32 : Fifth Dimension
(In physics, the 5th dimension is a microdimension of space too small to see that has mathematical value in theoretical models of the universe, like string theory.)
ကြည်သာ့ ခံစားသိမှုအပေါ် ယုံမှားသံသယမဖြစ်ခဲ့ဖူးပါ။ အထူးသဖြင့် ချမ်းငြိမ်းအေးဟန်နှင့် ပတ်သက် လျှင် ကြည်သာ၏ နှလုံးသည် Alarm တစ်ခုကဲ့သို့ ကောင်းကောင်းအလုပ်ပါသည်။ ယခုလည်း ချမ်းငြိမ်း ဘေးအန္တရာယ်တွေ့နေပြီဟု အလိုလိုသိစိတ်ဖြင့် နားလည်နေပြီ။ သို့သော်.. ဝေယံခ ပြောသွားသည်တို့ ကြောင့် ကြည်သာ အသက် ဝ ဝ ပင်မရှူနိုင်။ ကြည်သာ သိပ်ကြိုက်သည့် ပူရှိန်းနံ့က ချမ်းငြိမ်းရဲ့ဝေဒနာ တဲ့လား။ ချမ်းငြိမ်း ခါးထက်က ကြည်သာသိပ်မုန်းတီးရသည့် အနာရွတ်က ကြည်သာကြောင့်ရခဲ့သည်တဲ့ လား။ ကိုကိုရေ.. နင် အဲဒီလိုမဟုတ်ဘူးမလား။ နင်ချစ်တဲ့သူက ဝေယံခ ဆိုရင်တောင် နင့်ကို နားလည်ခွင့် ကို ကြည်သာ့ကိုပေးပါလေ…။
ကြည်သာ အိတ်ကပ်ထဲမှ ပူရှိန်းသကြားလုံးများကို ကြောက်လန့်တကြီး လွှတ်ချပစ်လိုက်၏။ ကြည်သာ ရင်ဘတ်ထက်မှ ကြာပန်းဘယက်လေးကို တင်းတင်းကျပ်ကျပ်အုပ်ကိုင်ပစ်ရင်း ရှေ့ဆက်လုပ်ရမည်တို့ကို အလောတကြီး စဉ်းစားရသည်။ အနိတာကို ဖုန်းဆက်ရမည်။ ဝေယံကတော့ အိပ်မက်ကိုစွန့်ပစ်၍ ချမ်းငြိမ်းကိုလိုက်ရှာမည်မဟုတ်။ ထို့နောက် ကြည်သာ လိုက်သွားလို့ရနိုင်မည့် အနီးဆုံးသော လေယာဉ် လက်မှတ်ကို ရှာရမည်။ လ.ဝ.က အရာရှိများကို အကူအညီတောင်းလျှင် ဖြစ်နိုင်လိမ့်မည်။ ကြည်သာ ဆံပင်ကို တစ်ချက်စုစည်းပြီးနောက် စိတ်ကိုငြိမ်အောင်အရင်ထားလိုက်၏။
ချမ်းငြိမ်းအေးဟန်အတွက် ကြည်သာ တည်ငြိမ်နေရပါမည်။
ငါရှိမယ်.. ကိုကို။ ငါက နင်နဲ့အတူ ထာဝရ…။
==============================================================================
ဝေယံကားစက်နှိုး၍ ထွက်လာချိန်ထိ ချမ်းငြိမ်းကို မည်သို့ရှာရမည်ကို မသိသေး။ ဝေယံက ကြည်သာ့ကဲ့သို့ ချမ်းငြိမ်းစိတ်နှင့် ဆက်သွယ်ထားသူမဟုတ်။ သို့သော် ဝေယံ ဒီတိုင်းရပ်မနေနိုင်သည်ကိုတော့သိသည်။ ချမ်းငြိမ်း အဆင်ပြေနေလျှင်ပင် ထိုအဆင်ပြေနေသည်ကို ကိုယ်တိုင် အတည်ပြုပြီးမှ ကျန်ကိစ္စရပ်များကို စဉ်းစားနိုင်မည်။ ချမ်းငြိမ်း အဆင်မပြေနေလျှင်ရော…။ ဝေယံ လက်တွေပင်တုန်လာသည်။ နာရီလေးကို ငုံ့ကြည့်မိ၏။ လက်တံတွေလည်နေဆဲ။ ချမ်းငြိမ်း အဆင်မပြေနေလျှင်လည်း ဝေယံကိုယ်တိုင် ရှာမည်။ အဆင်ပြေသည်အထိ စောင့်မည်။ ဝေယံ့မှာ ရွေးချယ်စရာများများစားစားမရှိနေပါ။
“ချမ်းငြိမ်းအေးဟန်.. မင်းတစ်ခုခုဖြစ်ရင် ငါ တကယ်စိတ်ဆိုးမိမှာပဲ”
အတွေးနှင့်တင် ရင်ဘတ်ထဲ ခိုက်ခိုက်တုန်အောင် နာကျင်သွားသည်။ ချမ်းငြိမ်း ဘာမှမဖြစ်ပါစေနဲ့..။ ဘဝရဲ့ အရာအားလုံးကို ပုံအောပေးနိုင်တာမို့ ချမ်းငြိမ်းအေးဟန်ကို ဘာမှမဖြစ်ခိုင်းပါနဲ့ အရှင်ဘုရား။
