36 – Cosmos

36 – Cosmos

(Cosmos ဆိုသည်မှာ စကြဝဠာကြီး၏ ကျယ်ပြန့်ရှုပ်ထွေးမှု နှင့် တပြိုင်တည်း အစီအစဉ်တကျ စနစ်ကျမှု ကို မြင်ယောင်၍ ပေးထားသော နောက်ထပ် အမည် တစ်ခု ဖြစ်သည်။)

“ကိုယ့်ဝေယံ…”

ချမ်းငြိမ်းခေါ်သံကြောင့် ဝေယံ ခြေလှမ်းတွေ ရပ်တန့်သွားသော်လည်း လှည့်မကြည့်ဖြစ်။ ဤရက်တွေမှာ ဝေယံ အကြောင်းပြချက်မဲ့စွာ ချမ်းငြိမ်းကို ရှောင်နေမိသည်။ တစ်အိမ်တည်းကိုမှ တစ်ခန်းတည်း အတူနေ ကြသည်မို့ မလွှဲမရှောင်သာ မျက်နှာချင်းဆိုင်ရလျှင်လည်း ဝေယံ စကားသေချာမပြောမိ။ အမှန်တော့ ဝေယံ ထိုသို့မလုပ်ချင်။ ချမ်းငြိမ်းကို မျက်နှာလွှဲထားရဖို့က ဝေယံ့အတွက် ခက်ခဲလွန်းသောကိစ္စရပ်တစ်ခု ပင်ဖြစ်သည်။

“ကိုယ်ပြောစရာရှိတယ်”

ချမ်းငြိမ်းက စကားပလ္လင်ခံနေတော့ ဝေယံ မျက်မှောင်ကျုံ့ပြီး လှည့်ကြည့်မိသည်။ မပြောနဲ့.. မင်းနှုတ်ခမ်း ထက်ကနေ လမ်းခွဲစကားတွေဆိုရင် မပြောနဲ့ ဟု စိတ်ထဲမှ တိုးတိုးကလေး ရွတ်နေမိ၏။

“ကြည်သာ ဒီမနက်ပဲ နယူးယောက် ကိုရောက်လာတယ်။ ကိုယ် ကြည်သာနဲ့တွေ့မှဖြစ်မယ်။ မင်းဆီက ကိုယ် ခွင့်တောင်းတာပါ”

ဝေယံထင်ထားသည့် လမ်းခွဲစကားမဟုတ်သော်လည်း ကြည်သာအေးမြ နှင့်တွေ့ရမည်ဆိုတော့ စိတ်ထဲ လေးလံနေမြဲ။ သို့သော် မောင်နှမနှစ်ယောက်တွေ့တာကို တားခွင့်ရှိမည်လည်းမဟုတ်။ တွေ့မှဖြစ်မယ် ဟု ပြောနေလျှင် .. ထို့ပြင် ကြည်သာလည်း ရောက်လာပြီးလျှင်တော့ တွေ့ကြပါစေပဲပေါ့။

“ဘာခွင့်တောင်းစရာလိုလို့လဲ။ ငါ ကားထားခဲ့ပေးမယ်။ ကြည်သာ့ကို လာမောင်းခိုင်းလိုက်”

အိတ်ကပ်ထဲက ကားသော့ကို စားပွဲပေါ်တင်ခဲ့ပြီး ထွက်လာမည်ပြုပြီးမှ မနေနိုင်စွာ လှည့်ကြည့်ရင်း ပြောမိပြန်သည်။

“အပြင်မှာအေးတယ်။ အရေးကြီးကိစ္စမရှိရင် အိမ်မှာပဲပြောပါလား။ မင်းချိုင်းထောက်နဲ့ လျှောက်သွားမှာ ငါမကြိုက်ဘူး။ ခါးကလည်းပြန်ကိုက်ဦးမယ်။ ကြည်သာ့ကို အိမ်ခေါ်လိုက်ပါ။ ငါဒီည နောက်ကျမှပြန်လာ ခဲ့မယ်။ ကြည်သာ ဒီမှာအိပ်မယ်ဆိုလည်း ဟိုစာကြည့်ခန်းမှာ အိပ်ရာခင်းလို့ရတယ်”

“မင်း အဲဒီလိုလုပ်ဖို့မှမလိုတာ အချစ်ရယ်။ မင်းအလုပ်ပြန်ချိန် ကိုယ် စောင့်မြဲအတိုင်းစောင့်နေမယ်”

ဝေယံနှုတ်ခမ်းဖိကိုက်ရင်း ချမ်းငြိမ်းထံပြန်ပွေ့ဖက်ထားကာ နဖူးချင်းထိထားရင်း ခပ်တိုးတိုးပြောမိသည်။

“စိတ်မချဘူး ချမ်းငြိမ်း”

“ကိုယ့်ကိုယုံကြည်လို့မရဘူးလား”

“ငါ့ကိုယ်ငါ မယုံတာပါ အချစ်ရယ်”

