27 – Polaris

27 – Polaris

(ဓူဝံကြယ်၊ ဝင်ရိုးစွန်းကြယ်ဟူ၍ လူသိများသော Polaris သည် ကမ္ဘာမှ အလင်းနှစ် ၄၃၀ ခန့်ကွာဝေးကာ ခုနစ်စဉ်ကြယ်တွင် အတောက်ပဆုံးဖြစ်သည်)

ဝေယံ ဘွဲ့ဝတ်စုံကို ကြည့်ပြီး စိတ်လှုပ်ရှားနေသလို ဝမ်းလည်းနည်းသည်။ မေမေကတော့ ဝေယံ Ivy League ဘွဲ့ရတစ်ယောက်ဖြစ်မှာကို မမြင်သွားလိုက်ရပါ။ ဖေဖေကလည်း လိုက်မလာနိုင်ရုံမက တကယ့် ပွဲနေ့တွင်ပင် video call ခေါ်ဖို့ လိုင်းမရဟု ဆိုလေသည်။ Franklin’s Field အားကစားကွင်းကြီးက ဘွဲ့ နှင်းသဘင် အခမ်းအနားအတွက် အဆင်သင့်ဖြစ်နေပြီး ကျောင်းသားများနှင့် မိသားစုများလည်း ဤမြို့ကို ရောက်ရှိနေကြပြီ။ ဝေယံ့မှာတော့ အနားမှာ ဘယ်သူမှရှိမနေပါ။ ချမ်းငြိမ်းကလည်း ကျောင်းမှပွဲတစ်ခုကို ဦးဆောင်နေရ၍ မနက်မှရောက်လာနိုင်မည်။ အင်းလေ.. ဘွဲ့ယူချိန် ချမ်းငြိမ်းရှိမှာပဲဟု တွေးနေမိတုန်း ကျောင်းဝန်းထဲသို့ ရောက်လာသည်ကတော့ မထင်မှတ်ထားသောသူ။​

“ကြည်သာ.. ဘယ်လိုရောက်လာတာလဲ”

ကြည်သာက ထူးထူးခြားခြား ကုတ်အင်္ကျီရှည်လေးနှင့် ဘောင်းဘီရှည်ဝတ်ထားပြီး အနီရောင် ဆံပင်ရှည် များကို အဖျားပိုင်းလှိုင်းတွန့်လေးတွေလုပ်လာသေး၏။ ကြည်သာဝင်လာတော့ ကွင်းထဲမှာ ပြင်ဆင်နေကြ သည့် ယောက်ျားတချို့၏ မျက်လုံးများက ကပ်ပါလာကြသည်။ ယနေ့ ကြည်သာ အတော်လှနေသည်ပဲ။

“ဘွဲ့မယူခင် တစ်ယောက်တည်းအထီးကျန်နေမှာ မကြည့်ရက်လို့ လာခဲ့တာ”

ကြည်သာက ပြောပြောဆိုဆိုနှင့် ဘေးမှာလာရပ်၏။ ကြည်သာ့ထံမှ ပူရှိန်းသကြားလုံးနံ့ရသောအခါ ဝေယံ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ ချမ်းငြိမ်း၏ ဆေးနံ့ကိုရင်းနှီးပြီးနောက် ဤသကြားလုံး နံ့က သဘာဝမဆန်ကြောင်း ခွဲခြားသိလာသည်။ ထို့ပြင် ပူရှိန်းနံ့က ဝေယံ့ကို မဆွဲဆောင်နိုင်တော့ပါ။

“တော်တော်ကျေးဇူးတင်ဖို့ကောင်းတာပဲ”

ဝေယံ စိတ်မပါလက်မပါပြောလိုက်တော့ ကြည်သာက မူပိုင်ရယ်သံနှင့် ရယ်ချလိုက်၏။ ပြီးတော့မှ ရုပ် တည်နှင့် မေးရှာပါသည်။

“နင် ဘွဲ့ဝတ်စုံ စမ်းဝတ်ကြည့်ပြီးပြီလား”

“ဘာဝတ်စရာရှိမှာလဲဟာ။ ဘယ်သူဝတ်ဝတ် ဒါပဲကို”

“ဘယ်ဟုတ်မလဲ။ ကျွတ်.. နင်ဟာလေ.. ခေါင်းဆောင်းက ချောင်တာတွေ ဘာတွေရှိမယ်။ ပြီးတော့ ဝတ်စုံ က ပွနေရင်လည်း ကြည့်မကောင်းဘူး။ နင်လက်ထဲကအိတ်က ဘွဲ့ဝတ်စုံအိတ်မဟုတ်လား။ အတော်ပဲ။ အခု ဝတ်ကြည့်။ အဆင်မပြေရင် လဲဖို့မီသေးတယ်”