ဝေယံ ကားမောင်းထွက်လာရသော်လည်း မည်သည့်အရပ်ကိုဦးတည်ရမှန်းမသိ။ ဝေယံ ရှာနေသည့်အရပ် မှာ ချမ်းငြိမ်းရှိမနေလျှင် ရူးရဦးမည်။ ဝေယံ ကံကို ယုံလိုက်တော့မည်။ ကံဆိုသည်က အလုပ်ဟု ချမ်းငြိမ်း ပြောဖူးသားပဲ။ ဟုတ်သည်၊ ဝေယံ ယုံမည်။ လက်ပတ်နာရီထဲရှိ သံလိုက်အိမ်မြောင်လေး ပြထားသည့် အတိုင်း မြောက်အရပ်စူးစူးကို ဝေယံ မောင်းထွက်လာခဲ့သည်။ ထိုအတိုင်းသွားလျှင် တခြားပြည်နယ်များမှ နေ၍ မြို့ထဲသို့ ပြန်လာသော အဝေးပြေးလမ်းမများရှိမည်။ ဝေယံ အသက်တစ်ချက်ရှိုက်ရှူပြီးနောက် ကားကို အရှိန်မြှင့်တင်လိုက်၏။
ဟိုးခပ်ဝေးဝေးဆီတွင် ကျန်ခဲ့သော ပဲ့ထိန်းစင်တွင်တော့ ဒုံးကျည်တစ်စီး လွှတ်တင်ခဲ့ပြီ။ အမေရိကန် ပြည်ထောင်စုအလံဖြင့် NASA အမှတ်တံဆိပ်ကို သယ်ဆောင်ထားရသော ထိုဒုံးပျံယာဉ်သည် များမကြာမီ တွင် အာကာသဟင်းလင်းပြင်သို့ဝင်ရောက်တော့မည်။
ကောင်းကင် ထက်တွင် မီးတောက်သွားပြီး မြေမြင်ပေါ်တွင် တုန်ခါသွားသော ပစ်လွှတ်မှုကို ဝေယံ ကားမှန်ထဲမှပင် ပြန် မကြည့်ဖြစ်ခဲ့ပါ။
==============================================================================
ဝေယံ့ စိတ်အာရုံက မမှားခဲ့ပါ။ ချမ်းငြိမ်း၏ ဖုန်းနံပါတ်မှတဆင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သားများက ဝေယံ့ကို ဆက်သွယ်လာခဲ့ချိန်တွင် ဝေယံသည်လည်း ထိုလမ်းမအနီးတွင် ရောက်နေခဲ့ပြီ။ မြို့ထဲမဝင်ခင်ရှိ တောအုပ်ထဲတွင် ကားက ရစရာ မရှိအောင် ပျက်စီးနေခဲ့ပြီး အငွေ့တွေပင်ထွက်နေသဖြင့် အန္တရာယ် ရှိသည်ဟု ယူဆကာ သတိလစ်နေ သော ချမ်းငြိမ်းကို အမြန်ဆုံးသယ်ဆောင်လာခဲ့ကြသည်။
“ချမ်းငြိမ်း… ချမ်းငြိမ်းအေးဟန်… အချစ်.. ငါ့ကို ကြည့်လေ.. ငါပါ.. ဝေယံ…ငါ့ကိုကြည့်ပါဦးလို့”
လူနာတင်ယာဉ်ပေါ်မှ ချမ်းငြိမ်းကို ဝေယံ မြင်သောအခါ စိတ်လွတ်သွားပြီပင်ထင်မိသည်အထိ တုန်လှုပ် နေခဲ့ရ၏။ ချမ်းငြိမ်းခြေထောက်ကို အရေးပေါ်စည်းနှောင်ထားပြီး မျက်နှာတွင်တော့ ပွန်းပဲ့ဒဏ်ရာသာ ရှိ သည်ဆိုသည့်တိုင် မျက်ဝန်းနက်များမှိတ်နေလျှင် ဝေယံ နေစရာမရှိပါလေ။
“လူနာနဲ့ ဘာတော်လဲ။ သူ့ဖုန်းထဲက အရေးပေါ် contact ကလည်း မင်းနံပါတ်ပါပဲ”
“ကျွန်တော်ကသူ့ရဲ့… ချစ်သူပါ”
ထိုသို့ဖြေရခြင်းအတွက် ဝေယံ မရှက်ရွံ့မိသလို အရေးပေါ်ဆေးဝန်ထမ်းကလည်း နည်းနည်းမျှ ထူးခြား ဟန်မပြဘဲ ခေါင်းညိတ်ပြသည်။
“အခု ဆေးရုံကိုအရေးတကြီးပို့ဖို့လိုတယ်။ သူက ငါတို့တွေ့ကတည်းက သတိမရှိနေတော့တာ။ တုံ့ပြန်မှု လည်းမရှိဘူး။ ဆေးရုံကို မင်း လိုက်ခဲ့မှာလား။ အာမခံ ထားထားတဲ့ဆေးရုံရှိလား”
ဝေယံ သတိတရဖြင့် ချမ်းငြိမ်းတို့ တက္ကသိုလ်ဆေးရုံကိုသာ ပို့ဆောင်ခိုင်းရ၏။ ကားကိုထားခဲ့၍မဖြစ်နိုင်သ ဖြင့် ချမ်းငြိမ်း၏ ဆေးရုံကားနောက်မှ ဝေယံ လိုက်မောင်းလာခဲ့ရသည်။ ဝေယံ မည်မျှကြောက်လန့်ခဲ့ရ ကြောင်း ချမ်းငြိမ်း နိုးလာလျှင် ကြိမ်းမောင်းပြောပြရမည်ဟုသာ တေးထားလိုက်တော့သည်။ မျက်ရည်စ တို့ကတော့ မျက်နှာပြင်ပေါ်ပြည့်နေဆဲ…။
