25 – Visible Spectrum
(Visible Spectrum – လူသားတို့၏ မျက်စိဖြင့် မြင်နိုင်သော သံလိုက်လျှပ်စီး ရောင်စဉ်တန်း)
ကြည်သာ့နေ့ရက်တွေမှာ ဆူဇန် ဘရောင်း မရှိသည်က အနည်းငယ်စိတ်ရှုပ်ဖို့တော့ကောင်းသည်။ ချမ်းငြိမ်း နှင့် ဝေးကွာနေသည့် နေ့ရက်များတွင် အမြဲလို အနားနားရှိနေသည့် လူတစ်ယောက်ကိုပါ မမြင်ရတော့ သည်က ကြည်သာ့ကို ပူလောင်စေသည်။ ဆူဇန် ထွက်သွားသည့်နေ့က ကြည်သာ မနှုတ်ဆက်ဖြစ်ခဲ့ပါ။ အပြင်လူဝင်ခွင့်မရှိသည့် Biomedical Lab ထဲမှာ တနေကုန်နေပစ်ခဲ့သည်။ ထိန်းပေးသည့်လူမရှိမှတော့ ကြည်သာ ဖြစ်သလိုနေတတ်လာသည်။ အရက်သောက်ချင်သောက်သည်။ ဆေးရုံနှင့် ဝေးသော ဘားတွေ ကိုလျှောက်သွားပြီး မူးပစ်သည်။ သွေးတိုးလာစမ်းသော ရွံစရာ ယောက်ျားများကိုလည်း ပါးရိုက်ပစ်ဖို့ ဝန် မလေးတော့။ သို့သော် ကြည်သာက ကြည်သာအေးမြ မဟုတ်လား။ ကိုယ်ပိုင်ဘဝတွင် မည်မျှ ပြဿနာ တွေပိနေပါစေ၊ ကြည်သာ့သုတေသန လုပ်ဆောင်ချက် များကတော့ ဆေးရုံမှ လက်မလွှတ်နိုင်လောက် အောင်ကို ကောင်းလွန်းနေသည်။ ထို့အတွက် ကြည်သာ မည်မျှ လွတ်ထွက်နေပါစေ၊ ကြည်သာ့ အလုပ်ကို တော့ နံပါတ် ၁ ဦးစားပေးအဖြစ် ထားမြဲ။
ကြည်သာ လေ့လာနေသည့် သက်ရှိများ၏ အာရုံကြောစနစ်ကို လျှပ်စီးလမ်းကြောင်းဖြင့် ပြောင်းလဲစေ ခြင်းသည် မျှော်လင့်ချက်မှုန်မှိုင်းမှိုင်းရှိလာပြီ။ ကြည်သာ အရက်မသောက်သော၊ သို့မဟုတ် ကြည်သာ့ အထက်လူကြီးမှ လုပ်ဆောင်ခိုင်းထားသောကိစ္စရပ်များမရှိချိန်ဆိုလျှင် ကြည်သာသည် Lab ထဲတွင် လျှပ် စီးလမ်းကြောင်းကို လေ့လာခြင်း၊ ကြွက်ဖြူများကို ကြည့်ခြင်းဖြင့် ကုန်ဆုံးတတ်သည်။
“ဟေး.. ကြည်သာ။ မင်းကို ပါမောက္ခ နစ်ခ်က အနားယူခိုင်းနေပြီ။ မင်း တင်ထားတဲ့ လစဉ်ရီပို့က အရမ်း မိုက်လို့ သူ ထိသွားတယ်ထင်ပါရဲ့ကွာ။ ဒီအားလပ်ရက် မင်းဘာလုပ်မှာလဲ”
ကြည်သာ့ စီနီယာ ဖြစ်သော လူးကတ်စ် က တံခါးဖွင့်ဝင်လာရင်း ပြော၏။ လက်ထဲမှာလည်း ပါမောက္ခ နစ်ခ် ထံမှ စာရွက်တစ်ထပ်နှင့်။ လူးကတ်စ် ကို ကြည့်ရသည်မှာ ထူးဆန်းသည်။ ကြည်သာ့အတွက်တော့ လူးကတ်စ် က ပေါ့ပျက်ပျက်နိုင်လွန်းသလိုပင်။
“အနားမယူချင်ဘူး။ အဲဒီနားရက်တွေ ရှင်သုံးလိုက်လေ။ ကျွန်မကတော့ ဒီကြွက်တွေနဲ့ လုံးပန်းရဦးမယ်”
“ဟေး ဟေး။ အဲဒီလိုမဟုတ်ဘူး။ မင်း နားရက်တွေမှာပါ တောက်လျှောက်ရှိနေတာ။ ညနေတွေလောက် အရက်သွားသောက်တာက အဖြေမဟုတ်ဘူး။ တနေကုန်ကို ပြည့်ပြည့်ဝဝ အနားယူဖို့လုပ်ရမှာ။ မင်း ဘာ တွေ ဒီလောက် အလောတကြီးကြိုးပမ်းနေရတာလဲ ကြည်သာ။ မင်း နိုဘယ်လ်ဆုများမျှော်လင့်နေတာ လား။ အသက်အငယ်ဆုံး နိုဘယ်လ်ဆုရှင်ဖြစ်ချင်တာလား”
ကြည်သာ စိတ်ပျက်စွာပင် ရယ်ချလိုက်၏။
“လူးကတ်စ်.. ကျွန်မမှာ ကျွန်မကိုယ်ပိုင် ပန်းတိုင် နိုဘယ်လ်ဆုရှိတယ်။ အဲဒါအတွက် ကျွန်မ သေသည်အထိ ကြိုးစားသွားမှာ။ အဲဒီနိုဘယ်လ်ဆုမရရင် ကျွန်မ ကမ္ဘာလုံးဆိုင်ရာ နိုဘယ်လ်ဆုရရင် လည်း ပျော်နိုင်မှာမဟုတ်ဘူး။ ဒီတော့ ကျွန်မ အချိန်တွေလာဖြုန်းနေမယ့်အစား ရှင်သွားစရာရှိတာသွား ပါ။ ကျွန်မ အနားမယူ..”
