Extra – Beyond light-years away

Extra – Beyond Light-Years Away

အမြဲတစေ အေးခဲမှုန်မှိုင်းပြီး သဘာဝတရား၏ အရှိတရားကို ကြုံတွေ့ခဲ့ရသော အလာစကာ နေ့ရက်များ ကုန်လွန်ပြီးနောက် မိုးမျှော်တိုက်များနှင့် သက်ဝင်လှုပ်ရှားလျက်ရှိသော နယူးယောက်သို့ ဝေယံ ပြန် ရောက်လာခဲ့ပြီ။ သို့သော်.. ဤတခါက မတူညီတော့သော ခံစားမှုနှင့်ဖြစ်သည်။ ဝေယံ့အတွက်တော့ ချစ်သူရှိရာမြို့ကို ပြန်လာရခြင်းလည်းဖြစ်သည်။ လေယာဉ် ဘီးမချခင် ကတည်းက ဝေယံ့ နှလုံးသား က အတောမသတ်နိုင်အောင် လှုပ်ရှားနေခဲ့၏။ ကိုယ့်ကိုယ်ကိုယ်လည်း သဘောကျစွာဖြင့် ရယ်လိုက်မိ သေးသည်။ နောက် မိနစ်ပိုင်းဆိုလျှင် ကိုယ့်ကိုလာကြိုနေမည့် ချစ်သူကို ပြေးဖက်ခွင့်ရတော့မည်ဖြစ် သော်လည်း ဝေယံကတော့ လေယာဉ်ပေါ်ကနေပင် ခုန်ချ ကဆုန်ပေါက်သွားချင်နေသေးသည်။ NASA ၏ အသိအမှတ်ပြုခံ အာရှနွယ်ဖွား လူငယ် သိပ္ပံပညာရှင်ဖြစ်နေလည်း အချစ်နှင့်ပတ်သက်လာလျှင် တော့ ဝေယံသည် ဘာဂုဏ်ရှိန်နာမည်မှ သတိမရနိုင်။ ချမ်းငြိမ်းက ထိုသို့သောလူမျိုးဖြစ် သည်။ ချမ်းငြိမ်းသည် ဝေယံ့ကို အဆုံးမရှိသော မေတ္တာတို့ဖြင့် ရစ်ပတ်လွှမ်းခြုံပေးခဲ့ပြီး အတ္တ တို့ကို အရောင်ချွတ်ပေးနိုင်ခဲ့သည်။ ဝေယံ နာရီလေးကို တယုတယထုတ်ကြည့်မိရင်း နှုတ်ခမ်းကို ဖွဖွ ကိုက်ထားမိ၏။

“ပြန်တွေ့ရတော့မယ်.. အချစ်ရယ်…”

လေယာဉ်ပေါ်က ဆင်းဆင်းချင်း နယူးယောက်လေအေးအေးက မျက်နှာကိုထိတွေ့နှုတ်ဆက်လာ တော့မှ ဝေယံ ခြေလှမ်းတို့တုံ့ခနဲဖြစ်ရသေးသည်။ အလာစကာက ဆောင်းလေကြမ်းတို့နှင့်စာလျှင် ဤလေက လေနုအေးမျှသာ။ သို့သော် ဝေယံသည် သန့်စင်ခန်းအရင်ပြေးဝင်ပြီး မိမိမျက်နှာကို အလောတကြီး ကြည့်လိုက်မိသေးသည်။ စိတ်လေလေနှင့် နှစ်နှင့်ချီ မျက်နှာကို ဂရုမစိုက်မိခဲ့ခြင်းကို ယခုမှ နောင်တရလာသည်။ မျက်နှာက လွန်ခဲ့သော သုံးနှစ်ခန့်ကနှင့်စာလျှင် အနည်းငယ်ပြောင်းလဲ သွားပြီး ရင့်ကျက်လာသည့်အသွင်ဆောင်နေသည်။ မဖြစ်သေးပါ၊ အိမ်ပြန်ရောက်လျှင်တော့ အသားအရည်ကို သေချာပြန်ဂရုစိုက်ရတော့မည်။ ဝေယံ မချောလည်း ချမ်းငြိမ်းက ချစ်ပေးမှာပါ ဟူ သည့် ယုံကြည်ချက်ရှိထား၍သာ တော်တော့သည်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက် ပြီးနောက် အိတ်ရွေးသည့်နေရာသို့ ထွက်လာခဲ့မိသည်။ FRIENDS စီးရီးစ်ထဲမှ Ross ၏ ပြောစကားကို သတိရမိသွားပြီး ဝေယံ ကိုယ့်ကိုယ်ကိုယ်ရယ်မိပြန်သည်။

Ross က Chandler အား မိန်းကလေးအပေါ် ချစ်ကြောင်းပြနည်း အဖြာဖြာ သင်ပေးခဲ့သည့်ထဲမှ တစ်ခု မှာ ထိုမိန်းကလေး (ဇာတ်လမ်းထဲတွင် Jenice) ခရီးမှပြန်လာသည့်အခါ မည်သို့ကြိုဆိုသင့်သနည်း ဖြစ်သည်။ ရွေးချယ်စရာနှစ်ခုရှိပြီး တစ်ခုက Taxi ငှားလာခိုင်းကာ အိမ်ရောက်မှကြိုမည်၊ နောက်တစ်ခု ကတော့ လေဆိပ်အိတ်ရွေးသည့်နေရာမှာ ကြိုမည်။ Chandler က “လွယ်ပါတယ်.. ဒုတိယတစ်ခုပေါ့” ဟု ဖြေသောအခါ Ross ကခေါင်းခါလိုက်ပြီး “မင်းအဲဒီမှာတင် single ဖြစ်သွားပြီ” ဟု ဆိုသည်။ ဘေး မှ Rachel ကလည်းထောက်ခံသည်။ အမှန်တော့ မေးခွန်းမှာတင် တတိယလျို့ဝှက်အဖြေတစ်ခုရှိနေ ခဲ့သည်တဲ့။ “လေယာဉ်ဆိုက်သည့်ဂိတ်မှာသွားစောင့်နေခြင်းဖြင့် ချစ်ခြင်းကိုပြသရမည်”။

မဖြစ်နိုင်သော်လည်း ဝေယံ ဂိတ်နားမှာရှာကြည့်မိသေးသည်။ လုံခြုံရေးပြဿနာများကြောင့် ဂိတ်နား ကို အပြင်လူတွေပေးမဝင်တော့သော်လည်း ဝေယံက စိတ်ကူးယဉ်မိသေးသည်။ စတွေ့ကတည်းက ဝေယံက ချမ်းငြိမ်းနှင့်ပတ်သက်လာလျှင် စိတ်ကူးအိပ်မက်များထဲ လွင့်ခဲ့ရသူ။ ကိုယ့်ကိုယ်ကိုယ် စင်ဒရဲလား ဟု ထင်ခဲ့သည်အထိ ဆယ်ကျော်သက်မိန်းကလေးများလို ရင်ခုန်ခဲ့သူ။ ဒါကို ချမ်းငြိမ်း သိမှာလား။ ချမ်းငြိမ်းသိမှာမဟုတ်ပါ..။ ချမ်းငြိမ်းသိသည်က ဝေယံ့ကို မည်မျှချစ်ပေးဖို့ပဲဖြစ်မည်။ ဝေယံ မျက်နှာပူရတာတွေ သိမှာလည်းမဟုတ်။ အလကား..။ “ဟွန့်…။”