ဝေယံ ထိုမျှသာပြောနိုင်ပြီး ချမ်းငြိမ်းပုခုံးပေါ်မျက်နှာအပ်ထားမိသည်။ ဝေယံ ပင်ပန်းလှပြီ။ ရက်ပိုင်း အတွင်း အလာစကာ ကိုပြောင်းရွှေ့ခွင့်တင်ရတော့မည်။ ချမ်းငြိမ်းကို ခေါ်သွားဖို့လည်း မဖြစ်နိုင်။ ချမ်းငြိမ်း လိုက်လာမည်ဆိုလျှင်တောင် ဝေယံ ခွင့်ပြုနိုင်မည်မထင်။ ဝေးရတော့မည့်အရေးကို မည်သို့မျှ အသိမပေး ရက်နိုင်ဖြစ်နေသည်။ ဤအခိုက်အတံ့မှာမှ ကြည်သာက ရောက်လာသေးသည်။

“မင်းတစ်ခုခုဖြစ်နေတာ ကိုယ်ခံစားမိပါတယ်။ မင်းသိထားဖို့ကလေ ကိုယ်က မင်းအတွက်ရှိနေပါတယ်။ ဘာကိစ္စဖြစ်ဖြစ်..ကိုယ်က မင်းနဲ့မျှဝေခွဲယူမှာပါ”

“ကြည်သာနဲ့ အရင်တွေ့လိုက်ပါ။ ပြီးတော့ ငါ့ကိစ္စပြောကြတာပေါ့။ သွားတော့မယ် ချမ်းငြိမ်း။ ကောင်း ကောင်းနေခဲ့”

“ကိုယ့်မေတ္တာတွေကြောင့် မင်း တနေ့တာလုံး ချမ်းမြေ့ပါစေ ဝေယံ”

ဝေယံ သက်ပြင်းရှိုက်၍ တိုက်ခန်းလေးထဲမှထွက်လာခဲ့ရသည်။ ချမ်းငြိမ်းကို ဝေယံ ဘယ်လိုစိတ်ချမလဲ လေ။

==============================================================================

ဆွတ်ဆွတ်ဖြူသော နှင်းဆီဖြူတို့ကို ကိုင်လျှက် ကြည်သာသည် ကိုကိုရှိနေမည့်တိုက်ခန်းသို့ တစ်လှမ်း ချင်း လျှောက်လာခဲ့သည်။ ဓာတ်လှေကားထဲမှ မှန်ထဲတွင် ကြည်သာ့ပုံရိပ်ကို သေချာစွာ ငေးစိုက်ကြည့်ခဲ့ သည်။ ကြည်သာ့လည်ပင်းထက်မှာ ကြာပန်းဘယက်လေးကို အမြတ်တနိုးဝတ်ဆင်လာခဲ့သည်။ အရောင် လွင့်ပြယ်ချင်နေသည့် ဆံပင်နီဖျော့ဖျော့တို့ကို ပန်းပွင့်သဏ္ဍာန် ခေါင်းစည်းကြိုးလေးနှင့် စုစည်းထားပြီး တုန်လှိုက်ချင်နေသည့် လက်ကောက်ဝတ်ထက်မှာတော့ စံပယ်ပွင့်လက်ပတ်လေးက ရှိနေနှင့်ပြီ။ အေး

စက်နေသည့် ခြေဖျားလေးတွေကတော့ ဟိမဝန္တာလျှော်ဖိနပ်ဖြူလေး၏ အတွင်းထဲတွင် နွေးထွေးလုံခြုံ စွာ ရှိနေလျှက်။

ကြည်သာ့ပုံရိပ်သည် စစ်တိုက်ထွက်မည့် နတ်ဘုရားမကလေးမဟုတ်ပါ။ ယဇ်ပူဇော်ခံရမည့် မင်းသမီး တစ်ပါး ကဲ့သို့လည်းမဟုတ်။ ကြည်သာ့မှာရှိနေတတ်သည့် ယုံကြည်မှုများလည်း ယခုတော့ ပျောက်ဆုံး နေခဲ့ပြီ။ ကြည်သာဟာ အပြစ်သားတစ်ဦးသာသာပါလေ။

တိုက်ခန်းလေးရှေ့ရောက်တော့ ကြည်သာ တံခါးခေါက်မည်ပြုစဉ်မှာပင် တံခါးပွင့်လာခဲ့ပါသည်။ ဝေယံ့ အိမ် ဟု ကြည်သာသိထားသည့် တိုက်ခန်းကလေးသည် ပန်းပင်ပန်းအိုးကလေးများနှင့် အိမ်တစ်အိမ်၏ အနှစ်သာရဖြစ်သော နွေးထွေးမှုတို့ ပြည့်စုံနေသည်။ ဝေယံက ပန်းတွေကို စိတ်ဝင်စားမည့်သူမျိုးမဟုတ်။ ဒါဆိုရင် ဒီပန်းတွေက…။ ကြည်သာ့အကြည့်တွေကို ပန်းတွေထံမှ သိသိသာသာလွှဲလိုက်ရင်း ဖိနပ်ချွတ် လိုက်၏။

“ကိုယ် သတိရနေခဲ့တာ ညီမလေးရယ်”

ဝင်သက်ထွက်သက်ငွေ့ငွေ့က ဖြည်းဖြည်းချင်းရစ်ပတ်လွှမ်းခြုံသွားပြီး ကြည်သာ မော့မကြည့်ရသေးခင်

ကို ချမ်းငြိမ်းလက်အစုံ၏ ပွေ့ဖက်မှုတို့အောက်ရောက်သွားခဲ့သည်။

“အို… ကိုကို.. ခြေထောက်က မကောင်းသေးတာကို”

ကြည်သာ ရုန်းထွက်လိုက်ပြီး ချမ်းငြိမ်းလက်မောင်းတို့ကို တွဲပေးလိုက်ကာ အိမ်ထဲရှိ ဆိုဖာပေါ်မှာ ထိုင်ချ

