23 – Antimatter
(Antimatter – ပုံမှန် ဒြပ် နှင့်တူသော်လည်း ဆန့်ကျင်ဘက် ဂုဏ်သတ္တိများရှိသော ဒြပ်)
“မင်း ခါးဒဏ်ရာပြန်နာနေတာလား။ အဲဒါ တစ်ခုခုလုပ်ရမယ်လေ မဟုတ်ဘူးလား။ ငါ့ကိုပြဦး”
ရက်အနည်းငယ်လောက် နာရီ ၁၀၀ ကျော်လောက် မတွေ့ရသည့်အဖြစ်မှာ ချမ်းငြိမ်းတစ်ခုခုဖြစ်နေမည် ကို ဝေယံ အထိမခံနိုင်စွာ စိတ်ပူပါသည်။ ချမ်းငြိမ်းကတော့ ပင်ကိုယ်အပြုံးအေးအေးလေးဖြင့် ဝေယံ့ကိုပဲ လိုက်ကြည့်နေသည့်တိုင် စိတ်မချနိုင်ပါ။ ဖက်ထားပြီးကတည်းက သူတို့နှစ်ယောက် လက်ချင်းကိုင်ထား သည်ကို မဖြုတ်နိုင်ကြသေးပေ။ ဝေယံလည်း လက်ကိုဖြုတ်ဖို့စိတ်ကူးမရှိပါ။ သို့သော် ချမ်းငြိမ်း ခါးဒဏ်ရာ တစ်ခုခုဖြစ်နေသလားတော့ ကြည့်ရဦးမည်မဟုတ်လား။
“ကိုယ် ဘာမှမဖြစ်ပါဘူး။ ဒီရက်ပိုင်း ကျောင်းမှာ ဆွေးနွေးပွဲရှိတော့ ထိုင်တာများလို့ ဆေးနည်းနည်းပြန် လိမ်းဖြစ်တာပါ ဝေယံ။ ကိုယ့်ဒဏ်ရာက အဲဒီမှာမဟုတ်ဘူးလေ။ ကိုယ့်ရင်ဘတ်မှာ”
ရုပ်တည်ကြီးနှင့် ဝေယံ့လက်ကိုဆွဲယူပြီး ရင်ဘတ်ကိုထိခိုင်းနေသော ချမ်းငြိမ်းကြောင့် ထိန်းထားရသော အဆဲလေးတွေ ထွက်လုဆဲဆဲဖြစ်သွားရ၏။ ချစ်လည်းချစ်သည်၊ အမြင်လည်းကတ်ရသည်။ ချမ်းငြိမ်းဟာ တကယ်ပဲ မှော်ဆရာနှင့်တူပါသည်။
“မင်းတစ်ယောက်နဲ့လည်း ငါတော့ ဒုက္ခပဲ ချမ်းငြိမ်းရာ။ မင်းက မှော်ဆရာလား”
“ကိုယ် မညာတတ်ပါဘူး ဝေယံ။ ကိုယ့်ရင်ဘတ်မှာ မင်းကိုလွမ်းတဲ့ဒဏ်ရာတွေချည်းပဲ။ မင်းရော လွမ်းတာ ပဲမဟုတ်ဘူးလား”
“အဲဒါကို ဘယ်လိုရုပ်တည်ကြီးနဲ့ပြောနိုင်ရတာလဲ။ တကယ်ပဲ။ ငါတော့ မင်းနားရောက်ရင် ကြက်တူရွေး လိုပဲဖြစ်သွားတယ်”
ဝေယံ စိတ်ပျက်လက်ပျက်နှင့် ကုတင်စွန်းပေါ်ထိုင်ချလိုက်သော်လည်း လက်တွဲကတော့မဖြုတ်ပါ။ ခပ် ဖွဖွလေးရယ်နေသော ချမ်းငြိမ်းကတော့ ရပ်နေဆဲ။ ချမ်းငြိမ်း ရယ်သံကြောင့် ဝေယံ့မှာ လွတ်လပ်ပေါ့ပါး သွားရသည်။ တိမ်ပင်လယ်လား။ ဝေယံခမှာ တိမ်ပင်လယ်ထက်အေးချမ်းတဲ့ ချမ်းငြိမ်းရဲ့ရယ်သံလေးရှိနေ ပြီ။ ကချင်ပြည်နယ်ကိုပင် လွမ်းသွား၏။ သဘာဝတရားကို မည်သည့်အခါကမျှ ဂရုမစိုက်တတ်ခဲ့သော ဝေယံ့အတွက်တော့ ချမ်းငြိမ်းအေးဟန်၏ ရယ်သံကြောင့် ငယ်ဘဝတွင် ပျော်ခဲ့ရသော စိမ်းမြကြည်လင် သည့် စမ်းချောင်းရေတသွင်သွင်ကို သတိရမိသွားသည်။ စိတ်အေးချမ်းသည်၊ ပျော်ရွှင်ရသည်။ ထို့ထက်ပို ၍ ချစ်ရသည်။ ချမ်းငြိမ်းအေးဟန်ကို ချစ်ပါသည်လေ။
“အာလာဒင်ဇာတ်လမ်းထဲက မှော်ဆရာနဲ့ ကြက်တူရွေးကို ပြောတာလား”
ရယ်နေပြီးမှ မေးလာသော ချမ်းငြိမ်းကြောင့် ဝေယံ အမြင်ကတ်စွာနှင့် မဲ့လိုက်ရ၏။ ကာတွန်းကားများကို ထည့်မပြောချင်သော်လည်း ဝေယံလည်း ထိုမျှလောက်တော့ကြည့်ဖူးပါသည်လေ။ မှော်ဆရာဆိုလျှင် ဟယ်ရီပေါ်တာတို့ထက် အာလာဒင်ထဲမှ ဂျဖာကို ပြေးမြင်မိသည်ကတော့မတတ်နိုင်။ ဂျဖာ၏ ပုခုံးတွင် နားလေ့ရှိသော ရုပ်ဆိုးဆိုး ကြက်တူရွေးကိုလည်း ကိုယ့်ဟာကိုယ်နှင့် ဘာကြောင့်တူသည်ထင်မိလဲမသိ။
