းငြိမ်းခါးအနှံ့ကို ဖွဖွချင်း ထိပြီးနောက် ဝေယံ ဆေးလိမ်းခြင်းကို အဆုံးသတ်လိုက်၏။ လက်တွေလည်း ပူလာ၍ ဝေယံ လက်ဆေးရန် ထလိုက်တော့ ချမ်းငြိမ်း၏ အကြည့်တို့ကတစ်မျိုးဖြစ်သွားသည်။

“ဝေယံ.. အရမ်းပူနေလားဟင်”

မျက်လုံးထဲကို ဆေးအခိုးများဝင်သွားသလားမပြောတတ်၊ နည်းနည်း စပ်သလိုလိုပင်။ ဝေယံ လက်ဖြင့် ကိုင်မိမည်ပြုတော့ ချမ်းငြိမ်းက လှမ်းတား၏။

“လက်နဲ့မကိုင်နဲ့လေ။ မျက်လုံးပိုစပ်မယ်။ မျက်နှာကို ကိုယ့်နားတိုးခဲ့ ဝေယံ”

ရိုးသားစွာပင် ဝေယံ မျက်နှာကိုရှေ့တိုးလိုက်မိ၏။ ထိုစဉ်က ဝေယံ့စိတ်ထဲ မျက်စိစပ်ခြင်းပျောက်ကင်း ရန် သာရှိခဲ့ကြောင်း ကျိန်ဆိုပြောရဲပါသည်။ သို့သော် ချမ်းငြိမ်းက အိပ်ရာဘေးမှ တစ်ရှူးလေးဖြင့် ဝေယံ့ မျက်လုံးနားကို ပွတ်ပေးပြီးနောက် မျက်ခွံများပေါ် အနမ်းဖွဖွပေးလာသောအခါ လူက ကျောက်ရုပ်ဖြစ်ပြီ ဟုပင် ထင်လိုက်မိသည်။ မဖြစ်သေး၊ ထိုသို့ ကုန်းကုန်းကိုင်းကိုင်းနှင့် အရှက်ကွဲမခံနိုင်တော့သဖြင့် ဝေယံ ဆဲပြီးမှ ထွက်လာလိုက်၏။

“လုပ်ချင်တာတွေ လုပ်နေတော့တာပဲ။ အဲဒီမှာပဲ လှဲနေဦး”

လက်ဆေးနေတုန်းတစ်လျှောက် ဝေယံ ရှိန်းတိန်းတိန်းခံစားရသည်မှာ လက်မှ ဆေးအပူကြောင့် မဟုတ် မှန်းတော့ သိပါသည်လေ။

“Peppermint အနံ့က စွဲတယ်နော် ချမ်းငြိမ်း။ မင်း တမင် အဲဒါရွေးတာလား”

ဝေယံ ပြန်ဝင်လာတော့ ချမ်းငြိမ်းက ပက်လက်လှဲနေပြီ။ လှဲနေဦး ဆိုသောစကားကို နာခံခြင်းအတွက် ဝေယံ ကျေနပ်သွားမိ၏။

“အဲဒီအနံ့က ဆေးလို့မထင်ရလို့လေ။ ကိုယ်အစက မသိပါဘူး။ ကိုယ်တို့ စမ်းချောင်းမှာရှိတဲ့ ဘယဆေး ဆိုင်က တိုင်းရင်းဆေးဆရာကြီးက ပေးတာ။ Peppermint က စိတ်လည်းတည်ငြိမ်စေတယ်။ အဲဒါနဲ့ စွဲ သုံးဖြစ်သွားတာ။ ပရုတ်ဆီတွေတော့ ကိုယ်လည်းမသုံးဖြစ်ဘူး”

“ကြည်သာ.. လည်း ပူရှိန်းနံ့ကြိုက်တယ်နော်”

