35 – Event Horizon

35 : Event Horizon

(ယေဘုယျနှိုင်းရသီအိုရီတွင် á€–á€źá€…á€şá€›á€•á€şá€™á€­á€Żá€¸á€€á€Żá€á€şá€…á€€á€şá€á€­á€Żá€„á€şá€¸á€žá€Šá€ş á€Ąá€Źá€€á€Źá€žá€Ąá€á€ťá€­á€”á€şáá€Ąá€œá€˝á€”á€şá€™á€ž နယ်နမိတ်ဖြစ်ပြီး အပြင်ဘက် လေ့လာသူကို သက်ရောက်ခြင်းမရှိပေ။ တစ်နည်း á€•á€źá€”á€şá€œá€™á€şá€¸á€™á€›á€žá€­á€žá€ąá€Źá€†á€Żá€śá€™á€žá€á€ş á€Ÿá€Żá€†á€­á€Żá€”ိုင်သည်။ ဥပမာ ယင်းဆုံမှတ်သည် ဒြပ်ဆွဲအား ပြင်းထန်လွန်းပြီး á€Ąá€œá€„်းတ္ဏင် မလွတ်မြောက်နိုင်ပေ။

  • ဝီကီပီးဒီးယားမှ)

ဆီးနှင်းတွေ ထူထဲစွာကျနေသည့် ဆောင်းညနေခင်းသည် စောစီးစွာမှောင်အတိကျနှင့်ပြီ။ လမ်းမထက်မှာ ဝေယံ တစ်ယောက်သာရှိနေသည်။ အနွေးထည်ထူထူဝတ်ထားပါလျှက် ချမ်းတုန်နေသည့် ဝေယံက လက် ပိုက်လျှက် ခပ်သွက်သွက်လျှောက်လာနေသည်။ လမ်းမီးတိုင်အောက်ရောက်တော့ ခဏရပ်လိုက်ရင်း လက်ပတ်နာရီကို မီးအလင်းအောက်တွင် မြှောက်ကြည့်လိုက်၏။ နာရီက မလည်ပတ်နေပါ။ ဝေယံ ဘေး ဘီပတ်လည်ကိုကြည့်လိုက်တော့လည်း ချမ်းငြိမ်းရှိမနေခဲ့။ လောကတစ်ခွင်မှာ ဝေယံတစ်ယောက်တည်း။ ဒါနဲ့များ ဘာဖြစ်လို့ နာရီက မလည်ရတော့တာလဲ။ ဝေယံ့အတွေးများကို အေးစက်တည်ငြိမ်သည့် အသံ တစ်သံက လာဖျက်၏။

“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က မင်းနဲ့အတူရှိနေလို့လေ။ ကိုယ်က မင်းဘေးမှာမို့လို့”

“ချမ်းငြိမ်းအေးဟန်”

ဝေယံတို့ အတူကြည့်ခဲ့ဖူးသော Ghost ဇာတ်ကားကိုသတိရသွားပြီး ထိတ်ခနဲဖြစ်သွားကာ ချစ်ရသူ နာမည်ကို အော်ခေါ်ကြည့်မိစဉ်မှာပင် လက်ကို သာသာလေးဆွဲကိုင်ခံလိုက်ရ၏။

“ကိုယ့်ဝေယံ.. ကိုယ်ရှိတယ်လေ”

ပကတိတည်ငြိမ်သောအသံကြားမှ မျက်လုံးတို့ကိုရဲရဲဖွင့်နိုင်တော့သည်။ အိပ်မက်ထဲမှာလို မဟုတ်ဘဲ ချမ်းငြိမ်းကို မြင်နေရပါသည်။ ထို့ပြင် သူတို့ရောက်နေသည်မှာ ဆောင်းရာသီလမ်းမထက်မှာမဟုတ်ဘဲ နွေးထွေးသော အိပ်ခန်းလေးထဲမှာဖြစ်သည်။

“ချမ်းငြိမ်း”

“အိပ်မက်ထဲမှာ လန့်စရာတွေတွေ့ခဲ့လို့လား။ ရေသောက်လိုက်ဦး”

