34 – Gamma- Ray Burst

34 : Gamma-Ray Burst

(Gamma- Ray Burst များသည် ဝေးကွာလှသော ကြယ်စင်စုများထံမှ အင်အားပြင်းသော ပေါက်ကွဲမှုများ ဖြစ်သည်။ စကြဝဠာ၏ အစ ဖြစ်သော မဟာပေါက်ကွဲမှုကြီး အပြီးတွင် ထိုအင်အားပြင်း သော GRB များ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်)

ဝေယံ့ဘေးမှာ ကြည်ကြည်လင်လင် အိပ်စက်အနားယူနေသည့် ချမ်းငြိမ်းကို ငေးကြည့်နေမိသည်မှာ နာရီ ဝက် မျှပင်ရှိတော့မည်။ မနေ့က ချမ်းငြိမ်းဆေးရုံဆင်းသည်ဖြစ်၍ ယနေ့တော့ ဝေယံ အလုပ်ပြန်ဆင်းရပါ တော့မည်။ အတောမသတ်သော ဖိအားများကို ရင်ဆိုင်ရမည်ဖြစ်၍ စိတ်ထဲလေးလံနေသည့်တိုင် ချမ်းငြိမ်း ၏ အသက်ရှူသံမှန်မှန်ကို ကြားသိခွင့်ရသည်နှင့်ပင် ဝေယံ ကံကြမ္မာကို ကျေးဇူးတင်မိသွားသည်။ ဘေး နားမှာ ကိုယ်ချစ်ရသည့် လူသားကိုထားရှိခွင့်ရသည်က ကောင်းချီးတစ်ခုပင်မဟုတ်လား။ ဝေယံ ငေး ကြည့်နေရင်းဖြင့် ချစ်မြတ်နိုးမှုတို့ ယိုဖိတ်လာသဖြင့် ချမ်းငြိမ်း မျက်ခွံလေးများပေါ် အနမ်းဖွဖွပေးမိပြန် သည်။ သာမန်မဟုတ်သော ပူနွေးမှုတစ်ခုခံစားလိုက်ရသဖြင့် ဝေယံ စိုးရိမ်တကြီး လက်ဖြင့် စမ်းကြည့်ရ ၏။ ချမ်းငြိမ်း အဖျားငွေ့ငွေ့ရှိနေသည်ပဲ။ ဝေယံ လက်နှင့်အထိအတွေ့ကြောင့် ချမ်းငြိမ်း မျက်ဝန်းများဖွင့် ဟ လာသည်။ မျက်ဝန်းနက်များက အားတင်းပြုံးနေသည့်တိုင် နွမ်းနေသည်ကိုတွေ့တော့ ဝေယံ ရင်တွေ ပူလာပြန်၏။

“မင်းအဖျားရှိနေတယ် ချမ်းငြိမ်း”

“ဒီလိုပဲ နည်းနည်းပါးပါး ကိုယ်ပူရှိန်တက်တာမျိုးနေမှာပါ။ အရမ်းကြီး စိတ်မပူနေပါနဲ့ဦး ကိုယ့်ဝေယံရာ။ ကိုယ် နေကောင်းပါတယ်”

ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်းက လှဲနေရာမှ ထ တော့ဝေယံ အတင်း ပြန်လှဲအိပ်ခိုင်းလိုက်ရသည်။

“မနက်စာတစ်ခုခုပြင်လိုက်မယ်။ စားပြီးရင် ဆေးသောက်နော်။ ပြီးရင် မာမား တို့အိမ်မှာသွားနေမလား။ မင်းတစ်ယောက်တည်းနေလို့မရဘူးလေကွာ”

ချမ်းငြိမ်းက လှဲနေရာမှနေ၍ ပြုံးသည်။ ချမ်းငြိမ်းအပြုံးတွေကို ဝေယံ ရင်ဆိုင်ကြုံတွေ့ဖူးပါသော်လည်း ယခု အပြုံးကိုတော့ အဓိပ္ပာယ်မဖော်တတ်ခဲ့ပါ။ ထိုသို့သော အဖြေရှာမရချိန်တိုင်း ဝေယံ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ရသည်ကို ချမ်းငြိမ်းသိပါရဲ့လား။

“ကိုယ်ဒီမှာပဲနေချင်တယ်.. ကိုယ့်ကို စိတ်မပူပါနဲ့။ ချိုင်းထောက်ကို အားပြုတတ်လာပါပြီ။ ကိုယ် ဆေးလည်းသောက်မယ်။ ထမင်းလည်းစားမယ်။ မင်းပြန်လာတာကိုလည်း ငြိမ်ငြိမ်သက်သက်နဲ့စောင့်နေ မယ့်အပြင်….မင်း အလုပ်သွားဖို့ အင်္ကျီနဲ့ Necktie ကို ကိုယ်ရွေးပေးချင်တယ် ဝေယံ”

“ဟင်… ချမ်းငြိမ်း”

ချမ်းငြိမ်းက ပြုံးမြဲပြုံးမြဲ။ ဝေယံ ငြင်းဆန်ဖို့ အင်အားမရှိတော့ပါဘဲ ချမ်းငြိမ်း နဖူးပြင်ကိုပဲ မျက်နှာအပ် ထားလိုက်မိတော့သည်။

“ဒါဆို… ငါ အလုပ်သွားမယ်နော်။ ငါ အတတ်နိုင်ဆုံး စောစောပြန်လာမှာပါ။ မင်းအတွက် စားစရာလည်း ဝယ်လာမှာ။ အခွင့်ရတိုင်းလည်း ဖုန်းဆက်မယ်နော်။ ဒါမှမဟုတ် စာပို့မယ်။ မင်းကို စိတ်ချချင်တယ် ချမ်းငြိမ်း”

