29 – Solar Storm

29 – Solar Storm

(နေ၏ မျက်နှာပြင်တွင် လှုပ်ရှားတိုက်ခတ်သော နေမုန်တိုင်းများသည် ကမ္ဘာအပါအဝင် နေအဖွဲ့အစည်း ထဲမှ ဂြိုဟ်များကို ပြင်းထန်သော သက်ရောက်မှုပေးတတ်ပါသည်)

ချမ်းငြိမ်းနှင့် ချစ်ခဲ့ရပြီဟူသော အသိက ဝေယံ့ကို မြောက်ကြွမြောက်ကြွဖြစ်စေသည်။ ခြေလှမ်းတွေက ရူပဗေဒကို ဖီဆန်နေချင်သည်။ အလုပ်အသစ်မှာ ပို၍ စိတ်နှစ်နိုင်လာသည်။ ဘဝမှာ တကယ်ကို အချစ်က အရေးကြီးတာပါလား။

ဝေယံ့ ယခုအလုပ်ရာထူးတွင်တော့ အက်ဘီ အပြင် ပိုရာထူးကြီးသော ပညာရှင်များ ရောက်လာပြီ။ ဝေယံတို့က နေအဖွဲ့အစည်းပြင်ပရှိ ဂြိုဟ်များတွင် သက်ရှိများ နေထိုင်နိုင်ရေး အထူးပြု လေ့လာရသော အဖွဲ့ဖြစ်ပြီး ဝေယံ့ ဘော့စ်ဖြစ်သူ ဒေါက်တာဖရက် ကမူ အဆိုပါ လေ့လာရေးတွင် အသုံးပြုမည့် အာကာသ ယာဉ်များကို ဖန်တီးတည်ဆောက်သည့် ပညာရှင်ဖြစ်သည်။ ဝေယံ စိတ်မလှုပ်ရှားဘဲမနေနိုင်။ NASA မှာ ဝေယံ ပါဝင်ချင်ရသည့် အကြောင်းရင်းက ထိုသို့ အာကာသယာဉ်များ တည်ဆောက်ဖို့မဟုတ် လား။  ဖရက် က စကားနည်းသော်လည်း တိကျပြတ်သားသည်။ လူမှုဆက်ဆံရေးသိပ်မကောင်းလှသော ရူပဗေဒ အင်ဂျင်နီယာတစ်ဦးဖြစ်သော ဘော့စ်နှင့် ဝေယံက အဆင်ပြေအောင်နေနိုင်လွန်းသည်အထိ ဤ ပညာရပ် ကို ဝေယံ ရူးသွပ်ပါသည်။

ဝေယံအလုပ်လုပ်နေသကဲ့သို့ ချမ်းငြိမ်းကလည်း စာအုပ်တစ်အုပ်ထပ်ရေးနေပြီ။ အတွေးအခေါ်ပိုင်းနှင့် ဆိုင်သော အရှေ့တိုင်းဝါဒများကို ချမ်းငြိမ်းဖတ်ပြပြောပြတော့မှသာ ဝေယံ သိကျွမ်းရတော့သည်။ ဝေယံ ယခုတော့ သိမ်ငယ်သည်ဟု သိပ်မခံစားရတော့ပါ။ ဤသည်က ထူးခြားချက်ဖြစ်သည်။ ဝေယံ အထိုက် အလျောက် ရင့်ကျက်လာြပီ ဟု ထင်ရသည်။ ကိုယ်တိုင်လည်း ပညာရှင်တစ်ဦးဖြစ်နေပြီး ချမ်းငြိမ်းနှင့် ကွက်လပ်များ အပြန်အလှန်ဖြည့်တင်းပေးမည်ဟူသောကတိကြောင့်ထင်သည်။ ဝေယံ့အတွက် ချမ်းငြိမ်း က ပြိုင်ဘက်မဟုတ်ဘဲ လေးစားအားကျရမည့် ချစ်သူ ဖြစ်လာပြီ။ ဝေယံ​စိတ်ထားတတ်သွားပြီဟု ပြော၍ မရသေးသည့်တိုင် ချမ်းငြိမ်းအောင်မြင်လေ ဝေယံ သဘောကျလေဖြစ်လာသည်။

ကူးမားတို့ လင်မယားနှင့်လည်း အဆင်ပြေပြေရှိလှသည်။ ဝေယံ့အတွက်တော့ နာကျင်ပင်ပန်းရသော နေ့ ရက်များလွန်မြောက်ပြီး ပန်းများပွင့်သောနေ့ရက်များသို့ရောက်ရှိလာသလိုပင်။ အလုပ်ဆင်းလျှင် ချမ်းငြိမ်းနှင့်အတူ ကူးမားတို့ အနိတာတို့နှင့် ညစာစားသည်။ မိဘအစားရသကဲ့သို့ နွေးထွေးမှုကြောင့် လည်း အား ဖြစ်ရသည်။ ဤအရာအားလုံး.. အလုံးစုံသော အောင်မြင်မှုတို့က ချမ်းငြိမ်းကြောင့်သာ ဖြစ်နိုင် ခဲ့ခြင်းပင်။ ထို့ကြောင့်လည်း ဝေယံသည် ချမ်းငြိမ်းအတွက် ကမ္ဘာတွင် အထူးခြားဆုံးသော လက်ဆောင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျပြင်ဆင်နေခဲ့သည်။