ကြည်သာ ခြေထောက်တွေမခိုင်တော့ဘဲ လဲကျမလိုဖြစ်တော့ လူးကတ်စ် က ဖမ်းထိန်းပေးရင်း ခုံပေါ်ထိုင် လိုက်စေသည်။ ကြည်သာ စိတ်တော့ပျက်သွားမိ၏။
“ဒီမှာ မိန်းကလေး။ မင်း ခေါင်းမာနေလို့ မင်းသုတေသနကြီးက ဝုန်းဆိုမှန်သွားမှာမဟုတ်သလို မင်း သက်သေပြချင်တဲ့ကိစ္စကြီးကလည်း ဖြစ်လာမှာမဟုတ်ဘူး။ မင်း ဖျားနေတယ်။ နစ်ခ်ကလည်း ဒါကိုသိ တယ်။ မင်း မနက်က တဝေါ့ဝေါ့ဖြစ်နေတာလည်း သူသိတယ်။ အဲဒါကြောင့်နားခိုင်းတာ”
ကြည်သာ မျက်နှာရဲခနဲဖြစ်သွား၏။ မည်သို့ပင်ဖြစ်ပါစေ၊ အထက်လူကြီး၏ ငြိုငြင်မှုကို ကြည်သာမခံလို။
“အဲဒါ အရက်သောက်ထားလို့ပါ”
“မင်း မှန်ပြန်ကြည့်ဦး။ မင်း မျက်နှာတစ်ခုလုံး ဖြူလျော်နေတာပဲ။ မင်းကိုယ်အပူရှိန်လည်းရှိတယ်။ အား လည်းနည်းနေတယ်။ ပြီးတော့ မင်းအသံကိုလည်းပြန်နားထောင်ဦး။ ထစ်နေတဲ့ဓာတ်ပြားလိုပဲ။ အဲဒီတော့ မင်း နားလိုက်တော့”
ကြည်သာ လက်မခံ၍တော့မရပါ။ ကြည်သာ့အသံက အနည်းငယ် အက်နေသည်ကို သတိထားမိသားပါ ပဲ။ သို့သော် ကြည်သာ အနားယူတော့ရော ဘာလုပ်လို့ရမှာလဲ။ အိပ်ရာထဲ ခေါင်းပြားအောင်အိပ်တာ အပြင် ကြည်သာ ဘာကိုမှမလုပ်နိုင်။ ချမ်းငြိမ်းကိုလည်း မဆက်သွယ်ချင်။ ဝေယံ့ အမေကိစ္စနှင့် ချမ်းငြိမ်း စိတ်ရှုပ်နေချိန်မှာ ကြည်သာ ပြဿနာမရှာမိနိုင်ဘူးဟု အာမမခံနိုင်ပါ။ ချမ်းငြိမ်းကို စိတ်ဒုက္ခမပေးလို သဖြင့် လွမ်းသည့်စိတ်ကိုပင် ဖိထိန်းထားရတာ ကြည်သာအသိဆုံးပါပဲ။
“မင်း အဖော်လိုအပ်ရင် ငါနဲ့ ဒိတ်မလား”
လူးကတ်စ် ကို ကြည်သာ တစ်ချက်ကြည့်လိုက်၏။ ချောမောလှပသည့် ယောက်ျားတစ်ယောက်ဟု အားလုံးက တညီတည်း သတ်မှတ်သည့် လူးကတ်စ် က ကြည်သာ့အတွက်တော့ မထူးခြားသော ယောက်ျားတစ်ယောက် သာဖြစ်သည်။ ဝေယံနှင့်လိုတောင် အိပ်ချင်စိတ်မရှိ။
“ဆောရီး။ ရှင်က ကျွန်မ လိုချင်တဲ့ပုံစံ မဟုတ်ဘူး”
အပြောင်သိမ်းထားပြီးသော ဆံပင်ကို တစ်ချက်သပ်လိုက်စဉ် ကြည်သာ့ခေါင်းမှ ခေါင်းစည်းကွင်းက ရုတ် တရက်ပြတ်ထွက်သွား၏။ ပန်းပွင့်ပုံစံ အပြားလေးများက တစစီ ပြန့်ကြဲကုန်သည်။ ကြည်သာ ထိုအဖြစ် ကို ကြောက်လန့်တကြားငေးငိုင်ကြည့်နေမိတုန်းမှာပဲ ဖုန်းဝင်လာခဲ့ပါသည်။ ဝေယံခ။
ကြည်သာ Lab ထဲမှပြေးထွက်လာပြီး ဝေယံ့ဖုန်းကို ကိုင်လိုက်ကာ အလောတကြီးမေးလိုက်မိပြီ။
“ချမ်းငြိမ်း… သူ…ဘာဖြစ်လဲ။ ကိုကို ဘာဖြစ်နေပြီလဲ။ ငါ့ကိုအခုဖြေ ဝေယံ”
ဝေယံက ဟယ်လိုပင်ဖြောင့်အောင်မပြောရဘဲ ထစ်ထစ်အအ ဖြစ်နေရှာသည်။
“နင် ဘယ်လိုသိတာလဲ ကြည်သာ”
ကြည်သာ ရင်ထဲချော်ရည်ခဲများသို့ ပူလောင်သွားပြီ။ ဖားလျားကျနေသော ဆံပင်အနီတို့ကိုလည်း ကြည်သာ မသပ်တင်နိုင်တော့ပေ။
“ငါမေးတာကိုဖြေစမ်း။ ချမ်းငြိမ်းအေးဟန် ဘယ်မှာလဲ။ သူ နေမကောင်းဘူးမဟုတ်လား”
“ချမ်းငြိမ်း အရမ်းဖျားနေတယ်။ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေလို့ ဆေးရုံမှာ။ အဆုတ်အအေးမိတာ လို့ပြော တယ် ကြည်သာ။ အခုတော့ ICU ထဲမှာ… ငါလည်း ဘာလုပ်ရမလဲမသိဘူး”
“ဘာ… ကိုကို.. ကိုကို အောင်မလေး… ကိုကို ဘာမှဖြစ်လို့မဖြစ်ဘူး”
ကြည်သာ့နှလုံးသားတွေကို ဆူးချွန်နှင့်ဆွလိုက်သလို ခံစားလိုက်ရ၏။ ချမ်းငြိမ်းအေးဟန်လိုလူက သတိရ တစ်ချက် မရတစ်ချက်ဆိုလျှင်… ကြည်သာမတွေးချင်တော့။ မတွေးနိုင်တော့တာဆို ပိုမှန်မည်။ ကြည်သာ ယခုဖျားနေပေမဲ့ မပျော်နိုင်တော့ပေ။
“နင်စိတ်အေးအေးထားပါဦး။ အခုဆေးရုံမှာဆိုတော့ အဆင်ပြေမှာပါ။ ဒါပေမဲ့ .. နင်လည်း အသံမကောင်း ဘူး။ နင်ရောဖျားနေတာလား”
“ဘယ်ဆေးရုံလဲ”
“NYC မှာ။ နင်နေကောင်းရဲ့လား ကြည်သာ”
“ငါ ဒီည ရတဲ့ကားနဲ့လိုက်ခဲ့မယ်။ အခု ထွက်လာနေပြီ”
ကြည်သာ ပြေးထွက်လာပြီးမှ ခေါင်းစည်းကြိုးမှ ပန်းပွင့်လေးများကို ပြန်ကောက်လိုက်၏။ ထို့နောက် ဝေယံ့ကို တစ်ခွန်းပဲပြောလိုက်နိုင်သည်။
“ကိုကို တစ်ခုခုဖြစ်ရင် နင့်ကို ငါခွင့်မလွှတ်ဘူး ဝေယံ”
============================================================================
