31 : 2001 : space odyssey

31 – 2001 : Space Odyssey

(1968 တွင်ထွက်ရှိခဲ့သော 2001: Space Odyssey  ရုပ်ရှင်ကားကို ဒါရိုက်တာ စတန်လေ ကူးဘရစ်က ရိုက်ကူးခဲ့ပြီး အနာဂတ်အာကာသ လေ့လာရေးနှင့် လူသားတို့ ဖြစ်ပေါ်တိုးတက်မှုအတွက် သိသာ ထင် ရှားသည့် ခန့်မှန်းချက်များ ပေးခဲ့သဖြင့် အလွန်အောင်မြင်ခဲ့သည်)

ကြည်သာ ရထားလက်မှတ်ကို တစ်ချက်ကြည့်လိုက်ရင်းဖြင့် နေကာမျက်မှန်ကို ခပ်ငိုက်ငိုက်ဆွဲချထား လိုက်၏။ မျက်လုံးတွေ မို့အစ်ဖောင်းတက်နေသည်ကို တခြားသူတို့ မမြင်စေလို။ ကြည်သာ့အဖွဲ့ထဲမှ နစ်ခ် တို့ လူးကတ်စ် တို့ကိုလည်း အလုပ်နှင့်မပတ်သက်သည့် စကားအရှည်ကြီးတွေပြောမနေချင်။ ကြည်သာ့ထံသို့ ချမ်းငြိမ်းက အက်ကွဲသောလေသံဖြင့် ဖုန်းဆက်လာပြီးသည့်နောက်မှစ၍ ကြည်သာ အရာအားလုံးကို စွန့် လွှတ်လိုက်ချင်ပြီ။ အမြွှာတွေရဲ့နာ့ဗ်ကြောအာရုံခံစားမှု.. ၊ ဆေးသိပ္ပံသုတေသန…၊ ဘာကိုမှ ကြည်သာ ယုံ ကြည်ချက်မရှိတော့။ ကိုယ်အမြဲယုံကြည်ခဲ့သော ချမ်းငြိမ်းအေးဟန်၏ ပြိုယိုင်လဲမှုကို တွေ့ရချိန်တွင် တော့ ကြည်သာ ကိုယ့်ကိုယ်ကိုယ်ပင်မယုံတော့သည့် အခြေအနေ ဖြစ်သွားခဲ့သည်။ ဝေယံ့ကို စာအုပ်လေး တစ်အုပ်ပို့မိရုံနှင့် မီးတောက်တွေထတောက် သည်ဟု လည်း မပြောချင်တော့ပါ။ ဝေယံ့ရင်ထဲမှာလည်း သံသယတွေရှိမည်ပေါ့လေ…။ ကြည်သာ့အတွက်တော့ တစ်ခု တည်းသောနောင်တက ချမ်းငြိမ်းကို ပင်ပန်းစေမိခြင်းပင်။ ဝေယံ သံသယကြောင့် လဲပဲသေသေ ကြည်သာ ဂရုမစိုက်ပါလေ။ သို့သော် ဝေယံ သေဆုံးရ၍ ချမ်းငြိမ်း နာကျင်မည်ဆိုလျှင်တော့ ဝေယံ့အသက်ကို ကြည်သာက သေမင်းထံမှာပင် သွားလဲပြီးဆွဲထားပေးနိုင်သေးသည်။

တီးတိုးရယ်မောသံလေးကြောင့် ကြည်သာ ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ မက္ကစီကန်မိသားစုတစ်စု။ ကလေးလေးက ကြည်သာ့ဆံပင်များကို သဘောကျနေဟန်ဖြင့် လှမ်းကြည့်ကာရယ်မောနေတော့ ဖခင် ဖြစ်သူက အားနာဟန်ဖြင့် ကလေးလေးကို ကောက်ပွေ့ပြီး တဝကြီးနမ်းနေ၏။ အနမ်း…။ ကြည်သာ အတော်ကြာသည်အထိ ထိုမြင်ကွင်းမှ အကြည့်မလွှဲနိုင်ခဲ့။ ဖခင်တစ်ယောက်က သားသမီးကို အနမ်းပေး တာ ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်လဲ။ ကြည်သာက ဘာကိုထူးထူးဆန်းဆန်းခံစားနေရလဲ။

မာန်နတ်တစ်ပိုင်း…။ အတွေးထဲမှာ မှတ်ဉာဏ်တွေက မြစ်တစ်စင်းလို စီးဆင်းလာ၏။

“ကြည်သာလေးက ဖေ့ဆီလာခဲ့ပါဦး”

“ဖေဖေ”

ထိုခေါ်သံက ကြည်သာ့အသံမဟုတ်၊ ချမ်းငြိမ်း၏ အသံ။ ချမ်းငြိမ်း သေးသေးလေးက ကြည်သာ့ရှေ့မှနေ၍ ဖေဖေ့လက်ထဲတိုးဝင်သွား၏။ ကြည်သာရုတ်တရက် ခေါင်းကိုက်လာသည်။ မဖြစ်တော့ပါလေ။ ပူရှိန်း ထုတ်စားမှရတော့မည်ထင်သည်။ ပူရှိန်းလေးငုံလိုက်တော့ နေသာထိုင်သာရှိလာသည်။

“ပူရှိန်းတော်တော်ကြိုက်လား ကြည်သာ”

လူးကတ်စ် က အနားလာထိုင်ရင်းမေး၏။ မက္ကစီကိုနယ်စပ်ရှိ ရွှေ့ပြောင်းနေထိုင်သူများစခန်းသို့ သွားရမည့် သုတေသနခရီးကို ကြည်သာလိုက်မည်ဟု စာရင်းပေးကတည်းက ဒီဘဲစိတ်ဝင်စားနေခဲ့ သည်ပဲ။ လူးကတ်စ် က စပ်စုလွန်းသည်ဟု ကြည်သာစိတ်ပျက်မိသည်။ ကြည်သာနှင့် ဆူဇန် တို့ တရားဝင်  ရှောင်ဖယ်နေလိုက်ကြ သည်ကို သိတော့ ပြန်ကပ်လာပြန်သည်လေ။

“အင်း”

“ကြည်သာ့မှာ ပူရှိန်းနံ့တွေအမြဲရနေတာ။ ကိုယ်တော်တော်သဘောကျတယ်”

“တော်တော်များများ ပြောကြပါတယ်”