“တကယ်လား။ ကိုယ့်ဝေယံက ဒီလောက်ချောတာ ဘယ်လိုလုပ် အဲဒီကြက်တူရွေးဖြစ်မှာလဲ။ ကိုယ့် ဝေယံ က ဂျက်စ်မင် မင်းသမီးလေးဆို တစ်မျိုးပေါ့။ အဲဒါဆို ကိုယ်က အာလာဒင် အဖြစ်နဲ့ မင်းကို ကော်ဇောပျံ ပေါ်ကနေ လောကသစ်ကိုခေါ်သွားပေးမှာပေါ့”
ချမ်းငြိမ်း၏ ခပ်မြူးမြူးအသံက ကျီစယ်ဟန်ပါသည့်တိုင် ရင်ခုန်မိသည့် ကိုယ့်ကိုယ်ကိုယ်သာ ဝေယံ ကျိန်ဆဲမိ၏။ မဖြစ်၊မဖြစ်၊ ဒီကောင့်စကားတွေကြာကြာဆက်နားထောင်လျှင် ဝေယံ ထိန်းနိုင်တော့မည် မဟုတ်။
“မင်းကြီးတော်ကို မင်းသမီးလေး ဂျက်စ်မင်။ မင်းကို အရမ်းတည်ငြိမ်တယ်ထင်လို့ ကြိုက်ခဲ့မိတာ ဒီလောက်မျက်နှာပြောင်မှန်းမသိခဲ့ဘူး။ အာလာဒင်ကဖြစ်ချင်ရသေးတယ်”
“အာလာဒင် ဖြစ်ခြင်းမဖြစ်ခြင်းက အရေးမကြီးပါဘူး။ ကိုယ့်ချစ်သူကို ပျော်အောင်ပဲလုပ်ပေးချင်တာ”
ဝေယံ တကယ် ဆဲလိုက်မိလုဆဲဆဲ အနိတာက အောက်ထပ်မှလှမ်းခေါ်သည့်အတွက် သူတို့နှစ်ယောက် စကားစရပ်ကာ အောက်ထပ်သို့ ဆင်းလာလိုက်ရသည်။ အဘိုးကြီး ကူးမားလည်း ရောက်နေပြီဖြစ်၍ ညနေစာ စားကြတော့မည်။ ချမ်းငြိမ်းနှင့်အတူ ဝေယံပါ အနိတာကိုကူ၍ ထမင်းဟင်းပန်းကန်များ ကူပြင် ပေးနေစဉ် အနိတာကခပ်ကြိတ်ကြိတ်မေး၏။
“ဘယ်လိုလဲ။ အလွမ်းဝေဒနာတွေ ပြေပြီလား”
ဝေယံ မှန်မကြည့်ဘဲနှင့်သိသည်။ ဝေယံ့ပါးကြီးတွေက ပန်းသီးတွေလိုနီကုန်လောက်ပြီ။ ချမ်းငြိမ်းကတော့ ကြည်လင်စွာ ပြုံးပြီး ဝေယံ့ကိုကြည့်သည်။ ပြီးတော့မှ “အခုထိလွမ်းတုန်းပါပဲ” ဟု ခပ်အေးအေးပြော၏။
အနိတာက အံ့သြစွာနှင့် ရယ်လေတော့ ဝေယံ ရှက်လွန်း၍ အသက်ထွက်ပြီထင်ရသည်။ ချမ်းငြိမ်း ခြေ ထောက်ကိုလည်း တမင်တက်နင်းခဲ့ပြီးမှ ထမင်းစားခန်းထဲသို့ ပန်းကန်သယ်၍ထွက်လာခဲ့၏။ နောက်မှာ ရယ်နေသံသဲ့သဲ့ကို ကြားနေရသေးသည်။ အား… ချမ်းငြိမ်းအေးဟန်၏ ထိုပုံစံကလည်း ဝေယံ့ကို ရူးစေပါ သည်။
“မင်းကလည်း ပျောက်ချက်ကားကောင်းနေတာ။ မကြာမကြာလာလေကွ”
အဘိုးကြီး ကူးမားက နှုတ်ခမ်းမွှေးကားကားကြီးနှင့်ဖြစ်နေသည်။ နဂိုရုပ်ခံနှင့်ပင်မတူတော့ဘဲ ဇာတ်လမ်း ထဲက ကာတွန်းပုံပေါက်နေ၏။ ကြည့်ရသည်မှာ ဆံပင်ညှပ်ဆိုင်သွားပြီး တစ်ခုခုလုပ်ထားဟန်ရှိသည်။
“ကျွန်တော် မအားတာနဲ့ပဲ အခုမှရောက်ဖြစ်တော့တယ် မစ္စတာကူးမား။ ဒါနဲ့ စာအုပ်ဖတ်ဖို့ စတန်းလေး ဝယ်လာပါတယ်ဗျ။ မဂ္ဂဇင်း ဘာညာတင်ဖတ်လည်း ဇက်မညောင်းတော့ဘူးတဲ့”
ဝေယံက နဂို မည်သူ့ကိုမျှ ဂရုစိုက်တတ်သူမဟုတ်။ လက်ဆောင်ပေးဖို့ဆိုသည်မှာလည်း ဝေးစွ။ သို့သော် ယခုတော့ ယောက္ခမများကို ဖားနေသော သမက်အဖြစ်သို့ ကိုယ့်ကိုယ်ကိုယ်ထင်နေမိသည်။
“အေး တွေ့တယ်ကွ။ ကျေးဇူးတင်တယ်ဟေ့။ ငါ့ဖို့က စတန်း၊ ငါ့မိန်းမဖို့က ပန်းတွေ။ ငါတို့ရဲ့ ချမ်းငြိမ်း အေးဟန် ဖို့ရော ဘာပါလဲကွ”
“ဗျာ”
