28 – Lunar
(လ သည် ကမ္ဘာဂြိုဟ်၏ တစ်ခုတည်းသော သဘာဝဂြိုဟ်ရံဖြစ်သည်။ လ သည် ကမ္ဘာကို လ ပတ် လမ်းကြောင်းအတိုင်း လှည့်ပတ်နေပြီး လတွင် ကိုယ်ပိုင် အလင်းရောင်မရှိချေ။ နေအလင်းရောင်ကိုသာ ရောင်ပြန်ဟပ်သည်။ လူသားတို့သည် လကမ္ဘာပေါ်သို့ ၂၀ ရာစုကတည်းက အခြေချခဲ့ကြပြီးဖြစ်သည်)
NASA ၏ အချိန်ပြည့်ပညာရှင်ဖြစ်လာခြင်းက ဝေယံ့ကို လူနေမှုသာမက စိတ်ခွန်အားပါ တစ်ဆင့် မြှင့်ပေး ခဲ့သည်။ ယခင်နေခဲ့သော တိုက်တန်းလေးမဟုတ်တော့ဘဲ တခြားသောအဆင့်မြင့်ပညာရှင်များနည်းတူ ကွန်ဒို ခန်းတစ်ခန်းရရှိလာပြီ။ အလုပ်သွားအလုပ်ပြန်ရန် ကားတစ်စီးလည်း အလုပ်မှပေးထားပြီ။ ကား ရ ရှိသည့်အတွက် ဝေယံ အပျော်ဆုံးမှာ ချမ်းငြိမ်းနှင့် သွားလိုရာသွား၍ရခြင်းပင်။ အဘိုးကြီးကူးမား ပေးထား သော ကင်မရာလေးကို လက်တွေ့အသုံးချရန်က နယူးယောက် မြို့တော်ကြီး၏ အလင်းရောင်များနှင့် သိပ် အဆင်မပြေလှပါ။ ကား ၂ နာရီ ၃ နာရီခန့်မောင်းသွားရသော အမျိုးသားဥယျာဉ်များသို့ သွားရောက်၍ ည ကောင်းကင်ကို ရှုစားမှသာရနိုင်မည်။ ယခုတော့ ဝေယံ့မှာ ပူပန်စရာမလိုတော့ပေ။
ချမ်းငြိမ်း ကျောင်းမှပြန်လာသည်နှင့် ဝေယံ ဝင်ကြိုပြီး အိမ်ခဏပြန်ကာ အဝတ်အစားလဲစေသည်။ ထို့ နောက် ကားပေါ်ချစ်သူကိုတင်၍ ကားမောင်းထွက်လာခဲ့သည်။
“ပျော်နေတာပဲ ကိုယ့်ဝေယံက”
ချမ်းငြိမ်းက မူပိုင်အပြုံးလေးဖြင့် ငေးရင်း အေးအေးဆေးဆေးပြောသည်။ ဝေယံ လေတစ်ချက်ချွန်လိုက် ရင်း နောက်သို့ မေးဆတ်ပြလိုက်၏။
“ကားနောက်ခန်းလည်းကြည့်လိုက်ဦး။ လိုအပ်တာ အကုန်ပါတယ်။ ပျော်ပွဲစား ဖျာကအစ ခုံရော စားစရာ သောက်စရာ အကုန်ပါတယ်။ မင်းဖို့ အအေးလည်းပါတယ်။ ငါ အရမ်းကျေနပ်နေတာ ချမ်းငြိမ်းရာ”