ချမ်းငြိမ်းက ပြောပြောဆိုဆိုနှင့် ရေခွက်ကိုလှည့်ယူသည်။ ဝေယံ ထထိုင်လိုက်ကာ ချမ်းငြိမ်းကို လက်အစုံ ဖြင့် ပွေ့ဖက်ထားလိုက်၏။

“ဝေယံ…”

“ဒီတိုင်းပဲနေ ..ငါ ဖက်ထားချင်လို့”

ချမ်းငြိမ်းထံမှ ရယ်သံသဲ့သဲ့လေးထွက်လာပြီး ဝေယံ့လက်တွေပေါ်မှာ နူးညံ့နွေးထွေးသော လက်တစ်စုံ ထပ်ရောက်လာ၏။

“ကိုယ်ထွက်သွားမှာစိုးလို့လား”

ဝေယံ ပြန်မဖြေဘဲ ချမ်းငြိမ်းပုခုံးထက်မှာ နဖူးကိုကပ်ထားမိ၏။ အိပ်မက်တစ်ခုဆိုသော်လည်း ချမ်းငြိမ်း ပါလာလျှင် ဝေယံ့အတွက် ပျော်ရွှင်ဖွယ်ဖြစ်မှရပါမည်။ အိပ်မက်ထဲမှာပင် အဝေးမခံနိုင်တာ ချမ်းငြိမ်း သိပါ့ မလား။

“မင်းအိပ်မက်ထဲ ကိုယ်မရှိနေလို့လား”

“အခု ဘယ်နှနာရီထိုးပြီလဲ”

“၅ နာရီပဲရှိပါသေးတယ်။ ပြန်အိပ်ဦးလေ။ အချိန်ရှိသေးတယ်”

“မအိပ်ချင်တော့ဘူး။ ငါတို့ ကားလျှောက်မောင်းရအောင်။ မနက်စာလည်း ဝယ်ရင်း”

ချမ်းငြိမ်းက ဝေယံ့ကိုလှည့်ကြည့်၏။ ထိုမျက်ဝန်းနက်များ၏ အကြည့်များကို ဝေယံ မလွန်ဆန်နိုင်သော် လည်း မျက်နှာလွှဲထားလိုက်ပါသည်။

“မင်းပင်ပန်းမှာပေါ့ အချစ်ရယ်”

“မျက်နှာသွားသစ်ကြစို့ ချမ်းငြိမ်း”

ဝေယံက ချမ်းငြိမ်းကို ပွေ့ချီရင်း ရေချိုးခန်းထဲသို့သာ ဦးတည်လိုက်တော့သည်။ ချမ်းငြိမ်းက ဘာမှမပြော တော့သော်လည်း ဝေယံ့ကိုကြည့်နေဆဲ။

=======================================================================

စခန်းထဲမှာ စာရွက်စာတမ်းများနှင့် ရှုပ်နေစဉ် ဒေါသတကြီး ဝင်လာသော တစ်စုံတစ်ယောက်ကြောင့် ကြည်သာ မော့ကြည့်လိုက်ရသည်။ တွေးထားသည့်အတိုင်း ဆူဇန် ဘရောင်း ပါပင်။

“ဆူဇန်.. ကိုယ်တို့ပြောစရာရှိတာသိပေမဲ့ လောလောဆယ် ကိုယ်အလုပ်ရှုပ်နေသေးတယ်”

“တို့ကို နောက်တခါထပ်ထားသွားဖို့ အလောတကြီးပြင်ဆင်နေတယ်လို့ ဝန်ခံလိုက်စမ်းပါ ကလေး”

ကွန်ပျူတာပေါ်မှာ ရိုက်ထည့်နေသည့် ကြည်သာ့လက်ချောင်းလေးတွေရပ်တံ့သွား၏။ ကြည်သာ စာရွက် များကို စုထားလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဆူဇန် ကို ရင်ဆိုင်ကြည့်လိုက်သည်။

“မင်းမှားနေပြီ ဆူဇန်. ကိုယ်က တစ်ယောက်ယောက်ကိုထားခဲ့နိုင်မယ်ထင်လို့လား”