“မင်းရည်းစားဖို့ ဘာပါလဲလို့မေးတာလေ။ ဘာလို့ ပြူးကြည့်နေတာလဲ”
ထိုအခိုက် အနိတာနှင့် ချမ်းငြိမ်းရောက်လာသဖြင့်သက်သာရာရသွားရသည်။
“အချစ်တွေပါမှာပေါ့။ ကလေးကို အေးအေးဆေးဆေးညနေစာစားပါစေရှင်။ ယံ.. မင်းက အရသာပြင်း တာတွေ မစားချင်ဘူးဆိုလို့ မဆလာလျှော့ချက်ထားတယ်”
ဝေယံ အားလည်းနာကာ နွေးထွေးမှုကိုလည်းချက်ချင်းခံစားမိ၏။ ချမ်းငြိမ်းရှိရာအရပ်ဒေသဖြစ်၍ထင် သည်၊ နွေးထွေးကြင်နာမှုတို့ပြည့်နေသည်။ မိဘနှစ်ပါး၏ စကားနိုင်လုမှုများကို စိတ်ကုန်သဖြင့် ထမင်းကို ပင် တသီးတသန့်စားခဲ့ရသော ငယ်ဘဝနှင့်ယှဉ်လျှင် ယခုမှမိသားစုဘဝစရဖူးသည်ဟုလည်း ပြောနိုင်၏။
ချမ်းငြိမ်းက ဝေယံ့ဘေးမှာ တည်ကြည်စွာ ထမင်းစားနေသော်လည်း ဝေယံ တစ်ခုခုလိုလျှင် ချက်ချင်းသိ သည်။ ဥပမာ – ဝေယံက အဘိုးကြီးကူးမားရှေ့က အရွက်ကြော်ကိုကြိုက်သော်လည်း မယူရဲပါ။ ထိုအခါမျိုး တွင် ချမ်းငြိမ်းက ယဉ်ကျေးစွာဖြင့် ဝေယံ့ပန်းကန်ထဲသို့ ထည့်ပေး၏။ ရေကရားကုန်တော့မည်ဟု ဝေယံ တွေးနေစဉ် ချမ်းငြိမ်းကထ၍ ရေသွားဖြည့်လာပေးသည်မျိုး။ သေချာပါသည်၊ ဝေယံသည် အဆုံးမဲ့သော သမုဒ္ဒရာထဲကို နစ်မြုပ်နေရပြီ။
မုန့်ချိုစားဖို့အချိန်ရောက်လာတော့ အဘိုးကြီးကူးမားက မလိုင်လုံးများကို ခေါင်းလှုပ်၍ အားရပါးရစားနေ ပုံကိုမြင်ပြီး ဝေယံ တစ်စုံတစ်ရာကိုသတိရသွား၏။ အာလာဒင်ဇာတ်ကားထဲမှ စူလ်တန်ကြီးနှင့် တူလှ သည်ပဲ။ နှုတ်ခမ်းမွေးကားကားကြီးကြောင့်ပိုတောင်တူသွားသေးသည်။ ဝေယံ မုန့်ချိုမစားနိုင်တော့ဘဲ ရယ်ချင်လာသည်။ ချမ်းငြိမ်းကိုလည်း ပြောပြချင်လာသည်။ သို့သော် မလေးမစားဖြစ်မည်စိုး၍ ဝေယံ ဟန် မပျက်နေနေရသော်လည်း အလွန်ကလိကလိဖြစ်နေပြီ။ ချမ်းငြိမ်းကို ကြည့်လိုက်၊ ရယ်ချင်စိတ်ကိုမျိုချ လိုက် ဖြစ်နေတော့ ချမ်းငြိမ်းကသိသွားပုံရသည်။ အနိတာကိုထိုင်ခိုင်းပြီး ဝေယံနှင့်ပန်းကန်ဆေးမည်ဟု ဆိုကာ ဆွဲခေါ်လာ၏။ ဝေယံ့မှာ ထိန်းရလွန်း၍ ဗိုက်ပါနာနေပြီ။
“ခွီး.. သေတော့မယ်ဟ။ ချမ်းငြိမ်း.. ငါလေ အဘိုးကြီးကိုကြည့်ရင်း အာလာဒင်ကားထဲက စူလ်တန်ကို မြင် လာတာ။ မင်းရောမထင်ဘူးလားဟင်။ ဟားဟား.. အား.. တကယ်တအားတူတယ်နော်။ သူ့နှုတ်ခမ်းမွေး ကြီးနဲ့ ပါးဖောင်းဖောင်းကြီးကိုခေါင်းပေါင်းကြီးဆောင်းပေးလိုက်ရင် ကွက်တိပဲ။ ဟားဟားဟား”
ဝေယံ ဗိုက်နှိပ်၍ ရယ်နေတုန်း ချမ်းငြိမ်းက ငေးကြည့်နေ၏။ သို့သော် ချမ်းငြိမ်း မျက်ဝန်းများတွင် မြတ်နိုး ရိပ်များ ပြည့်နေသည်ကို မြင်တော့ ဝေယံရယ်နေသည်ကို ရပ်လိုက်မိပြီ။ တိုင်ပင်စရာမလိုဘဲ နှစ်ယောက် လုံးက တစ်ယောက်ကိုတစ်ယောက် ထွေးယှက်ပိုက်ထွေးပြီးသားဖြစ်သွားသည်။
“ချစ်ဖို့ကောင်းတယ်”
“အဲဒါမင်းကြောင့်လေ။ မင်းလျှောက်လျှောက်ပြောလို့ ငါလျှောက်စိတ်ကူးယဉ်ပြီး ရယ်ချင်သွားတာ”
“ကိုယ့်အမှားမို့လို့ ကိုယ့်ကို အပြစ်ပေးလိုက်ပါတော့”
