30 – Star Wars
(Star Wars (ကြယ်တာရာ စစ်ပွဲများ) သည် ဂျော့ဂျ် လူးကပ်စ် ဖန်တီးသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ဗဟိုပြုသည့် အလွန်အောင်မြင်သော အမေရိကန် အာကာသသိပ္ပံ စိတ်ကူးယဉ် ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သည်။)
ချမ်းငြိမ်း ထွက်လာမည်ကို ကျောင်းရှေ့မှာစောင့်နေရင်း ဝေယံ ရင်တုန်နေခဲ့သည်ကို ဝန်ခံရမည်။ ဝေယံ တစ်ညလုံး မအိပ်ခဲ့ရသလို အလုပ်တွင်လည်း အမှားများစွာလုပ်မိ၍ အဆူခံခဲ့ရသည်။ တနေကုန်လုံး ကော်ဖီတစ်ခွက်မှလွဲ၍ ဘာမှဝင်သေးသည်ဟုလည်းမထင်။ ချမ်းငြိမ်းကိုတွေ့ရဖို့ပဲစိတ်ကူးထဲရှိသည်။ သို့သော် ယနေ့မှလည်း ချမ်းငြိမ်းက ပို၍အလုပ်ရှုပ်နေသည်။ တခါက ချမ်းငြိမ်းပြောပြခဲ့ဖူးသော လျှပ်စစ် မီး ရရှိရေးအတွက် ဆီနိတ်တာများနှင့် တွေ့ဆုံရမည်ဖြစ်သောကြောင့် ဝေယံ့ ညနေတွေက အတိုင်းအဆ မဲ့ ရှည်ကြာနေသည်။ ဝေယံ ဆက်ပြီးတောင့်ခံနိုင်မည်မထင်..။ ချမ်းငြိမ်းကိုမမြင်ရမချင်း နားထဲမှာ ကြည်သာ၏ အေးစက်စက်အသံက ရိုက်ခတ်နေမည်ထင်၏။ ကြည်သာအေးမြကို ဖုန်းဆက်ပြီးတစ်ခုခု ပြောလိုက်ချင်သော်လည်း ကြည်သာဖြစ်စေချင်သလိုဖြစ်သွားမည်ကို ဝေယံ ကြောက်သည်။ ကြောက် သည် တဲ့လား..။ တစ်မိုးအောက်က ဝေယံခက ကြောက်လန့်နေသည်တဲ့လား။ ချမ်းငြိမ်းအေးဟန်နှင့်ပတ် သက်လျှင် ဝေယံကိုယ်တိုင်မသိရှိခဲ့သေးသော ခံစားချက်တွေလည်း ဖြစ်ပေါ်သွားနိုင်သည်ပဲ။ ဝေယံ နာရီ ကို ငုံ့ကြည့်မိသည်။ ညနေ ၆ နာရီထိုးပြီ။ ချမ်းငြိမ်းက ဘာဖြစ်လို့ ထွက်မလာသေးတာလဲ။ ဒီနာရီလက်တံ က ဘာဖြစ်လို့လည်နေတာလဲ။
စောင့်လက်စနှင့်တော့ ဝေယံ နောက်ထပ်မိနစ်များ ထပ်စောင့်ရဦးမည်ထင်သည်။ ဒါမှမဟုတ်.. ဝေယံက ဖုန်းဆက်လိုက်သင့်လား။ လျှပ်စစ်မီးမရသေးသော ကိုယ့်ဒေသက ကလေးငယ်များအကြောင်းတွေးမိသွား တော့ ဝေယံ စိတ်ရှုပ်ထွေးသွားသည်။ အတ္တမကြီးနဲ့ ဝေယံခ။
“ကိုယ့်ကိုစောင့်ရတာ စိတ်မရှည်ဖြစ်နေပြီလား”
စကားသံထွက်ပေါ်လာသည်နှင့်အတူ နာရီလက်တံက ရပ်တံ့သွားခဲ့ပြီ။ ၆ နာရီ ၂ မိနစ်။
“ချမ်းငြိမ်း..”
မျက်နှာချင်းဆိုင်လိုက်တော့ ချမ်းငြိမ်းမျက်နှာမှာ မျက်ခုံးလေးတန်းသွားသည်ထင်၏။
“မျက်နှာမလန်းနေဘူး ကိုယ့်ဝေယံ ဘာတွေဖြစ်လဲ”
“ငါ.. ငါစောင့်ရတာကြာနေပြီ”
“ကားထဲပဲသွားမလား။ ကိုယ်တို့ စကားသေချာပြောရမယ်လေ”
ဝေယံ ငြင်းပယ်မှုမလုပ်နိုင်ခင်မှာပဲ ချမ်းငြိမ်းက ဝေယံ့လက်ကိုဆွဲငင်ယူဆောင်သွားခဲ့သည်။ ချမ်းငြိမ်း လက်ဖျားတွေက အေးနေသည့်တိုင် လက်ဖဝါးပြင်က နွေးထွေးနေသားပါပဲ။ ဝေယံ့ ရင်ထဲမှ လှိုက်စားမှု လေး အနည်းငယ်သက်သာရာရသွားသလိုပင်။ ဝေယံ့ကို ဦးဆောင်ခေါ်သွားသည့် ချမ်းငြိမ်းကို နောက်မှ ငေးကြည့်ရင်း ဝမ်းနည်းလာခဲ့၏။ ချမ်းငြိမ်းက ကြည်သာအေးမြနှင့် ဝေယံခ ဆိုသည့် ရွေးချယ်မှုမှာ ဘယ် သူ့ကိုရွေးချယ်မှာပါလိမ့်။ ဝေယံ့ နားထဲမှာ ချမ်းငြိမ်းပြောပြဖူးသော အကြောင်းအရာတချို့က တစိမ့်စိမ့် ပြန်လျှံလာသည်။
