26 – Tidal Force
ယခုတခါ ကိစ္စရပ်သည် ချမ်းငြိမ်းအပေါ်ထားသည့် ဝေယံ့စိတ်ကို သေချာသွားစေခဲ့သော်လည်း သံသယ တစ်ခုကိုလည်း ဖန်တီးပေးလာခဲ့သည်။ ဝေယံ့အနေဖြင့် ကြည်သာအေးမြ ဆိုသည့် မိန်းကလေးကို ဘယ် တုန်းကမျှ နားမလည်ခဲ့ပါပေ။ ဆယ်တန်းအရွယ်တွင် တစ်မှတ်များသွားသည်ကို အကြောင်းပြု၍ အမုန်းခံ ရသည်ကတော့ ကျိုးကြောင်းဆီလျော်ပါသည်။ သို့သော် ထိုအမုန်းတရားထက်ပို၍ ပဟေဠိဆန်သည်က ကြည်သာအေးမြ၏ခံစားချက်များပင်ဖြစ်လိမ့်မည်။ အတူတူနေဖြစ်စဉ်ကပင် ကြည်သာ့စိတ်ကျေနပ်မှုကို ဝေယံ မသိခဲ့။ ထို့ပြင် ကြည်သာ့ခန္ဓာကိုယ်နှင့် တွဲဖက်နေရလျှင်ပင် ကြည်သာ့စိတ်အစဉ်ကို ထိုးထွင်းမြင်ဖို့ ခက်ခဲလွန်းသည်။ ထိုမျှ လျို့ဝှက်ပြီး နားလည်ရခက်သည့် ကောင်မလေးက အမြွှာအစ်ကို ချမ်းငြိမ်း အတွက်တော့ဖြင့် မျက်နှာဖုံးများကွာကျကုန်တတ်သည်။ မျက်နှာဖုံးကွာကျ၍ နားလည်၍ရပြီလား မေး လျှင်တော့ ဝေယံ ခေါင်းခါရပေမည်။ ကြည်သာသည် ဝေယံလေ့လာနေရသော ဂြိုဟ်များထက် ပို၍ ခက်ခဲ သည်။ ရေခဲလွှာများဖြင့် အေးခဲနေတတ်သည့် မျက်နှာပြင်များအောက်တွင် အပူချိန် ဒီဂရီ နေမျက်နှာပြင် ထက်ပို၍ပူသော မီးတောက်ချော်ရည်ပူများစီးဆင်းနေသည့် ဂြိုဟ်များလိုပင် မာယာများလှသည်။ ဝေယံ စိုးရိမ်မိသည်က ချမ်းငြိမ်းအပေါ်မှာဖြစ်သည်။ သို့သော် ဤကိစ္စကို ထုတ်ဖော်ပြော၍တော့ မဖြစ်သေး။
လောလောဆယ်တွင် ကြည်သာ့အပေါ်အမှားကျူးလွန်ထားသည်က ဝေယံ ဖြစ်နေခဲ့၏။ အသံသွင်းစက် ကိစ္စအပေါ် ကြည်သာ မကျေနပ်သေးမှန်း သိသည်။ ထို့ကြောင့် ကြည်သာရှိနေခိုက်တွင်တော့ ချမ်းငြိမ်းနှင့် ခပ်တန်းတန်းနေပြရပါသည်။ ယခုလည်း ဝေယံက လူနာခန်းထဲမဝင်ရဲသဖြင့် အပြင်မှာပဲ ရပ်နေဖြစ်ခဲ့၏။ ထို့ကြောင့်လည်း ကြည်သာတို့မောင်နှမ၏ ပြောစကားများကို မထင်မှတ်ဘဲ နားထောင်ဖြစ်သွားသည်။
“ကိုကို.. အစားနည်းနည်းဝင်အောင်စားပါဦးဟာ။ ပိုးသတ်ဆေးတွေက ပြင်းတယ်”
“ကိုယ် စားပါတယ် ညီမလေးရယ်။ ပင်ပန်းနေပြီလားဟင်။ အလုပ်က ထားခဲ့လို့ရောဖြစ်ရဲ့လား”
ကြည်သာက ဆန်ပြုတ်ကို တစ်ဇွန်းစီသေချာတယုတယခွံ့ကျွေးရင်း ချမ်းငြိမ်းနှုတ်ခမ်းထောင့်များကို လည်း တစ်ရှူးလေးနှင့် တို့ထိပေးနေသည်။ ကြည်သာအေးမြ က ဤမျှနူးညံ့တတ်မည်ဟု ဘယ်သူ ထင်မလဲ လေ။ ချမ်းငြိမ်းကတော့ ကုတင်ကိုပဲမတ်ကာ မှီထားရသည်။ ဤအနေအထား ကြာကြာနေလျှင် တော့ ချမ်းငြိမ်း ခါးကိုက်လောက်မည်ထင်သည်။
“ကိုကိုနော်.. နင် နေမကောင်းချိန်မှာ အဲဒီအလုပ်တွေက ဘာအရေးကြီးမှာလဲ။ ကုန်ကုန်ပြောမယ်။ နင့် အတွက်ဆိုရင် ငါ သေရမယ်ဆိုရင်တောင်ရတာမို့လို့”
“ကြည်သာ…ကိုယ့်အတွက်လည်း ကြည်သာကအရေးကြီးတယ်လေ။ ကြည်သာလည်း ဖျားနေခဲ့တာဆို”
“ငါ … ငါလေ လောဘတက်လာတယ် သိလား ကိုကို။ ငါ အစကတော့ ငါတို့နှစ်ယောက်ရဲ့နာ့ဗ်ကြောတွေ တစ်ခုခုလုပ်လိုက်ရင် နင်ဘာဖြစ်နေသလဲ ငါသိရမယ်လို့ ထင်ခဲ့တာ။ အခုတော့လေ.. အဲဒါတောင် မဖြစ် နိုင်သေးခင် နင့်ဆီက နာကျင်မှုတွေ ငါအကုန်လွှဲပြောင်းယူလိုက်ချင်တယ်။ ငါ့မှာ အဲဒီစွမ်းအားလေးရချင် တယ် ကိုကိုရယ်”