=====================================================================

ကြည်သာ့ဘွဲ့ယူသည့်အခမ်းအနားသို့ လူစုံတက်စုံမရောက်လာခဲ့ပါ။ လူစုံတက်စုံဆိုသည်က ဝေယံခ မပါ လာခဲ့။ John Hopkins တက္ကသိုလ်ထဲသို့ ချမ်းငြိမ်းအေးဟန်နှင့် အနိတာသာရောက်လာခဲ့သည်။ ဆူဇန် ဘရောင်း ကတော့ မဖြစ်မနေရှိရမည့် ဘွဲ့ယူသူဖြစ်၍ ကြည်သာ ထည့်မတွက်။ အဘိုးကြီးပါ ရောက်မလာခဲ့ ခြင်းကို ကြည်သာ အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ သို့သော် အဘိုးကြီးကူးမားက တကယ်ကို အလုပ် ကိစ္စရှိနေခဲ့ပြီး လပေါင်းများစွာကတည်းက ကြိုစီစဉ်ထားခဲ့ရတာဖြစ်၍သာ စိတ်လျှော့လိုက်ပြီ။ ဝေယံခက တော့ Training ဖျက်မရ၍မလာနိုင်ခဲ့ပါတဲ့။ ကြည်သာ မည်မျှ ပူလောင်နေပါစေဦး၊ ချမ်းငြိမ်းအေးဟန်က ကြာပန်းများကို စည်း၍ ကြည်သာ့လက်ထဲသို့ ထည့်ပေးပြီး ရင်ခွင်ထဲပွေ့ဖက်ပေးသောအခါ အရာရာဟာ

ရေနှင့်ဖြန်းသလို အေးမြသွားရသည်ပဲ။ ကြည်သာ သဘောတရားတစ်ခုကို ယခုမှနားလည်လာသည်။

ချမ်းငြိမ်းအေးဟန်ရှိနေ၍သာ ကြည်သာက အေးမြနိုင်ခြင်းပင်။ ကြည်သာအေးမြသည် ချမ်းငြိမ်းအေးဟန် မရှိနေလျှင်မရပါ။

ချမ်းငြိမ်းက ကြည်သာ့ကို ဂရုတစိုက်ဖြင့် ရှိနေပေးကဲ့သို့ အနိတာကလည်း အမေတစ်ယောက်ကဲ့သို့ စောင့် ရှောက်ကြည့်ရှုပေးပါသည်။ အိန္ဒိယရိုးရာ နားဆွဲအစစ်များကို ကြည်သာဝတ်ဆင်နိုင်ရန် ယူလာသေးသည် တဲ့။ ကြည်သာက အလှအပရေးရာကို ထိုမျှဂရုစိုက်သူမဟုတ်လှသော်လည်း အနိတာပေးအပ်သောနားဆွဲ များကိုတော့ သေချာစွာဝတ်ဆင်ပြီး အစွမ်းကုန်တောက်ပပစ်လိုက်ပါသည်။ ကြည်သာအေးမြသည်လည်း ဝေယံ့လိုပင် မိန့်ခွန်းပြောရမည့် ထူးချွန်ပညာသင်ဆုရကျောင်းသူဖြစ်၍ ကြည်သာ ထိုနားဆွဲများကို တပ် ဆင်ကာ စင်ပေါ်သို့တက်ရောက်သွားသည်။ ကြည်သာဝတ်ထားသည့် ဖိနပ်ချွန်လေးက နေရခက်စေသော် လည်း ချမ်းငြိမ်းကိုယ်တိုင်ကိုယ်ကျ ဒူးထောက်၍ ဝတ်ဆင်ပေးထားသည်ဖြစ်၍ ကျေနပ်ပါသည်။

“ဒီကမ္ဘာမှာ ကျွန်မ လိုအပ်တာတွေ လိုချင်တာတွေသိပ်များပါတယ်။ ကျွန်မရဲ့ပန်းတိုင်က ကျွန်မရဲ့ အနီး မှာ ရှိနေပြီး အလင်းနှစ်ပေါင်းများစွာဝေးကွာသလို ခံစားရတယ်။ ကျွန်မဘဝမှာ ကြည်သာအေးမြ ဖြစ်ခွင့် ရခဲ့လို့ ကျွန်မရဲ့ကယ်တင်ရှင် (savior)ကို ကျေးဇူးတင်ပါတယ်။ ကိုကို.. ငါ့တစ်ဘဝလုံးစာအတွက် နင်ဟာ အရာအားလုံးပါ”

ချမ်းငြိမ်းက တည်ငြိမ်စွာဖြင့် နှုတ်ခမ်းလေးလှုပ်သည်ဆိုရုံလေးပြုံးကာ လက်ခုပ်တီး၏။ ဝေယံ့မိန့်ခွန်း တုန်းကတော့ အဲဒီလိုမဟုတ်ခဲ့ပါလေ။

ကြည်သာ့စိတ်တွေ မတည်ငြိမ်လှုပ်ခတ်လာတုန်း ဘေးမှလာထိန်းကိုင်ပေးသူက ဆူဇန်.

“ကလေးရယ်…သိပ်တော်တာပဲ”

ချမ်းငြိမ်းရှိနေသည့်အချိန်များတွင် ဆူဇန် က မည်သို့မျှ အားမဖြစ်စေပါလေ။

ဘွဲ့ယူသည့်အခမ်းအနားသို့ ဆူဇန် မွေးစားမိဘများလည်းလာကြသည်။ အာဖရိကန်-အမေရိကန် အဘိုး ကြီးက မျက်နှာအတော်ကြည်ကြည်လင်လင်ရှိသည်။ ဤအဘိုးကြီးက ဆူဇန် နှင့်  á€…န်ဒရဏ ကို နှင်းတော ကြားထဲက ကယ်တင်ခဲ့သူပေါ့။ ကြည်သာ ငေးစိုက်ကြည့်နေမိတော့ ဆူဇန် က အအေးတစ်ခွက်ယူလာ ပေးရင်း မေး၏။

“ကလေး..  á€…န်ဒရဏ အကြောင်းစဉ်းစားနေပြန်ပြီလား။ တို့ အကုန်ပြောပြတော့မှာမို့ တို့ကိုပဲကြည့်ပေးလို့ မရဘူးလား”

“ဘာပြောပြမလို့လဲ ဆူဇန်… အမြွှာအစ်မအရင်းကို တပ်မက်စိတ်နဲ့ချစ်ပြီး ပူလောင်နာကျင်စွာ လောက ကြီးထဲက ထွက်သွားတဲ့ တစ်ယူသန်ကောင်မလေးအကြောင်းဆိုရင်တော့ ထားလိုက်ပါတော့။ ကိုယ်က တော့ သိပ္ပံနည်းကျ ဆက်လုပ်နေဦးမှာပဲ”