လောလောလတ်လတ် မိခင်ကို ဆုံးရှုံးထားရသည့် လူတစ်ယောက်အဖို့ ကြောက်ဖို့အကောင်းဆုံးသော အရာမှာ ချစ်ရသူကို ထပ်မံဆုံးရှုံးရမည်ပဲဖြစ်လိမ့်မည်ဟု ဝေယံထင်သည်။ ဝေယံ လက်ခံရရှိခဲ့သော လက်ဆောင်အတွက် မည်မျှသဘောကျကြောင်း၊ မည်မျှ ချစ်ရကြောင်း ပြောဖို့ ပြေးသွားခဲ့ချိန်တွင် ချမ်းငြိမ်းက ဖုန်းမကိုင်ခဲ့ပါ။ ထို့ကြောင့် အဘိုးကြီးကူးမား အိပ်မှုံစုံမွှားနှင့် တံခါးလာဖွင့်သည်ကိုပင် အငြို ငြင်ခံပြီး အပေါ်ထပ်သို့ ပြေးတက်လာချိန်တွင်တော့ ဝေယံ့ နှလုံးသားတစ်ခုလုံး ပြုတ်ကျသွားစေသည့် မြင်ကွင်းကိုတွေ့လိုက်ရ၏။ အခန်းတံခါးရှေ့မှာ ချမ်းငြိမ်းက ပုံရက်သား လဲကျနေပြီး နည်းနည်းမှ သတိ မရှိနေပေ။ ဝေယံ အလန့်တကြားနှင့် ပြေးပွေ့ယူလိုက်ချိန်မှာ ချမ်းငြိမ်းတစ်ကိုယ်လုံးက အေးစက်နေပြီ။ သေလောက်အောင်ကြောက်ရသည် ဆိုသောအဖြစ်ကို ထိုတော့မှ ဝေယံ ခံစားဖူးခြင်းဖြစ်သည်။ ဝေယံ ဘာကိုမှ မတွေးနိုင်။ အရေးပေါ်ကား ခေါ်ဖို့ကိုပင် မစောင့်နိုင်တော့ဘဲ သတိမရှိနေတော့သော ချမ်းငြိမ်းကို ကျောပေါ်တင်ကာ ပြေးဆင်းလာခဲ့၏။ အနိတာတို့လည်း ထိုတော့မှ သိရှိပြီး အဘိုးကြီးကပဲ ကားမောင်း ကာ အနီးဆုံးဆေးရုံသို့ မောင်းပို့ပေးခဲ့သည်။ ကားပေါ်တွင် အနိတာပြောပြသည်က ချမ်းငြိမ်း ဖျားနေသည် မှာ ရက်နည်းနည်းရှိပြီး အစားပင်သိပ်မဝင်ပါတဲ့။ နေ့တိုင်းတွေ့ဖြစ်ကြသော်လည်း ချမ်းငြိမ်း ထိုသို့ဖြစ်နေ သည်ကို နည်းနည်းမှ သတိမထားမိခဲ့သည့် ကိုယ့်ကိုယ်ကိုယ် ဝေယံ ဆဲရေးချင်သွားမိသည်။ မေမေ့ ရက် လည်လည်းပြီးဆုံးခဲ့ပြီဖြစ်၍ စရေတွက်ကြည့်တော့ ချမ်းငြိမ်း ကျောင်းကိုလိုက်သွားကတည်းက မျက်နှာ နွမ်းနေခဲ့သည်မဟုတ်လား။ အသုံးမကျလိုက်သည့် ဝေယံခပါပဲ။
ဆရာဝန်များက ချမ်းငြိမ်းအခြေအနေကိုစစ်ကြည့်ပြီးသည်နှင့် ICU ထဲမှာ အသက်ရှူစက်ကူရမည်ပြော လာတော့ ဝေယံ ခြေတွေပင်မခိုင်ချင်တော့။ ထိုမျှ အခြေအနေဆိုးစရာလား။ ညနေကမှ ပြုံးနေခဲ့သည့် ချမ်းငြိမ်းလေ။ ချောင်းဆိုးသေးလားဟု ဆရာဝန်ကမေးတော့ ဝေယံက ခေါင်းခါပြီး အနိတာတို့ကတော့ ချောင်းအနည်းငယ်ဆိုးသည်ဟု ဖြေသည်။ ဝေယံ ဘာကိုမကျေနပ်မှန်းလည်းမသိဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေမိတော့၏။ ချမ်းငြိမ်း အဆုတ်အအေးမိသည့်အကြောင်းအရင်းကို ဝေယံ စဉ်းစားမိတော့ ပို ဆိုးသွားရသည်။ ဆောင်းဦးရာသီ၏ ကြမ်းပြင်ပေါ်မှာ ချမ်းငြိမ်းက ထိုင်ပြီး ဝေယံနှင့်စကားပြောပေးခဲ့ သည် မဟုတ်လား။ ဝေယံကတော့ အိမ်ထဲမှာဖြစ်၍ အနွေးဓာတ်ရှိသည်။ ချမ်းငြိမ်းကရော။ ဝေယံ မတွေး ရဲတော့ပေ။ ချမ်းငြိမ်းအခြေအနေအတွက် မိသားစုဝင်ကိုအကြောင်းကြားရမည်ဟု ပြောလာမှ ကြည်သာ့ ကို ဖုန်းဆက်ရတော့သည်။ ဝေယံ့အတွေးတွင်လည်း ကြည်သာရှိနေမှရမည်ဟု ထင်သည်။
အံ့သြဖို့ကောင်းသည်က ကြည်သာက နောက်နေ့မနက်တွင်ပင် ဆေးရုံသို့ရောက်ရှိလာခဲ့၏။ ဆံပင်ရှည် များနှင့် ကြည်သာ့ပုံက အနည်းငယ် ဖရိုဖရဲတော့ဆန်သည်။
“ကိုကိုဘယ်မှာလဲ”
“ICU ထဲမှာ။ အခုတော့ Ventilator တင်ထားရတယ်”
ကြည်သာက ဝေယံ့ကို စူးစူးရဲရဲကြည့်ပြီးနောက် ဆရာဝန်ထံသွားကာ ICU ထဲဝင်ခွင့်တောင်း၏။ မိသားစု ဝင်ဖြစ်သည်မို့ အကာအကွယ်အပြည့်အစုံနှင့် ဝင်ခွင့်ရသွားသောအခါ ဝေယံ ကိုယ့်ဘဝကိုယ် ပိုနာကျည်း လာမိသည်။ ကြည်သာ ပြန်ထွက်လာမည်ကိုစောင့်ရသည်က ကြာလွန်းသည်ပဲ။ ထို့ထက်ပိုဆိုးသည်က ယနေ့တွင် ဝေယံက အလုပ်ပြန်ဆင်းရမည်။ ချမ်းငြိမ်း သတိရလာလျှင်ပင် ဝေယံ ရှိမနေနိုင်ဟူသော အချက်က နာကျင်စရာကောင်းလွန်းပါသည်။
“ဝေယံခ.. ငါတို့စကားပြောဖို့လိုပြီ”
ကြည်သာ ပြန်ထွက်လာတော့ ဝေယံတို့ လူနည်းနည်းရှင်းသည့် ထောင့်ချိုးတစ်ခုတွင် ရပ်၍ စကားပြော ဖြစ်ကြသည်။
“ကြည်သာ… သူ သတိရပြီလား”
“နင်သိလား။ ချမ်းငြိမ်းအေးဟန်က အသက်တောင် မနည်းရှူနေရတဲ့အခြေအနေ။ ချမ်းငြိမ်းလိုလူက အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကို နင် အမှန်တိုင်းဖြေစမ်းပါ”
ဝေယံ နာကျင်လွန်းသဖြင့် ယိုင်သွားရသည်။ ချမ်းငြိမ်း နေမကောင်းဖြစ်သည်ဆိုသော အတွေးက ဝေယံ့ကို ဓားဦးချွန်နှင့်ဆောင့်ထိုးနေသလိုပင်။
“ငါ… ငါ တကယ်မသိဘူး။ ငါ အိမ်ကိုရောက်သွားတော့ သူလဲနေပြီ။ ဒီတစ်ပတ်လုံး ငါနဲ့ သူနေ့တိုင်း တွေ့ဖြစ်ပေမဲ့ သူနေမကောင်းတာ ငါတကယ်မသိခဲ့ဘူး”
“ချမ်းငြိမ်းက သူ နေမကောင်းဖြစ်နေတာကို ပြမယ့်လူလို့နင်ထင်နေလားဟင်။ သာမန် နာတာဖျားတာကို နင်မသိတာ နင့်ကိစ္စနဲ့နင်ဝမ်းနည်းနေလို့ဆိုတာ ငါသိတယ်။ ဒါပေမဲ့ အခုက သေလုမျောပါးဖြစ်နေတာ ဝေယံ။ နင့်ကိုသူမပြောပြရင်တောင် နင်နားလည်ရမယ်လေ”
“ငါလည်းနောင်တရပါတယ် ကြည်သာ။ ဒါပေမဲ့ ငါ့ကို အပြစ်မတင်ပါနဲ့တော့ဟာ။ ငါလည်းစိတ်ပူ..”