“ဒါဆိုရင် ဒီအလုပ်ထွက်စာကဘာလဲ ကလေး”

“ကိုယ်အနားယူဖို့လိုအပ်တယ် ဆူဇန်”

“ကလေး လုပ်နေသမျှက ရှောင်ပြေးနေတာပဲ”

“ရင်ဆိုင်ဖို့လုပ်ရင်ရော ဘာထူးမှာလဲ။ ကိုယ် ကိုကို့ကို ဘယ်လိုမျက်နှာပြရမှာလဲ။ အလုပ်ထွက်ဖို့ထိ ဆုံးဖြတ်တာက ကိုကို ကား accident မဖြစ်ခင်ကတည်းက ဆုံးဖြတ်ခဲ့တာ။ မင်းလိုက်လာမယ်လို့ မသိရ ခင်ကတည်းကပါ။ မင်းရောက်လာလို့ ထားသွားတာလည်းမဟုတ်ဘူး။ ဆူဇန်.. ကိုယ်သိပ်ပင်ပန်းနေပြီ။ ကိုယ့်တစ်ဘဝလုံး ရူးသွပ်ခဲ့တဲ့ သုတေသနဆိုတာလည်း အလကားပဲလို့ ကိုယ်လက်ခံလိုက်ရပြီ။ ကိုယ် အနားမယူသင့်ဘူးလား”

ဆူဇန် က ကြည်သာ့ကို ခပ်ငေးငေးလေးကြည့်နေပြီးမှ တိုးတိတ်စွာ ဆို၏။

“ကလေး မင်းစိတ်ထဲရှိတာတွေ အကုန်ပြောစမ်းပါ။ မင်းအခုမပြောရင်… ဘယ်တော့ပြောမှာလဲ”

ကြည်သာ နှုတ်ခမ်းကိုက်လိုက်မိ၏။ မျက်စိရှေ့မှစာရွက်များကို ကြည့်နေသော်လည်း သေချာမမြင်ရ။ ဆူဇန် က အနားသို့တိုးလာကာ ထပ်တိုက်တွန်းသည်။

“တို့သိတဲ့ ကြည်သာအေးမြ ဖြစ်စရာမလိုဘူး။ မင်းက ဘယ်လိုကြည်သာအေးမြ ဖြစ်ပါစေ၊ အမြဲ တို့ရဲ့ ကလေးပဲ။ အဲဒါကြောင့် ဘာကိုမှမကြောက်နဲ့…မင်း စိတ်ထဲရှိတာ ပြော”

စာရွက်များကို ငေးကြည့်နေသည့် ကြည်သာ ဘာမှမမြင်ရတော့ဘဲ မျက်ရည်များစီးကျလာသည်။ ဖေဖေ နှင့် ချမ်းငြိမ်းတို့က အာရုံထဲရောက်လာ၏။ တင်ပါးနှင့် ခါးထက်ဆီမှာ သိပ်ရွံမုန်းရသည့် တင်းကျပ်ကျပ် အထိအတွေ့တို့ကို တဖန်ပြန်ခံစားလာရသည်။ ကြည်သာအေးမြလေးသည် လက်ပိုက်လျှက် ဖေဖေ့ကို ကြောက်လန့်တကြားကြည့်နေသည်။

“ဖေဖေက ကြည်သာလေးကို ချစ်လို့လေနော်။ မျက်လုံးလေးတွေဝိုင်းနေရင် သိပ်လှတဲ့ ကလေးပဲ”

