22 – c

22 – c

(စကြဝဠာပုံသေကိန်းတစ်ခုဖြစ်သော အလင်း၏ အမြန်နှုန်း ၁ စက္ကန့်လျှင် ၁၈၆, ၂၈၂ á€™á€­á€Żá€„် ကို သင်္ကေတ c ဖြင့်ဖော်ပြသည်။ အထူးနှိုင်းရသီအိုရီအရ c á€žá€Šá€ş á€…á€€á€źá€á€ á€Źá€‘á€˛á€™á€ž အရာခပ်သိမ်း သတင်းအချက်အလက် မှန်သမျှ အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးသွားနိုင်သော အမြန်နှုန်းဖြစ်သည်။ c á€žá€Šá€ş ရင်းမြစ်၏ ရွေ့လျားမှု အား မူတည်ခြင်းမရှိဘဲ ပကတိကိန်းသေနှုန်းဖြင့်သာ ရွေ့လျားသည်။)

ဝေယံ့ထံမှ ဖုန်းဝင်လာစဉ်က ကြည်သာသည် စမ်းသပ်ခန်းထဲမှာ ကြွက်ဖြူလေးများနှင့် အလုပ်ရှုပ်နေခဲ့၏။ ဖုန်းခေါ်ဆိုသူ၏ နာမည်ကို စားပွဲပေါ်မှ လှမ်းမြင်လိုက်ရတော့ ကြည်သာသည် ကြွက်ဖြူလေးများကို ထား ခဲ့ပြီး အပြင်ထွက်ကာ စကားပြောဖြစ်သည်။

“ထူးထူးဆန်းဆန်း နင်ကဖုန်းဆက်လို့ပါလား။ ဘာကိစ္စလဲ​ ဝေယံ”

ဝေယံ နောက်ဆုံးဖုန်းဆက်ခဲ့သည်မှာ နယူးယောက် ကိုမပြောင်းသွားခင်က ဖြစ်လိမ့်မည်ထင်သည်။ ထိုတုန်း က ကြည်သာသည် ဝေယံ့အရှိုက်ကိုထိုးနှက်နိုင်ခဲ့သားပဲလေ။ ဆစခ ၂၀၇…။ ထိုအကြောင်း ကိုတွေးမိတော့ ကြည်သာ နာကျင်စွာပြုံးမိသေးသည်။ ဝေယံခ ဖုန်းဆက်လာသော အကြောင်းရင်း ကိုလည်း တစ်ကိုယ် တည်း တွေးဆနေမိ၏။ သို့သော် ပတ်သက်ခဲ့မှုအရတော့ တစ်စုံတစ်ရာကို ကြည်သာသိပါသည်။ ဝေယံခ သည် ချမ်းငြိမ်းအေးဟန်အကြောင်း မေးချင်၍သာ ဆက်ရမည်ပဲ။

“ကြည်သာ.. အားလား”

“ဘယ်လိုအကြောင်းအရာအတွက်လဲဆိုတာကို ပြောရင်တော့ အားမအား ဖြေပေးနိုင်မှာပါ”

Lab Coat အဖြူ၏ အိတ်ကပ်ထဲလက်နှိုက်ရင်း ကြည်သာ ကြိုးစားပြုံးရင်း ခနဲ့တဲ့တဲ့ အနိုင်ယူလိုက်၏။

“ချမ်းငြိမ်းအကြောင်းပေါ့ ကြည်သာ။ ငါဒီလိုဖုန်းဆက်ရတာ အားနာပေမဲ့ နင်ကလွဲပြီး ဘယ်သူ့ကိုမှ ငါ တိုင်ပင်လို့ရမယ်မထင်လို့လေ..”

အပြောင်သိမ်းထားသော ဆံပင်ကို ကြည်သာ အကြောင်းမရှိ သပ်လိုက်၏။

“ပြောကြည့်လေ။ ဆယ်မိနစ်အချိန်ရတယ်”

“ငါ ချမ်းငြိမ်းနဲ့နီးကပ်လာလေ.. ပိုဝေဝါးလာလေပဲ”

“သိမ်ငယ်နေပြီလား ဝေယံ”

ဝေယံ တိတ်ဆိတ်သွားတော့ ကြည်သာ ကျေနပ်စွာ သို့မဟုတ်လည်း ကောက်ကျစ်သည့် အပြုံးမျိုး ပြုံးမိ သွား၏။ ချမ်းငြိမ်းအေးဟန်က သာမန်လူသားမို့လို့လားလေ။ ဝေယံခ က မည်မျှပဲ တော်နေပါစေဦး၊ ချမ်းငြိမ်းနှင့်ယှဉ်လျှင် အမှုန်အမွှားမျှသာရှိမည်ထင်သည်။

“နင် ငါ့ကိုအသိဆုံးပဲ ကြည်သာ။ ငါ့ဘဝမှာ ငါ့ကိုသိမ်ငယ်အောင်လုပ်နိုင်တာ ချမ်းငြိမ်းအေးဟန်ပဲရှိတယ်”

“ဪ..ဪ.. ငါမပါဘူးပေါ့”

“နင်ကလူဆိုးမလေ။ နင်က အမြဲတမ်း ချမ်းငြိမ်းကိုအသုံးချပြီး ငါ့ကိုသိမ်ငယ်စေခဲ့တာပဲဟာ”