“ဝေယံခ.. နင်ကလေ.. ဘယ်လောက်ပဲတော်တဲ့သူဖြစ်နေပါစေ၊ NASA ကလူပဲဖြစ်နေပါစေ… ချမ်းငြိမ်း အေးဟန်ကိုချစ်ခဲ့မှုအပိုင်းမှာတော့ နည်းနည်းမှစောက်သုံးမကျတဲ့ကောင်ပဲ။ ကိုကို့ကို နင့်လိုလူနဲ့ စိတ်ချ မိတာ ငါ့ဘဝရဲ့အမှားပဲ”
ကြည်သာ့စကားလုံးများကို ဝေယံ ပြန်မလှန်နိုင်တော့ပါ။ ဝေယံ ခံရခက်သော်လည်း ချမ်းငြိမ်းကို ဂရုစိုက် တတ်ဖို့ ဝေယံ အများကြီးလေ့လာရပါဦးမည်။
“အင်း.. ငါတကယ် အသုံးမကျဘူး”
“အခု နင်ဘာလုပ်မှာလဲ”
“ငါ ဒီနေ့အလုပ်ပြန်ဝင်ရမယ်”
ကြည်သာက တကယ်ကြီးလား ဟူသောလေသံဖြင့်ရယ်လိုက်၏။
“ငါ တစ်ပတ်တောင်ခွင့်ယူပြီးပြီလေ”
“ချမ်းငြိမ်းနိုးလာရင် ငါပြောလိုက်ပါမယ်။ ကိုကို့ရည်းစားကတော့ အလုပ်သွားတယ်လို့လေ”
ဝေယံ မခံချင်စိတ်ဖြင့် လက်သီးတင်းတင်းဆုပ်ကာ ကြည်သာ့အနားတိုးကပ်လိုက်၏။
“ကြည်သာ.. ငါ အလုပ်မသွားဘဲ သူ့ဘေးမှာနေရင်ရော သူကြိုက်မယ်ထင်လို့လား။ ဟုတ်တယ်။ ချမ်းငြိမ်း အေးဟန်က ငါနားလည်ဖို့ သိပ်ခက်လွန်းတဲ့ ဘာသာရပ်ပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ ငါ သူ့ကို နင့်ထက် ပို သိပါတယ် ကြည်သာ”
“နင်ဘာစကားပြောတာလဲ။ အမြွှာဖြစ်တဲ့ငါ့ထက် နင်ကပိုသိရအောင် နင်ကဘာမို့လို့လဲ”
ကြည်သာ့၏ မအေးမြသောမျက်ဝန်းတောက်တောက်များကို ကြည့်ရင်း ဝေယံ ပြောချလိုက်မိသည်။
“ချမ်းငြိမ်းရဲ့ စိတ်နဲ့ကိုယ်က ဒဏ်ရာတွေကို နင့်ထက်ငါပိုသိတယ် ကြည်သာ။ အဲဒါတွေသိဖို့ ငါသူနဲ့ အမြွှာ ဖြစ်ဖို့မလိုခဲ့ဘူး။ သူ့စိတ်နဲ့ ငါ့ကိုယ်ဖြစ်နေဖို့ပဲလိုတာ။ အခုကိစ္စမှာလည်း ငါလိုအပ်ချက်ရှိတာမှန်တယ်။ ဒါပေမဲ့ ငါသာ ဒီညသူ့ဆီမသွားဖြစ်ခဲ့ရင်.. သူအဲဒီကြမ်းပြင်မှာ သေသွားနိုင်တယ်ဆိုတာ သိထား”
ဝေယံ အသံမတုန်အောင် မနည်းထိန်းလိုက်ရ၏။ ချမ်းငြိမ်း သေသွားနိုင်သည်ဆိုသောအချက်က အတွေး နှင့်တင်ကြောက်စရာကောင်းလွန်းပါသည်။ ဝေယံသာပြေးမသွားမိလျှင် ချမ်းငြိမ်းနောက်ထပ်ဘယ်နှနာရီ မျှ လဲနေဦးမည်လဲ။ နာကျင်လိုက်တာ.. ဝေယံက စာများများဖတ်သူမဟုတ်၍ ရုတ်တရက် စကားလုံးရှာ မတွေ့ဘဲ နာကျင်သည်ဟုသာစိတ်ထဲညည်းညူနေမိသည်။ ပြီးတော့ ကြောက်သည်ပေါ့။
“ချမ်းငြိမ်းက ဘာဖြစ်နေလို့လဲ”
“ချမ်းငြိမ်းက အခုတလော ခါးကိုက်နေတတ်တာ နင်သိလား။ ချမ်းငြိမ်းက နင့်ကိုစိတ်ပူနေရတာရော နင် သိလား။ နင်ဘယ်သိမလဲ ကြည်သာအေးမြ။ နင်က နင့်ကိုယ်နင်ပဲဦးစားပေးနေခဲ့တာကို”
“ဘာ…”
ဝေယံ မျှော်လင့်ထားမိသည်က ကြည်သာ့ထံမှ ရိုက်ချက်တစ်ခုဖြစ်သော်လည်း တကယ်တမ်းတွင်တော့ ကြောင် အ သွားသော ကြည်သာအေးမြကိုသာ မြင်လိုက်ရ၏။ ချမ်းငြိမ်းဖုံးကွယ်ထားချင်သည့်ကိစ္စရပ်ကို စိတ်တိုတိုနှင့်ပြောလိုက်မိသည်ပဲ။ ကြည်သာက ယခုပင် လူနာကိုသွားနှိုးပြီးမေးမည့်ပုံရှိသည်။
“ချမ်းငြိမ်းက သူ့ကိုယ်သူဂရုမစိုက်ဘူး ကြည်သာ။ ငါလည်းစိတ်ပူတာပါပဲ။ နင်လည်းစိတ်ပူမှာ ငါသိတယ်။ ငါတို့ အပြစ်မတင်ကြရအောင်လားဟာ။ တောင်းဆိုတာပါ။ လောလောဆယ်.. ချမ်းငြိမ်း နေကောင်းဖို့ပဲ အာရုံစိုက်ကြရအောင်နော်”
“မဖြစ်နိုင်ဘူး… ချမ်းငြိမ်းကို ငါတစ်ဘဝလုံးကြည့်နေခဲ့တာ။ သူ အဲဒီလိုမဟုတ်ဘူး”
“ချမ်းငြိမ်းက သူချစ်တဲ့သူတွေကို ဒီပုံစံပြချင်မှာမဟုတ်ဘူးလေ”
မယုံကြည်နိုင်သော ကြည်သာ့ကို ဝေယံ ဖေးမကူပေးလိုက်သော်လည်း ကြည်သာက လက်ကိုပုတ်ချ၏။
“သွားစမ်းပါ။ နင့်ကိုယ်နင် ငါနဲ့တန်းလာမညှိစမ်းနဲ့။ နင့်လိုကောင်ကများ…။ ငါ့အစ်ကိုကိုကြိုက်ဖို့အတွက် နင်နဲ့အိပ်နေတဲ့ငါ့ဆီက ရီကော်ဒါခိုးသွားတဲ့ကောင်”