“ကလေးက တကယ့်ပြဿနာအစစ်ကိုမမြင်သေးဘူးပဲ။ အမြွှာတွေဟာ သီးသန့်ဖြစ်တည်နေတဲ့ လူနှစ် ယောက်ပဲ။ တစ်ယောက်ထိခိုက်လို့ နောက်တစ်ယောက်ထိခိုက်တယ်ဆိုတဲ့ အာရုံကြောဗေဒတကယ်မရှိ ဘူး။ ဘုရားသခင်က မျှတစွာဖန်ဆင်းပေးထားတာပါ”

“ဆူဇန်.. အဲဒါက ကိုယ့်အတွက် ပြဿနာမဟုတ်ပါဘူး။ Research problem တော့ဖြစ်ချင်ဖြစ်မှာပေါ့။ ကိုယ်ကတော့ ချမ်းငြိမ်းနဲ့နီးစပ်ဖို့ ဘာမဆိုလုပ်မှာ။ ပြီးတော့ ကိုယ်  á€…န်ဒရဏ လို အမှားတွေမလုပ်ဘူး”

ဆူဇန် မျက်ရည်ကျလာတော့မည်ထင်တော့ ကြည်သာ ပေးနိုင်သော နှစ်သိမ့်မှုလေးကို ပေးပစ်လိုက်ပါ သည်။ ချမ်းငြိမ်းရှိနေ၍လည်းပါမည်။ ကြည်သာ စိတ်ကိုလွှတ်ထားပေးနိုင်ည်။

John Hopkins တက္ကသိုလ်ဘွဲ့ယူအခမ်းအနားမှ ကျောင်းသူနှစ်ယောက်၏ အနမ်းက သတင်းတွေထဲပင် ပါ လာခဲ့ပါသည်။ သေချာသည်က ဆူဇန် မပျော်နေခဲ့ပါ။

===========================================================================

ကြည်သာအေးမြက ဆူဇန် ကို ဖက်နမ်းလိုက်သည့်ပုံတွေ့တော့ ဝေယံ စိတ်အနည်းငယ်အေးသွားခဲ့ရ ကြောင်း ဝန်ခံပါသည်။ ကြည်သာ အချစ်ကိုရှာတွေ့သွားခြင်းအတွက် ဝေယံ ဝမ်းသာသည်။ ဝေယံ ကိုယ် တိုင်လည်း ချမ်းငြိမ်းနှင့်တွေ့ရှိပြီးမှ မည်သူ့ကိုမဆိုချစ်မိနိုင်သည့် မိမိတို့စိတ်အကြောင်း ပိုနားလည်လာခဲ့ ၏။ ကြည်သာ့ကို ဂုဏ်ပြုကြောင်း အီးမေးလ်ပို့ထားပြီး လက်ဆောင်အဖြစ် Gift voucher လေးတစ်ခု ပို့ ထားခဲ့သည်။ ကိုယ်တိုင်ကတော့ ချမ်းငြိမ်းအတွက် လက်ဆောင်လေးသာ ဖိဖိစီးစီးလုပ်နေခဲ့၏။ လက်ဆောင်လေးရလာတော့ ဝေယံ ပျော်လိုက်သည်မှာ ဆိုဖွယ်ရာပင်မရှိတော့။

ကိုလံဘီယာ တက္ကသိုလ်ရှေ့မှာ သွားစောင့်နေရင်း ဆယ်ကျော်သက်များလို ရင်တွေခုန်နေမိ၏။ အဖြေပြန် မရသေးသည့် ကောင်လေးတွေဆိုလျှင် အတော်စိတ်လှုပ်ရှားမည်ပဲ။ ဝေယံ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သွား သည်။ ချမ်းငြိမ်းနှင့်တော့ ဝေယံက ဘယ်လောက်မှရင်မခုန်လိုက်ရပါလား။

“ဘာတွေသဘောကျနေလဲ ကိုယ့်ဝေယံ”

ပူရှိန်းနံ့နှင့်အတူ နွေးထွေးသော ချမ်းငြိမ်းက အနားသို့ရောက်လာတော့ ဝေယံ စိတ်ထဲပိုလွမ်းသွား၏။ တွေ့နေရမှကို ပို၍ လွမ်းလာသည်ဟူသော အဖြစ်က တကယ်ရှိသေးတာပဲ။

“လွမ်းလို့”

“ကိုယ်လည်း တနေကုန် လွမ်းနေတာ။ မင်းစိတ်နဲ့ကိုယ့်ကိုယ်ပဲ”

ဝေယံ လူတွေကိုဂရုမစိုက်အားတော့ဘဲ ချမ်းငြိမ်းကိုဆွဲဖက်ထားလိုက်တော့သည်။ ချမ်းငြိမ်းအေးဟန်ကို ဖက်ထားခွင့်ရလျှင် ဝေယံဟာ စကြဝဠာတစ်ခုလုံးကိုပိုင်ဆိုင်နေရသလိုပင်။

“လွမ်းမပြေဘူး”

“ကိုယ့်ဝေယံက အဲဒီလိုပြောတတ်တာလား”

“ငယ်ငယ်က တီဗီမှာပြတဲ့ ကိုရီးယားကားနာမည်ပါကွာ။ မေမေကြည့်လို့ မှတ်မိနေတာ”

ချမ်းငြိမ်းခြေလှမ်းတွေတုံ့သွား၏။ ဝေယံက ကျော်သွားပြီးမှ ရယ်ပြီး “ငါ အဆင်ပြေပါတယ် ချမ်းငြိမ်း။ မင်း ကြောင့်လေ.. ငါတကယ်အဆင်ပြေသွားပြီ။ မေမေ့အကြောင်းပြောလည်း လွမ်းပေမဲ့ မနာကျင်တော့ဘူး။ ငါ လခရရင် မေမေ့ဖို့ တစ်ခုခုလုပ်ဦးမလို့ စဉ်းစားနေတာ” ဟုပြောလိုက်ရသည်။ တကယ်ပင် မေမေ့ အကြောင်းပြောလျှင် ဝေယံ မနာကျင်တော့ပါ။ သတိရသည့်စိတ်ကတော့ သီးသန့်ဖြစ်တည်မှုပေါ့။

