33 : Big Bang
(စကြဝဠာကြီးသည် အလွန်ကြီးမားသော မဟာပေါက်ကွဲမှုကြီးတစ်ရပ်မှနေ၍ ဖြစ်တည်လာသည် ဟု ယူဆချက်ကို နက္ခတ္တရူပဗေဒဆိုင်ရာ စံနမူနာတစ်ခုအဖြစ် သတ်မှတ်သည်)
ဝေယံ့စိတ်ထဲ ဘာကြောင့်မှန်းမသိ လေးလံနေခဲ့၏။ ချမ်းငြိမ်းက ထူးထူးခြားခြား ဘာဂါနှင့် အာလူးချောင်း ကြော်စားချင်သည်ဟု ပြောလာသဖြင့် ဝေယံ့မှာ စိတ်မချလက်မချဖြင့် ခဏထားခဲ့ပြီး သွားဝယ်ပေးနေရ သည်။ သို့သော် ထိုလေးလံမှုက ကြောက်ဖို့ကောင်းလောက်အောင်ရှိနေဆဲ။ ယနေ့မှ McDonald ဆိုင်က ကြာလွန်းနေသည်။ ဝေယံ စိတ်မရှည်တော့သဖြင့် ကောင်တာကိုပင် သွားလောလိုက်မိသေးသည်။ အာလူးချောင်းကြော်က အချိန်ခဏမျှစောင့်ပေးရဦးမည်တဲ့။ ဝေယံ နာရီကို ကြည့်လိုက်တော့ နာရီလက် တံက လည်ပတ်နေဆဲ။ ၈ နာရီထိုးရန် ဆယ်မိနစ်အလို။
ဝေယံ ခေါင်းခါလိုက်ပြီး ချမ်းငြိမ်းကို ဖုန်းဆက်ရန်တွေးနေစဉ်မှာပင် အာလူးချောင်းကြော်ရလာ၏။ အချိန် မဆွဲနေတော့ဘဲ ချမ်းငြိမ်းရှိရာ ဆေးရုံခန်းသို့ မပြေးရုံတမယ် ခပ်သွက်သွက်လှမ်းလာမိတော့သည်။ ဘာ ကြောင့်မှန်းမသိ.. ချမ်းငြိမ်းကို သိပ်လွမ်းနေပြီ။ မျက်နှာလေးမြင်ရမှ ဤလေးလံနာကျင်ရသော ခံစားချက် တို့ပျောက်တော့မည်ပဲ။
ဝေယံ တံခါးဆွဲဖွင့်လိုက်တော့ ကြည်သာ့ကို အရင်ဦးဆုံးတွေ့လိုက်ရ၏။ ကြည်သာအေးမြက ဝေယံ့ကို ကျောပေးထားရာမှ သွေးအေးအေးပြန်လှည့်ကြည့်လာသည်။ ကြည်သာ့နှုတ်ခမ်းမှာ သွေးစက်တွေ… ဝေယံ အထိတ်တလန့်ဖြင့် ချမ်းငြိမ်းကိုကြည့်မိတော့ လူနာကုတင်ပေါ်မှ ချမ်းငြိမ်းက သွေးအလူးလူးဖြင့် ငြိမ်သက်နေ၏။
“ကြည်သာအေးမြ.. နင် နင် ဘာလုပ်လိုက်တာလဲ။ ချမ်းငြိမ်း… ချမ်းငြိမ်းအေးဟန်.. ငါခေါ်တာကြားလား။ ငါ့ကိုကြည့်စမ်း။ ချမ်းငြိမ်း…”
နာရီလက်တံက လျင်မြန်စွာ လည်ပတ်နေ၏။
ကြည်သာ့စိတ္တဇဆန်ဆန်ရယ်သံကိုသာကြားလိုက်ရပြီးနောက် ဝေယံ ထိတ်လန့်စွာဖြင့် ချမ်းငြိမ်းကို အတင်းလှုပ်နှိုးနေမိတော့သည်။
“အင်း.. ကိုယ်ကြားပါတယ်။ ကိုယ့်ဝေယံ… အဆင်ပြေရဲ့လား”
လက်မောင်းကိုလာထိလိုက်မှ ဝေယံ သတိဝင်လာသည်။ ဆေးရုံခန်းထဲမှာ ကြည်သာလည်းမရှိ။ ချမ်းငြိမ်း လည်း မျက်နှာကြည်ကြည်စင်စင်နှင့်ရှိနေဆဲ။ ဝေယံ အိပ်မက်မက်နေသည်ပဲဟု သိသွားမှသက်ပြင်းချနိုင် သွားသည့်တိုင် ချမ်းငြိမ်းအဆင်ပြေမပြေ စစ်ကြည့်မိသေးသည်။ လှဲနေသည့်ချမ်းငြိမ်းက ထထိုင်လိုက်ပြီး ဝေယံ့ကို အထူးအဆန်းလိုကြည့်နေ၏။
“အိပ်မက်မက်နေတာလား ကိုယ့်ဝေယံ။ ကိုယ်ပါပါတာလား”
“ပြောမနေပါနဲ့တော့ကွာ.. ဘာအိပ်မက်ကြီးလဲမသိဘူး။ လန့်ရလွန်းလို့သေမှာပဲ”