“မင်းစိတ်နဲ့ ကိုယ့်ကိုယ်ပါပဲ ဝေယံ”

ဝေယံက ယနေ့တွင် အထက်လူကြီးများနှင့် စည်းကမ်းကော်မတီထိုင်ရမည်ဖြစ်၍​ ချမ်းငြိမ်းက နက်ခ်တိုင် အရောင်ဖျော့ဖျော့တစ်ခုရွေးပေးပြီး အိပ်ရာမှာပေါ်ထိုင်လျှက် ကိုယ်တိုင် စည်းပေးနေ၏။ ဝေယံက ခါး ကိုင်းပေးရသည်ဖြစ်သော်လည်း ထိုကို့ရို့ကားယားအခြေအနေကိုပင် ကျေနပ်ပါသည်။ ချမ်းငြိမ်းက မျက်နှာကလေးဖျော့တော့နေသည်ကြားက ပြုံးပေးနေသေးသည်။ ဝင်သက်ထွက်သက်ငွေ့ငွေ့မှာ နွေးနွေးပူသည်ကို ခံစားရတော့ ဝေယံ စိတ်မကောင်းဖြစ်မိသေးသည်။ နေမကောင်းသည့် ချစ်သူကို ထား ပြီး အလုပ်မသွားချင်ပါ။

“ငါ စိတ်မချဘူးကွာ”

“အဲဒါဆိုရင်တော့ မင်းအိမ်မှာလိုက်နေဖို့ဆုံးဖြတ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိမှာပဲ”

“မင်း အဲဒီလိုတွေမပြောနဲ့ ချမ်းငြိမ်းအေးဟန်။ ငါ့ရင်ထဲကအပူကို မင်းမသိဘဲ မပြောစမ်းနဲ့”

“အဲဒီတုန်းက.. မင်းမေမေရဲ့သတင်းကိုကြားတုန်းက ကိုယ့်ကိုအတွေ့မခံဘဲ ငိုနေခဲ့တဲ့ မင်းလေ။ အဲဒီ တုန်းကရော ကိုယ့်ရင်တွေမပူခဲ့ဘူး ထင်တာလား ကိုယ့်ဝေယံ”

ဝေယံ ပြောစရာစကားမဲ့သွားကာ ဆံပင်ကို လက်ဖြင့်ထိုးဖွနေမိသည်။ ချမ်းငြိမ်းက သက်ပြင်းချပြီး အိပ်ရာ ဘေးရှိ ချိုင်းထောက်ကို လှမ်းယူတော့ ဝေယံ စိတ်တိုတိုနှင့် အော်လိုက်မိပြန်၏။

“အဲဒါက ဘာလုပ်ဦးမလို့လဲ ချမ်းငြိမ်း”

ချမ်းငြိမ်းက ချက်ချင်းပြန်မဖြေဘဲ ချိုင်းထောက်နှင့် သူ့ဟာသူ မတ်တပ်ရပ်သည်။ ထို့နောက် စားပွဲပေါ်မှ ခေါင်းဘီးကိုယူ၍ ဝေယံ့ဆံပင်များကို ယုယစွာ ပုံသွင်းပေးနေ၏။ ဝေယံ အံ့သြစွာနှင့် ချမ်းငြိမ်းကိုနီးကပ် စွာ ငေးကြည့်နေမိသည်။ ချမ်းငြိမ်းအေးဟန်က ဝေယံ့ကို ဂရုတစိုက်ရှိပါလားဆိုသည့်စိတ်နှင့် ဝေယံ့ နှလုံးသားတွေ တုန်ခါသွား၏။

“ကိုယ်နေခဲ့နိုင်ပါတယ်။ အဲဒါကြောင့် စိတ်ချလက်ချနဲ့သွား။ ညနေမှာ မင်းကို ကိုယ်ကစောင့်ကြိုနေဦးမှာ လေ။ ဒေါသမထွက်နဲ့တော့နော်။ ကိုယ့်ကြောင့် မင်းရင်တွေပူနေရမှာ မလိုလားပါဘူး”

ချမ်းငြိမ်းနှုတ်ခမ်းက ဝေယံ့နဖူးပေါ်ဖွဖွကျရောက်လာ၏။ ဝေယံ လက်မခံချင်လည်းမရတော့။ ယနေ့တော့ သေချာပေါက် အလုပ်သွားရတော့မည်။ ချမ်းငြိမ်းက တံခါးဝထိလိုက်ပို့မည်လုပ်နေ၍ မျက်စောင်းထိုးကာ စိတ်ဆိုးဟန်လုပ်ရသေးသည်။ နောက်ဆုံးတော့ ချမ်းငြိမ်းက ဆေးသောက်ပြီး အိပ်ရာပေါ်မှာငြိမ်ငြိမ်သက် သက်လှဲလျောင်းရင်းနေခဲ့ပါသည်။

ဝေယံတံခါးအပြင်ရောက်သည်နှင့် သက်ပြင်းရှိုက်မိသည်။ မိုးမျှော်တိုက်ကြီးများ ပြည့်နှက်နေသော နယူးယောက် မြို့မြင်ကွင်းကို ဝေယံ သဘောကျခဲ့ဖူးသော်လည်း ယခုတော့ စိတ်က အိပ်ခန်း လေးမှာပဲ ကျန်ခဲ့သည် မဟုတ်လား။ သို့သော် ဝေယံ အလုပ်သွားရမည်၊ ကိုယ့်ပျက်ကွက်မှုကို ကိုယ်ပြန်တာဝန် ယူရမည်။ ပြီးလျှင် တော့ ချမ်းငြိမ်းနှင့်အတူ အိပ်မက်များကို အကောင်အထည် ဖော်နိုင်မည်ထင် ပါသည်လေ။