ထိုစကားကတော့ ကြည်သာ့ကိုအရှိုက်ထိစေခဲ့ပါသည်။ ချမ်းငြိမ်းကို လက်နက်တစ်ခုအဖြစ် အသုံးချဖို့ ကြည်သာ ရည်ရွယ်ခဲ့သည်တော့မဟုတ်ပါ။ သို့သော် ဝေယံခကို ချိုးနှိမ်ချင်လျှင် ကြည်သာအေးမြသည် ချမ်းငြိမ်းအေးဟန် ဆိုသည့်နာမည်ကို ထုတ်သုံးမှဖြစ်မည်ဟုတော့ တွေးမိခဲ့သားပါပဲ။ ကြည်သာ စကား လမ်းကြောင်းလွှဲဖို့ရည်ရွယ်၍ ပေါ့ပါးရန် စ လိုက်မိ၏။

“အဟင်း.. ငါ ဆူရှီဆိုင်မှာနိုင်ခဲ့သေးတယ်လေ။ Sudoku quiz”

“ကြည်သာ။ ငါ အဲဒါကို မခံချိမခံသာဖြစ်တာအမှန်ပဲ။ ငါ့မှာ နင်နဲ့ပတ်သက်ပြီး မခံချင်ဖြစ်ရတာ သိပ်များခဲ့ တာ။ ဒါပေမဲ့ အဲဒါက သိမ်ငယ်စိတ်မဟုတ်ဘူးဆိုတာကို သူနဲ့တွေ့မှသိတတ်ခဲ့တာ။ သိမ်ငယ်တယ်ဆိုတာ လေ.. နင့်တစ်ကိုယ်လုံး အနေကျုံ့သွားပြီး လျှောက်တွေးနေမိမယ်။ နင်က တစ်နိုင်ငံလုံးရဲ့ပထမဖြစ်နေခဲ့ ရင်တောင် သူ့အရိပ်ကမိုးနေတာ။ နင်က အမြင့်ဆုံးတောင်ထွဋ်ထိ တက်နိုင်သွားရင်တောင် သူက ကောင်း ကင်ပေါ်က တိမ်တွေလိုဖြစ်နေတာမျိုး…။ နင်က ဒီလောကမှာ အတောက်ပဆုံး နေလုံးကြီးပဲလို့ ကိုယ့်ဟာ ကိုယ် ထင်နေတဲ့အချိန်မှာ ဒီထက်ပိုထွန်းလင်းတဲ့ကြယ်ကြီးတွေရှိသေးကြောင်း သိလိုက်ရတာမျိုး..။ ငါ.. သူနဲ့ မထိုက်တန်ဘူးလို့ တွေးမိလာတယ် ကြည်သာ”

ကြည်သာ အသက်ရှူအောင့်ထားမိသည်။ ဘယ်ဖက်ရင်အုံထဲကနာကျင်သည်။ ဒါ ကြည်သာနာကျင်တာပဲ ဖြစ်ပါစေလေ။ ကိုကိုတော့ မနာကျင်ပါစေနဲ့။ မထိုက်တန်တဲ့လူသားတွေထဲတော့ ကြည်သာက ထိပ်ဆုံး ပဲမဟုတ်လား။ ကြည်သာ့အနေဖြင့် ဝေယံ့ကိုစာနာသော်လည်း ‘နင်ကထိုက်တန်ပါတယ်ဟာ’ ဟု အားနာ ပါးနာဖြင့်တောင် မပြောပေးချင်ပါ။ ကြည်သာ ဤမျှတော့ အတ္တကြီးသင့်သည်ဟုတွေးမိ၏။

“ငါလည်း သူနဲ့ပတ်သက်လာရင် သိမ်ငယ်တာပဲ။ ငယ်ငယ်ကတည်းက”

“သူ ငယ်ငယ်က ဘယ်လိုမျိုးလဲ ကြည်သာ”

ကြည်သာ မှန်တံခါးကိုကျောမှီရပ်လိုက်၏။ ငယ်ငယ်ကတဲ့လား။ ကြည်သာ့ငယ်ဘဝမှာ ချမ်းငြိမ်းက ပူးတွဲ နေခဲ့သော်လည်း စိတ်ချင်းမနီးကပ်ခဲ့ကြတာ ဝေယံ့ကိုပြောပြသင့်လား။

“သူက ငယ်ငယ်ကတည်းက ထူးဆန်းတာပဲ။ စာအုပ်အကြီးကြီးတွေဖတ်တယ်။ သစ်ပင်တွေကို သဘော ကျတယ်။ ချာ့ချ်က ဖာသာနဲ့ခင်သလို လမ်းထိပ်ဘုန်းကြီးကျောင်းက ဆရာတော်ရဲ့တပည့်လည်းဟုတ် တယ်။ ဖေဖေကလည်း…”

ကြည်သာ ဆက်မပြောဖြစ်ဘဲ ငြိမ်သက်နေမိတော့ ဝေယံက “အင်း” ဟုထောက်ပေး၏။

“ဖေဖေကလည်း သူ့ကိုချစ်တယ်လေ။ သူ့ကိုပဲ ဖေဖေကချစ်တာ။ ငါ့ကိုကမေမေကချစ်တာ။ ဒါပေမဲ့ ငါတို့ မိဘတွေတောင် သူ့ကိုနားလည်တယ်လို့ငါမထင်ဘူး။ အဟင်း.. ငါကတော့ ချမ်းငြိမ်းအေးဟန်ကိုသိတာ ပေါ့။ ငါတို့က အမြွှာတွေမဟုတ်လား”

အမြွှာတွေမဟုတ်လား ဆိုသည့်စကားကို ပြောလိုက်ရသည့်အတွက် ဘဝမှာပထမဆုံးအကြိမ် ကျေနပ်မိ ခြင်းဖြစ်သည်။ အသံတုန်သွားတာကိုတော့ ဝေယံ သတိမပြုမိပါစေနဲ့လေ။