ချမ်းငြိမ်းမျက်ဝန်းနက်တို့က တစ်ချက်မှိုင်းသွား၏။

“ကြည်သာက ကိုယ် ထိခိုက်ထားတာကို မသိဘူး။ သူ့အတွက် ပူရှိန်းနံ့က ကိုယ့်ဆီကပဲရနိုင်တာလို့ ထင်ပြီး ပူရှိန်းလိုက်စားတာ။ ကိုယ်သာ ဆေးအဖြစ်သုံးတာသိရင် ကြည်သာ ကမ္ဘာပေါ်မှာ အမုန်းဆုံးက အဲဒီအနံ့ ဖြစ်လိမ့်မယ်။ အဲဒါကြောင့် ဝေယံ.. ကိုယ် အနူးအညွတ်တောင်းဆိုပါရစေ။ ဒီကိစ္စကို ကြည်သာ့ကို ပေး မသိပါနဲ့။ ကိုယ့်ညီမလေးရဲ့နှလုံးသားက ဒါတွေခံနိုင်မှာမဟုတ်ဘူး”

ဝေယံ စိတ်ရှုပ်ထွေးစွာဖြင့် ချမ်းငြိမ်းမျက်နှာကို စိုက်ကြည့်မိ၏။

“စိတ်ချပါ ချမ်းငြိမ်း။ ပြီးတော့.. ငါလည်း အဲဒီအနံ့ကို မုန်းတီးသွားပြီ”

“ဟင်..ကိုယ် နောက်ကိုပြောင်းသုံးရမလား ဝေယံ”

ဒီငတုံးကတော့ ဟု တွေးမိပြီး သက်ပြင်းချရင်း ဝေယံ ခပ်တိုးတိုးသာပြောမိသည်။

“မင်းရဲ့နာကျင်မှုနဲ့သက်ဆိုင်တဲ့အရာမှန်သမျှကို ငါမုန်းမှာမို့လို့ .. နောက်ထပ် .. မနာကျင်နဲ့ ချမ်းငြိမ်းအေး ဟန်”

==============================================================================

တက္ကသိုလ်များ မိန်းကလေးအဆောင်အနီးတွင် စု၍ ကော်ဖီသောက်ကြ၊ စာဖတ်ကြ၊ ကြက်တောင်ရိုက် ကြ လုပ်သော်လည်း ကြည်သာကတော့ ထိုအရာများကို နှာခေါင်းရှုံ့ပြီး ခပ်ဝေးဝေးမှသာနေတတ်ခဲ့သူ ဖြစ် သည်။ ထိုသို့သော ကြည်သာက ကြက်တောင်ဝင်ရိုက်မည်ဆိုတော့ အဆောင်မှ​စီနီယာအစ်မများကအစ မျက်ခုံးပင့်ကုန်ကြ၏။

“ကြည်သာ.. ဒါ အံ့သြစရာပဲ။ မင်းကို ကြိုဆိုပါတယ်။ မင်းကြက်တောင်ရိုက်တတ်တယ်ပေါ့”

ကြည်သာ ခပ်မဲ့မဲ့ပြုံးလိုက်ချင်သော်လည်း အတတ်နိုင်ဆုံး မမဲ့မိအောင်ကြိုးစားပြီး ပြုံးလိုက်ပါသည်။

“ကိုယ်မရိုက်တာကြာတော့ သိပ်ပြီး မသိဘူး။ ဒါပေမဲ့ ရိုက်တတ်ကောင်းပါရဲ့။ ဆူဇန် နဲ့ နှစ်ယောက်တွဲ ရိုက်မလို့လေ”

ဆူဇန်  á€™á€ťá€€á€şá€œá€Żá€śá€¸á€€á€œá€ąá€¸á€á€˝á€ą ဝိုင်းသွားပြီး “အေးရယ်၊ မဟုတ်တာတွေ” ဟု လာဆွဲ၏။ သို့သော် ထိုကြိုးစားမှုက အချည်းနှီးဖြစ်ကြောင်း ဆူဇန် လည်းသိပါလိမ့်မည်။ ခုနကအထိ ကြည်သာက လက်ပိုက် ကြည့်သူသာဖြစ်သော်လည်း ဆူဇန် ကတော့ ဂျူနီယာကလေးမတွေနှင့် ကြက်တောင်ဝင်ကစားရင်း  မျက်နှာကို ကြက်တောင်ထိသွားခဲ့သည်လေ။ ကြည်သာ လက်ပိုက်ကြည့်မနေတော့ဘဲ ဖိနပ်သွားလဲပြီး ဝင် ပါမိခြင်းပင်။