==============================================================================

“လူပေါင်းများစွာရှိနေတဲ့အချိန်.. ပင်တဂွန်က လူကြီးတွေပါရောက်နေတဲ့အချိန်မှာ မစ္စတာ ဝေယံဟာ သိပ်ကို အန္တရာယ်များတဲ့ ကိစ္စ လုပ်ဆောင်ခဲ့တာ ဝန်ခံပါသလား”

NASA လက်အောက်ခံ ရုံးခန်းထဲရှိ စားပွဲရှည်ကြီးတစ်ဖက်မှာ ဝေယံ စိတ်ကျဉ်းကျပ်စွာထိုင်နေရပြီး တစ်ဖက်မှာတော့ ဖရက် အပါအဝင် စည်းကမ်းထိန်းသိမ်းရေးကော်မတီ လူကြီးများက ပတ်လည်နေရာယူ ထားကြသည်။

“ကျွန်တော့်ရဲ့လုပ်ရပ်ဟာ အန္တရာယ်များတဲ့ကိစ္စတစ်ခုလို့ ဝန်ခံပါတယ်”

“ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုအတွက်နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ဖက်ဒရယ်အသုံးစရိတ် မီလျံပေါင်း များစွာကို မင်းဆုံးရှုံးစေနိုင်တယ်ဆိုတာသိသလား”

မေးခွန်းရှင်လူကြီးကို ဝေယံ ဖျတ်ခနဲမော့ကြည့်လိုက်၏။

“လေးစားရတဲ့လူကြီးမင်းခင်ဗျာ.. ကျွန်တော့်ရဲ့ရုတ်တရက်ဆုံးဖြတ်ချက်ကြောင့် လုံခြုံရေးဆိုင်ရာ စိုးရိမ် မှုတွေဖြစ်ပေါ်ခဲ့တာကလွဲရင် ပရောဂျက်က အောင်အောင်မြင်မြင် လွှတ်တင်ပြီးဆုံးခဲ့တယ်လို့ နားလည် ထားပါတယ်။ ကျွန်တော် အဲဒါအတွက်လည်း တာဝန်ယူဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ရေး ကိုယ်တာကိစ္စဟာလည်း ကျွန်တော့်အတွက် တစ်ဘဝလုံးနဲ့ဆိုင်တဲ့အခြေအနေပါ။ ကျွန်တော့်ကို အချိန်နောက်ပြန်ခရီးသွားခွင့်ပေးရင်တောင် အဲဒီအခြေအနေမှာ ကျွန်တော်ဟာ ပြေးထွက်သွားဦးမှာပါပဲ။ ဖက်ဒရယ် အသုံးစရိတ်တွေကို အသေးအမွှားလေးတောင် အလေအလွင့်မဖြစ်ပါဘူးလို့ သေချာနေခဲ့တာ မို့လို့ပါ”

ဝေယံ့အဖြေကြောင့် အကဲဖြတ်ကော်မတီဝင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသော်လည်း ဖရက် ကတော့ နှုတ်ခွန်းတွန့်ရုံပြုံးသွားသည်ဟု ဝေယံ မြင်လိုက်၏။ တစ်နာရီမျှကြာမြင့်သော ထိုတွေ့ဆုံမှုတွင် ဖရက် က မေးခွန်းတစ်ခုသာမေးခဲ့ပါသည်။

“မင်းရဲ့ အိပ်မက်က ဘာလဲ မစ္စတာဝေယံ”

“အိုး..ကျွန်တော့်အိပ်မက်က အရင်ကတော့ NASA မှာ သမိုင်းဝင်ရလောက်တဲ့  ကြီးကျယ်တဲ့ ရူပဗေဒပညာရှင်ဖြစ်ချင် တာပါ။ ကျွန်တော့်လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ Spacecraft နဲ့ လူသားတွေ နဲ့ကမ္ဘာကြီး အတွက် ရှာဖွေ တွေ့ရှိမှုတွေ လုပ်ချင်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာ့ကို ကျွန်တော်ပြန်ဖြေ စရာတစ်ခုပဲရှိပါတော့တယ်။ ကျွန်တော် နောင်တမရှိတဲ့ ဝေယံခဖြစ်ချင်ပါတယ်”

ထိုအဖြေအတွက် တခြားလူကြီးများ မျက်နှာရှုံ့ကြသည့်တိုင် ဖရက် ပြုံးသွားသည်ကို ဝေယံ သိလိုက်ပါ သည်။ ထို့အတွက်လည်း ဝေယံ ကျေနပ်သည်။ ချမ်းငြိမ်းအေးဟန်က ဝေယံ့ကို ဤသို့ ပြုပြင်ပြောင်းလဲခဲ့ သည်ပဲ။

-========================================================================

ကြည်သာ ဟိုးအဝေးဆီမှ နယ်စပ်တံတိုင်းများကို ငေးမောကြည့်နေမိသည်။ ပူအိုက်စွတ်စိုသည့် ရာသီဥတု တွင် ထိုတံတိုင်း၏ တစ်ဖက်ခြမ်းမှာ ငရဲခန်းဖြစ်နေပြီလား။ မက္ကစီကိုမှ ထွက်ခွာခိုလှုံချင်သည့် လူတန်းရှည် ကြီးတွေလည်းရှိနေဦးမည်။ အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများအရ ထိုထဲမှ ကံအလွန်ကောင်းသော တစ်ယောက်စနှစ်ယောက်စမှလွဲ၍ ကျန်သူများသည် တံတိုင်းတွင်သာကျန်ခဲ့ရဦး မည်။ ကံ…၊ ကြည်သာ မဲ့ပြုံးပြုံးမိသည်။ ဆယ်တန်းအောင်စာရင်းထွက်တော့ ကြည်သာ ကိုကို့ကို မကျေမနပ်နှင့် ကံအကြောင်းမေးဖူးပါသည်။ ထိုတုန်းကတော့ ကိုကိုက လေသံအေးလေးနှင့် တရားချခဲ့ သည်ပဲ။ သို့သော် ကိုကိုသည် ကံဆိုးမှုများအကြောင်း ကြည်သာ့ကို မရှင်းပြခဲ့ဖူးပါ။ ကြည်သာအေးမြက ကံကောင်းပြီး ချမ်းငြိမ်းအေးဟန်က ကံဆိုးကြောင်းလည်းတစ်ကြိမ်တစ်ခါမျှ မပြောပြခဲ့ပါလေ။