“ငါလည်း သူနဲ့ ငယ်ငယ်ကတည်းက အတူတူရှိလာချင်တယ်”

ကြည်သာ စိတ်မပါစွာရယ်လိုက်၏။ ဝေယံခဟာ တကယ်ငတုံးပဲ။ ရှေ့မှာရှိနေသည့် ရတနာသိုက်ကို မမြင် ဘဲ သူများတွေရရှိသည့် သစ်သားတုံးလေးကို တမ်းတနေသူပဲ။

“အဲဒီလိုဆို ငါနင့်ကို ငယ်ငယ်ကတည်းက အမြင်ကတ်ခဲ့ရမှာပေါ့ ဝေယံ”

“နင်က တကယ်လူဆိုးမပဲ။ နင့်သူငယ်ချင်းခံစားနေရတာကို နှစ်သိမ့်မယ်မရှိဘူး”

“အိုး၊ ငါတို့က ရည်းစားဟောင်းတွေလေ။ နင်ခံစားရတာအတွက် ငါက ဝမ်းသာပြမနေတာတောင် ကျေးဇူး တင်လိုက်ပါဦး”

“အာ… အဲဒီရည်းစားဟောင်းဆိုတာ ထည့်မပြောစမ်းနဲ့လေ။ ငါတို့က ချစ်လို့တွဲခဲ့ကြတာ မဟုတ်..”

“ဒါဆို မကြာခဏအတူတူအိပ်ဖြစ်တဲ့ သူငယ်ချင်းတွေလို့ပြောရမှာလား”

“ပြောလေဆိုးလေပဲ။ နင် ငါ့ကို ကြိုက်သလောက် စ လို့ရတယ်။ သူ့ရှေ့ကျရင်တော့ မပြောပါနဲ့ဟာ”

ကြည်သာ ဒုတိယအကြိမ်အောင့်သွားရသည်။ ကိုကိုက ထိုကိစ္စအတွက် တစ်စုံတစ်ရာခံစားရသည်ရှိသော် ဘယ်သူ့အတွက်များလဲ။ ကြည်သာက ယောက်ျားတစ်ယောက်နဲ့အိပ်ခဲ့သည်ကိုလား။ သို့မဟုတ်…။

“စ နေတာလို့ထင်နေလား။ နင် ကြောင်တောင်တောင်တွေ တွေးပြီး ငါ့ဆီဖုန်းဆက်မယ့်အစား NASA မှာ တစ်ခုခု အောင်မြင်အောင်သာလုပ်စမ်းပါ။ နင့်အလုပ်အကြောင်းလည်း ငါဘာမှမကြားရဘူး”

“ဪ.. အဲဒီမှာတော့ ဒီလိုပဲပေါ့ဟာ။ ကျောင်းနဲ့တော့မတူဘူးပေါ့။ ဒါပေမဲ့ ငါအကောင်းဆုံးလုပ်နေပါ တယ်”

“ငါသိပါတယ်။ နင်ဘာမဆိုအကောင်းဆုံးလုပ်တတ်တာ။ အဲဒါကြောင့်လည်း နင့်ကိုဘာမှသိပ်မကန့်ကွက် ခဲ့တာပေါ့”

ကြည်သာ ထိုအဖြစ်ကိုတော့ဝန်ခံပါသည်။ ချမ်းငြိမ်းရွေးချယ်လာသူက တခြားတစ်စုံတစ်ယောက်ဆိုလျှင် ကြည်သာ မတွေးဝံ့ပါ။ ဝေယံဖြစ်နေ၍ ကြည်သာ စိတ်အေးခဲ့ရသည်။

“နင်က အရမ်းထူးဆန်းတဲ့ကောင်မလေးပဲ ကြည်သာ။ နင်နဲ့တွဲခဲ့တဲ့သူနဲ့ နင့်အမြွှာအစ်ကိုက လိင်တူချစ်သူ ဆိုပြီးထွက်လာတာကို နင်..တစ်မျိုးမတွေးဘူးလား”

“ငါ့ကိုရွံခိုင်းတာလား။ သွားစမ်းပါ။  အဲဒီစောက်အဓိပ္ပာယ်မရှိတာတွေ ငါတွေးတောင်မတွေးမိဘူး။ ချမ်းငြိမ်းက ယောက်ျားတစ်ယောက်နဲ့တွဲနေတယ်ဆိုတာထက် ချမ်းငြိမ်းတွဲနေတဲ့သူရှိတယ်လို့ပဲ ငါတွေး တာ။ နင်.. ကျွတ်.. ဝေယံခ၊ နင်လေ တခါတခါကျ အရမ်းအသည်းယားဖို့ကောင်းတယ်။ နင် ချမ်းငြိမ်းနဲ့ တွဲ နေပြီပဲ။ ဂေးလို့သူများကပြောရင်လည်း ပြောပါစေပေါ့။ ဘာဖြစ်လဲ။ နင်အဲဒါတွေလိုက်ဂရုစိုက်နေလို့မှ မရတာ။ ဂေးလို့ပြောမှာစိုးတာနဲ့ နင် မတွဲတော့ဘူးလား”

“အဲဒီလိုမဟုတ်ဘူး။ ငါ့အတွက်တော့ အရာရာကထူးဆန်းနေတာ”

“နင်တို့တွဲဖြစ်တာ ချမ်းငြိမ်းကစဖွင့်ပြောခဲ့တာလား”

ဝေယံက အက်အက်ကွဲကွဲရယ်သည်။ ထိုရယ်သံထဲမှာ နာကျင်မှုအနည်းငယ်ပါနေလားဟု ကြည်သာ တွေးမိသည်။

