24 – Milky way galaxy

24 – Milky Way Galaxy

(နဂါးငွေ့တန်းဂလက်စီသည် နေအဖွဲ့အစည်းပါဝင်သော ကြယ်စင်စု ဖြစ်သည်။ ယင်းကို ကမ္ဘာမှ ညကောင်းကင်တွေ မြင်တွေ့ရသော ပုံစံကြောင့် နဂါးငွေ့တန်းဟု အမည်ပေးခဲ့ကြသည်။ ယင်း၏ အချင်းမှာ အလင်းနှစ် ၁ သိန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ထားကြသည်။)

အလုပ်မှာ ဝေယံ၏ လုပ်ဆောင်မှုများ ပုံမှန်ကဲ့သို့ ပြန်ကောင်းလာတော့ အက်ဘီ က ‘ပြောသားပဲ’ ဟူသော အပြုံးမျိုးဖြင့် စီးကရက်တစ်လိပ်တိုက်သည်။ ဝေယံသိလာသည်က စီးကရက်တိုက်ခြင်းသည် တခြားသူ များ ကော်ဖီတိုက်သကဲ့သို့ အက်ဘီ ၏ ရင်းနှီးမှုကို ဖော်ပြခြင်းပင်။ ဤတစ်ခါတော့ ဝေယံ မငြင်းဆန်လိုက် တော့ပါ။ စီးကရက်ကို အက်ဘီ မီးခြစ်ဖြင့်ပင် မီးညှိပြီး ဖွာလိုက်မိသည်။

“မင်းရဲ့လူနေမှုဘဝက မင်းရဲ့အလုပ်အပေါ် အများကြီးသက်ရောက်စေတာပဲလား”

“ကျွန်တော့်လူနေမှုဘဝထက် ကျွန်တော့်စိတ်အခြေအနေလို့ပြောရမယ်ထင်တယ် အက်ဘီ. ကျွန်တော် အခု တော့ ပျော်ပါတယ်”

“သိသာပါတယ်။ ယံ.. ငါ့ကိုကြည့်စမ်း။ ငါ ဒီ NASA Program ကိုဦးဆောင်လာတာ နှစ်တွေအများကြီးရှိပြီ။ မင်းက ငါတွေ့ဖူးတဲ့ထဲမှာ အရည်အချင်းတော်တော်ကောင်းတဲ့ ကလေးပဲ။ စာတွေ့တွေသင်ယူပြီး ငါ့ဆီ ရောက်လာသမျှ ထိပ်တန်းကျောင်းသားတွေထဲမှာတောင် မင်းကို ငါ သဘောကျတယ်။ အခု အလုပ်သင် ကာလပြီးရင် နယူးယောက် မှာဆက်နေချင်လား”

ဝေယံ ဆေးလိပ်ကို ဖွာရမည့်အစား အလောတကြီး ရှိုက်မိသဖြင့် ချောင်းဆိုးကုန်၏။ မယုံမရဲတွေလည်း ဖြစ်ကုန်ရသည်။ စိတ်ထဲမှာလည်း အချက်ပေးသံတွေနှင့် ကတုန်ကရင်ဖြစ်ကုန်၏။

“အလန့်တကြားဖြစ်သွားပုံပဲ။ မင်း အေးအေးဆေးဆေးစဉ်းစားချိန်ရပါတယ်။ NASA ရဲ့အချိန်ပြည့် ဝန်ထမ်း ဖြစ်သွားရင် မင်းအတွက် အခွင့်အရေးကောင်းတွေအများကြီးရှိတယ်။ မင်းစိတ်ဝင်စားတဲ့ Space Engineering အပိုင်းကိုလည်း နယူးယောက် ကနေ ဒီဌာနကနေပဲ လုပ်ကိုင်လို့ရအောင် စီစဉ်ပေးမယ်”

“ကျွန်တော်တို့ဌာနမှာ.. အာကာသယာဉ်တည်ဆောက်ရေးလုပ်ငန်းရှိလို့လား”

“အိုကေ။ သိပ်မကြာခင်ကပဲ Pentagon ကနေ နယူးယောက် မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ကြည့် ဖို့ ခွင့်ပြုချက်ပေးလိုက်တယ်။ ငါတို့ ဒုံးကျည်တွေ ပဲ့ထိန်းစင်တွေ တည်ဆောက်လို့ တော့ဘယ်ရမလဲ။ ဒါပေမဲ့ သေးငယ်တဲ့ spacecraft တွေဆိုရင်ဖြစ်နိုင်တယ်။ တည်ဆောက်ရေးအတွက် လိုအပ်တဲ့ပစ္စည်း တွေ သယ်ပို့ဖို့နဲ့ ဌာနတစ်ခုတည်ဆောက်ဖို့ သူတို့စီစဉ်နေတယ်။ အနည်းဆုံးတော့ မင်း တခြားပြည်နယ် ကို အမြဲတမ်းသွားနေစရာမလိုတော့ဘူးပေါ့”

(Pentagon – အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ်စခန်း)

ဝေယံ ရင်ခုန်သံတွေ ထိန်းမရအောင်မြန်သွားသည်။ ဤအခွင့်အရေးက ဝေယံ့အတွက် အကုန် ကွက်တိ ကျနေသော အစီအစဉ်ဖြစ်သည်။ ဘုရားသခင်၏စီစဉ်မှုပဲလား။ ဝေယံ၏ နဂိုမူလအစီအစဉ်အရတော့ အလုပ်သင်ကာလပြီးဆုံးလျှင် တခြားပြည်နယ် (ဝါရှင်တန်နှင့် တက္ကဆက်စ်) တစ်ခုခုရှိ NASA ရုံးသို့ လျှောက်လွှာကြိုးစားတင်ကြည့်ဖို့ဖြစ်သည်။ သို့သော် ချမ်းငြိမ်းက ကိုလံဘီယာ တက္ကသိုလ်ကိုရွေးချယ်ခဲ့ သောအခါ ဝေယံ အနည်းငယ်ပြန်စဉ်းစားနေရ၏။ ချမ်းငြိမ်းက ဝေယံနှင့်နီးကပ်ဖို့ ဟားဗတ် ကိုပင် စွန့် လွှတ်ခဲ့ပြီး ဝေယံကတော့ အလုပ်ကိုမစွန့်လွှတ်နိုင်ဟု အထင်မခံချင်။ ယခုတော့ အရာအားလုံး အဆင်ပြေ သွားပြီ။

“ဒါဆို ကျွန်တော်က အလုပ်သင်ပြီးတာနဲ့တန်းပြီး အလုပ်ရပြီပေါ့နော်”

“စိတ်ညစ်ပြီး အူကြောင်ကြောင်နဲ့ ၂၄ နာရီလောက်အလုပ်တွေမလုပ်နေသ၍ ဒီ အလုပ်ခန့်မှာက အတည် ပါပဲ။ မင်း ကြိုးစားဖို့တော့လိုမယ်။ မင်းလက်တွဲလုပ်ရတော့မယ့်လူတွေက ငါတို့လို အေးဆေးသမားတွေ မဟုတ်ဘူး”

ဤသည်ကိုတော့ ဝေယံ နားလည်သည်။ အက်ဘီ သည် အလွန် အေးဆေးသော သိပ္ပံပညာရှင် တစ်ယောက် ဟု ဆိုနိုင်သည်။ ဝေယံတို့ဌာနက တိတ်ဆိတ်ပြီး အချင်းချင်းလည်း နားလည်မှု ရှိရှိကူညီတတ်သည်။ ထို့ကြောင့်လည်း ဝေယံ့အလုပ်သင်ကာလက အဆင်ပြေခဲ့ရသည်။ သို့သော် တကယ့် NASA မှလူများက ထိုသို့မဟုတ်ကြောင်း​ဝေယံ ကြားသိနေရ၏။

“ကျွန်တော် အကောင်းဆုံးပဲလုပ်မှာပါ။ ပြီးတော့ ကျွန်တော့်မှာ စိတ်ငြိမ်ဆေးရှိပါတယ် အက်ဘီ”

“ကြားရတာဝမ်းသာပါတယ်။ ဆေးတော့မလွန်စေနဲ့ပေါ့ ယံ”