“ကလေး.. ရှာလိုက်ရတာကွယ်”

ပန်းနံ့ရေမွှေးလေးသင်းသွားပြီး ပြတင်းပေါက်ဘောင်ပေါ်က လက်တစ်ဖက်က အုပ်မိုးကိုင်ခံလိုက်ရသည်။

ဆူဇန် ဘရောင်း ၏ အငွေ့အသက်တို့ထံက ကြည်သာ ထွက်ပြေးလွတ်မြောက်ခွင့်မရနိုင်ပါလေ။ ကြည်သာ သက်ပြင်းချပြီး ယဲ့ယဲ့ပြုံးလိုက်တော့ ဆူဇန် က ကြည်သာ့လက်ကို ငုံ့နမ်း၏။

“တို့ ပြောပြီးသားနော်။ ကလေးကို တို့ တစ်ယောက်တည်းမထားနိုင်ဘူး။ တို့ရဲ့အတ္တကို နားလည်ပေး”

“လာစမ်းပါ ဆူဇန်. လူတစ်ယောက်ကို ဂရုစိုက်ပေးတာဟာ ဘယ်လိုလုပ် အတ္တဖြစ်နိုင်ပါ့မလဲလေ”

“အိုး အခုတော့ ကလေးက အဲဒါကိုလက်ခံပြီပေါ့”

ကြည်သာ့ အကြည့်တွေကို ဆူဇန် လက်များဆီမှတဆင့် ဟိုးအဝေးမှ နယ်စပ်တံတိုင်းသို့ ပို့လိုက်၏။

“ဆူဇန်.. ကိုယ့်တစ်ဘဝလုံးရှင်သန်လာပြီးမှတော့ ကိုယ် အတ္တဆိုတာကို သိပါတယ်”

“ကလေး..။ ဟူး.. ဘာတွေဖြစ်သလဲ တို့မေးခွင့်ရှိမလား။ ကလေးရဲ့အစ်ကိုနဲ့ ကတောက်ကဆ ဖြစ်လို့ သူ ကားတိုက်မှုဖြစ်တယ်ဆိုတာထက် ပိုတဲ့ ကိစ္စတွေရှိတယ်ဆိုတာ တို့သိတယ်။ ဘာဖြစ်တာလဲ ကလေး။တို့ ကို ဖွင့်ပြလို့ရတယ်လေ”

ကြည်သာ ပြောပြချင်ရဲ့လား။ နယ်စပ်တံတိုင်းမှာ ကင်းလှည့်နေသော နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသော မက္ကစီကန်မိသားစုတစ်စုကို ငေးကြည့်နေမိသည်။ ဆူဇန် က ကြည်သာ့ကို ထပ်ဖိအားမပေးဘဲ ငြိမ်သက်တိတ်ဆိတ်စွာစောင့်နေပါသည်။ ကြည်သာကြည့်နေစဉ်မှာပင် မက္ကစီကန် မိသားစု၏ ဖခင်က ဒူးထောက်ချကာ အစောင့်တပ်ဖွဲ့များကို တောင်းပန်နေ၏။ ကလေးလေးနှစ်ယောက် ကိုတော့ သွားခွင့်ပြုစေလိုကြောင်း ပြောနေဟန်ရသည်ဟု အကြမ်းဖျဉ်းနားလည်မိပါသည်။

“အဖေ… လောကမှာ အဖေ ဆိုတာ ဘယ်လိုလူမျိုးလဲသိလား ဆူဇန်”

ဆူဇန် ဘရောင်း အတွက်တော့ ဖခင်သည် အသားအရေမတူညီ လူမျိုးခြားနားသည့် နွေးထွေးသော ခိုလှုံရာ အဘိုးအိုတစ်ယောက်ဖြစ်လိမ့်မည်။ သမီးဖြစ်သူအတွက် အမုန်းခံနိုင်သော အဘိုးအို လည်းဖြစ်ဦး မည်။  á€€á€źá€Šá€şá€žá€Źá€ˇ အတွက်မူ ..ဖေဖေသည် ပြုံးရယ်တတ်သည့် နတ်ဆိုးတစ်ပါးပင်။