ကြည်သာက မနှစ်မြို့သည့်ပုံကို သိသိသာသာပြချင်သဖြင့် နားကြပ်တစ်ဖက်ကောက်တပ်လိုက်၏။

“အသည်းကွဲနေတာလား ကြည်သာ”

“လူးကတ်စ်.. ကျေးဇူးပြုပြီး ကျွန်မဟာကျွန်မနေပါရစေ။ အလုပ်နဲ့ မပတ်သက်တာတွေမပြောချင်ဘူး”

လူးကတ်စ် ကလက်မလျှော့ပါ။

“မင်း တစ်ယောက်ယောက်ကို မလိုအပ်တော့ဘူးလား ကြည်သာ”

ကြည်သာ တစ်ချက်ရယ်မောလိုက်၏။

“ကျွန်မလိုအပ်တဲ့တစ်ယောက်ယောက်ဆီကနေ ထွက်ပြေးလာခဲ့ပြီးမှတော့ အဲဒီမေးခွန်းက ဟာသပဲ”

ကြည်သာ နားကြပ်နှစ်ဖက်လုံးတပ်လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ သိသိသာသာစောင်းထားလိုက်၏။ နားထဲတွင်တော့ ဖေဖေ့အသံကို နားမထောင်ဘဲ ကြားယောင်ဆဲ။

==============================================================================

ချမ်းငြိမ်း ခရီးသွားနေရသည်ဟု မေးလ်ထဲမှာပြောသော်လည်း မည်သည့်ကိစ္စကြောင့်နည်းဟုတော့ မပြော သွားခဲ့။ ထိုသို့ဆိုလျှင် ဝေယံကလည်း မမေးချင်။ ကြည်သာအေးမြ ဆီကိုသွားမည်ပေါ့ဟုပဲ ထင်မိသည်။ ဝေယံ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်၏။ ကြည်သာအေးမြ ကိစ္စက တကယ်ကို ပြဿနာပဲ။ ကြည်သာနှင့် ဝေယံ ပတ်သက်ခဲ့ဖူးသည်ကလည်း ဘယ်လိုတွေးတွေးမျက်နှာပူစရာ။ သာမန်ကာလျှံကာ ပတ်သက်မှုမျိုးမဟုတ်ဘဲ လူသိရှင်ကြားပတ်သက်ဖူးပြီး အတူတူအိပ်ဖြစ်ခဲ့ကြသည်ဟု တွေးကြည့်လျှင် ဝေယံ ခေါင်းတွေပင်ကိုက်လာ၏။ ချမ်းငြိမ်းက ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သို့မျှ နောက်ကြောင်းပြန် မလှန်သော်လည်း ဝေယံ့မှာ စိတ်မလုံမလဲဖြစ်ရသည်။ အမှားလုပ်ထားသူက ချမ်းငြိမ်းမဟုတ်။ ကြည်သာ နှင့် ဝေယံ နှစ်ယောက်သာရှုပ်ထွေးနေသောကိစ္စတွင် ချမ်းငြိမ်းအေးဟန်က အလကားသက်သက် ကြား ညပ်နေရပြီဟု တွေးမိလျှင် ဝေယံ့ရင်ထဲမကောင်း။ ကိုယ့်စိတ်ရှိတိုင်းဆိုလျှင်တော့ ချမ်းငြိမ်းကို ပြေးဖက် ထားမိမည်ပေါ့။ ဝေယံ တစ်ယောက် စာတမ်းတွေထိုင်ဖတ်ရင်း စာလည်းမမြင်၊ ဘာမှမမြင်တော့ပေ။ ငြိမ် သက်တိတ်ဆိတ်နေမည့် ချမ်းငြိမ်းမျက်နှာကိုသာ မြင်လာသည်။ နာရီကိုငုံ့ကြည့်တော့ နာရီက ပုံမှန် လည် ပတ်မြဲ။ ချမ်းငြိမ်းကတော့ ပြောသွားခဲ့ပါသည်။ ‘ကိုယ့်ကမ္ဘာက အဲဒီနေ့မှာရပ်တပ်နေခဲ့ပြီ’ တဲ့။

ဝေယံ စာတွေကိုအာရုံမစိုက်နိုင်သည်နှင့် အကုန်ပစ်ချပြီး အက်ဘီ ကိုသွားရှာတော့၏။ အက်ဘီ က ဌာနသစ် ရောက်လာကတည်းက အလုပ်ရှုပ်နေသဖြင့် ဝေယံနှင့် စကားပြောပေးချိန်မရှိ။

“အက်ဘီ… ကျွန်တော့်ကိုကူပါဦးဗျာ”

အက်ဘီ က စီးကရက်တစ်ချက်ဖွာရင်း အထာမပျက်မေးသည်။

“မင်းရဲ့စိတ်ငြိမ်ဆေးလေး ကျပျောက်ပြန်ပြီလား”

“ကျွန်တော်လွှတ်ချလိုက်မိတာ။ ဒါပေမဲ့ ကျွန်တော်ပဲလိုအပ်နေတာဗျာ”

“ငတုံးလေးပဲ”

“အက်ဘီ ရာ.. ကျွန်တော့်မှာ Launching Event အတွက်တောင် အပြည့်အဝမပျော်နိုင်ဘူး။ ဒီည တူတူ သောက်ကြမလားဟင်”

“ဆောရီး ငါ ဖရက် နဲ့ချိန်းထားတယ်။ ဆိုတော့ မင်းလည်း အကောင်းဆုံးက မင်းရဲ့လူကို ဖုန်းဆက်ပြီး စကားပြောကြည့်ဖို့ပဲ။ Communicate လုပ်စမ်းပါ ယံ။ တကယ့်ရက်မှာ မင်းစိတ်ထွေပြားနေလို့မဖြစ်ဘူး။ ဒီအခွင့်အရေးက မင်းတစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မင်းက ဒီပွဲမှာ ပါဝင်ခွင့်ရမယ့် အငယ်ဆုံး အာရှနွယ်ဖွားပညာရှင် ဖြစ်လာမှာ။ အဲဒီအချက်နဲ့တင် မင်းရဲ့စိတ်ငြိမ်ဆေးကို မင်းပြန်ကောက်သင့်ပြီ။ ကံကောင်းပါစေ ယံ”

အက်ဘီ က ဝေယံ့ ပုခုံးကိုတစ်ချက်ပုတ်ပြီး ထွက်သွားကာ အပြင်ရှိ ဖရက် လက်ကိုသွားချိတ်လိုက်၏။ ဝေယံ တအံ့တသြဖြင့် မယုံနိုင်စွာငေးကြည့်နေပြီးတော့မှ ရယ်လိုက်မိသည်။ လိုက်လည်းလိုက်ပါပေ့။

ဝေယံ ကိုယ့်ရုံးခန်းကိုယ်ပြန်လာကာ ဖုန်းကိုတစ်ချက်ထုတ်ကြည့်လိုက်၏။ အတွေးပင်မဆုံးသေး၊ ချမ်းငြိမ်းထံမှ မေးလ်ရောက်လာသည်။

“ကိုယ့်ဝေယံ..

