21 – Meteoroids

21 –  Meteoroids

( Meteoroids များသည် အပြင်ဘက် အာကာသရှိ သေးငယ်သော ကျောက်ခဲ သို့မဟုတ် သတ္တုဆန်သော ကိုယ်ထည်များဖြင့် ဥက္ကာခဲများဖြစ်ကြသည်။ အများစုမှာ ကြယ်တံခွန် သို့မဟုတ် ဥက္ကာပျံများမှ အစိတ်အပိုင်းများဖြစ်ပြီး အခြားများမှာ လကမ္ဘာ သို့မဟုတ် အင်္ဂါဂြိုဟ်ကဲ့သို့သော ကိုယ်ထည်များနှင့် ထိတိုက်မိရာမှ လွင့်စဉ်လာသော အစိတ်အပိုင်းများဖြစ်သည်။ဥက္ကာခဲများ ကမ္ဘာ့လေထုသို့ ဝင်လာသော အခါ အမြန်နှုန်းသည် တစ်စက္ကန့်လျင် ၂၀ ကီလိုမီတာဖြစ်လာပြီး ပူပြင်းလာကာ ကမ္ဘာ့ကောင်းကင်ယံ၌ ကြယ်ကြွေခြင်းအဖြစ် တွေ့ရသည်။)

နှစ်ယောက်အတူတူ ရထားဘူတာမှထွက်လာပြီးတော့ ခြေလှမ်းတို့ နှေးကွေးလေးလံသွားသည်ကို ဝေယံ လည်းသိ၏။ တနေကုန် အတူတူရှိနေရလျှင်ကောင်းပြီး ခွဲခွာရတော့မည်ဆိုမှ နှစ်ယောက်လုံး အင် တင်တင် ဖြစ်နေရသည်။ ဝေယံနေထိုင်သည့် NASA အိမ်ရာကို ရှေ့ခပ်လှမ်းလှမ်းတွင်မြင်နေရပြီ။ ဝေယံ စိတ်ထဲနေရမကောင်းဖြစ်လာ၏။ ချမ်းငြိမ်းနှင့် အနမ်းတွေဖလှယ်လိုက်၊ ရထားပေါ်လူများသည်ကို အကြောင်းပြု၍ တစ်ယောက်နှင့်တစ်ယောက် တိုးကပ်ထားလိုက် လုပ်နေရလျှင်ကောင်းသည်။ သို့သော် လက်ချင်းမထိတထိမှလွဲ၍ မတွဲဖြစ်ကြသေး။ ဖြစ်နိုင်လျှင် ဝေယံ အခန်းကိုမပြန်ချင်သေးပါ။ ဘေးတွင်ရှိ သည့် ချမ်းငြိမ်းလက်ကိုဆွဲပြီး အဝေးကိုပြေးသွားချင်သေးသည်။ နောက်ထပ် အချိန်နည်းနည်းလောက် ထပ်ရှိချင်သေးသည်။ စကားမပြောနိုင်လျှင်နေပါစေ၊ လိင်မှုကိစ္စအကြောင်းလည်း ဝေယံ အာရုံမထားပါ။ အတူတူရှိနေချင်ရုံ… အတူတူရှိပြီး ချမ်းငြိမ်းအေးဟန် မျက်နှာကို ငေးနေခွင့်ရလျှင်ကို ဝေယံ အဆင်ပြေပါ မည်။ သို့သော်.. လက်တွေ့ကျကျတော့စဉ်းစားဆုံးဖြတ်ရမည်။ ချမ်းငြိမ်းရော ကိုယ်တိုင်ရောက အလုပ် တာဝန်ကိုယ်စီရှိကြပြီး နှစ်ယောက်တည်းအချိန်ကုန်နေ၍တော့မရပါ။

“ငါ..” “ကိုယ်”

ပြိုင်တူပြောမိသောကြောင့် အံ့သြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ ချမ်းငြိမ်း ကလည်း သဘောကျစွာပြုံး၏။

“ပြောလေ ဝေယံ”

“မင်း မနက်ဖြန်အတန်းတက်ဖို့ ပြင်ဆင်စရာတွေများလား”

ချမ်းငြိမ်းက နူးနူးညံ့ညံ့ပြုံးသည်။ နူးနူးညံ့ညံ့ဟုပြောရသည်က ထိုအပြုံးမျိုးကို ဝေယံမြင်ဖူးသည်လေ။ စာ တော်သော ဝေယံ မကျေမနပ်ဖြစ်ခဲ့လျှင် မေမေက ‘ဖြစ်ရလေ သားရယ်’ ဟု ပြောပြီး ချစ်စနိုး ပြုံးတတ်ခဲ့ သားပဲ။ ချမ်းငြိမ်းအပြုံးက မေမေ့ကဲ့သို့ အေးချမ်းပါသည်လေ။

“ဝေယံ၊ ကိုယ့်ကို မင်းထည့်စဉ်းစားပေးတာ ကျေးဇူးတင်တယ်။ ဒါပေမဲ့ မင်းတစ်ခုခုလိုချင်တာရှိရင် ကိုယ့် ကို အားနာစရာမလိုဘူးနော်။ မင်း မပြန်ချင်သေးဘူးဆိုရင် ကိုယ်တို့ တခြားတစ်နေရာသွားကြမယ်”

ဝေယံ လှိုက်ခနဲပျော်သွား၏။ ဝေယံ လိုချင်ခဲ့သော General Relativity အကြောင်းစာအုပ်လေးကို မေမေ ဝယ်ပေးမည်ဟု သဘောတူတုန်းက ပျော်ရွှင်မှုမျိုးပါလား။

“ငါလောလောဆယ် စဉ်းစားလို့ရတဲ့နေရာမရှိသေးဘူး”

သို့သော် နှစ်ယောက်လုံးက အိမ်ရာကိုကျောခိုင်းလျှက် ဘူတာဖက်ဆီသို့ပြန်လာခဲ့ပြီ။

“အရင်တုန်းက ညဘက်တွေ အိမ်မပြန်ချင်ရင် ဘယ်သွားလဲ”

“ကျောင်းအဆောင်မှာတုန်းကတော့ ဘားတို့ ကလပ်တို့ရောက်ပါတယ်။ တခါတလေလည်း ပါတီပေးတဲ့ ကောင်တွေအိမ်မှာသွားနေတယ် မိုးလင်းအထိပဲ”

Baltimore ကို ကားမောင်းသွားခဲ့ဖူးသောညများကိုတော့ ဝေယံ ချန်လှပ်ထားခဲ့၏။

“အခုရော မင်း အဲဒီလိုနေရာတွေသွားချင်ရင် ကိုယ်..”