“ကိုယ့်ဝေယံက တော်လိုက်တာ။ ဒါနဲ့ ကိုယ်တို့ အလုပ်တွေရှုပ်နေတာနဲ့ မပြောဖြစ်တာရှိသေးတယ်။ ကိုယ်နဲ့ တစ်နေရာလိုက်ခဲ့ချင်လား”

“မင်းငါ့ကို မဟုတ်ကဟုတ်ကနေရာတွေမခေါ်သွားနဲ့နော်”

ဝေယံ စ လိုက်တော့ ချမ်းငြိမ်းက ခပ်ဟဟရယ်သည်။ ဝေယံ့မှာ ထိုအရယ်အပြုံးလေးကို အငမ်းမရ ငေး နေမိ၏။ ကြည့်ကောင်းလိုက်တာ… ချောလိုက်တာ။ ဒီလူဟာ ဝေယံ့အပိုင်ပဲ။

“ကိုယ့်ဝေယံပြောမှ အဲဒီလိုအတွေးတွေတောင်ဝင်လာမိပြီ။ ဒါပေမဲ့ ဒီနေ့က အရေးကြီးတဲ့နေရာပါ”

“ငါ မင်းကိုယုံတယ်။ မင်းကိုအမြဲယုံတာ ချမ်းငြိမ်း။ မင်းနဲ့သာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပြည့်နေ တဲ့ ဂြိုဟ်ကိုလည်း ငါခြေချရဲတယ်။ မင်းကို ငါ့အသက်အတွက် ယုံတယ်”

ချမ်းငြိမ်းက အေးချမ်းစွာပြုံးရင်း ဝေယံ့လက်ကိုဆွဲယူကာ နှုတ်ခမ်းများနှင့်ထိကပ်လိုက်၏။

“ကိုယ့်ကိုယုံထားပေးပါ။ အခုလည်း ကိုယ်ခေါ်တဲ့နေရာလေးလိုက်ခဲ့”

“လိုက်မှာပါ။ ဒါနဲ့ ခုနက ငါဘာကိုရယ်နေတာလဲသိလား”

ကားပေါ်ရောက်တော့ ချမ်းငြိမ်းက မောင်း၏။ ဝေယံတို့မှာ ကားတစ်စီးရှိလာတော့ မြေအောက်ရထား တိုး စီးဖို့ မလိုတော့ပေ။ ဝေယံက ကားပေါ်မှာလည်း ချမ်းငြိမ်းကိုပဲ ငေးကြည့်နေမိ၏။ လက်ဆောင်လေးက အိတ်ကပ်ထဲ အသင့်ရှိနေပြီ။ သို့သော် ဝေယံ အချိန်ကောင်းစောင့်နေမိဆဲ။

“ကိုယ်နဲ့ပတ်သက်တာတစ်ခုခုပဲထင်တယ်”

“သေချာတာပေါ့။ ငါ့ရည်းစားနဲ့ပတ်သက်တာပဲ။ ငါ.. မင်းကိုဖွင့်ပြောတဲ့နေ့ကကိစ္စကိုရယ်ချင်လို့။ မင်းက ငါ့ကို ဆွဲထိုးရင်တောင် တစ်ချက်ပဲခံမယ်လို့တွေးနေတာကို အင်း လို့ပြောလာတာ တကယ်မယုံနိုင်သေး။ သူများတွေလို အဖြေကိုစောင့်ရင်းရင်တုန်ရတာလည်းမရှိလိုက်ဘူး”

“ဪ… ကိုယ်က နှစ်နဲ့ချီစောင့်ခဲ့ပြီးလို့လေ”

ကားကို ကျွမ်းကျင်စွာကွေ့ရင်း ဘာမှမဖြစ်သလို ပြောလာသော ချမ်းငြိမ်းကို ဝေယံ အံ့သြစွာငေးမိသွား ၏။ ဒါဖြင့်… ချမ်းငြိမ်းက ဝေယံ့ကို…။

“ချမ်း.. ချမ်းငြိမ်း.. ဒါဆို.. ငါ ကြည်သာနဲ့တွဲတုန်းက မင်း…”

“ကိုယ့်ညီမရဲ့ချစ်သူကိုတော့ ကိုယ် မပြစ်မှားပါဘူး ဝေယံ။ ဒါပေမဲ့ စိတ်မကောင်းတော့ဖြစ်ခဲ့ရတယ်။ ကိုယ်ပြောဖူးတယ်လေ.. ကိုယ်တို့ ဟားဗတ်မှာမဆုံလည်း မင်းဆီကို ကိုယ်အရောက်လာဦးမှာပါ။ ကိုယ်.. မင်းကြောင့် အသည်းကွဲခဲ့ရတာဆိုတော့ မင်းဂုဏ်ယူသင့်ပါတယ်”*

(*The Fault in our stars ထဲမှစာသား)

“အား.. အဲဒါ.. ငါနဲ့ကြည်သာတွဲတာက ပြိုင်ချင်လို့ပါ။ ချစ်လို့မဟုတ်ဘူးလေ.. နော်။ ချမ်းငြိမ်း.. သိလား လို့။ ငါ့ကိုကြည့်ပါဦး”

“ကားမောင်းနေတယ်လေ”

“မင်းငါ့ကိုမချစ်တော့ဘူးမလား ငါသိတယ်”

ချမ်းငြိမ်းက လမ်းဘေးသို့ဆွဲကွေ့ကာထိုးရပ်လိုက်၏။ ဝေယံ မင်သက်နေမိတုန်း ချမ်းငြိမ်းက ခါးပတ်ကို ဆွဲဖြုတ်၍ ဝေယံ့မျက်နှာကို တည့်တည့်ကြည့်လာသည်။

“မင်းကိုမကြည့်တာနဲ့ပဲ မချစ်တော့ဘူးလို့ ပြောလို့ရကြေးလား ကိုယ့်ဝေယံ။ ကိုယ့်ကိုယုံပါလို့ ကိုယ် မပြောခဲ့ဘူးလား”