‘ကိုယ် ကြည်သာ့ကိုစွန့်လွှတ်လိုက်ဖို့ မဖြစ်နိုင်ဘူးလေ’
ဝေယံ ရုတ်ခြည်း အသက်ရှူရခက်သွား၏။ တစ်ယောက်ယောက်ကို ရွေးချယ်ဖို့မလိုအပ်ပါဘဲ.. တစ်ယောက်ယောက်ကို စွန့်ပစ်ဖို့မဖြစ်နိုင်တာနဲ့တင် အဖြေထွက်သွားပြီမဟုတ်လား။ ဝေယံ လက်ကို ဆောင့်ရုန်းလိုက်ပြီး ခြေလှမ်းတွေကိုရပ်တံ့လိုက်မိသည်။
“ငါတို့…”
ဝေယံ လမ်းခွဲစကားကို မည်သို့ပြောထွက်မည်နည်း။ တွဲတုန်းကလည်း အလွယ်တကူလက်ခံခဲ့သော ချမ်းငြိမ်းသည် လမ်းခွဲစကားတွင်လည်း အလွယ်တကူခေါင်းညိတ်လိုက်မည်လား။
“ဝေယံ.. ကိုယ့်ကိုကြည့်။ ကိုယ်ရှိတယ်။ ကိုယ်ရှိတယ်နော်.. တစ်ခုခုဖြစ်နေတာကိုယ်သိတယ်”
ပုခုံးစွန်းနှစ်ဖက်ကို ကိုင်တွယ်ပြီး မျက်နှာချင်းဆိုင်ပြောလာသူက ဝေယံ့ ချစ်ရသူ။ သူမရှိလျှင် ဝေယံ ဆက် ပြီး ရပ်တည်ဖို့ခက်ခဲလိမ့်မည်။
“ငါ့ကို မထားခဲ့ပါနဲ့ ချမ်းငြိမ်း”
ထိုစကားကို ဝေယံ တိုးတိတ်စွာပြောမိသွားသည်။ နှုတ်ခမ်းမှထွက်သည်ဆိုရုံလေးဖြစ်သည့်တိုင် ချမ်းငြိမ်း ကြားနိုင်ပါသည်။ ချမ်းငြိမ်း လက်ဖျားတွေမှာ အားနည်းနည်းပိုပါလာသည်။
“ကိုယ့်ဝေယံ.. ကိုယ်ရှိတယ်။ ကိုယ့်ကိုယုံနော်”
ဝေယံ မည်သို့မျှမပြောနိုင်ခင်မှာပဲ ချမ်းငြိမ်းက ပလက်ဖောင်းပေါ်မှာပင် ဆွဲဖက်လိုက်၏။ ဝေယံ ငြင်းပယ် နိုင်ဖို့ ခွန်အားတစ်စုံတစ်ရာမရှိ။ အများပြည်သူတွေရှိနေလည်း ချစ်ရသူပုခုံးပေါ်တော့ မှီခွင့်ပြုကြပါဟုသာ ဝေယံ တိုးလျိုးတောင်းပန်ချင်သည်။
ဝေယံခက ချမ်းငြိမ်းအေးဟန် ရင်ခွင်နှင့်ဝေးလျှင် သေသွားနိုင်သောကြောင့်ပင်။
=============================================================================
ကြည်သာ့အတွက် ယနေ့ရာသီဥတုက သိပ်မဆိုး။ ပူရှိန်းကိုစားရင်း ကြည်သာ Lab Coat အိတ်ကပ်ထဲ လက်နှစ်ချောင်းလုံးထည့်ရင်း ခပ်မြူးမြူးဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။ လူးကတ်စ် နှင့်တွေ့တော့ လူးကတ်စ် က ရှောင်သွား၏။ ကြည်သာ ရယ်ချင်လှသည်။ လူးကတ်စ် က ကြည်သာဘွဲ့ယူ အခမ်းအနား ပြီး ကတည်းက ရှောင်နေသည်ပဲ။ မိန်းမနှစ်ယောက် နမ်းသည်ကို အင်မတန် စိတ်ဒဏ်ရာရသွားပုံ ပေါ်သည်။
အလကားလူ။ အမှန်တော့ ထိုကိစ္စက မေရီလန်း မှာခေါင်းစည်းသတင်းဖြစ်သွားပြီး မြန်မာအသိုင်းအဝိုင်း ကလည်း စိတ်ဝင်တစားစပ်စုကြသည်။ ကြည်သာ့ မေးလ်ထဲသို့ အင်တာဗျူးချင်သည့် ကျောင်းသူကလပ် များကလည်း ထုနှင့်ထေး စာပို့ကြသည်။ Lesbian ဘားများကလည်း ကြည်သာနှင့် ဆူဇန် ကို အထူး မန်ဘာအဖြစ် ဖိတ်ခေါ်ကြသည်။ တွေးလေ ရယ်ရလေပဲ။ အရယ်ရဆုံးကတော့ ကြည်သာတို့ဆေးရုံမှ ရှေး ရိုးစွဲလူကြီးများဖြစ်၏။ ကြည်သာ့ကိုကိုတောင် ဘာမှမပြောသည့်ကိစ္စကို မဆိုင်သည့်လူတွေဘာပြောပြော တော့ ကြည်သာ ဂရုမစိုက်ပါ။
တိုက်ရိုက်သက်ဆိုင်သည့် ဆူဇန်နှင့် ဆူဇန် မိဘများတွင်တော့ မတူညီသည့်အမြင်ရှိပုံရသည်။ ယခုပဲ ကြည့်။ ကြည်သာ့ဆီကို ခပ်နှေးနှေးကိုင်းကိုင်းနှင့်လျှောက်လာသည်က ဆူဇန် ဘရောင်း ၏ မွေးစားဖခင်ပဲ။