“ချမ်းငြိမ်း၊ ငါ မသွားချင်ဘူး။ အဲဒီတုန်းက ပျင်းလို့သွားတာ။ ငါအခု မင်းနဲ့ဆက်ရှိနေတာက ပျင်းလို့ မဟုတ်ဘူးဆိုတာသိထား”

“ကိုယ်သိပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်သွားလား”

“ထားလိုက်။ အခုဘယ်သွားမလဲ စဉ်းစား”

မျက်နှာချင်းမဆိုင်ချင်၍ တစ်ဖက်ကိုတမင်အကြည့်လွှဲထားသော ဝေယံ့ကို ချမ်းငြိမ်းက အကြည့်ချင်းဆုံဖို့ လိုက်ကြိုးစားပြီး “ကိုယ့်ကောင်းကင်လေးစိတ်ဆိုးရင် ကိုယ်ဘာစဉ်းစားနိုင်ပါ့မလဲ” ဟု ပြောလာတော့ ဝေယံ စိတ်မပြေဖို့ခက်ပါသည်။

“ငါစိတ်မဆိုးဘူးမို့လို့ စဉ်းစားတော့”

“ဘရော့ဒ်ဝေး မှာ ပြဇာတ်သွားကြည့်ချင်လား”

“မင်းကိုယ်မင်း သူဌေးလို့ထင်နေလား။ မင်းဘဲကရော စပွန်ဆာရုပ်ပေါက်နေလား။ ဒီလောက်ဈေးကြီးတာ ကို မင်းပဲသွား။ ပိုက်ဆံသိပ်မကုန်တဲ့နေရာစဉ်းစားကွာ”

“အင်း၊ ပန်းခြံပဲသွားရင်ရော။ ကိုယ် ကြားထားတာရှိတယ်။ တကယ်ဟုတ်မဟုတ်တော့ ကိုယ်လည်း မရောက်ဖြစ်သေးလို့ မသိနိုင်ဘူး။ ဒါပေမဲ့ မင်းနဲ့သွားချင်တယ်”

ပန်းခြံ။ သိပ်တော့လည်းမဆိုးပါဘူးလေ။ ဝေယံ ခေါင်းညိတ်လိုက်တော့ ချမ်းငြိမ်းက ဝေယံ့လက်ကိုဆွဲကာ ဘူတာထဲဝင်သွား၏။ ချမ်းငြိမ်းလက်များ၏ နွေးထွေးမှုဖြင့် ဝေယံ အရာရာကို မသိချင်ဟန်ဆောင်နိုင်ခဲ့ပါ သည်။ ရထားပေါ်မှာ လူများနေဆဲဖြစ်၍ ချမ်းငြိမ်းရော ဝေယံရော လက်တွဲထားသည်ကို ဖြုတ်လိုက်ကြရ ၏။ ဤသည်ကိုပင် သိသိသာသာလစ်ဟာမှုခံစားလိုက်ရ၍ ဝေယံ စိတ်ညစ်သွားသည်။ နောက် တစ်ဘူတာ ရောက်၍ လူအတက်အဆင်းရှိသည်ကိုအခွင့်ကောင်းယူပြီး ချမ်းငြိမ်းနားအရောက်သွားလိုက်ပြီး ရထားတွဲ ထောင့်စွန်းမှာကပ်နေလိုက်ကြသည်။

“ကိုယ်တို့ ကားတစ်စီးလောက်ငှားထားကြမလား”

“မင်း သိပ်ချမ်းသာရင်လုပ်လေ။ ကားပါကင်ဖိုးနဲ့ မွဲသေမှာ”

လူတိုး၍ စိတ်ညစ်ပါသည်ဆိုမှ ဘာတွေလာပြောနေမှန်းမသိသော ချမ်းငြိမ်းကတစ်မျိုး။ ချမ်းငြိမ်းက ထိုသို့ အဆူခံရသည်ကို သဘောခွေ့ပုံရသည်။ အမြဲ ပြုံးပြုံးသွားတတ်၏။ တကယ် ဘာသတ္တဝါပါလိမ့်။ နာရီဝက် လောက်ကြာပြီးသောအခါတွင်တော့ ချမ်းငြိမ်းခေါ်သွားချင်သည့် နေရာသို့ရောက်လာပါသည်။ ထိုပန်းခြံ က လူရှင်းပြီး ထူးခြားအစီအစဉ်များမရှိသဖြင့် အနည်းငယ်မှောင်မိုက်မိုက်နိုင်သည်။ ထို့ပြင် ဝင်ကြေး လည်းကောက်ခံခြင်းမရှိ။

“ဒီနေရာကြီးလား”

“ခဏလေး၊ ကိုယ်တို့ စားစရာနည်းနည်းဝယ်ကြရအောင်”

ချမ်းငြိမ်းက ထိုပန်းခြံသို့မဝင်ခင် ခပ်လှမ်းလှမ်းလူနေရပ်ကွက်မှ ပေါင်မုန့်နည်းနည်းနှင့် ကော်ဖီဘူးနှစ်ဘူး ဝင်ဝယ်၏။

“ဒီနေရာက မင်းထင်ထားသလို အရမ်းကောင်းတဲ့နေရာမဟုတ်တာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ဝေယံ.. ဒီမှာ က အလင်းရောင်သိပ်မရှိတော့ ကြယ်ကြည့်လို့ကောင်းတယ်တဲ့။ ကောင်းကင်ကိုငေးကြည့်လို့အကောင်း ဆုံး မြို့ထဲကနေရာတဲ့လေ”

ဝေယံ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ကြယ်ကြည့်ဖို့တဲ့လား။ ဟုတ်သားပဲ၊ ထိုကိစ္စကို ဝေယံ မေ့နေခဲ့သည်ပဲ။ သဘာဝတရား၏ကိစ္စရပ်များထဲတွင် ဝေယံသဘောကျသည့်တစ်ခုတည်းသောအရာက ကြယ်များကို ခန့်မှန်းခြင်းပင်။ ချမ်းငြိမ်းက တကယ်ပဲ..တပါးသူစိတ်ကို ဖောက်ထွင်းသိမြင်နိုင်သည်လား။

“မင်း ဘယ်လိုစဉ်းစားမိတာလဲ”