အက်ဘီ က စီးကရက်ဆက်သောက်နေ၏။ ဝေယံကတော့ ရရှိခဲ့သော အခွင့်အရေးအကြောင်း ချမ်းငြိမ်းကို ပြောပြဖို့သာ စိတ်အားထက်သန်နေပြီ။ ချမ်းငြိမ်းက သေချာပေါက် ဂုဏ်ယူပေးလိမ့်မည်။

==========================================================================

ကိုလံဘီယာ တက္ကသိုလ်၏ ခန့်ထည်သော အဆောက်အဦးကြီးအောက်တွင် ဝေယံ စိတ်လှုပ်ရှားစွာရပ်နေ မိသည်။ ယနေ့ ချမ်းငြိမ်းက ဆွေးနွေးပွဲရှိသဖြင့် ဝေယံစောင့်ရဦးမည်။ သို့သော် ဝေယံ ဝင်ကြည့်ချင်သည်။ ချမ်းငြိမ်း စကားပြောသည်ကို ကြည့်ချင်မိသည်။ ချမ်းငြိမ်း စာသင်ပုံ၊ ဆွေးနွေးပုံ၊ အလုပ်လုပ်ပုံကို သိချင် မိသည်။ ချမ်းငြိမ်းကို ကြိုမပြောထားမိသဖြင့် မည်သို့ ဝင်ရမည်ကိုစဉ်းစားနေစဉ် ကျောင်းသူတစ်သိုက် ဖြတ်သွားသဖြင့် ဝေယံ အကူအညီတောင်းလိုက်ပြီး ခန်းမထဲသို့ ဝင်လာခဲ့နိုင်လိုက်သည်။ ခန်းမ၏ နောက် ဆုံးနားတွင် နေရာကပ်ယူရင်း ကြည့်လိုက်တော့ ချမ်းငြိမ်းက အိန္ဒိယ၏ စာပေအကြောင်း ဆွေးနွေးနေ၏။

ဝေယံ တစ်လုံးတစ်ပါဒမျှ နားမလည်သော်လည်း ချမ်းငြိမ်းမျက်နှာကိုငေးကြည့်ခွင့်ရသည်နှင့်ပင် ရင်ခုန် ဖို့ကောင်းသည်မဟုတ်လား။ ချမ်းငြိမ်းက သက္ကတဘာသာကျမ်းများ အကြောင်း အေးအေးဆေးဆေး ရှင်း ပြနေပြီး တခြားသူများ၏ အမေးကိုလည်း အလေးအနက်ဆွေးနွေးပေးသည်။ ချမ်းငြိမ်း မည်မျှ တော် သည် ကို ဝေယံ အသိဆုံးဖြစ်သော်လည်း ယခုကဲ့သို့ကိုယ်တွေ့မြင်ရလေ ပိုပြီး သိမ်ငယ်သွားရလေပဲဖြစ်သည်။

ချမ်းငြိမ်းက မိုက်ကိုင်ထားရင်းမှ မေးခွန်းဖြေနေရင်း ဝေယံ့ကိုတွေ့သွားဟန်ရှိသည်။ မျက်ဝန်းနက်လေး များ လက်သွားတော့ ဝေယံ ပျော်လည်းပျော်ရသလို ရင်ထဲလည်းနင့်သွားရသည်။ ပင်ပန်းနွမ်းနယ်နေရှာ တဲ့ မျက်ဝန်းနက်များပါလား။

ဝေယံ ရောက်သည်မှရေတွက်လျှင် တစ်နာရီလောက်အထိ ဆွေးနွေးပွဲကကြာရှည်သည်။ ဤသည်ပင် လျှင် ပါမောက္ခကရပ်ပေးလိုက်၍ ဖြစ်သော်လည်း ချမ်းငြိမ်းကိုရပ်၍ စကားလာပြောသူများကရှိသေး၏။ ဝေယံ ဂုဏ်လည်းယူသလို စိတ်လည်းတိုသွားရသည်။ အတွေးအခေါ်ပိုင်းဆိုင်ရာကလူတွေက အဲဒီလို လူမှုရေးမသိတတ်ကြဘူးပဲဟု ဟားဗတ်တုန်းကအတွေ့အကြုံနှင့်ပါယှဉ်၍ ဝေယံ တွေးမိသွား၏။ ဝေယံ မှာ မရည်ရွယ်ပါဘဲ ချမ်းငြိမ်းသင်ပေးထားသည့် အသက်ရှူလေ့ကျင့်ခန်းကို မှန်မှန်လုပ်ကြည့်နေရသည်။ စိတ်တိုလာ၍ ဆုပ်ထားမိသည့်လက်သီးကိုလည်း ဆုပ်ချည်ဖြန့်ချည်လုပ်နေရသည်။

“ကိုယ့်ကိုမပြောဘဲ လာပြီးတော့ အကြာကြီးစောင့်လိုက်ရတာ ပျင်းနေပြီလား”

လူကမရောက်လာသေး၊ ဝေယံ သိပ်မုန်းတီးသည့် ပူရှိန်းနံ့ရလိုက်တော့ မျိုသိပ်ထားရသည့် ဒေါသက ထောင်းခနဲထွက်သွားရသည်။ တခြားလူများရှိနေသေးသည့် နေရာမှနေ၍ ချမ်းငြိမ်း လက်ကိုဆွဲ၍ အမြန် ဆုံးထွက်ခွာလာခဲ့ပြီး အပြင်ဘက်ပန်းခြံရှိ ခုံတန်းတစ်ခုမှာ ထိုင်လိုက်၏။

“စိတ်ဆိုးနေတာလားဟင်”

“ချမ်းငြိမ်းအေးဟန်။ မင်းကိုယ်မင်း နတ်ဘုရားထင်နေတာလား။ ခါးက ဒဏ်ရာပြန်နာနေပြီမဟုတ်လား။ မင်း ဒီနေ့ ဘယ်နှနာရီတောင် မတ်တပ်ရပ်ခဲ့ရတာလဲ။ ငါ့ကိုပြော”

ချမ်းငြိမ်း မျက်နှာက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးသည်။ နွမ်းလျနေသည့်မျက်နှာမှာပင် ထိုအပြုံး က မြင်ရသူကို ကြည်လင်စေသေး၏။

“စိတ်ပူနေတာပဲ။ တော်သေးတာပေါ့။ ကိုယ် အဆင်ပြေပါတယ်။ မတ်တပ်ရပ်ရတာကတော့ ဒီလိုပဲပေါ့။ ဆေးလိမ်းတာလည်း ကြိုလိမ်းထားတာပါ။ ကိုယ် တကယ် ဘာမှမဖြစ်ဘူး။ ဝေယံ.. ကိုယ် လိမ်မပြော တတ်တာ မင်းအသိဆုံးပဲဟာ”

ဝေယံ မကျေမနပ်ဖြင့် ပြောချင်သေးသော်လည်း ချမ်းငြိမ်းလက်က ဝေယံ့နားရွက်ဖျားနားရောက်လာ သဖြင့် တောင့်သွားရ၏။

“ချမ်းငြိမ်း.. ဒါ မင်းကျောင်းမှာဟ”

“အဲဒီတော့ရော… ကိုယ့်ကျောင်းမှာ မင်းကိုမချစ်ရဘူးလို့ ပြဌာန်းချက်မရှိပါဘူး”

ဝေယံမှာ ပြောစရာစကားမဲ့ရပြန်သည်။ သို့သော် ချမ်းငြိမ်းက လက်ပြန်ရုတ်ပေးသဖြင့် သက်သာရာရပါ သည်လေ။ ဝေယံ့အတွက်တော့ လူမြင်ကွင်းမှာ ချစ်ပြကြဖို့ အမြဲတမ်းအဆင်သင့်ဖြစ်မနေသေးပါ။

“မင်းကလည်း ပြောစရာစကားတွေသိပ်များတာပဲလား။ ငါရောက်နေတာကိုတောင် စကားစဖြတ်ခဲ့လို့ မရဘူးလား”

ချမ်းငြိမ်းက ခပ်အေးအေးလေးပြုံးသည်။

“ကိုယ်စောင့်နေတာ”

“ဘာကိုလဲ”