============================================================================
ချမ်းငြိမ်းက ခြေထောက်အရိုးကျိုးသွားသည်ဟုသိရတော့ ဝေယံ့မှာ မချိတင်ကဲ သက်ပြင်းချမိ၏။ တခြား ဒဏ်ရာမရှိသည်ပဲ တော်ပါသေးသည်ဟု ပြောရမလိုလိုပင်။
ဆေးရုံမှာ ချမ်းငြိမ်းအတွက် လိုအပ်သည်တို့ကို ဖြည့်စွက်တော့မှ ဝေယံ ချွေးပြန်ရတော့သည်။ ဝေယံက ချမ်းငြိမ်းနှင့်ပတ်သက်သည်တို့ကို ဘာမှမသိပါလား။ ထိုတော့မှ ကြည်သာ့ကို ဖုန်းဆက်ကာ အခြေအနေ ကိုပြောပြပြီး လိုအပ်သည်တို့ကိုမေးရ၏။ ကြည်သာက ဝေယံ့ကို ကလန်ကဆန်မလုပ်ဘဲ အရာရာကို သေ ချာဖြေကြားပြီး ဝေယံထင်သည်ထက် တည်ငြိမ်နေ၍ အံ့သြရသေးသည်။
“ကိုကို့ကို ဂရုစိုက်ပေးပါ ဝေယံ။ ပြီးတော့ ကျေးဇူးတင်ပါတယ်”
“ဘာကိုလဲ..”
“နင့် အိပ်မက်ထက် ချမ်းငြိမ်းအေးဟန်ကို ဦးစားပေးခဲ့တာ ငါ ဒီတစ်သက်မမေ့ပါဘူး။ ငါ လေယာဉ်ရတာနဲ့ လာခဲ့ပါမယ်။ နင့်ကိုငါစိတ်ချမယ်နော်”
သိကျွမ်းဖူးသည့် ကာလတစ်လျှောက် ကြည်သာအေးမြ၏ အသံကလေးက ဤသို့ အားနည်းငြိမ်သက်နေ သည်ကို ဤတစ်ခါသာ ဝေယံ ကြုံတွေ့ဖူးသည်။ ဖုန်းချပြီးနောက် ချမ်းငြိမ်းမျက်နှာကို ငေးစိုက်ကြည့်ရင်း ဝေယံ တွေးနေမိ၏။ ချမ်းငြိမ်းတစ်ခုခုဖြစ်လျှင် ဝေယံမရှိ၍ရသော်လည်း ကြည်သာမရှိ၍ ရပါရဲ့လား။
ဝေယံ သက်ပြင်းရှိုက်ရင်း ချမ်းငြိမ်းလက်ကိုကိုင်ထားမိတော့သည်။
“မင်းဘေးမှာ ငါရှိနေသင့်ရဲ့လား ချမ်းငြိမ်းရယ်… မင်းရော ဘယ်သူ့ကို ပိုလိုအပ်သလဲ”
============================================================================
ချမ်းငြိမ်း သတိပြန်ရလာတော့ စကားမပြောသေးဘဲ ငေးစိုက်ကြည့်နေသဖြင့် ဝေယံ သေလုမျောပါး လန့် သွားရသေးသည်။ အတိတ်မေ့သွားပြီလား၊ တစ်ခုခုများဖြစ်သွားပြီလားဟု ထိတ်လန့်ရင်း အလောတကြီး မေးတော့မှ ချမ်းငြိမ်းက ခပ်တိုးတိုးလေးပြောသည်။
“ကိုယ်.. တောင်းပန်ပါတယ် ဝေယံ”
“ဘာ”
“မင်းအိပ်မက်ကို… ကိုယ် ဖျက်ဆီးမိသွားတယ်..။ ကိုယ့်ကို ခွင့်လွှတ်ပါ…။ ကိုယ်..မရည်ရွယ်ပါဘူး”
“ဘာ”
ဝေယံ ဒေါသထွက်လွန်း၍ မည်သည့်တုံ့ပြန်မှုမှမလုပ်နိုင်။ လက်တွေပင်တုန်လာပြီ။
“ချမ်းငြိမ်းအေးဟန်.. မင်းကို ငါဆွဲမထိုးခင် မင်း ပါးစပ်ပိတ်လိုက်တော့”
“ကိုယ့်ဝေယံ…”
ချမ်းငြိမ်း ခြေထောက်က ပတ်တီးဆွဲထားရသည့်အတွက် အလွယ်တကူထလိုက်ဖို့ မဖြစ်နိုင်သည်ကို ဝေယံ သိသဖြင့် ကျောခိုင်းလည်းမနေရက်ဘဲ ချမ်းငြိမ်းကိုကြည့်ရင်းသာ မျက်ရည်ကျလာမိ၏။
“ကိုယ့်အချစ်ရယ်… ဘာဖြစ်လို့ငိုတာလဲဟင်။ ကိုယ့်ကိုပြောပါဦး။ ကိုယ်.. ကိုယ်.. ဘာလုပ်ရမလဲ”
ချမ်းငြိမ်းက လှဲနေရာမှ ကုန်းရုန်းထလာပြီး ဝေယံ့လက်အစုံကို မထိရက်မကိုင်ရက်စွာဖြင့် အုပ်မိုးလာ၏။
“မင်း မကောင်းတဲ့ကောင်ပဲ ။ ငါသေအောင်နာကျင်ရတယ်”