ကြည်သာ မျက်လုံးဝိုင်းဝိုင်းဖြင့်မကြည့်ရဲတော့ပါ။ ဖေဖေ့၏ မည်သည့်ပုံစံက အစစ်အမှန်လဲဟုလည်း မခွဲခြားတတ်တော့။ အပြင်မှပြန်လာလျှင် လက်ဖက်ရည်ပါဆယ်ထုပ်ပါလာသော ကဗျာဆရာကြီးသည် သမီးနှင့်သားကို ပွေ့ယူမြှောက်ချီကာ နမ်းရှုပ်တတ်သည်။ သို့သော် ကြည်သာ မပျော်တတ်တော့ပါ။ ထို အစား မေမေနှင့် ဈေးကိုလိုက်သွားဖို့ကို ကြည်သာ မငြင်းဆန်တတ်တော့ပေ။ ဈေးထဲမှ ဆိုင်ခန်းလေးမှာ စာလုပ်တတ်ဖို့ကို ကြည်သာ သင်ယူစရာမလိုလိုက်ဘဲ အလိုလိုနေသားကျလာခဲ့သည်။ အိမ်တွင် ကျန်နေ တတ်မည့် ချမ်းငြိမ်းအေးဟန် အဆင်ပြေပါမည်လားဟု ကြည်သာ နည်းနည်းမှ မတွေးပေးခဲ့ပါလား။ ကြည်သာနှင့် ချမ်းငြိမ်းတို့ တစ်အိမ်တည်းနေပါလျှက် ဝေးသွားရသည့် အကြောင်းအရင်းက ကြည်သာ ကိုယ်တိုင်ပါပဲလား။ ကြည်သာဟာ အဖြစ်မှန်ကိုသိပါလျက်နှင့် တစ်ကိုယ်ရည်စာ အဆင်ပြေဖို့ကိုပဲ ဦးစား ပေးခဲ့သူ။ ကြည်သာ ဟာ အတ္တကြီးသူ။ ကြည်သာ လွတ်မြောက်ဖို့အရေး ချမ်းငြိမ်းကို ငရဲဆွဲချခဲ့မိသူ။

“ကိုယ်က သိပ်ကိုတစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ”

ဇာတ်လမ်းရှည်ကြီးကို မောဟိုက်စွာပြောပြလာသော ကြည်သာ့ကို ဆူဇန် က ကရုဏာ သက်စွာ ငေးကြည့်ရင်း ဆံပင်ဖွဖွလေး သပ်ပေးသည်။

“ကလေးက အများကြီးပင်ပန်းခဲ့ပါပြီ”

“ကိုကိုက ပိုပင်ပန်းခဲ့ရမှာ ဆူဇန်”

“ချမ်းငြိမ်းက ကလေးကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမှာကို လိုလားမှာမဟုတ်ဘူး။ သူ ပင်ပန်းခဲ့ရတာ အတွက် ကလေးက အားနာစိတ်နဲ့ စိတ်မကောင်းဖြစ်နေရရင်တောင် သူ့ကိုရှောင်နေတာက အဖြေမဟုတ် ဘူးလေ။ တို့ကိုယုံပါ။ မင်းအလိုအပ်ဆုံးက သူ ဖြစ်နေသလိုမျိုး သူအလိုအပ်ဆုံးကလည်း သူသိပ်ချစ်ရတဲ့ ညီမလေးပြန်လာမှာဖြစ်လိမ့်မယ်”

ကြည်သာသည် ရှေ့မှ ဖြူဖြူသေးသေး ကောင်မလေးကို ငေးကြည့်နေမိ၏။ ထိုမိန်းကလေး၏ နှုတ်ခမ်းကို လည်း ကြည်သာက လူထောင်ချီရှေ့မှာ သိမ်းပိုက်ခဲ့ပြီးပြီ။ သို့သော် ကြည်သာ့နှလုံးသားကို ပိုင်ဆိုင်ပြီးသူ က ရှိနှင့်နေပြီ။

“ဆူဇန်.. ကိုယ့်စိတ်ဆန္ဒတွေက ဘာဖြစ်လို့ပုံမှန်မဟုတ်ရတာလဲ။ ပြောပါဦး.. မင်းရယ်… ကိုယ် ဘာဖြစ်လို့ မင်းနှုတ်ခမ်းမဟုတ်တဲ့ သူ့နှုတ်ခမ်းတွေကို တောင့်တနေရတာတဲ့လဲ”