“ကိုယ့်ကိုများ ကိုယ်ကောင်လေးက လာခဲ့လို့ လက်ကိုဆွဲပြီး ခေါ်ထုတ်သွားမှာကိုလေ”

“ဆုတောင်းလေ။ ငါက မင်းရဲ့လူတွေရှေ့မှာ ခေါ်ထုတ်ရဦးမယ်”

“ကိုယ် စိတ်ထဲက ဖြစ်ချင်မိတာတကယ်ဆိုတော့ ကိုယ်ဆုတောင်းခဲ့တယ်ပဲဆိုကြပါစို့လေ”

ဝေယံ ဆွံ့အရပြန်သည်။ ဒီကောင်နဲ့လည်း ဝေယံ ပြန်ကောင်းဖို့လမ်းမမြင်ပါ။

“ကိုယ်က အလုပ်ကိုရော စာကိုရော တာဝန်ကိုရော အာရုံစိုက်ပါတယ်။ ဒါပေမဲ့ မင်းမျက်နှာကိုမြင်ရချိန်မှာ ကိုယ် တကယ် အပြင်မှာလျှောက်လည်ချင်စိတ်ပဲရှိတယ်။ ကိုယ့်စိတ်တွေ ပျံ့သွားတာမင်းသိလား။ ကိုယ် ပြောလက်စ ဇာတ်ပုံပြင်တွေပါ မေ့ချင်သလိုဖြစ်သွားလို့ စာရွက်ပြန်ကြည့်လိုက်ရတယ်လေ”

“မသိဘူး”

ဝေယံ ရှက်ရှက်နှင့် ဖြေမိသည်။ ဝေယံ ပွဲထဲမှာရှိနေသော်လည်း တကယ်ပင် ချမ်းငြိမ်းဘာပြောသွားလဲ မသိလိုက်ပါ။ ချမ်းငြိမ်း မျက်နှာ အလှုပ်အခတ် အပြောင်းအလဲ၊ ပြီးတော့ ချမ်းငြိမ်းရဲ့လည်ပင်းမှ လှုပ်ရှားမှု လောက်ကိုသာ အာရုံစိုက်နေခဲ့မိသည်ကိုး။

“ဘာပဲဖြစ်ဖြစ် ကိုယ် သေချာလုပ်နိုင်ခဲ့ပါတယ်။ မင်းရှိနေလို့ ကိုယ် ပိုပြီး အားရှိခဲ့တယ်”

“ဟုတ်လို့လား”

ဝေယံ မယုံရဲပါ။ လိမ်မပြောတတ်သူကို သံသယထားသည်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ခြင်း သာဖြစ်ကြောင်း ချမ်းငြိမ်းအေးဟန်ကို သိစေချင်ပါသေးသည်။

“အင်း။ ပြီးတော့ ကိုယ့်ကို စကားလာပြောနေတဲ့လူတွေက ဝါရှင်တန် ကနေတောင် ဒီကိုလာခဲ့တာမို့လို့ ထွက်လာလိုက်ဖို့ခက်သွားတာပါ”

“သူတို့က ဘာလာလုပ်တာလဲ”

“သူတို့က အောက်လွှတ်တော်က အမတ်တချို့ရဲ့ကိုယ်စားလှယ်ပါ။ မြန်မာနဲ့ပတ်သက်ပြီး ပေါ်လစီတွေ ချမှတ်ဖို့ပေါ့။ မြန်မာကျောင်းသားတွေကိုယ်စား တွေ့ကြတာပါ။ ဒါကတော့ informal ပေါ့။ မနက်ဖြန်မှ တရားဝင်တွေ့ဆုံပွဲရှိတာ”

ဝေယံ မျက်ခုံးပင့်သွားရသည်။ ချမ်းငြိမ်းထံမှ နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာကို ပထမဆုံး ကြားသိလိုက်ရသောကြောင့်လည်းဖြစ်မည်။

“မင်းက နိုင်ငံရေးတွေပါလုပ်တာလား”

“ကိုယ် တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားကြည့်တာပါ။ ဒီတိုင်း.. ကိုယ့်နိုင်ငံကကလေးတွေကို ကူညီချင် တယ်။ လျှပ်စစ်မီး တောင်မရှိတဲ့ ဒေသတွေမှာ တခြားဖွံ့ဖြိုးမှုကို ဘယ်လိုမျှော်လင့်ကြမှာလဲ။ ကိုယ့် သူငယ်ချင်းထဲမှာ သုခ ဆိုတာရှိတယ်။ သုခက Save the Children မှာလုပ်တာ။ ရွာတွေဘက်ကို သူကွင်း ဆင်းရင် ကလေးတွေကပျော်ကြတယ်။ ပုံပြင်စာအုပ်တွေ ပါသွားတာကိုး။ ပြီးတော့ ကိုယ်ဖတ်ပြထားတဲ့ ပုံပြင်တွေကိုလည်း သုခ က ဖုန်းထဲကနေဖွင့်ပြတယ်လေ။ ဝမ်းနည်းဖို့ကောင်းတာက အဲဒီကလေးတွေမှာ ကိုယ်ဖတ်ပြထားတာကို သိမ်းထားဖို့ နည်းလမ်းမရှိဘူး။ တစ်ရွာလုံးမှာရှိတဲ့ ဆိုလာပြားလေးတွေက ဖုန်း တစ်လုံးစာ အားသွင်းဖို့တောင်မလောက်ဘူး။ ပြီးတော့ အဲဒီဒေသတွေက ရေအားလျှပ်စစ်အထုတ်နိုင်ဆုံး ဒေသတွေဖြစ်နေပြန်တယ်”

ဝေယံ အနည်းငယ်နေရခက်သွားသည်။ ချမ်းငြိမ်းတွေးသည့်ကိစ္စမျိုးကို ဝေယံ မတွေးမိဖူးပါ။ ဝေယံ့မှာ တခြားသူအတွက် တွေးဖို့ အချိန်ရှားပါးပြီး ကိုယ့်တစ်ကိုယ်စာသာကြည့်ခဲ့သည်ကများလှ၏။ သို့သော် ဝေယံ့ချစ်သူကတော့ ဤသို့မဟုတ်ပါ။ နိုင်ငံရပ်ခြားမှာ ပညာတော်သင်လာနိုင်သည့်တိုင် ကိုယ့်နိုင်ငံမှ ဝေးလံခေါင်သီသော ဒေသများအကြောင်း စိတ်ဝင်စားမှုရှိနေဆဲ။ ဝေယံတို့က ဝေးကွာလှပါလား။

“ကိုယ် အများကြီးတွေ လုပ်နေတယ်လို့ မင်းတွေးနေလား ဝေယံ”

“မင်းလုပ်တာက မှန်ပါတယ်။ ကောင်းလည်းကောင်းတယ်။ ငါ့အမြင်ကို ဘာဖြစ်လို့ဂရုစိုက်နေတာလဲ”

“ကိုယ် ဒါကို သူတော်ကောင်းဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး ဝေယံ။ အဲဒါကြောင့် ကိုယ့်ဆီကနေ ဒါမျိုး ကြားသိရတိုင်း မင်းကိုယ်မင်းနဲ့ ယှဉ်နေတာမျိုးရပ်စေချင်တယ်”

ဝေယံ သက်ပြင်းချလိုက်မိသည်။ ချမ်းငြိမ်းက စိတ်ဖတ်တတ်သူမဟုတ်လျှင်ပင် တပါးသူကို ဖောက်ထွင်း နားလည်သူပင်။

“ငါ.. ကချင်ပြည်နယ်မှာကြီးပြင်းခဲ့တာ ချမ်းငြိမ်း။ ငါရောက်ဖူးတဲ့ ရွာလေးတွေတချို့လည်း အဲဒီအခြေ အနေနဲ့ မတိမ်းမယိမ်းပါပဲ။ လျှပ်စစ်မီးရှိရင်တောင် ဘာမှမလုပ်နိုင်တဲ့ရွာလေးတွေရှိတယ်။ ဒါပေမဲ့ ငါ တခါ မှ မင်းလိုမတွေးခဲ့ဖူးဘူး။ ငါ့မှာ ငါ့ဘဝအတွက်ကလွဲလို့ ဘယ်သူ့အတွက်မှမတွေးဖူးဘူး”