ဘေးနားရှိ ရေဘူးထဲမှ ရေကို အငမ်းမရမော့သောက်လိုက်၍ စီးကျလာသော ရေများကို ချမ်းငြိမ်းက လက်ဖမိုးဖြင့် ဖြည်းဖြည်းချင်းထိတွေ့ကာဖယ်ရှားပေး၏။
“မင်း ဒီရက်ပိုင်းတွေ ကိုယ့်ကိုစောင့်နေရင်း အိပ်ရေးတွေပျက်နေရပြီ။ ကိုယ် အဆင်ပြေပါတယ်။ ကိုယ် ချုပ်ရိုးကိုကြည့်ပြီးရင် ဆေးရုံဆင်းတော့မယ်နော်”
“ဟာကွာ.. မင်းငြိမ်ငြိမ်နေစမ်းပါ။ မင်းနဲ့မဆိုင်ဘူး”
“ကိုယ့်အကြောင်းအိပ်မက်မဟုတ်လား။ ကိုယ်နဲ့ဆိုင်တာပေါ့။ ပြီးတော့ ကိုယ်မပါတဲ့အိပ်မက်ဆိုရင်တောင် ကိုယ်ချစ်မြတ်နိုးရသူရဲ့ အိပ်မက်ဟာ ကိုယ်နဲ့မဆိုင်ဘဲရှိပါ့မလား”
“ဟ.. ချမ်းငြိမ်းအေးဟန်။ မင်းခဏလောက် ငြိမ်ငြိမ်နေပါဆိုနေ။ မောရတဲ့အထဲ”
ဝေယံ ဟောက်လိုက်ပြီးမှ စိတ်မကောင်းဖြစ်သွားရသည်။ ချမ်းငြိမ်းက ဝေယံ ငြိမ်ဆိုလျှင် ငြိမ်သည့်လူမျိုး။ သို့သော် ဝေယံ့နားရွက်ဖျားလေးကို လာထိပြီး မျက်နှာလေးနွမ်းနေတော့ ဝေယံ မည်သို့ခံနိုင်ရည်ရှိမည် နည်း။ ထိုလက်ကလေးကိုပဲ ဝေယံ တရှိုက်မက်မက် နမ်းမိသည်။
“ဆောရီးကွာ.. မင်းကို အော်ချင်လို့မဟုတ်ပါဘူး။ အိပ်မက်ကြီးကိုစိတ်ညစ်နေတုန်း မင်းက ဆေးရုံဆင်း မယ်ပြောတော့ စိတ်နည်းနည်းတိုသွားတာ။ မသက်သာသေးဘဲ ငါ့အတွက်နဲ့ ဆေးရုံဆင်းမှာမလား”
“ကိုယ် သက်သာပါပြီ။ တကယ်ပါ။ ကိုယ် ချိုင်းထောက်နဲ့ လမ်းလျှောက်ကျင့်ပြီးရင် ဆေးရုံဆင်းလို့ရပါပြီ”
ဝေယံ ထပ်မအော်မိအောင် ထိန်းနေရသည်။ ဆရာဝန်နှင့် ဝေယံ တွေ့ဆုံခဲ့ပြီးပြီ။ ချမ်းငြိမ်းအခြေအနေက ကြာကြာအနားယူဖို့လိုအပ်သည်။ ခြေထောက်အရိုးကျိုးသည်က ခွဲစိတ်ပြီးဆက်၍ အဆင်ပြေသည်။ သာမန်ကိစ္စမျှသာ။ ပြဿနာက ချမ်းငြိမ်း ခါးမှဒဏ်ရာပင်။ MRI သေချာရိုက်ကြည့်သောအခါမှ ချမ်းငြိမ်း ခါးရိုးမှာ ဒဏ်ရာလှိုက်စားနေသည်။ ဖြစ်ဖြစ်ချင်းတွင် ချက်ချင်းကုခဲ့ရမည့်အစား လိမ်းဆေးအပူများနှင့် သာ ထိန်းနေခဲ့သည့်အတွက် ဒဏ်ရာသေးသေးလေးမှ ကြီးလာခြင်းဖြစ်သည်။ ယခုတခါ ကားတိုက်မှုတွင် ထိုဒဏ်ရာပေါ်သာ ထပ်ပိမိလျှင် လမ်းမလျှောက်နိုင်တော့သည်အထိ အခြေအနေဆိုးနိုင်သည်ဟု ဆရာဝန်က ပြောလိုက်ကတည်းက ဝေယံ့မှာ ချမ်းငြိမ်းအနားမှမခွာနိုင်တော့ပေ။ ထို့ကြောင့်လည်း အိပ်မက်တွေပင် စိတ်စွဲ၍ မက်ကုန်ပြီမဟုတ်လား။
“မင်းအော်လို့ရပါတယ်။ မင်းကိုယ့်ကို ဆူချင်တာမဟုတ်လား။ စိတ်ထဲမထိန်းထားနဲ့.. မင်းနဲ့မလိုက်ဘူး”
ပါးကိုရွှတ်ခနဲနမ်းရင်း ချမ်းငြိမ်းက ချော့လာတော့ ဝေယံ သက်ပြင်းတွေသာတွင်တွင်ချရသည်။
“မင်းကရော..”