ထိုစကားကို ဝေယံ့မျက်နှာနှင့် နီးကပ်စွာထားပြီး ပြောလာသော ချမ်းငြိမ်းကြောင့် ရင်ခုန်သံတွေ ဆူညံ သွား၏။ အပြစ်ပေးရမယ်တဲ့။ ဝေယံ အပြစ်ပေးရလျှင် ချမ်းငြိမ်းနှုတ်ခမ်းတွေပေါက်ထွက်သွားမည်ထင်၏။
သို့သော် ဝေယံ မရပ်တံ့လိုက်နိုင်ပါ။ ဝေယံ့နှုတ်ခမ်းတို့က မုန့်ချိုထက် ပိုချိုမြိန်သော ချမ်းငြိမ်းနှုတ်ခမ်းတို့ ကို လောဘတကြီး သိမ်းပိုက်ခဲ့ပြီးပြီ။ ဝေယံ့လက်တို့က ချမ်းငြိမ်းလည်ပင်းကိုသိုင်းဖက်ထားပြီးပြီ။ ဘုရား သခင်.. ဤလူသားကို ဝေယံ အပိုင်ရချင်သည်။
ထိုအတွေးနှင့် ဝေယံ ရူးချင်လာ၏။ ချမ်းငြိမ်းအေးဟန်ကို အပိုင်ရဖို့ဖြစ်နိုင်ပါ့မလား။ ချမ်းငြိမ်းအေးဟန် က ဝေယံ့ကို ချစ်သည်ဆိုလျှင်ပင်…။ ဝေယံ့ အနမ်းတွေရပ်တံ့သွားပြီး ဖက်ထားလျှက်က ငေးငိုင်သွား၏။
“ဘာဖြစ်လို့လဲဟင်။ ကိုယ့်ကိုပြောပါဦး”
“ငါလေ…”
“အင်း၊ ဝေယံ။ အဆင်ပြေရဲ့လား။ ကိုယ့်ကိုပြောနော်”
“ငါ မင်းကို ချစ်လွန်းလို့ သေတော့မယ်”
ခုနကပဲ အတောမသတ်ရယ်နေခဲ့သော ဝေယံက ယခုတော့ မျက်ရည်တွေနှင့်ပြည့်လျှံလာခဲ့ပြီ။ ဝေယံ့ဘဝ မှာ ယခုကဲ့သို့ စိတ်နှစ်ခွမျိုး တစ်ခါမှမဖြစ်ဖူးခဲ့ပေ။ ဝေယံသည် အနိုင်ရခြင်းများနှင့်သာ အသားကျခဲ့ပြီး ချမ်းငြိမ်းနှင့်ကျမှ ပေါက်ကရတွေဖြစ်နေရသည်။
“ဝေယံ။ ကိုယ်မှားပါတယ်။ ကိုယ်တောင်းပန်ပါတယ်”
ချမ်းငြိမ်းက ဘေးနားရှိ တစ်ရှူးတစ်ရွက်ကိုဆွဲယူပြီး ဝေယံ့ကို တို့ထိပေးနေ၏။ ဝေယံ ထိုအခြေအနေကြီး ကို စိတ်ပျက်သည်။ လူတစ်ယောက်ကိုချစ်လွန်း၍ မျက်ရည်ကျမိသည်တဲ့။ ဒုက္ခပဲ။
“မင်းက ဘာကိုတောင်းပန်တာလဲ ငတုံးရဲ့”
“ကိုယ့်ကိုချစ်မိစေလို့”
ချမ်းငြိမ်းက နည်းနည်းမှ လိမ်ညာတတ်သူမဟုတ်ကြောင်း ဝေယံသိသည်၊ ယုံလည်းယုံကြည်သည်။ ထို့ကြောင့် ချမ်းငြိမ်း၏ တောင်းပန်စကားနှင့် အကြောင်းပြချက်စကားသည် ဝေယံ့ရင်ကို ထိခတ်စေ၏။
“အရူး… မင်းက အရူး။ မင်းက ငါ့နှလုံးသားကိုခိုးသွားတဲ့ အရူးမှော်ဆရာ”
“ကိုယ်မရည်ရွယ်ပါဘူး”
ထိုသို့ပြောတော့လည်း ဝေယံ စိတ်တိုရသေးသည်။ မရည်ရွယ်သည့်လူအတွက် ဒီကောင်က သေမလို ဖြစ်နေရတာလား။ ချမ်းငြိမ်းလက်ကိုဖယ်ချပြီး ဝေယံ ပြန်တော့မည်လုပ်တော့ချမ်းငြိမ်းက ရှေ့မှတားဆီး လိုက်၏။ ပထမတခါကလည်း ချမ်းငြိမ်း ထိုသို့တားခဲ့ဖူးသည်ပဲ။
“ကိုယ့်ကို ချော့ခွင့်ပေးပါဦး။ ကိုယ်စာဖတ်ပြချင်တယ်။ မင်းကို သေချာပေါက် ဖတ်ပြချင်တဲ့ စာအုပ်တွေ ကိုယ့်မှာ အများကြီးပဲ။ ကိုယ့်ကို အဲဒီအခွင့်အရေးပေးသနားပါဦး”
ပေးသနားပါဦး တဲ့။ ထိုစကားတစ်ခွန်းနှင့်တင် ဝေယံ မပြန်ဖြစ်ခဲ့ပါ။
=============================================================================