“မင်း ကိုယ့်အတွက်တွေးပေးတယ်လေ”

ဝေယံ ပြုံးပင်မပြုံးနိုင်ပါ။ ချမ်းငြိမ်းက ဝေယံ့ကိုနားလည်စွာဖြင့် အနားသို့တိုးကပ်ပြီး ဖက်ထားရန်ပြင်စဉ်

ဖုန်းတစ်ကောလ်ဝင်လာ၏။ နံပါတ်က မြန်မာပြည်မှဖြစ်သောကြောင့် ဝေယံ စိတ်ထဲလန့်သွား၏။ အဖေ ဆက်သည်ပဲ။ အဖေသည် အကြောင်းကိစ္စမရှိဘဲ ဝေယံ့ကို ဖုန်းမဆက်တတ်ပါ။ ဝေယံ ဘာကြောင့်မှန်း မသိဘဲ ဖုန်းကိုင်လိုက်ဖို့ ကြောက်နေခဲ့သည်။

“ကိုယ်.. ရှောင်ပေးမယ်နော်”

“မလိုဘူး။ ငါ့ဘေးမှာနေ။ ငါ့ဘေးမှာ မင်းအသက်ရှူနေရင် ငါငြိမ်းချမ်းတယ်”

ဝေယံက ချမ်းငြိမ်းလက်ကိုဆွဲကိုင်ထားရင်း ဖုန်းကိုင်လိုက်၏။

“ဟယ်လို။ အဖေလား”

“အေး။ ဝေယံ။ မင်းတို့ဆီမှာ အခုဘယ်အချိန်လဲ။ အလုပ်လုပ်ချိန်တော့မဟုတ်ဘူးမလား”

အဖေ့စကားသံက ခပ်ပြတ်ပြတ်။ သို့သော် ဝေယံသိသည်။ တစ်ခုခုမှားယွင်းနေပြီ။

“ညနေ ၅ နာရီခွဲပါ။ ကျွန်တော် အလုပ်ဆင်းပါပြီ။ ပြီးတော့ ကျွန်တော် သတင်းကောင်း..”

“မင်းအမေ ညက ဆုံးတယ်။ နှလုံးရောဂါနဲ့ပဲ။ မင်းကို လှမ်းအသိပေးတာ။ ပြန်လာဖို့တော့ မလိုဘူး။ သူ့မောင်တွေလည်း ရောက်နေပြီ။ ဆွမ်းကပ်တာတွေဘာတွေလုပ်လိမ့်မယ်။ ဒါပေမဲ့ မင်းပြန်လာလည်း မမီဘူး။ အဲဒီကနေပဲ မင်းအမေကို သတိတရ ကန်တော့လိုက်”

ဝေယံ ကြောက်လန့်တကြားဖြင့် ချမ်းငြိမ်းလက်ကို အတင်းဖျစ်ညှစ်ထားမိ၏။ ဝေယံ ဤသို့ မကြောက် ဖူးပါလေ။ မေမေ… မေမေက ဘာဖြစ်လို့။ ဝေယံ့ခေါင်းထဲလည်း သွေးတွေဆောင့်တိုးနေ၏။

“ဘာ..ဘာဖြစ်လို့…”

“မင်းစိတ်ညစ်နေစရာမလိုဘူး။ မင်းအမေ ဘယ်လိုလူလဲမင်းသိတယ်မဟုတ်လား။ သူက ကောင်းကင် နိုင်ငံမှာလည်း အဆင်ပြေမယ့်သူ။ ငါတို့ကိုလည်းစိတ်ပူဖို့မလိုဘူး။ ငါ အဆင်ပြေတယ်။ မင်း ပိုက်ဆံလိုရင် တော့ လှမ်းပြော။ ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်”

ဝေယံ ကြောင်ပြီး ဖုန်းကိုင်ထားမိတုန်း အဖေကတော့ ဖုန်းချသွားခဲ့ပါပြီ။ ဝေယံ ထိုင်နေသော်လည်း စိတ် က ကချင်ပြည်နယ်သို့ပြေးသွားမိပြီ။ မေမေ.. ဝေယံ့အောင်မြင်မှုတွေကို ဂုဏ်ယူဖို့ မေမေကရှိမနေတော့ ပါလား။ ဝေယံ့အတွက်တော့ အဖေနှင့် ဤမျှမရင်းနှီးသော်လည်း မေမေကတော့​ ဝေယံ့ကို ပညာရေးနှင့် ပတ်သက်၍ အစစအရာရာ တတ်နိုင်သမျှ ပံ့ပိုးပေးခဲ့ပါသည်။ ရန်ကုန်မှာမနေသည့်တိုင် ဝေယံသည် အင်္ဂလိပ်စာနှင့် သိပ္ပံကို ရန်ကုန်ထိပ်တန်းကျောင်းသားများထက်ပင် ပိုတော်နေခဲ့သည်မှာ မေမေ့ပံ့ပိုးမှု  ကြောင့်ဖြစ်သည်။ ဝေယံ ဝန်ခံပါသည်၊ အမေရိကားမှာကျောင်းတက်မည်ဆိုကတည်းက ဝေယံ ပြန်လာ လိုက်ဖို့ စိတ်ကူးမရှိခဲ့ပါ။ သို့သော် ဤသည်ကလည်း မိဘကိုအဆက်ဖြတ်ဖို့မဟုတ်ပါပေ။ ဝေယံ အလုပ်ရ ၍ အခြေချနိုင်လျှင် မိဘများကို လှမ်းခေါ်ပြီးကောင်းကောင်းထားဖို့တော့ အစီအစဉ်ရှိပါသည်။ ယခုတော့..

“ဝေယံ.. ဝေယံ.. ကိုယ့်ကိုကြည့်။ ကိုယ်ရှိတယ်နော်။ မင်း အရမ်းနာကျင်နေရမှာသိတယ်။ ဒါပေမဲ့ ကိုယ် ရှိ တာမို့လို့… မင်းတစ်ယောက်တည်းမဟုတ်တာမို့လို့ ကိုယ့်ကိုကြည့်ပါဦး”

ချမ်းငြိမ်းက ဝေယံ့လက်ကိုအုပ်မိုးကိုင်ထားပြီး ခုံတန်းရှည်လေးအောက်မှာ ဒူးတစ်ဖက်ထောက်ကာ စိုးရိမ် တကြီးပြောနေ၏။ သို့သော် ဝေယံ မည်သို့ခံစားရမည်ကိုမသိတော့ပါ။

“ငါ… ငါ့အမေ… မရှိတော့ဘူး”

“ဝေယံ။ မင်းငိုလို့ရတယ်နော်။ မင်းခံစားရတာတွေ ဖွင့်ထုတ်လို့ရတယ်”

ဝေယံ ငိုချချင်ပါသည်။ တကယ်ပင် ငိုချချင်ပါသည်။ သို့သော် ဝေယံ မတ်တပ်ထရပ်လိုက်မိ၏။ ခြေမခိုင် ချင်သဖြင့် လဲကျမလိုဖြစ်တော့ ချမ်းငြိမ်းက ထိန်းထားပေးပါသည်။

“ကိုယ် Cab ငှားလိုက်မယ်။ အိမ်ပြန်ကြစို့နော်”

ဝေယံ ခေါင်းညိတ်မိလား၊ ခေါင်းခါမိလား မသိပါ။ Cab ဝါဝါကို ဝေယံတွေ့မိသည်ထင်သည်။ ထို့နောက် အိမ် ပြန်ရောက်လာသည်လည်းထင်သည်။ သို့သော် ဝေယံ ဘာမှသေချာမသိ။ ဝေယံသိသည်က မလွတ် တမ်းဆွဲထားသော လက်တစ်ဖက်သာ။

“အိမ်ထဲမှာ အဝတ်အစားလဲလိုက်နော်။ ကိုယ် ဟင်းချက်ပေးမယ်နော်”

“ချမ်းငြိမ်း..”