ဆူဇန် က တည်ငြိမ်စွာပဲ ကြည်သာ့ကို ကြည့်နေခဲ့ပါသည်။ ငြင်းပယ်ခံလိုက်ရသူတစ်ယောက်အနေဖြင့် ဆူဇန် သည် တည်ငြိမ်လွန်းသူတစ်ယောက်ပါပင်။

“တို့ကို စိတ်ပညာမဟာတန်းကျောင်းသူတစ်ယောက်အနေနဲ့ မေးတာလား။ ဒါမှမဟုတ်.. မင်းရဲ့ ဆူဇန် အနေနဲ့လား ကလေး”

ကြည်သာ ပြန်ဖြေဖို့အားမရှိတော့ပါ။ ပြောရလျှင် ကြည်သာ့ခွန်အားတွေကုန်ခမ်းခဲ့ပြီ။ ဆူဇန် က သက်ပြင်းရှိုက်ပြီး ကြည်သာ့ကို ရင်ခွင်ထဲပွေ့ဖက်ထားရင်း ခပ်တိုးတိုးပြောလာသည်။

“လောကကြီးမှာ ကိုယ်တို့ လွန်ဆန်မရတာတွေအများကြီးရှိတယ် ကလေးရယ်။ ဒီလောကက တကယ် မတရားပါဘူး။ မင်းကို တို့ချစ်တယ်ဆိုတာ မင်းသိထားရင်ရပါပြီ။ သူ့ကို မင်းချစ်ဖို့ကတော့ ဘယ်လိုပုံစံလဲ ပေါ်မူတည်ပြီး မင်းမှာအခွင့်အရေးရှိပါသေးတယ်လေ”

ကြည်သာ့ မျက်ရည်တွေလည်း ကုန်ဆုံးခဲ့ပြီထင်သည်။ ဆူဇန် က ကြည်သာ့ပါးကိုကိုင်ရင်း နှုတ်ခမ်းချင်း ထိကပ်နမ်းလာ၏။ ကြည်သာသိသည်.. ဤအနမ်းသည် နှုတ်ဆက်အနမ်း.. ခွဲခွာအနမ်းပင်ဖြစ်သည်။

“ကလေးရယ်.. မင်းနာကျင်ရတာတွေ လွန်ပါစေတော့”

==============================================================================

နယူးယောက်မြို့တစ်ခွင်မှာ အပေါများဆုံးဖြစ်သော မိုးမျှော်တိုက်များကို ရှောင်ကွင်းပြီး ဝေယံသည် ပန်းခြံတစ်ခုကိုသာ မောင်းသွားဖြစ်သည်။ လမ်းမှာလည်း အသားညှပ်ပေါင်မုန့်နှင့် ကော်ဖီဝင်ဝယ်ခဲ့ပြီးပြီ။

ချမ်းငြိမ်းက ခြေထောက်ပြန်ထောက်လာနိုင်သော်လည်း ချိုင်းထောက်လွှတ်၍တော့ မရသေးပေ။ ထို့ ကြောင့် အဆင်းအတက်တို့မှာ ဝေယံ ကူနေရဆဲ။ ကား ပေါ်မှာက Pink ၏ Just Give Me A Reason သီချင်းသံက ခပ်တိုးတိုးပျံ့လွင့်နေ၏။

“ဒီနေ့ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပါဦးလား”

ချမ်းငြိမ်းမေးလာတော့ ဝေယံ ကားစက်သတ်ပြီး မှန်ချထားလိုက်သည်။ မနက်စောစော လေအေးအေးက ကားမှန်မှတဆင့် တိုက်ခတ်နေ၏။

“မင်းသတိထားမိလားမသိပေမဲ့ ချမ်းငြိမ်း.. ငါ ဒီတလော အိပ်မက်တွေတောက်လျှောက်မက်တယ်”

“အင်း.. ကိုယ်သိပါတယ်”

“အိပ်မက်တွေတိုင်းမှာလည်း မင်းက မရှိနေဘူး။ တစ်နည်းမဟုတ်တစ်နည်းနဲ့။ ဒါမှမဟုတ် ကြည်သာ့ အတွက်နဲ့ ငါကကျန်နေခဲ့ပြန်ရော”