လိုက်သည်။ ချမ်းငြိမ်းက ကြည်သာ့မျက်နှာကို ဆက်တိုက်ကြည့်နေ၏။ ထင်ထားသည်ထက် ပိုခက်ခဲနေ ပါလား ဟု ကြည်သာစိတ်ထဲတွေးနေမိစဉ်မှာပဲ ချမ်းငြိမ်းထံမှ စကားသံထွက်လာခဲ့ပါသည်။

“ကြည်သာ နေရသိပ်ခက်နေလား”

“ဟင်.. မဟုတ်.. ကိုကို… ငါ.. နောက်ကျမှ ရောက်လာခဲ့လို့ အားနာပါတယ်။ ပန်းဝယ်လာခဲ့တယ်”

အယောင်ယောင်အမှားမှားဖြင့် နှင်းဆီဖြူတွေကို ထိုးပေးတော့ ချမ်းငြိမ်းက အမြတ်တနိုးဖြင့် လှမ်းယူထား ပါသည်။ ထို့နောက် ပန်းစည်းကိုကြည့်ရင်း ချမ်းငြိမ်းက အေးအေးလေးပြုံးပြလာသည်။

“နှင်းဆီဖြူတွေ… ကြည်သာ့ရဲ့ တောင်းပန်ခြင်းသင်္ကေတတွေ…။ ကိုယ် တခါမှ ကြည်သာ့ကို အပြစ်မတင် ဖူးပေမဲ့ ကြည်သာ့ဆီက နှင်းဆီဖြူတွေရတဲ့အခါတိုင်း ကိုယ်ပျော်ရွှင်ရပါတယ်”

“ငါက နှင်းဆီဖြူတွေ ပေးဖူးလို့လား”

ကြည်သာ့ မှတ်ဉာဏ်တွေထဲ ဝေဝေဝါးဝါးဖြစ်နေသည်။ ကြည်သာက ချမ်းငြိမ်းကို ပန်းပေးခဲ့ဖူးတယ်ပေါ့။

“ကိုယ် ဓာတ်လိုက်မလိုဖြစ်သွားတုန်းကရော.. သစ်ပင်ပေါ်ကပြုတ်ကျတုန်းကရော.. ကြည်သာက နောက် ရက်မှာ ဘုရားပန်းစွန့်ထားတဲ့ နှင်းဆီလေးတွေကို ကိုယ့်အိပ်ရာဘေးထားပေးခဲ့တာလေ”

ကြည်သာ အံ့သြသွားမိသည်။ ကြည်သာ့စိတ်ထဲ ထိုသေးငယ်သည့်အပြုအမူလေးများကို တောင်းပန်သည့် အခြင်းအရာဟု တခါမှ မယူဆခဲ့သော်လည်း ချမ်းငြိမ်းကတော့ သတိတရရှိနေခဲ့သည်တဲ့လား။

“ကိုကိုရယ်… ငါတို့မှာ ပြောစရာတွေသိပ်များတာပါပဲလား”

“အခု.. ပြောလို့ရပါပြီ။ ကြည်သာ့ စိတ်ထဲရှိတာပြောပါ”

ကြည်သာ နှင်းဆီဖြူလေးများကို ငေးစိုက်ကြည့်ရင်း “ငါ့ကို ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့” ဟုပြောမိသည်။

“ဘယ်ဖြစ်နိုင်မလဲ.. ကိုယ်မှ ကြည်သာ့ကို အပြစ်မယူဖူးတာ”

“ငါ ဒီနှင်းဆီတွေယူလာတာက ခွင့်လွှတ်ခံချင်လို့မဟုတ်ဘူး ကိုကို။ ပန်းဆိုင်မှာ အဖြူရောင်ပန်းဖွေးသန့် နေတာတွေ့တော့ နင့်ကိုသတိရလို့ ဝယ်လာခဲ့တာ။ ငါ့ကို ခွင့်မလွှတ်လိုက်ပါနဲ့။ တောင်းဆိုတာပါ”

ချမ်းငြိမ်းက ကြည်သာ့လက်ကလေးများကို အုပ်မိုးဆုပ်ကိုင်ပေးထားလာသည်။

“ကြည်သာက ဘာအပြစ်တွေများလုပ်ဖူးလို့လဲ။ ကိုယ့် အစ်ကိုကို ညီမတိုင်း ဆိုးခွင့်ရှိတာပဲ။ ပြီးတော့ ကြည်သာ ဒါတွေကိုမမှတ်မိအောင်လို့ ကိုယ် ဆုတောင်းခဲ့တာ။ ကိုယ်က အစမဖော်ချင်ခဲ့တာ။ ကြည်သာ ဘယ်လိုခံစားရမလဲ ကိုယ် နားလည်သလို ကိုယ်ခံစားရတာကိုလည်း ကြည်သာနားလည်ပါ”

ကြည်သာ ထိုလက်နွေးနွေးများထံမှ ရုန်းထွက်ရင်း ခေါင်းခါလိုက်သည်။

“ငါတို့ အဖေ ဆိုတဲ့လူက ဘာဖြစ်လို့ အဲဒီလောက် ရွံဖို့ကောင်းရတာလဲ။ ကိုကိုရယ်… နင် ဘယ်လိုများ.. တောင့်ခံနေခဲ့တာလဲ။ အဖေချစ်သားလေးလို့ တစ်လောကလုံးထင်တဲ့အထိ.. ငါကပါ ထင်တဲ့အထိ.. နင် ဘယ်လိုများ…။ ငါ ရူးတော့မှာပဲ။ ငါ ရူးသွားတော့မလို့ပဲ ကိုကိုရယ်”