ကြည်သာက ဆန်ပြုတ်ဘူးကို စားပွဲပေါ်တင်လိုက်ပြီး ချမ်းငြိမ်းပေါ်တိုးကပ်မှီနွဲ့လိုက်၏။ မည်မျှပင် မောင်နှမဖြစ်နေပါစေ၊ ဝေယံ ရင်ထဲ သဝန်တိုစိတ် ပျပျကလေးဖြစ်သွားမိသည်။ ချမ်းငြိမ်း ခါးပေါ်ဝေဒနာ တိုးမည်လည်း စိတ်ပူသည်။ သို့သော် ချမ်းငြိမ်းက ကြည်သာ့ခေါင်းလေးကို ပွတ်ပေးနေ၏။
“ညီမလေးရယ်၊ မဖြစ်နိုင်တာတွေနဲ့ ဘာဖြစ်လို့ စိတ်ကို အပူလောင်ခံရတာလဲ။ ကိုယ်ကရော ညီမလေးကို အနာကျင်ခံနိုင်မယ်လို့ထင်နေတာလားဟင်”
“မဖြစ်နိုင်ဘူးလို့တော့ မပြောပါနဲ့ဟာ။ ငါ တစ်သက်လုံးကုန်ဆုံးရမယ်ဆိုရင်တောင် အဲဒီနည်းလမ်းကို လိုက်ရှာချင်လို့ပါ”
“ကြည်သာ။ မရှိတဲ့အရာကို ရှာလို့မရဘူးလေ။ ကိုယ်ကတော့ ညီမလေးကို လွတ်လပ်ပေါ့ပါးစေချင်တယ်။ ကိုယ့်အကြောင်းတွေနဲ့ ညီမလေး စိတ်အလေးပင်ခံမယ့်အစား ညီမလေးဘဝအတွက် ပိုစဉ်းစားစေချင်ပြီ။ ကိုယ့်ကိုလည်း ညီမလေး လက်လွှတ်လိုက်ရမှာမှမဟုတ်ဘဲ”
“ငါ့ဘဝက ကိုကိုလေ။ ငါ့မှာ တခြားဘာမှမရှိပါဘူးဟာ။ ဒါပေမဲ့… ကိုကို.. ငါ… ကံကြမ္မာကို မယုံဘူး။ ပြီး တော့ မုန်းတယ်။ ငါ့ဘဝမှာ ပထမဆုံးမက်မက်မောမောလိုချင်ခဲ့ဖူးတဲ့ ပထမနေရာကို ဝေယံခက ယူသွား တယ်။ အခု.. နင့်ကိုလည်း သူပဲရသွားပြန်တယ်။ နင်ပြောပါဦးလား။ အဲဒါ ယောက်ျား မိန်းမ ဖြစ်မှုနဲ့မဆိုင် ဘူးလို့”
ဝေယံ ထိတ်ခနဲဖြစ်သွားရသည်။ ချမ်းငြိမ်းဖြေလိုက်မည့်အဖြေကိုလည်း ဝေယံ လန့်ပါသည်။ ချမ်းငြိမ်း သည်လည်း ထိုစကားအတွက် အနည်းငယ်တော့လှုပ်ခတ်သွားပုံရသည်။ ကြည်သာ့ဆံနွယ်လေးများကို သပ်တင်ပေးနေသော ချမ်းငြိမ်းလက်တို့ကရပ်တံ့သွားသည်ကို ဝေယံတွေ့ရ၏။
“ဝေယံ့ အပြစ်မဟုတ်ပါဘူး ကြည်သာ။ ကိုယ့်ကို သူယူသွားတာမဟုတ်ပါဘူး။ ကိုယ်က လိုလိုချင်ချင်နဲ့ လှမ်းခဲ့တာပါ။ ကံအကြောင်းပြောတဲ့အခါ ကြည်သာ နာကျင်နေမှာသိလို့ ကိုယ် ကံလို့ အမည်မတပ်တော့ ဘူး။ ဝေယံ့မေတ္တာတွေက ကိုယ်နဲ့ပေါင်းဆုံသွားခဲ့တာမို့လို့ ကိုယ့်ညီမလေးကို မုဒိတာပွားပေးဖို့ တောင်းဆို လို့ရမလားဟင်”
ကြည်သာက ချမ်းငြိမ်းရင်ခွင်ထဲပိုတိုးကပ်သွား၏။ ကြည်သာ့ပုံစံက သူများကိုပေးရတော့မည့် အရုပ် ကလေးကို ဆုပ်ကိုင်ထားသည့်ဟန်။ ဝေယံ ရင်မောသွားရသည်။
“ကိုကို… နင်တောင်းဆိုသင့်တာက ဥပေက္ခာထားဖို့လေ။ ဒါကို နင်က မုဒိတာပွားဖို့ပါ မေးရသလား။ ငါက ရော။ ငါက… ဘာနဲ့ကျန်ခဲ့မှာလဲ ကိုကိုရယ်”
“ကိုယ့်ကို ကြည်သာက ဆုံးရှုံးရမယ်ထင်နေတာလား ညီမလေး။ ကိုယ်က ကြည်သာ့ရဲ့အရိပ်ပါ။ ကိုယ်က ကြည်သာ အမြဲတမ်းပိုင်ဆိုင်မယ့်အရာပါ”
“နင်က ငါ့ကမ္ဘာရဲ့ကိုးကွယ်ရာပါ”
ချမ်းငြိမ်းက ကြည်သာ့နဖူးလေးကို ဖြည်းဖြည်းလေးနမ်းရှိုက်လိုက်၏။ ဝေယံ မကြည့်ရက်နိုင်စွာပင် မျက်နှာလွှဲလိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာဖြစ်နေမှန်းမသိတော့ပဲ စိတ်မကျေနပ်နိုင်။ မိခင်ဝမ်း မှာကတည်းက ပူးတွဲနေထိုင်လာသူ နှစ်ယောက်ကို ဝေယံ ဘာဝန်တိုစရာရှိသလဲလေ။ သို့သော် ဝေယံ ရှုံး နေရသလို ခံစားရသည်။ ကြည်သာ့ကို ဝေယံ ယှဉ်နိုင်ပါ့မလားလေ။
“ကိုကို… နင့်ကို ငါတိုင်ပြောစရာရှိတယ်။ ဟိုကောင့်အကြောင်း”