==============================================================================

ကြည်သာ့ ဖေဖေသည် နူးညံ့စွာပြုံးတတ်သော ကဗျာဆရာတစ်ယောက်ဖြစ်သည်။ ကြည်သာ့ အဦးဆုံး သော အသိဉာဏ်များထဲတွင် ကြည်သာ့ဖေဖေသည် ထူးအိမ်သင်၏ သီချင်းများ၊ ခင်မောင်တိုး၏ သီချင်း များဖြင့် ချော့မြှူနေတတ်ခဲ့သည်။ နားမလည်သော်လည်း ဖေဖေရွတ်ပြတတ်သော ကဗျာစာသားများက နားထောင်ကောင်းလှသည်ဟု ကြည်သာ ထင်မိသည်။ ကြည်သာ သိတတ်ခါစကတည်းက ဖေဖေနှင့် မေမေ့ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်နေခဲ့၏။ ထို့အပြင် ကြည်သာနှင့်ဆိုစကားပြောသော ကိုကိုက လည်း ဖေဖေတို့ကိုမူ စကားမပြော။ အိမ်မှာ မေမေက ဈေးသို့သွား၍ အထည်ဆိုင်ဖွင့်ရသည်၊ ဖေဖေက လည်း ညနေစောင်း တခါတရံ ညခင်းမှပြန်လာတတ်သည်။ ဖေဖေ့ထံမှ ချဥ်စူးစူးရနံ့ရလျှင် ကြည်သာ ငိုချင်၏။ တနေကုန် ကြည်သာ့ကို အဖော်ပြုသူမှာ ကိုကိုသာလျှင်ဖြစ်သည်။ ကိုကိုသည် ကြည်သာ့ကို ပုံ ဝတ္ထုများဖတ်ပြတတ်သည်။ ကြည်သာမဖတ်တတ်သော စာများကို ကိုကို ဖတ်တတ်နေခြင်းအတွက် ကြည်သာ ငိုချင်သော်လည်း ကိုကိုဖတ်ပြသူမှာ ကြည်သာဖြစ်ရခြင်းအတွက်မူ ပျော်ရွှင်ပါသည်။ ကြည်သာ့ ကို ကိုကိုက အရာအားလုံးထက် ဂရုစိုက်ခဲ့၏။ ကြည်သာတိုက်တွန်း၍ ကိုကိုက စကားစပြောတော့ ဖေဖေ သည် အံ့သြတကြီးနှင့် ကိုကို့ကို ချစ်ခင်သွားသည်။ “ငါ့သားကြီးက သိပ်တော်တာ” ဟူ၍ လက်ဖက်ရည် ဆိုင်သို့ ဘော်ဒါများနှင့်အတူ ခေါ်သွားတတ်၏။ ကြည်သာလည်း ထိုအခွင့်အရေးလိုချင်သည်။ ကြည်သာ က ဈေးထဲမှ အထည်ဆိုင်မှာ အရုပ်ကလေးတစ်ရုပ်လို ထိုင်မနေချင်။ အထည်ဆိုင်မှာ ကြည်သာ့အတွက် ဗဟုသုတရစရာမရှိ။ ပြောရလျှင် မေမေဆက်ဆံနေရသည့် အမျိုးသမီးများသည် ကြည်သာ့ကို မိန်းကလေး ပီပီသသ နေရန်မှလွဲ၍ တခြားဘာမျှပြောတတ်သည်မဟုတ်။ ထိုကြားထဲ ကြည်သာက ဝတ္ထု စာအုပ်များ ကိုင်လျှင် တီးတိုးဝေဖန်တတ်ကြသေးသည်။ ကလေးက ဝတ္ထုဖတ်လျှင် မြန်မြန်အိမ်ထောင် ကျတတ်သည်တဲ့။ မေမေကတော့ “သမီးက စာဖတ်ဝါသနာပါတယ်” ဟုသာ ပြောသည်။

တကယ်တော့ ကြည်သာသည် ဖေဖေ့အပေါင်းအသင်းများနှင့် ပို၍ စကားပြောချင်သည်။ ထိုစာရေးဆရာ ကဗျာဆရာ ပန်းချီဆရာများသည် ကြည်သာနားမလည်နိုင်သော စကားများကိုပြောတတ်သော်လည်း ကြည်သာ တော်သည် ကို အသိအမှတ်ပြုကြသည်။ စာအုပ်လက်ဆောင်များပေးတတ်ကြသည်။ ထိုအခွင့် အရေးက ချမ်းငြိမ်းနှင့်သာ သက်ဆိုင်တော့သည်ကို ကြည်သာ လက်မခံချင်ဘဲ လက်ခံလိုက်ရသည်။ ကိုကို့ ကို ကြည်သာ ချစ်ပါသည်။ သို့သော် ကိုကို့ကို ကြည်သာ မနာလိုဖြစ်သည်။ ထို့ကြောင့်ပင် ကိုကို့ကို ကြည်သာ စကားမပြောတော့။ ကိုကိုကျွေးသည့်မုန့်များကို ကိုကို့ရှေ့မှာ လွှတ်ချပစ်သည်။ ကိုကို့ကို သစ်ပင်ပေါ်သို့ တက်ခိုင်းပြီး လှေကားကို အားကုန်တွန်းချပစ်ဖူးသည်။ ကိုကို ဓာတ်လိုက်စေဖို့ ကြည်သာ ကြံစည်ဖူးသည်။ ပြီးလျှင် ဖေဖေပြန်လာသည်နှင့် ကြည်သာ သည် အကြောင်းမဲ့အော်ငိုကာ “ကိုကို့ ကြောင့်” ဟု ပြဿနာရှာခဲ့ဖူးသည်။ ဖေဖေသည် ကြည်သာ ငိုလျှင် ဂရုတစိုက်ရှိလှသည်။

“သမီးလေးက ဘာလို့ငိုရတာလဲ ဖေ့ကိုပြော” ဟု ချော့မြှူပြီးနောက် “သမီးကိုကိုကို ဖေ ဆုံးမ မယ်နော်” ဟု ပြောတတ်၏။ ကိုကို့မျက်ဝန်းများကို ကြည်သာနားမလည်သော်လည်း ကိုကိုသည် ကြည်သာ့ကို တစ်ကြိမ်တစ်ခါမျှ အပြစ်တင်ခဲ့ခြင်းမရှိသည်ကိုတော့ ကြည်သာသိသည်။ ထို့အတွက်လည်း ပို၍ အပြစ်ရှိ သကဲ့သို့ ခံစားရသည်။ ကိုကိုသည် စကားကိုလိုသည်ထက်ပိုမပြောတော့သော်လည်း ကြည်သာ့ကို ဂရု စိုက်ပေးဖို့တော့ ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ပါ။ ကြည်သာနှင့် ကိုကိုသည် သာမန်လူများထက် ပို၍ ဉာဏ်ထက်မြက်ကြောင်း သိပါသည်။ သို့သော် ကိုကိုက ကြည်သာ့ထက်မည်မျှ ထက်မြက်သနည်းဟု တော့ ကြည်သာမသိရဲ။