“ပြော.. ပြောပါတယ်ဟ။ မင်းကလည်း.. စိတ်မဆိုးပါနဲ့”

“စိတ်ဆိုးတယ်။ မင်း အနမ်းနဲ့မှစိတ်ပြေမှာ”

ဝေယံ သဘောကျစွာရယ်မောလိုက်၏။ ချမ်းငြိမ်းအေးဟန်ရဲ့ဒီပုံစံကို ဝေယံ ချစ်မဝနိုင်အောင်ရှိရလေခြင်း

။ ဝေယံက ချမ်းငြိမ်းနှုတ်ခမ်းဖျားလေးကို ထိသည်ဆိုရုံလေးနမ်းလိုက်မှ ချမ်းငြိမ်းကပြန်ပြုံးတော့သည်။

“ဒီတခါတော့ ကားကိုသေချာမောင်းမယ်နော် ဟုတ်ပြီလား ကိုယ့်ဝေယံ”

အစီရင်ခံနေသော ချစ်သူကိုကြည့်၍ ဝေယံ ရယ်မောမိပြန်သည်။ ချမ်းငြိမ်းနှင့်ဆိုလျှင် စိတ်ကလေးတွေ ပျော်ရွှင်ကြည်နူးရပါသည်လေ။

ချမ်းငြိမ်းမောင်းသွားသည့်နေရာက နယူးယောက် ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်ပြီး အိမ်ခြေမဲ့များပေါများ သည်။ ဝေယံ စိတ်ထဲတစ်မျိုးဖြစ်သွားစဉ် ချမ်းငြိမ်းက သိနေသည့်အလား “ကိုယ့်ကိုယုံ” ဟုပြောပြီး လက် ဆွဲခေါ်သွား၏။ ဝေယံက သတိအနေအထားဖြင့် အိတ်ကိုတင်းတင်းဆွဲလျှက် ချမ်းငြိမ်းကိုလည်းကာကွယ် ရန် အသင့်ပြင်နေသော်လည်း ထိုရပ်ကွက်မှကလေးများက ချမ်းငြိမ်းနှင့်ခင်မင်နေသည့်အလား ပြုံးပြ နှုတ် ဆက်ကြသဖြင့် ဝေယံ ကြောင်သွားရသည်။ ရပ်ကွက်ရှိ ပန်းခြံလေးတစ်ခုကိုအရောက်မှာတော့ ဝေယံ အံ့ သြသွားရပြီ။ လူအများတန်းစီနေသည့် လိုင်းတန်းတစ်ခုရှေ့တွင် အိုးကြီးနှစ်အိုးရှိသည်။

ပူပူနွေးနွေးဆန်ပြုတ်များဝေငှနေသည့် လူကြီးနှစ်ယောက်က ဝေယံတို့ တခါကရင်ဆိုင်တွေ့ဖူးသည့် အိမ်ခြေမဲ့များမဟုတ်လား။ ယခုတော့ အဝတ်အစားသပ်သပ်ရပ်ရပ်နှင့် ဆံပင်ပင်ညှပ်ထားသေးသည်။ အေပရွန်ကိုယ်စီနှင့် ထို လူကြီးနှစ်ဦးက ချမ်းငြိမ်းကို ဝမ်းသာအားရနှုတ်ဆက်၏။

“ဟေး.. လာပြီလား ကောင်လေး။ ဒီနေ့တော့ ဆန်ပြုတ်အတွက် လိုတာမရလိုက်လို့ နည်းနည်းနောက်ကျ သွားတယ်။ အရင်အပတ်တွေကဆို ဒီအချိန်ကုန်ပြီဟေး”

“တော်သေးတာပေါ့။ အရာအားလုံးက ကောင်းဖို့ဖြစ်လာတာပဲ မဟုတ်လားဗျာ”

ဝေယံ ပို၍ ပါးစပ်အဟောင်းသားဖြစ်သွားရသည်က ပန်းခြံတွင် ချိတ်ထားသည့် နာမည်ဆိုင်းဘုတ်လေး တစ်ခု။ မေမေ့အမည်ဖြင့် ကဗ္ဗည်းစာတန်းလေး။ ထိုအရှေ့မှာ ပန်းတချို့ရှိသည်။

“ချမ်းငြိမ်း.. ဒါ..”

“မင်း မေမေအတွက် တစ်ခုခုလုပ်ပေးချင်တယ်လို့ ကိုယ်ပြောခဲ့တယ်လေ။ ပိုက်ဆံကို ကိုယ် တကယ်လိုတဲ့ နေရာကို ပေးချင်ခဲ့တယ်။ ကိုယ်စုံစမ်းကြည့်ရင်း ဒီမှာ အမြဲ စားစရာဝေငှတဲ့အဖွဲ့နဲ့သိလာတယ်။ မေမေ့ မွေးနေ့ရက်ဖြစ်တဲ့ ကြာသပတေးနေ့တိုင်းနဲ့ လူအလာများတဲ့ စနေနေ့တိုင်းမှာ ဒီမှာ စားစရာတစ်နပ်ဝေ တယ်။ ဒီနေ့ကတော့ ဆန်ပြုတ်တဲ့။ အရင်အပတ်တွေကတော့ ပေါင်မုန့်၊ကော်ဖီ၊ စွပ်ပြုတ်၊ ဟော့ဒေါ့၊ ခေါက်ဆွဲ.. အဲဒီလိုပေါ့။ ကိုယ်တို့ဆီက စတုဒီသာလိုမျိုးပါပဲ။ မေမေ့နာမည်နဲ့မို့လို့ ဒီပန်းတွေက မေမေ့ အတွက် လာထားပေးကြတာ”

ဝေယံ အသက်ရှူမှားသွားပြီတောင်ထင်မိ၏။ သားအရင်းဖြစ်သော ဝေယံထက်ပင် ထောင့်စေ့အောင် စီစဉ် ပေးထားသော ချမ်းငြိမ်းအေးဟန်ပါလား။

“မင်း ဘယ်တုန်းကစီစဉ်လိုက်တာလဲ”