လှည့်ထွက်လုဆဲဆဲ ဝေယံ့ခြေလှမ်းတွေရပ်သွားရပြန်သည်။ ခိုးနားထောင်မိခြင်းအတွက် ဝေယံ စိတ်မလုံ သော်လည်း ကိုယ့်အကြောင်းကိုယ် နားထောင်ခွင့်တော့ရှိသည်ဟု တရားမျှတမှုကိုတွေးယူမိ၏။
“ဝေယံ ဘာဖြစ်လို့လဲ ညီမလေး”
“နင် ငါ့ကို ပေးထားတဲ့ Recorder ကို သူ ခိုးသွားတာ။ ငါ အဲဒါပျောက်လို့ ဘယ်လောက်တောင် စိတ်ထိခိုက် ရသလဲ ကိုကိုအသိဆုံးပဲလေ။ ငါ သူ့ကိုမုန်းတာမလွန်ပါဘူးနော်”
“ဝေယံက ညီမလေးကိုပြန်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ သူယူထားမိတာမဟုတ်ဘဲ သူ့အတွက် အခွင့်အရေးမရခဲ့တာပါ။ကိုယ်နဲ့ ရင်းနှီးချိန်မှာ သူပြန်ပေးခဲ့ပါတယ်။ ကိုယ့်အိမ်မှာ သိမ်းထားတယ်။ ညီမလေး အထင်မလွဲဖို့ ကိုယ်တောင်းပန်ချင်တယ်။ နော်.. ကြည်သာကပဲ ကိုယ့်ကို ခွင့်လွှတ်ပေးပါ”
ဝေယံ နှုတ်ခမ်းကိုက်ထားလိုက်မိသည်။ ချမ်းငြိမ်း တောင်းပန်နေရသည်ကို ဝေယံ မကြိုက်ပါ။ ဝေယံ နားမထောင်တော့ဘဲ လှည့်ထွက်လာခဲ့လိုက်တော့သည်။ ထိုတုန်းက ဝေယံ ဆက်၍ နားထောင်ခဲ့သင့် ကြောင်း နောက်မှ သိခဲ့ရလေသည်။ နောင်တက နောက်မှရတတ်သည်မဟုတ်လား။
==============================================================================
ထိုနေ့မှစ၍ ကြည်သာက ဝေယံ့ကို အလွတ်ပေးထားလိုက်သည်ကို ခံစားမိ၏။ ချမ်းငြိမ်းအနားတွင် နေခွင့် လည်းပြုလာသည်။ ကြည်သာအေးမြကို ချမ်းငြိမ်းက ကောင်းကောင်းကြီးကိုင်တွယ်တတ်သည်ဟု ဝေယံ နားလည်၏။ သို့သော် ဝေယံနှင့်ပတ်သက်သောကိစ္စကိုပါ ချမ်းငြိမ်းက အဆင်ပြေစေမည်ဟု မတွေးခဲ့မိ။
“ကြည်သာက မင်းနဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံပဲနော်”
ဝေယံ့မျက်နှာကို လှမ်းကြည့်လာသော ချမ်းငြိမ်း မျက်ဝန်းများက နက်ရှိုင်းလှသည်။
“ကိုယ့်ညီမလေးက ခေါင်းမာတယ်။ သူယုံကြည်ရာကို အထိမခံဘူး။ ကိုယ့်ညီမလေးကို နားလည်ပေးပါဦး”
ချမ်းငြိမ်းလက်ကို မထိရက်မကိုင်ရက်စွာ အုပ်မိုးထားသော ဝေယံတစ်ယောက် အနည်းငယ် စိတ်တိုသွားရ ပြီး အားထည့်ကာ ဆုပ်ကိုင်လိုက်မိသည်။
“ချမ်းငြိမ်းရာ.. အဲဒီကောင်မလေးကို ငါ အရင်ကတည်းက သည်းခံနားလည်ပေးခဲ့ပြီးပြီလို့ထင်တယ်။ ဒါပေမဲ့ ငါ့ကို သူမုန်းနေတာကအဆင်မပြေဘူး။ ကြည်သာ ခနဲ့တဲ့စကားတွေ ငါသည်းမခံနိုင်ဘူး”
“ကိုယ်တောင်းပန်ပါတယ်။ ကြည်သာ့ကို ကိုယ်စွန့်ပစ်ဖို့မဖြစ်နိုင်ဘူး”
ထိုစကားက ဝေယံ့နှလုံးသားကို အတိုင်းအဆမရှိ နာကျင်စေသည်။ ဝေယံ့ကို ချမ်းငြိမ်းက ဂရုတစိုက်ရှိလှ ပြီး ကောင်းပေးသော်လည်း စွန့်ပစ်သွားနိုင်သေးသည်ဟု ဝေယံထင်မိသည်။ အကယ်၍ ဝေယံကသာ ကြည်သာနှင့် ကတောက်ကဆဖြစ်၍ လမ်းခွဲကြစို့ဟုပြောမိလျှင် ချမ်းငြိမ်းသည် တွဲကြဖို့ လက်ခံစဉ်ကလို ပင် အသာတကြည်ခေါင်းညိတ်လိုက်လိမ့်မည်ဟုလည်း တွေးမိသည်။ ပိုချစ်ရတဲ့သူက ဝေယံ ဖြစ်နေသည် ကို ဂရုမစိုက်ပါ။ သို့သော်… ဝေယံ အစွန့်ပစ်ခံဖို့ အင်အားမရှိပါပေ။
“ကြည်သာ့ကို စွန့်ပစ်လိုက်ဖို့လည်း ငါမပြောပါဘူး ချမ်းငြိမ်း။ ကြည်သာနဲ့ ငါ ပတ်သက်ခဲ့တာကိုလည်း မင်း သိတာပဲ။ ငါ သူ့ကိုသူငယ်ချင်းတစ်ယောက်လို သံယောစဉ်ရှိပါတယ်။ ညီမတစ်ယောက်လိုလည်း မြင် ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ကြည်သာက ငါ့ကို အဲဒီလိုမမြင်ဘူး။ ကြည်သာ့မျက်လုံးထဲမှာ ငါက အမြဲတမ်း မုန်းစရာကောင်းတဲ့ပြိုင်ဘက်တစ်ယောက်ပဲ”