ကြည်သာ့အတွက်တော့ အရာရာသည် မီးခိုးမြူများပင်ဖြစ်နေသည်။ ပေါ့ဆမိသည့် ကိုယ့်ကိုယ်ကိုယ် မုန်း တီးသည်။ ကြည်သာသည် ချမ်းငြိမ်းသူငယ်ချင်းဖြစ်သော ကျော်ဇောနှင့်ဖုန်းပြောခွင့်ရခဲ့၏။ ကျော်ဇော ပြောပြတော့မှ ဝေယံ ဖုန်းဆက်ခဲ့မှန်းသိလေသည်။ ဝေယံသည် ကြည်သာနှင့်ပြတ်စဲပြီးနောက်တွင် တကူး တကဖုန်းဆက်ကာ ချမ်းငြိမ်းကိုရှာခဲ့သည်တဲ့။ အဖြစ်အပျက်များကို ကြည်သာ ဆက်စပ်တွေးတောမိလာ သည်။ ဝေယံသည် ကြည်သာကျပျောက်ခဲ့သော အသံသွင်းစက်ကို မတော်တဆသိမ်းထားမိရင်းဖြင့် ချမ်းငြိမ်းအသံကို စွဲလမ်းခဲ့မိမည်။ ထို့နောက် ချမ်းငြိမ်းကိုဖုန်းဆက်ရှာရမှ ကျော်ဇောမှတဆင့် အမေရိကား သို့ရောက်နေကြောင်းသိခဲ့လိမ့်မည်။ အရာအားလုံးတွင် ဝေယံက တစ်လှမ်းသာသွားသကဲ့သို့ ကြည်သာ ခံစားနေရ၏။ ကြည်သာ့အတွက်တော့ ချမ်းငြိမ်းသဘောကျသူက ဝေယံဖြစ်နေသည်ကို ဝင်စွက်ဖက်ခွင့် မရှိသည်ကိုသိပါသည်။ သို့သော် ဝေယံခသည် ကြည်သာ့အတွက်ရည်ရွယ်သော ကြည်သာပိုင်ဆိုင်သော အရာကို ခိုးယူပြီးမှ ချမ်းငြိမ်းကို သဘောကျသွားသည်ဆိုလျှင် မတူညီတော့ပါ။ ကြည်သာ ဤကိစ္စကို သတိကြီးကြီးထား၍ ကိုင်တွယ်ရမည်ဟုလည်း သဘောပေါက်သည်။
“ကလေးရေ.. တို့တော့ အလုပ်သင်လျှောက်ထားတာထွက်လာပြီ”
ပူရှိန်းသကြားလုံးကို ထုတ်ငုံနေစဉ် အပြေးလာဖက်သော ဆူဇန် ကြောင့် အတွေးစတို့ပျက်သွားရ၏။
“ဟုတ်လား။ ဘယ်မှာလုပ်ရမယ်တဲ့လဲ”
“တို့ နယူးယောက် က မန်ဟက်တန် စိတ်ကျန်းမာရေးဌာနမှာ လေ့လာခွင့်ရမှာ။ ၃ လ”
“ဪ..”
ကြည်သာ မပျော်ပေးနိုင်တာ တွေ့တော့ ဆူဇန် မျက်နှာလေးငယ်သွား၏။ စိတ်မကောင်းသော်လည်း ဆူဇန် သည် အမေရိကားရှိ ပြည်နယ် ၅၀ တွင် နယူးယောက် ကိုမှ သွားရမည်မဟုတ်လား။ နယူးယောက် ကို စိတ်ထဲမှ ကြည်သာ မုန်းတီးလာမိသည်။
“ကလေး.. စိတ်ဆိုးနေသလားဟင်”
“ကိုယ့်မျက်လုံးတွေကိုတည့်တည့်ကြည့်စမ်းပါ ဆူဇန် ဘရောင်း. မင်းက သိပ်တော်တဲ့ မိန်းကလေးပဲ။ မန်ဟက်တန် ဟာ အများစုရဲ့အိပ်မက်မဟုတ်လား။ မင်းရသွားတဲ့အတွက် ကိုယ် ဂုဏ်ယူတယ်။ ဒါပေမဲ့ ကိုယ်မပျော်ဘူး။ ကိုယ် အဲဒီမြို့ကိုမုန်းတယ် ဆူဇန်. ကိုယ့်ကို အဲဒီလူက တခြားတစ်ယောက်အတွက်နဲ့ ထားပြီး အဲဒီမြို့ကိုထွက်သွားတယ်။ အခုမင်းလည်းသွားဦးမယ်။ ပြောကြည့်ပါဦး၊ ကိုယ့်မှာ မုန်းဖို့ မလုံ လောက်ဘူးလား”
ဆူဇန် က “အို ကလေးရယ်” ဟုဆိုကာ ဖွဖွလေးဖက်ထားသည်။အနောက်နားမှဖြတ်သွားသော မိန်းမ တစ်ယောက်၏ အကြည့်ကို ကြည်သာက ခပ်စူးစူးပြန်ကြည့်ရင်းတုံ့ပြန်လိုက်၏။ ကြည်သာနှင့် ဆူဇန် တို့ ၏ ခင်မင်ရင်းနှီးမှုကို အဆောင်မှလူများက အနည်းငယ် တီးတိုးပြောလာကြသည်ကို ကြည်သာသိသည်။ သို့သော် ပြန်ဖြေရှင်းရန် ကြည်သာစိတ်မဝင်စားပါ။ ဆူဇန် ကလည်း ဖြေရှင်းလိမ့်မည်မဟုတ်။ မသိ၍ မဟုတ်ဘဲ ဆူဇန် သည် ထိုအဖြစ်ကိုကျေနပ်နေသောကြောင့်ဖြစ်မည်။
“မင်းသွားပါ၊ ဆူဇန်. ကိုယ်ဂုဏ်ယူပါတယ်။ ကိုယ်လည်း Lab Test ပြီးတဲ့အခါ လာလည်မှာပေါ့”