“ကြည်သာ.. ကိုယ့်ကိုကြည့်။ ကိုယ်အဲဒီအချိန်ကိုပြန်သွားခွင့်ရမယ်ဆိုရင်လည်း ကြည်သာ့ကိုကာကွယ်ဖို့ ကိုယ် ဘာမဆိုလုပ်ခဲ့မိမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့… ကြည်သာဟာ ကိုယ့်ညီမလေးဖြစ်နေလို့။ ကိုယ် ကာ ကွယ်ပေးရမယ့် အရာရာဖြစ်နေလို့”

ကြည်သာ ကုန်ခမ်းခဲ့ပြီဟုထင်ခဲ့သော မျက်ရည်များက တလိမ့်လိမ့်ကျဆင်းလာခဲ့သည်။ ကြမ်းပြင်ပေါ်မှာ ထိုင်ကျသွားရင်း ကြည်သာသည် အရုပ်ကြိုးပြတ်ငိုမိတော့၏။

“ငါက ဘာတွေများ.. ငါက ဘယ်လောက်များ တန်ဖိုးရှိနေလို့ နင်က အထိခိုက်ခံခဲ့ရတာလဲ ချမ်းငြိမ်းအေး ဟန်။ ငါကတော့ နင့်ကို မနာလိုဝန်တိုစိတ်တွေနဲ့ ချစ်လိုက်မုန်းလိုက်ဖြစ်နေခဲ့တာ..”

ချမ်းငြိမ်းက ခြေထောက်တစ်ဖက်ကိုအားပြုပြီး ကြမ်းပြင်ပေါ်သို့ဆင်းလာကာ ကြည်သာ့ကို ဖက်ထားပေး ရင်း ဆံပင်များကို သပ်ပေးနေသည်။

“ကြည်သာ ကိုယ့်ကို ဘယ်တုန်းကမှ မမုန်းခဲ့တာ ကိုယ်သိပါတယ်”

“မုန်းတယ်.. အခုကို မုန်းလိုက်ချင်တယ် ချမ်းငြိမ်းအေးဟန်။ ငါတို့ကျမှ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲဟင်။ ငါတို့ ကံကြမ္မာက ဘာဖြစ်လို့ အဲဒီလိုဖြစ်နေရတာလဲ”

“ရှူး.. ကိုယ် ကြည်သာ့ကိုပြောဖူးပါတယ်။ ကိုယ့်ဘဝအတွက် ကြည်သာက တာဝန်ယူစရာမလိုဘူး။ ကိုယ် က ကြည်သာ့အစ်ကိုဖြစ်ရတာကို အပျော်ဆုံးပါပဲ”

“ငါတို့ဆယ်တန်းအောင်စာရင်းထွက်တုန်းက ပြောခဲ့တာမလား။ အဲဒီတုန်းက ကိုကိုက ကံ အကြောင်း လည်း ပြောခဲ့သေးတယ်။ အင်း… အဲဒီတုန်းက ငါပြောခဲ့သလိုပါပဲ။ ကံက ငါ့အပေါ်ကိုဆို ရက်စက်လွန်း တယ်။ ငါ အကုသိုလ်တွေသိပ်များလွန်းတယ်ထင်ပါရဲ့။ ငါ လောကဓံတွေကို မရင်ဆိုင်နိုင်တော့ဘူး ကိုကို”

“ကိုယ် သိပါတယ်… ကိုယ် နားလည်တယ်။ ကိုယ်ရှိတယ်လေ ညီမလေးရယ်။ ကိုယ် ပြောပါတယ်.. ကိုယ် က ကြည်သာ့ကို ဘယ်တော့မှ လက်မလွှတ်ဘူးလို့”

ကြည်သာ တစ်စုံတစ်ခုကိုသတိရသွားပြီးနောက် ချမ်းငြိမ်းရင်ခွင်ထဲမှာ ငြိမ်သက်သွားမိသည်။

“ဘာဖြစ်လဲ ကြည်သာ”

“ကိုကို… ငါ့အနာဂတ်ကို ငါဆုံးဖြတ်ပြီးသွားပြီ။ နင်နဲ့ အဝေးဆုံးမှာ ရှင်သန်မှာမို့လို့… နင် လက်လွှတ်ပေးမှ ဖြစ်တော့မယ်”

ချမ်းငြိမ်းလက်တွေ တောင့်တင်းသွားသည်ဟု ခံစားမိတော့ ကြည်သာ့ရင်ထဲနင့်ခနဲ။

“ကြည်သာ.. ဘယ်ပြည်နယ်ကိုသွားမှာလဲ”

“ငါ ဒီမှာ အလုပ်ထွက်လိုက်ပြီ။ တက္ကသိုလ်ကိုလည်း အကြောင်းကြားပြီးပါပြီ။ ငါ.. မြန်မာပြည်ပြန်တော့ မှာ”

“ဘယ်လို.. ကြည်သာ ဘယ်လောက်ကြာမှာလဲ”

“ငါမသိဘူး.. အကြာကြီးဖြစ်နိုင်တယ်။ ငါပြန်မလာဖြစ်တာလည်းဖြစ်နိုင်တယ်”