“ပြန်တွေးကြည့်တော့ ချမ်းငြိမ်းအေးဟန်ဟာ ဉာဏ်အကောင်းလွန်ပြီး တုံးအ သွားတာလို့ ကိုယ်ထင်တယ် ဆူဇန်”

“သူ ကလေးကို ခွင့်လွှတ်တယ်လေ။ ကလေး… ကိုယ့်ကိုကြည့်။ ငယ်ဘဝမှာ ဘယ်သူမဆို ကလေးဆန် ဖူးတယ်။ ဘယ်သူမဆို မနာလိုဖြစ်ဖူးတယ်။ ကလေးရဲ့ကိုကိုက အဲဒီလိုဘယ်သူမဆိုထဲ မပါတဲ့ရှားပါးလူ သားပဲ။ ဒါပေမဲ့ အဲဒါ ကလေးအပြစ်မဟုတ်ဘူးလေ”

ကြည်သာ ခြောက်ကပ်ကပ်ရယ်မောမိသွားသည်။ ရင်ထဲမှာလည်း သေလုမျောပါး မွန်းကျပ်နေပြီ။

“အိုး.. ချစ်သောရယ်။ မင်းက တကယ့်ကိစ္စကိုမှနားမထောင်ရသေးတာ။ ကိုယ့်ရဲ့ဖေဖေက သားသမီး အရင်းကိုတောင် ထူးဆန်းတဲ့စိတ်တွေရှိတဲ့သူဆိုတာ မင်းသိလား”

“ဘုရားသခင်”

ဆူဇန် အာမေဋိတ်သံက ရယ်စရာကောင်းနေသဖြင့် ရယ်လိုက်ရသည်ဟုပဲ ကြည်သာ တွေးလိုက်ပါသည်။ ငိုစရာမျက်ရည်မကျန်တော့၍ ဆိုသည်ကိုတော့ ကြည်သာ စိတ်ထဲမှာပဲသိမ်းထားပါမည်လေ။

“ကိုယ် အဲဒါကို သတိမရချင်ခဲ့တာမှ တစ်သက်လုံးအတွက် မြုပ်နှံထားခဲ့တာထင်တယ်။ ဒါပေမဲ့ ကိုယ့် ဦးနှောက်ထဲရှိနေတဲ့အရာတစ်ခုက ပြန်စီးဆင်းလာတတ်ပါတယ်။ ဖေဖေက ကိုယ့်ကို သိပ်မယ်ဆိုပြီး တင်ပါးကို ဖြစ်ညှစ်လေ့ရှိတယ်။ ဟင့်အင်း မေမေလုပ်သလိုမဟုတ်ဘူး။ ပြီးတော့ အဖေတစ်ယောက် ချော့ သိပ်တတ်ပုံကို ကိုယ်သိပါတယ်။ ကိုယ်မေ့ထားချင်ခဲ့တာတွေက အဖေတစ်ယောက်ချော့သိပ်တဲ့ ပုံစံမဟုတ်ပါဘူး”

ဆူဇန် နှုတ်ခမ်းဖျားလေးတွေပင်တုန်လာ၏။ ကြည်သာ ကြိုးစားပြုံးကြည့်ပါသည်။ သိပ်ကိုခေါင်းမာ သည့်ကြည်သာ။ သိပ်ကို ကြံ့ခိုင်သည့်ကြည်သာ ဘယ်မှာလဲ။ ကြည်သာ့နှုတ်ခမ်းသားတွေက ပြုံး၍မရ အောင်ကို သိပ်သည်းနေခဲ့သည်။

“ကိုယ်လေ.. ဖေဖေက ကိုယ့်ကိုဘာတွေလုပ်ခဲ့လဲ မှတ်မိလာတယ်။ ပြီးတော့… ကိုကိုက ဘာဖြစ်လို့ ကိုယ့် ကို ဖေဖေနဲ့ ဝေးသထက်ဝေးအောင် အားထုတ်ခဲ့တာလဲသိလာတယ်။ ဖြစ်နိုင်ခြေတွေကို ကိုယ်တွေးတတ် တယ် ဆူဇန်. ဖေဖေဟာ ကိုကို့ကိုလည်း အလွတ်ပေးမှာမဟုတ်ဘူး”

ဂရိပုံပြင်များနှင့် နတ်ဘုရားများအကြောင်း တခုတ်တရပြောပြတတ်သော ဖေဖေသည် သားအရင်းကို လည်း လိင်မှုကိစ္စသာယာနိုင်ဖို့ ဝန်လေးမည်မဟုတ်ပါ။

“အို.. ကလေးရယ်။ တို့.. ဘာပြောရမှန်းမသိတော့ဘူး။ တို့ရှိတယ်နော်။ ကလေး ရင်ဆိုင်နေရတာတွေ သိပ် များတာပဲ။ တို့ ရောက်လာခဲ့မိတာ တကယ်တော်သေးတယ်”

ဆူဇန် ကကြည်သာ့ကိုဆွဲပွေ့ထားပြီး ဆံပင်ဖျားလေးများကို အသာအယာဆွဲငင်ပွတ်သပ်ပေးသည်။ ကြည်သာ ထိုရင်ခွင်ထဲ တိုးဝင်သင့်ရဲ့လား။