“အေး။ တို့ ဘောင်မကျော်ဖို့ စဉ်းစားထားခဲ့ပြီး အေးကိုလည်း အဲဒီကိစ္စရှောင်မေးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တို့ သေချာသိသင့်ပြီလို့ထင်တယ်။ အေးရဲ့ အစ်ကိုက အေးရဲ့ဘဝမှာ ဘယ်လိုလူမျိုးလဲ”
ကြည်သာ့မျက်လုံးတွေမီးတောက်သွားသည်ထင်၏။ ဆူဇန် ဘရောင်း ဟာ ကိုယ့်နေရာကိုယ်မသိတာပဲ။
“အေးက အေးရဲ့ ex ထက် အေးရဲ့အစ်ကိုအကြောင်းပိုပြောတယ် ပိုခံစားတယ်ဆိုတာသိရဲ့လား”
“ကိုယ် ဘယ်လိုခံစားလဲဆိုတာ မင်းဝင်ပြောစရာအကြောင်းမရှိဘူး ဆူဇန် ဘရောင်း. ပြီးတော့ မင်းသိချင် တာ တခါတည်းဖြေပေးမယ်။ ချမ်းငြိမ်းအေးဟန်ဟာ ကိုယ့်ဘဝရဲ့ကိုးကွယ်ရာပဲ။ ကိုယ့်စကြဝဠာမှာ သူ ဟာ တန်ခိုးရှင်ပဲ။ ပြီးတော့ ကိုယ့်ရဲ့အရာအားလုံး။ ကိုယ်တို့က ငရဲကိုတောင် အတူသွားကြမှာ”
ကြည်သာ ဆက်မပြောနိုင်တော့ဘဲ ရင်နာလာသဖြင့် ဆူဇန် လက်ကိုလွှတ်ချကာ ပြေးထွက်လာခဲ့သည်။ ရေချိုးခန်းဘေစင်မှာ ထိုးအန်တော့ လျှာပေါ်မှ ပူရှိန်းသကြားလုံးလေးလည်းပါသွား၏။ ကြည်သာ ကိုကို့ ကို လွမ်းနေပြီ။ ကြည်သာ ရင်ဘတ်ပေါ်မှ ကြာပန်းလေးကိုဆုပ်ကိုင်ရင်း မျက်ရည်ကျမိလာသည်။
=============================================================================
ဝေယံ့ကို စာမဖတ်ပြခင် ချမ်းငြိမ်းက လမ်းအတူတူလျှောက်ချင်သည်ဆို၍ အနီးအနားရပ်ကွက်များကို လျှောက်ကြည့်ကြ၏။ အာရှရပ်ကွက်လေးလိုဖြစ်နေသော ရပ်ကွက်များတွင် လမ်းဘေးဆိုင်လေးများကို တွေ့တော့ စိတ်အပြောင်းအလဲဖြစ်ရပါသည်။ ဝေယံ ဗိုက်မဆာတော့သော်လည်း ချမ်းငြိမ်းနှင့်အတူ စတော်ဘယ်ရီတုတ်ထိုးများ ဝယ်စားဖြစ်သေး၏။
“မင်းနဲ့ရှိနေရင် ငါတော့ ဝိတ်တက်လာတော့မှာပဲ။ ဒီရောက်တော့ Gym တောင်မဆော့ဖြစ်ပါဘူးဆိုမှ”
“ဒါဆို ကိုယ်ပဲစားလိုက်မယ်လေ”
“ချောင်းဆိုးသေချင်လို့လားဟ။ တူတူစားမယ်”
ချမ်းငြိမ်းက သဘောကျစွာရယ်လျှင် ဝေယံမှာ တခါ နတ်ပြည်ရောက်ရသည်။ ပြဿနာပါပဲ။
“ချမ်းငြိမ်း။ မင်း အားကစား ဘာလုပ်လဲ။ အရပ်မြင့်တာပဲ။ ဘောလုံးကန်လား။ ဘတ်စကတ်ဘော”
“ကိုယ် လှုပ်လှုပ်ရှားရှားကစားရတာတွေ သိပ်မလုပ်ဖူးဘူး။ ကိုယ် စာပဲဖတ်တာများတယ်”
ဝေယံ မယုံနိုင်သလိုကြည့်တော့ ချမ်းငြိမ်းက “တကယ်” ဟုထပ်ပြော၏။ ချမ်းငြိမ်း တကယ်ပြောမှန်းသိ ပါသည်။ သို့သော် ချမ်းငြိမ်းအရပ်က ဝေယံနှင့်အတူတူလောက်ရှိသည်။ ဝေယံ့မှာတော့ စာလည်းလုပ်ရ၊ အားကစားလည်းမလွတ်စေရနှင့် မျိုးစုံ လုပ်ခဲ့ရသည်။
“ကြည်သာတောင် အားကစားတော်တယ်ထင်တယ်”
“အင်း၊ ကြည်သာက ငယ်ငယ်ကတည်းက အားကစားတော်ပါတယ်။ ကြက်တောင်ချန်ပီယံလေ”
“မင်းကျတော့ ကြက်တောင်လိုက်မရိုက်ဘူးလား”
ချမ်းငြိမ်းက ခေါင်းခါ၏။ ဝေယံ့အတွက်တော့ ကြည်သာနှင့် ချမ်းငြိမ်းတို့၏ မိသားစုက ပဟေဠိကြီးလိုဖြစ် နေသေးသည်။ ကြည်သာပြောပုံအရဆိုလျှင် ချမ်းငြိမ်းနှင့် ကျောင်းလည်းမတူပါတဲ့။ ဘယ်လိုများဖြစ်ကြ သလဲမသိ။