“ဘယ်သူ့ကို စိတ်ကောက်လာတာလဲ..ကိုယ့်ကိုတောင် ကျော်သွားတဲ့အထိ”

အတွေးထဲမျောနေရာမှ ရင်းနှီးနေသောအသံကြောင့် ဝေယံ စိတ်ထဲ လှပ်ခနဲဖြစ်သွားပြီး လှည့်ကြည့် လိုက်မိသည်။ အဝါရောင်နှင်းဆီပန်းစည်းတစ်စည်းကို အရင်မြင်လိုက်ရပြီးမှ ထိုဘေးမှနေ၍ တမ်းတ နေခဲ့ရသော မျက်နှာချောချောက တည်ငြိမ်စွာပေါ်လာ၏။ ဝန်ခံပါသည်၊ ထိုခဏတွင် ဝေယံ့ စိတ်ထဲ ဖြစ်သွားသမျှကို မည်သည့် သိပ္ပံညီမျှခြင်းနှင့်မျှ အဖြေထုတ်နိုင်မည်မဟုတ်ပါ။ လေယာဉ်ပေါ်မှာရှိစဉ် ကတော့ ချမ်းငြိမ်းကို မည်သို့ မည်ပုံပြေးဖက်လိုက်မည်၊ မည်သို့ မည်ပုံ လွမ်းကြောင်းတွေ ပြောမည်၊ အနမ်းတွေခြွေပစ်မည် စသည့်အတွေးတို့ရှိခဲ့သော်လည်း တကယ်ပြန်တွေ့ချိန်မှာ ထိုမျက်နှာကို ငေးစိုက်၍သာ ကြည့်နေမိခဲ့သည်။ ခြေလှမ်းတို့က နည်းနည်းမျှမရွေ့။ လွယ်ထားသည့် အိတ်ကိုသာ တင်းတင်းဆုပ်ထားမိ၏။ ချမ်းငြိမ်းအေးဟန်…။ ဝေယံ့ရဲ့ အချစ်..။

“ကိုယ်က အဲဒီလောက်ကြည့်လို့ကောင်းလား”

ပြုံးပြီး ပြောလာသော ပြောင်စပ်စပ်စကားကြောင့် ဝေယံ အသိဝင်သွားပြီး မျက်စောင်းထိုးလိုက်မိ သည်။ ချမ်းငြိမ်း တည်ငြိမ်နေလျှင် ဝေယံချစ်သည်။ ချမ်းငြိမ်း ထိုသို့ ပြောင်စပ်စပ်လုပ်နေလျှင်တော့ ဝေယံ့မှာ နေစရာမရှိတော့ပါပေ။

“မင်း .. တော်တော်ဆိုး..။ တော်.. တော်.. စကားမပြောတော့ဘူး”

ဝေယံ လှည့်ထွက်ပြီး အိတ်ရွေးရန်ပြင်နေတုန်း ချမ်းငြိမ်းက ဘေးနားကပ်လာကာ

“ကိုယ် ဘာလုပ်မိလို့လဲ အချစ်ရဲ့။ နှင်းဆီပန်းတွေကြည့်ပါဦး။ ကိုယ် သေချာစိုက်ထားရတာ..မနက်က စူးဆူးသွားသေးတယ် ဒီပန်းစည်းစည်းရင်းနဲ့”

ဝေယံ မျက်စိရှေ့မှာတင် ခရီးဆောင်အိတ်ကြီးမြင်လိုက်လျက်နှင့် မရွေးလိုက်ရ။ အံ့သြလွန်းစွာဖြင့် နောက်ကို ပြန်ကြည့်မိသည်။ ‘ချမ်းငြိမ်းက နှင်းဆီတွေစိုက်တယ်.. ပြီးတော့ စူးဆူးသွားကြောင်း ပြောပြတယ်…’ ဝေယံ နှုတ်ခမ်းကိုက်ထားလိုက်မိသည်။ နှင်းဆီပန်းတွေကို ဝေယံ အမှန်တကယ် မလိုအပ်။ သို့သော် ချမ်းငြိမ်း၏ ဤပုံစံကိုတော့ ဝေယံ အသက်တမျှလိုအပ်ပါသည်။ ချမ်းငြိမ်း၏ ပွင့်လင်းလာ သော ပုံစံ၊ နာကျင်မှုကိုမျှဝေသော ပုံစံ။ ဝေယံ မျက်ရည်တွေရစ်ဝဲလာသည်။

“အချစ်.. ဘာဖြစ်လို့လဲဟင်..။ ကိုယ်ရှိတယ်လေ.. အခု ကိုယ်တို့အတူတူရှိကြပြီလေ”

ချမ်းငြိမ်းက နှင်းဆီပန်းစည်းကို ဘေးမှာခဏချထားလိုက်ပြီး ဝေယံ့ကို ရင်ခွင်ထဲ ဆွဲသွင်းပေးကာ ကျောကို ပွတ်ပေးသည်။

“ကိုယ်ရှိတယ်.. အခု ကိုယ်တို့ခွဲစရာမလိုတော့ဘူး”

ဝေယံ မျက်ရည်မကျအောင် ထိန်းထားလိုက်ပြီး ချမ်းငြိမ်းကိုပြန်ဖက်ထားလိုက်မိသည်။ နွေးထွေးလွန်း သော ချစ်ရသူပါပဲ။

“လွမ်းလို့ သေသွားတော့မယ်တောင် ထင်ခဲ့တာ။ ငါအဲဒီမှာသေရင် ကျွတ်မှာမဟုတ်ဘူးသိလား”

ချမ်းငြိမ်းက ရယ်ပြီး ဝေယံ့ကို ဖက်ထားရာမှ လွှတ်ကာ အကြည့်ချင်းဆုံအောင် လိုက်ကြည့်သည်။

“တခါတလေ အချစ် ဘာတွေတွေးနေလဲ ကိုယ် နားလည်ချင်လိုက်တာ။ ကိုယ်တို့ အခုပြန်တွေ့ပြီလေ။ သေစရာလည်းမလိုတော့ဘူး..။ မကျွတ်မှာလည်း စိတ်မပူရတော့ပါဘူး”

ဝေယံ မျက်စောင်းထိုးမိပြန်သည်။ ချမ်းငြိမ်းကပဲ ပြောရတယ်ရှိသေး။

“ချမ်းငြိမ်း.. ငါ သရဲ ဖြစ်သွားရင် Ghost ကားထဲကလို မင်းနားလာနေလို့မရလောက်ဘူးနော်။ မင်းက ဘုရား တရားတွေ တအားလုပ်တော့ ငါ့ကို မင်းကိုယ်စောင့်နတ်က ပေးကပ်မှာမဟုတ်ဘူး”

“ကိုဝေယံ ခင်ဗျ။ ကိုဝေယံရဲ့ အတွေးတွေက အလင်းနှစ်တွေရဲ့အရှိန်နဲ့သွားနေတာပဲ။ ကိုဝေယံ စိုးရိမ်နေတာတွေ မဖြစ်ကြောင်း ကိုယ်က သက်သေပြပေးမှာမို့ ကိုယ့်ကိုပဲယုံပါ”

“မင်းကိုယုံတယ်.. ငါ့ကိုယ်ငါမယုံတာ..”