“ကိုယ်…”

ချမ်းငြိမ်းတုံ့ဆုတ်နေသည်ကိုတွေ့တော့ ကြည်သာက ချမ်းငြိမ်း မျက်နှာကိုလှမ်းထိရင်း ခေါင်းခါလိုက် သည်။

“ဟင့်အင်း.. နင်မလိုက်ရဘူး။ နင့်ဘဝက ငါနဲ့မရှိဘူး ကိုကို။ နင့်ဘဝက ဝေယံနဲ့တူတူရှိရမှာ။ နင် စိတ်ဝင် စားတဲ့ စာပေတွေလေ့လာရင်း နင်ယုံကြည်တဲ့ မေတ္တာတရားအကြောင်းတွေမျှဝေရင်း.. နင့်ဘဝက ဒီမှာပဲ ရှိပါတယ် ကိုကိုရယ်။ ငါ့နောက်ကို နင်မလိုက်ခဲ့ပါနဲ့။ တောင်းဆိုတာပါ”

“ကြည်သာ .. ဒါက မဟုတ်သေးဘူးလေ။ ကြည်သာ မြန်မာပြည်မှာ ဘာလုပ်မှာလဲ”

“သုခ တို့ အကူအညီနဲ့ ငါ စစ်ဘေးရှောင်စခန်းတွေကို သွားကူညီမယ် ကိုကို။ ငါ့တစ်ဘဝလုံး အဓိပ္ပာယ်မဲ့ နေခဲ့ပြီးပြီ။ ငါ သင်ယူထားတဲ့ ပညာရပ်တွေနဲ့ အတွေ့အကြုံတွေက ငါ့ကို အသုံးဝင်စေမှာပါ။ မြန်မာပြည် မှာ တကြော့ပြန်စစ်ပွဲတွေလည်းဖြစ်နေတယ်။ နယ်စပ်က စစ်ရှောင်စခန်းတွေမှာလည်း လူအင်အား လိုအပ်နေတဲ့နေရာတွေ ချည်းပဲ။ ကိုကို.. ငါ အဆင်ပြေမှာပါ။ ငါတခါမှ ဒီလောက်ယုံကြည်မှုရှိတာ မရှိဖူး ဘူး”

မျက်ရည်များကြားမှ ကြည်သာ ရယ်မိတော့ချမ်းငြိမ်းက တုန်လှုပ်စွာနှင့် ကြည်သာ့ကို ငေးကြည့်နေ၏။

“ကြည်သာ ပြတ်သားလိုက်တာ”

“ငါ မနက်ဖြန်မနက် လေယာဉ် နဲ့ သွားမယ်။ ဒီည ငါ အနိတာတို့ကိုသွားနှုတ်ဆက်မယ်။ ဝေယံ့ကိုလည်း ငါ နှုတ်ဆက်တယ်လို့ ပြောပေးပါ”

“ညီမလေးရယ်.. အဲဒီလိုလုပ်မှဖြစ်မှာလား”

“ကိုကို.. ငါက နင့်ဘဝရဲ့ ဆူးတစ်ခုပါ။ အဲဒီဆူးကို နာကျင်ခံပြီး နင်ဖက်တွယ်မထားပါနဲ့တော့”

“မဟုတ်တာပဲ ကြည်သာ…”

“ကိုကို.. ငါ အရာရာတိုင်းအတွက် တောင်းပန်မှာမဟုတ်ဘူး။ ငါ လိုချင်တာက နင့်ပျော်ရွှင်မှုဖြစ်လို့ ငါ့ကို ခွင့်မလွှတ်ခြင်းအားဖြင့် ပျော်ရွှင်စွာနေထိုင်သွားပေးပါ။ ငါ့ဘဝမှာ နင်ဟာ ဆုလာဘ်တစ်ခုဖြစ်သလို… ငါ ဘယ်တော့မှ မပိုင်ဆိုင်ရမယ့် ကြယ်ကလေးလည်းဖြစ်သေးတယ်။ ငါက ညီမတစ်ယောက်အနေနဲ့ သိပ်ဆိုး ခဲ့မိတယ်။ နောက်ဆုံးတစ်ခါထပ်ဆိုးပါရစေ..”

ကြည်သာ ပြောပြောဆိုဆိုနှင့် ချမ်းငြိမ်း ခါးမှအမာရွတ်ကိုလက်ဖြင့် အသာပွတ်သပ်ပေးရင်း ပါးပြင် ပေါ် နှုတ်ခမ်းသားတို့ ဖြည်းညင်းစွာ ပုံအပ်လိုက်၏။ ချမ်းငြိမ်းထံမှ မျက်ရည်စများက ကြည်သာ့နဖူးပေါ်စီးကျ လာခဲ့သည်။

“ညီမလေးရယ်… ကိုယ်တို့ ..”