“အင်း ဝေယံ။ ကိုယ် ဘာလုပ်ပေးလို့ရမလဲ”

“မင်းပြန်ပါတော့။ မင်းရှိနေပေးတာ ငါသိပေမဲ့ ငါ.. တစ်ယောက်တည်းနေဖို့လိုအပ်လို့ပါ”

“ကိုယ်..မင်းအိမ်ထဲမှာမရှိနေရင်တော့ ရတယ်မဟုတ်လား”

ဝေယံ ဘာမှပြန်မပြောမိ။ ချမ်းငြိမ်းကို တံခါးအပြင်သို့ တွန်းပို့ပြီးနောက် ဂျက်ချကာ ဝေယံ ငိုချလိုက်မိ သည်။ အခန်းထဲသို့ပင် ပြန်မသွားနိုင်။ ဝေယံ့ တိုက်ခန်းတံခါးမှ ဖိနပ်ချွတ်လေးမှာတင် ထိုင်ချကာ ငိုချမိ တော့သည်။ မေမေ့ကို ဝေယံက အမြဲတမ်းရှိနေမည်ဟု ထင်ထားခဲ့သည်လေ။ မေမေက ငယ်ရွယ်လွန်း သေးသည်ပဲ။ ဘာကြောင့်များ မေမေက ဝေယံ့ကိုထားခဲ့နိုင်ရသလဲ။ မေမေသည် ဝေယံအလုပ်ရကြောင်း လည်းမသိသွားရသလို ဝေယံ တစ်ဘဝစာချစ်ရမည့်သူရသွားသည်ကိုလည်း မသိခဲ့ရပါ။ မေမေသိသည်က ဝေယံနှင့် ကြည်သာပြတ်သွားသည်သာ။ ဝေယံ နောင်တတွေပြည့်လာသည်။ ဝေယံသည် သားလိမ္မာ မဟုတ်ခဲ့သည်သာမက သားဆိုးသားမိုက်ပင်ဖြစ်သွားပြီ။

အချိန်တွေမည်မျှကြာသွားပြီလဲ ဝေယံမသိလိုက်။ ဝေယံ သတိတရဖြင့် နာရီကိုကြည့်မိတော့ မနက် ၃ နာရီကျော်ပြီ။ ဗိုက်ထဲမှ ဟာလာသလိုပင်။ သို့သော် ယခုအချိန်မှာ ဝေယံ မည်သည့်အစားအစာမှ လုပ်စား ချင်စိတ်မရှိ။ စားချင်လျှင်လည်း မေမေ့လက်ရာ ကြက်ဥကြော်လေးသာ ဖြစ်မည်ထင်သည်။ ဝေယံ အလုပ် ကို စာပို့ထားပြီး နားမည့်အကြောင်းပြောလိုက်၏။ နာရေးခွင့်ဖြစ်သဖြင့် ဝေယံ ပြန်မည်ဆိုလျှင်ပင် ပြန်၍ ရပါသည်။ သို့သော် အဖေပြောသလိုပင် မေမေ့ကိုမြင်ခွင့်ရတော့မည်တော့မဟုတ်ပါ။

ဝေယံ အိပ်ရာထဲသို့ သွားကာ လှဲအိပ်ချလိုက်မိသည်။ ချမ်းငြိမ်းမှလွဲလျှင် ဝေယံ့ကမ္ဘာမှာ မည်သူမှ မရှိ တော့သလိုပင်။ ချမ်းငြိမ်း…။ ဝေယံ တစ်စုံတစ်ရာကိုသတိရသွား၏။ အိမ်ထဲမှာရှိမနေလျှင် ရသည်ဆို တော့ ဒီအရူးကောင်ဟာ…

ဝေယံ အပြေးကလေးတံခါးကိုဖွင့်ကြည့်တော့ ချမ်းငြိမ်းရှိမနေပါ။ သို့သော် ဝေယံ ကြိုက်တတ်သော ပေါင်မုန့်တစ်ထုပ်နှင့် အသင့်စားဘူးလေးများကို အိတ်လေးဖြင့် ချိတ်ပေးထားသည်။ ပြီးတော့ စာရေးပေး ထားသည်။ ချမ်းငြိမ်းက ဝေယံ့ကို စာမရေးပေးဖူးသဖြင့် ယခုမှ ထိုလက်ရေးချွန်ချွန်များကို ဝေယံ မက်မက် မောမောဖတ်ရ၏။

“ ကိုယ့်ဝေယံ။

မင်းဘဝအတွက် အများကြီး နာကျင်ရမယ့်ထိုးနှက်ချက်ဆိုတာ ကိုယ်သိပါတယ်။ မင်းငိုချသံကို ကိုယ် တံခါးတစ်ဖက်ကနေ နားထောင်နေခဲ့တယ်။ မင်းအများကြီး ပင်ပန်းနေပြီ။ မင်းအခုစိတ်အခြေအနေနဲ့ ဒီ စားစရာတွေကိုလည်း မြင်ချင်မှာမဟုတ်တာကိုယ်သိပါတယ်။ ဒါပေမဲ့ မင်းမေမေကိုချစ်သောအားဖြင့် မင်း က ပိုတောက်ပပြရမယ်လို့ ကိုယ်ထင်တယ်။ ပြီးတော့ ကိုယ်ယုံတယ်။ ဝေယံခ ဆိုတဲ့ ကောင်လေးကို မွေး ထုတ်ထားတဲ့ အမျိုးသမီးကြီးက ဝေယံခဟာ အိပ်မက်တွေအကောင်အထည်ဖော်နိုင်မှာကို စိတ်ချလို့သာ ထားသွားနိုင်တာပါ။ မင်းငိုပါ။ မင်းဝမ်းနည်းပါ။ ဒါပေမဲ့ နည်းနည်းပဲနာကျင်ပါ ကိုယ့်ဝေယံ။ အိပ်ပျော်သွား ပြီးရင် ဒီစားစရာတွေစားပြီး အားဆက်တင်းထားပါ။ မင်းပြိုလဲနေရတယ်ဆိုလည်း မင်းဘေးမှာ ကိုယ်ရှိ ကြောင်း သတိရပေးပါ။

မင်းရဲ့ ချမ်းငြိမ်း”

ဝေယံ ထိုစာကိုရင်ဘတ်မှာအပ်ထားမိသည်။ ချမ်းငြိမ်းကိုတွေ့ချင်လာသည်။ သို့သော် ဤအခြေအနေနှင့် ဤ အချိန်မှာတော့မဟုတ်ပါလေ။ ဝေယံ မျက်ရည်များကို ပွတ်သုတ်ပြီး အိတ်ကလေးထဲမှ စားစရာများ ကို ထုတ်ယူကာ ဖြည်းဖြည်းချင်းထိုင်စားနေမိသည်။ ပေါင်မုန့်လေးများပါသည်။ အပူပေးလို့ရသည့် Mac & Cheese ပါသည်။ ကြက်သားခပတ်ပါသည်။ ပြီးတော့ ဝေယံတို့စားနေကြ ထမင်းလိပ်တချို့ပါသည်။ ထို စားစရာများမှာ အရသာတစ်စုံတစ်ရာဝေယံ မခံစားမိပါ။ သို့သော် မေတ္တာတရားကိုတော့ ဝေယံ သေချာ ပေါက် ခံစားမိပါသည်လေ။

“ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း…”

ဝေယံ ထိုညက ရှားပါးမိသားစု ၃ ယောက်ပုံလေးကို ပိုက်၍ အိပ်ဖြစ်ခဲ့ပါသည်။

နံနက်နိုးတော့ ချမ်းငြိမ်းကစာပို့ထား၏။ မနက်စာချိတ်ဆွဲပေးထားကြောင်းနှင့် ဝေယံ စကားပြောချင်လျှင် ရှိကြောင်း။ ဝေယံ စာပြန်မပို့မိ။ မည်သို့သောစကားကကောင်းမည်ကိုမသိ၍လည်းပါသည်။ သို့သော် ဝေယံ နံနက်စာအိတ်ကို ထွက်ယူဖို့ တံခါးဖွင့်တော့ ချမ်းငြိမ်းရှိနေခဲ့ပါသည်။

“မင်း.. ဘာလုပ်နေတာလဲ”

“ကိုယ်စိတ်မချလို့ပါ”