“သမီးကလေး.. ဦးတို့ စကားပြောဖို့ဖြစ်နိုင်မလား”
Child ဟုခေါ်လိုက်သံတွင် မေတ္တာ၏ကြည်လင်မှုကို ခံစားလိုက်ရသဖြင့် ကြည်သာ မငြင်းပယ်နိုင်ခဲ့။ အိတ်ကပ်ထဲမှ လက်နှစ်ဖက်ကို ထုတ်ကာ ယှက်လိုက်ရင်း ရိုရိုသေသေဖြင့် ထိုလူကြီးနောက်ကိုလိုက်လာ ခဲ့ရသည်။ ဆေးရုံပန်းခြံထဲသို့ရောက်တော့ လူကြီးက ထိုင်ပြီး ကြည်သာ့ကိုပြုံးပြသည်။
“အလုပ်များနေလား သမီး”
“အခုက နားချိန်ပါ။ ကြိုက်သလောက်အချိန်ယူလို့ရပါတယ် ဦး”
“အေးကွာ။ ဘာပြောရမလဲဆိုတာ ဒီတစ်လမ်းလုံးစဉ်းစားနေခဲ့တယ်။ ဦး ပွင့်ပွင့်လင်းလင်းပဲပြောရမလား သမီးလေး”
ကြည်သာ အသက်ရှူအောင့်ထားရင်း “ဟုတ်ကဲ့ ပြောပါရှင်” ဟု ဖြေလိုက်ရသော်လည်း စိတ်ထဲ ကြောက် လာသလိုပင်။ ကြည်သာ ဘာကိုကြောက်ပါလိမ့်။ အို.. ကြည်သာ ဘာကိုကြောက်ကြောက်.. ကြည်သာ့မှာ ချမ်းငြိမ်းရှိတာပဲ။ ဤကိစ္စအဆင်မပြေလည်း ချမ်းငြိမ်းကိုဖုန်းဆက်ပြောလိုက်လို့ရတာပဲ။
“ဆူဇန် ကိုနှင်းမုန်တိုင်းထဲမှာ ရှာတွေ့တုန်းက အသက်ယဲ့ယဲ့ပဲကျန်တာ။ ဆူဇန် ဘာဖြစ်လို့မသေလဲသိ လား”
“ဦး ကယ်တင်ပေးခဲ့တာလို့ သူပြောဖူးပါတယ်”
“မဟုတ်ဘူး သမီး။ သူ့ညီမ စန်ဒရာ ကအဆက်မပြတ်ငိုကြွေးရင်း ဆူဇန် ကိုလက်သီးဆုပ်လေးနဲ့ထုနေခဲ့ လို့ ဆူဇန် ရှင်ခဲ့တာ။ ပြီးတော့ အဲဒီငိုသံကြောင့်ပဲ ဦးကတွေ့ရှိနိုင်ခဲ့တာ”
စန်ဒရာ ဘရောင်း ဆိုသည့်မိန်းကလေးကို ကြည်သာ အတော်စိတ်ဝင်စားပါသည်။ သို့သော် ဆူဇန် မဟုတ် သော တခြားတစ်စုံတစ်ဦးထံမှ ထိုနာမည်ကိုကြားရသည်က စိတ်ဖိစီးစရာကောင်းလှ၏။
“ စန်ဒရာ နဲ့ ဆူဇန် က အမြွှာဆိုပေမဲ့ ရုပ်ရည်ကလွဲရင် ဘာမှတူညီခြင်းမရှိဘူး။ ဆူဇန် က ဘုရားသခင် ကောင်းချီးနဲ့ တမန်တော်တွေမြှောက်စားတဲ့ကလေးဖြစ်ပြီး စန်ဒရာ ကတော့ စေတန်ရဲ့ကလေးလိုပါပဲ။ စန်ဒရာ က သူ့အစ်မကို ချစ်တယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲကိုချစ်ခဲ့လေရဲ့။ စန်ဒရာ က ဦးတို့ကို ကျေးဇူး မတင်နိုင်တော့တဲ့အထိပေါ့။ လူမည်းတွေက မွေးစားခဲ့တာထက် သေလိုက်ရတာက ကောင်းဦးမယ်လို့ ပြောလာခဲ့တယ်”
ကြည်သာ စိတ်မသက်မသာဖြစ်သွားသည်။ အကြောင်းအရာထက် ထိုလူကြီးကို မနှစ်သိမ့်တတ်၍ပင်။ ကြည်သာ နှစ်သိမ့်တာမတော်ပါလေ။ ချမ်းငြိမ်းဆိုလျှင်တော့ ထိုလူကြီးကို ဖေးမနှစ်သိမ့်ပေးနိုင်မည်ထင် သည်။ ကြည်သာကတော့ “အို” ဟုသာ အာမေဋိတ်ပြုနိုင်ပါသည်။
“ စန်ဒရာ က ပုန်ကန်ချင်သူဖြစ်လာတယ်။ သမ္မာကျမ်းစာကို သူလိုတာပဲ ကွက်ဖတ်ပြီး ကွက်ယူတယ်။ ဒီ လောကမှာ သွေးသားရင်းလောက် နီးကပ်နိုင်တာမရှိဘူးလို့ သူကယုံတယ်။ ဆူဇန် အတွက်တော့ စန်ဒရာ က ကြောက်စရာနတ်ဆိုးမလေးပဲ။ စန်ဒရာ ပေးခဲ့တဲ့ဒဏ်ရာတွေက ဆူဇန် မှာမနည်းဘူးကွယ်”
“ဆူဇန် အတွက် သမီးစိတ်မကောင်းပါဘူး”
“သမီးက ထက်မြက်တဲ့ကောင်မလေးပဲကွယ်။ ဆူဇန် ကို ဒဏ်ရာထပ်မပေးပါနဲ့လား”
ကြည်သာ ရင်နင့်သွား၏။
“ဘွဲ့ယူတဲ့အခမ်းအနားတုန်းက တကယ်ကို..”