“ကိုယ်တို့ စတွဲတဲ့ညက ကြယ်တွေကြည့်ဖြစ်ခဲ့တာ ကိုယ်သတိရတယ်”

နှစ်ယောက်လုံး ပန်းခြံအတွင်းနားရှိ ရေကန်လေးနံဘေးမှ ခုံတန်းတွင်နေရာယူလိုက်၏။ ဝေယံတို့လိုပင် 

ကြယ်လာကြည့်ကြသူ တချို့ရှိသည်။ တယ်လီစကုပ်လေးများပင် ပါသေးသည်။

“ဒီနေရာကထူးထူးဆန်းဆန်းပဲနော်”

“တောင်ကုန်းပေါ်မို့လို့လည်းပါပါလိမ့်မယ်။ ဘေးက လူနေရပ်ကွက်တွေကလည်း တစ်ခုကလွဲပြီး ကျန် တာတွေ ပြန်တည်ဆောက်နေတုန်းဆိုတော့ အလင်းရောင်သိပ်မရှိဘူးလေ။ ကောင်းကင်ကို ရှင်းရှင်း လင်းလင်းမြင်ရတယ်”

ဝေယံတို့ ကြည့်နေတုန်းပင် အလင်းတန်းတစ်ခုလက်သွား၏။ ထိုအခါမှ ချမ်းငြိမ်းကိုမေးချင်လာသည်။

“ချမ်းငြိမ်း.. မင်းကြယ်ကြွေတာကို ဘယ်လိုထင်လဲ”

“ကြယ်တွေက ကိုယ်တို့အတွက် လောင်ကျွမ်းနေရ* ဆိုတဲ့ ကဗျာစာသားတစ်ခုရှိဖူးတယ် ဝေယံ။ ကြယ် ကြွေတာက ခမ်းနားတယ်လို့ကိုယ်ထင်တယ်”

(* – ဂျူး ဘာသာပြန်သည့် ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါစေ ကဗျာမှ)

“ကြယ်ကြွေတယ်ဆိုတာ ကြယ်နဲ့တောင်မဆိုင်ဘူးလေ။ ဒီတိုင်း ကမ္ဘာ့လေထုထဲမှာ ပွတ်အားကြောင့် မီး ထတောက်သွားတဲ့ အမှုန်အစတွေပဲ။ ကြယ်ကြီး အလုံးလိုက်ကြွေကျလာတာမှမဟုတ်တာ”

“အမှုန်အစတစ်ခု မီးတောက်သွားတာက ကြယ်ကြွေတယ်ဆိုတဲ့ အသုံးလောက်မှမလှတာပဲ။ လူသားတွေ ရဲ့စိတ်ကူးစိတ်သန်းက ချီးကျူးဖို့ကောင်းတယ်နော်။ သိပ်လှတဲ့ အဖြစ်တစ်ခုကိုပုံဖော်သွားတာ”

“မင်းအဲဒီလိုထင်တယ်လား၊ ဆုတောင်းပြည့်တယ်လို့မထင်ဘူးလား”

“လူတွေက အရင်ကတည်းက ကောင်းကင်ကိုမော့ကြည့်ပြီးဆုတောင်းလာခဲ့ကြတာလေ။ ကောင်းကင်က ဝေးလံတယ်။ အရောက်သွားဖို့ခက်ခဲတယ်။ အဲဒီလိုပဲ ကြယ်တွေကြွေကျတယ်ဆိုတဲ့ အဖြစ်ကလည်း ထူးဆန်းပြီး ခမ်းနားတယ်။ သူတို့စိတ်ထဲကတောင့်တမိတဲ့အရာတွေကို ဒီ ထူးဆန်း ခမ်းနားတဲ့ အဖြစ်တွေပေါ်မှာ တောင်းဆိုတာ မဆန်းပါဘူး။ ကြယ်တွေကတော့ ဆုတောင်းမဖြည့်ဘူးပေါ့။ လူသားတွေရဲ့ ပြင်းပြတဲ့ဆန္ဒတွေကပဲ ဆုတောင်းတွေပြည့်စုံလာစေတာ”

ဝေယံ ပြုံးမိသွားသည်။ ခုံတန်းလေးကို မှီထားရာမှ ချမ်းငြိမ်းဘက်သို့ မသိမသာလေးရွှေ့လိုက်ရင်း စိတ်ထဲ ရှိသည်တို့ရင်ဖွင့်မိ၏။

“ငါငယ်ငယ်က ဆုတောင်းရမှာကိုမုန်းတယ်သိလား ချမ်းငြိမ်း။ အဖေနဲ့ မေမေက ဘာသာမတူဘူး။ အဲဒီ ကိစ္စက ဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့ ငါ့အတွက်တော့ တကယ်စိတ်အနှောင့်အယှက်ပဲ။ တကယ်က အဲဒီ ဒေသမှာ ဒါမျိုးက ဘာမှထူးခြားတာမဟုတ်ပါဘူး။ ခရစ်ယာန်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဒီလိုပဲယူကြတာ ပဲ။ ဘုရားလည်းရှိခိုးပြီး ဘုရားကျောင်းလည်းတက်ကြတာအများကြီး။ ဒါပေမဲ့ ငါ့ကျမှ.. အဆင်မပြေဖြစ်ရ တယ်”

“မင်းရဲ့ငယ်ဘဝအကြောင်း ကိုယ်သိချင်ပါတယ်”


“အဖေနဲ့မေမေက ချစ်လို့ယူထားတာပါပဲ။ ဒါပေမဲ့ သူတို့က ဘာမဟုတ်တဲ့ပြဿနာတွေကို ပုံကြီးချဲ့ကြ တယ်။ ငါတကယ်နားမလည်ဘူး။ ချစ်လို့ယူထားတာပဲကွာ၊ အဆင်ပြေအောင်ညှိယူလိုက်ပေါ့။ မေမေက လည်း လုံးဝအလျှော့မပေးဘူး။ အဖေကလည်း အရမ်းခေါင်းမာတယ်။ ပိုဆိုးတာက အရွဲ့ပါတိုက်ကြသေး တာ။ သူတို့ချင်းအရွဲ့တိုက်ဖို့ ငါ့ကိုကြားခံအဖြစ်ထားကြတယ်။ ခရစ်တော်နဲ့ ဗုဒ္ဓကိုပါ အားပြိုင်ခိုင်းသေး တာ ဟားဟား။ ငါစိတ်မဝင်စားတဲ့ကိစ္စတွေကိုလည်း လာပြောကြတယ်။ ငါ ဆယ်တန်းဖြေဖို့ ရန်ကုန် ထွက်လာရတော့ ဘဝမှာ အရမ်းပျော်သွားတာ။ အဲဒီလို နားဒုက္ခတွေကလွတ်ပြီဆိုပြီးတော့လေ”