“ကျွတ်.. အဲဒီစားစရာတွေလည်း မပို့နဲ့တော့ ချမ်းငြိမ်း။ ငါ အဆင်ပြေသွားမှာ ငါသိတယ်။ ဒါပေမဲ့ ငါ တစ်ယောက်တည်းရှိချင်တယ်။ ငါငိုချင်ရင် လွတ်လွတ်လပ်လပ်ငိုချင်တယ်”

ချမ်းငြိမ်းက တံခါးဝသို့တိုးကပ်လာပြီး ဝေယံ့မျက်နှာကို ကိုင်လာ၏။ လက်ဖျားလေးတွေ အေးနေသော် လည်း ချမ်းငြိမ်းလက်ဖြစ်၍ နွေးထွေးပါသည်။

“ငိုပါ။ ကိုယ့်ကိုလည်း ရှိနေခွင့်ပေးပါ”

“မရှိနဲ့။ မင်းနားမလည်ဘူးလား။ ငါ့ ဒီပုံစံကို မင်းကို မပြချင်ပါဘူးဆိုနေ”

“ကောင်းပြီ ဝေယံ။ ကိုယ်တို့ ဒီတံခါးခြားထားမယ်။ ဒါပေမဲ့ အဲဒီလိုတော့ ကိုယ့်ကိုရှိနေခွင့်ပေးပါ”

ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းက ကိုယ်တိုင်ပဲ ဝေယံ့လက်ထဲသို့ စားစရာအိတ်ထည့်ပေးကာ တံခါးကို အပြင်မှ ပိတ်ပေးလိုက်၏။ ဝေယံ စိတ်ရှုပ်သွားရသော်လည်း ချမ်းငြိမ်းကို မအော်ငေါက်ချင်တော့ပေ။ အလောတကြီး လိုအပ်နေရသူက ဝေယံဖြစ်နေချိန်မှာ ချမ်းငြိမ်းပြန်မသွားစေဖို့အရေးကြီးပါသည်။

“ကိုယ်အသက်ရှူနေရင်ရတယ်ဆိုလို့။ ကိုယ် တံခါးတစ်ဖက်မှာရှိတယ် ဝေယံ။ ကိုယ်ထိုင်နေတယ်။ မင်း ပြောချင်တာတွေ ငိုချင်တာတွေရှိရင် အေးအေးဆေးဆေးပြောလို့ရတယ်”

ဝေယံ တံခါးနားတိုးကပ်ပြီး အားကိုးတကြီးမှီချလိုက်၏။ တံခါးခြားထားသော်လည်း ချမ်းငြိမ်းရှိနေသည် ဆိုသည့်အသိက ဆောင်းကာလ၏ မီးလင်းဖိုတမျှ တန်ဖိုးကြီးပါသည်။

“ငါ.. ပြောပြချင်တာတွေရှိတယ်”

“ကိုယ်နားထောင်နေတယ်”

“မေမေ့ကို ငါက အမေရိကားခေါ်ချင်ခဲ့တာ။ ဒါပေမဲ့ မေမေက ဘယ်တုန်းကမှ မလာချင်ခဲ့ဘူးသိလား။ ဆရာနော်ကြောင့် ငါ အမေရိကားရူးရူးနေတုန်းကတောင် မေမေက ငါ့သဘောကျပံ့ပိုးတာကလွဲလို့ သူ့ အိမ်မဟုတ်တဲ့နေရာမှာမနေချင်ဘူး။ ငါ ဆယ်တန်းဖြေဖို့ ရန်ကုန်ကိုပြောင်းရတော့ ဖေဖေကနေခဲ့တယ်။ မေမေက ဖေဖေနဲ့ရန်ဖြစ်နေကြပေမဲ့ ဖေဖေ့ကိုအရမ်းလွမ်းနေပုံပဲ။ ငါဆယ်တန်းပြီးတာနဲ့ ပြန်တာပဲ။ သူ သိပ်ကြောက်တဲ့ လေယာဉ်တောင်စီးသွားသေးတယ်။ ဖေဖေ့ကို မြန်မြန်တွေ့ရဖို့ထင်တယ်”

“မေမေက သိပ်ချစ်ဖို့ကောင်းမှာပဲ”

“အင်း။ မေမေက ဗမာအစစ်ပဲ။ ဒါပေမဲ့ မေမေက အသားဖြူဖြူနဲ့ ချစ်ဖို့ကောင်းတယ်။ ပြီးတော့ မေမေက ငါ့ဘဝကို စိတ်ဝင်စားတယ်။ ငါကသာ.. ငါကသာ အတ္တကြီးပြီး မေမေ့ကို သိပ်မဆက်သွယ်တာ”

“မေမေက နားလည်မှာပါ။ မင်းကအတ္တကြီးတာမဟုတ်ဘဲ မင်းဘဝနဲ့မင်းနေချင်ခဲ့တာမို့လို့”

“ငါတကယ်လည်း ငါ့ဘဝနဲ့ငါနေချင်ပေမဲ့ ငါ့မိဘတွေကို ဒီကိုခေါ်ချင်ခဲ့တာ။ ငါသူတို့ကိုမချစ်ဘူးလို့ထင်ခဲ့ ပေမဲ့ .. ငါသူတို့ကို ငါ့လုပ်အားခနဲ့ကောင်းကောင်းတော့ထားချင်သေးတာပေါ့။ ငါသိပ္ပံပညာရှင် တစ်ယောက်ဖြစ်လာမှာကို သူတို့ကိုမြင်စေချင်သေးတယ်”

“မေမေ့ကို မင်းချစ်တာ ကိုယ်သိပါတယ်။ အရင်ကတည်းကပါပဲ။ မင်းက မင်းမေမေကို ဂရုစိုက်တယ်။ မင်း သတိမထားမိလောက်ပေမဲ့ မေမေက အဲဒါကိုသိပ်ပျော်မှာပါ”

“ငါ မေမေ့အကြောင်း မင်းကို သိပ်မပြောပြဖူးပါဘူး”

“အဲဒီနေ့က… ထိပ်ဆုံး ၁၀ ယောက်ကို ဆုပေးတဲ့နေ့က မင်းမေမေက ချိတ်လုံချည် အပြာလေးဝတ်လာခဲ့ တယ်။ မင်းမေမေက ပန်ကာအောက်မှာမထိုင်ဘဲ မင်းကို တခြားလူတွေနဲ့စကားပြောနေလို့ မင်းစိတ်တို သေးတယ်လေ။ မင်းမေမေချွေးတွေထွက်နေပြီး အိုက်နေလို့ မင်းမေမေကိုခေါ်လာပြီး ပန်ကာအောက်မှာ ထိုင်စေတဲ့အပြင် ရေဘူးလေးပါ ယူပေးသေးတာလေ။ ပြီးတော့ မင်းပြောတယ်၊ ‘မေမေက နောက်မှ ဂုဏ် ယူပါဗျာ။ အမောမခံနဲ့။ သူတို့လာပြောမှပြန်ပြောလိုက်’ တဲ့”

ဝေယံ ထိုကိစ္စကို မနည်းပြန်စဉ်းစားလိုက်ရသည်။ ဆုပေးပွဲမှာ ချမ်းငြိမ်းအေးဟန်ရှိနေခဲ့သည်ကို ကြည်သာ ပြောပြ၍သိခဲ့ပါသည်။ သို့သော် မေမေနှင့် ဝေယံ ဘာပြောသည်ကိုပင် ချမ်းငြိမ်းက မှတ်မိသည် တဲ့လား။ မေမေက ချွေးထွက်များလျှင် မူးတတ်သဖြင့် ဝေယံ စိတ်မရှည်စွာ ဆွဲခေါ်လာခဲ့သည်။ ရေဘူး ယူ ပေးသည်လည်းမှန်သည်။ စကားအတိအကျကိုတော့ ဝေယံမမှတ်မိချင်။

“သိလား။ မင်းမေမေက အဲဒီရေဘူးလေးကို ဖွင့်မသောက်ခဲ့ဘူး။ သူ့လက်ကိုင်အိတ်ထဲထည့်ပြီး တခြားရေ ဘူးတစ်ဘူး ထယူသောက်ခဲ့တာ။ မင်းမေမေက သိပ်ဂုဏ်ယူနေခဲ့တာ။ ပြီးတော့ မင်းရဲ့ဂရုစိုက်မှုကို သူ သိ ခဲ့ပါတယ်”