“ဟင်”
“မင်းရော.. စိတ်ထဲထိန်းထားတာတွေ ဘယ်တော့ လွှတ်ချမှာလဲ။ မင်းစိတ်ထဲထိန်းထားတာတွေက လိုက် ဖက်တယ်ထင်နေလား”
ချမ်းငြိမ်း မျက်နှာလေးမှိုင်းသွား၏။ ဝေယံ့မှာ ထိုမျက်နှာလေးကြည်စင်ဖို့ ဘဝနှင့်ရင်းကာ ကြိုးစားမည်ဟု ဆုံးဖြတ်မိသွားသည်။
“ကိုယ်…မင်းကိုပြောပြမှာပေါ့ ကိုယ့်ဝေယံ။ ကိုယ့်ကို မင်းနားလည်လာဖို့ ကိုယ် ကြိုးစားမှာပေါ့”
“အဲဒီလိုပဲပြောနေတာပဲ.. ငါက စိတ်သိပ်ရှည်တယ်ထင်နေလား”
ဝေယံ နှုတ်မှပွစိပွစိပြောရင်း ရေခဲသေတ္တာထဲမှ ပန်းသီးလေးသွားထုတ်ယူလာ၏။ ချမ်းငြိမ်း အစားမှန် မှန်ဝင်ဖို့က လတ်တလော ဝေယံ့၏ အရေးကြီးဆုံးသော တာဝန်ဖြစ်နေသည်လေ။ ချမ်းငြိမ်းကတော့ ဝေယံ့ကို ငေးပဲကြည့်နေရှာသည်။
“ကိုယ်ငယ်ငယ်က မိဘတွေနဲ့ စကားမပြောခဲ့ဘူး။ ကိုယ့်အတွက် မိဘတွေက တစ်မျိုးပဲ”
ပန်းသီးအခွံခွာနေသည့်လက်တို့ တန့်သွားရ၏။ သို့သော် ဝေယံ ဖြတ်မမေးချင်။ ချမ်းငြိမ်း ပြောပြသည်ကို ပဲ နားထောင်ချင်သည်။ ဤသည်ကို နားလည်၍ပဲထင်.. ချမ်းငြိမ်းကဆက်၍ပြောပြပါသည်။
“ကိုယ် စကားပြောချင်တာ ကြည်သာနဲ့ပဲရှိတယ်။ ကြည်သာ ပျော်နေရင် ကိုယ်ကျေနပ်တယ်။ ကြည်သာနဲ့ ကိုယ်ပဲ ရှိနေရင် ပုံပြင်တွေလည်းပြောပြနိုင်တယ်။ ကြည်သာ ဆော့ချင်တာတွေလည်းလိုက်ဆော့ပေးနိုင် တယ်။ ကြည်သာအေးမြရဲ့အစ်ကိုဖြစ်ခွင့်ရတာကို ကိုယ့်ဘဝမှာကံအကောင်းဆုံးလို့ ခံယူခဲ့တာ”
ဝေယံ့ ရင်ထဲ ဝန်တိုမှုသေးသေးလေးဖြစ်ပေါ်သွား၏။ ကြည်သာအေးမြဟာ ကံကောင်းခြင်းတွေရရှိခဲ့သူပဲ။ ဝေယံ့မှာတော့ ချမ်းငြိမ်းငယ်ဘဝကိုပင် ယခုမှ ကြားသိရသည်မဟုတ်လား။
“ကြည်သာက ကိုကိုစကားပြောရင်ပျော်ရမှာပဲဆိုလို့ ကိုယ် လူကြီးတွေနဲ့ စကားပြန်ပြောခဲ့တယ်။ ဒါပေမဲ့ ကိုယ်ပြန်ရလိုက်တာက ကြည်သာ့ အမုန်းတွေပဲ”
ကြည်သာအေးမြ မည်သို့ဖြစ်မည်ကို ဝေယံ သိပါသည်။ ကြည်သာ့ထက်ပို၍ အချစ်ခံနေရမည့် အစ်ကိုကို ကြည်သာ မုန်းတီးလောက်မည်။
“ကြည်သာ့ကို ကိုယ် ရှင်းပြချင်ပေမဲ့ အခြေအနေတစ်ခုကြောင့်ကိုယ်နဲ့ကြည်သာတို့ ပိုဝေးသွားတယ်”
“ဖေဖေ့ရဲ့ကိုယ့်အပေါ်မျက်နှာသာပေးမှုတွေက ကြည်သာ့အမုန်းတရားတွေကိုပိုကြီးထွားစေတယ်”
“အမှန်တိုင်းဝန်ခံရရင် ကိုယ် ဖေဖေ့ကို မချစ်ဘူး ဝေယံ”
“ဟင်”
တစ်ချိန်လုံးငြိမ်သက်နေခဲ့မိသော်လည်း ဤနေရာတွင်တော့ ဟင် ခနဲ အာမေဋိတ်ပြုမိပါသည်။ ချမ်းငြိမ်း ၏ အနီးကပ်ဆုံးလူမှာ ချမ်းငြိမ်းတို့အဖေ ကဗျာဆရာဖြစ်သည်ဟု ကြည်သာပြောသည်ကိုရော၊ ချမ်းငြိမ်း စကားတွေမှရောသိခွင့်ရခဲ့ပြီးမှ… အဲဒီလိုမဟုတ်ဘူးတဲ့လား။
“ဖေဖေက စာသမားတစ်ယောက်ပါ။ သူကိုယ်တိုင်လည်း ကဗျာရေးသူတစ်ယောက်အနေနဲ့ အတိုင်းအတာ တစ်ခုထိ အသိအမှတ်ပြုခံခဲ့ရတယ်။ ဒါပေမဲ့…ဖေဖေက မျက်နှာဖုံးနဲ့လူတစ်ယောက်ပါပဲ။ ဖေဖေက ကြည်သာ့ကို သမီးကလေးလိုချစ်တဲ့အချိန်တွေမှာသိပ်ကြည်ညိုဖို့ကောင်းသလောက် သူ့စိတ်တွေလွတ် သွားချိန်မှာ နတ်ဆိုးလိုပဲ”
“ဘာ”
ဝေယံ ထိတ်ခနဲဖြစ်သွားရသည်။ ဖြစ်နိုင်ခြေကိုလည်း ဝေယံ ခန့်မှန်းနိုင်ပြီ။ မဟုတ်ပါစေနဲ့ဟု စိတ်ထဲ ကြောက်လန့်တကြားညည်းတွားမိ၏။ ကံကြမ္မာက ချမ်းငြိမ်းနှင့်ကြည်သာအပေါ် ဤမျှမရက်စက်နိုင်ပါ လေ။ ဝေယံ မည်သို့နှစ်သိမ့်ရမည်မသိသဖြင့် ချမ်းငြိမ်းလက်ကိုအတင်းဆုပ်ကိုင်ထားမိတော့ ချမ်းငြိမ်းက နွမ်းလျလျပြုံးပါသည်။
“ကိုယ်က ကံငါးပါးကို မချိုးဖောက်ပါဘူးလို့ လူတကာကိုရော.. အထူးသဖြင့် ကြည်သာသိအောင်ရော နေ ထိုင်ခဲ့ပေမဲ့.. ဘယ်သူကသိမှာတဲ့လဲ။ ဖေဖေဟာ ကိုယ့်ဘဝရဲ့အမြဲကျိုးနေမယ့် မုသာဝါဒကံပဲ”
“အချစ်…”
“ကိုယ်.. ဒါတွေ ဘယ်သူ့ကိုမှ ဘယ်တော့မှ မပြောပြတော့ဖို့ ဆုံးဖြတ်ထားပေမဲ့… မင်းကိုတော့ ကိုယ် ပြော ပြမှဖြစ်မယ်”
ချမ်းငြိမ်း မျက်လုံးတွေထဲမှာ မျက်ရည်ကိုရှာမတွေ့သေး၍ ဝေယံ ပိုစိတ်ပူလာသည်။
“အချစ်.. မင်းငိုလို့ရတယ်လေ.. ငါရှိမှာပဲ.. မင်းမှာ ငါရှိတယ်နော်။ ငါ့အချစ် အများကြီးပင်ပန်းခဲ့ရပြီ။ ငါက အခုမှ နှစ်သိမ့်ပေးနိုင်လို့ တောင်းပန်ပါတယ်.. ငါရှိတယ်နော်..”