ကြည်သာ့မျက်နှာကို ဝေယံ ငေးကြည့်လိုက်မိ၏။ ကြည်သာအေးမြကို နှစ်ချီရင်းနှီးလာသော်လည်း ဝေယံ နားမလည်နိုင်သေးပါလေ။

“ကြည်သာ.. နင် ငါ့ကို ဘာလို့ကောင်းပေးနေတာလဲ”

“နင်ပြောကြည့်လေ…”

“နင် ငါ့ကို မမုန်းတော့ဘူးလား”

“ငါ့မှာ ဝေယံခ ဆိုတဲ့နင့်ကို မုန်းသင့်တဲ့အချက်တွေအများကြီးပဲ။ မုန်းရမယ့်အကြောင်းပြချက်တွေရော”

ကြည်သာက လက်ပိုက်၍ အားကစားကွင်းကြီးကို ငေးကြည့်နေ၏။ ကြည်သာ့ မျက်ဝန်းတွေက စူးရဲနေ ခြင်းမျိုးမရှိတော့ဘဲ လွမ်းရိပ်များပင်ပေါ်နေသည်။ ကြည်သာ ဘာကိုလွမ်းနေသလဲ။ ဘာကိုကြေကွဲနေလဲ။

ဝေယံ မတွေးချင်။

“ဒါပေမဲ့ ချမ်းငြိမ်းက ဒီညမလာနိုင်သေးဘူးဆိုလို့ ငါလာခဲ့တာ။ နင်တစ်ယောက်တည်း ဒီညဖြတ်သန်းရမှာ ကို ချမ်းငြိမ်းအေးဟန်က စိတ်ပူနေတယ်လေ”

ချမ်းငြိမ်းက ပွဲပြီးပြီးချင်း ညမိုးချုပ်ရထားနှင့်လာမည်ပြောသော်လည်း ဝေယံက မနက်မှအေးဆေးလာခိုင်း ခဲ့ခြင်းဖြစ်သည်။

“သူ လာခိုင်းတာလား”

“ချမ်းငြိမ်းကတော့ မပြောပါဘူး။ ငါက အလိုက်တသိလာခဲ့တာ။ ငါအားနေလို့လည်းပါတာပေါ့”

“ကြည်သာ.. ဒီည နည်းနည်းသောက်ကြမလား”

“နင်မနက်ကျ အရက်သမားမျက်နှာနဲ့ ဘွဲ့ယူချင်ရင်သောက်လေ။ ငါတော့ မသောက်ဘူး”

ဝေယံ စိတ်မပါလက်မပါရယ်လိုက်မိသည်။ ထို့နောက် ကြည်သာနှင့်အတူ မြို့ထဲရှိ ဘားတစ်ခုသို့ ထွက်လာခဲ့၏။ ဘွဲ့နှင်းသဘင်ရှိ၍ပဲလား၊ မြို့ထဲမှာ ပိုပြီးလူစည်ကားနေသည်။ နောက်ဆုံးတော့ ခေါင်မိုး ထပ်တစ်ခုတွင် ဖွင့်ထားသော ဘားလေး၏ ဝရန်တာကပ်ရပ်စားပွဲတစ်လုံးကို ရလာခဲ့သည်။

“မူးအောင်မသောက်ပါဘူး.. ဒါပေမဲ့ နည်းနည်းတော့သောက်ချင်တယ်။ နင်လည်း သောက်ပါဟာ”

“ဝေယံ.. ငါ အရက်ဖြတ်ထားတာ”

ကြည်သာ အရက်ဖြတ်ထားသည်ဆို၍ ဝေယံ မျက်ခုံးပင့်မိသွား၏။ ထို့ကြောင့် ဘီယာတစ်လုံးသာမှာပြီး ဝေယံ စိတ်ဝင်တစားမေးမိသည်။

“နင်လိမ္မာသွားပြီပေါ့”

“နင်အခု ဘီယာသောက်တာ ဆိုးတာလား”

“ဟင် ဘာကိုပြောတာလဲ”

“ငါ လိမ္မာတာဆိုးတာကို ငါ့တစ်ကိုယ်ရည်အချိန်မှာ တပါးသူကိုမထိခိုက်ဘဲ အရက်သောက်တာနဲ့ အကဲ ဖြတ်နေလို့ မေးကြည့်တာလေ။ ငါကတော့ အရက်သောက်တာကိုလည်း ဆိုးတယ်မထင်သလို အရက် ဖြတ်လို့လည်း လိမ္မာတယ်မထင်ဘူး”

ကြည်သာက ပန်းသီးစိမ်းဖျော်ရည်တစ်ခွက်ကို လှုပ်သောက်ရင်း ပြောသည်။

“ငါလည်း အဲဒီလိုဆိုလိုတာမဟုတ်ပါဘူး။ အရက်မသောက်တော့တာတော့ ကောင်းတာပေါ့။ တခြားသူ ကိုမထိခိုက်လည်း နင့်ကျန်းမာရေးထိနိုင်တယ်လေ”