“ပင်ပန်းခဲ့မှာပဲ”

ချမ်းငြိမ်းက ဝေယံ့ပုခုံးကိုဖက်ထားလာသည်။ ဤလူသားရဲ့ရင်ခွင်ထဲမှာတော့ အကုန် အဆင်ပြေနေတာပါ ပဲ။ မည်သူ့ကိုမျှမပြောချင်ခဲ့သည့်၊ ရှိသည်ဟုပင် သဘောမထားခဲ့သည့်ကိစ္စတွေလည်း အကုန်ပြောပြချင် သည်။ နှစ်သိမ့်မှုလည်းခံယူလိုသည်။

“ငါ ငယ်ငယ်က အိမ်ထောင်ရေးအတွက် ကြိုတွေးဖူးသေးတယ်သိလား”

“ဟုတ်လား၊ ဘယ်လိုတွေးထားတာလဲ ပြောပြပါဦး”

ဝေယံ မပြောခင် ကိုယ့်ဟာကိုယ်သဘောကျ၍ ရယ်လိုက်မိသေး၏။

“ဟားဟား။ ငါငယ်ငယ်တုန်းက ငါချစ်တဲ့လူကို လုံးဝမယူဘူးပေါ့။ အရမ်းတော်ပြီးထက်မြက်တဲ့ မိန်းမ ကိုယူမယ်။ ငါကလည်းတော်နေရမယ်။ အဲဒီလိုဆိုရင် ငါတို့ အိမ်ထောင်ရေးက အရမ်းမိုက်မှာပဲဆိုပြီးတော့ ပေါ့။ ကလေးအတွေးနဲ့ပေါ့ကွာ။ ချစ်လို့ယူပြီး စိတ်ဆင်းရဲရမယ့်အစား ပိုမိုက်တဲ့အိမ်ထောင်ရေးမျိုး ကြုံတွေ့ချင်တာ။ ငါက စွန့်စားရတာ ကြိုက်တတ်ခဲ့လို့လည်းပါမှာပေါ့”

ပုခုံးပေါ်မှ ချမ်းငြိမ်းလက်တို့အနည်းငယ်တင်းသွား၏။

“ကိုယ့်ကိုရော ယူမှာလား”

ထိုမေးခွန်းမျိုးတစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ခဲ့ဖူးသဖြင့် ဝေယံ​ဘာဖြေရမှန်းမသိဖြစ်သွားသည်။

“အာ.. အဲဒါငယ်ငယ်ကပါကွာ။ အခုကတော့ မတူဘူးလေ”

“ကိုယ့်ကိုယူဖို့ မတွေးထားဘူးလား။ ကြည်သာနဲ့တုန်းကရော အဲဒီလိုပဲလား”

ဝေယံ နေရခက်သွားပြီး အယောင်ယောင်အမှားမှားဖြင့် ကော်ဖီအေးတွေပင်မော့သောက်လိုက်မိ၏။ ချမ်းငြိမ်းကို ဘယ်လိုချော့မော့ရမည်လဲ။

“ငါ.. ကြည်သာနဲ့တုန်းက ယူဖို့စိတ်ကူးရှိတယ်။ ဒါပေမဲ့ မင်းနဲ့ကတော့… ချမ်းငြိမ်းရာ.. ငါ့ကို ဖြေရခက်တာ တွေမမေးစမ်းနဲ့”

ချမ်းငြိမ်းက ခေါင်းတစ်ချက်ညိတ်ပြီး တိတ်ဆိတ်သွားတော့လည်း ဝေယံ စိတ်မကောင်းဖြစ်ရသည်။ သနား လည်း သနားသည်။ ကြည်သာနှင့် ယူချင်သည်ဆိုသောကိစ္စက ချစ်၍မချစ်၍နှင့်မဆိုင်ပါ။ ချမ်းငြိမ်းနှင့် တော့ ဝေယံ တစ်ဘဝလုံးမက နောက်ဘဝတွေလည်းရှိနေချင်သားပါပဲ။ သို့သော် လက်ထပ်လိုက်ဖို့က မတူသောကိစ္စရပ်ဖြစ်သွားပြီမဟုတ်လား။

“မင်းက အဲဒီလိုမေးနေတာနော်… ငါ့ကိုရော မင်းကယူမှာတဲ့လား”

“ကိုယ့်ကို မင်းအခုထိမယုံသေးဘူးပဲ။ အင်း၊ ကိုယ်တို့ လက်ထပ်ဖို့ကိစ္စတွေပြောဖို့ စောသေးတာပဲနော်။ မင်း စိတ်ရှုပ်သွားရင်ဆောရီး”

နှစ်ယောက်လုံးဆက်မပြောဖြစ်ကြတော့ဘဲ ကောင်းကင်ကိုသာ ငေးစိုက်ကြည့်ဖြစ်ကြသည်။ လဆုတ် ရက်ဖြစ်၍ ကြယ်တွေက ပိုတောက်နေသယောင်။ ဝေယံက ကြယ်တွေကို စိတ်ထဲမှနေ၍ ခန့်မှန်းရင်းရှိနေ စဉ် ချမ်းငြိမ်းက ဝေယံ့ပုခုံးပေါ်မှီကျလာတော့ ကြယ်တွေအကြောင်းက အလိုလိုအငွေ့ပျံသွားပြီ။

“ဘာဖြစ်လို့လဲ ချမ်းငြိမ်း”

“ကိုယ်တစ်သက်လုံး မှီခိုချင်တဲ့ပုခုံးစွန်းလေးပဲ”

“အဲဒီလိုကြီးထိုင်မနေနဲ့ကွာ။ ကြည့်မကောင်းဘူး”

ဝေယံ ရုန်းထွက်လိုက်၏။ အမှန်တော့ ကြည့်ကောင်းသည် မကောင်းသည်ထက် ချမ်းငြိမ်း ခပ်မှီမှီထိုင်နေ လျှင် ခါးဒဏ်ရာပြန်နာလာမည်ကိုစိတ်ပူသောကြောင့်ဖြစ်သော်လည်း အမှန်အတိုင်းမပြောလိုက်နိုင်ခဲ့။ ချမ်းငြိမ်းကလည်း တစ်စုံတစ်ရာမတုံ့ပြန်တော့ဘဲ ကြယ်ဆက်ကြည့်ဖြစ်ကြသည်။ သို့သော် အတွေးကိုယ် စီ ရှိနေကြမည်ကိုလည်းသိပါသည်။