“ကိုယ် နေမကောင်းမဖြစ်ခင်ကတည်းကပါ။ မင်းအလုပ်ရှုပ်နေတာနဲ့ရော မကြုံတာနဲ့ရော မပြောဖြစ်တာ”

“အား.. မင်း မကောင်းဘူး”

ဝေယံ မျက်ရည်များစီးကျလာကာ ဖက်လိုက်မည်လုပ်ပြီးမှ အိမ်ခြေမဲ့များကို သတိရကာ ပုခုံးကို ခပ်ဖွဖွ ကိုင်လိုက်ရသည်။

“မငိုနဲ့.. ကိုယ့်ဝေယံ ငိုဖို့ လုပ်ခဲ့တာမဟုတ်လို့”

ချမ်းငြိမ်းက အားလုံးရှေ့မှာပဲ မျက်ရည်များကိုလက်ချောင်းလေးဖြင့် ဖယ်ရှားပေး၏။

“သိပ်ရိုမန်တစ်ဆန်နေကြပါလားဟေ့။ သိပ်အားရင် ငါတို့ကိုလာကူကွာ။ လက်မလည်ဘူး။ ငါ အပူလောင် ထားတယ်”

ဆန်ပြုတ်ဝေနေသော လူကြီးတစ်ဦးကပြောတော့ ချမ်းငြိမ်းက အပြေးလေးသွားကူ၏။ ထိုလူကြီးက အေပရွန်ပေးလိုက်ပြီးနောက် ဝေယံ့အနားသို့ ရောက်လာကာ ဆေးလိပ်တစ်လိပ်ထုတ်သောက်သည်။

“အံ့သြနေတုန်းပဲလား ကောင်လေး”

ထိုလူကြီးက ဝေယံနှင့် ရန်ဖြစ်မတတ်ဖြစ်ခဲ့သော လူထွားကြီးပင်။ ယခုတော့ အဆင်ပြေနေပုံပါပဲ။

“ဒါတွေမသိခဲ့ဘူး”

“ကြာပြီ။ မင်းကောင်လေးက သိပ်တော်တယ်။ သူက ခေါင်းဆောင်နိုင်စွမ်းလည်း အပြည့်ရှိတယ်။ ငါတို့ နှစ်ယောက်ကို သီးသန့်လာရှာပြီး သူ့တက္ကသိုလ်ရဲ့ ပရောဂျက်တွေအတွက် လုံခြုံရေးလို နေရာတွေလိုရင် သွင်းပေးတယ်။ ငါတို့အခု အိမ်ခြေရာမဲ့မဟုတ်တော့ဘူး။ ငါတို့တိုက်တန်းလျားလေးတစ်ခုရှိပြီ။ ဟိုမှာရှိတဲ့

Sam ဆိုရင် မိန်းမနဲ့ပါ ပြန်အဆင်ပြေသွားပြီ။ ငါတို့ဘဝကို မင်းကောင်လေးက ပြောင်းလဲပေးခဲ့တာ။ သူ ပြန်တောင်းဆိုတာက တစ်ခုတည်း။ ဒီလိုစားစရာမျှဝေတာကို ကူညီပေးပါတဲ့။ ငါတို့ဘာလို့မလုပ်နိုင်ရမှာ လဲ။ စနေနေ့တွေဆိုရင် Sam မိန်းမပါပါတယ်။ ငါတို့လိုဘဝတူတွေကို ငါတို့က စားစရာမျှဝေရမှာ…။ မင်း နားလည်မှာတော့မဟုတ်ဘူး။ သိပ်အေးတဲ့နေ့တွေမှာ စွပ်ပြုတ်လေးတစ်ခွက်ကအရာရာပဲ။ သုခဘုံလိုပဲ။

မင်းကောင်လေးနဲ့အလုပ်တူတူတွဲလုပ်ရင်း ငါတို့အသိအမြင်ပိုကျယ်လာတယ်။ တစ်ချိန်က ငါတို့ ရိုင်းပျမိ တာအတွက် အလေးအနက်တောင်းပန်တယ် ကောင်လေးရေ”

ဝေယံ ရင်ထဲ တဒိန်းဒိန်းခုန်လာသည်။ လှမ်းကြည့်မိတော့ အပြုံးများနှင့် ချမ်းငြိမ်းအေးဟန်ဟာ မိုးနတ် ဒေဝါအလား။ မဖြစ်နိုင်တာတွေကိုပင် ဖြစ်အောင်လုပ်နိုင်သူပါလား။

“မင်းအမေက အလှူရှင်လို့ ငါတို့ကြားတယ်။ မင်းတစ်ရက်လောက် စနေနေ့မနက်လိုလာခဲ့ပါလား။ ဒီမှာ တိုက်တဲ့ ကော်ဖီပူပူကိုသောက်ပြီး ဆုတောင်းပေးကြတဲ့လူတွေရဲ့ဆုတောင်းကို မင်းကြားရင် ကြည်နူးမှာ”

“ကျွန်တော်ယုံပါတယ်… ကျွန်တော် ယုံတယ်”

ဝေယံ မျက်ရည်များစီးကျလာ၏။ ဆန်ပြုတ်များဝေငှပြီးသည်အထိ ချမ်းငြိမ်းကရှိနေခဲ့ပြီးနောက် Sam ကလည်း လာနှုတ်ဆက်ပါသည်။ ဝေယံ ကြည်နူးဂုဏ်ယူရသည့်အပြင် ချမ်းငြိမ်းကို ဖက်ထားချင်စိတ်သာ ရှိသည်။

“ဘာလို့ငိုတာလဲ။ ဒါကိုယ်ပေးနိုင်တဲ့လက်ဆောင်လေးဖြစ်ရုံပါ”

“လုံလောက်တာထက်ပိုတယ် ချမ်းငြိမ်းရာ။ ငါလည်း ပိုက်ဆံထပ်ဖြည့်မယ်။ ပိုပြီး ဝေငှကြစို့နော်”

“မင်း စိတ်ကလေး အဆင်ပြေရင်ကိုရပါတယ်”