“ကိုယ်နားလည်ပြီ။ ကိုယ် ဒီထက်ပိုပြီး ကြိုးစားပါမယ်”
ချမ်းငြိမ်းက ဘာကိုကြိုးစားမည်လဲဟုတော့ ဝေယံ မေးခွင့်မရလိုက်ပါ။ မမေးရဲခြင်းဆိုလျှင်လည်း ပိုမှန် မည်။ ချမ်းငြိမ်းကို ဒီထက်ပို၍ ပွင့်လင်းစေချင်သည်။ သို့သော် ကြည်သာ့အကြောင်းပါလာလျှင် ချမ်းငြိမ်း က ပို၍ တိတ်ဆိတ်သွားတတ်သည်။
ဆေးရုံဆင်းတော့ အနိတာက အိမ်တွင် ညစာစားရန် ပြောသဖြင့် ဝေယံရော ကြည်သာပါ ရောက်နေကြ သည်။ လူမမာ ပူပူနွေးနွေး ချမ်းငြိမ်းကတော့ အေးချမ်းစွာပင် ပြုံးပြီး ကြည်သာ့ဘေး၊ ဝေယံ့ မျက်နှာချင်း ဆိုင်တွင် ထိုင်နေ၏။
“ကျန်းမာရေးဂရုစိုက်ဖို့ဆိုတာ ဒါကြောင့်ပြောတာပေါ့။ ငါတို့ ချမ်းငြိမ်း အခုလိုပြန်ပြီး နေကောင်းလာလို့ ဘုရားရှင်ကိုကျေးဇူးတင်တယ်”
အဘိုးကြီး ကူးမားတို့လင်မယားက ချမ်းငြိမ်းကို အတော်ဂရုစိုက်သည်ကို တွေ့တော့ ဝေယံ စိတ်နည်းနည်း တော့အေးရပါသည်။ ချမ်းငြိမ်း ဆေးရုံကပြန်ရောက်တော့ ပန်းနှင့် ဆီမီးဗန်းလေးကိုကိုင်ပြီး ချမ်းငြိမ်းကို ရစ်ပတ်ပေးသည်။ ချမ်းငြိမ်းကလည်း ထိုဆီမီးတောက်ကို လက်နှင့်သပ်ယူပြီး ခေါင်းပေါ်သို့တင်၏။ အိန္ဒိယရိုးရာအတိုင်း အနိတာနှင့် ကူးမားခြေဖမိုးကိုလည်း ထိ၍ အရိုအသေပေးသည်။ ကြည်သာနှင့် ဝေယံ နှစ်ယောက်မှာသာ ကြောင်တောင်တောင်နှင့်ကြည့်နေရ၏။ ဟိန္ဒူဓလေ့ကိုလည်း ချမ်းငြိမ်းက လိုက်လျောညီထွေစွာ နေတတ်သေးသည်ပဲ။
“ချမ်းငြိမ်းရဲ့အမြွှာဆိုတော့ ငါတို့ရဲ့သမီးလေးပဲပေါ့။ ကြည်သာက သိပ်ချစ်ဖို့ကောင်းတာပဲကွယ်။ ဆံပင်ထူ ကြီးတွေကိုကြည့်ဦး”
အဘိုးကြီးကတော့ မျက်မှန်အောက်မှသာ ပင့်ကြည့်ပြီး ကြည်သာ့ကို စကားသိပ်မပြော။ ညစာစားပွဲဝိုင်း က အဘိုးကြီးကူးမားနှင့် ဝေယံက တစ်ဖက်၊ ကြည်သာနှင့် အနိတာကတစ်ဖက်။ ချမ်းငြိမ်းကတော့ တည် တည်ငြိမ်ငြိမ်ပင် နားထောင်သူသက်သက်။
“ချမ်းငြိမ်း ဖျားသွားတာနဲ့ မင်းကို သေချာတောင်ဂုဏ်မပြုရသေးဘူး။ NASA မှာအချိန်ပြည့်အလုပ်ရသွား လို့ မင်းသိပ်တော်တယ်ဟေ့။ ငါက မင်းဖို့လက်ဆောင်တစ်ခုပြင်ထားတယ်”
“အို… ကျွန်မလည်းပါပါတယ်နော်။ ဝေယံ… အနိတာလည်းပေးတာသိလား”
ဝေယံ အံ့သြသွားရစဉ် အဘိုးကြီးက စာအိတ်တစ်အိတ်ပေး၏။ ချမ်းငြိမ်းကိုကြည့်တော့ ပြုံးပြီး ခေါင်းညိတ် ပြသဖြင့် ဝေယံ ဖွင့်ဖောက်ကြည့်လိုက်ရသည်။ စာရွက်ကတ်လေးမှာက လက်မှတ်ခန့်ခန့်ညားညားကြီးရှိ ပြီး တစ်ဖက်ခြမ်းတွင်တော့ DSLR camera တစ်လုံးအတွက် Gift Voucher တစ်ခု။
“မင်းကိုပေးဖို့ ငါ့ဆိုင်က ကွန်ပျူတာတွေစဉ်းစားပေမဲ့ အမေရိကန်အစိုးရက မင်းတို့ကို ဒါတွေစီစဉ်ပေးမှာပဲ ဆိုတော့ မင်းသဘောကျတဲ့ စကြဝဠာကို ဓာတ်ပုံရိုက်ယူနိုင်ဖို့ ကင်မရာကောင်းကောင်းတစ်လုံးက ပိုသင့် တော်မယ်လို့ထင်တယ်။ Lens တွေရော မင်းလိုအပ်တာအကုန် ဒီ Voucher နဲ့ရှင်းလို့ရတယ်ဟေး”
ဝေယံ အံ့သြတုန်လှုပ်သွားပြီး ရင်ထဲလှိုက်ခနဲဖြစ်သွားသည်။
“ကျွန်တော်.. ကျွန်တော်… ဘာပြောရမလဲမသိတော့ဘူး။ ဒီလောက်ဈေးကြီးတာကြီး…”
“ဈေးမကြီးပါဘူး။ အဲဒီဆိုင်ပိုင်ရှင်က ငါနဲ့ ခရစ်ကတ်ကြည့်နေကြ အိန္ဒိယကပဲ။ သူအများကြီး လျှော့ပေး တယ်။ မင်းကြိုက်တာသာရွေး”
“ကျွန်တော့်မှာ မစ္စတာကူးမားတို့ကို ကျေးဇူးဆပ်ဖို့ဘာမှမရှိဘူး”
“ရှိလာပါလိမ့်မယ်။ အဟမ်း.. အဲဒါကိုတော့ နောက်မှအသိပေးတော့မယ်။ ချမ်းငြိမ်း.. တစ်ခုခုပေးလိုက်ဦး လေ”
အနိတာက ထုံးစံအတိုင်း တွန်းပို့ပြန်သည်။ ချမ်းငြိမ်းက တောက်တောက်ပပပြုံးရင်း ဝေယံ့ကို ဖက်ထား လိုက်၏။ အားလုံးရှေ့ အထူးသဖြင့် ကြည်သာလည်းရှိနေစဉ်ဖြစ်၍ ဝေယံ တောင့်တင်းသွားရသည်။
“ကိုယ်က မင်းအတွက် အရမ်းဂုဏ်ယူတာ သိတယ်မဟုတ်လား ကိုယ့်ဝေယံ”
“ကျေး.. ကျေးဇူး…။ ငါ ဒီလိုလုပ်နိုင်တာ မင်းကြောင့်ပါပဲ”
ဝေယံ ခပ်ရို့ရို့နောက်ဆုတ်စဉ် ကြည်သာနှင့် မျက်လုံးချင်းဆုံမိသွား၏။ ကြည်သာ့ မျက်လုံးများက ယခင်နေ့များလို မဟုတ်ဘဲ အေးစက်စက်နိုင်လာသည်။
“နင့်ဖို့ ငါ့မှာလည်း လက်ဆောင်ပါတယ်”
“ဟင်.. နင်က ငါ့ဖို့လက်ဆောင်လား”
“ရော့”
ကြည်သာကမ်းပေးလာသော ဘူးက Beats အမှတ်တံဆိပ် ကြိုးတပ်နားကြပ်လေးဖြစ်သဖြင့် ဝေယံ နားလည်ရခက်သွားသည်။ ကြိုးအနီရောင်လေးက ကြည်သာ့ဆံပင်အရောင်အလား။
“မထင်ထားဘူး။ ကျေးဇူးတင်ပါတယ် ကြည်သာ”
“ဒါပေါ့”
ကြည်သာက ခပ်မဲ့မဲ့ပြုံးနေသည်။ သို့သော် ကြည်သာ ပြဿနာမရှာဘဲ ထိုမျှနှင့်ပြီးသည်ကို ဝေယံ ကျေးဇူး တင်မိသည်။ ထို့နောက် ကြည်သာက ချမ်းငြိမ်းကို တစ်ချက်ဖက်ထားပြီး ပြန်သွား၏။ ထိုတော့မှ ဝေယံ အသက်ဝဝ ရှူနိုင်တော့သည်။
“ကလေးနှစ်ယောက်.. အခန်းထဲသွားကြတော့လေ။ ချစ်ကြည်နူးဖို့ အချိန်လေးရောက်ပြီ”
အနိတာက ခပ်တိုးတိုးကျီစယ်တော့ ဝေယံ ရှက်ရှက်နှင့် ချမ်းငြိမ်းလက်ကိုဆွဲကာ အပေါ်ထပ်သို့ ပြေးတက် လာခဲ့၏။ ချမ်းငြိမ်းကတော့ စိတ်လိုလက်ရ ရယ်နေသားပါပဲ။ အခန်းထဲ ရောက်သည်နှင့် ဝေယံ သည်းမခံ နိုင်တော့ဘဲ ချမ်းငြိမ်းလက်ကိုချုပ်ပြီး အနမ်းကမ္ဘာကြီးဖန်ဆင်းမိသွားသည်။ ချမ်းငြိမ်းလက်များက ဝေယံ့ ကို တားဆီးမည်မဟုတ်သည့်တိုင် အားပြင်းပြင်းနှင့်ချုပ်ကိုင်ထားရသည့် ခံစားချက်ကို ဝေယံ ကျေနပ်၏။ ထိုခဏတာတွင် ချမ်းငြိမ်းအေးဟန်ကို ပိုင်ဆိုင်သည်ဟု ခံစားရသောကြောင့်ပင်။
“ငါ့ကို ကြိုက်လား ချမ်းငြိမ်း”
“မင်းဘယ်လိုထင်သလဲဟင်။ ကိုယ် မင်းကို မကြိုက်တဲ့ပုံပေါက်နေသလား”
“မင်းက မလိမ်တတ်ဘူးဆိုပေမဲ့ ဒါမျိုးတွေကျ အသည်းယားအောင်ပြောတတ်သားနော်”
ဝေယံ စိတ်လှိုက်ဖိုစွာဖြင့် ချမ်းငြိမ်း နှုတ်ခမ်းကို အထပ်ထပ်အခါခါ နမ်းရှိုက်နေမိသည်။
“မင်း အရမ်းလွမ်းနေတာ ကိုယ်ခံစားမိတယ်။ အများကြီး သည်းခံခဲ့ရမှာပဲ”
“အများကြီးလည်း ထိန်းချုပ်ခဲ့ရတယ် ချမ်းငြိမ်း။ ငါလေ.. မင်းနဲ့အနီးကိုရောက်ရောက်၊ အဝေးကိုပဲသွား သွား မင်းကိုလွမ်းတယ်။ မင်းနှုတ်ခမ်းတွေကို ငါရယူချင်တယ်။ မင်းနဲ့ထိတွေ့ချင်တယ်”
ထိုစကားများက တကယ်ပင် ဝေယံ့နှုတ်မှထွက်လာခဲ့တာတဲ့လား။ ဝေယံခ ဆိုသည့် မာနကြီးသည့်ကောင် က ထိုစကားမျိုးတွေပြောထွက်ရပြီတဲ့လား။ ချမ်းငြိမ်းအေးဟန် အတွက်ဆိုလျှင် မဖြစ်နိုင်စရာတော့မရှိပါ။