“ကြည်သာ ပါမယ်ဆိုတော့ တို့လည်းစိတ်ဝင်စားတယ်။ ဒါပေမဲ့ တို့နဲ့ တွဲဘက်မရှိသေးဘူး”

ဆူဇန် မျက်နှာတည့်တည့်ကို ကြက်တောင်ထိအောင်လုပ်ခဲ့သော မိန်းမ၏ အသံက စက်စုပ်စရာကောင်း ပြီး ထိုထက်ပိုအန်ချင်စရာက ကိတ် ဆိုသည့်မိန်းမဖြစ်သည်။ ကိတ် သည်လည်း ကြည်သာ့ကဲ့သို့ ပွဲကြည့်သူ ဖြစ်ခဲ့သော်လည်း ဘယ်သူ့ဖိနပ်ငှားစီးလိုက်သည်မသိ။ အားကစားဘောင်းဘီနှင့် ကိတ် ပါဝင်ရိုက်မည်ဆို သည်။ တွေ့ကြတာပေါ့၊ ခဲတစ်လုံးနှင့် ထို ငှက်နှစ်ကောင်လုံးကို အသက်နှုတ်ပစ်မည်။

“အေးရယ်၊ တို့က ကိုယ်လက်လှုပ်ရှားဖြစ်အောင် ကြက်တောင်ရိုက်တဲ့ကိစ္စ။ အဲဒီလိုကြီး လုပ်ဖို့လိုလို့လား”

“ဆူဇန် ဘရောင်း.. ကိုယ့်ကို ထပ်တားရင် မင်း ဟိုမိန်းမတွေဘက်ကလို့ ကိုယ်ယူဆလိုက်မယ်”

“မဟုတ်တာပဲ ကလေးရယ်။ တို့က ကလေးဘက်ကပေါ့”

ကလေး။ ကြည်သာ ကျေနပ်စွာနဲ့ ကွင်းထဲဝင်လိုက်၏။ ဘတ်တံကလည်း ကိုယ့်ဟာမဟုတ်။ သို့သော် ကိစ္စ မရှိ။ ကြည်သာလိုချင်သည်ဆိုလျှင် ငှားမည့်သူတွေရှိပါသည်။

“စ ကြတော့မလား”

ကိတ် က အမြင်ကတ်စရာကောင်းအောင် ရယ်ပြီး “ခဏလေး၊ ဒီပွဲက အနိုင်အရှုံးလုပ်ကြမလား” ဟု မေး လာ၏။ “အများကြီးမဟုတ်ပါဘူး။ အဆောင်ကလူတွေကို ပီဇာဝယ်ကျွေးကြေး”  ကြည်သာ လက်မခံစရာ မရှိပါ။

ကိတ် နှင့်မီယာ တွင်မီယာ က ကျွမ်းကျင်အနေအထားရှိပြီး ကိတ် က ဝင်အာချောင်ခြင်းမှန်း ကြည်သာ သိ လိုက်ပါသည်။ ထို့ကြောင့် ဆူဇန် ကိုအရှေ့မှာထားပြီး ကြည်သာက နောက်ဘက်မှာနေရာယူလိုက်၏။ ခပ် မြင့်မြင့်တက်လာသော ကြက်တောင်ကို ကြည်သာက လက်ကောက်ဝတ်အားဖြင့် ဖောင်းခနဲ မြည်သည်အထိ၊ ထိုကြက်မွေးများစုတ်သည်အထိ ရိုက်ချပစ်လိုက်တော့ အားလုံးမင်သက်သွား ကြ၏။ မီယာ လည်း သတိအနေအထားဖြစ်သွားသည်။ ရမလား၊ ကြည်သာက နောက်တစ်ချက် အခွင့်အရေးတွင် ပင် မီယာ ကိုယ်တည့်တည့်ထိသွားစေရန် ကြက်တောင်ကို အားဖြင့်ခုတ်ချလိုက်တော့မီယာ ထိုင်ကျသွား ၏။