“ချစ်ခြင်းမေတ္တာဟာ လုပ်ယူဖို့မဖြစ်နိုင်ဘူး။ သမီးစိတ်ဟာ တခြားမှာရှိရက်နဲ့ ဘာဖြစ်လို့ ဆူဇန် အပေါ် ပုံချသလဲကွယ်။ ဆူဇန် ငိုကြွေးနေတယ်။ နေ့တိုင်းညတိုင်း… သူအလုပ်မသွားနိုင်အောင်ငိုနေတယ်”
ကြည်သာ တိတ်ဆိတ်နေလိုက်ရ၏။ ကြည်သာ့ကို ဆူဇန် ဖုန်းမခေါ်လာခြင်းအတွက်မူ စိတ်ကောက်နေ သည်ဟုသာ ထင်မှတ်ခဲ့သော်လည်း ငိုကြွေးနေခဲ့သည်တဲ့လား။ ကြည်သာဟာ မကောင်းတဲ့လူလား။
“ဆူဇန် ချစ်တဲ့သူဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်းကို ဦးတို့မှာတားပိုင်ခွင့်မရှိပါဘူး။ စန်ဒရာ ဖော်ပြဖူးတဲ့ အချစ်တွေနဲ့တင် ဦးတို့ လက်ခံတတ်ဖို့သင်ယူခဲ့ပြီးသားပါ။ ဒါပေမဲ့ ဆူဇန်ဟာ သူ့ကိုချစ်တဲ့လူ နဲ့ပဲ ထိုက်တန်ပါတယ်။ ဦးကို စိတ်ဆိုးပစ်ပါ။ ဒါပေမဲ့ ဆူဇန် ကို ထပ်ပြီး မနာကျင်ခိုင်းပါနဲ့တော့”
ကြည်သာ မျက်ရည်များစီးကျလာကာ ခုံတန်းနောက်သို့မှီလိုက်ရ၏။ လူကြီးက ကြင်နာစွာဖြင့် လက်ကိုင်ပုဝါတစ်ထည်ထုတ်ပေးပြီး ပုခုံးလေးကိုပုတ်ကာ နေရာမှ ကိုင်းကိုင်းကိုင်းကိုင်းဖြင့်ထွက်သွားပြီ။
ဆူဇန် ဘရောင်း ကို ကြည်သာ နာကျင်ခိုင်းဖို့မရည်ရွယ်ခဲ့ပါလေ။ ကြည်သာ လည်ပင်းထက်မှ ကြာပန်း လေးကိုဖိထားမိသည်။
ကိုကို….။ ကြည်သာ့ကို ကိုကိုရော ချစ်နိုင်ပါ့မလား။ နတ်ဆိုးမကလေးကို ကိုကိုချစ်နိုင်လို့လားကွယ်။ ကိုကို ချစ်တာဝေယံမဟုတ်လား။
=======================================================================
ချမ်းငြိမ်းခေါ်ဆောင်သွားသည့်နေရာက မိုးမျှော်အဆောက်အဦးများနှင့် ဝေးသော ဆင်ခြေဖုံးရပ်ကွက်မှ တောင်ကုန်းငယ်လေးဖြစ်သည်။ ကောင်းကင်ပြင်တွင် အလင်းရောင်ပြန်များကိုရှောင်၍ လွတ်လပ်စွာ ကြယ်ငေး၍ရသော နေရာ။ လမ်းတစ်လျှောက်လုံး ဝေယံ တိတ်ဆိတ်နေခဲ့မိသည်။ ချမ်းငြိမ်းကပဲ ကား မောင်းပြီး စကားပြောပေးနေသော်လည်း ဝေယံ ပြန်မပြောမိပါ။ ကောင်းကင်ပြင်မှ ကြယ်များကိုတွေ့ရမှ အနည်းငယ် စိတ်ကလေး လွတ်လပ်လာ၏။
“ဝေယံ.. ကိုယ့်ကိုပြောပြလို့ရပြီလား။ ဒီနေ့ဘာတွေဖြစ်ခဲ့လဲ”
ချမ်းငြိမ်းက Green Tea တစ်ဘူးကို လက်ထဲထည့်လာပေးရင်း နူးနူးညံ့ညံ့မေးသည်။ ထိုလက်ကိုလည်း ချမ်းငြိမ်းက လက်အစုံဖြင့် အုပ်ကိုင်ထားပေးသေးသည်။ ထိုခဏမှာတော့ ဝေယံစိတ်ငြိမ်သက်လာနိုင်၏။
“ငါ… စာအုပ်တစ်အုပ်အကြောင်းသိချင်တယ်။ မြန်မာစာအုပ်။ မင်းဖတ်ပြနေကြ ဆရာမ ကြည်အေး ရေးတဲ့ စာအုပ်”
ချမ်းငြိမ်း မျက်နှာက အနည်းငယ်အံ့သြနေရုံမှအပ တည်ငြိမ်ဆဲ။ စိုးရိမ်သည့်အငွေ့လေးတွေတော့တွေ့၏။
“မြန်မာစာအုပ်အကြောင်းသိချင်တာလား။ ကိုယ် ဖတ်ဖူးတာဆိုရင် ပြောပြပေးမှာပေါ့။ ကိုယ်မဖတ်ရသေး ရင်လည်း ရှာဖတ်ကြည့်ပြီး ပြောပြမယ်နော်။ ဘယ်စာအုပ်လဲ ကိုယ့်ဝေယံ”
ဝေယံ Green Tea အဖုံးကို အတင်းညှစ်ထားရင်း ဖြေလိုက်မိသည်။
“မှန်ရဲ့မှောင်ရိပ်”
ချမ်းငြိမ်း မျက်နှာကို ငေးကြည့်ခဲ့ပြီး မျက်နှာအလှုပ်အခတ်တိုင်းကို စွဲလမ်းခဲ့ရသူဖြစ်၍ ချမ်းငြိမ်း မျက်နှာ ပြောင်းလဲသွားသည်ကို ရင်နာစွာနှင့်သိနေရပါသည်။
“အဲဒီစာအုပ်က မင်းနဲ့ ဘယ်လိုဆက်စပ်မိသွားလဲတော့မသိပေမဲ့ ကိုယ်ဖတ်ဖူးပါတယ်။ သိပ်လှတဲ့ အချစ် ဇာတ်လမ်းပဲ။ အဲဒီထဲမှာ မိဘအုပ်ထိန်းပုံတွေအကြောင်းရော၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ဒဏ်ရာကို ကုစားနိုင် လာတာရော ပါတယ်”
“မင်းမလိမ်တတ်ဘူးဆို ချမ်းငြိမ်း”
“ကိုယ်လိမ်နေတယ်လို့ မင်းထင်နေတာလား ဝေယံ။ မင်းသိချင်တာက ခိုင့်ငယ်ဘဝက စိတ်ဒဏ်ရာအပိုင်း လေးပဲဆိုရင် ကိုယ့်ကိုတန်းမေးလို့ရပါတယ်။ ကိုယ်ကတော့ ဇာတ်လမ်းရဲ့အဓိကအကြောင်းအရာကို ပြော ပြနေတာပါ။ မင်း.. ကိုယ့်ကို မယုံဘူးလားဟင်”
“ငါ့ကို ကြည်သာက အဲဒီစာအုပ်ပို့လာခဲ့တယ်။ မင်းစဉ်းစားကြည့်။ ကြည်သာက ဘာဖြစ်ချင်နေတာလဲ။ ငါ ရူးတော့မယ်.. ငါ မင်းတို့မောင်နှမကြောင့် ရူးတော့မယ်လို့”
“ကိုယ်တောင်းပန်ပါတယ်။ ကြည်သာ့အစားလည်း ကိုယ်အလေးအနက်တောင်းပန်တယ်”