“ကိုကို အဆင်ပြေမှာမဟုတ်ဘူး … ကိုယ်သိတယ်။ ကိုကို အဆင်ပြေမှာမဟုတ်ဘူး”

နာကျင်မှုက နှလုံးသားထဲမှာ မီးတောက်ပမာ ထိုးထွင်းနေသည်။ ကြည်သာ ဘာဖြစ်လို့ အသက်ရှင်နေ သေးပါလိမ့်…။

===========================================================================

ဝေယံ အလုပ်မှာ အစီရင်ခံစာအရှည်ကြီးတစ်စောင်ရေးတင်ပြီးနောက် အကြောဆန့်လိုက်သည်။ ချမ်းငြိမ်း က ဝေယံ ဖုန်းဆက်ဖို့မလိုအောင်ပါ စာတွေပို့ရှာပါသည်။ နေ့လယ်စာစားလျှင်စားကြောင်း၊ စာအုပ်ဖတ် ကြောင်း၊ နေ့ခင်း ခဏအနားယူကြောင်း စသည်ဖြင့်။ ဝေယံ ပြုံးမိသွားသည်။ ကြင်စဦးတွေလိုပါလား။

“လုပ်ချင်တာလုပ်ထားပြီး သိပ်ပျော်တာပဲလား”

အက်ဘီ က စာရွက်တစ်ပုံကြီးကို ဝေယံ့လက်ထဲလာထည့်ပေးသည်။

“အက်ဘီ.. ဒါတွေကဘာတွေလဲဗျာ။ ကျွန်တော်ပြန်ရတော့မှာလေ”

“မင်းအလုပ်ပျက်ထားတဲ့နေ့တွေမှာ ထွက်လာတဲ့ ကြယ်စင်စုတွေအကြောင်း ထူးခြား ရီပို့တွေ။ ဖတ်ကြည့် ပြီး Analysis လုပ်ခဲ့”

“ဟာ.. ကျွန်တော်မှမအားတာ။ အိမ်မှာ ကျွန်တော့်ကောင်လေးကို ပြုစုရဦးမယ်ဗျ”

“ဖရက် ခိုင်းထားတာတွေပဲ။ မင်းဆရာနဲ့ မင်းရှင်း။ ငါ့ကိစ္စဒီမှာပြီးပြီ”

အက်ဘီ က လက်စသတ်ပြီး စတိုင်ကျစွာ ပြန်ထွက်သွား၏။ ဝေယံ့မှာ ဖရက် ကိုတော့ကြောက်ရပါသည်။ ဝေယံ့ အနီးကပ်ဆရာ သိပ္ပံပညာရှင် အင်ဂျင်နီယာ ဖရက် သည် အက်ဘီ ၏ အတူနေ ရည်းစားလည်းဖြစ်သေး ၏။ ဝေယံ​ခေါင်းခါပြီး ဖိုင်တွဲကြီးကိုယူကာ အိမ်သို့ ထွက်လာခဲ့သည်။ လမ်းမှာ ချမ်းငြိမ်းကြိုက်တတ်သော စားစရာဝင်ဝယ်သည်။ နောက်နေ့လမ်းကြုံလျှင်တော့ အိမ်ခြေမဲ့များကို စားစရာဝေသည့်ဘက်သို့ တူတူ သွားရမည်ဟု တေးထားလိုက်၏။

ကားပါကင်မှာ ကားရပ်ရုံရှိသေးသည်။ ဝေယံ မျက်မှောင်ကျုံ့သွားရသည်။ ကားပါကင်ရှေ့ရှိ ပန်းခြံလေးထဲ မှာ ချိုင်းထောက်တစ်ဖက်ဖြင့် ချမ်းငြိမ်းက ရပ်၍ ပြုံးနေသောကြောင့်ပင်။

“ဟာကွာ.. မင်းဒီမှာဘာလုပ်နေတာလဲ”

ဝေယံ ပြေးသွားလိုက်တော့ ချမ်းငြိမ်းက ချိုင်းထောက်ကိုပစ်ချပြီး ဝေယံ့ကို ပွေ့ဖက်ထား၏။

“ဟင်.. ချမ်းငြိမ်း။ ဒီမှာဘာလုပ်နေတာလဲလို့”

“မင်းရဲ့အိမ်ပြန်ချိန်ကိုစောင့်နေတာလေ။ ဒီကနေ အပေါ်ကို အတူတူဝင်သွားချင်လို့။ အဲဒါက ကိုယ့်ကိုယ်ကိုယ် မင်းရဲ့လူလို့ခံစားရစေလို့”

“ချော်လဲရင်ဒုက္ခပဲ ချမ်းငြိမ်းရာ။ မင်း ငုတ်တုတ်ထိုင်နေလည်း မင်းကငါ့အမျိုးသားလေးပဲ။ အဲဒါ ဘာမှ ပြောင်းလဲသွားမယ့်အချက်မဟုတ်ဘူး”

ချမ်းငြိမ်း နှုတ်ခမ်းလေးတွေ ကွေးညွတ်သွားတော့ ဝေယံ့မှာငေးခနဲ။ ကြည့်ကောင်းလိုက်တာနော်။

“ကိုယ့်ကို မင်းယူချင်ပြီပေါ့”

“ဟာကွာ မင်းအဲဒါကို ဘာလို့မှတ်ထားနေတာလဲ။ ယူမှာလို့ ယူမှာကွာ။ အခုယူချင်လား”

“သစ္စာပြုဖို့ ဝသုန်မြေကြီးရယ် ကိုယ်တို့နှစ်ယောက်ရယ်ပဲလိုတာမို့လို့လေ။ ကိုယ် မငြင်းပါဘူး”