ဝေယံ ထပ်ပြီးတောင့်ခံနိုင်စွမ်းမရှိသဖြင့် ချမ်းငြိမ်းရင်ခွင်ထဲခေါင်းတိုး၍ ငိုချမိတော့သည်။
ဆေးနံ့တွေနှင့် ထုံနေသည့်တိုင် ချမ်းငြိမ်းရင်ခွင်ဖြစ်၍ ဝေယံ တစ်ဝက်သက်သာရာရပါသည်။ ချမ်းငြိမ်း က ဆေးပိုက်တန်းလန်းလက်ဖြင့် ဝေယံ့ခေါင်းကို ပွတ်ပေးပြီး တစ်ဖက်ကလည်း ဝေယံ့မျက်ရည်စများကို သုတ်ပေးကာ တိုးဖွဖွလေးမေးနေသည်။
“ဘာဖြစ်တာလဲ ကိုယ့်ဝေယံ။ ကိုယ်ရှိတယ်နော်.. ကိုယ့်ကိုပြောပြပါဦး။ ကိုယ်စိတ်ပူလို့ပါ”
“မင်းကိုရော ငါက စိတ်မပူရတော့ဘူးလား။ မင်းပဲ စိတ်ပူခွင့်ရှိတာလား။ ငါ့အတွက် မင်းက အရေးကြီးဆုံး ပါ ချမ်းငြိမ်းရာ။ ငါ့အိပ်မက်မကလို့ ငါရွေးချယ်လို့ရတဲ့အရာဆိုရင် မင်းကိုပဲရွေးမှာပါ။ မင်းကိုစိတ်ပူနေမယ့် ငါ့ကို ထည့်မတွက်ရင်တောင် မင်းကိုချစ်လွန်းလို့ ရူးနေတဲ့ ငါ့ခံစားချက်တွေကိုထည့်တွက်ပါကွာ။ ငါချစ်ရ တဲ့သူက အသက်အန္တရာယ်ကင်းပြီး သတိပြန်လည်လာချိန် ပထမဆုံးကြားရတာက တောင်းပန်စကား ဆို တာ ငါ့အပေါ်မလွန်လွန်းဘူးလား ချမ်းငြိမ်း။ ငါကြားချင်တဲ့စကားတွေထဲမှာ တောင်းပန်စကားဟာ နောက်ဆုံးကပဲ”
ဝေယံ ငိုရင်းရှိုက်ရင်း ချမ်းငြိမ်းရင်ဘတ်တွေ စိုစွတ်ကုန်သည်အထိ တိုးဝှေ့ရင်း စိတ်ထဲရှိသမျှပြောပြချင် လာသည်။
“ကိုယ်…”
“ငါပြောတာနားထောင်။ ငါ့ကို ချစ်တာသိတယ်.. ဒါပေမဲ့ ငါ့ကို ဒီလိုဆက်ဆံနေတာက နှိပ်စက် နေတာပဲ ဆိုတာသိရဲ့လား။ မင်းဘဝကို ငါဘာမှသိခွင့်မရဘူး.. မင်းကပဲ ဘာဖြစ်လို့ ပေးဆပ်ချစ်နေ မှာလဲ။ ငါကရော… ငါ့ကိုချစ်ခွင့်လည်းပေးပါ ချမ်းငြိမ်းအေးဟန်… အချစ်ရယ်.. ငါရူးတော့မှာပဲ။ ငါနာကျင်လို့ ရူး တော့မှာပဲ”
“နာကျင်တယ်…”
ချမ်းငြိမ်းထံမှ တိုးဖွဖွထွက်လာသော စကားသံကြောင့် ဝေယံ ငိုနေရာမှ မော့ကြည့်လိုက်တော့ ချမ်းငြိမ်း လည်း မျက်ရည်များရစ်ဝဲနေ၏။ ဝေယံ့ ကမ္ဘာကြီး ပြောင်းပြန်လည်သွားသလိုပင်…။
“ကိုယ့်ရှေ့က မင်းကို ဒီလိုမြင်ရတာ အရမ်းနာကျင်တာပဲ။ ကိုယ့်ခြေထောက်အရိုးထိသွားတယ်လို့ မင်း ပြောတယ်နော်.. ကိုယ် မနာဘူး ဝေယံ။ တကယ်ကို မနာဘူး။ အခုပြင်းပြင်းထန်ထန် ခံစားနေရတာက တော့ ကိုယ့်နှလုံးသားပဲ။ ကိုယ့်ကို စိတ်ဆိုးလို့ရပါတယ်.. ဒါပေမဲ့ ကိုယ်ပြောတာလေးအရင်နားထောင်ပေး ပါဦး”
ဝေယံက မည်သည့်အခါတုန်းက ချမ်းငြိမ်းအေးဟန်ကို ငြင်းဆန်နိုင်ခဲ့လို့လဲလေ။ ဝေယံ မျက်ရည်များကို ပွတ်သုတ်လိုက်ပြီး ချမ်းငြိမ်းဘေးမှာဝင်ထိုင်လိုက်တော့ ချမ်းငြိမ်းက ပုခုံးထက်ကိုမှီလာ၏။
“ကိုယ့်ကိုယ်ကိုယ်အတွက် ထားခဲ့တဲ့ အတ္တက တစ်ခုပဲရှိတာပါ ကိုယ့်ဝေယံ။ မင်းကို မြတ်နိုးစိတ်က ကိုယ့် ရဲ့ အရာအားလုံးပါ။ ကိုယ်ဒီလောကမှာ ပိုင်ဆိုင်တယ်လို့ ထင်တာလည်း မင်းအပေါ်ထားတဲ့ မြတ်နိုးစိတ် အပြင်မရှိဘူး။ ဒါပေမဲ့… ကိုယ်က တချို့အချိန်တွေမှာ တစ်ကိုယ်ကောင်းဆန်ခဲ့တယ်။ ကိုယ့်ကို ချစ်ရတာ ပင်ပန်းမှာပဲ..”