နေကောင်းရဲ့လား။ ကိုယ်တော့ လွမ်းဆွတ်တမ်းတမှုကို အခုမှပဲ သေချာနားလည်တော့တယ်။ ကိုယ် ပြန် လာရင် မင်းဆီအရင်ဆုံးပြေးလာခဲ့မယ်။ မင်းမတွေ့ချင်သေးတောင် မင်းမျက်နှာလေးကိုတော့ကြည့်ခွင့် ပေးပါ။ ဆရာတာရာမင်းဝေစာသားလိုပဲ.. သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့ နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုး က ကိုယ့်ကိုစီးမိုးထားတယ်။ ကိုယ့်ရဲ့ကောင်းကင်လေးထွေးပွေ့မှ ကိုယ်အဆင်ပြေတော့မှာ။ ကိုယ့်မှာ ပြောပြစရာတွေ ရင်နဲ့အမျှပဲ။ ကိုယ်တို့ ဝေးနေရတာ သိပ်ကြာနေပြီ။

မင်းက ကိုယ့်ဘဝမှာ နှစ်ယောက်မရှိတဲ့ ဝေယံပါ။ ကိုယ့်ကိုယုံနော်။

မင်းရဲ့

ချမ်းငြိမ်း”

ဝေယံ စိတ်ထဲ ကျေနပ်စိတ်ပျပျဖြင့် ချမ်းငြိမ်းရှိသည့်အလား မျက်စောင်းမသိမသာထိုးမိ၏။

‘တော်တော်စကားတတ်နေ’

ဝေယံရော မလွမ်းဘူးထင်နေလားမသိ။ လွမ်းလိုက်သည်မှ နေစရာပင်မရှိ။ ဝေယံ ဖုန်းကောက်ဆက်လိုက် မိတော့သည်။ ဖုန်းက ချက်ချင်းဝင်သွားပါသည်။

“ကိုယ့်ဝေယံ”

ဟယ်လို ဆိုသောထူးသံအစား ကိုယ့်ဝေယံ ဆိုသောခေါ်သံလေးက ကြိုနေသည့်အတွက် ဝေယံ ရင်ထဲ လှိုက်ခနဲဖြစ်သွားရ၏။

“မင်းဘယ်မှာလဲ။ မေရီလန်း မှာလား”

“မဟုတ်ဘူး။ ကိုယ် ဘော်စတွန် နားက မြို့နယ်တစ်ခုကိုရောက်နေတာ။ ကိုယ့်ဝေယံ ပင်ပန်းနေပြီလား။ အသံ က မလန်းဘူး”

“ညနေ ၆ နာရီလေ။ အသံကလန်းနေစရာလား။ ဆံပင်တွေတောင်ပြောင်တော့မယ် ပင်ပန်းလို့”

“အဲဒီလိုဆိုလည်း ကိုယ်က အချစ်မပျက်ပါဘူး”

“ဟာကွာ”

ချစ်သူတွေလည်းဖြစ်ပြီး အတွင်းကျကျရင်းနှီးပြီးသည့်တိုင်အောင် ချမ်းငြိမ်းက ထိုသို့ မထုံတက်သေး ပြော လာလျှင် ဝေယံ ရင်မခုန်ဘဲ၊ မရှက်ဘဲ မနေနိုင်။ ယခုလည်း ဝေယံ မျက်နှာပူပူဖြင့် ရှေ့မှစာတမ်းထိပ်များ ကို လိမ်နေသည်မှာ ခေါက်တွန့်တွေပင်ဖြစ်ကုန်ပြီ။

“ကိုယ်ပြန်လာမှ မင်းကိုစိတ်အေးချမ်းအောင်လုပ်ပေးမယ်နော်”

“မပြန်လာရသေးဘူးလား။ ဘာလုပ်နေတာလဲ အဲဒီမှာ”

ချမ်းငြိမ်း အသံကခဏတိတ်သွားပြီးမှ “ကိုယ် လူနာစောင့်လုပ်ပေးနေရတယ်” ဟု ခပ်တိုးတိုးပြောလာ၏။

“ဘာ.. ဘယ်သူ့ကိုလဲ။ ဘာဖြစ်လို့လဲ”

“အနိတာတို့ သားအငယ် ရာဂျက်ရှ် ဆေးရုံတက်နေရတယ်။ မစ္စတာကူးမားလည်း ရောက်နေပါပြီ။ ဒါပေမဲ့ စိတ်ချရအောင် ကိုယ်ပါစောင့်ပေးနေတာ”

“သူက ဘာဖြစ်လို့လဲ”

“သောကြာနေ့က ရာဂျက်ရှ်အလုပ်လုပ်နေတဲ့ အထက်တန်းကျောင်းကို သေနတ်သမားတစ်ယောက် ဝင်ပစ်သွားတာ။ ကလေးတွေလည်းထိခိုက်ဒဏ်ရာရကုန်တယ်။ ရာဂျက်ရှ်နဲ့ တခြားဆရာတစ်ယောက်က တော့ ဒဏ်ရာတော်တော်ပြင်းတယ်။ သေနတ်သမားကတော့ နေရာမှာတင် ကိုယ့်ဟာကိုယ်ပြန်ပစ်ပြီး သေ သွားတယ်”

“ဘာ”

ဝေယံ ထိုင်နေရာမှအလောတကြီး ထလိုက်မိ၏။ ဘော်စတွန် ကျောင်းတွင်းပစ်ခတ်မှုကို ဝေယံ သတင်းမှာ မြင်လိုက်ပါသည်။ ဆိုင်သည်ဟုလည်းမထင်မိ။ နောက်ထပ် စိတ်မနှံ့သည့်ကောင်တစ်ကောင်ဟုသာ တွေးပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့သည်မှ ယခုတော့ စိတ်ပူပန်လာ၏။ ချမ်းငြိမ်း ဘာမှမဖြစ်ဘူး ဟု သိနေသည့် တိုင် စိတ်ကတော့ မပူဘဲမနေနိုင်။ အနိတာတို့၏ သားငယ်ကိုလည်း မဆုံဖူးသည့်တိုင် ဓာတ်ပုံများမှနေ၍ ရင်းနှီးပါသည်။