ထိုစကားအဆုံးမှာ မှာထားသောဘီယာခွက်ရောက်လာ၍ ကြည်သာကအားရပါးရလှောင်ရယ်၏။ ဒီ ကောင်မလေးနဲ့တော့ ဝေယံဟာ ဘယ်တော့မှ စိတ်ချမ်းသာရမှာပါလိမ့်။ ဝေယံ ဆက်မပြောတော့ဘဲ ဘီယာမော့သောက်နေတုန်း ကြည်သာက အရယ်ရပ်ပြီး တည်တည်ငြိမ်ငြိမ်ပြောလာသည်။

“ချမ်းငြိမ်း နေမကောင်းဖြစ်တုန်းက ငါတော်တော်လန့်သွားတယ်။ အဲဒါကြောင့် ငါ တတ်နိုင်သလောက် ငါးပါးသီလထိန်းကြည့်နေတာ။ ပါဏာတိပါတာကတော့ တခါတလေ လုပ်ရနိုင်တော့ ကျန်တဲ့လေးပါးကို ငါ မချိုးဖောက်မိအောင်နေတယ်”

“ဟင်”

ဝေယံ ဘီယာပင် သီးသွားပြီထင်သည်။ ပါဏာတိပါတာ – သူ့အသက်သတ်ခြင်းက အရေးကြီးဆုံး ရှောင်ကျဉ်ရမည်မဟုတ်လား။

“ဪ.. လူတော့သတ်မလား ဝေယံရယ်။ ငါ့ Lab မှာ ကြွက်တွေနဲ့ အလုပ်လုပ်ရတယ်လေ။ တချို့ ဇီဝ သုတေသနတွေက ကြွက်တွေကို သေစေတာလည်းရှိတာကိုး။ ငါကတော့ သေစေချင်တာမဟုတ်ပေမဲ့ ဒါ က ဖြစ်နိုင်တာတွေပဲမို့လို့လေ”

“နင်ဟာလေ.. တကယ်ဘယ်လိုကောင်မလေးလဲ ကြည်သာရယ်”

“ငါက ကြည်သာအေးမြ လေ။ ချမ်းငြိမ်းအေးဟန်ရဲ့ ကြည်သာ”

နှစ်ယောက်လုံး တိတ်ဆိတ်သွားမိပြီးမှ ကြည်သာက ဆက်ပြောသည်။

“ငါ ဘာသာရေးတောင် နည်းနည်းပြန်လေ့လာနေတာ။ ဒါပေမဲ့ ဘာသာရေးပြဌာန်းချက်တွေက များလွန်း တယ်။ ငါတော့ တတ်နိုင်သလောက် ကုသိုလ်တွေရချင်တယ်။ ပြီးရင် ချမ်းငြိမ်း အဆင်ပြေဖို့၊ နေကောင်း ဖို့ ဆုတောင်းမယ်”

“ကုသိုလ်ဆိုတာ ကစားကွင်းမှာလဲတဲ့ အကြွေစေ့လိုမှမဟုတ်တာ”

ကြည်သာက အအေးခွက်ကိုချထားရင်း ပြုံးသည်။

“နင်တောင် ချမ်းငြိမ်းနားနေပြီး ဒါမျိုးတွေပြောတတ်လာပြီ။ ချမ်းငြိမ်းလည်း အဲဒီလိုပြောတယ်။ ကုသိုလ် ရ ချင်တယ်ဆိုကတည်းက လောဘစိတ်ပါနေပြီတဲ့။ အဲဒါတွေ ငါဂရုမစိုက်ပါဘူး။ ငါက ငရဲသွားရလည်း ဘာမှမဖြစ်ဘူး။ ချမ်းငြိမ်း ဘာမှမဖြစ်ရင်ရပြီ”

“နင်… ချမ်းငြိမ်းကို အရမ်းဂရုစိုက်တယ်နော်”

မဝံ့မရဲဟန်မပေါက်အောင် ထိန်းသိမ်း၍မေးလိုက်သော်လည်း စိတ်ထဲမှာဗလောင်ဆူနေသည်ကို ဝေယံပဲသိသည်။

“ချမ်းငြိမ်းကို ငါချစ်တယ် ဝေယံ။ သူ့အတွက် ငါ သေရဲတယ်။ နင်ရော.. သူ့အတွက် သေရဲလား”

ဝေယံ ဘီယာခွက်ကိုင်းကို ပိုတင်းတင်းဆုပ်ထားမိသွားသည်။

“သေမှဖြစ်မယ့်ကိစ္စရှိရင်တော့ ငါလည်း ငါချစ်ရသူအတွက် အသက်ပေးနိုင်တာပေါ့ ကြည်သာ။ ဒါပေမဲ့… အဲဒါက ငါက သူ့ရည်းစားမို့လို့လေ”