ဝေယံ ဘာကိုမှမတွေးနိုင်တော့ဘဲ ချမ်းငြိမ်းကိုပွေ့ထားမိတော့ ချမ်းငြိမ်းက ရင်ခွင်ထဲခေါင်းတိုးဝင်လာခဲ့ ပြီး ဝေယံ့ခါးကိုပြန်ဖက်ထားပေးခဲ့သည်။ ဝေယံက နှစ်သိမ့်မှုကိုမကျွမ်းကျင်သော်လည်း ချစ်သောသူကို တော့ တတ်သလောက်မှတ်သလောက် နွေးထွေးလုံခြုံမှုပေးချင်သည်။ ထို့ကြောင့် စိတ်ထဲဖြစ်နေသည်တို့ ကို ကြိုးစားဘာသာပြန်ရင်းပြောပြနေမိ၏။
“ငါ.. မင်းကို ထပ်ပြီး အထိအခိုက်မခံဘူးနော်။ အဲဒါတွေက အတိတ်မှာပါ။ ကြည်သာလည်း မင်းကို နားလည်ပေးမှာပါ။ မဟုတ်ဘူး.. ကြည်သာက သေချာပေါက် နားလည်မှာလို့ ငါသိတယ်။ မင်းသိပ်တော် တာပါ ချမ်းငြိမ်းရယ်။ မင်းက မင်းချစ်တဲ့သူတွေကိုကာကွယ်ဖို့ တစ်ကိုယ်တည်းသည်းခံနေခဲ့တာ။ ဒါပေမဲ့ အခု မင်းတစ်ကိုယ်တည်းမဟုတ်တော့ဘူးနော်။ ငါရှိတယ်လေ အချစ်ရဲ့။ ငါက.. မင်းရဲ့ကောင်းကင်အဖြစ် နဲ့ မင်းကိုကာကွယ်ပေးနေတော့မှာ။ ငါ့ကို အခုလိုပြောပြပေးလို့လည်းကျေးဇူးတင်တယ်။ အနာဂတ်မှာ လည်း ငါက မင်းကိုကာကွယ်ပေးနေတော့မှာမို့လေ.. မင်းပင်ပန်းသမျှဒီမှာပြီးပါပြီ အချစ်ရယ်။ ငါလေ.. မင်းကိုသိပ်ချစ်တာပါ”
ခါးထက်မှ ချမ်းငြိမ်း လက်တို့က ပို၍တင်းကျပ်လာ၏။ ထိုအခြေအနေမှာ ဝေယံ တစ်ခုဝန်ခံမိသွားသည်။
“မင်းမှတ်မိမှာပေါ့။ ငါတို့ စတွေ့ခဲ့တဲ့.. မဟုတ်.. ပြန်တွေ့ခဲ့တဲ့.. ဟားဗတ်က ခန်းမမှာလေ။ ငါ့ မာနတွေ သွေးနားထင်ရောက်မှုတွေ အကုန်လုံးကို မင်းက အပြုံးလေးတစ်ခုနဲ့ဒူးထောက်စေခဲ့တာ။ ဝေယံခကို ခ စားစေခဲ့တဲ့ ချမ်းငြိမ်းအေးဟန်ပါ။ နော် အချစ်.. မင်းက အရာအားလုံးနဲ့ထိုက်တန်ပါတယ်။ မင်းမတောင်း ဆိုရင်တောင် တခြားသူတွေက လိုလိုလားလားနဲ့ မင်းရှေ့ရောက်လာမှာ.. မင်းကအကောင်းဆုံးတွေနဲ့ ထိုက်တန်လို့လေ”
ဝေယံ့ ရင်ခွင်က စိုစွတ်စပြုလာခဲ့၏၊ ချမ်းငြိမ်း၏ အဖိုးတန်မျက်ရည်စများကို လက်ခံရရှိသူက ဝေယံ့ နှလုံးသားဖြစ်နေ၍ တော်ပါသေးသည်လေ။
==============================================================================
ကြည်သာ ပြန်ရောက်လာခြင်းအတွက် အလုပ်မှလူများက အံ့သြတကြီးကြည့်နေကြသည်။ ထွက်စာတင် ရလျှင်ပင် နယူးယောက် ကိုပြန်မှရမည်ဟု လောနေခဲ့သော ကြည်သာက Check in အထိလုပ်ပြီးခါမှ ပြန် ထွက်လာခဲ့သည်ဆိုတော့ အားလုံးပြောလည်းပြောချင်စရာပါပင်။ သို့သော် ကြည်သာက ဆံပင်ကို နောက် ကိုလှန်တင်စည်းပြီး မည်သူနှင့်မျှစကားမပြောတော့ဘဲ အလုပ်ပြန်ဝင်ကြောင်းသာ သတင်းပို့ပြီး အေးအေး ဆေးဆေးသာအလုပ်လုပ်နေခဲ့သည်။