ချမ်းငြိမ်းက နောက်ကိုလှည့်ကြည့်ရမည့်အစား ဝေယံ့ မျက်နှာကိုသာ ဘေးတိုက်ငေးကြည့်နေရင်း ခပ် တိုးတိုးရယ်သည်။
“ကိုယ့်ဝေယံက စိတ်ကျေနပ်နေရင် အချောဆုံးပဲ”
“မင်းနဲ့ကလွဲပြီး ငါ ကိစ္စတိုင်းကို စိတ်ကျေနပ်ရတာပဲ ချမ်းငြိမ်း”
ဝေယံ စိတ်ထဲရှိသည်ကို ပြောလိုက်တော့ ချမ်းငြိမ်းက အပြုံးကလေး မှိန်သွားကာ လမ်းမဘက်ခြမ်း မှောင် မည်းမည်းကို ငေးကြည့်နေပါသည်။ ပြီးတော့မှ သက်ပြင်းတစ်ချက်ရှိုက်ရင်း “ကိုယ်ကြိုးစားပါမယ်” ဟု ဆို လာ၏။ ဝေယံ စိတ်ပျက်လက်ပျက်ဖြင့် ကားကိုလမ်းဘေးဆွဲချပစ်လိုက်ရသည်။
အမျိုးသားဥယျာဉ်၏ တောင်ကြောဘက်ဖြစ်၍ တိတ်ဆိတ်ပြီး ဝေယံတို့ကားတစ်စီးသာရှိနေ၏။ တခါတရံ တိရစ္ဆာန်တို့အော်မြည်သံတို့ ထွက်လာသေးသည်။ ဝေယံ တွေးယူထားသော ပျော်ပွဲစားညလေးက ပျက်ခဲ့ ပြီ။
“ချမ်းငြိမ်းအေးဟန်… မင်းက ဘာကိုကြိုးစားမှာလဲ။ မင်းအဲဒီလိုတွေပြောရင် ဒီကကောင်က မွန်းကျပ် သေ တော့မှာသိရဲ့လား။ မင်းက .. မင်းက ငါ့အတွက် ချမ်းငြိမ်းအေးဟန်ဖြစ်ဖို့ပဲလိုတယ်။ မင်းဘာမှထပ်မကြိုး စားနဲ့။ ဘာမှ ငါ့ကိုမတောင်းပန်နဲ့”
“ဝေယံ.. ဒေါသမထွက်ပါနဲ့။ မင်းနှုတ်ခမ်းတွေတုန်နေရင် ကိုယ် မခံနိုင်လို့ပါ”
ဝေယံ ကားခါးပတ်ကိုဆွဲဖြုတ်ပြီး ကားပေါ်မှဆင်းချလိုက်၏။ ဆေးလိပ်မသောက်ရန်ဆုံးဖြတ်ထားသော် လည်း ဆေးလိပ်ဘူးဆွဲယူကာ မီးညှိလိုက်မိသည်။ ဒေါသထွက်သည်၊ မခံမရပ်နိုင်ဖြစ်သည်၊ အဘယ်သို့ သော နာမဝိသေသနကို သုံးရမည်နည်း ဝေယံမသိတော့ပါ။ သေချာသည်က ဝေယံ စိတ်မအေးချမ်းနေ။
ဆေးလိပ်ငွေ့တို့ ကောင်းကင်ယံပေါ်တက်ချိန်မှာ တိုးတိတ်သောအသက်ရှူသံတစ်ခုက ဝေယံ့နောက်မှနေ ၍ ထွေးဖက်လာ၏။
“ကိုယ့်ကြောင့် ဒေါသတွေပဲထွက်နေရတယ်… ကိုယ့်ကို ခွင့်လွှတ်ပါဦး ဝေယံ”
“မင်းထပ်ပြီး..”