“မင်းမိဘတွေကရော။ ဘာမှမပြောဘူးလား”
“ကိုယ်က ဖေဖေ့နားပိုကပ်ခွင့်ရခဲ့တယ်လေ။ ဖေဖေနဲ့အတူစာတွေလုပ်ပြီး ကြည်သာကတော့ မေမေ့လက် ပေါ်မှာများတယ်။ မေမေကတော့ စီးပွားရေးလုပ်တာကိုး”
ဤသည်ကိုတော့ ကြည်သာလည်းပြောဖူးတာ ဝေယံမှတ်မိသည်။ ဖေဖေက ချမ်းငြိမ်းကိုချစ်ပြီး မေမေက ကြည်သာ့ကိုချစ်သည်တဲ့။
“မင်းနဲ့ မင်းအဖေက တော်တော်ချစ်ကြလား”
ချမ်းငြိမ်း ခြေလှမ်းတို့က ရပ်တံ့သွား၏။ ချမ်းငြိမ်းမျက်နှာကို အလုံးစုံ နားမလည်သည့်တိုင် တစ်စုံတစ်ရာ အပြောင်းအလဲ အလှုပ်အခတ်ရှိသွားသည်ကိုတော့ ဝေယံ သိလိုက်ပါသည်။ ထို့ကြောင့် ပိုသိချင်သွားရ၏။
“ငါ့အတွက် နည်းနည်းထူးဆန်းနေလို့ပါ။ မင်းကိစ္စတွေလည်း ငါသိချင်တယ်လေ”
ချမ်းငြိမ်းက ဝေယံ့လက်ကို လာတွဲထားလိုက်၏။ လူထူထပ်သော ပလက်ဖောင်းတွင်ဖြစ်သည့်တိုင် ချမ်းငြိမ်းအတွက် ဤလက်ကိုတွဲဖို့လိုအပ်နေသည့်ပုံမျိုးဖြစ်၍ ဝေယံ အံ့သြသွားရသည်။
“ဖေဖေက ကိုယ့်ကိုပဲ ချစ်အောင် ကိုယ် အများကြီးကြိုးစားခဲ့ရတယ်”
ဝေယံ ထပ်မမေးဖြစ်တော့ပါ။ ထိုအစား ချမ်းငြိမ်းလက်ကိုသာ တင်းတင်းဆုပ်ကိုင်ထားဖြစ်သည်။ ဝေယံ ကတော့ ထိုသို့ကြားရသည်ကို ကျေနပ်ပါသည်။ အနည်းငယ်ဖြစ်စေ ချမ်းငြိမ်းနှင့် နီးကပ်လာသည်ဟု ထင် ရသောကြောင့်ပင်။
“စတော်ဘယ်ရီတွေမစားနဲ့တော့။ တခြားကောင်းတာစားကြတာပေါ့”
ချမ်းငြိမ်းက ခပ်နွမ်းနွမ်းပြုံးပြခဲ့ပါသည်။
=============================================================================-
ချမ်းငြိမ်း စာဖတ်ပြမည်ဆိုတော့ ဝေယံ ရင်ခုန်ပါသည်။ ထို့ကြောင့်လည်း ဝေယံက တစ်ခုတောင်းဆိုခဲ့မိ သည်။ ချမ်းငြိမ်းက အိပ်ရာပေါ်တွင် ခေါင်းအုံးကို ခါးမှီ၍ စာဖတ်ပြပြီး ဝေယံက ချမ်းငြိမ်းပေါ်ပေါ်တွင် ခဏ မျှ လှဲချင်သည်ဟု။ ချမ်းငြိမ်းကလည်း မတုံ့ဆိုင်းဘဲ ပေါင်ကိုပုတ်ပြခဲ့၏။
ချမ်းငြိမ်းမျက်နှာကို မော့ကြည့်ရသည့် ခံစားချက်က အလွန်ကောင်းပြီး ကိုယ့်ကိုယ်ကိုယ် အထူးအရေးကြီး ပုဂ္ဂိုလ်လိုခံစားလိုက်ရသည်။
“ဘာဖတ်ပြစေချင်လဲ”
“ဘာဖြစ်ဖြစ်”
ချမ်းငြိမ်းက ဘုရားစာပဲဆိုနေလျှင်တောင် ဝေယံ လိမ္မာစွာ နာယူပါဦးမည်။
“နွမ်းလျအိမ်ပြန် နားထောင်မလား ဝေယံ”
“ဘယ်သူရေးတာလဲ”
ဝေယံ ပြောပြောဆိုဆိုနှင့် စာအုပ်နောက်ကျောကိုဖတ်ကြည့်တော့ ကြည်အေး ဟု ရေးထား၏။
“ငါ ကြည်အေးကိုသိတောင်မသိဘူး။ မင်းတခါဖတ်ပြတဲ့အထဲတော့ သူ့နာမည်ပါတာသိတယ်။ သူက တော်တော်နာမည်ကြီးလား။ အမျိုးသမီးစာရေးဆရာမတွေထက် နာမည်ကြီးလား”
“ဆရာမကြီးကြည်အေးက အမျိုးသမီးပါ။ ပြီးတော့ ဆရာမကြီးက အများကြီး နာမည်ကျော်ပါတယ်”
ဝေယံ မျက်နှာရှုံ့လိုက်မိ၏။ သူမှမသိတာပဲလေ။ သူ့အတွက် မြန်မာစာပေမှမဟုတ်၊ ကမ္ဘာ့စာပေကိုလည်း ချမ်းငြိမ်းဖတ်ပြမှသာ ရင်းနှီးခဲ့ရသူမဟုတ်လား။