ကြည်သာ့အတွက် အခက်ခဲဆုံးက ချမ်းငြိမ်းကိုဖုန်းဆက်ပြောရခြင်းပင်ဖြစ်လိမ့်မည်။ ထို့အတွက် ကြည်သာ ဖုန်းမဆက်တော့ဘဲ မေးလ်အရှည်ကြီးတစ်စောင်သာ ရေးထားလိုက်သည်။ ကြည်သာ အလုပ်ပြီးမှဘဲ ချမ်းငြိမ်းထံအရောက်သွားတော့မည်လေ။ အနည်းဆုံးတော့ ထိုသို့အားဖြင့် ကိုယ့်ကိုယ် ကိုယ် အပြစ် ပေးရမည်ဟု ကြည်သာတွေးမိသောကြောင့်ပင်။ ကိုကိုရေ… ငါ့ကိုခွင့်မလွှတ်ပါနဲ့။
ချမ်းငြိမ်းဖုန်းခေါ်လာတော့ မကိုင်ဖြစ်သော်လည်း ကြည်သာ မငိုမိပါ။ ကြည်သာ့မှာ မျက်ရည်တွေကုန်ခမ်း ခဲ့ပြီလေ။
==============================================================================
အနိတာနဲ့ အဘိုးကြီးကို ပါပါး နှင့် မာမား ဟုပြောင်းလဲခေါ်ဆိုရခြင်းအတွက် ဝေယံ နှုတ်မရဲသလို ရှက်သလိုဖြစ်နေသော်လည်း ချမ်းငြိမ်းအပေါ်ကောင်းပေးသည့် မွေးစားမိဘနှစ်ပါးဟူသောစိတ်ဖြင့် ချစ်ရ ပါသည်။ လင်မယားနှစ်ယောက်လုံးမှာ ဤအတောအတွင်းဖြစ်ပွားခဲ့သော စိတ်မချမ်းမြေ့ဖွယ်ကိစ္စရပ်များ ကြောင့် အနည်းငယ်ပင်ပိန်သွား၏။ သို့သော် သူတို့၏ စေတနာမေတ္တာကတော့ ပို၍ပင်တိုးပွားလာပါသေး သည်။ ချမ်းငြိမ်း ဆေးရုံမှာရှိစဉ် ဆေးရုံထမင်းဆေးရုံဟင်းများထက် အိမ်ထမင်းအိမ်ဟင်းသာစားစေချင် သည်ဟုဆိုပြီး နေ့တိုင်း ဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးသည်။ တခါတရံ လာမပို့အားလျှင် ဝေယံ့ကို ဖုန်း ဆက်လာယူစေသေးသည်။ ချမ်းငြိမ်း တကယ်ကံကောင်းသည်ဟု ဆိုနိုင်ခြင်းမှာ ပါပါး နှင့် မာမား တို့လို အိမ်ရှင်ကောင်းများနှင့် ဆုံစည်းခဲ့၍လည်းပါပါသည်။
“ကြည်သာလေးက မရောက်သေးဘူးလား”
အနိတာ၏ အမေးဆုံးတော့ ချမ်းငြိမ်းမျက်နှာက ရုတ်တရုတ်အားလျော့သွား၏။
“ညီမလေး လာဖြစ်ဖို့ကြာဦးမယ်ထင်ပါတယ် မာမား”
ဘာကြောင့်မှန်းမသိ၊ ကြည်သာအေးမြက ရရာလေယာဉ်နှင့်လိုက်ခဲ့မည်ပြောပြီးမှ မလာဖြစ်တော့ ဟု တစ်ကြောင်းသာ မက်ဆေ့ချ်ပို့၏။ ဖုန်းဆက်တော့လည်းမကိုင်။ ချမ်းငြိမ်းစိတ်မကောင်းဖြစ်နေပေမည်ဟု တွေးမိ၍ ဝေယံကပင် စကားဝိုင်းပေါ့ပါးစေရန် အနိတာချက်လာသောဟင်းများ မုန့်များအကြောင်း ပြော နေရသည်။ ကူးမားကတော့ နှုတ်ခမ်းမွေးကားကားကြီးကိုသပ်၍ ဝေယံ့ကိုပြုံးကြည့်နေသည်။
“ဘာကိုပြုံးတာလဲဗျ”
“မင်း စတွေ့ခါစကနဲ့ဆိုရင် တော်တော်ပြောင်းလဲလာတာပဲလို့ တွေးမိလို့ပါ။ အဲဒီတုန်းက မင်းမေးခဲ့တာကို မှတ်မိသေးလား ငါ့သား”
ဝေယံ မျက်နှာပူပူနှင့် ခေါင်းညိတ်ရမလို ခေါင်းခါရမလိုဖြစ်သွားတော့ အဘိုးကြီးကူးမားက တဟားဟား ရယ်သည်။ ချမ်းငြိမ်းကို မရဲတရဲကြည့်တော့ ခေါင်းလေးစောင်းပြီးပြုံးနေသဖြင့် နေသာထိုင်သာတော့ရှိ သွား၏။
“အဲဒီတုန်းကတော့ ကျွန်တော်က မရင့်ကျက်သေးလို့ပါ ပါပါး”