ချမ်းငြိမ်းက ဝေယံ့လက်ကို တင်းနေအောင်ဆုပ်ပြီးပြောတော့ ဝေယံ ခေါင်းခါလိုက်မိသည်။
“မင်းတောင်းပန်တာကိုလိုချင်တာမဟုတ်ဘူး။ မင်းတို့ငယ်ဘဝမှာ ဘာတွေဖြစ်ခဲ့လဲ။ မင်းနဲ့ကြည်သာက သာမန်အမြွှာမဟုတ်တာ ငါသိတယ်။ ကြည်သာ ဘာဖြစ်ချင်တာလဲ”
ချမ်းငြိမ်း မျက်နှာမှာ နာကျင်မှုတွေပြည့်လာတော့ ဝေယံ ဆက်မကြည့်နိုင်။ ဝေယံကားပေါ်မှဆင်းလိုက် တော့ ချမ်းငြိမ်းက လိုက်ဆင်းလာသည်။
“ကိုယ့်ညီမလေးမှာ ကိုယ်ကလွဲပြီး တခြားဘာမှမရှိဘူး ဝေယံ။ အဲဒါကြောင့် သူ့စွဲလမ်းမှုက တစ်မျိုး ထင်ချင်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့.. ကိုယ်တို့ကြားက မေတ္တာက ဖြူစင်ပါတယ်”
ချမ်းငြိမ်းအသံမှာ ပကတိတည်ငြိမ်မှုတို့ပျောက်ဆုံးနေသည်ဟု ဝေယံ ထင်မိ၏။ ထို့အတွက်လည်း ပိုစိတ် နာရသည်။
“ဘယ်မောင်နှမက မင်းတို့လိုနေလို့လဲ။ မင်းအတွက်ရော.. သူ့အတွက်တခြားဘယ်သူမှမရှိပေမဲ့ မင်းဘေး မှာ ငါရှိနေပြီလေ။ ငါရှိနေပြီလို့”
“ဝေယံ… ကိုယ်သိပါတယ်။ ကိုယ်သိတယ်နော်။ စိတ်ကိုခဏလေးလျှော့ထား။ ကိုယ့်ကိုကြည့်။ ကိုယ့်ကို တည့်တည့်ကြည့်”
ပုခုံးနှစ်ဖက်ကို ကိုင်ထားလျှက်ဖြင့် အမိန့်သံဆန်သော တောင်းဆိုမှုအောက်မှ ဝေယံ ရုန်းထွက်ဖို့ခက်ခဲပါ သည်။ ဝေယံ အသက်ကို အငမ်းမရရှူရင်း ချမ်းငြိမ်း မျက်ဝန်းနက်များကို ရင်ဆိုင်လိုက်၏။ ထိုမျက်ဝန်း နက်များက ကန်ရေပြင်လိုတည်ငြိမ်သည်။ နက်ရှိုင်းသည်။ မှန်းဆမရသော ပဟေဠိများဖြင့်ပြည့်နေသည်။
သို့သော် သေချာသည်တစ်ခုက ဝေယံ့စိတ်အတောမသတ်ပူလောင်မှုကို အရှိန်လျော့ကျသွားစေ၏။
“ကိုယ်နဲ့အတူတူ အသက်လိုက်ရှူကြည့်နော်။ ၁…၂… ကိုယ့်ကိုပဲကြည့် ဝေယံ”
ချမ်းငြိမ်းကြောင့် ဝေယံသည် ငြို့ခံထားရသူပမာ ခံစားလိုက်ရ၏။ မြွေအလမ္ပာယ်ဆရာ၏ ညွှန်ကြားမှုတွင် ပါးပျဉ်းဝပ်သွားရသော မြွေတစ်ကောင်ကဲ့သို့ ဝေယံ ငြိမ်သက်သွားရသည်။
“ကိုယ်ပြောပြတာကို ခဏလေးနားထောင်ပေးမယ်မလား ဝေယံ”
ဝေယံ ဘာမှမတုံ့ပြန်မိဘဲ ချမ်းငြိမ်းမျက်နှာကိုပဲ ငေးကြည့်နေမိသည်။ ဒီနှုတ်ခမ်းတွေထက်က ဘယ်လို စကားတွေထွက်လာလေမလဲ။ ဝေယံ ကြားချင်သော စကားလုံးများသာဖြစ်ပါစေ။
“ပထမဆုံးအနေနဲ့ရော.. အရေးကြီးဆုံးအရာကိုရော ကိုယ်ပြောမယ် ဝေယံ။ ကိုယ် မင်းကို လက်လွှတ်ဖို့ တွဲခဲ့တာမဟုတ်ဘူး။ ကိုယ်ပြောခဲ့ဖူးပါတယ်.. ကိုယ် ရယူပိုင်ဆိုင်ချင်တဲ့ အတ္တနဲ့ ချစ်ခဲ့တာက ဒီကမ္ဘာမှာ မင်းတစ်ယောက်ပဲရှိတယ်။ ကိုယ်… မင်းကို ထားခဲ့မှာမဟုတ်ဘူး”
ထိုစကားအတွက် ဝေယံ စိတ်မပျော်နိုင်တော့ပါပေ။
“ကြည်သာ့ကိုရော.. ကြည်သာအေးမြကိုရော။ မင်းမထားခဲ့နိုင်ဘူးမဟုတ်လား”
ချမ်းငြိမ်းမျက်နှာက ထိုအပြောင်းအလဲများကို ဝေယံ နားလည်နိုင်စွမ်းမရှိပါ။
“ကိုယ့်မှာ ကြည်သာ့ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်ရှိတယ် ဝေယံ။ ကိုယ့်ကိုယ်ကိုယ် ပထမဆုံး ပေးခဲ့တဲ့ ကတိက ကြည်သာ့ကို ကာကွယ်ဖို့ပဲ။ ကိုယ် သူ့ကို မထားခဲ့နိုင်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ မင်းစိတ်ပူနေတဲ့ကိစ္စမျိုးရှိလာမှာမဟုတ်ဘူး။ ကိုယ့်ကိုယုံ။ ကြည်သာ့စွဲလမ်းမှုကို မင်းနားလည်ဖို့ မလွယ်မှာ ကိုယ်သိပါတယ်။ ကြည်သာက မင်းကို မရှုံးချင်ရုံပါ။ ကြည်သာ့ကလေးဆန်မှုအတွက် ကိုယ် တောင်းပန်ပါတယ်”
“ဘာဖြစ်လို့လဲ။ မင်းနဲ့ ကြည်သာက အမြွှာတွေပဲလေ။ မင်းကတောင် အရာအားလုံးဆုံးရှုံးခဲ့ရတာ။ သူ့ကို ဘာထပ်ပြီး စောင့်ရှောက်စရာရှိမှာလဲ။ ချမ်းငြိမ်း.. တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
“ကိုယ်ရရှိခဲ့တာတွေအတွက် ဘယ်သူ့ကိုမှဘယ်အရာကိုမှအပြစ်မတင်မိဖို့ ကိုယ်ကြိုးစားခဲ့တယ်။ ကိုယ် အဆင်သင့်ဖြစ်တဲ့တစ်နေ့မှာတော့ မင်းက ပထမဆုံး သိရသူဖြစ်လာမှာပါ”
ဝေယံ ခေါင်းခါလိုက်မိသည်။ ထိုကိစ္စများမရှင်းလင်းမချင်း ဝေယံ မည်သို့မျှ နေနိုင်မည်မဟုတ်။
“ချမ်းငြိမ်းအေးဟန်… ငါလေ.. မင်းကို သေလောက်အောင်ချစ်တယ်သိလား။ ဒါပေမဲ့ ငါဒီလိုအခြေအနေမှာ ဘယ်လိုမှမနေနိုင်ဘူး”
“ဝေယံ..”