“ဟယ်” “အေး” “နင်ဘယ်လိုလုပ်လိုက်တာလဲ”

“အိုး.. ကစားတာက ထိတတ်တာပဲနော် ဟုတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် လက်ရည်မညီတော့ ကစားရတာ ပျင်းဖို့ကောင်းတယ်။ ပီဇာ.. ကိုယ် ကျွေးပါမယ်။ အားလုံးအတွက်”

ဆူဇန် လက်ကိုဆွဲပြီး ကွင်းထဲမှ ထွက်လာတော့ အားလုံး၏ တီးတိုးပြောသံများကို ကြည်သာ ကြားနေရ သည်။ သို့သော် ကြည်သာဂရုမစိုက်ပါ။ ဒီလူတွေလောက်ကို ဂရုစိုက်စရာလားလေ။

“အေး..”

အဆောင်၏ ခပ်လှမ်းလှမ်းမှ မိုးမခပင်နားရောက်တော့ ဆူဇန် က မပွင့်တပွင့်လေးခေါ်သည်။

“ဘာလဲ၊ ဒါမဖြစ်သင့်ကြောင်း၊ ဒါမလုပ်သင့်ကြောင်း ပြောဦးမလို့လား။ လာစမ်းပါ၊ မင်းရဲ့ကြည်သာက ဘယ်တုန်းက အဲဒါတွေနားထောင်ချင်တယ်ထင်လို့လဲ”

“မထင်ပါဘူး ကလေးရယ်။ တို့ပြောမှာက ကလေးက သိပ်တော်တာပဲလို့”

ကြည်သာ ကျေကျေနပ်နပ်ပြုံးလိုက်ပါသည်။

“သိသင့်ပါတယ်လေ”

“တို့ရဲ့ကြည်သာက အများကြီး အများကြီး ချစ်ဖို့ကောင်းတဲ့သူပဲ”

ဘာရယ်မဟုတ်၊ ခေါင်းစည်းကြိုးလေးတင်းသွားသလိုပင်။ ချမ်းငြိမ်းကို ပြောပြရဦးမည်ပဲ။

“ဆူဇန်..။ ကိုယ်မင်းကို တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်”

“အင်း… အဲဒါက… မင်းအစ်ကိုလား”

“ဘယ်လိုသိသလဲ”

“ကြည်သာ့မျက်လုံးတွေက အဲဒီလူအကြောင်းပြောရင် တောက်ပလာတတ်တယ်လေ။ အခုလည်း အဲဒီလို တောက်ပနေလို့။ မင်း သိပ်လွမ်းနေတယ်ဟုတ်”

ကြည်သာ မျက်နှာလေးနွေးသွားရ၏။ ဆူဇန် တောင်သိနေပြီ ကိုကိုရယ်၊ နင်ကတော့ ငါ့ကို မေ့နေပြီလား။

=============================================================================

အတော်ကြာ စိမ်းသက်ပြီးမှ ပြန်ဆက်သွယ်ဖြစ်ခဲ့ခြင်းအတွက် ကြည်သာ စိတ်လှုပ်ရှားနေသလောက် ချမ်းငြိမ်းကတော့ အမြဲတမ်းလိုအတိုင်း တည်ငြိမ်လျှက်ရှိခဲ့ပါသည်။

“ကြည်သာ.. စိတ်ကျေနပ်စရာကိစ္စတစ်ခုခုရှိတာလား”

“အဟင်း.. နင်သိတယ်ပေါ့ ကိုကို”

“ကိုယ် ကြည်သာ့ကို နားလည်ဖို့ အမြဲကြိုးစားပါတယ်”