“ငါဖွင့်ပြောခဲ့တာ။ ငါတအားစွဲလမ်းလို့လေ။ သူစာဖတ်ပြတဲ့အသံကိုစွဲလမ်းမိရာကနေ သူ့ကိုမြင်ရချိန်မှာ ငါ ကြိုက်မိသွားတယ်ထင်တယ်”

ကြည်သာ မျက်မှောင်ကျုံ့မိသွား၏။ ခုနက အနည်းငယ်ပေါ့ပါးသွားသောစိတ်တို့က ပျောက်ကွယ်သွားပြီး ရင်ဘတ်ထဲမှာ အချက်ပေးသံတို့မြည်လာသည်။ ဝေယံသည် ချမ်းငြိမ်းကိုမမြင်ဖူးခင်အထိ စာဖတ်ပြသံကို သာစွဲလမ်းခဲ့သည်ဆိုလျှင်… ဖြစ်နိုင်ခြေက တစ်ခုပဲရှိသည်။ ကြည်သာပျောက်ဆုံးသွားသော စက်ကလေး။

“ဝေယံ။ နင်…”

ကြည်သာ့ ဆယ်မိနစ် alarm ပြည့်သွားသဖြင့် စိတ်လျှော့လိုက်ရ၏။

“အဟင်း.. နင်ကံကောင်းဖို့ ငါဆုတောင်းပါတယ်”

“ကျေးဇူးပဲ ကြည်သာ။ တစ်ရက်လောက်တော့လာတွေ့ဦးမယ်”

ကြည်သာ ဖုန်းပိတ်ပြီး Lab ထဲပြန်ဝင်လာခဲ့သည်။ ဒေါသကြောင့်လားမသိ၊ ကြည်သာ့လက်တွေ တုန်နေ ၏။ စိတ်ရှိလက်ရှိဆိုလျှင် ချမ်းငြိမ်းကိုဖုန်းဆက်ကာ အော်ဟစ်ငိုယိုတိုင်တန်းချင်သည်။ နင့်ရည်းစားက သူခိုးပဲဟု စွပ်စွဲပြောဆိုချင်သည်။ သို့သော် ကြည်သာ ထိုသို့မလုပ်သင့်ဟုသိနေ၏။ လျှပ်စီးပတ်လမ်းများ ဆင်ထားသော ဘပ်ကြိုးလေးများကို ကြည်သာ လက်အိတ်ဖြင့် ဂရုတစိုက်ယူလိုက်၏။ တစ်ကန့်စီ ခွဲထား သော မျိုးဗီဇတူ ကြွက်ဖြူလေးနှစ်ကောင်ကို တိကျသော အချိန်မှာပဲ ဝင်္ကပါလမ်းလေးလုပ်ပေးလိုက်ကာ အစာသွားစားစေသည်။ အဖြေစောင့်နေစဉ် တွေးမိသည်က ဝေယံကတော့ ချမ်းငြိမ်းကို နားမလည်ပါဟူ သည့်အချက်ပင်ဖြစ်သည်။ အင်းလေ၊ နားမလည်သူချင်းဆိုလျှင်တောင် ကြည်သာကတော့ ဝေယံ့ထက် နားလည်ပါသေးသည်ပဲ။ ဖြေသိမ့်ရမည်ပေါ့။

အချက်ပြသံပေါ်လာ၍ ကြည့်လိုက်တော့… ကြွက်ဖြူကလေးတစ်ကောင်က အသက်မရှိတော့ပေ။ နောက် တစ်ကောင်ကတော့ အောင်မြင်စွာ ဝင်္ကပါကိုပတ်ပြီး အစာစားနေ၏။ သေသွားသော ကြွက်ဖြူကလေး တော့ ဝင်္ကပါလမ်းထဲမှပင်မထွက်နိုင်လိုက်။ အစာစားနေသော ကြွက်ဖြူလေးကို နာကျည်းစွာဖြင့် ကြည်သာ ကြည့်နေလိုက်မိသည်။ ဆူဇန် ၏ စာကြည့်စားပွဲမှ Nancy Wood ၏ ကဗျာဖြစ်သော “Today is a very good day to die” ဟူသော ရူးကြောင်ကြောင်စာသားကိုသတိရလာ၏။ ကြွက်ဖြူလေးကတော့ ဘာမှမသိစွာပင် အစာစားနေဆဲ။

==============================================================================

ဝေယံ့အတွက်တော့ အလုပ်ကိုသာ အဓိက အာရုံစိုက်ဖို့ဆုံးဖြတ်ထားသဖြင့် နေ့ဆိုင်းညဆိုင်းတွေပါ မပြတ် ဆင်းကာ စာရွက်ပုံတွေ ကွန်ပျူတာပုံတွေကြားထဲသာ ခေါင်းနှစ်ထားမိသည်။ ချမ်းငြိမ်းကိုလည်း အလုပ် အကြောင်းပြကာ ရှောင်နေချင်သေး၏။ ချမ်းငြိမ်းက ဖိအားပေးတတ်သူမဟုတ်သည်မှာ ဤတစ်ခုတွင် တော့ အဆင်ပြေသွားပါသည်။ လွမ်းလျှင်တော့ ချမ်းငြိမ်းဖတ်ပြထားသော အသံဖိုင်လေးများကို နားကြပ် တပ်နားထောင်ရဆဲပါပင်။