“ငါတို့ အချိန်ခဏယူကြရအောင်”
“ကိုယ်မရလောက်ဘူး..”
“မင်းမရတာမရှိပါဘူး။ ငါတောင် ရအောင်နေမှာပဲမို့။ ငါ့ကိုစိတ်မပူနဲ့။ ငါ တစ်ယောက်တည်းနေဖို့ လိုအပ် နေတယ်။ မင်း ငါ့အိမ်ကိုလည်းလာစရာမလိုဘူး”
“ကိုယ်မှမနေနိုင်တာ ကိုယ့်ဝေယံရယ်”
ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းက လက်တစ်ဖက်နှင့် နောက်မှဖက်တွယ်လာ၏။ ဝေယံ မျက်ရည်တွေဖြင့် ဝေ ဝါးလာသည်။
“ငါ့ရဲ့ခံနိုင်ရည်ပမာဏက ဒါအကုန်ပဲ ချမ်းငြိမ်း။ မင်းငါ့ကို ချစ်တယ်ဆိုတာ သေချာပြီဆိုရင်.. မင်းငါ့ကို တကယ်ချစ်တယ်လို့ ငါခံစားရရင် ပြန်လာခဲ့မယ်။ အဲဒီမတိုင်ခင်အထိတော့ ခဏလောက် ဝေးကြစို့”
ဝေယံ့စကားအဆုံးမှာတော့ ချမ်းငြိမ်းက လက်လွှတ်ပေးလိုက်ပါတော့သည်။ ဝေယံသိပါသည်။ ချမ်းငြိမ်း
ထပ်ပြီးဆွဲထားတော့မှာမဟုတ်။ ကားပေါ်ပြန်တက်ကာ ကားစက်နှိုးရင်း မောင်းထွက်လာခဲ့သည်။ ရင်ဘတ်ကြီးတစ်ခုလုံး စုတ်ပြတ်နေပြီထင်၏။ နာရီလက်တံက တချောက်ချောက်ပြန်လည်လာသည်။ ၆ နာရီ ၃ မိနစ်…။ ငါမင်းကိုလွမ်းတယ် ချမ်းငြိမ်း။
======================================================================
ကြည်သာ ရင်ထဲတစ်မျိုးကြီးဖြစ်နေသည်။ ဘာဖြစ်တာပါလိမ့်။ ဆူဇန် မွေးစားဖခင်သည် ကြည်သာ့ကို ထူးဆန်းသော ခံစားမှုမျိုးပြန်ရစေသည်။ ဘာပါလိမ့်။ ဖခင်မေတ္တာ…။ တွေးလိုက်သည်နှင့် ကြည်သာ ခေါင်းကိုက်လာသည်။ ပါရာစီတမောတစ်လုံးသောက်ရင်း ကြည်သာ့အတွေးထဲ ရိပ်ခနဲပေါ်ပေါ်လာတတ် သည့် ဖေဖေ့ပုံရိပ်ကို စဉ်းစားနေမိ၏။ ဖေဖေ..။ ကြည်သာ မေ့ထားခဲ့သောလူများထဲမှတစ်ယောက်။ ဖေဖေ့ ကို ကြည်သာ ချစ်သလား။
ချမ်းငြိမ်းထံမှ ဖုန်းဝင်လာတော့ ကြည်သာ့ရင်ထဲ တိမ်တွေပြိုသွား၏။
“ကိုကို…”
“ညီမလေး… ကိုယ်တို့စကားပြောကြရအောင်။ Facetime ဖွင့်လို့အဆင်ပြေမလား”
ချမ်းငြိမ်းအသံက တခါမှ ဒီလောက်ကွဲအက်နေခြင်းမရှိခဲ့။ ကြည်သာ ကျောထဲစိမ့်သွားအောင်ထိ ကြောက် သွားမိသည်။ အမှားလုပ်မိထားသူကိုး။
“ပြေပါတယ်.. ငါ အခုဖွင့်လိုက်မယ်နော်”
Video ဖွင့်လိုက်တော့ ကြည်သာ လန့်သွား၏။ စခရင်ကို လက်နှင့် အလန့်တကြားထိရင်း အလောတကြီး မေးမိသည်။
“ကိုကို.. နင်.. နင်ငိုထားတာလား။ ဟုတ်လား.. ဘာဖြစ်တာလဲ။ ဝေယံခကြောင့်လား။ ငါ..”