ချမ်းငြိမ်းဘက်ခြမ်းက သီချင်းသံကြားနေရ၏။ ဆူဆူညံညံသီချင်းမျိုးတော့မဟုတ်၊ ကော်ဖီဆိုင်များကဲ့သို့ လည်းမဟုတ်၊ ချမ်းငြိမ်း ဘယ်ရောက်နေပါလိမ့်။

“နင်က ကြိုးစားရတယ်ဆိုတာ ရှိလို့လား ကိုကို။ ထားပါ၊ ငါ ဒီနေ့ ကြက်တောင်ဝင်ရိုက်ခဲ့တယ်။ ပြီးတော့ ငါ့သူငယ်ချင်းအတွက် လက်စားချေပစ်လိုက်တယ်”

“အင်း၊ ကြည်သာ လက်ဖဝါးကို ဖြန့်ထားဦး။ ပြီးရင် လက်ကောက်ဝတ်ကို ရေနွေးလေးနှစ်ပေး”

ကြည်သာ နှုတ်ခမ်းလေး ဟ သွား၏။ ချမ်းငြိမ်းက ကင်မရာ လည်းဖွင့်ထားခြင်းမရှိပါဘဲ စကားတစ်ခွန်းနှင့် တင် ကြည်သာ ဘာဖြစ်နေသည်၊ ဘာဝေဒနာခံစားရသည်ကို နားလည်နေသည်လား။

“ကိုကို… နင်.. ဘယ်လိုသိလဲဟင်”

“ကိုယ့်ညီမလေးအကြောင်း ကိုယ်အသိဆုံးဖြစ်သင့်တာပေါ့”

“ငါကျတော့ ငါ့အစ်ကိုအကြောင်း မသိဘူးလေ။ လုံးဝမသိတာ”

ကြည်သာ ငိုမိတော့မည်ထင်သည်။ ထိုအခိုက် ပုခုံးလေးကို လာညှစ်ပေးသည့် လက်တစ်စုံကြောင့် အသိဝင်သွားရ၏။

“ဪ.. ကိုကို.. ငါ မိတ်ဆက်ပေးချင်တာရှိတယ်။ ဆူဇန် ဘရောင်း လေ။ သူ့အကြောင်းအမြဲပြောနေပေမဲ့ ငါ သေချာမမိတ်ဆက်ပေးဘူးထင်လို့”

“အင်း။ တွေ့ရတာ ဝမ်းသာပါတယ် ဆူဇန်.ကိုယ်က ချမ်းငြိမ်းအေးဟန်ပါ။ ကိုယ့်ညီမလေးကို ဂရုစိုက် ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီတခါ ကိုယ်ပြန်လာရင် ဆုံချင်ပါသေးတယ်”

စပီကာဖွင့်ထားသော ဖုန်းမှနေ၍ ချမ်းငြိမ်း၏ အင်္ဂလိပ်စကားသံထွက်လာတော့ ဆူဇန် ကအလန့်တကြား ဖြင့် ကြည်သာ့လက်ကိုတဖျပ်ဖျပ်ရိုက်၏။

“ဘုရားသခင်.. ဒါ.. ဒါ .. ကြည်သာ့အစ်ကို။ ကြည်သာ့ကို စာဖတ်ပြတဲ့သူ။ ပန်းခေတ်ကလူ”

Him from A Floral Era တဲ့။ ကြည်သာ မေ့ထားသည်ပင် အတော်ကြာသော ကိစ္စတစ်ခုကို ဆူဇန် က သတိတရရှိနေသေးသည်။

“ပန်းခေတ်ကလမင်းကိုပြောတာလား ဆူဇန်”

“ဟုတ်တာပေါ့။ မင်္ဂလာပါ၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားနေတယ်။ ကျွန်မ ဆူဇန် ပါ”

“ကြည့်ရတာတော့ ကြည်သာမကြိုက်တဲ့ အကြောင်းတွေပြောမယ့်လူ တစ်ယောက်တိုးနေပြန်ပြီပဲ”