ထွက်လာပြန်ပြီ.. ဒီစကား။ ဝေယံ ခေါင်းခါလိုက်ပြီး ချမ်းငြိမ်းလက်ကိုဆွဲယူလိုက်၏။

“နှင်းဆီဆူးစူးတာ ဘယ်မှာလဲ.. ပြ”

“လက်ညှိုးမှာ..။ သိလား.. ကိုယ် မင်းကို သတိရတိုင်း ပန်းပင်တွေရေလောင်းတယ်”

“မင်းလုပ်တာနဲ့ အပင်တွေသေကုန်တော့မှာပဲ..”

ပြောပြောဆိုဆိုနှင့် ဝေယံက ထိုလက်ချောင်းသွယ်သွယ်ကို နှုတ်ခမ်းနှင့်ထိထားပေးလိုက်မိ၏။ ချမ်းငြိမ်းက မျက်လုံးတွေပိတ်သွားသည်အထိ ရယ်ပါသည်။

“အမားက ပန်းပင်ဂရုစိုက်နည်းသင်ပေးပါတယ် အချစ်ရယ်”

“မင်းကိုယ်မင်းရော ဂရုစိုက်တတ်ပြီလား..”

“ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်တတ်ပါပြီဗျ..။ ဒါပေမယ့်.. ကိုဝေယံ ဂရုစိုက်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ဖြစ်မှာပါဗျ”

“ဒါမျိုးကျ ဘယ်လိုဖြေရမလဲ သိတာပဲ။ ပန်းစည်းပြန်ပေး။ ငါပိုက်ထားမှာ”

“ကြိုက်လား နှင်းဆီအဝါရောင်”

“မင်းလက်နဲ့ထိသမျှ ကြိုက်တယ်”

နှစ်ဦးသား ချစ်ကြည်နူးနေသည်မှာ လေယာဉ်ကွင်းထဲတွင်ဖြစ်ကြောင်း ဝေယံ အမှန်တကယ် မေ့လျော့နေခဲ့ပါသည်။ လေကြောင်းလိုင်းဝန်ထမ်းမှ “Hello Sir. Is this your bag? This is our flight’s last bag.” ဟုလာပြောသောအခါမှ မျက်နှာပူပူနှင့် တစ်လုံးတည်းသော ခရီးဆောင်အိတ်ကြီး ကို ကောက်ယူ၍ ထွက်လာကြရသည်။

“အဲဒါမင်းကြောင့်ပဲ.. မင်း ရှိနေရင် ငါ ပုံမှန်မဟုတ်တော့ဘူး”

“အဲဒါ သုတေသနလုပ်ကြဖို့ကောင်းတယ်နော်..။ ကိုယ်တို့နာရီတွေက အတူတူရှိနေရင် ရပ်သွားသလို မျိုး ချစ်သူနှစ်ယောက်ကလည်း အတူတူရှိနေရင် ပုံမှန်မဟုတ်တော့ဘူးဆိုတာ..။ မေတ္တာရဲ့ လှိုင်းတွေ တကယ်ရှိတယ်လို့ ကိုယ်တော့ယုံတယ်”

ရုပ်တည်ကြီးနှင့် ခရီးဆောင်အိတ်ဆွဲလာရင်း တွေးတွေးဆဆပြောလာသော ချမ်းငြိမ်းကို ကြည့်ရင်း ဝေယံ စိတ်ကူးယဉ်မိပြန်ပါသည်။ ချမ်းငြိမ်းနှင့် ဝေယံတို့ အသက်ကြီးလာလျှင် ချမ်းငြိမ်းက အရာရာကို အလေးအနက်ထား တွေးတွေးဆဆပြောမည့် သတင်းစာဖတ်သောအဘိုးကြီးများလိုဖြစ်မည်။ ဝေယံ ကတော့ ပွစိပွစိနှင့် ပြဿနာရှာသော အဘွားကြီးများကဲ့သို့ ဖြစ်မည်။ သို့သော် ဤလူနှင့် အိုမင်းသွား ရမည်ဆိုသည်ကတင် ပျော်စရာကောင်းနေပြီမဟုတ်လား။

“ဒီမှာစောင့်မလား ကိုယ် ကားသွားယူခဲ့မယ်”

“ချမ်းငြိမ်း..”

လေထုက အေးမြနေ၏။ ချမ်းငြိမ်း လည်တိုင်ထက်မှ မာဖလာက တလွင့်လွင့်။ နှင်းဆီပန်းလေးတွေက တလှပ်လှပ်။ လေယာဉ်ကွင်း၏ လူရှုပ်ရှုပ် ပလက်ဖောင်းတစ်ခုဖြစ်သည်ကိုပင် ဝေယံ အမှုမထားတော့ ဘဲ စိတ်ထဲမှ စကားတစ်ခွန်းထုတ်ပြောလိုက်မိသည်။

“လက်ထပ်ကြစို့”

“ဟင်..”

“မင်းသိလား.. ငါ သေချာတယ်။ ငါလုံးဝသေချာတယ်။ မင်းနဲ့ပဲ ရှိနေချင်တာ။ မင်းကိုပဲ ချစ်ပေးချင် တာ။ မင်းဆီက အချစ်ခံချင်တာ။ ပြီးတော့ မင်းနဲ့ပဲ တစ်ဘဝလုံး ကုန်ဆုံးသွားချင်တာ။ မင်းရှိနေမယ်ဆို ရင် ငါ သံသရာကို မကြောက်ဘူး”

ပထမဆုံး ချစ်ကျွမ်းဝင်မိသည့်နေ့ကကဲ့သို့ ကမ္ဘာလောကကြီးက အချိန်တွေရပ်တံ့ပြီး မလည်ပတ် တော့သလို ဝေယံခံစားရသည်။ ဝေယံ့ကမ္ဘာမှာ ရှင်သန်နေသည်က နှစ်ခုသာ။ ဝေယံ့ နှလုံးသားနှင့် ချမ်းငြိမ်း မျက်နှာထက်က လင်းဖြာသော အပြုံး။

“ကိုယ့်အတွက် မင်းက ဒီစိတ်ဝိညာဉ်ရဲ့ အရင်းအမြစ်ပါပဲ အချစ်ရယ်။ ကိုယ်လည်း မင်းနဲ့ အတူရှင်သန် သွားချင်တယ်..။ မင်းကို မေတ္တာတွေအများကြီးပေးပြီး မင်း မေတ္တာတွေလည်း ပြန်ရချင်တယ်။ ကိုယ့် လောဘက မင်းနဲ့အတူရှိရဖို့ပါပဲ..”