“အဲဒီတုန်းကလည်း မင်းကသိပ်တော်တာ။ အခုတော့ အများကြီးပိုတော်သွားပြီ။ ငါတို့သားကိုလည်း နက်နက်နဲနဲချစ်နေပြီမဟုတ်လား”
ဝေယံ ရှက်လွန်း၍ မျက်နှာဘယ်နားထားရမည်မသိ။ ချမ်းငြိမ်းက ပြုံးရင်းဖြင့် “ကျွန်တော့်ကောင်လေး ရှက်နေပါပြီ” ဟုဝင်ပြောတော့ ပိုဆိုးသည်။ ဝေယံ အခန်းထဲမှထွက်ပြေးချင်စိတ်ပင်ပေါက်သည်။ အနိတာ ကတော့ ရယ်နေလေ၏။ ရှက်နေသည့်ကြားမှပင် ဤသို့ မိသားစုလိုခံစားမှုလေးကို ဝေယံ သဘောကျ ကျေနပ်ပါသည်။
“သား ဆေးရုံကဆင်းလာရင် အောက်ထပ်မှာပဲနေမှရမှာပဲ။ ဝေယံက အခန်းလာရှင်းပေးဦးကွ”
“ပါပါး.. ကျွန်တော်ပြောစရာရှိလို့ပါ”
ချမ်းငြိမ်း ဝင်ပြောတော့ ဝေယံထင်လိုက်သည်က အခန်းမရှင်းခိုင်းစေချင်သည်လားပေါ့။ သို့သော် ချမ်းငြိမ်း ဆက်ပြောလာသောစကားများကြောင့် ဝေယံ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
“ဟို.. ကျွန်တော့်ခြေထောက်က ၂ လလောက် ချိုင်းထောက်လိုနေဦးမှာဆိုတော့ ပါပါး တို့ အနှောင့် အယှက်ဖြစ်မှာစိုးလို့ပါ။ ကျွန်တော်…ဝေယံနဲ့ပဲ သွားနေမလို့စဉ်းစားထားပါတယ်.. သူအဆင်ပြေ ရင်ပေါ့”
ဝေယံ နားတွေလေထွက်သွားသလိုပင်။ ကြားလိုက်သည်လား မကြားလိုက်သည်လားပင် မသေချာ။ ဤ သည်ကို အဘိုးကြီးက စ နေသေးသည်။
“ဟေ.. သူအလုပ်သွားတော့ မင်းက ဘယ်လိုနေခဲ့မှာလဲကွ။ ငါတို့အိမ်မှာပဲ…နေ..”
“အို.. ရှင်ကလည်း အလိုက်မသိလိုက်တာ။ သူနေချင်တဲ့ဆီနေပါစေပေါ့။ သား အဆင်ပြေရင်ပြီးတာပဲ။ အဲ.. ဝေယံကရော”
“ကျွန်တော်ပြေ.. တအားပြေ.. တော်တော်ကိုအဆင်ပြေပါတယ်ဗျ”
ဝေယံ သတိဝင်လာပြီး ပျာပျာသလဲလဲဝင်ပြောတော့ ရယ်ပွဲဖွဲ့ခံရပြန်၏။ သေတော့မှာပဲနော်..။ အနိတာက တော့ “မရှက်ပါနဲ့” ဟုပြောရှာပါသည်။ထိုတော့လည်း ပိုရှက်ရသေးသည်။
အနိတာတို့ပြန်သွားသောအခါမှ ချမ်းငြိမ်းကို စိတ်ကောက်ပြရတော့သည်။
“မင်းဘာလုပ်တာလဲ အဲဒါ။ ငါ့ကိုလည်းကြိုမပြောဘူး။ လူကြီးတွေရှေ့ ငါအရှက်ကွဲတာ ထိုင်ကြည့်ချင် နေတာလား”
ဝေယံထင်သည်က ချမ်းငြိမ်း ပျာပျာသလဲလဲ ပြန်ချော့မည်။ စကားတွေတတ်လှသော ချမ်းငြိမ်းကို ဝေယံ က မျက်စောင်းထိုး၍ ပွစိပွစိပြောမည်။ သို့သော် လက်တွေ့တွင်ထိုသို့မဟုတ်ခဲ့ပါ။ ချမ်းငြိမ်းကတည်ငြိမ်စွာ ငေးကြည့်နေခဲ့ပြီးမှ စကားခပ်တိုးတိုးဆိုလာသည်။
“ကိုယ့်ဝေယံ မှတ်မိသေးလား..မင်း အလုပ်ရတုန်းက ကိုယ့်ကိုတစ်အိမ်တည်းနေကြမလားလို့မေးခဲ့တယ် လေ။ အဲဒီတုန်းက ကိုယ်အများကြီးတွေဝေနေခဲ့မိတယ်။ ဒါပေမဲ့ အဲဒီတုန်းကရော အခုရော အရင်ကရော နောက်ရော.. ကိုယ့်စိတ်ဆန္ဒကအတူတူပါပဲ။ ချစ်တဲ့သူနဲ့အတူရှိနေချင်ပါတယ်”
“ချမ်းငြိမ်းရာ..”