ကြည်သာက တစ်ချက်ရှိုက်ရယ်၏။

“ဒါဆို ငါက ပိုပြီး အကြောင်းပြချက်မခိုင်လုံဘူးလား။ ငါက သူ့အမြွှာညီမလေ”

ဝေယံ စိတ်ရှုပ်စွာနှင့် ဆက်မပြောတော့ဘဲ အဝေးကိုသာငေးကြည့်နေမိ၏။ ကောင်းကင်မှာတော့ ဓူဝံကြယ်က လင်းလက်စွာတောက်ပဆဲ။

===================================================================

ပွဲချိန်နီးသည်အထိ ချမ်းငြိမ်းရောက်မလာသေးတော့ ဝေယံ စိတ်ပူနေပြီ။ ဘွဲ့ယူသည့်အချိန်မှာ ကြည်သာရှိ နေလျှင်ပင် ချမ်းငြိမ်းကိုတော့ ရှိနေစေချင်သည်။ ဤအခိုက်အတံ့ကိုလည်းမျှဝေချင်သည်။ ဖုန်းဆက် ကြည့်တော့ ချမ်းငြိမ်းက ရောက်တော့မည်ဟုသာပြော၏။ ချမ်းငြိမ်းက နောက်ကျတတ်သူမဟုတ်ပါ။

“ကြည်သာ.. ချမ်းငြိမ်း နေများမကောင်းလို့လား”

“နင် ငြိမ်ငြိမ်နေစမ်းပါ။ ကိုကိုလာလိမ့်မယ်။ သူနောက်ကျတာ အကြောင်းရှိတယ်”

ကြည်သာပြောသည့် အကြောင်းကို သိပ်မကြာဘဲ သိလိုက်ရ၏။ ပွဲထဲသို့ အနောက်တိုင်းဝတ်စုံပြည့် ဝတ် ထားသော ချမ်းငြိမ်းဝင်လာချိန်မှာ နောက်ဘက်တွင်လည်း ရွှေရောင်ချည်ဖောက်ထားသော အဖြူရောင် ဝတ်စုံနှင့် အဘိုးကြီးကူးမားတို့ ဇနီးမောင်နှံပါ ပါလာသည်လေ။

“ဝေယံရေ.. ဆောရီးပါ။ မင်းရဲ့ ဘာဘာက ဝတ်စုံအဆင်မပြေလို့ပြန်ပြင်ရင်းကြာသွားတာ။ ကြည့်ပါဦး၊ ဘွဲ့ဝတ်စုံနဲ့ ခန့်ညားလိုက်တာ”

ရွှေရောင်ဆာရီနှင့် အနိတာက ဝေယံ့ကို ဖက်ရင်းပြောပြ၏။ ဝေယံ မယုံနိုင်သေး။ ချမ်းငြိမ်းကတော့ ဘေးမှ ပြုံး၍ကြည့်နေသည်။

“မစ္စတာကူးမားတို့ ဘယ်လိုရောက်လာ..”

“မင်းအတွက် ဂုဏ်ယူလို့လေ။ ချမ်းငြိမ်းတစ်ယောက်ရှိရင် လုံလောက်ပြီလို့ သိပေမဲ့ ငါတို့က လိုက်ခဲ့ချင် တာ။ မင်းစိတ်မညစ်သွားပါဘူးနော်”

“ဟာ မဟုတ်ပါဘူး။ ကျွန်တော်ပျော်လို့ပါ”

ဝေယံ မျက်ရည်များပင်ဝိုင်းလာ၏။ သွေးမတော်သားမစပ်သော ဤဇနီးမောင်နှံ၏ စိတ်ရင်းကို နားလည် ၍ ဝေယံ့မှာ မိဘအစားရသကဲ့သို့ ပျော်ရွှင်လာသည်။ ဤပျော်ရွှင်မှုကို ဖန်တီးပေးသော ချမ်းငြိမ်းကိုလည်း ပို၍ တိုး ချစ်မိလာသည်။

“မငိုနဲ့လေ… ကိုယ်ရောက်လာပြီပဲဟာ”

မျက်ရည်ဝဲနေ၍ တစ်ဖက်သို့မျက်နှာလှည့်ထားတုန်း ချမ်းငြိမ်းက အနားရောက်လာပြီး မျက်ရည်စများ ကို လက်ဖမိုးဖြင့် တို့ထိပေးကာ ခပ်တိုးတိုးချော့၏။

“မင်း ဒီလိုစိတ်လှုပ်ရှားသွားမယ်ဆိုတာ ကိုယ်ကြိုခံစားမိတယ်သိလား။ ဒါပေမဲ့ မင်းကိုလည်း ပျော်စေချင် လို့လေ။ ကိုယ်ကြိုမပြောမိတာ စိတ်မရှိနဲ့နော်”

“ချမ်းငြိမ်း… ငါ..”