ချမ်းငြိမ်းက ထိုသို့ပြောပြီး ဝေယံ့လက်ထဲမှအိတ်ကို လက်တစ်ဖက်ကဆွဲယူသည်။ တစ်ဖက်က ချိုင်းထောက် ကို အားပြုသည်။ ဝေယံ ကြောင်ကြည့်နေရာမှ အပြေးပြန်တွဲရ၏။

“ဘာတွေလုပ်နေတာလဲ ချမ်းငြိမ်းရာ။ မလုပ်နဲ့”

“အလုပ်ပြန်လာတဲ့ ချစ်သူကိုကြိုတာလေ”

“ကောင်းပြီ။ ဒါဆို အဲဒီချစ်သူကို ငါ့နည်းငါ့ဟန်နဲ့အပေါ်ခေါ်သွားမယ်”

ဝေယံ necktie ကိုဆွဲဖြုတ်ပြီး အိတ်ကပ်ထဲပစ်ထည့်ကာ ချမ်းငြိမ်းကို ကျောပိုးလိုက်၏။

“အဲ.. ဝေ..ဝေယံ”

ချမ်းငြိမ်းအေးဟန်၏ တည်ငြိမ်အေးဆေးမှုတို့က ဤတခါပဲပျောက်ဆုံးဖူးသည်ဟု ဝေယံတွေးမိသည်။ ထို့ ကြောင့်လည်း ကိုယ့်လုပ်ရပ်အပေါ်ပိုကျေနပ်သွားသည်။

“ငြိမ်ငြိမ်နေ။ မင်းကို ငါ ခစားနေတာ”

“မဟုတ်.. ဝေယံ.. ဒီလိုမလုပ်ပါနဲ့”

“မင်းစကားထပ်များရင် ငါ မင်းကိုကျောပိုးပြီး အိမ်ရာတစ်ပတ်ပတ်လိုက်မှာမို့ မယုံမရှိနဲ့ ချမ်းငြိမ်း”

“ချစ်တယ်ဆိုတာရော စကားထပ်များတဲ့ထဲ အကျုံးဝင်လား”

ဝေယံ စိတ်ထဲမှကြိတ်အသည်းယားသွားသော်လည်း မသိချင်ဟန်ဆောင်ပြီး ကွန်ဒိုအိမ်ရာနောက်ဘက်သို့ ဝင်သွားတော့ ချမ်းငြိမ်းက တကယ်တိတ်သွားသေးသည်။ သို့သော် ချက်ချင်းပင်

“မင်းအဲဒီလိုဆိုးတတ်တာ ကိုယ်မသိပါလား ကိုယ့်ဝေယံ” ဟုပြောလာ၏။

“ဘယ်သူကဆိုးတာလဲ”

“မင်းလေ.. ကိုယ်ကတော့ မင်းကျောထက်မှာသက်သက်သာသာနေနိုင်ပါတယ်။ မင်းပင်ပန်းမှာစိုးလို့ ပြောရတာကို စကားနားမထောင်ဘူး”

“အဲဒါမျိုးဆို မင်းကရောဘယ်တုန်းကနားထောင်ဖူးလို့လဲ ချမ်းငြိမ်းရယ်”

“အခန်းထဲသွားရအောင်ပါ ဝေယံရာ”

ဝေယံ ပြီတီတီဖြင့်ပြုံးလိုက်ပြီးနောက် ဓာတ်လှေကားကိုဦးတည်လိုက်တော့ ချမ်းငြိမ်းက ကျောပေါ်မှနေ ၍ ဖွဖွလေးရယ်ကာ ဝေယံ့နားရွက်ဖျားများကို ကိုင်လာ၏။

“ချစ်ဖို့ကောင်းတယ်”

“မင်းကတော့ ထင်ထားတာထက်လေးတယ်”

ပြိုင်တူရယ်လိုက်မိကြသည်။ဓာတ်လှေကားထဲတွေ့သော သန့်ရှင်းရေးဝန်ထမ်းကြီးက အထူးအဆန်းလို သူတို့နှစ်ယောက်ကိုကြည့်နေသည်။ ဝေယံတို့ မတိုင်ပင်ထားဘဲ ရယ်မောကာနှုတ်ဆက်မိကြ၏။

ဝေယံ့တိုက်ခန်းရှေ့ရောက်တော့ ချမ်းငြိမ်းက Passcode နှိပ်ပေးသည်။ ဝေယံကတော့ အခန်းထဲသို့ တခါတည်းဝင်သွားပြီး အိပ်ရာပေါ်ချမ်းငြိမ်းကို အသာအယာလေး ချပေးမိသည်။

“မောသွားပြီလား ကိုယ့်ဝေယံ”

“အေး.. မင်းအောက်မှာဆင်းစောင့်နေလို့ဖြစ်ရတာ။ ငါ့ကိုအမောပြေအောင်..”

ဝေယံ ပြော၍ပင်မဆုံးခင် ချမ်းငြိမ်းက ဝေယံ့ပါးကို ရွှတ်ခနဲနမ်းလိုက်၏။

“ကိုယ်ပြောပါတယ်.. မင်းစိတ်နဲ့ကိုယ့်ကိုယ်ဆိုတာလေ”

ဝေယံ ကြည်နူးစွာဖြင့် ချမ်းငြိမ်းနှုတ်ခမ်းများကို နွေးထွေးစွာသိမ်းပိုက်မိတော့သည်။ ချမ်းငြိမ်း ပြောင်းလဲ လာသော်လည်း ဤသို့ပျော်ရွှင်နေလျှင် ဝေယံ​ကျေနပ်ပါသည်လေ။အမြဲလည်း ပျော်ရွှင်စေချင်ပါသည်။

==================================================================


Leave a comment