“ကိုကို အရင်တခါ ဆေးရုံတက်ရတုန်းက ပြောတာမှတ်မိသေးလား”

“ကိုယ် ဝေယံ့ကို ချစ်တဲ့အကြောင်းလား ညီမလေး”

“ငါ့ဘဝမှာ ချမ်းငြိမ်းအေးဟန်က တစ်ယောက်ယောက်ကို အဲဒီလောက်ချစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ ဘူး။ အဲဒီတုန်းကတော့ ငါ မကျေနပ်ခဲ့တာ အမှန်ပါပဲ။ အခုတခါ အဖြစ်အပျက်တွေပြီးချိန်မှာတော့ ငါ ဝေယံ့ကို စိတ်ချသွားပါပြီ။ ဝေယံက ကိုကို့ အချစ်တွေနဲ့ အများကြီးထိုက်တန်ပါတယ်”

“ကြည်သာ့ကို နာကျင်စေခဲ့လို့ ကိုယ်တောင်းပန်ပါတယ်”

“ငါက နင့်ညီမလေးဖြစ်ခွင့်ရခဲ့ပြီးပြီပဲလေ။ ငါကျေနပ်ရမှာပါ။ တစ်ခုပဲ..ကိုကို အသံသွင်းပေးထားတာတွေ ငါ ယူသွားချင်တယ်။ ငါ ဆက်ရှင်သန်ဖို့လေ”

ကြည်သာက အသံသွင်းစက်လေးထုတ်ပေးလိုက်တော့ ချမ်းငြိမ်းက မျက်ရည်စများကြားမှ ပြုံးရင်း လှမ်း ယူလိုက်သည်။

“ကိုယ့်ညီမလေး ကြည်သာ..

ဗုဒ္ဓဟောကြားထားတဲ့ တရားတော်တွေထဲက ကိုယ် စိတ်ထဲစွဲနေတဲ့ အပိုဒ်ကိုပဲ ပြန်ပြောပြပါရစေ။ မင်္ဂလ သုတ်ရဲ့ နောက်ဆုံးအပိုဒ်ပေါ့။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။ အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ တဲ့။ အနက်က – လောကဓံတရားရှစ်ပါး ထိတွေ့နှိပ်စက်တဲ့အခါ စိတ်ကို မတုန်လှုပ် မစိုးရိမ် မကြောင့်ကြပါစေနှင့် တဲ့။ တည်ငြိမ်စွာဖြင့် ရင်ဆိုင်ပါတဲ့။ ဒီမင်္ဂလာတရားတော်ကို ကြည်သာ အမြဲနှလုံးသွင်းနိုင်ဖို့ ကိုယ် ဆုတောင်းပါတယ်။ ကိုယ့်မေတ္တာကြောင့် ကြည်သာ… အစဉ်အမြဲ ငြိမ်းချမ်းအေးမြပါစေ”

ကြည်သာ မျက်ရည်များကြားထဲမှ အသံသွင်းစက်ကို ယူပိတ်လိုက်၏။ ထို့နောက် မျက်စောင်းလေးထိုးရင်း မေးလိုက်သည်က

“ဘာဖြစ်လို့ ချမ်းငြိမ်းအေးမြ မဖြစ်ရတာလဲ”

“ထောက်နေတယ်လေ စကားလုံးက”

“ငါ .. ကတိပေးတယ် ကိုကို။ ငါ ဘဝကို အဆင်ပြေအောင်နေထိုင်မယ်။ နင်နဲ့တူတဲ့ ကလေးတစ်ယောက် မွေးမယ်။ ကြည်သာအေးဟန် ဖြစ်ဖြစ် ချမ်းငြိမ်းအေးမြ ဖြစ်ဖြစ် အဲဒီလိုနာမည် ပေးပြီး နင့်လို အေးချမ်းတဲ့၊ လူတိုင်းအပေါ် စာနာမေတ္တာထားတဲ့ လူ ကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်မယ်”

“ကိုယ့်တူ တူမလေးတွေကို ကိုယ်တွေ့ခွင့်ရမှာလား”

ကြည်သာ အားရပါးရရယ်မောလိုက်တော့ ရင်ညွန့်ထက်မှ ကြာပန်းဘယက်လေးက တုန်ခါသွား၏။

“သူတို့ရဲ့ သူရဲကောင်းက သူတို့ရဲ့ဦးလေး.. ဦးကြီးဖြစ်မလား.. မသိဘူး။ ငါအဲဒီလို ဆွေမျိုးတွေမစပ်တတ် ဘူး။ ဒါပေမဲ့ သူတို့ရဲ့အိပ်ရာဝင်ပုံပြင်ဟာ ချမ်းငြိမ်းအေးဟန်လို့ခေါ်တဲ့ လူတစ်ယောက်အကြောင်း ဖြစ်စေ ရမယ်။ တနေ့မှာ သူတို့က နင့်ကိုလာတွေ့ကြပါလိမ့်မယ်”

“ညီမလေးကရော…”

“ငါ.. ဟားဟား။ ငါက .. အလုပ်ရှုပ်နေလောက်မလားမသိဘူး ကိုကို”

“ကြည်သာ.. ကိုယ် တစ်ရက်တော့ညီမလေးဆီလိုက်လာခဲ့မယ်”

“ဟင့်အင်း ငါ့ကိုကတိပေးပါ ကိုကို။ ငါ့ကို… လက်လွှတ်ပေးပါ။ ငါ နင်ပေးတဲ့ အမှတ်တရတွေနဲ့ ဘဝကို ရှေ့ ဆက်မှာပါ။ နင့်အိပ်မက်တွေဖြစ်တဲ့ မြန်မာပြည်က ကလေးတွေအတွက်လည်း ငါ အကောင်းဆုံး လုပ်ဆောင်မှာမို့ နင်က နောက်ဆံမတင်းဘဲ ဒီမှာ အပျော်ရွှင်ဆုံးနေထိုင်ပါ”