ဝေယံ ဘာကိုမှဂရုမစိုက်တော့ဘဲ ချမ်းငြိမ်းကို အတင်းပွေ့ဖက်ထားလိုက်မိ၏။ အားကစားကွင်းထဲမှာ လူ ထောင်ချီရှိနေပြီး ကင်မရာများ အပြည့်ရှိနေလည်း ဝေယံ မတွေးနိုင်ပါ။ ဝေယံ့ စိတ်က ချမ်းငြိမ်း၏ ရင်ခွင် ကို လိုအပ်နေချိန်မှာ တခြားဘာကိုဂရုစိုက်ရဦးမည်လဲလေ။ ထိုခဏတွင်တော့ ကြည်သာ့ကိုလည်း မေ့ထားပစ်ခဲ့ပါသည်။

“ကိုယ် မင်းအတွက် ဂုဏ်ယူတာသိတယ်မလား”

“ငါ့အတွက် ပန်းစည်းတောင်မပါဘူးလား”

ချမ်းငြိမ်းက ခပ်တိုးတိုးကလေးရယ်မော၏။ ဝေယံ ဖက်ထားရာမှလွှတ်လိုက်တော့ ချမ်းငြိမ်းက မျက်ဝန်း နက်ကလေးများ လှုပ်ခတ်သည်အထိပြုံးနေကြောင်းတွေ့လိုက်ရသည်။

“ကိုယ့်ဝေယံအတွက် ပန်းစည်းမပါဘဲမရှိပါဘူး။ ဒါပေမဲ့…ကိုယ်ပေးမယ့်ပန်းစည်းကို ဒီမှာပဲလိုချင်လို့လား”

“ဒီမှာ မယူလို့ ဘယ်မှာယူရမှာလဲဟ”

“ဒါဆိုခဏလေး..”

ချမ်းငြိမ်းက ကားရပ်နားကွင်းဘက်သို့ ခပ်သွက်သွက်လျှောက်သွားတော့ ဝေယံ လိုက်သွားချင်သော်လည်း အနိတာတို့ဆွဲထား၍ အခွင့်အရေးမရလိုက်ပါ။

“အရမ်းစိတ်လှုပ်ရှားနေတာလား ဝေယံ”

“ကျွန်တော့်မှာ မစ္စတာကူးမားတို့မလာရင် တကယ်… အထီးကျန်ရမှာ”

“ချမ်းငြိမ်းရှိမှာပေါ့။ ပြီးတော့ ကြည်သာလည်းရှိတာပဲဟာ။ ဝေယံ.. မှတ်ထားနော်။ မင်းဘဝမှာ ငါတို့က လည်း မင်းရဲ့ဒီက မွေးစားမိဘတွေပဲ။ ဒီဆာရီကိုပဲကြည့်… ဒါ ပွဲတက်ဝတ်စုံသိလား။ ရွှေအစစ်ချည်ထိုး ထားတာ။ မင်းဘာဘာကတော့ ဗိုက်နည်းနည်းပူလာတော့ မနက်ကမှ ဝတ်ကြည့်ပြီး ဖြည်နေရတာနဲ့ ကြာ သွားတာ။ နောက်ကျတာ ချမ်းငြိမ်းနဲ့ အနိတာကြောင့်မဟုတ်ဘူး။ မင်းဘာဘာအပြစ်”

အနိတာစကားပြောပုံက ချစ်ဖို့ကောင်းလှသဖြင့် ဝေယံ မျက်ရည်ဝိုင်းလာရပြန်သည်။ မေမေ့ကို ပြန်မရနိုင် တော့သော်လည်း ချမ်းငြိမ်းကိုအကြောင်းပြု၍ မွေးစားမိဘတွေရခဲ့ပြန်ပြီး မေတ္တာတွေဝေခဲ့သည်ပဲ။

“နင်က ကံတော့ကောင်းပုံပဲ”

ကြည်သာက ထိုမျှသာမှတ်ချက်ပြုပြီး အနိတာနားသို့ကပ်နေ၏။ ကူးမားကတော့ ဝေယံ့ ပုခုံးကိုဖက်၍ ဂုဏ်ယူကြောင်း ပြောပြီး နက်ခ်တိုင်ကအစတည့်မတ်ပေးသည်။ အနိတာက ဝေယံ့ခေါင်းဆောင်းကို ပုံစံ ကျအောင် ပြင်ပေးနေသည်။ ကြည်သာကတော့ ချမ်းငြိမ်းထွက်သွားရာဘက်ကိုသာကြည့်နေသည်။ မိနစ် ပိုင်းမျှကြာတော့ ချမ်းငြိမ်းပြန်ရောက်လာပါသည်။ လက်ထဲမှာ ပုံစံဆန်းဆန်းအပွင့်များဖြင့် ပန်းစည်းတစ် စည်းပါလာ၏။

“ကိုယ်တိုင်လုပ်ထားတဲ့ ပန်းစည်းပါ ကိုယ့်ဝေယံ။ ဒီကွင်းထဲမှာ ပန်းစည်းရာချီရှိလည်း ဒီပန်းစည်းကတော့ မင်းတစ်ယောက်တည်းအတွက်ပါပဲ”