ဝေယံ ထပ်ပြီးကူတွဲပေးမည့် လက်တွေလေပေါ်တံ့သွား၏။ ကြည်သာသိသွားပြီလား…။ ရှက်ရွံ့မှုထက် သိမ်ငယ်မှုကို ဝေယံ စပြီးခံစားလိုက်ရသည်။ သူများပစ္စည်းကို မတော်တဆယူထားမိခြင်းအတွက် ဝေယံ ရှက်ပါသည်။ သို့သော် သိမ်ငယ်မှုကတော့ ချမ်းငြိမ်းနှင့် ပို၍ဝေးသွားပြီဟုခံစားရသောကြောင့်ပင်။
“အဲဒါ.. အထင်လွဲတာ ကြည်သာ။ ငါ.. အဲဒီရီကော်ဒါကို ချမ်းငြိမ်းကိုပြန်ပေးလိုက်ပါတယ်”
“ပိုင်ရှင်က ငါလေ ဝေယံခရဲ့။ငါ့အတွက် ဖတ်ပြထားတဲ့ ချမ်းငြိမ်းအသံကို နင်ခိုးနားထောင်ရတာ အရသာ ရှိသလား။ ချမ်းငြိမ်းကတော့ နင့်ကိုအပြစ်တင်မှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ငါက ချမ်းငြိမ်းမဟုတ်ဘူး။ နင့် ကို ငါ ခွင့်မလွှတ်ဘူး။ ပြီးတော့… ငါ အခုကစပြီး ချမ်းငြိမ်းကို မလွှတ်ပေးတော့ဘူး”
ကြည်သာက ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွား၏။ ဝေယံအသက်ရှူမဝတော့ပါ။ အလုပ်ကိုသွားရမည် လား။ ချမ်းငြိမ်း သတိရချိန်မှာ ဝေယံရှိနေချင်ပါသည်။ သို့သော်… ကြည်သာရှိနေလျှင် ဝေယံ ရှိနေသင့် သည်ဟု မထင်တော့ပါ။ ဝေယံ အလုပ်လာမည့်အကြောင်း မက်ဆေ့ချ်ပို့လိုက်ပြီးနောက် ချမ်းငြိမ်း၏ အနွေးထည်ကို လက်ကဆုပ်ထားကာ ရေရွတ်မိသည်။
“ငါ မင်းကိုဆုံးရှုံးရမှာ ကြောက်တယ် ချမ်းငြိမ်းရယ်။ ငါ့ကမ္ဘာကို အရောင်ပြောင်းပေးပါ”
==============================================================================
ဝေယံ အလုပ်ပြန်သွားရတော့လည်း ဘာမှသိပ်မထူးပါ။ ဝေယံတို့၏ နေ့စဉ်အလုပ်ဖြစ်သော သက်ရှိနေ ထိုင်နိုင်သော ဂြိုဟ်ကိုရှာဖွေရေးက နေ့ချင်းညချင်း ရှာတွေ့သွားနိုင်မည်မဟုတ်ပါ။ ဝေယံ အလုပ်မှာ အချက်အလက်တွေ ဆန်းစစ်နေတော့ အက်ဘီ က ကြင်ကြင်နာနာဖြင့် လာမေးဖော်ရပါသည်။
“မင်းရဲ့ဆုံးရှုံးမှုအတွက် ငါတို့စိတ်မကောင်းပါဘူး။ မင်း နားရက်ထပ်ယူလို့ရတာ သိတယ်မဟုတ်လား”
“အက်ဘီ.. ကျွန်တော် နားရက်ယူလို့ဘာမှမထူးပါဘူး။ ကျွန်တော် မရှိတာက ပိုကောင်းမှာပါ”
“မင်းရဲ့စိတ်ငြိမ်ဆေးရော”
“သူ… နေမကောင်းဘူး”
“မင်းသူ့ဆီ သွားချင်လား”
“သူ့ဘေးမှာ ကျွန်တော့်ထက်ပိုကောင်းတဲ့လူရှိပါတယ်”
အက်ဘီ ကတစ်ချက်မဲ့ရင်း ဆေးလိပ်တစ်လိပ်ထုတ်၏။ ပြီးတော့မှ မျက်မှောင်ကျုံ့ရင်း “အဲဒီပိုကောင်းတဲ့လူ လို့ မင်းရဲ့စိတ်ငြိမ်ဆေးကပြောတာလား။ ပိုကောင်းပါစေဦး၊ အဲဒီလူက မင်းမှ မဟုတ်တာ” ဟုပြောသည်။
ဝေယံ့စိတ်ထဲ လှိုင်းကလေးတွေ ဖြတ်သွားသလိုပင်။ ဟုတ်တာပဲလေ… ကြည်သာက ဝေယံ မဟုတ်။
“ကျွန်တော် ဒီညနေ အချိန်ပိုမဆင်းတော့ဘူးနော်”
“မင်းတစ်ရက်နေလိုက်လို့ EXOTIC ဂြိုဟ်ကြီး ၁၀ လုံးလောက် ထပ်တွေ့မယ်ဆိုရင် ငါတားမှာပေါ့။ အခု တော့ သွားတော့။ ယံ.. မင်းဘဝမှာလေ စိတ်ငြိမ်ဆေးလေးကို ထပ်မပျောက်စေနဲ့တော့”
ဝေယံ ခေါင်းညိတ်ပြလိုက်မိပါသည်။ စိတ်ငြိမ်ဆေးလေးပျောက်သွားလျင်လည်း ဝေယံ အကောင်း အတိုင်း ကျန်ခဲ့တော့မည်မထင်ပါ။ ချမ်းငြိမ်းမရှိတဲ့နေ့တွေဟာ ဝေယံ့အတွက် အမှောင်ထုအတိပါပဲ။
============================================================================
ဆေးရုံမှာ ကြည်သာနှင့်အတူ ကောင်မလေးတစ်ယောက်ရှိနေသည်။ ဆူဇန် ဟုခေါ်သည့် သူငယ်ချင်း ဖြစ် ကြောင်း ဝေယံ သိလိုက်ပါသည်။ ကြည်သာနှင့်တွဲစဉ်ကတည်းက ဆူဇန် အကြောင်း မကြာခဏကြားဖူး သည်။ ကြည်သာ့တွင် မိန်းကလေးသူငယ်ချင်း ဆူဇန် တစ်ယောက်သာရှိမည်ထင်သည်။