ဝေယံ ယခုတာဝန်ယူလေ့လာနေရသော ကြယ်စုက အင်မတန်စိတ်ရှုပ်ဖို့ကောင်းသည်။ ထိုကြယ်စုထဲမှာ မူမမှန်အဖြစ်အပျက်များစွာရှိပြီး ဂြိုဟ်တစ်လုံးကတော့ သက်ရှိများ ဖြစ်တည်နိုင်ခြေ ၀.၁ ရာခိုင်နှုန်းရှိသည် ဟု ပြနေ၏။ ၀.၁ ရာခိုင်နှုန်းသည် အာကာသဗေဒတွင်တော့ အလွန်များပြားသော ပမာဏဖြစ်သည်။

“ယံ.. လာခဲ့ဦး”

အက်ဘီ က ဝေယံ့ကို ခေါင်မိုးထပ်သို့ခေါ်သွား၏။ မြေအောက်ခန်းထဲမှာကြာရှည်စွာ နေခဲ့သဖြင့် နေရောင် ကိုပင် စူးသည်ဟုမြင်နေပြီ။ တယ်လီစကုပ်ကြီးများမရှိသည့်ဘက်ခြမ်းတွင် အက်ဘီ က ဆေးလိပ် တစ်လိပ် ထုတ်သောက်ရင်း ဝေယံ့ကိုလည်း တစ်လိပ်ပေးသည်။ ဝေယံ သောက်ချင်စိတ်မရှိသည့်အတွက် ငြင်းဆန် လိုက်တော့ အက်ဘီ ကခေါင်းညိတ်ရင်း သူ့ဟာသူမီးညှိနေသည်။ အက်ဘီ ဆေးလိပ် သောက်ပုံက ဆွဲဆောင်မှု ရှိလှပြီး အထာကျသည်ဟု ခံစားရ၏။ အက်ဘီ က များပြားလှသော အလုပ် တာဝန်များကို ခေါင်းပေါ်တင် ထားပုံမရ။ အမှန်က အက်ဘီ သည် ဌာနအကြီးအကဲအပြင် သိပ္ပံပညာရှင်လည်းဖြစ်သေးသည်။

“အလုပ်တွေ ဖိလုပ်နေတာကို မြင်ရတာ စိတ်မချမ်းသာလို့”

“မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီအလုပ်သင်ကာလမှာ အကျိုးရှိအောင်နေထိုင်ရမယ်လို့ တွေးမိ လို့ပါ။ အတော်ပဲ။ အက်ဘီ ကိုကျွန်တော်လာပြောတော့မလို့။ ကျွန်တော်အခုလေ့လာနေတဲ့ Planet 2xGr1 က ထူးဆန်းနေတာရှိ..”

“ဒါငါ့ဆေးလိပ်သောက်ချိန်။ မင်းကိုခေါ်တာ အလုပ်အကြောင်းနားထောင်ဖို့မဟုတ်ဘူး ယံ”

ဝေယံ ဘာဆက်ပြောရမှန်းမသိဖြစ်သွား၏။ ဝေယံ တွေ့နေသည့်လူတွေကပဲ စောက်ကျိုးနည်း ထူးဆန်း နေတာလား။ ဝေယံကပဲ ထူးဆန်းနေတာလား။

“မင်း တစ်ရက် အလုပ်လုပ်ချိန် ၂၄ နာရီရှိလို့ဆိုပြီး မင်းရဲ့ဂြိုဟ်က သက်ရှိနေလို့ရသွားမှာမဟုတ်ဘူး။ မင်း ကိုလည်း NASA က ဝန်ထမ်းကောင်းဆုပေးမှာမဟုတ်ဘူး။ ငါတို့ အကောင်းဆုံးလုပ်သင့်တာမှန်တယ်။ ဒါ ပေမဲ့ အစွန်းရောက်အပြင်းအထန်ဖြစ်ဖို့ မလိုဘူး။ မင်းရဲ့လူနေမှုဘဝမှာ ဘာပြဿနာရှိလဲ ငါစိတ်မဝင်စား ဘူး။ ဒါပေမဲ့ အဲဒါကို အမြန်ဆုံးဖြေရှင်းစေချင်တယ်။ အလုပ်မှာ ပုံမှန်ပြန်ဖြစ်စေချင်တယ်”

မျက်ဝန်းနက်များကို လွမ်းမိသွားသော်လည်း ဝေယံ ခေါင်းခါလိုက်ပါသည်။

“ဘာပြဿနာမှမရှိပါဘူး”

အက်ဘီ က ဆေးလိပ်ဖွာရင်း “ယံ။ လူသားတွေကို တခြားသက်ရှိတွေနဲ့ မတူညီစေတာ ဘာလဲသိလား” ဟု မေးလာ၏။

“ဉာဏ်ရည်မြင့်တာလား”

“ဆင်တွေ လင်းပိုင်တွေနဲ့ မျောက်မျိုးနွယ်တွေကလည်း ဉာဏ်ရည်မြင့်တာပဲ။ ဒါပေမဲ့ ဘာဖြစ်လို့လူသား တွေက ကြီးစိုးခွင့်ရခဲ့သလဲဆိုတော့ စိတ်ခံစားချက်ကို သေချာအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့လို့ပဲ။ မင်းရဲ့ဦးခေါင်း ထဲက အရာမဟုတ်ဘဲ မင်းရဲ့ရင်ဘတ်ထဲကအရာ”

“အက်ဘီ က သိပ္ပံကိုပဲယုံတာလို့ထင်ခဲ့တာ”