“၁၂ ထိုးတော့မယ်။ ပြန်ကြမလား ဝေယံ။ မင်း မနက်ဖြန်အလုပ်သွားရဦးမယ်လေ”

“အင်း၊ ပြန်တာပေါ့။ မင်းလိုက်မပို့နဲ့တော့လေ။ မင်းလည်းဒီကပဲပြန်တော့”

“ခဏဆက်ရှိချင်သေးတယ်”

ဝေယံ မတားသာတော့ဘဲ အတူတူပြန်လာခဲ့ကြသည်။ ခုနကကိစ္စရပ်ကြောင့် နှစ်ယောက်လုံး စကား များများ မပြောဖြစ်ကြ။ လက်လည်းမကိုင်ဖြစ်ကြတော့ပါ။ သို့သော် အနီးဆုံးဘူတာနားသွားခါနီးတွင် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုနှင့်ကြုံလိုက်ရ၏။ နယူးယောက် တွင် အိမ်ခြေရာမဲ့များပြားသည်ကို သိ သကဲ့သို့ မကြာခဏမြင်ရသော်လည်း ကိုယ်တွေ့တော့ ယခုမှကြုံဆုံရတော့သည်။

အိမ်ခြေရာမဲ့ဖြစ်ဟန်တူသော လူကြီးနှစ်ယောက်က ဝေယံတို့ရှေ့မှပိတ်ရပ်ကာ ဆဲနေ၏။ အနားတွင် လူ ပြတ်ပြီး CCTV ရှိသောနေရာနှင့်လည်းလှမ်းသဖြင့် လုပ်ရဲခြင်းဖြစ်မည်။ ထိုလူကြီးများက လူကောင်လည်း ထွားပြီး ဝေယံတို့ကို မကျေမနပ်နှင့်ကြည့်နေသည်။

“မင်းတို့လို –ကောင်တွေကြောင့် ငါတို့ အမေရိကားကပျက်စီးရတာ။ ဒီမိုကရက်တစ်အရူးတွေက အားနေ မင်းတို့လိုကောင်တွေကို ဒီမှာနေထိုင်ဖို့ခွင့်ပြုပေးနေလို့ ငါတို့က အလုပ်မရတော့တာ”

လူမျိုးရေးခွဲခြားသောစကားလုံးများအပြင် ဝေယံနှင့်ချမ်းငြိမ်းတို့၏ ပက်သက်မှုကိုပါ နှိမ့်ချသော ရိုင်းရိုင်း စိုင်းစိုင်းစကားလုံးများ ပါလာသောအခါ ရှောင်ထွက်သွားဖို့စိတ်မပါတော့ပါ။ ဝေယံ အိတ်ကိုပစ်ချပြီး ရှေ့ ကိုတိုးလိုက်တော့ ချမ်းငြိမ်းက ဝင်တား၏။ သို့သော် ထိုလုပ်ရပ်က ဟိုလူကြီးနှစ်ယောက်ကို ဆွပေးသကဲ့ သို့ဖြစ်သွားပြီး ရုန်းရင်းဆန်ခတ်အနေအထားမျိုးပြောင်းလဲလာသည်။ ချမ်းငြိမ်းက ဝေယံ့ရှေ့မှာ ထွက်ရပ် ပြီး ထိုလူကြီးနှစ်ယောက်ကို ဖြောင်းဖြဖို့ကြိုးစားသေး၏။

“ချမ်းငြိမ်း.. ငါ့နောက်မှာနေ..”

ပြော၍မှမဆုံးသေး၊ လူကြီးတစ်ယောက်က ချမ်းငြိမ်းကို ဆောင့်တွန်းပစ်လိုက်တော့ ဝေယံ ထိတ်ခနဲဖြစ် သွားရ၏။ ဝေယံသာ အချိန်မီ ချမ်းငြိမ်းအနောက်မှာမရောက်နေခဲ့လျှင် လုံးဝလဲပြိုကျသွားနိုင်သည်။ ခါး လည်း ထပ်ထိသွားနိုင်သေးသည်။ ယခုတော့ ဝေယံ့ပေါ်အရှိန်ဖြင့် မှီကျသွားသဖြင့်သာ တော်တော့၏။

“ဒီလူတွေကတော့ အကောင်းတိုင်းကြည့်နေလို့မရဘူးပဲ”

ချမ်းငြိမ်း ဆွဲလည်းမရတော့ပါ။ ဝေယံ ထိုလက်ကိုဖယ်ချပြီးနောက် နှစ်ယောက်တစ်ယောက်ရင်ဆိုင်လိုက် ၏။ ချမ်းငြိမ်းအေးဟန်လိုလူကို ထိရအောင် ဒီအစုတ်အပဲ့လူတွေက သူတို့ကိုယ်သူတို့ဘာထင်နေသလဲ။

“ခင်ဗျားကြီးတို့က လူမျိုးရေးခွဲခြားတဲ့ ညစ်တီးညစ်စုတ်စိတ်တွေကြောင့် အလုပ်မရတာ။ ငါ့ကိုကြည့်စမ်း ပါ။ ငါက ဒီမှာအလုပ်လာရှာနေတာတောင်မဟုတ်ဘူး။ ငါက NASA ရဲ့ဝန်ထမ်း။ ဒါပေမဲ့ ရတယ်။ ငါ့ကို ထိ တာ ပြဿနာမရှိဘူး။ ငါ့ဘေးကလူကို ဘယ်သူထင်နေလဲ။ ခင်ဗျားကြီးတို့လိုလူတွေအိပ်မက်တောင် မမက်နိုင်တဲ့ တက္ကသိုလ်ကနေ တရားဝင်ဖိတ်ထားတဲ့သူ။ အဲဒီလူထိခိုက်သွားရင် ခင်ဗျားတို့လို အိမ်ခြေရာမဲ့ လူ ၁၀၀၀ လောက်သေပစ်တောင်ပြန်လျော်လည်းမရဘူး။ အရက်သောက်ဖို့ ဖာချဖို့ ပိုက်ဆံမရှိတာနဲ့ တွေ့ ကရာလူ ပတ်ရမ်းမနေနဲ့။ အာရှကလာလို့ဆိုပြီးလည်း ငါတို့ကို လာမနှိမ်ချင်နဲ့။ ငါတို့က ဒီလိုနေခွင့်ရှိပြီး ခင်ဗျားကြီးတို့ဘဝက စုတ်ပြတ်နေတာ အကြောင်းရှိလို့ပဲ။ ငါ ဒီလိုပြောပြပေးတာ ကျေးဇူးတင်လိုက်”