“နင်လာတာနဲ့ အတော်ပဲ။ ငါ ဆရာဝန်နဲ့သွားတွေ့ဦးမယ်။ နင်စောင့်နေ”
ကြည်သာလည်း နေမကောင်းဖြစ်နေသည်ကို ဝေယံသိသဖြင့် ဘာမှမပြောလိုတော့ပါ။ ခေါင်းပဲညိတ်ပြ လိုက်ရသည်။ ချမ်းငြိမ်းကတော့ ICU ထဲမှာရှိနေဆဲ။
“ဟိုင်း.. မတွေ့တာကြာပြီနော်”
ဆူဇန် က ကြည်သာ့နောက်မလိုက်သွားသဖြင့် ဝေယံ အံ့သြသွားပုံရတော့ ရှင်းပြရှာပါသည်။
“ကြည်သာက မလိုက်ခဲ့နဲ့ပြောထားတယ်”
“အင်း။ အဲဒီလူဆိုးမလေးက အတော်ဆိုးတာ။ သူလည်း နေမကောင်းတာကို လုပ်ချင်ရာလုပ်နေသေး တယ်။ ဒါနဲ့ ဆူဇန် နဲ့သူ တူတူလာတာလား”
“ကျွန်မက ဒီမှာ အလုပ်သင်ဆင်းနေတာပါ”
“ဟုတ်လား။ နှစ်သိမ့်ဆွေးနွေးတာလား”
“အင်း။ စိတ်ကုထုံးရောပေါ့”
ဝေယံ ဘေးဘီတစ်ချက်ကြည့်လိုက်၏။ ကြည်သာမရှိသည်ကိုသေချာမှ ဝေယံ မထိန်းနိုင်စွာနှင့် မေးလိုက် မိသည်။
“ဆူဇန်.. ကျွန်တော် ဒီလိုမေးရတာ သိပ်တော့ မကောင်းမှန်းသိတယ်။ ဒါပေမဲ့လေ.. ကြည်သာက ထူးဆန်းတယ်လို့မထင်ဘူးလားဟင်”
“ရှင်က ဘယ်လိုထင်လို့လဲ”
ဝေယံ လက်မကို တစ်ချက်ညှစ်လိုက်မိပြီးမှ “ဟို… အမြွှာမောင်နှမတွေက အဲဒီလောက် ချစ်တတ်ကြတာ လားလို့ပါ” ဟု ပြောလိုက်ရသည်။ အမှန်တော့ ဝေယံ မေးချင်သည်က ပိုတဲ့တိုးဆန်သည်။ ကြည်သာက ချမ်းငြိမ်းအပေါ် စိတ်ပူသည်က ညီမတစ်ယောက်နှင့်မတူဟု ပြောချင်သည်။ သို့သော် ကြည်သာ့ သူငယ် ချင်းကို ထိုသို့မမေးသင့်ပါ။
“ရှင်လည်း ကြည်သာ့ကိုကောင်းကောင်းရင်းနှီးတာပဲ။ ကြည်သာ့မှာ တခြားဝါသနာမရှိဘူး။ သူ စာလုပ် တယ်။ သူဘာသာရေးမယုံဘူး။ သူ့အမေကိုတောင် စိတ်ထဲသိပ်ရှိတော့ပုံမရဘူး။ ကြည်သာက တခြားမိန်းကလေးတွေလိုမဟုတ်ဘူး။ သူ့မှာ သဘောကျတဲ့ အဆိုတော်မရှိဘူး။ စာရေးဆရာမရှိဘူး။ ရှင် အဲဒီမှာ ဘာကိုသတိထားမိလဲ”
“ကျွန်တော် သေချာမသိဘူး ဆူဇန်။ ကြည်သာ့ကို ကျွန်တော်နားမလည်တာပဲသိတယ်”
ဆူဇန် က သက်ပြင်းချ၏။
“ကျွန်မတို့ ကြည်သာက တခြားဘာကိုမှစိတ်မဝင်စားနိုင်အောင် သူ့အစ်ကိုကို ချစ်တာ။ သူ့အစ်ကိုက အဲဒီ အရာအားလုံးဖြစ်နေတာ။ ကြည်သာ့ကမ္ဘာမှာတော့ သူ့အစ်ကိုက နတ်ဘုရားပဲ”
“အဲဒါကို ကျွန်တော်သိတော့သိပါတယ်။ ဒါပေမဲ့.. နည်းနည်း လွန်တယ်ထင်လို့”
“ကြည်သာက တစ်ဖက်သတ်မဟုတ်ပါဘူး။ သူ့အစ်ကိုက ကြည်သာ့ကို အလိုလိုက်ပေးခဲ့တာပဲလေ”
“မောင်နှမနှစ်ယောက်က အဲဒီလိုချစ်ကြတာလား”
“လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်ကထိတောင် ကမ္ဘာကပြားတယ်လို့ လူတွေထင်ခဲ့ကြတာပဲမဟုတ်လား။ ရှင်က ရူပဗေဒပညာရှင်ပဲ။ မရှိဘူးဆိုတာ သက်သေမပြရသေးတဲ့အရာတွေအဖြစ်ရှိနေတာပဲလေ”
ဝေယံ ပြောစရာစကားမရှိတော့ပါ။ ဝေယံပဲထူးဆန်းတယ်လို့တွေးမိနေတာလား။ မသိတော့ပါ။ ချမ်းငြိမ်း နိုးလာဖို့ပဲ ဝေယံ မျှော်လင့်သည်။ လွမ်းလှပြီလေ။
==============================================================================
ချမ်းငြိမ်းကို သာမန်လူနာခန်းထဲသို့ပြောင်းတော့ တစ်ယောက်ခန်းရအောင် ချမ်းငြိမ်းတက္ကသိုလ်မှ ကူညီ ပေးခဲ့ပါသည်။ သို့သော် ချမ်းငြိမ်းအခြေအနေက အသက်ရှူစက်မလိုအပ်တော့သည်ပဲရှိသေးသည်။ အရှင်း မပျောက်လှသေး။ ချမ်းငြိမ်းသတိရလာကတည်းက ကြည်သာက ချမ်းငြိမ်းအနားမှ နည်းနည်းမှမခွာပေ။ ဝေယံ့မှာ ချစ်ရသူ၏ ဖျော့တော့သော မျက်နှာလေးကို ကြည့်ရုံပဲကြည့်ပြီး ပြန်ပြန်နေရသည်။ ထိုကြားထဲ မှာက ကိစ္စတစ်ခုဖြစ်သွားသေးသည်။ ဝေယံက ချမ်းငြိမ်းကို ချစ်သည်ဟု အသံကောင်းဟစ်ထားရုံမျှ မဟုတ်သော်လည်း နေမကောင်းဖြစ်နေသည့်လူတစ်ယောက်ကိုတော့ မပြုစုဖူးပါ။ ထို့ကြောင့် ချမ်းငြိမ်း ချောင်းဆိုးသည်တို့၊ အန်သည်တို့ဖြစ်လျှင် ဝေယံ မည်သို့လုပ်ပေးရမည်မသိ။ ဤသည်ကို ကြည်သာက အလွန် အမြင်ကတ်သွားပုံရသည်။ ဝေယံ့ကို အနားကပ်မခံတော့ဘဲ ကြည်သာက ချမ်းငြိမ်းကိုပွေ့ထား ကာ ပြုစုပေး၏။ ချမ်းငြိမ်း အန်ချင်လာသည်တို့ရှိလျှင် “ကိုကို.. အန်ချလိုက်။ ငါရှိတယ်နော်။ ကြည်သာ့ ပေါ်အန်လိုက်” ဟုပြောတတ်သေးသည်။
ဝေယံ ကိုယ့်ကိုယ်ကိုယ် မလုံလောက်ဟု ပိုပြီးတွေးမိလာ၏။ ဝေယံဆိုလျှင်ရော ကြည်သာ့လို ကိုယ့် အပေါ် အန်ချခိုင်းနိုင်မည်လား။ ဝေယံမပြောတတ်ပါ။ ကြည်သာမရှိလျှင်တော့ ဝေယံသည်လည်း ချမ်းငြိမ်းကို ပြုစုပေးနိုင်မည်ထင်ပါသည်။
“ကိုကို စားချင်တဲ့ ဆန်ပြုတ် သွားချက်မလို့။ ကိုကို့အိမ်မှာ သွားချက်လိုက်မယ်”
ကြည်သာ ထိုသို့ပြောလာတော့ ဝေယံ လှိုက်ခနဲပျော်သွားမိသည်။ ကြည်သာ့ကို ခဏတဖြုတ် မရှိစေချင် သော ဆန္ဒတို့ပြည့်ဝလာခဲ့ပြီမဟုတ်လား။ ကြည်သာ ထွက်သွားတော့ ဝေယံ စိတ်ကိုအသင့်ပြင်ပြီး လူနာ ခန်းထဲ ဝင်လာခဲ့မိ၏။ ဆေးသွင်းထားရသော ချမ်းငြိမ်းက အိပ်တော့မပျော်နေပါ။ ဆေးပိုက်တန်းလန်းနှင့် လက်ဖြင့် ဝေယံ့ထံလှမ်းကိုင်ပြီး ခပ်တိုးတိုးပြောသည်။
“ကိုယ့်ဝေယံ.. အများကြီးစိတ်ပူခဲ့ရလား”
“မင်းလေ.. တကယ် ငါ့ကို သတ်နေတာပဲ။ နေမကောင်းတာဘာလို့မပြောတာလဲကွာ။ ငါလာမရှာရင် မင်း သေသွားနိုင်တာသိရဲ့လား”
“ကိုယ် မသေပါဘူး”
ချမ်းငြိမ်းလက်တွေက ပူခြစ်တောက်နေဆဲ။ ဝေယံ ပူပန်လာသည်နှင့်အမျှ စိတ်တိုလာမိသည်။
“မင်းကသိနေပေမဲ့ ငါကမသိဘူးလေ အရူးရဲ့။ မင်းသေတော့မယ်ထင်လို့ ငါ ဒီမှာ ရူးတော့မှာ သိရဲ့လား”
ဝေယံ အော်လိုက်မိပြီးမှ နောင်တရသွားကာ ချမ်းငြိမ်းကို ကျောခိုင်းလိုက်၏။ အမှန်က ဝေယံက ကိုယ့် စိတ်ကိုယ် ထိန်းဖို့ အသက်ရှူနေခြင်းသာ။ သို့သော် ဝေယံ မထင်လိုက်သည်က ချမ်းငြိမ်းက ဝေယံ့ကို အနောက်မှနေ၍ ဖက် လာမည်ဟု။ ဆေးပိုက်တန်းလန်းကို ဆွဲဖြုတ်ထားပုံရသော လက်ဖမိုးတစ်ခုက ဝေယံ့ ပုခုံးမှနေ၍ ရင်ဘတ်သို့သိုင်းရောက်လာသည်။ ပူရှိန်းနံ့တို့မရှိတော့သော်လည်း ဆေးရုံနံ့၊ ပိုးသတ် ဆေးနံ့တို့ကရှိနေဆဲ။ ချမ်းငြိမ်းက မတ်တပ်ထရပ်ပြီး ဝေယံ့ကို ဖက်လိုက်တာတဲ့လား။ ဝေယံ မိန်းမောနေ ဖို့ အချိန်မရှိပါ။ ချမ်းငြိမ်းကိုယ်နှင့်ထိတွေ့တော့မှ မည်မျှ ပူခြစ်တောက်နေလဲ သိလိုက်ရသည်။ ချမ်းငြိမ်း ကိုယ်နှင့်လက်က မီးတောင်ချော်ကျောက်တွေလို ပူနေသေး၏။
“ချမ်းငြိမ်းအေးဟန်။ မင်းနေမကောင်းသေးဘူးလေ။ ဘာတွေလျှောက်လုပ်နေတာလဲ”
“လွမ်းလို့လေ ကိုယ့်ဝေယံကို ကိုယ် ဘယ်လောက်လွမ်းခဲ့ရလဲ”
ကုတ်ပိုးပေါ် အနမ်းတစ်ရှိုက်ရောက်လာတော့ ဝေယံ အိပ်မက်တစ်ခုလိုခံစားလိုက်ရသည်။
“မင်းပြန်လှဲနေစမ်း။ ငါ.. ငါ.. ငါ ထပ်မထိန်းနိုင်တော့ဘူး။ မင်းကို ငါနမ်းမိတော့မယ်”
“ဒါဆို မထိန်းနဲ့တော့”
ဝေယံ ဆတ်ခနဲလှည့်လိုက်ကာ ချမ်းငြိမ်းလက်ကိုချုပ်ကိုင်ပြီး နမ်းရှိုက်ပစ်လိုက်၏။ ချမ်းငြိမ်း နှုတ်ခမ်း သားတို့က ယခုမှ အရောင်ပြန်တက်လာခဲ့၏။ မဟုတ်တော့၊ ပေါက်ထွက်တော့မလားပင်မသိ။ ဝေယံ ချုပ် ထားသော ချမ်းငြိမ်းလက်တို့က အရာပင်ထင်လာပြီ။ ဝေယံ ဆက်၍ စိတ်ရိုင်းမဝင်ချင်တော့သဖြင့် ရပ် ပစ်လိုက်ရ၏။ ချမ်းငြိမ်းကို လှဲချစေပြီး ဝေယံ ဘေးကခုံမှာထိုင်ဖြစ်သည်။
“ငါ ဘယ်လောက်ကြောက်နေခဲ့ရလဲ သိလား ချမ်းငြိမ်း..”