“အိုး.. ကောင်လေးရယ်။ မင်းက တော်မလိုနဲ့ ချော်တာပဲ။ သိပ္ပံဟာ နှလုံးသားထဲကအကြောင်းမဖြစ်ရဘူး လို့ ဘယ်သူပြောသလဲ။ သိပ္ပံဟာ သေချာစမ်းသပ်ထားပြီး လက်တွေ့သက်သေပြထားတဲ့ ကိစ္စရပ်တွေကို ဆိုလိုတာပဲ။ လူသားတွေရဲ့သက်တမ်းတစ်လျှောက် သက်သေအပြထားဆုံးကိစ္စက နှလုံးသားရေးရာပဲ မဟုတ်ဘူးလား”

“ကျွန်တော် ဘာဖြစ်နေသလဲ အက်ဘီ သိတယ်ပေါ့”

“မသိချင်ပါဘူး။ မင်းအဲဒီလိုလုပ်နေစရာမလိုဘူးလို့ပြောတာပါ”

အက်ဘီ က ဆေးလိပ်တိုလေးကို မီးသေစေရင်း အိတ်ကလေးထဲသိမ်းထုတ်ကာ ပြန်ဆင်းသွားတော့ ဝေယံ လည်း လိုက်ဆင်းလာရသည်။ ဌာနထဲမှာ တခြားသော လုပ်ဖော်ကိုင်ဖက်များကလည်း နွေးနွေးထွေးထွေး ရှိကြ၏။

“အက်ဘီ ကြီးရဲ့လက်ချာတွေနားထောင်ပြီး အီစိမ့်သွားပြီထင်တယ်”

“အေး။ အလုပ်အရမ်းမလုပ်နဲ့ ရူးတတ်တယ်လို့ပြောနေတာပါ”

အက်ဘီ နှင့် နှစ်ရှည်လများလုပ်ကိုင်လာသူများဖြစ်၍ ရင်းနှီးကြပါသည်။ ဝေယံသာ တစ်ကိုယ်တည်း ဖြစ်နေတတ်သည်။ တစ်ယောက်က ခပ်ကြိတ်ကြိတ်လေသံဖြင့် အတင်းပြော၏။

“NASA မှာတကယ်တော်တဲ့ စိတ်ပညာရှင်တွေရှိတယ်။ ဘာဖြစ်လို့လဲသိလား။ အရမ်းအလုပ်လုပ်ရင်း ဂေါက်ကုန်ကြတာတွေကို ကုဖို့လေ”

“NASA မှာမှမဟုတ်ပါဘူး။ ဘယ်မှာမဆို အလွန်အကျွံလုပ်ရင် ရူးတာပါပဲ။ စိတ်ရောဂါကုဆရာဝန်တွေ တောင် ရူးသွားတာရှိတာပဲဟာ။ အဲဒါကြောင့် ဘယ်အရာမဆို တော်ရုံတန်ရုံလုပ်”

ထိုစဉ် အလုပ်ခွင်ထဲမှ ဓာတုဗေဒပညာရှင်တစ်ယောက်က ဖောက်ပြောလိုက်၏။

“ချစ်လွန်းရင်လည်း ရူးတတ်တာပဲ”

ဝေယံ မချိပြုံးပြုံးလိုက်ရပါတော့သည်။ အချစ်ကြောင့်ရူးတတ်လျှင် ဝေယံ့အတွက် နေမြင့်ခဲ့ပါပြီ။

==============================================================================

ဝေယံ့၏ ရှောင်နိုင်မှုက ရက်ပိုင်းမျှသာခံပါသည်။ ချမ်းငြိမ်းဘက်က ဖိအားတစ်စုံတစ်ရာမပေးသည်ကိုပင် မကျေနပ်ဖြစ်လာသည်အထိ အလွမ်းအားက များပြားလာခဲ့သောအခါ ဝေယံသည် အနိတာကိုပဲ အပူကပ် ရတော့၏။

“ကျွန်တော်လေ.. အနိတာလုပ်တဲ့ မုန့်ချိုစားချင်လို့လာခဲ့ချင်ပါတယ်”

အနိတာက ငြင်းဆန်မည့်သူမဟုတ်မှန်းလည်း ဝေယံသိပါသည်။ ထို့ကြောင့် အလုပ်မှအပြန်တွင် ချမ်းငြိမ်း လုပ်သကဲ့သို့ ပန်းစည်းလေးဝယ်သွားလိုက်ပြီး အဘိုးကြီး ကူးမားဖို့လည်း စာဖတ်ရာတွင် အဆင်ပြေစေ မည့် စတန်းလေးတစ်ခုဝယ်သွားဖြစ်သည်။

“ကောင်လေးရယ်။ ဒါတွေဝယ်လာစရာမလိုပါဘူး။ ပေး ပေး။ ပန်းတွေက သိပ်မွှေးတာပဲ။ မုန့်ချိုမစားခင် ညနေစာစားနော်။ ပြီးတော့ မင်းလာမှာကို သူမသိသေးဘူး။ အဟမ်း.. သွားပြီး အံ့သြအောင်လုပ်လိုက်ဦး”

အနိတာက အပြုံးချိုချိုဖြင့် ဆီးကြိုပြော၏။ အဘိုးကြီးကတော့ အပြင်သွားနေသည်တဲ့။ ချမ်းငြိမ်းကို မပြောထားခြင်းအတွက် ဝေယံ့မှာ အနိတာကို အလွန်ကျေးဇူးတင်သွားရသည်။ လက်အုပ်လေးတစ်ချက် ချီပြီး ရင်ခုန်စွာ ထွက်လာ၏။ လှေကားများကို တက်နေစဉ်မှာ ဝေယံသည် လှေကားတက်နေရသည်နှင့် မတူ၊ တိမ်တွဆီရောက်ဖို့ တောင်တွေတက်နေရသလိုပင်။ တံခါးရှေ့ရောက်တော့ ဝေယံ အသက်ဝဝရှူပြီး တံခါးခေါက်လိုက်၏။