“နွမ်းလျအိမ်ပြန် ဆိုတဲ့ခေါင်းစဉ်က မောရမယ်ထင်တယ်။ မင်းဖတ်ပြနိုင်ရင်တော့ ငါနားထောင်ချင်တယ်”
“ကိုယ်ဖတ်ပြမှာပေါ့”
ချမ်းငြိမ်းက ပေါင်ပေါ်တွင် လှဲနေသောဝေယံ့ဆံပင်များကို ဖြည်းဖြည်းလေးဖွလိုက်ရင်း စာအုပ်ကို စ ဖတ်ပြ၏။ ဤသည်က အသံသွင်းစက် သို့မဟုတ် တခြားသောလျှပ်စစ်ကြားခံပစ္စည်းများထံမှ နားထောင် ရသည်နှင့် လုံးဝမတူပေ။ အထူးသဖြင့် ချမ်းငြိမ်း၏ လည်ပင်းသွေးကြောများကို ငေးကြည့်ရင်း လည်ပင်း အလှုပ်အခတ်ကို စိုက်ကြည့်ရင်း နားထောင်ရသည်က မည်မျှ ကြက်သီးထဖို့ကောင်းလဲ ယခုမှပင်သိရ တော့သည်။ စာရေးဆရာမကြီးကို မလေးစားရာကျမည်လားမသိသော်လည်း ဝေယံသည် အစပိုင်းတွင် ဇာတ်ကြောင်းကို အနည်းငယ်လွတ်သွားသေး၏။ ထို့ကြောင့် စိတ်ထဲမှတောင်းပန်ပြီး ချမ်းငြိမ်းကိုလည်း ကြည့်ရင်း ဇာတ်ကြောင်းကိုလည်း အာရုံစိုက်မိလာသည်။
ဇာတ်လမ်းသည် အင်မတန်မွန်းကျပ်ဖို့ကောင်းပြီး ရေးသားပုံက ပို၍ထင်းလင်းပြတ်သားစွာမွန်းကျပ်စေ သည်။ ချောင်းဆိုးသွေးပါ ရောဂါသည်ဖြစ်သော တင်မေဆိုသည့် မိန်းကလေးအကြောင်းဟု ဝေယံသိ လာ မိ၏။ ပြီးတော့ ထိုမိန်းကလေးက သတ်သေဖို့ ကြိုးစားနေသည်ပဲ။ ချမ်းငြိမ်းအသံ၏ တည်ငြိမ်မှုက ပို၍ ထိုမိန်းကလေး၏ အဖြစ်ကို ခြောက်ခြားဖွယ်ရာကရုဏာသက်စေသည်။
“တစ်ခုပဲကွာမည်။ မိမိက သက်ရှိသတ္တဝါဖြစ်၍ သေခြင်းနှင့် ရှင်ခြင်းကြားထဲက အလွန်တရာသေးငယ်လှ သည့် အချိန်ကလေးမှာ နောင်တတရားဖြစ်ပေါ်ပြီး ကြောက်ရွံ့ရုန်းကန်မှု ရှိချင်ရှိလာမည်။ သည်တစ်ချိန် ကလေးကို မုန်းကာ တင်မေသတ်သေဖို့ရာ မာနကြီးနေခဲ့ခြင်းဖြစ်သည်”
“ချမ်းငြိမ်း..”
“အင်း”
ဝေယံ့ခေါ်သံကြောင့် ချမ်းငြိမ်းက စာအုပ်ချကာ ငုံ့ကြည့်၏။
“နောင်တ… မင်းမှာရှိလား”
ချမ်းငြိမ်းက တစ်ချက်ခေါင်းညိတ်ပြတော့ ဝေယံ အံ့သြသွားရသည်။ ကြည်သာပြောဖူးသည်က ချမ်းငြိမ်း က နောင်တမရှိပါတဲ့။
“ဘာအတွက်လဲ”
ချမ်းငြိမ်းက ခဏတိတ်ဆိတ်နေပြီးမှ “ကိုယ် ဘာသာရေးစာပေတွေကိုလေ့လာဖြစ်ပြီးကတည်းက ဖြစ်ချိန်တန်လို့ ဖြစ်တာတွေပဲလို့ တွေးနိုင်လာတယ်။ ကိုယ့်အတွက် နာကျင်စရာဖြစ်စေ၊ ပျော်ရွှင်စရာဖြစ် စေ ဒါက သဘာဝပဲလို့ နှလုံးသွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့.. ကိုယ့်မှာလည်း နောင်တရစရာကိစ္စရှိဖူးတာ ပေါ့” ဟု ခပ်ဖွဖွပြန်ဖြေသည်။
“အဲဒါ ဘာလဲလို့”
“မြန်မာစာ ၈၅ မှတ်ရအောင်ဖြေခဲ့မိတာလေ”
ဝေယံသည် ထိုကြည်လင်နူးညံ့သောမျက်နှာကို နားမလည်နိုင်စွာ မော့ကြည့်နေမိ၏။ ဝေယံ ဘာမှဆက် မမေးဖြစ်တော့ ချမ်းငြိမ်းက စာအုပ်ဆက်ဖတ်ပြသည်။ သို့သော် ဝေယံ တဖြည်းဖြည်းနှင့် အိပ်ပျော်သွားခဲ့ ပါသည်။
အိပ်မက်ထဲတွင်တော့ ချမ်းငြိမ်းနှင့်အတူ ဝေယံက ဆယ်တန်းစာမေးပွဲအတူတူဖြေနေကြသည်တဲ့။
==============================================================================


Leave a comment