“ဟာကွာ.. မပင်ပန်းဘူး။ မင်းအဲဒီလိုပြောရင်သာ ငါစိတ်ညစ်ရတာ”
“တောင်းပန်တယ်နော်…ကိုယ့်ကိုခွင့်ပြုပါဦး”
ချမ်းငြိမ်းက မှီထားရာမှ ထလိုက်ပြီး ထိုပုခုံးစွန်းလေးကိုပဲ ဖွဖွကလေး ထိကပ်နမ်းရှိုက်လာတော့ ဝေယံ့ တစ်ကိုယ်လုံးမြောက်တက်သွားပြီး ဆွဲအားကင်းမဲ့ဇုန်ကိုရောက်သွားပြီဟု ထင်ရ၏။
“မင်းမတောင်းပန်ပါနဲ့တော့”
“ဘယ်ဟုတ်မလဲ။ ကိုယ့်မှာ ကိုယ့်ကောင်းကင်လေးကို တောင်းပန်စရာတွေ.. ပြီးတော့ ဖွင့်ဟစရာတွေရှိ သေးတယ်။ အများကြီးပဲ.. မင်းနားထောင်မယ်မဟုတ်လား”
“မသိဘူး.. ချစ်တယ်လို့ပြောကွာ”
“ချစ်တယ် ကိုယ့်ဝေယံ”
“ရပြီ။ ငါတို့မှာ အချိန်တွေအများကြီးရှိသေးတာမို့ ကျန်တာတွေကို ဖြည်းဖြည်းချင်းပြောသွားမယ်။ မင်း ငါ့ကိုချစ်ပြီး ငါလည်းမင်းကိုချစ်ရင် ကျန်တာဘာအရေးလဲ ချမ်းငြိမ်းရယ်”
“ကိုယ့်နာရီရော”
“အာ.. ဒီမှာ”
အရေးပေါ်ကားထဲမှနေ၍ ဆေးဝန်ထမ်း၏ညွှန်ကြားချက်ဖြင့် ဝေယံ ဖြုတ်သိမ်းခဲ့သည်ပဲ။ ဝေယံ့ အိတ်ကပ်ထဲမှ ထုတ်ပေးတော့ ချမ်းငြိမ်းက ဝေယံ့လက်ကိုပါဆွဲယူပြီး အချိန်တိုက်နေ၏။
“ရပ်နေတာပဲဟာကို ဘာကိုတိုက်မှာလဲကွာ။ နားနားနေနေနေပါဦးဟ”
“မင်းမရှိသ၍ ကိုယ့်ကမ္ဘာမလည်ပါဘူး ကိုယ့်ဝေယံရာ”
ဝေယံ ရင်ထဲ တသိမ့်သိမ့်တုန်သွားပြီး ချမ်းငြိမ်းကို ငေးကြည့်နေမိ၏။ ၁၆ နှစ်ကတည်းက ဝေယံ့ကို စောင့်ဆိုင်းလာခဲ့သည်ဆိုသော လူသား.. ဝေယံ့ တစ်ဘဝစာ အချစ်ရဆုံးသောလူသား… ဝေယံ့ကို ပိုချစ် ပေးချင်သော လူသား…။ ဝေယံခမှာ ဒီလူသားမရှိတော့လျှင် ….။
ချစ်စိတ်ဖြင့် ဝေယံ ငုံ့ပြီး နှုတ်ခမ်းကို အနမ်းပေးလိုက်တော့ ချမ်းငြိမ်းမျက်ခုံးလေးတန်းသွားကာ ပြုံးသွား ၏။
“ကိုယ်တော့…”
ပြောနေဆဲမှာပင် အနိတာနှင့် မစ္စတာကူးမားတို့ ဝင်လာသဖြင့် စကားစပျက်သွားရ၏။
“ချမ်းငြိမ်း..ငါ့သားရယ်.. ဘယ်လိုဖြစ်ရတာလဲ။ အရှင့်တန်ခိုးတော်တွေကြောင့်သာ ကြီးကြီးမားမားမဖြစ် တာပေါ့”
“ ပါပါး.. ကျွန်တော်.. ကားကိုပြန်လျော်ပေးပါမယ်”
အဘိုးကြီးက နှုတ်ခမ်းမွေးကားကားကြီးတွေ ထောင်တတ်သွားသည်အထိ အော်လိုက်၏။
“တိတ်စမ်း.. ငါ့သားအသက်နဲ့ ငါ့ကား ဘယ်ဟာကအရေးကြီးမှာလဲ။ အဲဒီကားကို သံရည်ကျိုပစ်မယ်။ ထပ် စီးလို့မဖြစ်ဘူး။ မင်းနေကောင်းအောင်ပဲနေစမ်း”
ချမ်းငြိမ်း အအော်ခံလိုက်ရသည့်ကြားမှာ ဝေယံ့မှာ အဘိုးကြီးကို အားရစွာဖြင့် လက်ခုပ်တီးပြီး သွားဖက် ထားတော့ အားလုံး အံ့သြတကြီးဖြစ်ကုန်သည်။
“ဘာ.. ဘာတုန်းဟ။ မတော်တဆမှုဖြစ်တာ တစ်ယောက်.. ထိလာတာတစ်ယောက်များလား”
အဘိုးကြီးက ဖက်သည်ကို တွန်းလွှတ်ရင်းပြောတော့ ဝေယံ မျက်ရည်စများနှင့်ရယ်လိုက်မိသည်။
“ကျွန်တော်က ပါပါးကိုကျေးဇူးတင်လို့ပါ။ ချမ်းငြိမ်းကို အဲဒီလိုအော်ပေးလို့လေ”
“အောင်မယ်…တယ်ဟုတ်ပါလား။ ငါ့ကို ပါပါး လို့ခေါ်ပြီပေါ့လေ”