ချစ်သူနှင့် နဖူးချင်းထိကပ်ထားလိုက်ရင်း​ ဝေယံ ငိုချလိုက်မိသည်။ ဝေယံ့ဘဝရဲ့ တန်ဖိုးအရှိဆုံး ဆုလာဘ်လေး…။ ဝေယံ့အရာအားလုံး…။ ဒါကို သိရဖို့ ချစ်သူမှာ နှစ်ပေါင်းဘယ်လောက်တောင် စောင့် ဆိုင်းခဲ့ရရှာတာလဲ။ ဝေယံ မတွန့်ဆုတ်တော့ပါလေ။

===========================================================================

ချမ်းငြိမ်းက ကျောင်းပြီးချိန်မှစကာ တက္ကသိုလ်တွေပင် အရှေ့တိုင်းအတွေးအခေါ်နှင့်ပတ်သက်၍ သုတေသန Fellow ဖြစ်လာသကဲ့သို့ နယူးယောက်မြို့အနီးတဝိုက်ရှိ Liberal Arts ကောလိပ်များတွင် အချိန်ပိုင်း သင်ကြားပေးသူ ဖြစ်လာခဲ့သည်။ တက္ကသိုလ်မှ ထောက်ပံ့ငွေအပြင် ပုံမှန် လခလည်းရလာ သောအခါ ချမ်းငြိမ်းက အနိတာတို့အိမ်နှင့် မလှမ်းမကမ်းနေရာတွင် အိမ်တစ်လုံး ဝယ်ထားခဲ့ပြီး ဝေယံ ပြန်လာဖို့ စိတ်ရှည်လက်ရှည်စောင့်နေခဲ့သည်တဲ့။ ၃ နှစ်လုံး အလာစကာမှ မခွာခဲ့သော ဝေယံ့အတွက် ထိုအိမ်ကလေးက စိမ်းသက်မနေဘဲ နွေးထွေးစွာ ကြိုဆိုနေခဲ့၏။ အိမ်က အကြီးကြီးမဟုတ်ပါ၊ တိုက်ခန်းတွဲလေးတစ်ခု၏ နေရာပိုလေးမှာ ကပ်ကပ်သပ်သပ် ဆောက်ထားသော တိုက်ပုလေးသာ ဖြစ်သည်။ သို့သော် နယူးယောက်ကဲ့သို့နေရာထိုင်ခင်းရှားပါးသောနေရာမှာ ဤနေရာလေးကို ရွေးခွင့် ရသည်နှင့်တင် ကျေးဇူးတင်နေရပြီ။

အိမ်ရှေ့မှာ နှင်းဆီပင်များအပြင် တခြားသော ပန်းလှလှများလည်းပွင့်နေ၏။

“ကိုယ်တို့အိမ်လေးလေ။ ဒါ မင်းကို ပေးဖို့.. အင်း မဟုတ်သေးဘူး။ ဒီမှာရှိသမျှ အကုန်လုံးက မင်းအတွက် ပါပဲ”

အဝါရောင်နှင်းဆီပန်းစည်းကို ပွေ့ထားလျှက်က တခြားပန်းများကလည်း ကိုယ့်အပိုင်ဆိုသည်မှာ မည်မျှ ကျေနပ်ဖို့ကောင်းလိုက်သလဲ။ ဝေယံ့ကမ္ဘာကို ပန်းတွေပွင့်သွားစေရန် အချစ်က ကြိုးစားထားခဲ့ လေခြင်း။

“ဒါ ဘာပန်းတွေလဲဟင်..”

“ပီအိုနီလေ..။ သဘောကျလား..”

“ငါတော့ ဘဝမှာ ပန်းတွေကို သဘောကျသွားမယ်လို့ တခါမှ မတွေးခဲ့ဖူးဘူး”

“ဘာဖြစ်လဲ.. ကိုယ့်ဝေယံက ပန်းတွေနဲ့ ဘယ်လောက်လိုက်သလဲ။ မင်းရဲ့ဖြူစင်မှုက ပန်းတွေနဲ့ သိပ်လိုက်တာ သိလား..”

ချမ်းငြိမ်းက အိမ်တံခါးမဖွင့်သေးဘဲ ဝေယံ့ ဆံပင်ကို သပ်ပေးလိုက်၏။ ပြီးတော့မှ အိမ်တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။ အိမ်ကလေးက သိပ်မကျယ်သော်လည်းနွေးထွေးမှုအပြည့်ရပါ သည်။ လိုက်ကာတွေကအစ အရောင်ဖျော့လေးများနှင့် အိမ်ကလေးမှာ သပ်ရပ်သန့်ရှင်းနေပြီး အရာ ရာက နေရာတကျဖြစ်နေသည်။ ဧည့်ခန်းမှာ မေမေ့ဓာတ်ပုံလေးလည်း ချိတ်ထားသေး၏။ ဝေယံ အိတ် ပင်မချနိုင်ဘဲ မေမေ့ဓာတ်ပုံကို လက်နှင့်ထိကြည့်လိုက်မိသည်။

“မေမေ…”

“မမေ့နဲ့နော်.. အချစ်။ မေမေက မင်းနှလုံးသားထဲမှာ ရှင်သန်နေတာ”

“ငါ.. ငါတို့.. လက်ထပ်ပြီးရင် ဟို စားစရာဝေတဲ့ကိစ္စ ပြန်လုပ်ကြမယ်နော်။ ငါတို့ အတူတူ..”

ချမ်းငြိမ်းက နောက်မှ ဖက်ထားရင်းဖြင့် ဝေယံ့ပုခုံးပေါ် မေးတင်လာကာ “ကိုယ် အခုထိ တစ်ပတ်မှ မပျက်သေးပါဘူး ဝေယံ။ ကိုယ်တိုင်မသွားနိုင်တာပဲရှိမယ်.. အမြဲ စားစရာဝေဖြစ်ပါတယ်။ အရင်လို တစ်ပတ်နှစ်ရက်တော့မဟုတ်တော့ပေမယ့် တစ်ပတ်တစ်ရက်ပေါ့။ ဪ.. မင်းသိလား.. အဲဒီတုန်းက ကိုယ်တို့နဲ့ တွေ့ခဲ့တဲ့ Sam နဲ့ Henry တို့တောင် အလုပ်ကောင်းကောင်းရနေပြီ။ Sam က သမီးလေး တစ်ယောက်ရနေပြီ။ သူတို့ အရင်လို မဟုတ်တော့ဘူး..” ဟု ပြောပြလာ၏။

ဝေယံ ထူးထွေမအံ့သြတော့ပါ။ ချမ်းငြိမ်းအေးဟန် သာဆိုလျှင် လုပ်နိုင်မည့်ကိစ္စရပ်တွေဖြစ်ကြောင်း ဝေယံ အကြွင်းမဲ့ယုံကြည်သည်။

“မေမေ့ကို မင်းကတောင် ငါ့ထက် သတိပိုရနေသေးတာပဲ..။ ငါက တကယ် ဘာတွေလုပ်နေခဲ့တာလဲ မသိတော့ဘူး..။ မင်းနဲ့လည်း​ဝေးအောင်နေခဲ့တယ်..။ မင်း ငါ့ကို အခုထိချစ်ပေးသေးတာ အံ့သြဖို့ ကောင်းတယ်”