“ကိုယ်.. သိပ်ပင်ပန်းနေပြီ ညီမလေးရယ်”
ကျောက်တိုင်ကဲ့သို့ ထာဝရ တည်တံ့နေမည်ထင်ရသော ချမ်းငြိမ်းအေးဟန်၏ ပြိုလဲနေမှုကို မြင်ရသော အခါ ကြည်သာ ရူးသွားတော့မည်ထင်သည်။ နှလုံးကို ဓားနှင့်ထိုးစိုက်သလို နာကျင်လာရ၏။
“ကိုကို.. ငါ.. ငါတောင်းပန်ပါတယ်။ ငါ ဝေယံ့ကို မုန်းမိလို့ အဲဒီစာအုပ်တမင်ပို့လိုက်တာပါ။ ဒါပေမဲ့လေ.. ငါ မှားတယ်လို့ ငါသိပါတယ်။ ငါ့အမှားမို့လို့နင်က .. နင်က ဘာမှမဖြစ်လိုက်ပါနဲ့”
“ဝေယံ့မှာ ကိုယ့်ကိုချစ်မိတဲ့အပြစ်ပဲရှိတာပါ ညီမလေးရယ်”
“နင် အဲဒီလို သူ့ကိုကာကွယ်နေလေ ငါပိုမုန်းလေပဲ ကိုကိုရယ်”
ကြည်သာ ခံနိုင်ရည်အားတို့ ကျိုးပဲ့သွားပြီး ရှိုက်ကြီးတင်ငိုချလိုက်မိသည်။
“ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ငါက ဝေယံခကို နိုင်လို့မရတာလဲ။ သူ့အတွက် ဆုလာဘ်က နင်ဖြစ်နေလို့ကို ငါ ပိုမုန်းတာ။ သူ့ဆုတံဆိပ်က ချမ်းငြိမ်းအေးဟန်ဖြစ်မနေရင် ငါသူ့ကို မုဒိတာပွားဖို့ကြိုးစားမိမှာ ကိုကို။ အခုတော့ ငါသူ့ကိုမုန်းတယ်”
“ကြည်သာ… ကိုယ်က တက္ကသိုလ်မှာရော ကိုယ့်စာအုပ်တွေမှာရော အရှေ့တိုင်းအတွေးအခေါ်ရဲ့ကျောရိုး ဖြစ်တဲ့ မေတ္တာတရားအကြောင်းပြောပြနေခဲ့ပေမဲ့ ကိုယ့်ညီမလေးကတော့ အမုန်းဆိုတာကိုပဲ တွင်တွင် ပြောနေခဲ့တယ်။ ကိုယ်ညံ့သေးတာပဲ”
“မဟုတ်.. ကိုကို.. နင်ငါ့ကို အဲဒီလိုချောင်မပိတ်ပါနဲ့”
“ကိုယ်ချောင်ပိတ်တာမဟုတ်ပါဘူး။ ညီမလေးက ကိုယ့်ရဲ့တစ်ဝက်လေ။ ကိုယ်ဖတ်ပြဖူးတဲ့ ဆရာ တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ကို ကြည်သာမှတ်မိလား။ ကိုယ်ရေးမှတ်တမ်း တဲ့”
ကြည်သာ၏ကောင်းလှပါသည်ဆိုသော ဦးနှောက်က ထိုကဗျာကို ရုတ်တရက်မှတ်မိဖို့ခက်ခဲပါသည်။ ချမ်းငြိမ်းက စာသားကိုစတင်ရွတ်ဆိုပေးမှ ကြည်သာ သိတော့၏။
“ဓားရှည်တစ်လက်နဲ့အတူ ဗျပ်စောင်းတစ်လက်ကိုပါ လွယ်ခဲ့မိတာ ငါမှားသွားတယ်…”
“ကိုကိုရယ်.. နင့်အတွက် ငါဟာ အမြဲတမ်း မာန်နတ်တစ်ပိုင်း ဖြစ်နေဦးမှာပါ”
“အဲဒါက ပြဿနာပဲ ညီမလေး။ ကိုယ်က သိပ်ပြီး သူတော်စင်ဆန်ချင်ခဲ့လို့ ညီမလေးက အမုန်းတရား တွေ ပြည့်သွားတာလားလို့ ကိုယ်တွေးနေမိတယ်”
ချမ်းငြိမ်းအသံက ပထမဆုံးအကြိမ်အဖြစ် တုန်လှိုက်နေခဲ့၏။
“ကိုယ်အရာအားလုံးကို စွန့်လွှတ်နိုင်ပေမဲ့.. ဝေယံတော့ မပါဘူး ကြည်သာ။ ဝေယံက ကိုယ့်ရဲ့ ဝှက်ထားတဲ့ ကောင်းကင်*၊ ကိုယ့်ကမ္ဘာရဲ့ ဝှက်ထားတဲ့ လမင်း**ပဲ။ ကိုယ်သူ့ကို ချစ်ချင်တယ် ကြည်သာ။ ကိုယ် သာမန် လူတစ်ယောက်အနေနဲ့ ခွင့်တောင်းတာပါ”
(* – BigBag သီချင်းအမည်။ ** – တာရာမင်းဝေ ကဗျာစာသား)
ကြည်သာ မျက်ရည်များအတောမသတ်စီးကျလာ၏။
“ငါ ဝေယံ့ကိုတောင်းပန်လိုက်ပါမယ် ကိုကို”
“မလိုဘူး ကြည်သာ အဲဒီလောက် စိတ်အနာကျင်ခံဖို့မလိုအပ်ပါဘူး။ တောင်းပန်တဲ့ကိစ္စကို ကိုယ်လုပ်နိုင် တယ်။ ကြည်သာလုပ်ရမှာက…”
“ငါဘာလုပ်ရမလဲ ချမ်းငြိမ်း”
“ကြည်သာအေးမြပေးဖို့ပါပဲ”