“ငါ.. ဘာလုပ်ပေးလို့ရမလဲ။ ငါ လိုက်လာလို့တော့မရသေးဘူး။ ဒါပေမဲ့ ငါဒီတိုင်းလည်းထိုင်မနေနိုင်ဘူး။ မင်းကရော ဘာလို့အခုမှပြောတာလဲ”

“ကိုယ့်ဝေယံ.. စိတ်ကိုအေးအေးထား။ ရာဂျက်ရှ်က အတွင်းလူနာအဖြစ်ရှိနေပေမဲ့ သတိတော့လည်လာပါ ပြီ။ ကိုယ်လည်း အဆင်ပြေတယ်။ အနိတာတို့လည်း အဆင်ပြေတာမို့ မင်းက အဲဒီကနေ မေတ္တာပို့ပေးရင် ရပြီ”

ဝေယံ ကိုယ့်ဟာကိုယ်တော်တော်စိတ်ပျက်သွားမိသည်။ အနိတာတို့ဆိုသည်က ဝေယံ့၏ မွေးစားမိဘများ သဖွယ်ဖြစ်နေပြီး ယခုလိုလိုအပ်သည့်အချိန်ကျ ဝေယံ ဘာမှမလုပ်ပေးနိုင်ခဲ့။ သူတို့ဆိုသည်က ငွေကြေး လည်း လိုအပ်သူများမဟုတ်။

“ကိုယ့်ဝေယံ.. စကားပြောပါဦး။ ဒီလိုလုပ်မလား.. ကိုယ်တို့ video ဖွင့်လိုက်မလား။ ကိုယ့်ကို မင်းမျက်နှာ လေးတွေ့ခွင့်ပေးမယ်မဟုတ်လား”

ဝေယံ စကားပြန်မပြောမိပါဘဲ အလိုလိုနာခံမိသွားသည်။ ချမ်းငြိမ်းက ဆေးရုံဝန်းတစ်ခုထဲတွင်ရှိနေ၏။ ချစ်ရသူ မျက်နှာက နွမ်းနယ်နေသည်မှာသိသာတော့ ဝေယံ ရင်ထဲနင့်သွားသည်။

“မင်းပင်ပန်းနေမှာပဲ ချမ်းငြိမ်း”

“ကိုယ်လုပ်ပေးလို့ရတာလုပ်ပေးရုံပါ။ ကိုယ့်ဝေယံ ဒီရက်တွေအစားသေချာမစားဘူးလား။ မျက်နှာလေး သေးသေးလေးပဲကျန်တော့တယ်”

“ငါအလုပ်ရှုပ်နေလို့..။ ချမ်းငြိမ်း.. ငါပြောစရာရှိတယ်”

“အင်း.. ကိုယ်နားထောင်နေတယ်”

“ငါ လိုက်မလာချင်တာမဟုတ်ဘူး ဆိုတာ ကူးမားတို့ကိုပြောပေးပါဦး။ ငါနောက်တစ်ပတ်မှာ Space Mission တစ်ခုအတွက် Rocket Launch လုပ်တဲ့အချိန်မှာ ပဲ့ထိန်းစင်မှာရှိနေရမှာ။ ငါ့ကို ရွေးထား တာဆိုတော့ ငါ အခု အိပ်ချိန်တောင်သိပ်မရှိဘူး။ အဝေးကိုလိုက်လာလို့တော့မဖြစ်သေးဘူး။ ငါတကယ်အားနာပါတယ်။ ငါက အတ္တကြီးတယ်နော်”

“ကိုယ့်ဝေယံက တော်လိုက်တာ။ ကိုယ် အရမ်းဂုဏ်ယူတာသိတယ်မဟုတ်လား။ ဒီဘက်ကကိစ္စကို ကိုယ့် ဝေယံ စိတ်မပူနဲ့လေ။ ကိုယ်ရှိနေတာပဲ။ ကိုယ်က မင်းရဲ့တစ်ဝက်လေ။ မင်းအစား ကိုယ်ရှိနေတာပဲမို့ ဒီမှာ ပြည့်စုံပါတယ်။ အနိတာကလည်း အပြစ်မမြင်ပါဘူး။ တစ်ခုတော့ရှိတယ်.. မင်းကျန်းမာရေးတော့ ဂရုစိုက် နော်။ အိပ်ချိန်စားချိန်တော့ ပုံမှန်နေပါ”

အဘယ်သို့သော ပုထုစဉ်က ချမ်းငြိမ်းအေးဟန်၏ ထိုလေသံကို တောင့်ခံနိုင်မည်နည်း။ ဝေယံ ရင်ထဲ ပြင်း ပြင်းရှရှလွမ်းလာသည်။

“ငါ… မင်းကိုလွမ်းတယ် ချမ်းငြိမ်း”

ချမ်းငြိမ်းမျက်ဝန်းနက်များက နွမ်းဖျော့စွာ ပြုံးသွား၏။

“ကိုယ်က တောင်းပန်တယ်နော်။ ကိုယ့်ဝေယံ လွမ်းရအောင်နေမိလို့…”

“မပြောနဲ့ကွာ အဲဒီလို။ မင်းပြန်လာမယ့်နေ့ကို ငါစောင့်နေမယ်”

“ကိုယ်ပြန်လာမယ်နော်”

ဝေယံ စကားပင်ပြန်မပြောနိုင်ဘဲ ခေါင်းကိုတွင်တွင်ညိတ်မိသွား၏။

“ချမ်းငြိမ်း..”

“အင်း”

“မင်းဂရုစိုက်နော်။ ငါစိတ်ပူလို့…”

“မင်းမေတ္တာတွေကြောင့် ကိုယ် အဆင်ပြေမှာ”

ချမ်းငြိမ်းက စကားဆက်မပြောဘဲ ဝေယံ့ကို ငေးကြည့်နေ၏။ ဝေယံလည်း ဖုန်းစခရင်ထက်မှ ချမ်းငြိမ်းမျက်နှာကိုကြည့်နေရင်း ရင်ဘတ်ထဲ နာကျင်လာသည်။ လူတိုင်းအတွက်ပင်ပန်းနေရပြီပဲ။ ဝေယံ စိတ်ကိုလျှော့ချလိုက်ရင်း မမေးချင်ဆုံးအကြောင်းအရာကို မေးလိုက်ရသည်။

“ကြည်သာရော..”