ဝေယံ နားမလည်နိုင်စွာနှင့် မျက်ရည်များစီးကျလာ၏။

“ငါ.. ငါ တကယ်အသုံးမကျဘူးနော် ချမ်းငြိမ်း။ ငါ မေမေ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးပေါ့နော်။ မေမေ့ကို ငါအခုမှကောင်းပေးလို့လည်းမရတော့ဘူးပေါ့နော်”

“ဝေယံ.. ဒီဆုံးရှုံးမှုက အရမ်းဝမ်းနည်းဖို့ကောင်းတာ ကိုယ်နားလည်ပါတယ်။ ဒါပေမဲ့ မင်းပြောတာတွေကို ကိုယ်နည်းနည်းပြင်ပေးပါရစေနော်။ မင်းကသိပ်တော်တဲ့လူပါ။ ကိုယ့်ကိုမယုံရင်တောင် မင်းမေမေကို ယုံ ပါ။ ပြီးတော့ မင်း မေမေကို မင်းဘယ်တော့မှမတွေ့ရတော့ဘူးဆိုတာ .. မင်းရဲ့ရင်ထဲမှာ နှလုံးသားထဲမှာ မင်းမေမေက ရှိနေမှာပါ။ မင်းရဲ့ဘဝတစ်လျှောက်မှာ သူက မင်းနှလုံးသားထဲကနေ ရှိနေပေးပါလိမ့်မယ်။ မင်း အခုလည်း ကောင်းပေးလို့ရပါတယ်။ မင်းအရင်ကလည်း မင်းမေမေအပေါ် ချစ်ခဲ့တာတွေကိုတော့ မေ့ မပစ်ပါနဲ့”

ဝေယံ ပို၍ ရှိုက်ငိုမိသွားသည်။ ချမ်းငြိမ်းပြောစကားများက စိတ်ကိုသက်သာရာရစေ၍ ပိုငိုချင်စရာကောင်း သည်။ ဝေယံ့မှာ ချမ်းငြိမ်းမရှိလျှင် ဝေယံ ဤဒုက္ခများကိုတောင့်ခံနိုင်မည်မထင်ပါ။

“မင်းကိုကျေးဇူးတင်ပါတယ် ချမ်းငြိမ်း”

ရှိုက်သံကြားမှ အနိုင်နိုင်ပြောတော့ ချမ်းငြိမ်းက ဘာမျှပြန်မပြောပါ။ ချမ်းငြိမ်းမရှိတော့ဘူးလားဟု တွေးမိ ပြီး ဝေယံ တံခါးဖွင့်ကြည့်လိုက်တော့ ချမ်းငြိမ်းက ကျောပေးထိုင်နေရာမှ လှည့်ကြည့်လာ၏။

“ချမ်းငြိမ်း.. ငါ့ကို ဖက်ထားပါ။ ငါ့ကို ဖက်ထားပေး”

ချမ်းငြိမ်းက မတ်တပ်ထရပ်ပြီး ဝေယံ့ကိုထွေးပွေ့ထား၏။ ဝေယံက ချမ်းငြိမ်းရင်ခွင်ထဲမှာ အမှန်တကယ် နွေးထွေးပြီး လုံခြုံပါသည်။ ဝေယံ့ဘဝမှာ လူပေါင်းများစွာကို ဖက်ထားဖူးသည်။ လူမှုရေးအရဖြစ်စေ၊ အလိုဆန္ဒအရဖြစ်စေ ဖက်ထားခဲ့သမျှထဲမှာ ချမ်းငြိမ်းကဲ့သို့ နွေးထွေးလုံခြုံမှုမျိုးကို တစ်ယောက်မှမပေးနိုင် ခဲ့ပေ။ ချမ်းငြိမ်းဖက်ထားသည်က မေမေဖက်ထားသကဲ့သို့ နွေးထွေးပြီး ဖေဖေ့ကဲ့သို့ လုံခြုံစေသည်။

“ငါ့မှာ ဘယ်သူမှမရှိတော့ဘူး”

“မင်းမှာကိုယ်ရှိတယ်လေ”

“ငါ.. ငါ.. NASA မှာအမြဲတမ်းဝန်ထမ်းဖြစ်တော့မှာ။ နယူးယောက် မှာပဲဆက်နေလို့ရပြီ။ ငါ အဲဒါပြောဖို့ မနေ့ကလာခဲ့တာ”

ဝေယံ ကြောက်လန့်တကြားနှင့် ချမ်းငြိမ်းကို ရှိုက်သံကြားမှပြောပြနေမိသည်။ ဝေယံ့အတွက်တော့ ထို သတင်းကို ချမ်းငြိမ်းကိုပင် မပြောလိုက်ရမှာကြောက်ပါသည်။

“သိပ်တော်တာပဲ ဝေယံ။ မင်းအတွက် ကိုယ်အရမ်းဂုဏ်ယူတယ်နော်”

“မင်း မပျော်ဘူးလား ချမ်းငြိမ်း”

ချမ်းငြိမ်းလက်တွေကပိုတင်းကျပ်လာ၏။

“ကိုယ်တို့ခွဲခွာဖို့မလိုတော့တာလောက် ပျော်ဖို့ကောင်းတာရှိမှာလား”

ဝေယံ စိတ်ထဲသက်သာရာရသွားသည်။ ချမ်းငြိမ်းအေးဟန်ရှိ၍ပဲတော်ပါတော့သည်။

“ငါ.. မေမေ့ကို ကန်တော့ချင်တယ်”

“ကိုယ်တို့ ဘုန်းတော်ကြီးကျောင်းတစ်ခုကိုသွားပြီး ဆွမ်းကပ်ကြတာပေါ့”

“မင်းရှိမှဖြစ်မှာ”

“ကိုယ်လိုက်ခဲ့မှာပါ”

ဝေယံ ပြောသည့် ရှိမှဖြစ်မှာဆိုသည်က ဤကိစ္စတစ်ခုတည်းအတွက်မဟုတ်ခဲ့ကြောင်းတော့ ချမ်းငြိမ်း သိပါရဲ့လားလေ။ ဝေယံ့အတွက် ချမ်းငြိမ်းသည် အသက်ဓာတ်ဖြစ်လာခဲ့ပြီ။ ဝေယံ့မှာ နောက်ပြန်လှည့်စ ရာ မရှိတော့သည်သာမက အနက်ရှိုင်းဆုံးကို ငုပ်လျိုးနေခဲ့ပြီ။

==========================================================================

ချမ်းငြိမ်းက ဝေယံ့ကို ဘုန်းတော်ကြီးကျောင်းသို့ခေါ်သွားသော်လည်း ဆွမ်းသာကပ်ဖြစ်ခဲ့သည်။ ပိုက်ဆံ တော့မလှူဖြစ်ခဲ့ပါ။ ထိုအစား ချမ်းငြိမ်းပြောပြသည်က ပိုက်ဆံကို တခြားတနေရာမှာ မေမေ့နာမည်နှင့် ကောင်းတာလုပ်မည်တဲ့။ ဝေယံကတော့ ဘာမှစိတ်မဝင်စား။ မေမေ့ဓာတ်ပုံကို သေချာကန်တော့သည်။ အမျှဝေသည်။ လုပ်သင့်လုပ်ထိုက်သည်တို့ကို အဝေးမှနေ၍တော့ ကျေပွန်အောင်လုပ်ခဲ့ပါသည်။

“မင်းလည်း ငါ့ဘေးမှာရှိနေရတာနဲ့ပဲ အလုပ်ရှုပ်နေရပြီ”

“ရှူး.. အဲဒီလိုမပြောပါနဲ့။ ကိုယ် လွှတ်တော်အမတ်နဲ့တွေ့ဆုံပွဲကိုလည်း သွားခဲ့ပါတယ်။ ကိုယ့်ကျောင်းက တော့ အမြဲတက်စရာမှမလိုဘဲ”