ကြည်သာ ဖုန်းချပစ်ပြီး အသံထွက်ကာ အော်ငိုပစ်လိုက်မိသည်။ တစ်သက်လုံး ဓားရှည်ကိုင်ခဲ့သူဖြစ်၍ ဤတခါတော့ ကြည်သာ ဗျပ်စောင်းပြောင်းကိုင်ရတော့မည်ထင်ပါသည်။ ငိုကြွေးနေတုန်း ခေါင်းထဲတရိပ် ရိပ်ပေါ်လာသည်က ကြည်သာ ငယ်စဉ် က ချမ်းငြိမ်းကိုခွင့်မပေးခဲ့သည့်အဖြစ်များ။ မီးကြိုးများ ပြင်နေ သည်ကိုသိလျှက် ချမ်းငြိမ်း မီးကြိုးကိုင်ထားစဉ် မိန်းပလပ်ခုံကို တင်ခဲ့သော ကြည်သာ…။ ချမ်းငြိမ်း ရေချိုးနေလျှင် အပြင်မှ သော့ခတ်ပစ်တတ်သော ကြည်သာ။ ထို့နောက်…. ဖေဖေ့ကိုသွား၍ ချမ်းငြိမ်းက ကြည်သာ့ကိုရိုက်ပါသည်ဟု ချောက်တွန်းတတ်ခဲ့သော ကြည်သာ။
ကြည်သာ အသက်ရှူမဝဖြစ်လာသည်။ ဒါတွေက တကယ်လား။ ကြည်သာ့စိတ်သောကတွေထဲက လုပ်ကြံဖန်တီးမှုတွေလား။ ဖေဖေ.. ဖေဖေက ဘာဖြစ်လို့ ကြည်သာ့ကို…။ ဖေဖေက ဘာဖြစ်လို့ ချမ်းငြိမ်း ကို…။ ဖေဖေကမှ တကယ် ဘုရားတစ်ပိုင်း မာန်နတ်တစ်ပိုင်းပါလား။
ကြည်သာ့ကမ္ဘာမှာ နေမရှိတော့ချေ။
============================================================================
ဝေယံ တစ်ယောက် ချမ်းငြိမ်းကိုမတွေ့ဖြစ်စေဖို့ မည်မျှကြိုးစားအားထုတ်သည်ပဲဆိုဆို ချမ်းငြိမ်းပို့ပေး လာတတ်သော မေးလ်များကို မဖတ်ဘဲ နားမထောင်ဘဲမနေနိုင်ခဲ့။ အမှန်တော့ ဝေယံ့မှာ ပြောပြစရာ သတင်းထူးတွေရှိသည်။ ဖရက် က ဝေယံ့ကို အာကာသစခန်းသို့ လွန်းပျံယာဉ်ပစ်လွှတ်ရာတွင် ပဲ့ထိန်းစင် မှာ ရှိနေခွင့်ပေးခဲ့ပြီ။ ဝေယံ့အတွက် ချမ်းငြိမ်းပြောသကဲ့သို့ အိပ်မက်တွေကနီးကပ်လွန်းနေပြီ။ ဤဒုံးပျံ လွှတ်တင်ရေးမှာ ဝေယံ့နာမည်လည်း တစ်စိတ်တစ်ပိုင်းပါလာတော့မည်။ သို့သော်… ချမ်းငြိမ်းကို ဝေယံ မည်သို့ အသိပေးရမည်နည်း။ ရူးတော့မှာပဲ။
“ဝေယံ…
ကိုယ့်ကို မတွေ့ချင်သေးတာ ကိုယ်နားလည်ပါတယ်။ ကိုယ် အရာရာကို ဖြေရှင်းကြည့်နေတယ်။ ကိုယ် ဒီပွဲ မှာ အောင်မြင်ဖို့ မင်းကိုချစ်စိတ်တစ်ခုတည်းနဲ့ရှေ့ဆက်နေခဲ့တာ။ ကိုယ် စာအုပ်ကိစ္စ ရပ်ထားလိုက်ပြီ။ မေတ္တာတရားနဲ့ လောကဓံအကြောင်း ရှင်းပြရမယ့်သူက ယိုင်နဲ့နေလို့မဖြစ်ဘူးလေ။ ဒီည အနိတာနဲ့ ကိုယ် ခရီးတစ်ခုသွားရမယ်။ အဲဒါကြောင့် ကိုယ် ကဗျာတိုလေးတစ်ပုဒ်ပဲဖတ်ပြနိုင်တယ်။ ဆရာ တာရာမင်းဝေ ရဲ့ ကဗျာပါ။ ကိုယ်ဒီခဏမှာတော့ မင်းမြင်သာဖို့ မီးတိုင်တုတ်ပဲဖြစ်ချင်ပါရဲ့။
“တခါက ဘုရင်စော်နံခဲ့တဲ့ကောင်
ပွဲတော်မှာ ငါရှုံးခဲ့တယ်
ငါကမှ
ဝှက်ထားတဲ့ လမင်းကို
ထုတ်မပြခဲ့ဘဲ….
လှေကိုမလှော်ဘူး
ပင်လယ်ကိုလှော်မယ်…
စံပယ်တွေ အိပ်တန်းဝင်တဲ့ ကျွန်းမှာ
ငါ့ကိုယ်ငါ
မီးတုတ်လို ထွန်းပစ်ရဦးမယ်။
- တာရာမင်းဝေ”
P.S : ကိုယ့်ဝေယံ သိလား… ကိုယ့်နာရီလက်တံကတော့ မင်းနဲ့ဝေးလို့လှည့်ပတ်နေတာပါပဲ။ ကိုယ့်ကမ္ဘာ က တော့ လွန်ခဲ့တဲ့ တစ်ပတ် ည ၆ နာရီ ၂ မိနစ်မှာ ရပ်တံ့နေခဲ့တာပါ။ ကိုယ့်နာရီလေး ရပ်သွား မယ့် တစ်ချိန်မှာ… ကိုယ်မင်းကို ဖက်ထားခွင့်ရဖို့ဆုတောင်းပါတယ်။
မင်းရဲ့
ချမ်းငြိမ်း”
====================================================================
ကိုယ်ရေးမှတ်တမ်း
ဓားရှည်တစ်လက်နဲ့အတူ ဗျပ်စောင်းတစ်လက်ကိုပါ လွယ်ခဲ့မိတာ ငါမှားသွားတယ်..
မီးတုတ်တွေနဲ့ ဝိုင်းရင် ကြောက်မှာမဟုတ်လို့ (ငါ့ကို သူတို့)မင်နီလေးနဲ့ပဲ ဝိုင်းလိုက်ကြတယ်..
ငါဟာ ဘုရားတစ်ပိုင်း… မာန်နတ်တစ်ပိုင်း သတ္တဝါ တဲ့…
ရပါတယ်လေ…
အဲဒီကောင်းကင် အဲဒီတောင်ကုန်း ရဲရဲနီတဲ့နေလုံးကို စောင့်ကြည့်ရင်းနဲ့ပဲ သေပေးလိုက်ပါတယ်…။
- တာရာမင်းဝေ
==================================


Leave a comment