“ကြည်သာ အဆင်ပြေပါတယ်။ သူ အလုပ်ကိစ္စနဲ့ မက္ကစီကိုနယ်စပ်ကို ခရီးသွားနေတယ်။ အဲဒါပြီးမှပဲ သူ လာတွေ့မယ်တဲ့။ ကိုယ်နဲ့ ကြည်သာတို့ အဲဒီကိစ္စပြောပြီးပါပြီ”

“ချမ်းငြိမ်း.. မင်းငါ့ကိုပြောပြရမှာတွေ ရှိသေးတယ်လေ။ အဲဒါ ပြောပြလို့ရပြီလား”

“ကိုယ်ပြောပြမှာပါ။ ဖုန်းထဲမှာ မင်းနားထောင်ချင်ရဲ့လားလို့…”

“မင်းပြန်လာတဲ့အခါ ငါ့ကိုပြောပြနော်”

“ကိုယ်ပြန်လာတဲ့အခါ မင်းကိုပြောပြမယ်”

စကားသင်စ ကလေးတစ်ယောက်လို သံယောင်လိုက်ပြောလာသော ချမ်းငြိမ်းအသံက တိုးသက်သက်။

“ငါရှိတယ်နော် သိလား… ငါ မင်းဘေးမှာရှိတယ်”

“ကိုယ်က မင်းအနားက တခါမှမထွက်သွားခဲ့ဖူးပါဘူး”

ဝေယံ ဖုန်းမချချင်သေး။ ချမ်းငြိမ်းကလည်း ငေးကြည့်နေမြဲ။

“ဝေယံ.. ကိုယ် ဖုန်းချရတော့မယ်။ တစ်ခုလောက်ပြောခဲ့ချင်တယ်။ ရမလား”

“အင်း”

ထို အင်း ဟုဖြေသံ မှာ ဝမ်းနည်းပက်လက်လေသံပေါက်နေမည်ဟု ဝေယံသိသည်။

“မင်းအကြိုက်ဆုံးစာအုပ်ကို ကိုယ်သိတယ်”

“ဟင်”

ထိုခေါင်းစဉ်ကိုမမျှော်လင့်ထားသဖြင့် ဝေယံ ကြောင်သွားရသည်။

“တိတိကျကျပြောရရင် မင်း ၁၆ နှစ်အရွယ်က အကြိုက်ဆုံးစာအုပ်ကို ကိုယ်သိတယ် ဝေယံ”

“ဘာရယ်”

“Arthur Clarke ရဲ့ 2001: A Space Odyssey။ အဲဒီစာအုပ်ကို မင်းအကြိမ်ကြိမ်ဖတ်ပြီးလည်း မကြာခဏ ပြန်ပြန်ရှာကြည့်တယ်”

ဝေယံ အံ့သြသွားရသည်။ ရူပသိပ္ပံပညာ ကိုမှ အာကာသခရီးသွားလာသည့်အကြောင်းစိတ်ဝင်စားသည့် ဝေယံ့အတွက် 2001: A Space Odyssey သည် ရုပ်ရှင်အားဖြင့်ရော၊ စာပေအားဖြင့်ပါ အကြီးအကျယ်လွှမ်း မိုးထားနိုင်ခဲ့သည်။ သို့သော်.. ၁၆ နှစ်…။ ထိုအရွယ်က ချမ်းငြိမ်းကို မသိခဲ့ရပါလား။

“မင်းဘယ်လိုသိတာလဲ ချမ်းငြိမ်း။ မဟုတ်မှ.. အဲဒီကတည်းက မင်း ငါ့ကိုသိနေတာလား”

“အမေရိကန်စင်တာ စာကြည့်တိုက်မှာ ကိုယ် အချိန်ပိုင်းလုပ်အားပေးလုပ်ဖူးတယ်လေ”

“ဟင်..”

“၁၆ နှစ်ပဲဖြစ်ဖြစ်.. အခုပဲဖြစ်ဖြစ်.. မင်းကသိပ်ကြည့်ကောင်းတုန်းပဲ။ ပြီးတော့ အထင်ကြီးလေးစားစရာ ကောင်းအောင်တော်နေတုန်းပဲ။ ကိုယ်သွားရတော့မယ်။ ဝေယံ.. ညစာစားနော်။ ကိုယ့်ကို အခွင့်အရေး ပေးလို့ ကျေးဇူးတင်ပါတယ်”

ဝေယံ ဘာမှပြန်မပြောလိုက်နိုင်ခဲ့။ ချမ်းငြိမ်းက ဖုန်းချသွားခဲ့ပြီ။ ဘုရားသခင်.. ဗုဒ္ဓမြတ်စွာ.. ။ ချမ်းငြိမ်း အေးဟန်က ဝေယံ့ကို ၁၆ နှစ်ကတည်းက သိခဲ့တာတဲ့လား။

ဝေယံ ခြေထောက်တွေပင်မခိုင်ချင်တော့။ ဘယ်လောက်များသည်းခံနေခဲ့တာလဲ ချမ်းငြိမ်းအေးဟန်။ ဝေယံ့စိတ်အစုံကို ချမ်းငြိမ်းအေးဟန်က တစ်ဆင့်စီချည်နှောင်ရစ်ပတ်ခဲ့သည်မှ ပြန်လမ်းပင်မတွေ့တော့ပါ လေ။

-=============================================================================

ကြည်သာ့အတွက်တော့ ရွှေ့ပြောင်းနေထိုင်သူများစခန်းကိုလည်း ခံစားချက်မပါဘဲ အလုပ်ကိုအလုပ်လို သာ ဖိလုပ်နေမိသည်။ ကြည်သာတို့လုပ်ရသည်က Biometric Data ခေါ် လက်ဗွေ တို့ မျက်ကြည်လွှာ တို့ ကို စကန်ဖတ်၍ ကြည်သာတို့ စမ်းသပ်ထားသည့် ပရိုဂရမ်ထဲသို့ ထည့်သွင်းရခြင်းပဲဖြစ်၍ အလုပ်သိပ်ရှုပ် သည်တော့မဆိုသာ။ သို့သော် နယ်စပ်စခန်းဆိုသည်က ပြဿနာကိစ္စရပ်အလွန်များပြားသည်။ ဒုက္ခသည် ခံခွင့်လျှောက်ချင်သော လူများ၊ ပြန်ပို့ခံရသောသူများနှင့် အမြဲတစေရှုပ်ထွေးနေတတ်သော နေရာ။ ကြည်သာမှာ အလုပ်လုပ်နေရင်း ဤနေရာသို့လိုက်လာမိသည်မှာမှားပြီဟု တွေးမိတတ်၏။