“ကြည်သာ ပျော်နိုင်မှာလား”

ကြည်သာ မဖြေခဲ့ပါ။ ထိုအစား.. ချမ်းငြိမ်းမျက်နှာကိုသာ စကန်ဖတ်သလို အလွတ်ရသည်အထိ ငေးကြည့် နေခဲ့မိသည်။ ချမ်းငြိမ်း မျက်ဝန်းနက်များကို ငေးကြည့်ရသည်မှာ ဤတခါတော့ အထူးခြားဆုံးဖြစ်နေခဲ့ သည်ပဲ။ ကြည်သာသိပါသည်.. ကြာပန်းဘယက်လေးရော.. စံပယ်လက်ပတ်လေးရော.. သူတို့သခင်ကို ငေးမျှော်ကြည့်နေခဲ့ကြသည်။

နောက်ဘဝပေါ့ ကိုကိုရယ်..။ နောက်ဘဝတွေပေါ့။

========================================================================

ဝေယံ နယူးယောက် ရုံးမှာ လုပ်လက်စ သုတေသနများကို စုစည်းပြီး လက်စသတ်ရသည်။ ဖရက် တို့နှင့် ပူး ပေါင်းပြီး အချိန်ပြည့် ဝန်ထမ်း ပညာရှင်ဖြစ်လာကတည်းက ဝေယံ စိတ်ဝင်စားသည့် Spacecraft လွှတ် တင်ရေးကို အာရုံစိုက်လာနိုင်ခဲ့သည်။ အလာစကာ သို့ပြောင်းရွှေ့လျှင် ပိုအဆင်ပြေပြေဖြင့် ထို အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မည်။ အသက်အငယ်ဆုံး ပညာရှင်တစ်ယောက်ဖြစ်လာနိုင်ဖို့ လက်တစ် ကမ်း အလို။

“မင်း စိတ်ငြိမ်ဆေးလေးကို ပြောပြီးပြီလား”

အက်ဘီ က စားပွဲပေါ်တင်ပါးလွှဲထိုင်ရင်း လာမေးသည်။ ဝေယံ ခေါင်းငုံ့ရင်း ခေါင်းခါလိုက်မိ၏။

“ရက်ကပ်နေပြီ။ ဘာလို့မပြောလဲ။ မင်းသူ့ကိုခေါ်သွားမှာလား”

“ဟိုမှာ ဘာမှမှမရှိတာ။ ဘယ်လိုခေါ်သွားမလဲ အက်ဘီ. ကျွန်တော်ကလည်း သင်ကြားလေ့လာရေး ပြီးတာ နဲ့ lockdown ကျသလို camp ထဲနေရမှာ။ သူ့ကိုတွေ့ချိန်မရှိဘူး။ ပြီးတော့ သူက အရမ်းအေးတဲ့ ရာသီဥတု နဲ့ အဆင်မပြေဘူး။ ဖျားတတ်တယ်၊ ဒဏ်ရာကလည်း ကိုက်ခဲတတ်တယ်”

ပြောနေရင်းပင် ချမ်းငြိမ်း ဝေဒနာများကိုတွေးမိပြီး ရင်ထဲ ကျဉ်ခနဲဖြစ်သွားသည်။

“မင်းမှာ ရွေးစရာမရှိတော့တာ သိမှာပါ ယံ”

“သိပါတယ်ဗျာ..။ သိလို့လည်း ကျွန်တော် စိတ်ညစ်နေတာပေါ့။ ကျွန်တော် နယူးယောက် ကို လာဖို့အတွက် သူက ဟားဗတ်ကိုတောင် စွန့်လွှတ်ခဲ့ပြီးပြီ။ အခုတခါ ကျွန်တော် အလာစကာ ကိုသွားဖို့အတွက်  သူ့ကို ဘာမှ ထပ်မစွန့်လွှတ်ခိုင်းနိုင်တော့ဘူး။ သူ့ဘဝက ကျွန်တော်နဲ့ မရှိသင့်ပါဘူးဗျာ”

“အဲဒီလိုဆိုပြီး မင်းသူ့ကို စွန့်လွှတ်မလို့လား။ မင်း ကြွေးကြော်ခဲ့တဲ့ အချိန်နဲ့နေရာကတောင် မင်းတို့ကို မခွဲ စေချင်ဘူးဆိုတာ ဘာဖြစ်သွားပြီလဲ”

ဝေယံ လက်ကောက်ဝတ်က နာရီကိုငုံ့ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိသည်။

“ကျွန်တော် သူ့ကို ဆက်ချစ်သွားမှာပါ.. အဝေးကနေပေါ့”

==============================================================================

“ကိုယ်တို့ ခဏတဖြုတ်ခွဲရမှာပေါ့”

စည်းကမ်းအရ အရေးယူခံရသည့်အဖြစ်ကိုချန်လှပ်ပြီး ဝေယံ အသိပေးလိုက်တော့ ချမ်းငြိမ်းက ထင်ထားသည် ထက် အေးဆေးတည်ငြိမ်စွာ တုံ့ပြန်လာပါသည်။

“ကိုယ် Thesis ရေးခါနီးတော့ မင်းဆီလိုက်လာခဲ့လို့ရပါတယ် ဝေယံ။ အဲဒါကို စိတ်မကောင်း ဖြစ်နေတာ လား။ ကိုယ် အခုလာမယ့် Semester ကို Seminar တွေပြီးတာနဲ့ လိုက်ခဲ့နိုင်မှာပါ”