ဒေါသဖြင့် ပြောပစ်လိုက်တော့ ထိုလူကြီးနှစ်ယောက်က ပိုစိတ်ဆိုးသွားပြီး ဝေယံ့ကို ဝိုင်းရန်ပြုဖို့ ပြင် လိုက်ကြ၏။ ထိုအချိန်တွင် ချမ်းငြိမ်းက အရှေ့မှာဝင်ရပ်ပြီး “တောင်းပန်ပါတယ်” ဟု ပြောလိုက်တော့ အားလုံးကြောင်သွားကြသည်။ ဝေယံရော အိမ်ခြေရာမဲ့လူကြီးနှစ်ယောက်ရော ရန်ဖြစ်ရမည်ကိုပင် မေ့ သွား၏။

“ချမ်း..ချမ်းငြိမ်း။ မင်းရူးနေလား။ ဒီလိုလူတွေကို တောင်းပန်ဖို့လိုသလား”

ချမ်းငြိမ်းက ဝေယံ့ကို တစ်ချက်ပင်လှည့်မကြည့်ဘဲ အိတ်ထဲမှ မစားရသေးသော ပေါင်မုန့်ထုပ်ကို ယူလိုက် သည်။ ထို့နောက် အိတ်ကပ်ထဲမှ ၅ ဒေါ်လာတန်ကိုထုတ်လိုက်၏။

“ခင်ဗျားတို့ရဲ့အဖြစ်အပျက်အတွက် ကျွန်တော်စိတ်မကောင်းပါဘူး။ ခင်ဗျားတို့မှာ အစိုးရအဖွဲ့ကို စိတ်ဆိုး ရလောက်မယ့် အကြောင်းအရင်းရှိမယ်လို့ ကျွန်တော်ယုံပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ၊ အာရှ သားတွေ ပြီးတော့ လိင်တူချစ်မြတ်နိုးသူတွေမှာလည်း အခက်အခဲကိုယ်စီရင်ဆိုင်နေကြရဆဲပါ။ အကုန် လုံးက အမေရိကန်အိပ်မက် မက်ခွင့်ရှိကြပါတယ်။ ခင်ဗျားတို့ရဲ့ဘဝအတွက် အင်အားနည်းသူတွေအပေါ် အပြစ်ပုံချလိုက်တာက အဖြေမဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော်ရော သူရော မထိခိုက်သွားပေမဲ့ တကယ်လို့ တစ်ယောက်ယောက်ထိခိုက်သွားခဲ့ရင် တောက်လျှောက်နစ်နာမှာက ခင်ဗျားတို့ပါပဲ။ ပြီးတော့ ခင်ဗျားတို့ လို ဘဝတူ အိမ်ခြေရာမဲ့တွေကိုပါ နစ်နာစေတော့မယ်။ အဲဒါကြောင့် ဒီမှာပဲ ပြီးဆုံးကြရအောင်ပါ။ ညဘက် က အေးတာဖြစ်လို့ ဒီပေါင်မုန့်အပြင် ပိုနွေးမယ့်စားစရာတစ်ခုခုစားလိုက်ပါ”

ဝေယံမှမဟုတ်၊ ရန်မူချင်သည့် အိမ်ခြေမဲ့နှစ်ဦးကလည်း ပါးစပ်အဟောင်းသား။ သို့သော် ထိုလူတွေက ပိုက်ဆံ ၅ ဒေါ်လာကိုလည်း အငမ်းမရလိုအပ်နေပုံရသည်။ တစ်ယောက်က ပေါင်မုန့်ကိုဆွဲယူပြီး တစ်ယောက်က ပိုက်ဆံကိုယူသည်။

“တောင်း.. တောင်းပန်ရမှာက ငါတို့ပဲ။ မင်းက ဘာလို့တောင်းပန်တာလဲ အာရှသားလေး”

အာရှသားလေး ဟုခေါ်သံကို ဝေယံ ချဉ်သော်လည်း အမှားကိုသိ၍တော်ပါသေးသည်ဟုသာတွေးနေရ၏။ ချမ်းငြိမ်းက မထင်ထားသည်တို့ကိုပြောလာပြန်သည်။

“ကျွန်တော်နဲ့ သူ့ကို ထိခိုက်ဖို့ ကြံစည်ခဲ့လို့ ခင်ဗျားတို့ တောင်းပန်သင့်ပေမဲ့ သူ အရမ်းစိတ်ဆိုးပြီး စကား မှားသွားတာရှိတယ်။ အဲဒီအတွက် တောင်းပန်တာပါ။ ခင်ဗျားတို့ရဲ့ဘဝက အများကြီး တန်ဖိုးရှိပါတယ်။ ပြီးတော့ ဒီထက်ပိုပြီးလည်း ကောင်းမွန်လာဖို့ရှိမှာပါ”

လူကြီးနှစ်ယောက်က ပေါင်မုန့်ကို မသိမသာဆုပ်ကိုင်ပြီး “ဆောရီး ကောင်လေး” ဟု စိတ်မပါတပါပြော လာတော့ ဝေယံ့မှာ ဒေါသထွက်ရပြန်သည်။ ချမ်းငြိမ်းကိုလည်းစိတ်ဆိုးသဖြင့် မစောင့်နေတော့ဘဲ အိတ် ဆွဲပြီး ထွက်လာခဲ့လိုက်၏။ ချမ်းငြိမ်းနောက်မှ လိုက်လာသည်ကို သိသော်လည်း ဝေယံ မစောင့်ချင်သဖြင့် ခြေလှမ်းတို့ကို အရှိန်တင်လိုက်တော့ နောက်မှခြေသံကလည်း ပြေးလိုက်လာရှာသည်။

“ကိုယ့်ကိုမစောင့်တော့ဘူးလား”

ဝေယံ မဖြေ။ ဘူတာထဲလည်းမဝင်ချင်တော့သဖြင့် ဘတ်စ်ကားမှတ်တိုင်ရှိရာသို့သာ ခြေဦးလှည့်လိုက်၏။