ကြည်သာ လိုအပ်သည်က ဖြစ်ခဲ့သမျှပြဿနာကိုအဖြေရှာရန်  အေးဆေးတိတ်ဆိတ်သော နေရာတစ်ခု ဖြစ်သည်။ ယခုတော့ ဘာမှစဉ်းစားမရအောင် ဆူညံနေသော နေရာတစ်ခုမှာ ကြည်သာမည်သို့ စဉ်းစားရ မည်နည်း။

“ပါပါး.. ပါပါး”

ကြည်သာ့ကို သိသိသာသာအနှောင့်အယှက်ပေးနေသည့်ကိစ္စရပ်တစ်ခုလည်းရှိသေးသည်။ ယခုတလော ကလေးတွေနှင့် သူတို့ဖခင်တွေကို ကြည်သာ စိတ်ဝင်တစားငေးမောနေဖြစ်သည်လေ။ ကြည်သာ ထိုမျှ တုံး အ သူမဟုတ်ပါ။ ကြည်သာသည်လည်း ဆေးသိပ္ပံကိုတီးခေါက်မိသည်။ ကြည်သာ့စိတ်ထဲမှာ ဖေဖေ နှင့် ပတ်သက်၍ တစ်စုံတစ်ရာ အစွန်းထင်းရှိခဲ့ပြီဟု သိသည်။ ထိုဒဏ်ရာကလည်း ချမ်းငြိမ်းနှင့်ပတ်သက် နေသေးသည်။ ကြည်သာ အဖြေရှာသင့်မှန်းသိသော်လည်း အဖြေမှန်သိရဖို့ကိုလည်း ကြောက်လန့်သည်။

ကြည်သာ.. ချမ်းငြိမ်းကို ဖုန်းဆက်လိုက်သင့်ပြီဟုထင်သည်။ ထို့ကြောင့် အလုပ်နားခိုက်တွင် ကြည်သာ အသက်ဝဝရှူပြီး ချမ်းငြိမ်းကို ဖုန်းခေါ်လိုက်မိ၏။

“ညီမလေး.. အဲဒီမှာ နေကောင်းရဲ့လား”

“ဒီလိုပါပဲဟာ။ ဒီမှာ တော်တော်စိတ်ညစ်ဖို့ကောင်းတယ်။ ကလေးတွေကလည်းငိုယိုနေတာပဲ။ ဒုက္ခသည် စခန်းဆိုတော့ စိတ်ချမ်းသာစရာမရှိပါဘူး”

“သူတို့လည်း မက္ကစီကိုမှာနေထိုင်ရတာ ခက်ခဲမလုံခြုံလို့ ဒီဘက်ကိုကူးလာရတာပဲလေ။ ကြည်သာက စိတ်ရှည်ပေးလိုက်နော်”

“နင်ကတော့ အမြဲအဲဒီတိုင်းပဲ။ ငါစိတ်ရှည်လည်း ဘာထူးမှာလဲဟ။ အမေရိကန်အစိုးရ လဝက က စိတ်ရှည်ပေးမှ သူတို့ အဆင်ပြေမှာ။ ငါက ဘာမှလည်းမဟုတ်ဘူး”

“ဘယ်ဟုတ်မလဲ ကြည်သာ။ ကိုယ့်ညီမလေးက စိတ်ရှည်ပေးရင် အနည်းဆုံးတော့ ညီမလေးနဲ့ ထိတွေ့ ပြောဆိုရတဲ့ လူတချို့မှာ စိတ်ချမ်းသာရမှာလေ။ သူတို့မှာအပူတွေများနေမှာ ညီမလေးကြောင့် ကြည်သာ အေးမြသွားမှာ မကောင်းဘူးလား။ကြည်သာလည်း ပျော်ရမှာပဲ”

ကြည်သာ နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးသည်အထိပြုံးလိုက်မိ၏။ ချမ်းငြိမ်းအေးဟန်ဟာ အဲဒီလိုမို့ လို့လည်း ကြည်သာ အဝေးကြီးကို ထွက်မပြေးနိုင်တာပေါ့။

“ငါ ကြိုးစားကြည့်ပါမယ်။ ဒါနဲ့ ကိုကို.. ငါ မေးစရာရှိတယ်”

“အင်း ညီမလေး”

“ငါတို့ဖေဖေက ဘုရားလား မာန်နတ်လား”

ကြည်သာ့အမေးသံအဆုံးတွင် ချမ်းငြိမ်းက ကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်သွား၏။ တိတ်ဆိတ်ခြင်း၏အသံ ဟူသည်ကို ချမ်းငြိမ်းတခါဖတ်ပြဖူး၍ ကြည်သာ ရင်းနှီးဖူးသည်။ တိတ်ဆိတ်ခြင်း မှာလည်း အသံတွေရှိသည်။ ချမ်းငြိမ်း၏ ယခုတခါတိတ်ဆိတ်မှုမှာ ကြောက်စရာအသံတို့ပါနေသည်ဟု ကြည်သာတွေးမိသည်။

“ငါ ဒီရက်ပိုင်း သိပ်အဆင်မပြေဘူး ကိုကို။ ဖေဖေက ငါတို့အပေါ်ကောင်းတာလား မကောင်းတာလား”

“ဘာဖြစ်လို့သိချင်တာလဲ ကြည်သာ”

ချမ်းငြိမ်းအသံက လှိုက်ခနဲတုန်နေသလိုလို။ ဒါ ချမ်းငြိမ်းပုံစံမဟုတ်ပါလေ။

“ဘာဖြစ်လို့ရယ်မရှိပါဘူး။ ငါ့ မှတ်ဉာဏ်ထဲဝေဝေဝါးဝါးဖြစ်နေလို့။ ငါ ဒီကိစ္စအတွက် မေမေ့ကိုလည်း မမေးချင်ဘူး။ ကိုကိုပဲသိမယ်ထင်လို့လေ”

“မမေးနဲ့”

“နင်ဘာဖြစ်နေတာလဲဟင် ကိုကို။ တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာလား။ ငါမသိတာရှိသေးတာလား”

“ဘယ်လိုဖြစ်ဖြစ် ကိုယ်က ကြည်သာ့အပေါ်အမြဲတမ်း စိတ်ရင်းနဲ့ရှိခဲ့တာ ကြည်သာယုံတယ်မဟုတ်လား”