“မဟုတ်ဘူး.. မင်းလိုက်လာလို့မရဘူး။ အဲဒီမှာက ငါတို့စခန်းထဲပဲနေရမှာ။ အပြင်လူ ဝင်ခွင့်မရှိဘူး”

ချမ်းငြိမ်း မျက်နှာက ဖြူလျော်သွား၏။ ဝေယံ့မှာ နှလုံးတွေပေါက်ကွဲထွက်တော့မလို တုန်လာသည်။

“ငါ ဘယ်လောက်ကြာမလဲလည်း ငါမပြောတတ်ဘူး။ တစ်နှစ် နှစ်နှစ်ထက် ကြာရင်လည်း ကြာနိုင်တယ်။ ငါမသိဘူး။ ငါ့ပရောဂျက်ပေါ်မူတည်တယ်။ အဓိကက မင်းလိုက်လာလို့မရဘူး။ ငါတို့ စကားပြောဖို့ အချိန် မရှိတာတွေလည်း ဖြစ်နိုင်တယ်။ ငါတို့က..”

ချမ်းငြိမ်းက အနားကပ်လာပြီး လက်ညိုးကို နှုတ်ခမ်းထက်လာတင်သည်။

“လမ်းခွဲစကားမပြောပါနဲ့ ကိုယ့်ဝေယံ။ ကိုယ် စောင့်နိုင်ပါတယ်”

“ပြဿနာကို မင်းမမြင်သေးဘူးလား။ မင်းကို ငါက မစောင့်စေချင်ဘူး။ မင်းစောင့်နေတာကို မလိုချင်ဘူး။ ငါက ငါ့အိပ်မက်ကို လက်မလွှတ်နိုင်ဘူး ချမ်းငြိမ်း။ မင်းလည်း တခြားတစ်ခုခုလုပ်သင့်ပြီ”

ထိုစကားကိုပြောပြီး ဝေယံ နာကျင်နေသည်။ မတတ်နိုင်တော့၊ ဤညတော့ ဝေယံတို့ စကားများရတော့ မည်ထင်သည်။

“ကိုယ့်မှာ မင်းကိုစောင့်နေဖို့ကလွဲပြီး ဘာမှမရှိပါဘူး။ မင်း အဝေးမှာနေလည်း ကိုယ်တို့ ဖုန်းပြောလို့ရ တယ်။ အားလပ်ရက်ရှိလာရင် ကိုယ်တို့တွေ့လို့ရတယ်။ ကိုယ်တို့ လမ်းခွဲဖို့မှမလိုဘဲ”

“ငါ့အတွက် လိုတယ် ချမ်းငြိမ်း။ ငါ.. မင်းကို သေအောင်ချစ်ပါတယ်။ ဒါပေမဲ့.. ငါမင်းကို ဘယ်တော့မှ နား မလည်ဘူး။ မင်းက ငါဘယ်တော့မှ အဖြေရှာမရတဲ့ သိပ္ပံပဲ”

“ကိုယ့်ကို မင်းဘာသိချင်သေးလဲ အချစ်။ ကိုယ်ရှင်းပြနိုင်ပါတယ်”

“ကြည်သာအေးမြ… မင်းညီမဆိုတဲ့ အဲဒီကောင်မလေး.. ငါသူ့လက်ခုပ်ထဲက ရေမဖြစ်ချင်ဘူး”

ချမ်းငြိမ်းက နာကျင်သွားသောမျက်နှာဖြင့် အဖြေပေး၏။

“ကြည်သာနဲ့ ကိုယ်က အမြွှာတွေပါ ဝေယံ။ ကြည်သာက ကိုယ့်ဒဏ်ရာတွေကိုနားလည်ချင်ခဲ့တဲ့ ညီမလေး ပါပဲ။ သူ့စိတ်ကို ကိုယ် သွားထိန်းချုပ်လို့မရဘူး။ ဒါပေမဲ့ ကိုယ်ရော သူရော ဘာက မဖြစ်သင့်ဘူးလဲဆိုတာ ကို အသေအချာသိပါတယ်။ ကိုယ့်ကိုယုံပါ ဝေယံ”

“ယုံချင်ပေမဲ့ … ငါ မင်းကိုတွေ့တိုင်း အဲဒီကိစ္စက နောက်ကနေအရိပ်လို နှောင့်ယှက်နေဦးမှာပဲ။ ငါတို့ ခဏ လောက် အချိန်ယူရအောင်။ ငါလည်း အဝေးမှာနေရင်း သေချာစဉ်းစားပါမယ်။ မင်းလည်း သေချာစဉ်းစား ပါ”

ချမ်းငြိမ်းက ဝေယံ့ကို ဆွဲယူရင်းနမ်းရှိုက်၏။ ဝေယံ ထိုအနမ်းများကိုတော့ မငြင်းဆန်နိုင်ခဲ့။ ဘဝမှာ ချစ်ရသူနဲ့ နောက်ဆုံးချစ်ရခြင်းလည်းဖြစ်သွားနိုင်သည်မဟုတ်လား။

ငါတို့… နောက်ထပ်… ပြန်ဆုံနိုင်မှာလား။ ငါနေချင်တာ မင်းအနားမှာပါ ပြီးတော့ ငါမင်းကို ယုံပါတယ်။ အချစ်ရယ်။

==========================================================================


Leave a comment