ဝေယံ မယုံနိုင်ဖြစ်သွားရသည်။ ချမ်းငြိမ်းက ဤသို့ ကဗျာဆန်တတ်သေးသည်လား။ ပန်းပွင့်တစ်ချပ်စီ က လှပလွန်းသည်။ ထို့ပြင် တခြားသောပန်းစည်းများနှင့်လည်း လားလားမှမတူပေ။

“ဒါ မင်းကိုယ်တိုင်လုပ်ထားတာလား”

“ဒီပန်းက ကြယ်စကားဖြူတဲ့။ Magnolia Stellata လို့လည်းခေါ်တယ်။ ဒီပန်းတွေက ကိုယ် ခူးခဲ့တာ မဟုတ်ပေမဲ့ မြေပေါ်ကျပြီးသားလည်းမဟုတ်ဘူး။ ကိုယ့်အသိပါမောက္ခရဲ့ ခြံထဲမှာ ဒီအပင်ကိုတွေ့တော့ ကိုယ် ပိုက်ကွန်ခံထားခဲ့တာ။ ကြွေပြီးသားတွေပေမဲ့ မြေမခသေးတာတွေပေါ့။ မင်းသဘောကျဖို့ မျှော်လင့် တယ်။ ဒီထက်မက ကောင်းတာတွေပေးချင်ပေမဲ့ …”

“ချမ်းငြိမ်းက ဒီပန်းစည်းကို နှလုံးသားတစ်ခုလုံးထည့်လုပ်ထားတာ”

အနိတာက ဝင်ပြောပေးတော့ ဝေယံ ပိုစိတ်လှုပ်ရှားသွားသည်။ လူအများရှေ့မဟုတ်လျှင် ဝေယံ နမ်းလိုက် မိမည်ထင်သည်။ ချမ်းငြိမ်းကို ငေးစိုက်ကြည့်နေမိတော့ ချမ်းငြိမ်းက အသက်ကိုဖြည်းဖြည်းချင်းရှူပြီး ဝေယံ့အနားသို့တိုးကပ်ကာ ရင်ဘတ်ရှိ NASA ရင်ထိုးလေးကို တည့်မတ်ပေး၏။

“ကိုယ်ရှိတယ်.. စိတ်ကိုအေးအေးထားနော်။ အပျော်ရွှင်ဆုံးပဲ နေထိုင်ပါ ဝေယံ”

NASA  ရင်ထိုးက ဝေယံတို့ဌာနတွင် လေးယောက်သာ တရားဝင် တပ်ခွင့်ရှိသည်။ သို့သော် ထိုအခြင်းအရာ ထက် ချမ်းငြိမ်း၏ မေတ္တာကိုလက်ခံရရှိသူဟူသည့်အဖြစ်က ပို၍ဂုဏ်ယူဖွယ်ကောင်းပါသည်။

ချမ်းငြိမ်း၊ ကြည်သာ၊ ကူးမားနှင့် အနိတာတို့ကြောင့် ဝေယံ စင်ပေါ်သို့ အေးအေးဆေးဆေးတက်သွားနိုင်ခဲ့ သည်။ ဝေယံတို့က NASA အချိန်ပြည့်ဝန်ထမ်းဖြစ်တော့မည်ဖြစ်၍ ဂုဏ်ထူးဆောင်မိန့်ခွန်းလည်းအနည်း ငယ်ပြောခဲ့ရသေးသည်။ ဝေယံ ထိုမိန့်ခွန်းကိုပြောချိန်တွင် ရာထောင်ချီသောလူအုပ်ထဲ တစ်ယောက်ကို သာ မြင်သည်။ ထိုတစ်ယောက်၏ လက်ချောင်းလေးများ၊ နှုတ်ခမ်းထောင့်များ၊ မျက်ဝန်းနက်များ.. ဝေယံ တကယ်ပဲမြင်သလား၊ သို့မဟုတ် စိတ်က အလွတ်ရနေ၍ ပုံဖော်ထားမိလားပင် မသဲကွဲတော့။ သို့သော် ဝေယံ့အာရုံတွင် ချမ်းငြိမ်းအေးဟန်တစ်ယောက်တည်းသာရှိသည်ကတော့ သေချာပါသည်။