ချမ်းငြိမ်းကျီစယ်သံက ရယ်ချင်စရာကောင်းသော်လည်း ကြည်သာ မရယ်မိ။ ဖုန်းကိုင်ထားပြီး ရပ်နေမိရုံ။

ဆူဇန် စကားဆက်ပြောပြီးနောက် ကြည်သာ စိတ်ရှည်မှုတို့ကုန်ဆုံးပြီ။

“ကိုကို.. ငါနင့်ကို မေးမယ်။ နင်ကျတော့ ငါ့ကို နားလည်ပြီး ငါကျတော့ ဘာလို့ နင့်ကိုမသိရတာလဲ”

မြန်မာလိုပဲမေးပစ်လိုက်၏။ ချမ်းငြိမ်းအသံ တိတ်သွား၏။ သီချင်းက ပိုကျယ်လောင်လာသလိုပင်။ ကြည်သာ အာရုံစိုက်ကြည့်မိသည်။ ချမ်းငြိမ်း ဘာဖြစ်နေနိုင်ပါလိမ့်။

“ညီမလေး.. ကိုယ့်ကို နားလည်ဖို့မှ မလိုဘဲ”

“တော်စမ်းပါ။ ငါ အခု နင်ဘာဖြစ်နေလဲ သိတယ်။ ငါသိပြီ ကိုကို”

“ကိုယ်… ဘာဖြစ်နေသလဲ ပြောကြည့်ပါဦး ကြည်သာ”

ကြည်သာ နှုတ်ခမ်းကိုက်လိုက်၏။ ဘေးမှ ဆူဇန် ကိုလည်းမမြင်၊ တစ်လောကလုံးကိုလည်းမမြင်တော့ပါ။

“နင်အခု စီဒီဆိုင်မှာရောက်နေတယ်။ နင်ပြုံးပြီး စီဒီရွေးနေခဲ့တယ်။ ပြီးတော့ လွန်ခဲ့တဲ့ စက္ကန့်ပိုင်းနားမှာ နင်ပျော်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့…”

ကြည်သာ အတော်အားယူလိုက်ရ၏။

“ဘာဖြစ်လို့လဲဆိုတော့ နင့်နှလုံးသားကတွေ့ချင်တဲ့သူရောက်လာလို့လေ”

ချမ်းငြိမ်းတိတ်ဆိတ်သွားစဉ်မှာပဲ ဝေယံ့ အသံက ခပ်သဲ့သဲ့ထွက်လာ၏။

“ဘယ်သူနဲ့ပြောနေတာလဲ”

ကြည်သာ နှုတ်မဆက်တော့ဘဲ ဖုန်းချပစ်လိုက်ပါသည်။ ထို့နောက် အားရပါးရ ဟားတိုက်ရယ်ပစ်လိုက်ပါ သည်။ အခွေဆိုင်မှာ ဖုန်းတစ်ဖက်နှင့်ပြုံးပြီး လိုချင်သည့်သီချင်းခွေရွေးနေခဲ့မည့် ချမ်းငြိမ်း၊ ထို့နောက် တံခါးဖွင့်ပြီးဝင်လာသော ဝေယံ့ကိုမြင်တော့… လင်းလက်သွားမည့် ချမ်းငြိမ်းမျက်နှာ…။ ချမ်းငြိမ်းနှလုံး ခုန်သံကိုပင် ကြည်သာ ခံစားကြည့်နိုင်သည်။

“အရက်သောက်ချင်လား ဆူဇန်”

ကြည်သာ ပြုံးလိုက်သော်လည်း ထိုအပြုံးက မချိပြုံးဖြစ်လိမ့်မလားလေ။

=============================================================================

ချမ်းငြိမ်းအေးဟန်နှင့် ကျောင်း၊ အလုပ် စသည်တို့မဟုတ်သော တစ်နေရာတွင်တွေ့ချင်သည်ဆိုတော့ ချိန်းသည့်နေရာက စာအုပ်ဆိုင်နှင့် တွဲထားသော စီဒီဆိုင်ဖြစ်သည်တဲ့။ ဖုန်းများက မော်ဒယ်မြင့်လာပြီဖြစ် ၍ အခွေကို ဝေယံ သိပ်ပင်မသုံးဖြစ်တော့သော်လည်း ယခု စီဒီဆိုင်လေးကတော့ ချစ်စရာကောင်းပါသည်။