ကားပေါ်ရောက်တော့ ချမ်းငြိမ်းကို ဝေယံ တင်းနေအောင်ဆွဲဖက်ထားလိုက်၏။ ပူရှိန်းနံ့ပျော့ပျော့ရှိသေး သော်လည်း ဤသည်က ချမ်းငြိမ်းဖြစ်နေ၍ကို ဝေယံ ချစ်သည်။ ငိုချင်သည်။

“ကျေးဇူးတင်ပါတယ် ချမ်းငြိမ်း။ တကယ်ပါ..ငါ… ဘယ်လိုပြန်ပေးဆပ်ရမလဲတောင်မသိတော့ဘူး”

“ကိုယ့်ကို မင်းချစ်ပေးနေပြီပဲလေ”

“ငါ.. မင်းကိုချစ်တယ်။ တကယ်.. ငါပြောလို့ရနိုင်သမျှနည်းလမ်းနဲ့ပြောပြချင်တယ်။ ငါ မင်းကိုသေအောင် ချစ်တယ်”

“ရှူး.. အဲဒီလိုမပြောပါနဲ့”

“ငါ မင်းဖို့လက်ဆောင်ပါတယ်။ မင်းပြင်ဆင်ပေးတာတွေလောက်မခမ်းနားပေမဲ့.. ဒီကမ္ဘာမှာ တစ်စုံတည်း ရှိတာ”

ချမ်းငြိမ်းသိချင်နေတော့ ဝေယံ အချိန်မဆိုင်းတော့ဘဲ ဘူးနှစ်ဘူး ထုတ်ပြလိုက်ပါသည်။ နာရီနှစ်လုံး။

အရောင်မတူညီသော လက်ပတ်နာရီနှစ်လုံးက တောက်ပနေ၏။

“လက်ပတ်နာရီလား.. ဈေးကြီးမှာပဲ ဝေယံ”

“တန်ဖိုးဖြတ်လို့တောင်မရဘူး။ ဒီထဲမှာ အာကာသထဲက အရာပါတယ်”

ချမ်းငြိမ်းက အံ့သြသွားပုံရ၏။ နာရီလေးကို သေချာဆွဲယူ၍ကြည့်နေသည်။

“အထဲမှာပါတဲ့ ကျောက်သားလေးကိုမြင်လား။ အဲဒါ ဥက္ကာပျံကရတဲ့အပိုင်းအစလေးပဲ။ ငါရတဲ့ ပရောဂျက် ကနေ Personal use အတွက်ဆိုပြီး အမှတ်တရရလာတာကို အသုံးပြုထားတာ။ ပြန်ရောင်းစားရင် ဈေး အများကြီးရတာပေါ့။ ဒါပေမဲ့ ငါ ဒါကို ငါတို့နှစ်ယောက်အတွက် အသုံးပြုဖို့ဆုံးဖြတ်ခဲ့တယ်”

“ဝေယံ.. မင်း အဲဒီလို Romantic ဖြစ်တတ်တာလား”

“အကောင်းဆုံးအပိုင်းကိုနားထောင်ဦး။ ဒီနာရီက အခုရပ်နေတာလေ… ဓာတ်ခဲမရှိလို့မဟုတ်ဘူး။ ငါပြ မယ်”

ဝေယံ ကားပေါ်မှဆင်းကာ တံခါးပိတ်လိုက်တော့ လက်ထဲမှနာရီက ပြန်လည်လာ၏။ ဝေယံ ပြန်ဝင်လာ တော့ ချမ်းငြိမ်းက အံ့သြနေဆဲ။

“အခု ပြန်ရပ်သွားပြီ။ တမင်လုပ်ထားတာလား”

“ငါ … အာ.. ငါတွေးတုန်းကအကောင်းပဲ။ အခုပြောရမှာရှက်ဖို့တော့ကောင်းတယ်။ ဘာဖြစ်ဖြစ်… ငါ မင်း နဲ့ရှိနေရင် အချိန်တွေရပ်ထားချင်တယ်။ ငါမင်းအနားမှာရှိနေရင် အချိန်တွေကိုမေ့ထားချင်တယ်။ အဲဒါ ကြောင့် မင်းနည်းနည်းအလုပ်ပိုရှုပ်ရမယ့် နာရီလေးတစ်ခုပေးတာ။ ငါနဲ့ရှိနေရင် မင်းနာရီကမလည်ဘူး။ ငါ ပြန်သွားရင်တော့ မင်းနာရီကပြန်လည်လာလိမ့်မယ်။ အဲဒီအခါကျပြန်တော့တိုက်ပေးပေါ့”

“မင်းရှိနေရင် ဘာဖြစ်လို့…”

“မင်းရည်းစားက Physicist ပါနော်။ ဥက္ကာခဲအစလေးဆိုပေမဲ့ သံလိုက်စွမ်းအားကိုသုံးပြီး နာရီစက်ကို ရပ်ထားတာ။ ငါတို့နာရီတွေအတူနီးကပ်နေရင် နာရီစက်ကအလုပ်မလုပ်ဘူး။ ငါတို့ဝေးနေရင်တော့ နာရီ စက်ကအလုပ်လုပ်လာလိမ့်မယ်။ ငါ.. မင်းနဲ့အတူရှိနေရင် အချိန်တွေကိုရပ်ထားချင်တယ်။ I don’t want time and space to interrupt us.”