“ကိုယ် သိတယ်။ ကိုယ် မင်းကိုဖုန်းဆက်မလို့ပဲ။ ဒါပေမဲ့ ဖုန်းထုတ်နေရင်းနဲ့ မရတော့တာ။ တောင်းပန်ပါ တယ်”
“ဘာအတွက်လဲ”
“ကိုယ် နေမကောင်းဖြစ်မိလို့လေ”
“မတောင်းပန်နဲ့။ ငါမုန်းလို့ပါ”
“ကိုယ့်ကိုလား”
“မင်းကိုမုန်းတဲ့သူက မင်းသေမှာစိုးလို့ ကြောက်နေမလား”
ယနေ့အတွက် ပထမဆုံးအကြိမ်အဖြစ် ချမ်းငြိမ်း နှုတ်ခမ်းလေးက ဖျော့တော့စွာပြုံးသွားသည်။
“ကိုယ်မသေပါဘူးဆိုနေ”
“မင်းက ကြိုသိနေရအောင် ဘာလဲ။ ဗေဒင်ဆရာလား”
“ကိုယ်တို့ယုံကြည်တာကကျတော့ သေမယ့်ရက်အတိအကျကို သိတဲ့သူတွေက ဗုဒ္ဓဘုရားပြီးရင် ရဟန္တာ လောက်ပဲရှိမှာ။ ကိုယ်က သာမန်လူပဲလေ။ ကိုယ်သေမယ့်ရက်ကိုမသိပါဘူး။ ဒါပေမဲ့ ဒီတခါမဟုတ်ဘူးဆို တာကိုတော့ ကိုယ်သိတယ်”
“ဘာလို့လဲ”
“မင်းဘေးမှာရှိနေချင်သေးလို့လေ”
ဝေယံ့ရင်ထဲ လှုပ်ရှားသွားရသည်။ ချမ်းငြိမ်းရယ် ဟုလည်း တ မိတော့သည်။
“အဲဒီစကားအတွက် ငါပျော်နိုင်မယ်ထင်နေလား”
“ကိုယ်အသက်ရှင်နေသေးလို့ မင်းပျော်တယ်မဟုတ်လားဟင်။ အဲဒါဆိုရပါပြီ”
ဝေယံ နှုတ်ခမ်းကိုက်ရင်းဖြင့် ချမ်းငြိမ်းလက်ကို သေချာဆုပ်ကိုင်ထားမိသည်။
“ငါ့ဘဝမှာ ငါ့ကိုယ်ငါထက် ပိုချစ်ရမယ့်သူက မင်းပဲ ချမ်းငြိမ်း။ မင်းက ငါ့အသက်ဓာတ်ပဲ။ အဲဒါကြောင့်.. နောက်တခါ… ဒီလိုမဖြစ်စေနဲ့။ ငါခွင့်မလွှတ်ဘူးနော်”
“မင်းစိတ်နဲ့ကိုယ့်ရဲ့ကိုယ်ပါ။ ကိုယ့်ကို မင်းအနားမှာရှိခွင့်ပေးပါ။ ပြီးတော့ ကိုယ် မညာတတ် ဘူး ဆိုတာမင်းသိတယ်မဟုတ်လား”
“ဘာလို့တုန်း”
“ကိုယ်မျောနေတုန်းမှာ မင်းခေါ်သံ ကိုယ်ကြားတယ်သိလား။ ကိုယ်အရမ်း ရင်ဘတ်ထဲနာနေပေမဲ့ မင်းကို ပြန်အော်ခေါ်မိတယ်။ ကိုယ့်ဝေယံဆိုပြီးလေ။ ကိုယ် ဆုံးဖြတ်လိုက်တယ်။ မင်းရဲ့ အောင်မြင်မှုကို ဆွတ်ခူး ချိန်မှာ မင်းအနောက်မှာ ကိုယ်ရှိနေရမယ်လို့လေ”
“မင်း ဒီလိုအပိုစာသားတွေမပြောတောင် ငါက ရူးသွပ်ပြီးသားပါ ချမ်းငြိမ်းရာ”
ချမ်းငြိမ်းလက်ကို ဝေယံ နမ်းရှိုက်နေရင်း ပါးနားအပ်ထားမိသည်။ ဝေယံ ဒီလူသားကို ပိုင်ဆိုင်ချင်သည်။ ဝေယံ သေချာသွားပါသည်။ ဒီလူသားကို… ချမ်းငြိမ်းအေးဟန်ကို ဝေယံ နောက်တစ်ဆင့် ချည်နှောင်ချင် ပြီ။
=============================================================================
လူနာခန်းကို မြင်ရသော မှန်တံခါးလေးတွင် ကြည်သာ ဆန်ပြုတ်ဘူးကိုင်ရင်း ရပ်ငေးနေမိသည်။ ချမ်းငြိမ်း က ဤမျှ ချစ်တတ်သည်ပဲ။ ဝေယံ ပြောသဖြင့် ချမ်းငြိမ်းခါးကို ဝေယံ ကြည့်မိခဲ့သည်။ အမာရွတ်ကြီး ထင်း နေဆဲ။ ချမ်းငြိမ်း တစ်ခုခုများဖြစ်ခဲ့သည်လားပဲ။ ဆရာဝန်ကိုမေးတော့ နာတာရှည်ဒဏ်ရာဟုပြောသည်။ ကြည်သာ မသိသေးသည်တို့ရှိသေးသည်လား။ ရုတ်တရက်ခေါင်းထဲပြန်ရောက်လာသော မှတ်ဉာဏ်တွေ က စိတ်ရှုပ်ဖို့ကောင်းလွန်းလှသည်။
“ကလေးရယ်.. သူတို့လည်းအချိန်ယူပါစေ။ တို့နဲ့ပြန်ကြရအောင်နော်။ မင်းနားဖို့လိုတယ်လေ”
ပုခုံးကိုလာဖက်သော လက်တစ်ဖက်ကို ကြည်သာ ဆွဲယူရင်း မေးလိုက်မိသည်။
“ဆူဇန်.. ကိုယ်သိချင်တာရှိတယ်။ မင်းညီမ စန်ဒရာ လေ… သူ.. မင်းကိုသိပ်ချစ်လားဟင်”
ဆူဇန် မျက်နှာပျက်သွားသည်ဟု ကြည်သာထင်၏။ သို့သော် ဆူဇန် တည်ငြိမ်စွာပြန်လာပါသည်။
“သူက တို့ကိုချစ်ပါတယ်”
“သေလောက်တဲ့အထိလား”
ကြည်သာ တမင်မေးပစ်လိုက်ပါသည်။ ကြည်သာ အဖြေကိုသိပြီ။
“ဟုတ်တယ်။ သူ့ကို တို့က မဖြစ်သင့်ကြောင်းပြောလို့ သူအဆုံးစီရင်သွားတာ။ တို့ကို အပါခေါ်သွားချင် ပေမဲ့ မရခဲ့ဘူးလေ။ ဘာလို့လဲဆိုတော့… ကြည်သာ.. အမြွှာတွေက တစ်ယောက်သေလို့ လိုက်မသေဘူး လေ”
ကြည်သာ သိပြီးသားအဖြေတစ်ခုဖြစ်သည့်တိုင် ပြုံးနေလိုက်မိသည်။ ကြည်သာနဲ့ ကိုကို့ကို သူများတကာ အမြွှာတွေလိုထင်နေလျှင်တော့ ဆူဇန် မှားပါလိမ့်မည်လေ။
=============================================================================


Leave a comment