“အနိတာက ကျွန်တော့် မာမား.. ကျွန်တော်သိပ်ချစ်တာပဲ။ ကျေးဇူးလည်းတင်ပါတယ်။ ချမ်းငြိမ်းအတွက် ရှိနေပေးလို့လေ”
“ငါတို့က မင်းအတွက်လည်းရှိပါတယ်နော်”
အနိတာက ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းကိုသွားဖက်ထားတော့ ဝေယံရော မစ္စတာကူးမားပါ ရောဖက် ထား၍ လေးယောက် အပူးလိုက်ကြီးဖြစ်နေသည်။ ဝေယံ့မှာတော့ ဤနွေးထွေးမှုကြောင့်သာ ခုနက စိတ်ပူ စရာများကို မေ့ထားလာနိုင်ခြင်းပင်။
“ချမ်းငြိမ်းက ကားမောင်းရင် အမြဲသတိထားပါတယ်။ ဒီတခါဘယ်လိုဖြစ်တာလဲ”
ပါပါး ၏ အမေးကြောင့် ဝေယံ တစ်စုံတစ်ခုကိုသတိရသွား၏။ ကားကို ဝေယံ တွေ့ခဲ့သည်။ ကယ်ဆယ် ရေး၏ အဆိုအရ မတော်တဆဟုတ်ပါ့မလား…။ ဝေယံ့ မျက်နှာတင်းသွားတော့ ချမ်းငြိမ်းက ဝေယံ့လက် ကို အတင်းဆွဲရင်း…
“ကိုယ် တောထဲကထွက်လာတဲ့ သမင်တစ်ကောင်ကိုရှောင်လိုက်တာပါ။ ကိုယ်မလိမ်ပါဘူး ဝေယံ” ဟု ပျာပျာသလဲလဲပြော၏။
“မင်းသေချာလား။ လူကြီးတွေကိုလည်း မညာနဲ့နော်”
“ကျွန်တော် ကားမောင်းရင်း စိတ်ငြိမ်အောင်နေပေမဲ့ အတွေးတွေလွတ်ထွက်သွားတုန်း သမင်တစ်ကောင် က မြင်ကွင်းထဲပေါ်လာတာနဲ့ ကားကို ဘေးစောင်းချလိုက်တာ.. ဘရိတ်ခ်က မမှီလိုက်တာပါပဲ။ ကျွန်တော် မညာပါဘူး.. ဝေယံ.. Blackbox လည်းစစ်လို့ရမှာပါ။ ကိုယ်တကယ်ပြောတာပါ”
အနိတာကတော့ ချမ်းငြိမ်းခေါင်းကိုပုတ်ပေးရင်း “ငါ့သား ဘာမှမဖြစ်တာပဲ တော်ပါသေးတယ်။ ရာဂျက်ရှ် တောင်ပြန်ကောင်းခါစရှိသေးတယ်။ ငါ့သားက ဒီလိုထပ်ဖြစ်ရတယ်လို့။ ဘာဖြစ်ဖြစ် စိတ်ဆင်းရဲစရာတွေ မတွေးနဲ့ဦး။ ဘာစားမလဲ” ဟု နှစ်သိမ့်ပေး၏။
ဝေယံကတော့ တိတ်ဆိတ်နေမိမြဲ။ ချမ်းငြိမ်းက သေကြောင်းကြံစည်မည့်သူတော့မဟုတ်ပါ။ သို့သော် ဖြစ်နိုင်ခြေတွေအတွက် ဝေယံ စိတ်အနှောင့်အယှက်ဖြစ်ရမြဲ။
အနိတာတို့ပြန်သွားတော့ ချမ်းငြိမ်းက ဝေယံ့လက်ကိုဆွဲပြီး မျက်နှာချင်းဆိုင်ထိုင်စေသည်။
“ကိုယ် အဲဒီလိုမလုပ်ဘူးဆိုတာ မင်းအသိဆုံးပါ ဝေယံ။ ကိုယ့်မှာ မင်းရှိနေတာကို…”
“ဒါပေမဲ့.. မင်း ကြည်သာနဲ့ဖုန်းပြောပြီး အဲဒီလိုဖြစ်သွားတာမဟုတ်လား။ ဘာတွေဖြစ်ခဲ့ကြတာလဲ။ ငါ့ကို လည်း ကြည်သာပဲ လှမ်းဆက်ပြီး ရှာခိုင်းတာ”
ချမ်းငြိမ်းက သက်ပြင်းတစ်ချက်ချလိုက်၏။
“ကိုယ် မုသာဝါဒကံကို တစ်သက်လုံးမချိုးဖောက်ဘူး။ တတ်နိုင်သလောက် ကံငါးပါးလုံအောင်လည်း နေခဲ့ တယ်။ ဒါပေမဲ့… ကိုယ် ကြည်သာ့ဆီက ဖုန်းရတဲ့အချိန်မှာ တကယ်မဟုတ်တာတွေပြောလိုက်သင့်လားဆို တဲ့ အတွေးက နှိပ်စက်နေခဲ့တယ်။ ကြည်သာ အမှန်တရားကို သိသွားရင် ကောင်းစရာမရှိဘူးထင်ပေမဲ့ ကြည်သာ အမှန်တရားကိုသိသင့်တယ်လို့လည်း ကိုယ်ထင်နေတယ်။ ကိုယ် အတ္တကြီးနေမိတာလည်းပါ တယ်ထင်တယ်။ တစ်သက်လုံး ကိုယ် ထမ်းပိုးလာတဲ့ဝန်ထုပ်တစ်ခုကို ကိုယ်လွှတ်ချချင်ခဲ့တာ”
ဝေယံ ထင်သည့်အတိုင်းပါပင်။ ဝေယံ့ ချစ်သူက တစ်သက်လုံး ပင်ပန်းခဲ့ရပြီပဲ။ ဝေယံက ချမ်းငြိမ်းနှင့် နဖူး ချင်းထိထားလိုက်ပြီး လက်ချင်းယှက်ထားလိုက်ကာ တိုးတိုးလေးနှစ်သိမ့်ပေးမိသည်။