“ရှူး…။ အဲဒီလိုမဟုတ်ဘူး။ မင်းဘာကြောင့် ထွက်သွားခဲ့လဲ ကိုယ်နားလည်တယ်။ ပြီးတော့ မင်းက လူသားတွေနဲ့ ကမ္ဘာကြီးအတွက် အလုပ်လုပ်နေခဲ့တာလေ။ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်သေး စကားတွေပြောရတာလဲ ဝေယံ”

ဝေယံ ခေါင်းခါပြီး ချမ်းငြိမ်းမေးဖျားကို လှည့်နမ်းလိုက်မိသည်။

“မဟုတ်သေးဘူး.. ငါ အခုလိုပြောတာတွေကလည်း သိမ်ငယ်လို့ ဆိုတာမျိုးမဟုတ်ပါဘူး။ မင်းကို လည်း ထပ်ထားခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် ငါ ဘာဖြစ်လို့ အဲဒီလိုတွေလုပ်ခဲ့တာလဲ ကိုယ့်ကိုယ်ကိုယ် အားမရတာ..။ မင်းသိလား.. မင်းမရှိတဲ့နေရာဒေသတစ်ခုမှာ ငါ ၃ နှစ်လောက် ရှင်သန်နိုင်ခဲ့တာကို ငါ တကယ်… ကြောက်မိသွားတယ်။ ငါ အဲဒီလိုထွက်မသွားတော့ဘူး ချမ်းငြိမ်း။ ပြီးတော့.. ငါ့ကိုလည်း ပေးထွက်မသွားပါနဲ့တော့”

ဝေယံက ဘွဲ့လွန်ထပ်တက်ခွင့်ရသည့်တိုင် ချမ်းငြိမ်းနှင့် ဝေးသည့်နေရာတော့ မသွားတော့ဟု ဆုံးဖြတ်ထားခဲ့ပြီ။

“ကိုယ်တို့နှစ်ယောက်လုံး အချိန်လိုအပ်ခဲ့တာ အမှန်ပဲလေ။ ဘာမှမဖြစ်ဘူးနော်”

ဝေယံ့ လက်ကို ချမ်းငြိမ်းက ဆွဲကာ အိပ်ခန်းထဲသို့ ခေါ်သွားပါသည်။ အိပ်ခန်းထဲမှာ ဝေယံ့ရဲ့ဂုဏ်ယူ ဖွယ် အမှတ်တရပုံတွေ ချိတ်ဆွဲထားသေး၏။ ဝေယံ ဘွဲ့ယူတုန်းက ချမ်းငြိမ်းချီထားသည့်ပုံလေးက မပါမဖြစ်။ ပြီးတော့ ဝေယံ မိန့်ခွန်းပြောသည့်ပုံ။ ထို့နောက် ဝေယံ NASA ယူနီဖောင်းနှင့်ပုံ။ ဝေယံ လွှတ်တင်ခဲ့သည့် အာကာသယာဉ်လေးနှင့် ရိုက်ထားသည့်ပုံ။

“ဒါတွေက ဘာလုပ်တာလဲကွာ..ရှက်စရာကြီး”

“မင်းမရှိတုန်းက မင်းအလွမ်းပြေလေ..။ ကိုယ့်အတွက်တော့ လိုအပ်တာပဲ။ ဘယ်လောက်ပဲ နှလုံးသား ထဲမှာရှိရှိ.. ကိုယ် မင်းနဲ့နီးဖို့လိုအပ်တယ်”

“အခု ငါတို့ မင်္ဂလာဦးပုံ ပြောင်းချိတ်ကြရအောင်နော်”

“အချစ်.. ဘယ်တော့ လက်ထပ်ချင်လဲ။ မာမားတို့ကို အသိပေးကြရအောင်နော်။ အချစ် ဖေဖေကို ရော”

ဝေယံ ကုတင်ပေါ် ပစ်လှဲလိုက်၏။ ချမ်းငြိမ်းက ဘေးမှာ လိုက်လှဲရင်း ဝေယံ့မျက်နှာကို ငေးကြည့်နေ သည်။ ဝေယံ မပြောတတ်..။ ဝေယံ့ ဖေဖေကို မေ့ထားခဲ့မိပြန်သည်လေ။

“ဖေဖေက နောက် အိမ်ထောင်ပြုလိုက်တယ်။ ငါ အဲဒါကို ဘာစိတ်မှမရှိပါဘူး။ အဲဒီဘက်တွေမှာ စစ်ပွဲ တွေလည်းဖြစ်နေတော့ ဖေဖေတစ်ယောက်တည်းရှိနေရတာ အဆင်ပြေမှာတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ငါ့မှာ ဖေဖေမရှိတော့သလိုပဲ ခံစားရလို့ တစ်နှစ်တခါတောင် ဖုန်းမဆက်ဖြစ်ဘူး။ ဆက် လည်း အဖေနေတဲ့ရွာထိလိုင်းတိုက်ရိုက်မရတာ များတယ်။ ဖေဖေ့ခွင့်ပြုချက် လိုအပ်တယ်လို့ ငါတော့ မထင်ဘူး။ သူ နောက်အိမ်ထောင်ပြုတာလည်း ငါ့သဘောထားမေးခဲ့တာမှမဟုတ်တာ”

“အင်း..။ ဒါပေမယ့် ကိုယ်တို့မှာ အသိပေးရမယ့် ဝတ္တရားရှိတယ်လေ။ ဖေဖေ့ ခွင့်ပြုမှုကို တောင်းခံတာ မဟုတ်ဘဲ ဖေဖေ့ကို တလေးတစားအသိပေးတာပါပဲ”

“ငါ ကြည့်လုပ်လိုက်မယ်..။ မင်းရော အိမ်ကိုပြောမှာလား….”

“ကိုယ် ကြည်သာ့ကို အသိပေးရမှာပေါ့။ မေမေ့ကိုလည်း ပြောပြမှာပါ”

ဝေယံ စိတ်ထဲ မလေးလံတော့သည်ကို သတိပြုမိလိုက်သည်။

“ကြည်သာရော..။ သူနဲ့နောက်ဆုံးဖုန်းပြောခဲ့တာ မင်း မနှစ်က အလာစကာကို လိုက်လာချိန်ကပဲ။ အဲဒါကလွဲပြီး ငါသူ့ကို မတွေ့ရဘူး။ အီးမေးလ်လည်းမပြန်ဘူး..”

ချမ်းငြိမ်းက သက်ပြင်းချသည်။

“ကိုယ့်ကို တခါတခါတော့ အီးမေးလ်ပို့တယ်။ တခါတုန်းကတော့ သူစာသင်နေတဲ့ စစ်ဘေးရှောင် ကလေးတွေရဲ့ ဆုပေးပွဲဆိုပြီး ဓာတ်ပုံပို့ပေးဖူးတယ်။ ကိုယ့်ရဲ့အဝေးမှာ သူ ကောင်းကောင်းရှင်သန်နေ ကြောင်း အထောက်အထားတွေကလွဲရင် ညီမလေးက ကိုယ့်ကို အဆက်အသွယ်ဖြတ်ထားတုန်းပါပဲ။ သူ ဘာတွေလုပ်နေသလဲ.. ဘယ်သူနဲ့ရှိနေသလဲ.. ဘာတွေတွေးနေသလဲ ကိုယ့်ကို အသိမပေးဘူး..”