“ကိုယ်ပျော်တယ် ဝေယံ။ ကိုယ့်ဘဝမှာ အစွန်းရောက်မှုတွေမဖြစ်အောင် ကိုယ် ထိန်းချုပ်ခဲ့ပေမဲ့ ပြည့်ပြည့် ဝဝ ပျော်ရတာမျိုးတော့ ရှားတယ်။ ဒါပေမဲ့ ကိုယ် အခုပျော်တယ်။ ကျေးဇူးတင်ပါတယ် ကိုယ့်ဝေယံ”
ချမ်းငြိမ်း၏ ပင်ကိုယ်တည်ငြိမ်တတ်သောအသံမှာ ယနေ့ဖမ်းမိသည်က အနည်းငယ်မတူညီသော လှိုင်း ကလေးများ။ ဒါ ချမ်းငြိမ်းပျော်တာတဲ့လား။ ဝေယံ မယုံနိုင်စွာပင် မျက်ရည်ဝဲလာမိတော့မည်ထင်သည်။ ချမ်းငြိမ်းအေးဟန်၏ ပျော်ရွှင်မှုကို ဝေယံ ဖမ်းဆုပ်နိုင်ခဲ့သည်ပေါ့။ မဟုတ်သေး၊ ချမ်းငြိမ်းအေးဟန်၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ခဲ့တာပဲ။
“ငါ့ကိုလေ မင်းက အကုန်လုံးပြောင်းလဲပစ်လိုက်တာပဲ ချမ်းငြိမ်း။ ဆေးရုံမှာလဲနေတဲ့ မင်းကို ငေးကြည့် ရင်း ငါ အရမ်းနာကျင်တယ်။ အဲဒီအချိန်မှာ ငါ ဆုံးဖြတ်လိုက်တာက ငါ မင်းနဲ့ ဒီအဆင့်ထက်ပိုချင်ပြီလို့”
ချမ်းငြိမ်းက နှုတ်ခမ်းစွန်းလေးများကွေးသည်အထိ ပြုံးသည်။ သို့သော် ကန်ရေပြင်လို မျက်ဝန်းနက်များ ကတော့ ကြည်လင်နေ၏။
“ကိုယ့်ကို အဲဒီလောက်တောင် သဘောကျတာလား။ ကိုယ်က မင်းလိုချင်တဲ့ ချမ်းငြိမ်းအေးဟန် မဖြစ်နိုင် ရင်တောင်လား”
ထိုစကားကတော့ ဝေယံ့ကို ဝမ်းနည်းစေပါသည်။ တစ်ဆက်တည်းမှာပဲ ဝေယံ အမှတ်ရသည်က ချမ်းငြိမ်း ၏ အိပ်မက်ကိုပင်။ “တကယ်ပဲ ချမ်းငြိမ်းအေးဟန် ဖြစ်ဖို့” တဲ့။ ဝေယံ သက်ပြင်းတစ်ချက်ခိုးရှိုက်ရင်း ချမ်းငြိမ်းကို ဖက်တွယ်ထားကာ မေးမိသည်။
“ငါလိုချင်တဲ့ ချမ်းငြိမ်းအေးဟန် ဆိုတာ ငါမသိဘူး။ မင်းအသံကို ငါကြားပြီး စွဲလမ်းခဲ့ရတယ်။ မင်းနဲ့ နီးကပ် လာလေ မင်းဆီက မလွတ်မြောက်နိုင်တာသေချာလေပဲ။ သေချာတာတော့ မင်းက ငါ့အတွက် ငါလိုချင်တဲ့ ပုံစံ ပြပေးခဲ့တာမဟုတ်ဘူးလေ။ အဲဒီအသံသွင်းတာတွေတောင် ကြည်သာ့အတွက်မဟုတ်လား။ ဒါပေမဲ့ ငါ သိချင်တာရှိတယ်။ မင်းဖြစ်ချင်တဲ့ အစစ်အမှန် ချမ်းငြိမ်းအေးဟန်က ဘယ်လိုလူမျိုးလဲ။ အခုနဲ့ အရမ်း ကွာဟ နေလား”
ချမ်းငြိမ်း ခဏတာတိတ်ဆိတ်သွားသည်။ သို့သော် စက္ကန့်ပိုင်းတွင်းတွင်ပင် ချမ်းငြိမ်းက ဝေယံ့ကျောပြင်ကို နူးညံ့စွာ ပွတ်ပေးရင်း အဖြေပေးလာသည်။
“ကိုယ် မင်းကို လိမ်ညာထားတာမရှိပါဘူး ဝေယံ။ ဒါပေမဲ့ တချို့ကိစ္စတွေကိုတော့ ကိုယ်နက်နက်ရှိုင်းရှိုင်း သိမ်းဆည်းထားတုန်းပဲ။ ဒီတစ်သက်လုံး ကိုယ် ဘယ်သူ့ကိုမှပေးမသိတော့ဘူးလို့ တွေးခဲ့တဲ့ကိစ္စတွေရှိတာ ပေါ့။ ကိုယ်ဖြစ်ချင်တဲ့ စစ်မှန်တဲ့ချမ်းငြိမ်းအေးဟန်ဟာ အမှန်တကယ် ငြိမ်းချမ်းတည်ငြိမ်ရမယ်။ ကိုယ့်ရဲ့ ရင်ထဲက ကိစ္စတွေ အဖြစ်မှန်ပေါ်ပေါက်လာရင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ မကြောက်ရဘူး။ အဓိကက ကိုယ့်ဖြစ်တည်မှုဟာ မယိမ်းယိုင်သွားရဘူး။ ဒါပါပဲ။ ကျန်တဲ့ရုပ်ဝတ္ထုဆိုင်ရာ အောင်မြင်မှုတွေက ကိုယ့် အတွက် အရေးမကြီးပါဘူး။ ကိုယ်လူသားတစ်ယောက်အဖြစ် ရှင်သန်နေရင် ကိုယ်လုပ်နိုင်တာလေးတွေ လုပ်ဖြစ်ရုံပါပဲ။ ဟားဗတ်, ကိုလံဘီယာ ဆိုတဲ့ ခေါင်းစဉ်တွေ၊ မဟာတန်းကျောင်းသား၊ သုတေသီပညာရှင်၊ စာရေးဆရာ၊ အတွေးအခေါ်သမား… အဲဒီအရာတွေက ကိုယ့်ရဲ့အပေါ်ယံတွေပါပဲ။ ကိုယ် ပိုမက်မောတာ က ကြည်သာအေးမြရဲ့အစ်ကိုဖြစ်ခွင့်ရယ်.. ပြီးတော့ ဝေယံခရဲ့ရည်းစားဖြစ်ခွင့်ရယ်ပါပဲ”