“ဒီတက္ကသိုလ်ကနေ ဘွဲ့ရလာဖို့က လွယ်ကူတဲ့လမ်းမဟုတ်ပါဘူး။ ကျွန်တော်က အိပ်မက်မက်သူဆိုရင် တောင် ကျွန်တော့်ဘေးမှာ ကျွန်တော့်အိပ်မက်ကိုယုံကြည်ပေးတဲ့သူတွေရှိလို့သာ အောင်မြင်ခဲ့တာပါ။ အဲဒီအတွက်… ကောင်းကင်ပေါ်က ကျွန်တော့်မေမေ.. နောက်ပြီး ကျွန်တော့်အချစ်…။ ခက်ခဲလွန်းတဲ့ နေ့ ရက်တွေမှာ ကျွန်တော့်အတွက် ရှိနေပေးခဲ့တဲ့ ချစ်သူကို ကျေးဇူးတင်ပါတယ်။ ဒီအောင်မြင်မှုက မင်း အတွက်ပါပဲ”

ဝေယံ့အတွက်တော့ ပွဲရဲ့ထုံးတမ်းများက ကြာလွန်းသည်။ ဝေယံ မိန့်ခွန်းပြောနေစဉ်မှာပင် ပြေးဆင်းကာ ချမ်းငြိမ်းနှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်ချင်သည်။ ရှည်လျားလွန်းသော ပွဲအစီအစဉ်တို့ပြီးချိန်မှာတော့ ခေါင်းဆောင်းများ လေပေါ်မြှောက်တင်ကာ အောင်ပွဲခံကြ၏။ ပြီးသည်နှင့် ဝေယံမှာ ချမ်းငြိမ်းရှိရာသို့ တချိုးတည်းပြေးတော့သည်။ ဓာတ်ပုံရိုက်ဖို့က နောက်မှ… ဝေယံ အနမ်းတစ်ရှိုက်အရင်လိုအပ်နေပြီလေ။

“ဝေယံ”

“ငါ မင်းကိုချစ်တယ် ချမ်းငြိမ်း။ ငါ… မင်းအတွက် သေရဲတယ်”

ချမ်းငြိမ်းက အံ့သြသွားပြီးမှ ချစ်စနိုးပြုံးကာ ဝေယံ့ ဆံပင်ကိုသပ်ပေး၏။

“အဲဒါပြောဖို့ ပြေးလာတာလား”

“မဟုတ်ဘူး.. ငါ မင်းကိုနမ်းမလို့”

“ဂုဏ်ပြုအနမ်း လက်ခံပါဦး”

ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းက ဝေယံ့ပါးကို နမ်းသွား၏။ ဝေယံ ကြောင်ပြီး ရပ်နေမိသည်မှာ ကူးမား ကင်မရာမှ ဖလက်ရှ်မီးပွင့်မလာခင်အထိပင်။

“ဘွဲ့နှင်းသဘင်မှာ အချစ်တွေပွင့်အန်လာတာဟေး”

“အာ..”

ကြည်သာကတော့ မျက်နှာသိပ်မကောင်း။ ချမ်းငြိမ်းကတော့ ကြည်သာ့ကိုလည်း အရိပ်တကြည့်ကြည့် ရှိရှာပါသည်။ ကြည်သာ့ကို ရေဘူးလည်းပေးသည်၊ ချွေးတွေလည်းတို့ထိသုတ်ပေး၏။ ဝေယံ့မှာ ဘာကို အလိုမကျသလဲပင်မသိတော့။ အမှတ်တရဓာတ်ပုံရိုက်ကြတော့ ကူးမား၊ အနိတာနှင့် ချမ်းငြိမ်းတို့ ၃ ယောက်က ဝေယံ့ဘေးမှာရပ်၍ မိသားစုပုံရိုက်ကြ၏။ ကြည်သာက အသာတကြည် ရိုက်ပေး၍ပဲ တော်ပါ သေးသည်။

“ကျွန်တော့်မှာ မိသားစုမရှိဘဲ ဘွဲ့ယူရတော့မယ်ထင်တာ”

“ငါတို့ကမင်းမိဘတွေပဲပေါ့”

“ကိုယ်ကတော့ မင်းရဲ့အိမ်လေ…”

အနိတာတို့ ရှေ့ကိုထွက်လာတုန်း ချမ်းငြိမ်းက တိုးတိုးကပ်ပြောလိုက်တော့ ဝေယံ အံ့သြသွားရခိုက် ကြည်သာက အမိအရဓာတ်ပုံရိုက်မိသွား၏။

“မင်းတကယ်ပြောတာလား”

“ကိုယ်မလိမ်တတ်ဘူးလေ”

“ငါ့ကို မင်း…”

ချစ်လားဟု မေးသည့် မေးခွန်းက ကြည်သာ့၏ “ကိုကို ဒီဘက်ကြည့်ဦး” ဟူသော စကားသံအောက်တွင် ပျောက်ဆုံးသွား၏။ ချမ်းငြိမ်းက ဝေယံနှင့်နှစ်ယောက်တည်းပုံကို ပုခုံးဖက်၍ရိုက်သကဲ့သို့ ကြည်သာ့ဘက် ကြည့်ရင်းဖြင့် ဝေယံ့ကို ပွေ့ချီလိုက်တော့ အားလုံး အထိတ်တလန့်ဖြစ်သွားရသည်။