“ဘတ်စ်နဲ့က သုံးဆင့်တောင်ပြောင်းရမှာလေ။ ဘာဖြစ်လို့ အလုပ်ရှုပ်ခံမှာလဲ ဝေယံ။ လာပါ၊ ရထားက စောင့်ရလည်း တစ်ဆင့်တည်းနဲ့ရောက်ပါတယ်”

“ရထားက စောက်ပြဿနာမဟုတ်ဘဲ မင်းကမှ​စောက်ပြဿနာဆိုတာသိရဲ့လား”

ဝေယံ ထိန်းမထားနိုင်တော့ဘဲ ပိတ်အော်ပစ်လိုက်တော့ လမ်းမ နားက လူတချို့က ကွက်ကြည့်သွားကြ သေးသည်။ မတတ်နိုင်တော့ပါ။ ဝေယံလည်း ရင်ထဲမွန်းကျပ်နေပြီ။

“ကိုယ်က… ပြဿနာလား”

“မင်း သူတော်ကောင်းသိပ်လုပ်ချင်တာလေ။ ဘာ.. ငါကပဲ စကားမှားတယ်ဟုတ်လား။ အဲဒီလိုလူတွေကို မင်းက အရေးတယူတောင်းပန်လိုက်တော့ ငါက စောက်ပေါဖြစ်သွားရောလေ။ မင်းတစ်ခုခုဖြစ်မှာစိုးလို့ စိတ်ပူရတဲ့ ငါက စောက်ပေါပေါ့”

ချမ်းငြိမ်း မျက်ဝန်းနက်တို့က ခဏချင်း မှိုင်းသွားသည်။

“အဲဒီလိုမပြောပါနဲ့ ဝေယံ။ သူတို့နဲ့ ပြဿနာမရှိတော့ဘဲ ထွက်လာနိုင်တာ အဆင်ပြေတာပဲလေ”


“အဲဒီတော့ဘာဖြစ်သေးလဲ။ သူတို့လို လူ ၁၀၀၀ နဲ့ မင်းတစ်ယောက်ကို ငါမလဲနိုင်တာ အပြစ်လား”

“ကိုယ်လည်း မကြိုက်ဘူး။ သူတို့နဲ့ မင်း ရန်ပြိုင်ဖြစ်မှာကိုမကြိုက်ဘူး။ မင်းလက် ထိခိုက်မှာကို မကြိုက် ဘူး။ မင်းကို သူတို့ရန်ပြုမှာမကြိုက်ဘူး။ ဒါပေမဲ့ ဝေယံ၊ သူတို့မှာလည်း သူတို့ဘဝရှိတယ်။ ကိုယ့်အတွက် နဲ့ တခြားလူတွေရဲ့ဘဝကိုစော်ကားပစ်လိုက်လို့မရဘူးလေ”

“သွားစမ်းပါ။ သူတို့ ငါတို့ကို ဘယ်လိုပြောခဲ့တယ်ဆိုတာ မင်းမကြားဘူးလား။ ဒီလောက် ခွဲခြားဆက်ဆံပြီး ရိုင်းပျနေတဲ့လူတွေကို ဘာ.. စကားနဲ့မစော်ကားရဘူး ဟုတ်လား။ မင်းပုံမှန်မဟုတ်တာသိပေမဲ့ ဒီလောက် ထိမထင်ထားဘူး။ ဒီလောက် စိတ်ပျက်ဖို့ကောင်းမှာသိရင် ငါ ဒီညကို အိမ်မှာပဲနေတယ်”

ဝေယံ လှည့်ထွက်ဖို့ ပြင်တော့ ချမ်းငြိမ်းက ဝေယံ့လက်ကိုလှမ်းဆွဲလိုက်၏။ အေးစက်လှသည့် အထိ အတွေ့ကြောင့် ဝေယံ ရှေ့မဆက်နိုင်ခဲ့။ ချမ်းငြိမ်းလက်တွေ အေးလွန်းနေသည်။ ဝေယံကတော့ ဒေါသနှင့် ပူလောင်နေရ၍လားမသိ။ မဟုတ်သေးပါဘူး၊ ခုနကတည်းက ဝေယံ နည်းနည်းတော့အေးသလိုခံစားရ၏။

“မင်း… လက်တွေက ရေခဲတုံးဖြစ်နေပြီ”

“မင်းနဲ့မှ နွေးမှာမို့လို့ ကိုယ့်ကိုမထားခဲ့နဲ့ ဝေယံ”

“အဲဒီ စောက်ပိုတွေက…”

မင်းနဲ့မှ နားထောင်လို့ကောင်းနေ ဟူသောတစ်ပိုင်းကိုတော့ စိတ်ထဲမှာပဲထားလိုက်ပါသည်။ ချမ်းငြိမ်း၏ နောက်လက်တစ်ဖက်ကိုပါ ဆွဲယူပြီး ဝေယံ လက်အစုံဖြင့် ထွေးပိုက်ထားမိသည်။ အရမ်းအေးနေတာပဲ။ ချမ်းငြိမ်းက ကုတ်အင်္ကျီရှည်တစ်ထည်ဝတ်ထားသည့်တိုင် ဝေယံ စိတ်မချတော့သဖြင့် လူမြင်ကွင်းလည်း မသိတော့ဘဲ ထိုလက်နှစ်ဖက်ကို ရင်ခွင်ထဲထည့်ထးလိုက်၏။

“မင်းအရမ်းအေးနေတာ ဘာဖြစ်လို့မပြောလဲ။ မင်း ဒီလိုပုံနဲ့ ဖျားလိမ့်မယ်”

“ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အေးမှန်းမသိလိုက်ဘူး”

“မင်းကွာ.. ကလေးကျနေတာပဲ”

ဝေယံ လက်အိတ်မပါလာသည်ကို အတော်စိတ်ညစ်သွား၏။ ချမ်းငြိမ်းလက်တွေကို နွေးစေချင်ပါသည်။ ကြံရာမရသည့်အဆုံး ထိုလက်နှစ်ဖက်ကို ဝေယံ ဝင်သက်ထွက်သက်များဖြင့်သာ နွေးစေရတော့သည်။

“ကျေးဇူးတင်ပါတယ် ဝေယံ”

“ကျေးဇူးတင်ရင် နောက်တခါ အဲဒီလိုမဖြစ်စေနဲ့။ ရထား ရောက်တော့မှာပဲ။ သွားကြမယ်”