ချမ်းငြိမ်းက ခဏတာတိတ်ဆိတ်သွား၏။ ဝေယံက ချမ်းငြိမ်းကိုရင်မဆိုင်ရဲစွာနှင့် အသားညှပ်ပေါင်မုန့်ကို ပလတ်စတစ်အပတ် ခွာနေကာ ဆက်ပြောမိသည်။

“ငါပြောချင်တာက… ငါ စိတ်တွေမလုံခြုံဘူးဖြစ်နေတယ်”

“ကိုယ်ပြောပြတာတွေ အရင်နားထောင်ပေးနိုင်မလား အချစ်”

ဝေယံ့လက်ကို ချမ်းငြိမ်းက ဖွဖွလေးအုပ်ကိုင်ပေးလာသောအခါ စိတ်ထဲမှ မလုံခြုံမှုများက လွင့်ပါးသွားရ သည်။ အမြဲတမ်း လက်တွဲထားလို့ရရင် ဘယ်လောက်ကောင်းမလဲ။

“ကြည်သာဟာ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲ။ ကိုယ့်မှာ မိနစ်ပိုင်းပဲခြားတဲ့ ညီမလေးရှိတယ်ဆိုတာကို သိလာရတဲ့အချိန်ကစပြီး အခုထိ ကိုယ်ဟာ ကြည်သာ့ကို လက်မလွှတ်ခဲ့ဖူးဘူး။ ကြည်သာဟာ ကိုယ် ကာ ကွယ်ပေးရမယ့် ကိုယ့်ရဲ့စိတ်တံခွန်လေး.. ကိုယ့်ရဲ့ကြယ်ကလေးလိုပဲ။ ကိုယ် ကြည်သာ့အမုန်းတွေကို ခံနိုင်စွမ်းမရှိဘူး။ ဖေဖေ့ကို မလိုလားတဲ့စိတ်နဲ့ ကြည်သာ့အမုန်းတွေကို မခံနိုင်စွမ်းကပဲ ကိုယ့်ကို ဘာသာ ရေးဘက် လိုက်စားစေခဲ့တာ။ ကိုယ့်ကို ဘာသာတရားကလွဲရင် ဖြေရှင်းပေးမယ့်.. အဖြေရှာပေးမယ့် တစ်စုံတစ်ယောက်မရှိခဲ့ဘူး။”

ဝေယံ စိတ်ထဲမွန်းကျပ်လာသည်။ ကြည်သာ့ကိုလက်မလွှတ်ခိုင်းရက်ပါ။ သို့သော်.. ဝေယံ့ကိုဆွဲကိုင်ထားဖို့ တော့လိုသည်လေ။

“ချမ်းငြိမ်း… မင်းညီမရဲ့အမုန်းကို ဘာဖြစ်လို့ခံရမှာလဲ။ ငယ်ငယ်တုန်းက ကိစ္စတွေကလည်း.. မင်း သူ့ကို မကောင်းတာတွေမဖြစ်အောင် ကာကွယ်ပေးခဲ့တာပဲလေ။ သူလည်း အခုသိပြီဆိုရင် မင်းကိုမုန်းတော့မှာ မဟုတ်ဘူး”

ချမ်းငြိမ်းက ဝေယံ့ဘက်လှည့်ကြည့်လာ၏။

“ဆုပေးပွဲနေ့… မင်း ပထမဆုတဲ့နေ့တုန်းက ကိုယ့်မြန်မာစာအမှတ်ကိုသိတော့ ကြည်သာက ကိုယ့်ကိုဘာ ပြောခဲ့လဲသိလား။ ချမ်းငြိမ်းအေးဟန်.. နင်ဘယ်အချိန်ထိ သေလူလိုလုပ်နေမှာလဲ တဲ့။ ကိုယ်ဖွင့်မပြောခဲ့ တဲ့ နာကျင်မှုတွေအတွက်လည်း ကိုယ့်ညီမလေးဟာ ကိုယ့်ကို မုန်းနေဦးမှာပါပဲ။ မုန်းလိုက်မှပဲ သူ ပေါ့ပါး သက်သာမှာမို့လို့လေ”