“မင်းချစ်တတ်လိုက်တာ ဝေယံ။ ကိုယ် တကယ်… တန်ဖိုးထားပါမယ်။ ကိုယ့်ကိုဒီနာရီ ပတ်ပေးနိုင်မလား”

ဝေယံ မျက်ရည်စများဖြင့် ချမ်းငြိမ်းလက်ကိုဆွဲယူကာ နာရီပတ်ပေးလိုက်၏။ လက်တံများရပ်တံ့နေသော နာရီကိုကြည့်ရင်း ဝေယံ ငိုချလိုက်မိသည်။

“ငါဒီနေ့ မျက်ရည်တော်တော်လွယ်နေတယ်.. သည်းခံပေးဦး”

“ကိုယ်ရှိတယ်.. အချိန်နဲ့နေရာတောင် မရှိပေမဲ့ မင်းဘေးမှာကိုယ်ရှိနေတယ်”

ချမ်းငြိမ်းရဲ့ အနမ်းပင်လယ်ထဲ ဝေယံမျောသွားခဲ့ပြီ။ နာရီလေးက ရပ်တံ့နေမြဲ။

အချိန်တွေကို ရပ်တံ့ထားချင်ခဲ့တာ ဝေယံ့အမှားမဟုတ်ပါလေ။

==========================================================================

ဝေယံ တိုက်ခန်းသို့ပြန်ရောက်တော့ နာရီလေးကိုတစ်ချက်ကြည့်မိသေးသည်။ ည ၁၁ ကျော်ရုံပဲရှိဦးမည်။ လက်တံတွေလည်နေသော နာရီကိုပင် ဝေယံ ငြိုငြင်မိသွားသည်။ ချမ်းငြိမ်းနှင့်နီးမနေပါဟူသည့် အဓိပ္ပာယ်မဟုတ်လား။ ကိုယ်လက်သန့်စင်ပြီး ကွန်ပျူတာရှေ့ထိုင်မိတော့ မေးလ်တစ်စောင်ရောက်နှင့်နေ သည်။ ကြည်သာ့ထံမှပါလား။ မေးလ်ကိုမဖတ်ခင် ကြည်သာ့ profile ပုံကြောင့် ဝေယံ နည်းနည်း.. တစ်မျိုး ဖြစ်သွားရသည်။ ဘွဲ့ဝတ်စုံနှင့် ကြည်သာက ချမ်းငြိမ်းပါးကိုလှမ်းနမ်းနေသောပုံ။ အမြွှာမောင်နှမ…။ အင်း။

စာကိုဖတ်ကြည့်တော့ attachment အသံဖိုင်တစ်ခုပါပါသည်။

“ဝေယံ

နင်ပို့ပေးလိုက်တဲ့ Gift voucher ကိုငါရပါတယ်။ ငါအဲဒါနဲ့ မိုက်လေးတစ်ခုဝယ်ပြီး အသံသွင်းထားတာ နင် စမ်းနားထောင်ကြည့်ပါဦး။ ငါလည်း ကိုကို့လို အသံစာအုပ်တွေလုပ်ချင်လို့လေ။ နင့်ကို ငါပေးထားတဲ့ Beats နားကြပ်နဲ့နားထောင်နော်။ ငါတို့ပျော်ရွှင်ပါစေလို့ ငါဆုတောင်းပါတယ်။ နင့်ကို ကျေးဇူးတင်တယ်။

ခင်မင်စွာဖြင့်

ကြည်သာ”

ဝေယံ တစ်ချက်မဲ့လိုက်ပြီး နားကြပ်ရှာကာ အသံဖိုင်ကိုဖွင့်ကြည့်လိုက်၏။ ကြည်အေးစာအုပ် မှန်၏မှောင်ရိပ် ကိုဖတ်ပြထားသည်ပဲ။ ချမ်းငြိမ်းကတော့ ထိုစာအုပ်အကြောင်းမပြောဖူးပါ။

“မောင်လေးအခန်းကိုတော့ မသွားချင်။ မောင်လေးက မိဘမြှောက်စားလွန်း၍ တခါတရံ​ အင်မတန်ဆိုး တတ်တာ သတိရသည်။ ခိုင့်ကိုတော့ စောင့်ရှောက်တတ်၏။ ကျောင်းအတူတက်ကြလျှင် ကြောက်တတ် သည့်ခိုင့်ကို တခြားကလေးများမနှိပ်စက်အောင် ကာကွယ်တတ်၏။///မောင်လေးက အရပ်ရှည်ပြီး မြင့် တော့ ဘယ်သူကအကြီးလဲ ဟု မသိသူများကမေးလျှင် သိပ်သဘောကျတတ်၏။ မောင်လေးက ခိုင့်ထက် ပိုပြီး တောက်ပပြောင်လက်တတ်သူလည်းဖြစ်လေသည်။

မေမေက အမြွှာလိုပဲ လို့ ခဏခဏပြောတတ်သေး၏။ ပြီးတော့ ခိုင်နှင့်မောင်လေးကို ရေချိုးခန်းထဲက ကြွေရေဇလုံထဲမှာ အတူတူရေစိမ်ချိုးသည့် မွေးစအရွယ်ကစခဲ့သော ထုံးစံကို ဘယ်တော့ရပ်စဲရမယ်ဆို တာ တွေးမိပုံမရ။ ///ကြွေရေဇလုံထဲမှာ ကလေးငယ်လေးတွေမဟုတ်တော့ဘဲနဲ့ ရေချိုးခဲ့ကြတာ အသက်နှစ်စဉ်ကြီးလာသည်နှင့်အမျှ သိမြင်လာကာ တစ်ယောက်ကိုတစ်ယောက်ကိုင်တွယ်ကြည့်ပြီး ပထမတော့ အံ့သြ၊ နောက်တော့သာယာခဲ့ကြတာ….//”

ဝေယံ အလန့်တကြားဖြင့် နားကြပ်ကိုဆွဲဖြုတ်လိုက်၏။ ကြည်သာက ချမ်းငြိမ်းကဲ့သို့ မတည်ငြိမ်သည့် တိုင် ကြည်သာ့အသံသွေးအေးအေးထဲတွင် ကျေနပ်မှုနှင့် နာကျည်းမှုကို ဝေယံ ခံစားနေရသည်။

ဘုရားသခင်… အကယ်၍များ.. ကြည်သာက ချမ်းငြိမ်းကို ဝေယံ့လက်ထဲတွင် မထားလိုတော့လျှင် မည်သို့လုပ်ရ မည်နည်း။ ဤတိုက်ပွဲတွင် ဝေယံ မအောင်မြင်လောက်ပါလေ။

နာရီလက်တံတွေကိုရပ်တံ့ပစ်ချင်ပြီ။ ငါမင်းကို လိုအပ်တယ် ချမ်းငြိမ်း။

===========================================================================


Leave a comment