ချမ်းငြိမ်းကို အပြင်မှနေ၍ မြင်နေရတော့ ကြည့်ကောင်းကောင်းနှင့် ငေးနေမိသေး၏။ ပုခုံးတစ်ဖက်မှာ အိတ်လွယ်ထားပြီး ဖုန်းပြောနေရင်းနှင့် စီဒီကတ်တလောက်တွေမွှေနေသော ချမ်းငြိမ်းအပြုံးက မြင်သူ တိုင်းကို ဆွဲဆောင်နိုင်မည်ပဲလေ။

ဆိုင်ထဲဝင်လိုက်တော့ ချိတ်ဆွဲထားသော ခေါင်းလောင်းလေးများကြောင့် ချမ်းငြိမ်းက မော့ကြည့်၏။ ထို့ နောက် မျက်ဝန်းနက်တွေက အဆုံးထိပြုံးသွားလေသည်။

“ဘယ်သူနဲ့ပြောနေတာလဲ”

ဝေယံ မေးလိုက်စဉ်ပဲ ဖုန်းကျသွားဟန်ရှိသည်။ ချမ်းငြိမ်းက ဖုန်းကိုတစ်ချက်ကြည့်ပြီးနောက် “ကြည်သာနဲ့လေ” ဟု ပြောပြ၏။ ကြည်သာ..။ ကြည်သာ့အကြောင်းပါလာလျှင် ဝေယံလည်း နေရခက် သည်။ ကြည်သာနှင့် တွဲခဲ့သည့်အကြောင်းကို ချမ်းငြိမ်းထုတ်မမေး၍သာ တော်ပါတော့သည်။

“အင်း.. အင်း.. အခွေဝယ်ဖို့လား”

“ဟုတ်တယ်။ Westlife အခွေဝယ်ချင်လို့။ ပြီးတော့ ကိုယ်နားထောင်ချင်တဲ့သီချင်းတွေလည်းရှိသေး

တယ်”

“အင်း။ ငါလည်းကြည့်ကြည့်ဦးမယ်”

ကတ်တလောက်တစ်ခုကို တစ်ဖက်တစ်ချက်စီမှ ရှာရသည်က ပျော်ဖို့တော့ကောင်းပါသည်။ ဝေယံ့လက် က ဘယ်ကတ်တလောက်များကို ရောက်ပြီး ဘယ်ဟာကိုကျော်သွားသလဲ မသိပါ။ ချမ်းငြိမ်း မျက်နှာကို သာ ငေးကြည့်နေမိသောကြောင့်ဖြစ်သည်။ ဆိုင်မှဖွင့်ထားသော သီချင်းသံကလည်း အချိန်ကိုက်ပင်။

“Pulling at me like the stars do, You are like Gravity”

လောလောလတ်လတ်ပင် gravity တွေအကြောင်း ပြောနေသောနေရာမှ လာခဲ့ရသူအနေဖြင့် ထိုသီချင်း ကို မငြီးငွေ့မိပါ။

“ဝေယံ၊ အနိတာက ကိုယ့်ကိုပြောတယ်”

“ဘာလဲ”

“အိမ်မှာ လေးလံတဲ့ပစ္စည်းတွေသယ်ဖို့ရှိရင် မင်းကိုဖုန်းဆက်ဖို့ မင်းက ဖုန်းနံပါတ်ပေးသွားတယ်တဲ့။ ကိုယ့် ကို မခိုင်းဖို့ရော”

အနိတာ အရောက်ပို့လိုက်ပြီဟု ဝေယံသိလိုက်ပြီ။ ဒုက္ခပဲ၊​ရှက်လွန်း၍ မျက်နှာကြီးပင်ပူလာ၏။