“ချမ်းငြိမ်း.. ငါမေးချင်တာရှိလို့”

“အင်း ပြောလေ အချစ်”

ဝေယံက ချမ်းငြိမ်းဘက်ကို စောင်းငဲ့လိုက်၏။ ထိုသို့ဆိုတော့ ကုတင်ပေါ်မှာ သူတို့နှစ်ယောက် မျက်နှာ ချင်းဆိုင် အနေအထားဖြစ်သွားပြီ။

“မင်းရော.. အမြွှာတွေရဲ့ခံစားမှုရှိလား..။ ငါတကယ်မသိလို့မေးတာပါ။ ကြည်သာကလေ မင်းတစ်ခုခု ဖြစ်ရင် သူသိတယ်။ အတိအကျကြီးမဟုတ်ပေမယ့် သူ့စိတ်ခံစားမှုက ဘယ်တုန်းကမှ မလွဲဖူးဘူး။ သူ သိနေတာကွာ.. မင်းရော.. သူ့ကို အဲဒီလိုသိလား..”

ချမ်းငြိမ်းက အကြာကြီးတိတ်ဆိတ်သွားပြီး ဝေယံ့မျက်နှာကို ငေးကြည့်နေ၏။ ဤ မျက်ဝန်းနက်တို့ထဲ ကို ဝေယံ ခုန်ဝင်ပစ်ချင်ပါသည်။ အတွေးတွေသိပ်များတာပဲဟုလည်း ပြောပေးချင်သည်။ သို့သော် နှစ်ယောက်လုံး တိတ်ဆိတ်လျက် ငေးကြည့်နေဖြစ်ကြသည်။

“ကိုယ့်ကို ကြည်သာက မေးဖူးတယ်..။ ကြည်သာ တစ်ခုခုဖြစ်ရင် ကိုကိုခံစားမိလားတဲ့။ ကိုယ့်မှာ အဲဒီ စွမ်းအားမရှိဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ်လည်း အဲဒီလိုသိချင်တယ်။ အဲဒါမှ ကိုယ် ညီမလေးကို ကာကွယ်ပေးလို့ရမှာလေ။ ဒါပေမဲ့ ကိုယ့်မှာ မရှိဘူး..။ ကိုယ်လုပ်ပေးလို့ရတာက ကြည်သာ့ စကားသံ အမူအရာတွေကို လေ့လာပြီး သူ့ကို အလိုက်တသိ ဂရုစိုက်ပေးခြင်းပါပဲ။ ကြည်သာကတော့ အဲဒီ စွမ်းအားရှိတယ်..။ သူက ကိုယ့်ကို သိပ်တွယ်တာပြီး နားလည်ချင်ခဲ့တာ..”

“ငါလည်း အဲဒီစွမ်းအားရှိချင်တယ်.. မင်း နေမကောင်းဖြစ်ရင် သိချင်တယ်။ မင်းတစ်ခုခုဖြစ်ရင် ခံစားမိ ချင်တယ်”

“အခု ကိုယ်က ပြောပြတတ်လာပါပြီ။ မင်းအဲဒီစွမ်းအားမရှိလည်း ဖြစ်တယ်..”

ဝေယံ စိတ်ထဲကြည်နူးသွားရပြီး ချမ်းငြိမ်းနဖူးကို ဖွဖွလေးတိုးနမ်းလိုက်၏။ လက်ကိုင်ထားဖြစ်ကြပြီး တိတ်ဆိတ်နေရင်းမှ မေးခွန်းတစ်ခုထုတ်မေးလိုက်မိသည်။

“ငါတို့ မင်္ဂလာပွဲကို ကြည်သာ လာမယ်ထင်လားဟင်..”

ချမ်းငြိမ်း မျက်ဝန်းတွေ မှိုင်းသွား၏။ တကယ်တော့ ဝေယံလည်း အဖြေသိပြီးသားပါပဲ။ ကြည်သာ့ကို နားမလည်သည့်တိုင် ကြည်သာနှင့် အထိုက်အလျောက်ရင်းနှီးခဲ့သူအနေဖြင့် ထိုမိန်းကလေး မည်သို့ ဆုံးဖြတ်မည်ကို ဝေယံ သေချာသိနေပါသည်။

“ညီမလေးက ထွက်သွားကတည်းက ပြန်မလာဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ ဒါပေမယ့်.. ကိုယ် သူ့ကို ဖုန်း ပြောခွင့်ရဖို့ ကြိုးစားကြည့်ပါဦးမယ်”

“ချမ်းငြိမ်း..”

“ဟင်”

“ငါ့ကို အားမနာနဲ့နော်။ ငါ သဝန်မတိုတော့ပါဘူး..။ တကယ်ပါ။ အဲဒီတုန်းက မရင့်ကျက်ခဲ့တာ”

“အချစ်.. မင်း မရင့်ကျက်လည်းဖြစ်ပါတယ်။ ကိုယ် မင်းအပေါ်ထားတဲ့ မေတ္တာက အဲဒါတွေအတွက် လျော့ပါးသွားမှာမဟုတ်ပါဘူး”

“ငါတို့ ဒီလို နားလည်မှုရဖို့ အချိန်တွေအကြာကြီးခွဲနေခဲ့ရတာနော်”

ချမ်းငြိမ်းက ဝေယံ့ကို ဖက်ထားလိုက်ရင်းဖြင့် “ကိုယ့်ဝေယံ” ဟုဖွဖွလေးခေါ်လာ၏။ ဝေယံ့ အိမ်…။ ချစ်သူရင်ခွင်ဟာ အရာအားလုံးပါပဲ။

===========================================================================

အနိတာနှင့် မစ္စတာကူးမားတို့အိမ်ကို သွားလည်ပြီး လက်ထပ်ဖို့ကိစ္စတိုင်ပင်တော့ အနိတာက အားရ ဝမ်းသာဖြင့် ဝေယံ့ကို ဖက်ထားပါတော့သည်။

“ဘုရားရှင်ရဲ့မေတ္တာတော်တွေပါပဲ။ ကလေးတွေ ပြန်အဆင်ပြေဖို့ အမားမှာ အများကြီးဆုတောင်းခဲ့ရ တာ။ အမားရဲ့သားလေး ဘယ်လောက်တောင် အထီးကျန်ခဲ့ရသလဲ အမားအသိဆုံး။ အောင်မလေး.. အစားအသောက်က အမားလုပ်မယ်နော်။ ဝတ်စုံ.. ဝတ်စုံ..အပ်ဖို့ ကိုယ်တိုင်းပေးဦး။ အပါး.. ရှင် ဒီတိုင်း နေမနေနဲ့။ ကလေးတွေ လက်ထပ်ဖို့ နေရာရှာဦး။ အိမ်ကကျဉ်းလွန်းတယ်။ တစ်ခုခု..”