ချမ်းငြိမ်း ခြေသံကိုနားစွင့်ကြည့်လိုက်သော်လည်း ဝေယံ မကြားရ။ သို့သော် တံခါးပွင့်လာခဲ့ပါသည်။ ချမ်းငြိမ်းက အိမ်နေရင်းဝတ်စုံရိုးရိုးကိုမှ အနွေးထည်လေးတစ်ထပ်ဝတ်ထားသည်။ မျက်ဝန်းနက်များက အမှန် အံ့သြနေဟန်ရှိသည်။

“ဝေယံ။ ကိုယ့်ကိုလာတွေ့တာလား”

“အနိတာရဲ့လက်ရာကိုလည်း စားချင်နေတာနဲ့။ ပြီးတော့ အလုပ်လည်းနည်းနည်းပါးသွားတုန်း မင်းကို လည်း တွေ့မလို့”

ချမ်းငြိမ်း ပြုံးသွားမည်ထင်သော်လည်း ချမ်းငြိမ်း မျက်ဝန်းနက်များက တစ်ချက်သာအရောင်ပြောင်းသွား ကာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

“အခန်းထဲဝင်နော်။ ကိုယ် စာရေးနေတာလေး အပြီးသတ်ချင်လို့ ၅ မိနစ်စောင့်ပေးနော်”

ဝေယံ အနည်းငယ် အောင့်သက်သက်တော့ဖြစ်သွားရသည်။ ချမ်းငြိမ်းနှင့် မတွေ့ရသည်မှာကြာနေပြီ။ ဤ စာရေးတာ ဘာအရေးကြီးသလဲ။ သို့သော် ဝေယံ ဝင်ထိုင်ဖြစ်ပါသည်။ ချမ်းငြိမ်းအခန်းထဲမှာ ပူရှိန်းနံ့များ ရ တော့ ဝေယံ စိတ်မသက်မသာဖြစ်သွား၏။ ဒဏ်ရာကိုက်နေပြန်ပြီလား။ သို့သော် ချမ်းငြိမ်းက ကွန်ပျူတာ ဖြင့် စာရိုက်နေ၍ ဝေယံ စောင့်နေလိုက်ပါသည်။ ချမ်းငြိမ်း အလုပ်လုပ်ပုံက ဒီလိုပါလား။ နောက်ကျော လေးကကို ကြည့်ကောင်းနေတာပဲ။ တကယ်ပင် ၅ မိနစ်ပြည့်သောအခါ ချမ်းငြိမ်းက အပြီးသတ်လိုက်ပြီး save လုပ်ကာ ကွန်ပျူတာပိတ်လိုက်၏။ ဝေယံ ထပ်မစောင့်နိုင်တော့သဖြင့် ချမ်းငြိမ်းကျောပြင်ကို သွား ဖက်ထားလိုက်သည်။

“ဒီရက်ထဲ ငါ အလုပ်တွေအရမ်းပိသွားတာ။ ငါ့ကို ဌာနမှူးကခေါ်ဆူတယ်လေ။ အခုတော့ ငါ လျှော့လိုက် ပါပြီ”

ချမ်းငြိမ်းအသက်ရှူသံက တည်ငြိမ်နေဆဲ။ လက်အစုံက ဝေယံ့လက်များပေါ်ပိုက်ထွေးလာသည်။

“ပင်ပန်းနေပြီလား”

“ပင်ပန်းတာပေါ့။ ငါ ကောင်းကောင်းမအိပ်မစားရတာ ဘယ်လောက်ကြာပြီလဲမသိဘူး။ အလုပ်တွေ အရမ်းလုပ်နေပေမဲ့ ငါ..တခြားကိုအတွေးရောက်နေတာ”

“ကိုယ်နဲ့တွဲရတာ ပင်ပန်းနေပြီလားလို့ မေးတာပါ”

ဝေယံ အေးစက်သွားရ၏။ ဘယ်လိုများမေးနိုင်ရက်ပါလိမ့်ဟု ချမ်းငြိမ်းကို အံ့သြတကြီးကြည့်ချင်မိသည်။ သို့သော် ချမ်းငြိမ်းက ကျောခိုင်းထားဆဲ။ ဝေယံ ဖက်ထားသည်ကို လွှတ်လိုက်ပါသည်။

“ချမ်းငြိမ်း… ငါ အခု နည်းနည်းမှမနားရသေးဘဲ ဒီကိုလာတာ။ ငါ့မှာ နောက်ထပ်စိတ်ပင်ပန်းမှုတစ်ခုကို ခံယူနိုင်မယ့်ခွန်အားမရှိဘူး”

“ကိုယ့်ကိုပေးလို့ရပါတယ်”

“ဘာ”

“မင်းရဲ့စိတ်ပင်ပန်းမှုတွေလေ။ ကိုယ် မျှဝေခံစားပေးချင်တယ်”

ချမ်းငြိမ်းက ကျောပေးထားရာမှ လှည့်လာပြီး ဝေယံ့ကိုမျက်နှာချင်းဆိုင်လိုက်၏။ ထိုနှုတ်ခမ်းများကို ဝေယံ ရူးလောက်အောင်လွမ်းခဲ့ရတာပဲလေ။ သို့သော် မျက်ဝန်းနက်များကမူ ဝေယံ့ကို နမ်းချင်စိတ်တို့ပေါ် မနေပါ။ ဝေယံ နာကျင်သွားရသည်။