ချမ်းငြိမ်း ပင်ပန်းနေမည်ကိုတွေးမိပြီး ဝေယံ စိတ်မကောင်းဖြစ်သွားရသည်။ မျက်နှာကလည်း နွမ်းလျနေ ပြီး အသံကလည်း ခပ်အက်အက်ဖြစ်နေ၏။

“ပြီးတော့ ဝေယံ။ အနိတာကပြောတယ်။ မင်းတစ်ယောက်တည်းနေမယ့်အစား တစ်ပတ်လောက် ကိုယ်နဲ့ အတူလာနေပါလားတဲ့”

ဝေယံ အားနာပြီး ခေါင်းခါလိုက်မိသည်။

“မဟုတ်တာပဲ။ ငါအဆင်ပြေပါတယ်။ ငါ ဝမ်းနည်းနေပေမဲ့ အဆင်ပြေမှာပါ။ ငါ့အိမ်မှာပဲနေပါမယ်”

“အင်း။ မင်းအဆင်ပြေရင် ရပါတယ်”

ဝေယံနှင့် ချမ်းငြိမ်းတို့ လမ်းဆက်လျှောက်လာမိကြသည်။ ဝေယံက တိတ်ဆိတ်နေရသည်ကိုမကြိုက်။

“မင်းတို့ ဘာတွေပြောခဲ့လဲ။ လွှတ်တော်အမတ်တွေနဲ့လေ”

“သူတို့ကတော့ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးကို သိပ်အယုံအကြည်မရှိပေမဲ့ လျှပ်စစ်မီးကိစ္စကို တော့ သေချာအလေးအနက်လုပ်ချင်တယ်။ သေချာတာကတော့ လျှပ်စစ်မီးသွယ်တန်းဖို့က ခက်နေဦးမှာ ပေမဲ့ NGO အစီအစဉ်တွေကအဆင့် ဆိုလာပြားတွေပိုထောက်ပံ့မှာပါ။ အဖြေသိပ်မရှိဘူး။ ကျန်းမာရေး အတွက်လည်း ထောက်ပံ့ရမှာနဲ့ဆိုတော့ ဖြည်းဖြည်းချင်းပဲလုပ်ရမှာပါ”

“မင်းအများကြီး လုပ်နိုင်ပါတယ် ချမ်းငြိမ်း။ အဖြေသိပ်မရှိရင်တောင် မင်းကြိုးစားတယ်လေ”

ချမ်းငြိမ်းက ရုတ်တရက် ရပ်တံ့လိုက်၏။ ထို့နောက် အိတ်ကပ်ထဲမှ တစ်စုံတစ်ရာကိုထုတ်ပေးသည်။

 “မင်းအလုပ်ရသွားလို့ ကိုယ်ဂုဏ်ယူတဲ့အနေနဲ့ လက်ဆောင်ပေးတာပါ။ ကိုယ်တခြားဘာပေးရမလဲ သိပ်မသိဘူး။ မင်းလိုချင်တာပြောပေးရင်လည်းကောင်းမှာပဲ”

“ဘာဆိုင်လို့လဲ။ ဒါကြီးကရောဘာကြီးလဲ”

“အိမ်ရောက်မှ ဖွင့်ကြည့်”

ပါကင်ပိတ်ထားသော လက်ဆောင်လေးကြောင့် ဝေယံ စိတ်ထဲတော့ ကျေနပ်လာသည်။ ထိုနေ့က ထမင်း အတူစားပြီးနောက် ချမ်းငြိမ်းအိမ်ပြန်သွားတော့ ဝေယံ အိမ်သို့ အမြန်ပြန်ပြေးလာခဲ့၏။ လက်ဆောင်ကို ဖွင့်ကြည့်ချင်လှပြီလေ။ စိတ်လှုပ်ရှားလွန်းသဖြင့် ပါကင်ပေပါများကို ဆွဲဖြဲပစ်လိုက်တော့ ထွက်လာသည် က အသံသွင်းစက်လေးတစ်ခု။ ဝေယံ အံ့သြသွားရသည်။ ကြည်သာ့ဟာနှင့်မတူဘဲ ဤသည်က အသစ် ဖြစ်၏။ ဝေယံ မဲ့လိုက်မိသည်။ မကြိုက်၍တော့မဟုတ်ပါ။ သို့သော် ချမ်းငြိမ်းအေးဟန်က ပုံတုံးကြီးဟု တွေးမိသောကြောင့်ပင်။ ထိုအတွေးများမှားကြောင်းတော့ အထဲမှ အသံဖိုင်များကိုနားထောင်ကြည့်မှ  ဝေယံ သိတော့သည်။

“ဝေယံ။ သတင်းကောင်းနဲ့ ဝမ်းနည်းစရာသတင်းကို တစ်ရက်တည်းလက်ခံခဲ့ရတဲ့ မင်းဘေးမှာ ကိုယ် ရှိနေခွင့်ရတာကို တကယ်တော်သေးတယ်လို့တွေးမိတယ်။ မင်းရဲ့အိမ်ရှေ့မှာ ကိုယ်ရပ်နေတုန်းက မင်း ငိုသံကို ကိုယ်ကြားခဲ့ရတယ်။ အဲဒီငိုသံမတိတ်မချင်းကိုယ်မပြန်ခဲ့ဘူး။ ကိုယ်.. အဲဒီလောက်ပဲလုပ်နိုင်လို့ တောင်းပန်ပါတယ်။ မင်းပြောတယ်လေ၊ မင်းက တခြားသူတွေအတွက် သိပ်မတွေးမိဖူးဘူးလို့။ ကိုယ် တော့ အဲဒီလိုမထင်ဘူး။ ကိုယ့်ကို မင်းအများကြီးတွေးပေးခဲ့တယ် ဝေယံ။ ကိုယ်မှမဟုတ်ဘူး။ ကြည်သာ့ ကိုရော။ မင်းမေမေကိုရော။ နောက်ပြီး မင်းက လူသားတွေအားလုံးအတွက်ပါ တွေးနေခဲ့တာလေ။ မင်း ဂြိုဟ်အသစ်ရှာဖို့ဆိုတာက လူသားတွေအတွက် အနာဂတ်အတွက် အများကြီးအကျိုးရှိမှာပါ။ ဝေယံ.. မင်း ကိုယ်မင်း အထင်သေးတာတွေ ထပ်မရှိစေချင်ဘူး။ ပြီးတော့ မင်းမှာ လစ်ဟာနေတာရှိရင် ကိုယ်က မင်း အစား ဖြည့်ပေးနိုင်တယ်။ မင်းတောင် ကိုယ့်ရဲ့နာကျင်ရတဲ့ကွက်လပ်တွေကိုဖြည့်နေပေးခဲ့တာလေ။ ကိုယ် မြန်မာနိုင်ငံကကလေးတွေအတွက် တွေးတာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ကောင်းပေးတာပဲ ဖြစ် ဖြစ်.. အဲဒါက မင်းနဲ့လည်း တစ်ဝက်ဆိုင်တယ်လို့ တွေးကြည့်ပါ။ ကိုယ်တို့နှစ်ယောက်က မတူညီတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ မတူညီခြင်းဟာ ပိုပြီးပြည့်စုံဖို့ပဲဖြစ်စေပါ့မယ်။ ကိုယ်… မင်းအတွက် ဂုဏ်ယူပါ တယ်။ ကိုယ့်ဝေယံ။ ကိုယ်ဒီနေ့ကစပြီး မင်းစိတ်နဲ့ ကိုယ့်ကိုယ်* ဖြစ်ချင်ပါတယ်”

(*- အဲလက်စ်၏ သီချင်းစာသား)_

ဝေယံ ဖိနပ်ပင်သေချာမစီးနိုင်ဘဲ ချမ်းငြိမ်းအေးဟန် အိမ်သို့ပြေးသွားမိပါသည်လေ။ မင်းစိတ်နဲ့ကိုယ့်ကိုယ် တဲ့။ ဒီအရူးကတော့…။ ဝေယံကတော့ ချမ်းငြိမ်းစိတ်နှင့် ဝေယံ့ကိုယ်ဖြစ်နေခဲ့တာကြာပြီဖြစ်ကြောင်း ပြော ပြရပေဦးမည်။

=============================================================================


Leave a comment