ဗိုက်ပိုရွှဲလာသော အဘိုးကြီး ကူးမားကတော့ မျက်မှန်ထူကြီးကို ပင့်ပြီး အနိတာကိုဟန့်၏။

“အနိတာ.. မင်းကလည်း.. ကလေးတွေဆန္ဒကို အရင်မေးပါဦးဟ။ ငါတို့ မင်္ဂလာဆောင်မဟုတ်ဘူး။ ငါတို့သားတွေ မင်္ဂလာဆောင်ဆိုတာကို သတိရဦး”

“ကျွန်မ ပျော်သွားလို့ပါရှင်။ ဟုတ်ပ.. သားတို့ ပြောကြဦး။ ဘယ်လိုလုပ်ချင်လဲ”

ချမ်းငြိမ်းက ပြုံးပြီး “ကျွန်တော်က အမားတို့ကို မပင်ပန်းစေချင်ပါဘူး” ဟု ပြော၏။

“ပင်ပန်းတယ်ဘယ်ဟုတ်မလဲ။ အမားက အဲဒီပွဲမှာ အလှဆုံး ဆာရီဝတ်မယ်။ ပြီးရင် က မယ်”

ဝေယံပါ ပျော်ရွှင်လာ၏။ မိသားစုအသိုက်အဝန်းဆိုသည်က ဒါမျိုးပါလား။

“ကျွန်တော်တို့စဉ်းစားတာက ရိုးရိုးရှင်းရှင်း ဆိုင်တစ်ဆိုင်မှာပဲ ဧည့်ခံပွဲအသေးလေးလုပ် လိုက်မလား။ လို့။ ပြီးတော့ တရားသူကြီးဆီမှာ လက်မှတ်ထိုးတာတော့ အပါးနဲ့ အမားတို့ပဲ သက်သေ လုပ်ပေးရမှာ ပါပဲ။ ဖိတ်စရာလူက အများကြီးမရှိပါဘူး။ အမား မိတ်ဆွေတွေဖိတ်နော်။ ကျွန်တော်တို့က ကျောင်းက အလုပ်က ရင်းနှီးတဲ့သူတွေလောက်ပါပဲ”

“ဘယ်ဟုတ်မလဲ.. မင်းတို့ မြန်မာအသိုင်းအဝိုင်းဖိတ်ရမယ်လေ”

“ရင်းနှီးတဲ့ လက်တစ်ဆုပ်စာနဲ့ လူနည်းနည်းပါပဲ”

“အို မင်္ဂလာဆောင်တယ်ဆိုတာက ဘယ်အယူမှာဖြစ်ဖြစ် ဒီစုံတွဲရဲ့ချည်နှောင်ကတိပြုမှုကို ဘုရားရှင် တွေရှေ့ လူကြီးသူမတွေရှေ့ လူတွေအများကြီးရှေ့တည်ထောင်ရတာ။ တစ်သက်မှာတခါပဲ ဆောင်ရ တာ ပွဲကြီးကြီးက မကောင်းဘူးလား။ ပိုက်ဆံလည်းစိတ်ပူစရာမလိုဘဲနဲ့”

“တော်တော့ ရှင်မရေ။ ကလေးတွေ သဘောဦးစားပေးပါဆိုမှ”

အနိတာက ကျေနပ်ပုံမပေါ်။ သို့သော် အဘိုးကြီး ထဆူမည်စိုး၍ ထပ်တော့အထွန့်မတက်။ အနိတာ ကို ဝေယံ နားလည်သည်။ ဝေယံသည်လည်း ပွဲအကြီးကြီးလုပ်ချင်ခဲ့ဖူးသည်။ ဝေယံက အရာရာကို ရုပ်ဝတ္ထုနှင့်တိုင်းတာတတ်ခဲ့သည်မဟုတ်လား။ သို့သော် မိမိအိမ်ထောင်ဖက်က ချမ်းငြိမ်းဖြစ်နေလျှင်

ကောင်းကင်နှင့်မြေကြီးရှိလျှင်ပင် ကတိသစ္စာပြုဖို့ လုံလောက်ပါပြီ ဟု တွေးတတ်လာခဲ့သည်။

“အပါး နဲ့ အမားက အကောင်းဆုံးဝတ်စုံတွေ ဝတ်ရမှာပါ မပူနဲ့နော်”

“အေးပါ ဒီစကားလေးနဲ့ပဲ ကျေနပ်ရမှာပေါ့။ အနိတာကတော့ ကမှာနော် မတားရဘူး”

“ကျွန်တော်တို့ကို စုံတွဲအကလေးသင်ပေးပါဦး အမား”

“ခါးကို ဒီလိုလှုပ်ပြီး က..”

ရယ်သံတွေ ဝေစီနေသည့်ကြားက ချမ်းငြိမ်း အပြုံးကို ဝေယံ ငေးကြည့်နေမိသည်။ ဤ အမျိုးသား က သိပ်မကြာခင် ဝေယံ့ ခင်ပွန်းသည်ဖြစ်လာတော့မည်ပဲ။ ဝေယံ အရင်ဘဝက ကောင်းမှုကုသိုလ် အတော်လုပ်ခဲ့ပုံရပါသည်။

အနိတာနှင့် ချမ်းငြိမ်းက မုန့်လုပ်ဖို့ ထမင်းစားခန်းထဲဝင်သွားချိန်တွင် မစ္စတာကူးမားက ဝေယံ့ကို ဆွဲ ထားခဲ့ပါသည်။

“အဲဒီတုန်းက အဖြေ တွေ့ပြီလား ဝေယံ”

ဘယ်တုန်းကလဲဟု မေးစရာမလိုအောင်ပင် ဝေယံ အမြဲမှတ်မှတ်ရရရှိနေခဲ့ပါသည်။

“ကျွန်တော် သူနဲ့မပြိုင်တော့ဘူး အပါး။ သူ့ဘေးကရှိပေးမှာ.. ပြီးတော့ သူ့ကို အများကြီး အားပေးပေးမှာ”

အဘိုးကြီးက ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။

“မင်းသိလား သား..။ မင်းက အခုမှ တကယ် အဖြေရှာတွေ့သွားတာ။ ဘုရားရှင်ရဲ့ အနန္တမေတ္တာတော် တွေ မင်းအပြည့်အဝရရှိသွားပြီ ငါ့သား။ သိပ်ကောင်းတယ်.. သိပ်စိတ်ချမ်းသာတယ်ဟေ့”

“စိတ်ချမ်းသာရင် လာကူလေ။ ရှင်က အခန့်သား ထိုင်စားမလို့လား”

အနိတာက လှမ်းအော်တော့ အဘိုးကြီးက တဟဲဟဲရယ်ရင်း “ငါတို့ သွားကူကြစို့လား” ဟု ခေါ်သွား လေသည်။ ဝေယံ ပြုံးမိနေဆဲ။

ချမ်းငြိမ်းဘေးကရှိပေးပြီး ချမ်းငြိမ်းကို အစဉ်အမြဲ ယုံကြည်သက်ဝင်နေမည့် ဝေယံခဖြစ်ကြောင်း ချစ်သူကိုရော တလောကလုံးကိုပါ သက်သေပြသွားပါဦးမည်လေ။

===========================================================================

==========================================================================

မင်္ဂလာပွဲနေ့သည် ဝေယံ အတောင့်တခဲ့ရဆုံး နေ့ရက်ဖြစ်ပြီး ဆုတောင်းတို့ အမှန်တကယ်ပြည့်စုံလာ သောနေ့ရက်လည်းဖြစ်သည်။ ဟားဗတ်ဥယျာဉ်ထဲမှ တွေ့ဆုံမှုကဲ့သို့ ဝေယံက အနက်ရောင် Suit ကို ဝတ်ထားပြီး ချမ်းငြိမ်းက အဖြူရောင် Suit ကိုဝတ်ဆင်ထား၏။ ထို့ကြောင့် Beautiful in White သီချင်းသည် ဝေယံ မျက်ရည်ကျစရာဖြစ်လာခဲ့သည်။