ကြည်သာ ဆတ်ခနဲဖြစ်သွား၏။

“ကိုကို… နင်ထူးဆန်းနေတယ်။ ဒါနင်ပြောရမယ့်စကားမဟုတ်ဘူး။ နင်ဘာဖြစ်နေတာလဲ”

“ကြည်သာပြန်လာရင် အေးဆေးပြောပြပါမယ်။ တစ်ခုပဲ.. ကိုယ့်ကိုကြည်သာမမုန်းပါနဲ့”

“ငါက နင့်ကိုဘာလို့မုန်းရမှာလဲဟာ။ ချစ်လို့တောင် မ ဝ တာကို”

ကြည်သာ စိတ်ရှုပ်ထွေးလာသည်။ ခေါင်းထဲမှာ ကြည်သာ့ကို အသိပေးသံတို့ ဝင်လာနေပြီ။

“ခဏ..ကိုကို… နင်ရယ် ဖေဖေရယ် ငါရယ်.. ငါတို့ဘာတွေဖြစ်ခဲ့ကြတာလဲ”

ကြည်သာ့အတွေးတွေထဲ ဖျတ်ခနဲ ဖျတ်ခနဲစီးဆင်းလာသည့် မှတ်ဉာဏ်တွေက ပင်လယ်တစ်ခုစာ ဖြစ်လာပြီ။ ကြည်သာ့ကို ဖေဖေက ၇ နှစ်အရွယ်မှာတင် စိမ်းကားသွားခဲ့သည်။ ကြည်သာသိသည်က ချမ်းငြိမ်းသည်သာ ဖေဖေ့အချစ်တော်ဖြစ်ခဲ့သည်ပဲ။ ကြည်သာက အနားကပ်လျှင်ပင် ချမ်းငြိမ်းက ရောက် လာပြီး ဖေဖေနှင့်အတူ ထွက်သွားသည်။ ကြည်သာက မေမေနှင့်သာကျန်ခဲ့သည်။ ဘာပါလိမ့်။

“ငါနင့်ကိုမမုန်းချင်ဘူး… အဲဒါကြောင့် အဖြစ်မှန်ကို ငါ့ကိုပြောပြ ကိုကို”

“ကိုယ်.. ဖေဖေ့ကို ကြည်သာ့ဆီမရောက်သွားအောင် လုယူခဲ့တယ်ဆိုရင် ကြည်သာ လက်ခံမှာလား”

“ဘာ..”

ကြည်သာ မယုံနိုင်အောင်ဖြစ်ပြီး ဖုန်းကိုပင်သေချာပြန်ကြည့်မိ၏။ ကြည်သာနှင့်စကားပြောနေတာ ချမ်းငြိမ်းအေးဟန်ပါဟု သေချာချင်သည်လေ။

“ကိုယ် တောင်းပန်ပါတယ်”

“ကိုကို.. ငါပြန်လာခဲ့မယ်”

“မဟုတ်သေးဘူး။ ကြည်သာ အလုပ်ပြီးတဲ့အထိ စောင့်ပေးပါ။ ကိုယ်လည်း အချိန်လိုတယ်။ တောင်းပန်ပါ တယ်။ ကိုယ်တစ်ဘဝလုံးသိမ်းဆည်းထားတဲ့ကိစ္စတွေအတွက် အချိန်ပေးပါ။ ကိုယ် ညီမလေးကို ချစ်တယ် နော်”

ချမ်းငြိမ်းက ထိုတစ်ခွန်းသာပြောပြီး ဖုန်းချသွား၏။ ကြည်သာ ကြောင်ပြီး ကျောက်ရုပ်လိုမလှုပ်မယှက် ကျန်နေခဲ့သည်။ မဟုတ်သေးပါ၊ ဤကိစ္စက ထိုမျှမရိုးရှင်းမှန်း ကြည်သာသိသည်။ ကြည်သာ ဖုန်းဆက် ကြည့်တော့ ကိုကိုကမကိုင်တော့ပေ။ ကြည်သာ စိတ်ပူသွားရသည်။ ဘာပါလိမ့်… ။ ဒါ ဘာပါလိမ့်။

==========================================================================

ပဲ့ထိန်းစင်ပေါ်ကို အကြိမ်ကြိမ်တက်ကြည့်ပြီးဖြစ်သည့်တိုင် ဒုံးကျည်တကယ်လွှတ်တင်ရမည့်နေ့တွင် တော့ ဝေယံ အိပ်မပျော်နိုင်ခဲ့။ ညနေတွင် ချမ်းငြိမ်းကလည်း ပြန်ရောက်မည်။ ဤသို့ဆိုလျှင် ဝေယံ့ အောင်ပွဲခံအခမ်းအနားလေးကပြည့်စုံသွားမည်။

ပဲ့ထိန်းစင်ပေါ်မတက်ခင် ဖုန်းဆက်ကြည့်တော့ ချမ်းငြိမ်းဖုန်းမကိုင်။ ဝေယံ့ စိတ်ထဲတော့ထင့်ခနဲ။ သို့သော် ချမ်းငြိမ်းအေးဟန်ဖြစ်နေ၍ ဝေယံ စိတ်ချထားပြီး ဖုန်းကိုထားခဲ့ဖို့အလုပ် ဖုန်းတစ်ကောလ်ဝင် လာ၏။ ကြည်သာအေးမြ။ ဝေယံ စိတ်ရှုပ်သွားရသည်။ ဝေယံ့ဘဝ၏ အအောင်မြင်ဆုံး အချိန်မရောက်မီ နာရီပိုင်းအလိုမှာ ဝေယံ ဤဖုန်းကိုကိုင်ချင်ရဲ့လားမသေချာ။ သို့သော် ကြည်သာက ထပ်ခါထပ်ခါဆက်နေ ၍ ဝေယံ ကိုင်လိုက်ရပါသည်။

“ဘာလဲ ကြည်သာ”

“ဝေ.. ဝေယံ.. နင် ကိုကိုနဲ့ အဆက်အသွယ်ရလားဟင်။ ငါ.. ငါ့ကိုကယ်ပါဦး”

သိကျွမ်းဖူးသောကာလတစ်လျှောက် ကြည်သာ ဤသို့ဖြစ်သည်ကို ၂ ခါသာတွေ့ဖူးသည်။ ၂ ခါလုံးတွင် ချမ်းငြိမ်း ထိခိုက်ဒဏ်ရာရခဲ့သည်မဟုတ်လား။ ဝေယံ ရင်ထိတ်သွားရသည်။

“ချမ်းငြိမ်း ဖုန်းမကိုင်ဘူး”

“ဝေယံ.. ငါတောင်းပန်ပါတယ်။ ငါရှိခိုးဆိုရင် ရှိခိုးပါမယ်။ ကိုကို့ကို ရှာြကည့်ပါဦး။ ကိုကိုတစ်ခုခုဖြစ်နေပြီ။ ငါ သိတယ်.. ငါ့နှလုံးတွေတအားအောင့်နေရင် သူတစ်ခုခုဖြစ်လို့ပဲ။ လုပ်ပါဦး..”