“မင်းကို ဒုက္ခပေးသလိုဖြစ်မှာဆိုရင်တောင်… ကိုယ် မင်းအိမ်မှာလိုက်နေချင်ပြီ။ ခွင့်ပြုမလားဟင်”
ဒီတစ်ခါမျက်ရည်ဝဲရသည်ကတော့ ဝေယံကိုယ်တိုင်ပင်။
“မင်းကဘယ်တုန်းကမှ ငါ့ရဲ့ဒုက္ခမဟုတ်ပါဘူး အချစ်ရယ်”
ဝေယံ့ခြေထောက်တွေ ကြမ်းပြင်နှင့်ထိသည်ဟုပင် မခံစားရတော့။ နောက်ဆုံးတော့ ချမ်းငြိမ်းနှင့် ဝေးစရာ မလိုတော့ပါပေ။ နာရီလေးလည်း ရပ်တံ့ချိန်ပိုများလာတော့မည်ပဲ။
===========================================================================
ကြည်သာ ရောက်မလာခဲ့သည့်အတွက် ကောင်းသည့်အချက်မှာ ဝေယံကပဲ ချမ်းငြိမ်းကို အစစအရာရာ ပြုစုလုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ ချမ်းငြိမ်း လမ်းလျှောက်ကျင့်လျှင် အတူတူတွဲပေးသည်။ ချမ်းငြိမ်း အစား စားလျှင်ခွံ့ကျွေးနိုင်သည်။ ရေချိုးခန်းသွားချင်လျှင် ဝေယံရှိနေပေးနိုင်သည်။ ထို့ပြင် ဝေယံကပင် ချမ်းငြိမ်း ကို စာများဖတ်ပြနိုင်သေးသည်လေ။ ယခုဆိုလျှင် တစ်အိမ်တည်းပါနေရတော့မည်။ ဝေယံသည် အလုပ်မှ ပေးသော တိုက်ခန်းကလေးတွင် ချမ်းငြိမ်း နေထိုင်ရအဆင်ပြေစေရန် ပြင်ဆင်ယူသည်။ တစ်ရက်နှင့် တစ်ရက် ဤအခန်းကလေးကို သ နေရသည်ကိုက အရသာ။
သို့သော် ပြဿနာတစ်ခုက အလုပ်ပင်ဖြစ်နေပြန်သည်။ ဝေယံ့ပြစ်မှုက တော်တော်ကြီးမားသည်ဟုဆိုနိုင် သည်။ လုံခြုံရေးပြဿနာတစ်ခုဟုပင် ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲနိုင်သည်။ အက်ဘီ က တော်တော် လိုက်ကာကွယ်ပေးနိုင်သော်လည်း ဖရက် က ဝေယံ့ကိုစိတ်ပျက်နေပြီ။ ဝေယံကတော့ စည်းကမ်းထိန်း သိမ်းရေး ကော်မတီ၏ အဆုံးအဖြစ်ကိုခံယူကာ အလုပ်ပိုကြိုးစားပါမည်ဟု ကတိပေးပြီး ခွင့်ထပ်ယူထား ရသည်။ ဤခွင့်က နားလည်မှုနှင့်ဖြစ်၍ ချမ်းငြိမ်းဆေးရုံဆင်းလျှင်တော့ ဝေယံ အလုပ်ပြန်တက်ရ တော့မည်။
ချမ်းငြိမ်းကတော့ ထိုအဖြစ်ကိုပင် အားနာနေဟန်ရှိသည်။ တတွတ်တွတ်လည်းမှာရှာသည်။
“မင်းအလုပ်ဆင်းချိန်မှာ ကိုယ်က အိမ်မှာစောင့်နေမှာပေါ့။ ကိုယ့်ကိုစိတ်ချပြီး အလုပ်ကို စိတ်ဖြောင့်ဖြောင့် နဲ့သွားပါ ကိုယ့်ဝေယံ”
ချမ်းငြိမ်း ဆေးရုံဆင်းသည့်နေ့တွင် ကွန်ဒိုတိုက်ခန်းလေးသို့ Wheelchair နှင့်ခေါ်သွားရသည်။ ချမ်းငြိမ်း ပြုံးနေသည်ကို မြင်ရတော့ ဝေယံ အမောပြေပါသည်လေ။
“အခု ငါတို့တကယ်ကိုအတူတူရှိကြပြီပဲ အချစ်ရယ်”
ဝေယံ မျှော်လင့်တောင့်တခဲ့ရသော အိပ်မက်တို့က အမှန်တကယ်ဖြစ်လာခဲ့ပြီပဲ။ ညမအိပ်ခင် ချမ်းငြိမ်းက ဝေယံ့ကိုမှီထားရင်း စာတွေအသံထွက်ဖတ်ပြပေးသည်။ ချမ်းငြိမ်းဖတ်ပြသည်က မဟာဘာရတ ကျမ်းထဲ မှ ထုတ်နှုတ်ထားသော ပုံပြင်များဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချမ်းငြိမ်းအသံနှင့်ဖြစ်၍ ဝေယံ ငြိမ်းအေးရ ပါသည်လေ။ အကိုက်အခဲပျောက်ဆေးအရှိန်များဖြင့် ချမ်းငြိမ်းအိပ်ပျော်သွားတော့လည်း ဝေယံ့မှာ ချမ်းငြိမ်းမျက်နှာကို ငေးကြည့်ရင်း ထားစရာမရှိအောင်ချစ်ရပြန်သည်။
“မင်းနဲ့ဒီလိုလေးပဲ နေသွားချင်တယ် အချစ်ရယ်”
ဝေယံက တကယ်ပင် အချစ်ရူးလေးဖြစ်နေခဲ့ပြီ။
============================================================================