“အခု မင်းမှာ ငါရှိပြီ။ မင်းတစ်ယောက်တည်းမဟုတ်တော့ဘူး။ မင်းက လူသားတစ်ယောက်ပါ ချမ်းငြိမ်း။ မင်း အတ္တကြီးလို့ရတယ်.. မင်းတစ်ကိုယ်ကောင်းဆန်လို့ရတယ်။ ငါက မင်းကို ချစ်တယ်လေနော်။ မင်း ပို ပြီး မင်းကိုယ်မင်း ကြည့်ဖို့ ငါဘယ်လောက်မျှော်လင့်ရလဲသိလားဟင်.. အချစ်။ ငါ့ကိုယုံနော်.. ငါရှိတယ်။ ငါ့ လက်ကိုတွဲ။ မင်းဖြစ်လာသမျှ ငါနဲ့တူတူရင်ဆိုင်ကြမယ်။ မင်းပင်ပန်းနေရတာတွေ ငါ့ကိုလည်း မျှဝေခွင့် ပေးပါ”
“ကိုယ့်မှာ မင်းဆိုတဲ့ကောင်းကင်သာမရှိခဲ့ရင် ကိုယ်ဒီအချိန်ထိ ရှိနေပါ့မလားမသေချာဘူး”
“ရှူး… ငါရှိတယ်။ ငါက မင်းကောင်းကင်။ မင်းကငါ့စကြဝဠာ..။ ရပြီလား”
ချမ်းငြိမ်း မျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်ပေးရင်း ဝေယံ သက်ပြင်းရှိုက်လိုက်၏။ ချမ်းငြိမ်း အနားမှာ ရှိနေခွင့်ရတာ ဝေယံ ကံကောင်းသည်ပဲ။
==============================================================================
ချမ်းငြိမ်း ထိခိုက်ထားသည်ကိုပင် အနားမှာရှိနေခွင့်မရသည်ကို ကြည်သာ နာကျည်းပါသည်။ လေယာဉ်ကို စောင့်ရင်းဖြင့် ကြည်သာ့မှတ်ဉာဏ်တွေ တစစီပွင့်ထွက်လာသည်။ အတိတ်ဆီက ချမ်းငြိမ်း နှင့် ဖေဖေ… ပြီးတော့ ဂါဝန်ကလေးနှင့် ကြည်သာအေးမြ။
“ဖေဖေ့နားလာပါဦး သမီးငယ်”
ကြည်သာ ပေကပ်ကပ်လုပ်နေမိစဉ် ချမ်းငြိမ်းက ကြည်သာ့အစား ဖေဖေ့အနားသို့တိုးကပ်သွား၏။ ဖေဖေ က ရယ်မောရင်း ချမ်းငြိမ်းကိုကောက်ချီကာ ထွက်သွားသည်။ ကြည်သာကလေးမှာ စိတ်သက်သာရာစွာ ဖြင့် ထွက်လာနိုင်ပြီ။ ချမ်းငြိမ်းရောအဆင်ပြေပါမည်လား။
ကြည်သာသည် အတိတ်မှတ်ဉာဏ် အပိုင်းအစများမှနေ၍ တစ်စုံတစ်ရာကို ကောင်းကောင်းကြီး သိလာ ပြီ။ ချမ်းငြိမ်းအေးဟန် အဆင်ပြေရဲ့လားဟု ငယ်စဉ်က ကြည်သာ တခါမှမမေးခဲ့ဖူးပါလား။
ကိုကိုရေ.. ငါ့ဘဝရဲ့အရာအားလုံးရေ.. နင်… အဆင်ပြေရဲ့လား။
နောက်ကျမှ မေးရလို့တောင်းပန်ပါတယ်။
=============================================================================
ဝေယံခ ဆိုသောအမည်တစ်ခုက သမိုင်းဝင်အခမ်းအနားတစ်ခုတွင် ပါဝင်ခွင့်မရတော့အပြင် စည်းကမ်း ရေးရာ ကော်မတီတွင် အစစ်ဆေးခံရတော့မည်ဆိုသော သတင်းရောက်လာသော်လည်း ဝေယံ မတုန်လှုပ် ပါ။ ဝေယံ့ချစ်သူ ဘာမှမဖြစ်လျှင် တော်ပါပြီ။ အိပ်မက်ဆိုသည်က ဘဝမသေသေးသ၍ မက်နိုင်သောအရာ ဟု ဝေယံခံယူလိုက်တော့သည်။ ချမ်းငြိမ်းကတော့ ထိုအကြောင်းသိရလျှင် စိတ်မကောင်းဖြစ်နေမြဲ။
မျက်နှာလေးနွမ်းသွားလျှက် ဝေယံ့လက်ချောင်းလေးများကို နူးနူးညံ့ညံ့ဆုပ်နယ်ပေးလာသည်။
“မင်းတောင်းပန်ရင် ငါစိတ်ဆိုးမှာနော်။ ရုတ်ရုတ်မလုပ်နဲ့ ငါ တကယ်စိတ်ဆိုးပစ်မှာ”
“စိတ်ဆိုးပြီးရင်ရော ကိုယ့်ကိုနမ်းမှာလား..”