“ကြည်သာအေးမြ.. ငါ အခု NASA သမိုင်းမှာ ပဲ့ထိန်းစင်ပေါ်ရှိနေခွင့်ရမယ့် အငယ်ဆုံး ပညာရှင် ဖြစ်တော့မှာ။ နင် ငါ့ကို အဲဒီလောက်ကျရှုံးစေချင်လား”

“ဟင့်အင်း.. ဟင့်အင်း။ ငါ မသိပါဘူး။ ငါတကယ်မသိပါဘူး ဝေယံ။ ငါဒီကနေ လေယာဉ်လက်မှတ်ဝယ်ဖို့ ခက်နေလို့ပါ။ အမြန်ဆုံးတောင် မနက်ဖြန်မှငါရောက်နိုင်မှာ။ ငါ.. ကိုကိုတစ်ခုခုဖြစ်နေပြီလို့ ငါသိတယ်။ သူ အရမ်းနာကျင်နေလိမ့်မယ်”

ဝေယံ စိတ်ရှုပ်စွာဖြင့် ဆံပင်ကိုဖွပစ်လိုက်၏။

“တော်စမ်းပါ။ နင်တို့အမြွှာဖြစ်မှုကြီးကို ရပ်လိုက်တော့။ ချမ်းငြိမ်းရဲ့ခါးဒဏ်ရာက နင့်ကြောင့် ဖြစ်တာကို တောင်နင်မသိဘဲ ပူရှိန်းတွေလိုက်စားနေတာလေ။ နင်သိလား ကြည်သာ။ ချမ်းငြိမ်းရဲ့ပူရှိန်းနံ့က ဆေးနံ့ ဆိုတာကို။ အဲဒီအနံ့ရတိုင်း သူဝေဒနာခံစားနေရတာဆိုတာ နင်မြဲမြဲမှတ်ထား”

“ဘာ..”

“ငါ ဒီအစီအစဉ်ပြီးတာနဲ့ ချမ်းငြိမ်းကိုသွားရှာလိုက်မယ်။ ဒါပဲ ကြည်သာ”

ဝေယံ ဖုန်းချပြီး ချမ်းငြိမ်းကို ထပ်ခါထပ်ခါခေါ်ကြည့်သည်။ မကိုင်။ အနိတာကိုဆက်တော့ ညကတည်းက ချမ်းငြိမ်းက ကားမောင်း၍ ပြန်သွားပြီတဲ့။ ညကဆိုလျှင် ဤအချိန်က ချမ်းငြိမ်းရောက်သင့်နေပါပြီ။

ဝေယံ စိတ်မကြည်လင်စွာဖြင့် ဖုန်းကိုထားခဲ့ရပြီး ပဲ့ထိန်းစင်ပေါ်တက်လိုက်ရသည်။ အက်ဘီ ပင် NASA ယူနီဖောင်းနှင့်ရှိနေပေပြီ။

“ဘာဖြစ်တာလဲ”

ဝေယံ ခေါင်းခါပြလိုက်ပြီး နေရာယူလိုက်ရသော်လည်း စိတ်ထဲမှာ အဆင်ပြေမနေ။ ကြည်သာ့ သိမှုဆိုသည်ကို ဝေယံ နှိမ်ပြောပစ်လိုက်သော်လည်း မယုံ၍တော့မရ။ ပထမဆုံးအကြိမ်တုန်းက ကြည်သာသည် ဝေယံနှင့် အိပ်နေစဉ်မှာပင် ဝေဒနာခံစားခဲ့ရပြီး ချမ်းငြိမ်းဆေးရုံရောက်သည်ကိုသိနေခဲ့ သည်ပဲ။ ပဲ့ထိန်းစင်ပေါ်သို့ အဝင်အထွက်လုပ်ခွင့်ပိတ်ရန် မိနစ်ပိုင်းသာလိုတော့သည်။ ဝေယံ ဆုံးဖြတ်ရ တော့မည်။

အိပ်မက်လား.. ချစ်သူလား…။

NASA ပညာရှင်အဖြစ်လား… ချမ်းငြိမ်းအေးဟန် ဘေးကင်းဖို့လား။

ဘဝတစ်ခုလုံးစာ ပြောင်းလဲသွားနိုင်သည်ကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရမည်က မလွယ်ပါ။ သို့သော် ဝေယံ သေချာသည်က တစ်ခုသာ။

ချမ်းငြိမ်းအေးဟန်မရှိလျှင် ဝေယံ့အိပ်မက်တွေသေသွားမည်ထင်သည်။

“တောင်းပန်ပါတယ်.. ကျွန်တော်… အရေးကြီးကိစ္စရှိလို့”

ပဲ့ထိန်းစင်ဝင်ခွင့်ကတ်ကို အက်ဘီ လက်ထဲထည့်ခဲ့ပြီး အားလုံးတားနေသည့်ကြားမှ ဝေယံ ပြေးဆင်းလာခဲ့ သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှလူများရှိနေလည်းဂရုမစိုက်နိုင်တော့ပေ။

ဝေယံ့ဘဝမှာ ချမ်းငြိမ်းအေးဟန်မရှိတော့လျှင် အလင်းမရောက်တော့သော အမှောင်ကမ္ဘာတစ်ခုသာ ဖြစ်ကျန်လိမ့်မည်။

“ငါလာနေပြီ ချမ်းငြိမ်း။ အဲဒါကြောင့် မင်းဘာမှမဖြစ်ပါနဲ့”

============================================================================

နယူးယောက် ပြည်နယ်အဝင်နားရှိ တောအုပ်ထဲတွင် ကားတစ်စီးက ချောက်ထဲထိုးချပြီး မီးငွေ့တလူလူ ထွက်နေသည်။ ထိုလူ့လက်မှ နာရီလေးကတော့ လည်ပတ်နေဆဲ…။

=====================================================================


Leave a comment