“ဆေးလိပ်တွေမသောက်နဲ့တော့… ကိုယ့်ကိုကြည့်”
“ဟင်”
ဝေယံ နောက်ကိုလှည့်ကြည့်မိတော့ ချမ်းငြိမ်းမျက်ဝန်းများက လင်းလက်တောက်ပနေ၏။ ဝေယံ ဆေးလိပ်မီးခြွေချလိုက်ပြီး ချမ်းငြိမ်းကို တည့်မျက်နှာချင်းဆိုင်လိုက်မိသည်။ မထင်မှတ်ထားသော အနမ်း ရောက်လာတော့ ဝေယံ့စိတ်တွေပေါ့ပါးရပြန်သည်။
“ကြယ်တွေစုံသွားပြီလား အချစ်”
ချမ်းငြိမ်း ခပ်ရွှတ်ရွှတ်မေးလိုက်တော့ ဝေယံ သဘောကျစွာရယ်လိုက်မိသည်။ ချမ်းငြိမ်းအေးဟန်မှာ ဒီလိုပုံစံ ရှိမယ်လို့ ဘယ်သူထင်မလဲလေ။
“မင်းပြောကြည့်”
“ကိုယ့်ကောင်းကင်မှာ မင်းရဲ့အချစ်က ကြယ်ပေါင်း အသင်္ချေပါ”
“စကားတွေတတ်နေလိုက်”
စိတ်ကျေနပ်မှု အပြည့်အဝရကြောင်း ဝေယံ ပြောစရာပင် မလိုလိုက်ပါ။ ချမ်းငြိမ်းမျက်နှာမှာလည်း အပြုံးတွေဝေနေ၏။
“ကိုယ်ပျော်တယ်..”
“မင်းကို ပိုင်ဆိုင်ရလည်း မင်းက တကယ်ထူးဆန်းတဲ့လူသားဖြစ်နေဦးမှာပဲ ချမ်းငြိမ်း”
ကားပေါ်မှာမည်မျှပင် နိဗ္ဗာန်ရောက်ခဲ့ပါစေဦး၊ ကြယ်ကြည့်ရန်လာခဲ့သေးသည့် မူလရည်မှန်းချက်ကိုတော့ ဝေယံ မမေ့လျော့ပါ။ ထို့ကြောင့် ကားဘေးတွင်ပင် အခင်းလေးခင်းပြီး ချမ်းငြိမ်းမှီရန် ပုခုံးလေးစောင်းပေး ထားကာ ကော်ဖီပူပူတစ်ခွက်ဖျော်နေမိသည်။ ချမ်းငြိမ်းက ငြိမ်သက်စွာ ဝေယံ့ပေါ်မှီထားပြီး ကောင်းကင် ကို ငေးမောနေ၏။
“ဝေယံ.. ဟိုးမှာ မြင်နေရတာလေ.. ဘာကြယ်လဲသိလား”
“ခဏလေး.. ငါ Lens နဲ့ကြည့်ကြည့်မယ်”
ဝေယံ ကော်ဖီခွက်ကိုခဏချပြီးနောက် ကင်မရာဆင်နေစဉ် ချမ်းငြိမ်းက ဝေယံ့လက်ကို ဖြည်းဖြည်းချင်း ဆွဲယူကာ ရင်ဘတ်ကိုထိထားစေ၏။
“ကိုယ့်ကမ္ဘာမှာ မင်းတစ်ယောက်တည်းနဲ့ အားလုံးပြည့်စုံသွားတာပဲ”
“ဒီနေ့ မင်းထူးဆန်းနေတယ် ချမ်းငြိမ်း။ ငါ့ကိုပြောပြစရာရှိသေးလား”
“အင်း… မင်းလိုချင်တာ ဖြည့်ဆည်းပေးချင်စိတ်ပဲရှိတော့တယ်။ ကိုယ့်ဘဝရဲ့ လျို့ဝှက်ချက်တွေကို မင်း ဖြည်းဖြည်းချင်းသိလာရတော့မှာမို့..”