ဝေယံ့ဖက်တွယ်ထားမှုက ပိုတင်းကျပ်သွား၏။ ချမ်းငြိမ်းအပေါ် ချစ်မိသည့်အဖြစ်ဟာ ချစ်သည့်ခေါင်းစဉ် ထက်ပိုနေပြီ။ ဝေယံက ချမ်းငြိမ်းအပေါ်သက်ဝင်နေမိသည်ပဲလေ။
“အဲဒါအတွက်တော့ စိတ်မပူနဲ့ ချမ်းငြိမ်း။ မင်းကို ငါ ချစ်မိတာက ဘယ်လိုပုံစံဖြစ်ပါစေ ချစ်မိနေမှာပဲ။ မင်း ဖြေရှင်းရမယ်ဆိုတဲ့ကိစ္စတွေများလား ငါမသိဘူး။ ဒါပေမဲ့ ငါတစ်ခုပြောမယ်။ မင်းအဲဒါတွေဖြေရှင်းနေချိန် ငါ ရှိနေချင်တယ်။ ငါ့ကိုရှိခွင့်ပေး။ ငါ့ကိုအသိလည်းပေး။ မင်းနာကျင်ရင် နာကျင်ကြောင်း၊ ပင်ပန်းရင် ပင် ပန်းကြောင်း ငါ့ကိုပြောပြ။ ငါ မင်းရဲ့အရာရာဖြစ်ချင်တာ ချမ်းငြိမ်းရာ”
“ဒါဆို ကိုယ့်ဝေယံ.. ကိုယ့်ကိုနည်းနည်းလောက်လွှတ်ပါဦး။ ကိုယ့်ခါး…”
ထိုတော့မှ သတိဝင်ကာ ဝေယံ အလန့်တကြားလွှတ်လိုက်ရသည်။ ချမ်းငြိမ်းက ပြုံးနေသော်လည်း ချွေးစေးလေးတွေပင်ပြန်နေပြီ။ မပြောမဆိုနှင့် ချမ်းငြိမ်းထိုင်ချလိုက်တော့ ဝေယံ ပိုစိတ်ပူသွားရသည်။
“ဘာဖြစ်လို့လဲ။. အရမ်း နာနေလား။ ကျွတ်.. ငါ.. ငါမေ့သွားတာ။ ငါတောင်းပန်တယ်နော်။ ငါ ပလာစတာ ကပ်ပေးမယ်နော်။ မဟုတ်.. ဆေးလိမ်းပေးရမလား”
“ဝေယံ ကိုယ့်ကိုကြည့်။ ကိုယ်အဆင်ပြေတယ်။ အဲဒီလောက် မစိုးရိမ်နဲ့။ ဒီရက်တွေမှာ ကိုယ် ဆေးနဲ့ အရမ်းဝေးနေတော့ ခန္ဓာကိုယ်က နည်းနည်းအချက်ပြတာ”
ဝေယံ ဆံပင်သပ်ရင်း ချမ်းငြိမ်းရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်မိ၏။
“မင်း လိမ်ပြောထားပြီပဲ။ တခါတလေ နာတာမဟုတ်ဘဲ ဒီဆေးကို မင်းအမြဲတမ်းလိမ်းနေဖို့လိုတာလား ဟုတ်လား”
“ကိုယ့်ခါးက ခါးဆစ်ရိုးကိုထိထားတာမို့ ထင်တာထက်တော့ နည်းနည်းပိုပြင်းထန်တယ်။ ဂရုမပြု မိရင် နာတယ်။ ဒါပေမဲ့ ကိုယ်အခုရက်ပိုင်း တောက်လျှောက်လှဲနေရတယ်။ ဆေးနဲ့လည်းဝေးနေတယ်။ အဲဒီလိုကျ တစ်မျိုးနာလာတာပဲလေ”
ဝေယံ ခေါင်းခါလိုက်ပြီး ဆေးပုလင်းသွားယူကာ ချမ်းငြိမ်းကိုလိမ်းပေးဖို့ပြင်ဆင်လိုက်တော့ ချမ်းငြိမ်းက အိပ်ရာထက်မှာလှဲလျောင်းပေး၏။
“ကြည်သာ မင်းကို ဒီကိစ္စမေးသေးလား”
“အင်း။ ကြည်သာ ကိုယ့်ခါးက အမာရွတ်ကိုမြင်သွားတယ်ထင်တယ်။ ဒါပေမဲ့ ကြည်သာက ဘယ်တုန်းက လဲလို့တော့ မမေးပါဘူး။ နာလားလို့ပဲမေးတာ။ ကိုယ် နည်းနည်းနာတယ်လို့ပဲဖြေခဲ့တယ်”
ပူရှိန်းနံ့တို့ ဝေနေသောပတ်ဝန်းကျင်မှာ ဝေယံ ရှိန်းတိန်းတိန်းဖြစ်လာသည်။
“ငါ.. ငါ့ကို ခွင့်လွှတ်ပါ။ ငါ ဒေါသမထိန်းနိုင်ဘဲ ပြောမိလိုက်တာ။ ကြည်သာ့ကို စကားနိုင်လုရင်း”
ချမ်းငြိမ်း ပြောလာမည်တို့ကို ရင်မဆိုင်ရဲစွာနှင့် ဝေယံ မျက်နှာလွှဲထားမိသော်လည်း ချမ်းငြိမ်းက အသက် ရှူသံလေးတစ်ခုသာပေးလာသည်။
“မင်းပြောလိုက်တာတစ်မျိုးကောင်းပါတယ်”
“ငါ့ကိုစိတ်မဆိုးဘူးလားဟင်”
“မင်းကချစ်စရာကောင်းတယ်လို့ပဲမြင်တယ်”
“သွားစမ်းပါ။ မင်းကလေ အမြဲအဲဒီအတိုင်းချည်းပဲ”
ချမ်းငြိမ်း စိတ်လိုလက်ရရယ်တော့ ဝေယံ စိတ်သက်သာစွာဖြင့် ရယ်မိသွားသည်။ ပူရှိန်းနံ့တို့က လေထုထဲ ပျံ့လွင့်နေဆဲ။
“ချမ်းငြိမ်း..”
“အင်း”
“ငါ NASA မှာ တရားဝင်အလုပ်လုပ်ဖြစ်ရင် ငါတို့အတူနေကြမလား”
“ဝေယံ..”