ကြည်သာ့လည်ပင်းမှာ ကြာပန်းဘယက်မရှိတော့သည်ကို နေ့စဉ်တွေ့နေကြလူတို့က သတိမထားမိသော် လည်း ကြည်သာ့အနားသို့ရောက်လာသောသူကတော့ သတိထားခဲ့မိသည်။ ဆူဇန် ဘရောင်း သည် ကြည်သာ့ဘေးသို့ ပြန်ရောက်လာခဲ့ပြန်ပြီ။ ကြည်သာတို့ သုတေသနအဖွဲ့၏ ဖိတ်ကြားချက်အရ ကွင်းဆင်းပေးရသော စိတ်ပညာရှင်က ဆူဇန် ဖြစ်နေခဲ့သည်မှာ တိုက်ဆိုင်ခြင်းမဟုတ်နိုင်သော်လည်း ကြည်သာ့မှာ တွေးနေချိန်မရှိပါ။
စခန်းသို့ရောက်ပြီး မိတ်ဆက်ပြီးသည်နှင့် ဆူဇန် သည် ကြည်သာ့အခန်းတွင်းသို့ရောက်လာကာ ဖက်ငို တော့၏။
“ကလေးရယ်… တို့ရောက်လာပြီလေ။ မင်းစိတ်အဆင်မပြေတဲ့ကိစ္စတိုင်းအတွက် တို့ရှိနေပါ့မယ်”
ကြည်သာ တကယ်ပင်ရှောင်ရှားဖို့ကြိုးစားခဲ့ပါသေးသည်။
“အလုပ်အကြောင်းပဲပြောရအောင် ဆူဇန် ကိုယ်သိပ်ပင်ပန်းနေလို့ပါ”
“တို့သိပါတယ်။ မင်းရဲ့လည်ပင်းက ကြာပန်းကလေးမရှိတော့တာ တွေ့ကတည်းက တို့အရောက်လာခဲ့ဖို့ ဆုံးဖြတ်ပြီး ချက်ချင်း အရေးပေါ် form တင်ခဲ့တာပါ။ တို့ ဘယ်လိုမှမနေနိုင်ဘူး။ မင်းဘေးမှာရှိနေပါရစေ ကလေးရယ်”
ကြည်သာတို့ camp ကတင်ထားသည့်ဓာတ်ပုံများတွင် ဖျတ်ခနဲတွေ့ရသည်နှင့်ပင် အနားသို့လိုက်လာခဲ့ သော ဤလူကို ကြည်သာ ထပ်၍ မတွန်းထုတ်နိုင်တော့ပါလေ။
“ကိုယ်… မရှင်သန်ချင်တော့ဘူး ဆူဇန်”
ကိစ္စများပြီးကတည်းက ပထမဆုံးအကြိမ် ဖွင့်ဟဝန်ခံမှုသည် ဆူဇန် ဘရောင်း နှင့်ဖြစ်နေလိမ့်မည် ဟုတော့ ကြည်သာမထင်ခဲ့ပါချေ။ ကိုကိုရေ… နင်ရော ဘယ်လိုခံစားနေရလဲ…။
===========================================================================
“ချစ်ရတဲ့ ကိုကို
ကိုကို ဆေးရုံကုတင်ပေါ်မှာ ထိခိုက်ထားပါတယ်ဆိုတာသိသိကြီးနဲ့ ကြည်သာ မလိုက်လာတော့ဖို့ပဲ ဆုံး ဖြတ်လိုက်တာကို ကိုကို အနားလည်ဆုံးဖြစ်မှာပါ။ ကြည်သာ့ဘဝမှာ ချမ်းငြိမ်းအေးဟန်ဟာ အရာရာပါ။ ချမ်းငြိမ်းအေးဟန်ကို သိပ်ချစ်ပြီး အရမ်းမုန်းခဲ့ရတာလည်း ကိုကိုသိမှာပါ။ ဒါပေမဲ့ ကိုကိုရယ်.. ကြည်သာ့ ကို ဘာကြောင့် ကွယ်ဝှက်ခဲ့ရတာလဲ။ ကိုကိုသာ အမှန်အတိုင်းပြောခဲ့ရင် ကြည်သာ ဒီလောက်နာကျင်ရ မယ်မထင်ဘူး။ ဖေဖေဟာ မကောင်းတဲ့လူတစ်ယောက်ဆိုတာကို ကိုကိုမပြောပြဘဲ ကြည်သာ့မှတ်ဉာဏ် ထဲက ပြန်ရှာတွေ့ရတာ ပိုကြောက်ဖို့ကောင်းပါတယ်။ အဲဒီထက်ပိုကြောက်ဖို့ကောင်းတာက ကြည်သာ့ ကြောင့် ကိုကို ထိခိုက်ခဲ့ရတယ်ဆိုတာပါပဲ။ ကြည်သာ့ဖြစ်တည်မှုဟာ အမှားတစ်ခုပဲ ကိုကို။ အဲဒါကို ကိုကို မဟုတ်ဘူးလို့ ငြင်းဦးမှာပဲလား။ ကြည်သာသိပ်ချစ်ရတဲ့ ကိုကို့ကို အထိခိုက်စေဆုံးဟာလည်း ကြည်သာ ကိုယ်တိုင်ပဲဖြစ်နေခဲ့တယ်။ ကြည်သာ လုပ်နေခဲ့တဲ့ သုတေသနတွေဟာလည်း ဘာမှအသုံးမဝင်တော့ဘူး။
အမြွှာနှစ်ယောက်ရဲ့စိတ်ချင်းသိမှုတဲ့။ ရယ်ရလိုက်တာ ကိုကိုရယ်။ ကြည်သာဖြင့် ကိုကို့နာကျင်မှုတွေ ဘာမှမသိခဲ့ရပါလား။
ကြည်သာ ဖေဖေ့ကိုခွင့်မလွှတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပိုလို့တောင်ခွင့်မလွှတ်ဘူး။ ဒါပေမဲ့ ကိုကို့ကို တော့ ကြည်သာ ဘယ်လိုမှအပြစ်မတင်နိုင်တာ ကိုကိုသိပါနော်။
ချမ်းငြိမ်းအေးဟန်ရဲ့အမြွှာညီမဖြစ်ခွင့်ရတာ ကြည်သာ့ဘဝရဲ့ကံကောင်းမှုလည်းဖြစ်သလို ကံဆိုးမှုလည်း ဖြစ်ပါတယ်။ နောက်ဘဝတွေမှာတော့ ကြည်သာကပဲ ကိုကို့ကိုကာကွယ်ပေးပါရစေနော်။
ကြည်သာ့ဘဝမှာ အမှန်တကယ် ကြည်သာအေးမြခဲ့ရတဲ့အချိန်တွေရှိခဲ့ပါတယ်။ ကိုကိုနဲ့အတူ ရှိနေချိန်တွေပေါ့။
သိပ်ချစ်တယ် ကိုကို။ ကြည်သာ့စိတ်က ကိုကိုနဲ့အတူပါ။
ချစ်တဲ့
ညီမလေး”
=============================================================================


Leave a comment