“အဲဒါကတော့.. အနိတာက ငါ့ကိုလည်းမုန့်ကျွေးတာပဲ။ ငါဒီလောက်တော့လုပ်ပေးရမှာပေါ့။ မင်းက ခါး လည်း ထိထားတာကို”

ချမ်းငြိမ်းက ပြုံးရင်း ပုခုံးပေါ်မှ အိတ်ကိုတစ်ချက် ဆွဲတင်၏။ ပြီးတော့မှ

“အနိတာကပြောတယ်သိလား။ ကိုယ်သိပ်ကံကောင်းတာပဲတဲ့။ မင်းက ကိုယ့်ကိုသိပ်ဂရုစိုက်တာတဲ့လေ”

“အဲဒါပဲပြောတာလား”

အနိတာက ဝေယံ့ကိုလည်း ပြောပါသည်။ “မင်းရှိတာ ချမ်းငြိမ်းကံကောင်းတယ်။ မင်းက သိပ်ချစ်တတ် တဲ့ ကလေးပဲ” တဲ့။ ဂရုစိုက်တယ်တော့ မပါပါ။

“မင်းနေရခက်မှာစိုးလို့ ကိုယ် စကားလုံးအစားထိုးလိုက်တာ”

“အဲဒါလည်း မုသာဝါဒထဲပါတယ်ဟ”

“ဒါဆို မင်းပြောလေ။ ကိုယ့်ကို.. သိပ်ချစ်တာပဲလား”

သီချင်းသံက အဆုံးနားမှ ပိုကျယ်လာသလိုပင်။ မဟုတ်ပါ၊ နှစ်ယောက်လုံးတိတ်သွား၍ဖြစ်မည်။ ဆိုင်ထဲမှာ ဘာတွေဖြစ်နေသလဲ ဝေယံမသိ။ ဝေယံ မြင်သည်က ချမ်းငြိမ်းမျက်နှာဖြစ်ပြီး ကြားနေရသည် က သီချင်းစာသား။

“I will keep you safe”

ဝေယံ့ကို ထိုသီချင်းစာသားက ပိုတွန်းတင်ပေးနေသည်ပဲ။ ဝေယံ ရှောင်မပြေးချင်တော့ပါ။

“ချမ်းငြိမ်း.. ငါတို့နေထိုင်တာက နေအဖွဲ့အစည်းထဲက ဂြိုဟ်တစ်ခုမှာလေ။ အဲဒါ.. နေကနေပြီး ဟိုးအဝေး တွေကို သိပ္ပံပညာရှင်တွေက တဖြည်းဖြည်းချင်းလေ့လာနေခဲ့ကြတယ်။ အဲဒီနေရာကို Interstellar Space လို့ခေါ်တယ်။ ငါ မင်းကို စတွေ့ရတာက Interstellar Space ကိုရောက်နေသလိုမျိုးပဲ။ အရမ်းစိမ်းသက် ပြီး ထူးဆန်းတဲ့နေရာ။ ပြီးတော့ အဲဒီ Interstellar Space ကိုသွားဖို့က အချိန်တွေ အကွာအဝေးတွေက ငါတို့သိထားတဲ့ ယူနစ်တွေလည်းဟုတ်ချင်မှဟုတ်မှာ။ ဒါပေမဲ့.. ငါသွားချင်တယ်။ ငါအရောက်သွားချင် တယ်။ ချမ်းငြိမ်း.. မင်းက ငါနားလည်ချင်တဲ့ သိပ္ပံပဲ”

ချမ်းငြိမ်းက ကတ်တလောက်များ၏တစ်ဖက်မှနေ၍ ဝေယံ့နှုတ်ခမ်းကို ထိကပ်နွေးထွေးစေသည်။ ဝေယံ့ ဘဝတွင် ပထမဆုံးအကြိမ် ရင်ခုန်လွန်း၍ မျက်ရည်ဝဲလာခဲ့ပါသည်။

=============================================================================


Leave a comment