“ချမ်းငြိမ်း.. ငါ့ကို မင်းဘာလုပ်တာလဲ။ အခုချစမ်း။ မင်းခါးထိဦးမယ်”

“ကိုယ် အဲဒီလောက် အားမနည်းဘူး။ မင်းကို ကိုယ်ပေးနိုင်သမျှ အတိုင်းအတာအထိ အကုန်ပေးချင်တယ်”

ဝေယံ ငြိမ်သက်သွားမိသည်။ ဓာတ်ပုံကို ဘယ်သူကဘာတွေရိုက်ပေးလိုက်မှန်းပင်မသိတော့။ ကြည်သာနဲ့ ရော တွဲရိုက်ဖြစ်သေးလားမသိတော့။ ဝေယံ့စိတ်ထဲမှာတော့ ချမ်းငြိမ်းမပေးနိုင်သည့် အတိုင်းအတာက ဘာတွေလဲဟုသာတွေးမိတော့သည်။

ထိုအတွေးဖြင့် တနေကုန် မည်သို့ကုန်သွားမှန်းပင်မသိ။ သူငယ်ချင်းများနှင့်ပင် စကားမပြောဖြစ်။ ညဘက် ပါတီကိုလည်း မသွားခဲ့။ ဝေယံ တစ်ကိုယ်တည်း ညက ဘားမှာပဲထိုင်နေမိသည်။ ဘီယာလည်းမမှာချင် တော့သဖြင့် အအေးတစ်ခွက်ဖြင့် ကောင်းကင်ကိုငေးကြည့်နေတုန်း ချမ်းငြိမ်းရောက်လာခဲ့၏။

“ဘာတွေတွေးနေလဲ ကိုယ့် ဝေယံ”

“ဒီကိုဘယ်လိုသိတာလဲ”

“ကြည်သာ ပြောပြတာ”

“အင်း..”

“မပျော်ဘူးလား”

“ပျော်ရမှာပေါ့… ငါ.. သိပ်လှတဲ့ ပန်းစည်းလည်းရခဲ့တယ်။ မင်းကိုလည်းချစ်ခွင့်ရတယ်။ ဘွဲ့လည်းရပြီ။ ပျော်သင့်တာပေါ့”

“ကိုယ့်ကြောင့်လား”

“ငါက လိုအပ်ချက်တွေသိပ်များနေလား ချမ်းငြိမ်း။ ငါနဲ့အတူတူရှိဖို့ရော.. ငါ့ကိုချစ်ဖို့ရော..”

ချမ်းငြိမ်းက သက်ပြင်းတစ်ချက်ရှိုက်၏။

“မင်းကို အဲဒီလိုတွေးမိစေတာ ကိုယ်ညံ့တာပဲ။ ကိုယ့်ကိုကြည့်ပါ ဝေယံ… ကိုယ်မနက်ကပြောလိုက်တဲ့ စကားက မင်းကိုအထင်လွဲစေပုံပဲ။ ကိုယ်ပေးနိုင်တဲ့အတိုင်းအတာဆိုတာကို မင်းဘယ်လောက်ထိလို့ ထင် လိုက်လဲတော့ ကိုယ်မသိဘူး။ ကိုယ်ကတော့ ကိုယ့်ကမ္ဘာတစ်ခုလုံးကိုပေးချင်တာ”

“ဟင်”

“ဒါပေမဲ့ ကိုယ် အဲဒီအတွက် အချိန်လိုတယ်။ အမှားအယွင်းမခံနိုင်ဘူး။ ကိုယ်က လေနှင်ရာလွင့်ရမယ့်လူ မဟုတ်တော့ဘူးလေ။ ကိုယ့်မှာ မင်းဆိုတဲ့ကောင်းကင်ရှိနေချိန်မှာ ကိုယ်..ပိုကြိုးစားရတော့မှာ”

“မင်းငါ့ကို….”

မေးခွန်းက အဆုံးသတ်ခွင့်မရလိုက်ပါ။

ဝေယံ့နှုတ်ခမ်းများကို ချမ်းငြိမ်းက ငုံ့၍ နမ်းရှိုက်လိုက်၏။ ဝေယံ မျက်ရည်များစီးကျလာခဲ့ပါသည်။ ရင်ဘတ်ထဲမှာတော့ ချမ်းငြိမ်းကိုယ်တိုင်လက်နှင့်ပြင်ဆင်ခဲ့သော ကြယ်စကားဖြူတစ်ပွင့်ကငြိမ်သက်ဆဲ။

မင်းရော… ငါ့အတွက်သေရဲသလား…ချမ်းငြိမ်း။

===========================================================================

Artist – Moon You ရဲ့လက်ရာနဲ့ ဒီအပိုင်းအတွက် လှပတဲ့ Art လေးပါ။ လက်ထဲက ကြယ်စံကားဖြူ တွေ ကိုကြည့်ကြပါဦး…။

Leave a comment