“ဖွင့်မပြောခဲ့တဲ့ နာကျင်မှု… ငါ မသိတာတွေရှိသေးလား”

ချမ်းငြိမ်းလက်က တစ်ချက်လှုပ်ခတ်သွား၏။ ဝေယံ့နှလုံးတုန်သံက ကြား၍ပင်မကောင်းတော့။ ဘုရားသခင်.. ချမ်းငြိမ်း… ဘာတွေဖြစ်ခဲ့ပါလိမ့်။

“ဖေဖေ.. အင်း.. တစ်ဘဝလုံး ထုတ်မပြောတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမဲ့ ဖေဖေက .. ကြည်သာ့ကို ဘာလို့ အလွယ်တကူ လွှတ်ပေးခဲ့လဲဆိုတော့.. ပိုပြီးလွယ်ကူတဲ့ ပစ်မှတ်ရှိနေလို့လေ”

“ဘာ…”

ဝေယံ တုန်ခနဲဖြစ်သွား၏။ မဟုတ်တာ….။

“ကိုယ်က ဘယ်သူ့ကိုမှပြန်မပြောဘူးလို့ ဖေဖေက သေချာနေခဲ့တယ်။ ဖေဖေက အနုပညာဆိုတဲ့ မျက်နှာဖုံးအောက်မှာ ကိုယ့်ကို ဂရိနဲ့ ရိုမန်ဒဏ္ဍာရီတွေအကြောင်း ပြောရင်း သူ့စိတ်ဆန္ဒကို အကောင်အထည်ဖော်ခဲ့တယ်။ ဖေဖေက သူ့ကိုယ်သူ ဂရိနတ်ဘုရားလို့ထင်နေပုံပဲ။ သူ့ကိုယ်သူ မလုပ်သင့် တာလုပ်နေတာပါလားဆိုတဲ့ အသိတောင်မရှိနေခဲ့တော့ဘူး။ ကိုယ်က ဖေဖေ့အချစ်တွေရခဲ့တယ်လို့ ကြည်သာကထင်နေမှာပေမဲ့… ကိုယ်ရခဲ့တာတွေက အနာတရတွေပါ”

“မင်းဘယ်သူ့ကိုမှမပြောခဲ့ဘူးလား.. ချမ်းငြိမ်း”

“ကိုယ်ပြောလိုက်ရင် ကြည်သာ ခံစားသွားရမှာစိုးခဲ့တယ်။ ဖေဖေက နောက်ဆုံးအချိန်ထိ အေးချမ်းတဲ့လူ ဆိုတဲ့ ပုံရိပ်ကို ရယူနိုင်သွားခဲ့တယ်။ ကိုယ့်အတွက်ဦးစားပေးက ကြည်သာသိသွားမှာကိုပဲ။ ကျန်တာကို ကိုယ် ဂရုမစိုက်ခဲ့ဘူး။ ဖေဖေမရှိတော့ရင် ဒီပြဿနာတွေပြီးသွားမယ်လို့ကိုယ်ထင်ခဲ့တယ်။ ဒါပေမဲ့ ကြည်သာပြန်မှတ်မိလာမယ်လို့ ဘယ်သူကထင်မှာလဲ”

ဝေယံ ဆံပင်တွေထိုးဖွရင်း ချမ်းငြိမ်းလက်ထဲမှရုန်းထွက်ကာ ကားပေါ်မှဆင်းလိုက်၏။ စိတ်တွေအလွန်ရှုပ် ထွေးလှပြီ။ ချမ်းငြိမ်းအေးဟန်ကို နှစ်သိမ့်သင့်သည့်တိုင် စိတ်ထဲမှာ ဝေယံ လက်မခံနိုင်သေး။ ချမ်းငြိမ်း က Child abuse victim ပါလားဆိုသည့်အသိက ဝေယံ့ရင်ကိုနာကျင်စေသည်။

“ဝေယံ.. ကိုယ်လေ..”