“မင်းနော်.. အဲဒီလိုပေါက်ကရတွေပြောနေ…။ ကဗျာရွတ်ပြကွာ။ ငါ ကဗျာနားထောင်ချင်တယ်”
“ကဗျာ.. ထူးထူးဆန်းဆန်းပါလား။ ဘာနားထောင်ချင်လဲ”
ဝေယံ မဖြေဘဲ ငြိမ်နေလိုက်သော်လည်း ချမ်းငြိမ်းနှုတ်မှထွက်သမျှစကားသံဟာ ကဗျာပေါ့ဟု ခံယူထား
၏။ ချမ်းငြိမ်းနှုတ်က ကိုယ့်ဝေယံ ဟုခေါ်လာလျှင်တော့ အချိုမြိန်ဆုံးတေးကဗျာ ပဲဖြစ်တော့သည်။
“ဆရာတာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ကိုယ်သိပ်သဘောကျတာပဲ။ နားထောင်မလား။ မီးတောက်ရစ်သမ် တဲ့”
ဝေယံ မဖြေ။ ချမ်းငြိမ်းလက်ကိုမှီ၍ ခေါင်းလေးတင်ထားတော့ ချမ်းငြိမ်းက ဝေယံ့နားရွက်လေးကို ဖွဖွ လေးပွတ်ပေးရင်း ဖြည်းဖြည်းချင်းရွတ်ပြသည်။
ထိပ်ထားရေ…
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်… ထာဝရချမ်းမြေ့စေသား
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..
ငါ.. ဆုတောင်းပေးနေမယ်..။
ပန်းခူးရင်း…
သူငယ်ချင်းတွေနဲ့နေရင်း…
စကားပြောရင်း ….
သီချင်းလေးတွေဆိုရင်း…
မင်း….ငါ့ကို မေ့သွားမှာပါ…။
ခုတော့…သွားတော့နော်
ငါ ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
“ဘ၀” ဆိုတဲ့ မာယာနိုင်ငံအိုက …
စောင့်ကြိုလို့ နေရော့မယ် …
သာမည လမ်းခွဲမှာ …
ဝမ်းမနည်းသလို ငါတို့နှုတ်ဆက်
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ … အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ … အောင်မြင်ပါစေ …
ထိပ်ထားရေ။
- တာရာမင်းဝေ
ကဗျာရှည်ကြီးရွတ်ပြပြီးသည့်တိုင် ဝေယံ မတုံ့ပြန်မိ။ ဒီကဗျာက ဘာဖြစ်လို့ ဒီလောက် ဝမ်းနည်းစရာ ကောင်းရတာလဲ ဟုသာတွေးနေမိသည်။
“ကိုယ့်ဝေယံ.. မကြိုက်ဘူးလား”
“ဝမ်းနည်းဖို့ကောင်းလို့ပါကွာ”
“ဟုတ်လား… ကိုယ့်ထိပ်ထားက အဲဒီလိုထင်တယ်ပေါ့”
“မင်းကြီးတော် ထိပ်ထား”
“ချစ်လို့ပါကွာ.. ကိုယ့်ရဲ့မင်းသမီးလေး.. ထိပ်ထားလေး.. ကိုယ်က ကော်ဇောပျံနဲ့ ခေါ်သွားချင်တာ”
“မင်းတော့နော်..”
ရန်တွေ့ဖို့ လှည့်ကြည့်တော့ မျက်ဝန်းနက်တွေကပြုံးကာ အနားရောက်နေပြီ။
“ကိုယ်မရှိလည်း မင်းကို မနက်ဖြန်တိုင်းမှာ အောင်မြင်စေချင်တာ မှန်သောသစ္စာပါ ကိုယ့်ဝေယံ”
“မင်းကဘာလို့မရှိရမှာလဲကွာ”
ဝေယံ စိုးရိမ်တကြီးနှင့် ဖက်ထားလိုက်တော့ ချမ်းငြိမ်းကပြုံးနေခဲ့ပါသည်။
=======================================================================


Leave a comment