“ချမ်းငြိမ်းအေးဟန်။ မင်းကို ငါက စိတ်ပင်ပန်းစရာတွေပေးဖို့ ကြိုက်တာမဟုတ်ဘူး”

“ကိုယ့်ကိုယူဖို့လည်းမဟုတ်ဘူးလေ”

ဝေယံ ဆွံ့အသွားရ၏။ ချမ်းငြိမ်းက ထိုစကားကို ယခုထိခံစားနေတုန်းပဲလား။ ဝေယံ့မှာ ယေရှု ခရစ်တော် ဟုသာ တ မိသွားသည်။ ဗုဒ္ဓဘုရားကိုလည်း ဝေယံ ယုံကြည်ပါသေးသည်လေ။

“မဟုတ်.. အဲဒါက.. ဒီတိုင်းပြောတာလေကွာ။ မင်း အဲဒါကြီးကို အခုထိသယ်ထားနေတာလား”

ချမ်းငြိမ်းမျက်နှာက တည်ငြိမ်စွာဖြင့် ဝေယံ့ကိုကြည့်နေမြဲ။

“ကိုယ် ဒီရက်ပိုင်း ဘာသာတရားယုံကြည်မှုထဲက လောဘ အကြောင်းရှာကြည့်ဖြစ်ပါတယ်။ ပြီးတော့ ပိုင်ဆိုင်လိုစိတ် ရောပေါ့။ ကိုယ် မေတ္တာတရားကို နားလည်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့တယ်။ ကိုယ် မင်းအပေါ်ထားတာကလည်း မေတ္တာပဲလို့ယုံခဲ့တယ်။ ဒါပေမဲ့ ကိုယ့်မှာ မင်းကို တပ်မက်စိတ်တွေရှိနေသေး တာ ကိုယ်သိခဲ့ရတယ်။ ပြောပါဦး၊​ ဝေယံ။ ကိုယ် ဘာဆက်လုပ်သင့်လဲ”

ဝေယံ တွေးရခက်သွားသည်။ ချမ်းငြိမ်းကို ဘာဆက်လုပ်စေချင်ပါလိမ့်။ နမ်းခိုင်းသင့်လား။ သို့မဟုတ် အိပ်ရာထဲထိသွားမည်ဆိုလျှင်လည်း… ဘာပဲဖြစ်ဖြစ် အနိတာတို့ကစောင့်နေမည်ဖြစ်၍ သိပ်မသင့်တော်။ ဖက်ထားခိုင်းလျှင်ရော။

“ငါ အများကြီးတွေးနေပေမဲ့လေ မဟုတ်ဘူးလို့ထင်တယ်။ မင်း… ဆက်လုပ်ချင်တယ်ဆိုတာက လမ်းခွဲဖို့ တို့ဘာတို့မဟုတ်ဘူးမလား”

ချမ်းငြိမ်းက မျက်မှောင်တစ်ချက်ကျုံ့သွား၏။ ထိုမျက်မှောင်ကျုံ့သည်လေးကိုပင် ဝေယံ့မှာ အမြတ်တနိုး ဖြစ်ရသေးသည်။

“ကိုယ်မေးတာက… ကိုယ် မင်းအပေါ် တပ်မက်စိတ်ထားသင့်သလားဆိုတာပါ။ ဒါမှမဟုတ် မေတ္တာစစ် နဲ့ပဲ ကိုယ်ချစ်သင့်လားပေါ့”

“မေတ္တာစစ်နဲ့ တပ်မက်စိတ်ထားလို့မရဘူးလားဟင်။ ဟို.. ဘာသာရေးတွေက မရဘူးပြောထားရင်လည်း မင်းရလိုက်ပါ။ မင်းတွေးရင်ရတာပဲမို့လို့”

ချမ်းငြိမ်း မျက်နှာကတဖြည်းဖြည်းပြုံးစပြုလာသည်။ နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးညွတ်လာသည်။ မျက်ဝန်းနက်လေးတွေက လင်းလက်လာပြီ။ ဝေယံပါ ပျော်ရွှင်လာ၏။ ချမ်းငြိမ်းက အနားသို့ ဖြည်းဖြည်း ချင်းတိုးလာ၏။

“မင်းကို လွမ်းတဲ့စိတ်နဲ့ ကိုယ်နေထိုင်ခဲ့ရတာ”

ဝေယံ တုန်ယင်စွာဖြင့် ချမ်းငြိမ်းကို အတင်းကာရော သိမ်းပွေ့ထားမိ၏။ ချမ်းငြိမ်းက ပထမဆုံးအကြိမ် အဖြစ် ဝေယံ့ ပုခုံးပေါ်ခေါင်းမှီကာ တိုးဝှေ့နေသည်ဟုထင်မိသည်။ ရှောင်နေမိခဲ့ခြင်းအပေါ် ဝေယံ စိတ် မကောင်းဖြစ်လာပြီး နောင်တလည်းရလာခဲ့၏။

“ငါတော့ အရူးတစ်ပိုင်းဖြစ်နေခဲ့တာ”

“မေတ္တာစစ်က ရယူလိုခြင်းကင်းတယ်လို့ ပြောကြတယ်။ ကိုယ့်မှာ မေတ္တာစစ်နဲ့ မချစ်နိုင်ခဲ့တာတော့ မင်းပဲရှိမယ် ဝေယံ”

ကျန်တဲ့တစ်ပိုင်းကိုပါ ချမ်းငြိမ်းအေးဟန်က ရူးသွပ်စေခဲ့ပါသည်။

==============================================================================


Leave a comment