ချမ်းငြိမ်းက ကားထဲမှပင် ဆက်ပြောလာ၏။

“ဝေယံခ ဆိုတဲ့ကောင်းကင်ကြောင့် ကိုယ် အများကြီး သက်သာရာရခဲ့ပါတယ်။ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနေတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ မင်းကိုချစ်ခွင့်ရခဲ့လို့…”

“တော်စမ်း ချမ်းငြိမ်း။ ဘာလိုအပ်ချက်လဲ။ မင်းက ဘာလိုအပ်ချက်ရှိမှာလဲ။ မင်းက ဘာလို့ အမြဲ တခြားလူ တွေအတွက် တွေးနေတာလဲ။ မင်းအတွက်မင်းဘာလို့မတွေးရတာလဲဟင်။ ချမ်းငြိမ်းအေးဟန် ဖြေစမ်းပါ”

ကားထဲသို့ ငုံ့အော်မိပြီးမှ ဝေယံ စိတ်မကောင်းဖြစ်လာကာ ကားပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိ၏။

ချမ်းငြိမ်းက သက်ပြင်းတစ်ချက်သာချရင်း ခပ်ဖွဖွဖြေလာသည်။

“အကျင့်ပါသွားတာ….။ ကိုယ် မျိုသိပ်ခံစားလိုက်ရင် အားလုံးအဆင်ပြေသွားမှာဆိုတဲ့စိတ်နဲ့ပဲ… အကျင့်ပါ လာခဲ့တာ”

“မင်း… မင်းကွာ။ ငါ မင်းကို ဘယ်တော့နားလည်မှာလဲ”

ဝေယံ ထိုမျှသာညည်းညူပြီး ချမ်းငြိမ်းမျက်နှာထက်ကို နှုတ်ခမ်းဖြင့် လွှမ်းမိုးပစ်လိုက်သည်။ နာကျင်မှုကို ခွဲဝေယူနိုင်မည့် စွမ်းအားတို့ရှိလျှင် ဝေယံ နှစ်ပေါင်းထောင်ချီထိ အနမ်းတွေပေးမိမည်။

အချစ်ရယ်… ငါရူးမှာပဲ။

============================================================================

ဝေယံ စိတ်နဲ့လူနဲ့မကပ်နိုင်သေးခင်မှာပဲ ဖရက် က စကားခေါ်ပြောခဲ့သည်။ မည်သို့ပင်ဆိုစေ၊ ဝေယံသည် စည်းကမ်းကော်မတီ၏ အရေးယူမှုခံရဦးမည်သာ။

“ယံ.. မင်း အလာစကာ ကိုသွားချင်လား။ အဲဒီက စခန်းက အာကာသဆိုင်ရာ ရူပသိပ္ပံပညာရှင်တွေ လိုအပ် နေတယ်။ အဲဒီမှာဆိုရင် မင်းအိပ်မက်ကို မင်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်မှာပါ”

အက်ဘီ က ထပ်ဆင့်ထောက်ခံပေး၏။

ဝေယံ သိပါသည်။ ထိုအရာက ပြစ်ဒဏ်မဟုတ်ပါ၊ အခွင့်အရေးကိုမှ ရွှေရောင်လွှမ်းသော အခွင့်အရေးပင်။ သို့သော်… ချမ်းငြိမ်းအေးဟန်နှင့် အဝေးမှာ ဝေယံ ရှင်သန်နိုင်ပါမည်လား။ အထူးသဖြင့်… ဤသို့သော အခြေအနေမှာ ဝေယံ ကောင်းစွာရှင်သန်နိုင်ပါမည်လား။ နယူးယောက် နှင့် မိုင် ၃၀၀၀ အကွာ.. အချစ်နှင့် မိုင် ၃၀၀၀ အကွာတဲ့လား။

“အချစ်ရယ်.. ငါဘယ်တော့မှ နားမလည်နိုင်တဲ့ သိပ္ပံလေးရယ်.. ငါတို့ ဝေးကြရဦးမှာပဲလား”

အလာစကာ စခန်းမှ ဖိတ်ခေါ်စာက လက်ထဲမှာ တဖျတ်ဖျတ်တောက်ပလျှက်။

===================================================================


Leave a comment