“အချစ်မှာမျောဝင်နေတဲ့ ချမ်းငြိမ်းအေးဟန်က ပိုပြီးကြည့်ကောင်းတယ်။ ငါလေ မင်းအပေါ် အသက်တမျှ ချစ်တာ ချမ်းငြိမ်းရာ။ ဒီလိုစကားတွေ ပြောရင်လည်း ငါခပ်ပေါပေါဖြစ်တော့မလားမသိ။ ဒါပေမဲ့ ငါ မင်းကို ချစ်တယ်။ ငါဘယ်သူ့ကိုမှမပေးနိုင်ဘူး။ ကြည်သာအေးမြကိုတောင် ငါမရှုံးချင်ဘူး”
ချမ်းငြိမ်းက ရုတ်တရက် တန့်ခနဲဖြစ်သွားသည်ဟု ဝေယံခံစားမိသည်။
“ကြည်သာ့ခံစားချက်ကိုတော့ ကိုယ်ထိန်းချုပ်လို့မရဘူးလေ ဝေယံ”
ဝေယံ အံကြိတ်လိုက်မိ၏။ လောလောလတ်လတ်ချစ်မှုကိစ္စပြီးမြောက်ထားသည့် ချစ်သူနှစ်ယောက်၏ စကားဝိုင်းမှာ အမြွှာညီမတစ်ယောက်၏ ခံစားချက်က ထည့်ပြောဖို့လိုအပ်သေးသလား။
“မင်းက ကြည်သာ့ကို လွှတ်ထားပေးလို့ ဒီလိုဖြစ်နေတာ ချမ်းငြိမ်း”
“ကိုယ် ကြည်သာ့အမုန်းတွေရယူဖို့ အင်အားမရှိတော့ဘူး ဝေယံ။ ငယ်ဘဝက လုံလောက်ပါပြီ”
“ဒါပေမဲ့ကွာ…”
“ကိုယ့်ရင်တွေပူနေတယ်.. ဖက်ထားပေးပါ”
ဝေယံ ဆက်မပြောနိုင်တော့ဘဲ ချမ်းငြိမ်းကို ရင်ခွင်ထဲထည့်ပေးထားလိုက်ရသည်။ ကောင်းကင်မှာတော့ ကြယ်တွေကြွေလို့….။
==============================================================================
ကြည်သာ ယခုတလော ဘားတွေတောင်မသွားတော့ဘဲ ကြိတ်လုပ်နေသည့်အရာရှိသည်။ ချမ်းငြိမ်းမထိ ဘဲ ထားခဲ့သည့် စာအုပ်တစ်အုပ်ကို ကြည်သာထိကြည့်မည်လေ။ ကြည်အေး၏ မှန်၏မှောင်ရိပ် စာအုပ်ကို ဖတ်ပြရသည်က လွယ်ကူသောအရာတော့မဟုတ်ပါ။ ကြည်သာ့လိုစိတ်မရှည်တတ်သူ၊ အသံနေအသံထား မမှန်သူအဖို့ ခက်ခဲလွန်းသော်လည်း ကြည်သာ အတင်းမရမက ဖတ်ရှုသည်။ အထူးသဖြင့် ကြည်သာ ဖော် ပြချင်သည့်အခန်း…။
အလှခိုင်ဟု စာအုပ်ထဲမှာတင်စားခံရသော မိန်းကလေးကို ကြည်သာ နားလည်စွာဖြင့် ကြိတ်ပြုံးလိုက်၏။
ဝေယံခကို Beats နားကြပ်ပေးခဲ့သည်က အလကားမှမဟုတ်ဘဲ။ ကိုကိုကတော့ ကြည်သာ့ကို တလေး တစား အသိပေးပါသည်။ ကိုကို ဝေယံ့ကိုချစ်သည်တဲ့။ အဲဒါ ကိုကို့ကိစ္စဖြစ်ပြီး ကြည်သာ့အတွက်တော့… ဝေယံ့ကို အမြင်မကြည်သေးပါလေ။
“မောင်လေးသေသွားရင်ကောင်းမှာပဲ”
စာအုပ်ထဲမှစာသားကိုဖတ်နေတုန်းက ကြည်သာ စိတ်မငြိမ်ဖြစ်သဖြင့် Xanax နည်းနည်းယူသောက်လိုက် ရ၏။ ကြည်သာက ချမ်းငြိမ်းကို အသက်ပေးနိုင်ပါသည်။ သို့သော်.. ကြည်သာ ငယ်စဉ်ကတော့ ချမ်းငြိမ်း ကို သေသွားစေချင်ခဲ့ကြောင်းလည်း ဝန်ခံရပေမည်။
“ငါ… ကိုကို့ကိုချစ်လို့ပါ…”
===========================================================================


Leave a comment