ဝေယံပဲ လက်ဆွဲခေါ်သွားဖြစ်ပါသည်။ တိတ်ဆိတ်နေခဲ့သော ချမ်းငြိမ်းက ရထားပေါ်ရောက်တော့ စကား စ ပြောလာသည်။ ရထားက လူရှင်းပြီး ခုံနေရာအလုံအလောက်ရ၍လည်းပါမည်။

“အဲဒီစကားလေ။ မင်းလိုလူ ၁၀၀၀ လောက်က ဒီလိုတစ်ယောက်ကို မမီပါဘူးဆိုတာမျိုး။ အဲဒါ ကြားရတာ သိပ်ခံရခက်တဲ့စကားမို့လို့ပါ။ ကိုယ်တောင်းပန်ဖြစ်ခဲ့တာ”

ဝေယံ အနည်းငယ်အံ့သြသွားသော်လည်း ချမ်းငြိမ်းလက်များကိုသာ တင်းတင်းဆုပ်ထားမိသည်။

“မင်း.. ပြောခံရဖူးတာလား”

“ကိုယ်ရော၊ ကြည်သာရော … ကိုယ်တို့နှစ်ယောက်လုံး အဲဒီစကားကိုကြားဖူးကြတယ်”

“မင်းတို့က အမြွှာတွေပဲလေ။ ပြီးတော့ နှစ်ယောက်လုံးက တော်ကြတာပဲ။ ကြည်သာနဲ့ မင်းကို ယှဉ်စရာ အကြောင်းမှမရှိတာ။ မင်း အမှတ်များသွားတဲ့ကိစ္စကို ပြောကြတာလား”

“ကိုယ်လည်း အပြောခံရဖူးပြီး ကိုယ်နဲ့လည်း အပြောခံရဖူးတယ်။ ကိုယ်ကတော့ ထူးထွေမအံ့သြပေမဲ့ ကြည်သာ့အတွက်တော့ အရမ်းပြင်းထန်တဲ့ထိုးနှက်ချက်ဖြစ်သွားပုံပဲ။ ကိုယ့်ညီမလေးက ကိုယ့်ကို မုန်းတယ် လို့ပြောလာတဲ့အထိ”

ကြည်သာအေးမြက ချမ်းငြိမ်းအေးဟန်ကို မည်မျှချစ်သနည်း ဝေယံ ခံစားမိပါသည်။

“မင်းရော နာကျင်ရလား”

“ကိုယ့်အတွက်ကတော့ ကြည်သာ့လောက်..”

“ငါသိချင်တာက ချမ်းငြိမ်းအေးဟန် ဆိုတဲ့ မင်း နာကျင်သွားရလား ဆိုတာကိုလေ။ ထူးထွေမအံ့သြတာနဲ့ပဲ မနာကျင်ရဘူးလို့မှ မဟုတ်တာ”

ချမ်းငြိမ်း ခဏတိတ်ဆိတ်သွား၏။ ထို့နောက် ရထား၏ ပဲ့တင်သံကြားတွင် ပေါ်လာသည့်အသံကခပ်တိုး တိုးသာ။

“နည်းနည်းနာကျင်ခဲ့ရတယ်”

“ချမ်းငြိမ်း။ ငါ့ရှေ့မှာ မင်းဘယ်လိုခံစားရသလဲဆိုတာကို ပြောပြရင်ကောင်းမှာပဲ”

“အင်း”

“ငါ.. ခုနက ပန်းခြံထဲကကိစ္စအတွက် တောင်းပန်ပါတယ်။ ငါ မင်းနဲ့ ယူဖို့…”

“အဲဒီကိစ္စက ကိုယ်မမေးလိုက်သင့်တာပါ။ တောင်းပန်ပါတယ်”

အိမ်နားက ဘူတာရောက်လာသဖြင့် ချမ်းငြိမ်းက မတ်တပ်ထရပ်လိုက်သည်။ ဝေယံလည်း အမြန်ဆုံးဖြတ် လိုက်ရ၏။

“မင်း ဒီကနေ ဆက်စီးသွားတော့။ အိမ်ရောက်ရင် စာပို့လိုက်။ ငါသွားတော့မယ်။ Good Night ချမ်းငြိမ်း”

ဝေယံ တောက်လျှောက်ဆုပ်ကိုင်လာခဲ့သော လက်များကို လွှတ်ပြီး ပြေးဆင်းလာခဲ့ရတော့ ချမ်းငြိမ်းက ရထားနှင့်အတူ ပါသွား၏။ ဝေယံ့ရင်ထဲက လစ်ဟာမှုအတွက် ကိုယ်တိုင်မသိလိုက်ခင်တွင်ပင် ရင်ဘတ်ကို စမ်းကြည့်မိသည်။ နှလုံးသားက ရင်ဘတ်ထဲမှာမရှိတော့ဘူးထင်သည်။ နှလုံးသားက ရထားနှင့်အတူ ပါသွားခဲ့ပြီပဲ။

==============================================================================

တစ်ညလုံး ဝေယံ အိပ်မပျော်ခဲ့ပါ။ ဤသည်ကလည်း ည ၁ နာရီထိုးပြီးမှ ဖုန်းထဲသို့ရောက်လာသော အသံဖိုင်ကြောင့်ဖြစ်မည်။ W.H.Auden ၏ The more loving one ကဗျာ။

Looking up at the stars, I know quite well
That, for all they care, I can go to hell,
But on earth indifference is the least
We have to dread from man or beast.

How should we like it were stars to burn
With a passion for us we could not return?
If equal affection cannot be,
Let the more loving one be me.

Admirer as I think I am
Of stars that do not give a damn,
I cannot, now I see them, say
I missed one terribly all day.

Were all stars to disappear or die,
I should learn to look at an empty sky
And feel its total dark sublime,
Though this might take me a little time.

အော်ဒင်၏ ကဗျာ ဟူသော ခေါင်းစဉ်ဖြင့် ကဗျာရွတ်ထားခြင်းပင်။ ရွတ်ထားသူက ချမ်းငြိမ်းမဟုတ်လျှင် ပင် ရူးချင်စရာကောင်းမည့် တိုက်ဆိုင်မှုသည် ချမ်းငြိမ်းအသံနှင့်တွဲဖက်လိုက်သောအခါ ပွဲသိမ်းသွား၏။ ထိုညက ချမ်းငြိမ်းအသံက တည်ငြိမ်အေးချမ်းမြဲ၊ ကုစားပေးနိုင်မြဲဖြစ်သောကြောင့်ပင်။


Leave a comment