ချမ်းငြိမ်း အံ့သြသွားမည်ထင်သော်လည်း ဝေယံ့ချစ်ရသူက ဝေယံ့လို မဟုတ်ပါလေ။ လေးလေးနက်နက် စဉ်းစားပြီးဟန်ရှိသည်။ ချမ်းငြိမ်း ငြင်းဆန်လိုက်မည်ကို ဝေယံကြောက်ပါသည်။
“ချမ်းငြိမ်း.. မင်းစဉ်းစားလို့ရပါတယ်”
“ကိုယ် အခုချိန်မှာတော့ အဲဒါမဖြစ်နိုင်သေးဘူး ဝေယံ။ တောင်းပန်ပါတယ်။ မင်းအလုပ်သစ်မှာ နေရာသစ် ပြောင်းရလို့ သွားလာရတာခက်ခဲရင် ကိုယ်ပဲလာခဲ့ပါမယ်။ တစ်အိမ်တည်းအတူတူနေကြဖို့တော့ ကိုယ် အချိန်ယူရဦးမယ်”
ဝေယံ စိတ်ဆင်းရဲသွားရ၏။ သို့သော် ဤကိစ္စက ချမ်းငြိမ်းကို ပြဿနာရှာဖို့ထိမပြင်းထန်ပါ။
“အေးပေါ့။ မင်းအဆင်မပြေတော့လည်း အဲဒီလိုပေါ့”
“စိတ်ပျက်သွားလား ဝေယံ”
“ချစ်သူနဲ့အတူမနေချင်တဲ့လူ မရှိဘူးထင်တာပဲ ချမ်းငြိမ်း”
ဝေယံ စကားဆက်မပြောတော့ဘဲ ချမ်းငြိမ်းခါးကို ခပ်ဖွဖွနှိပ်နယ်ပြီးနောက် လက်သွားဆေးနေလိုက်၏။ ပြန်ဝင်လာတော့ ချမ်းငြိမ်းက အဝတ်အစားလဲနေသည်။
“ဘာလဲ။ ဒီအချိန်ကြီး အပြင်သွားဦးမလို့လား”
“မင်းနဲ့သွားချင်တဲ့ နေရာရှိတယ်”
“နောက်ကျနေပြီ။ ပြီးတော့ အပြင်မှာ အေးတယ် ချမ်းငြိမ်း။ မင်းနေကောင်းသေးတာမဟုတ်ဘူး။ ထပ်ပြီး ဖျားရင် ဘယ်လိုလုပ်မလဲ”
“ကိုယ့်မှာမင်းရှိတာပဲ”
ဝေယံ ဆက်မပြောနိုင်တော့ဘဲ ချမ်းငြိမ်းနှင့်အတူထွက်လာဖြစ်သည်။ နယူးယောက် ဆောင်းဦးညက အေးစိမ့်နေသော်လည်း လင်းထိန်ထည်ဝါမြဲ။ ချမ်းငြိမ်းကျန်းမာရေးကိုစိတ်မချသည့် အဘိုးကြီးက ကားသော့ငှားပေးလိုက်ပါသည်။ ဝေယံကတော့ ချမ်းငြိမ်းကို ပေးမမောင်းနိုင်ပါ။
“ဘယ်သွားမလို့လဲကွာ”
“ရုပ်ရှင်ကြည့်ချင်တယ်”
သို့သော် ချမ်းငြိမ်းခေါ်သွားသည့်နေရာက သာမန်ရုပ်ရှင်ရုံမဟုတ်ပါ။ ကားမောင်းဝင်ရသည့် drive-in theatre ဖြစ်နေသည်။ ဝေယံတို့ရောက်တော့ မတူညီသည့် ရုပ်ရှင် ၃ ကားကို ရွေးယူရသည်။ ချမ်းငြိမ်းက ဝေယံ့ကို ဦးစားပေးရွေးချယ်စေပါသည်။ ဝေယံ ကြည့်လေ့ကြည့်ထမရှိသော အချစ်ကားများသာဖြစ် သော် လည်း နာမည်အကြီးဆုံးသော Ghost ကိုရွေးချယ်ကြည့်ဖြစ်ခဲ့၏။ ရုပ်ရှင်လက်မှတ်ဖြတ်လျှင် ကားတွင် ဆင်ပေးသော စပီကာဘောက်စ်နှင့်အတူ ပေါက်ပေါက်တစ်ဘူး။ အအေးနှစ်ဘူးက အလကားရသည်။
“အအေးမသောက်နဲ့။ ချောင်းဆိုးမယ်”
“မင်းပဲသောက်မလို့လား ဝေယံ”
“ဒါပေါ့”
ဝေယံက အအေးနှစ်ခွက်လုံးကို တစ်ငုံစီမော့လိုက်တော့ ချမ်းငြိမ်းကရယ်သည်။
“မင်းကချစ်ဖို့ကောင်းတယ်လို့ အဲဒါကြောင့်ပြောတာ”
Drive-theatre တို့ထုံးစံအတိုင်း လာကြည့်ကြသည်က အတွဲတွေများပါသည်။ ရုပ်ရှင်ထက် အတူတူရှိရ သည့်ခံစားချက်ပေးသည်ကလည်းတစ်မျိုးကောင်းသည်ပါပဲ။ Ghost ဇာတ်ကားကို ဝေယံ သိပြီးဖြစ်သော် လည်း ချစ်ရသူနှင့်အတူတူဆိုသည့်ခံစားချက်က ထူးခြားစေသည်။
“ငါသေလို့ သရဲဖြစ်သွားရင် မင်းကို ဘယ်လိုဆက်သွယ်ရမလဲ”
ပေါက်ပေါက်စားရင်း ခေါင်းထဲရောက်လာသော ခပ်ကြောင်ကြောင်မေးခွန်းများကိုလည်း ထုတ်မေးမိ၏။
“မင်းဆက်သွယ်စရာမလိုပါဘူး။ ကိုယ်လာရှာမှာပေါ့”
“နားထောင်လို့ကောင်းတယ်။ ငါပြောမယ်… မင်းငါ့ထက်အရင်မသေရဘူး ကြားလား”
“မတည်နိုင်တဲ့ကတိတွေ ကိုယ်မပေးဘူး”
“မရဘူးကွာ”
ဤတစ်ခါတော့ ချမ်းငြိမ်းကပင် ဝေယံ့ကို စ နမ်းလာခဲ့ပါသည်။ ချမ်းငြိမ်း အနမ်းတွေက နူးညံ့လှသော် လည်း အံ့သြဖွယ်ကောင်းအောင်ပင် စိတ်ကျေနပ်မှုရစေခဲ့၏။ အနမ်းတွေအပေါ် ဝေယံ မက်မောမိတာ မမှားဘူး ထင်သည်။
ထို့နောက် ချမ်းငြိမ်းက ဝေယံ့ကိုမှီရင်း မျက်လုံးမှိတ်ထားကာ တိုးတိုးကလေးပြော၏။
“ချစ်သူနဲ့အတူရှိချင်တဲ့သူထဲ ကိုယ်လည်းပါတယ် ဝေယံ”
တိုက်ဆိုင်စွာပင် Ghost ရုပ်ရှင်ထဲမှစာသားကလည်း စပီကာမှထွက်ပေါ်လာ၏။
“I love you; I have always loved you.”
==========================



Leave a comment