အိန္ဒိယ Fine Dining ဆိုင်တစ်ဆိုင်၏ ဥယျာဉ်နေရာလေးထဲတွင် လက်ထပ်ဖြစ်ကြခြင်းဖြစ်ပြီး စံပယ်ပန်းများလှိုင်လှိုင်ဝေနေ၏။ ဝေယံ့ အလုပ်မှ Abby နှင့် တခြားသော အသိများကိုဖိတ်ကြားခဲ့ပြီး ချမ်းငြိမ်း အလုပ်မှ ပရော်ဖက်ဆာများ၊ ကျောင်းအုပ်များလာကြသည်။ အနိတာကတော့ ရွှေချည်ထိုး ဆာရီဖြင့် အလှကြီးလှနေသည်။ အိန္ဒိယဆိုင်ဆိုသည်က အနိတာ၏ နယ်မြေဖြစ်၏။ ထို့ကြောင့် စားစရာကအစ အရာအားလုံး အနိတာ၏ စီစဉ်မှုသာဖြစ်သည်။

ဝေယံက မင်္ဂလာပွဲအတွက် အခမ်းအနားမှူးအတွက် တာဝန်ယူပေးရန် ဆရာနော်ကို အကူအညီ တောင်းခဲ့ရသည်။ ဆရာနော်၏ သွက်လက်သော စကားများက မင်္ဂလာပွဲကို ပိုမြူးကြွစေခဲ့သည်။

“ကျွန်တော်တို့ သတို့သားက တော်တော်မျက်ရည်လွယ်တာပဲ”

ဟုတ်ပါရဲ့၊ ဆရာနော် စ ချင်လည်းစချင်စရာ။ ဝေယံ ဘယ်နှခါမှန်းမသိ ငိုပြီးပြီ။ ချမ်းငြိမ်းက ဝေယံ့ကို ချော့ရသည်မှာ အခါခါ။

“ပျော်လို့ငိုတာပါ ဆရာရယ်”

“မင်းနဲ့ယူရမယ့် သတို့သား ငိုဖို့ထားပါဦးကွ”

ဤစကားကတော့ ဝေယံ့ အထက်လူကြီး Abby က ပြောသောစကားဖြစ်သည်။ Abby က NASA တွင် ရာထူးတိုးသွားပြီး အရေးကြီး ပရောဂျက်များကိုင်တွယ်နေရ၍ မအားလပ်သော်လည်း ဝေယံ ဖိတ်ကြားသောအခါ ရောက်အောင်ပြန်လာခဲ့ပါသည်။ “မင်းရဲ့စိတ်ငြိမ်ဆေးလေးပဲ ဆိုရင် ငါ ရအောင် လာခဲ့မယ်” ဟုပြောပြီး အမှန်တကယ် စကားတည်ခဲ့သည်။

လျှောက်လမ်းလေးအတိုင်း ချမ်းငြိမ်းလမ်းလျှောက်လာသောအခါ ဝေယံ့ရင်ထဲက ကြည်နူးမှုက အတိုင်းထက်အလွန်။ ဆရာနော်က မင်္ဂလာပွဲထုံးတမ်းအတိုင်း ရွတ်ဖတ်ပြောကြားပေးပြီး နမ်းလို့ရပြီ ဖြစ်ကြောင်း ပြောစဉ် ဝေယံ ခေါင်းခါပြီး ဆရာ့လက်ထဲက မိုက်ကို ဆွဲယူလိုက်၏။ အကုန်လုံး အံ့သြ တိတ်ဆိတ်သွားကြသော်လည်း ဝေယံ မမှု။ ဝေယံ မေးချင်သေးသည်။

“မင်းအတွက် ငါက ဘယ်လိုလူလဲ။ ချမ်းငြိမ်း”

“ကိုယ့်ကောင်းကင်လေ.. ပြီးတော့ ကိုယ့်အမျိုးသား”

“ငါ့အတွက်ရော မင်းက ဘယ်လိုလူလဲသိလား…”

ချမ်းငြိမ်းက ပြုံးပဲပြုံးကြည့်နေသည်။

ဝေယံ မိုက်ကိုကိုင်ထားရင်း လက်တွေတုန်လာ၏။

“မင်းသိလား… မင်းဘေးမှာ အားအင်ဖြစ်ပေးချင်တာ။ မင်းကိုချစ်ပေးချင်တာ။ မင်းက ငါ့ရဲ့ ကိုယ်ပိုင် ကြယ်စင်တန်းလေးပဲ။ အခုကစ မင်းတစ်ယောက်တည်းမဟုတ်တော့ဘူးနော် အချစ်”

မိုက်ကို ပစ်ချလိုက်ပြီး ဝေယံကပဲ အနမ်းမိုးတွေ ရွာသွန်းချမိသည်။ ဆင်တူလက်စွပ်နှင့် ဝေယံတို့နှစ်ယောက် ယနေ့မှစ ဘဝတစ်ခုတည်းဖြစ်ခဲ့ပါပြီ။

========================================================================

ကိုကို..

ကြည်သာ ဒီတခါ သိပ်ပျော်ပါတယ်။ တကယ်ပါ။ ကိုကိုပျော်နေမှာကို ကြည်သာခံစားမိပါတယ်။ ပြီးတော့ ပထမဆုံးအကြိမ်အနေနဲ့ ကြည်သာပါ လိုက်ပြီးပျော်ရွှင်မိပါတယ်။ ကိုကိုက ဝေယံ့ကို နှစ်ပေါင်းများစွာ ချစ်လာခဲ့တာ.. နောက်ဆုံးတော့ အတူရှိခွင့်ရခဲ့ပြီပဲ။ ကြည်သာသာ ဝင်မရှုပ်မိရင် ကိုကို ဒီထက်ပိုစောပြီး ပျော်ရွှင်ရမှာ…။ တောင်းပန်ပါတယ် ကိုကို…။ အင်း.. ကိုကို ခွင့်လွှတ်မှာလည်း ကြည်သာသိပါတယ်။ ဒါပေမယ့် ကြည်သာ တောင်းပန်တာက ကိုကို့ခွင့်လွှတ်မှုကို တောင်းခံတာ မဟုတ်ပါဘူး။

ကိုကို အချိန်ပြည့်အလုပ်လုပ်ဖြစ်သွားတာလည်း ကြည်သာဂုဏ်ယူပါတယ်။ အဲဒါကတော့ ပြောစရာ မလိုအောင်ပဲမဟုတ်လား။ ကိုကို သိပ်တော်တာကြည်သာသိတယ်။ ဝေယံ့အတွက်လည်း ကြည်သာ ဂုဏ်ယူပါတယ်။ ဝေယံက ဘွဲ့လွန်ထပ်တက်ရတော့မှာ သူလိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွား နိုင်တာ တကယ်ပျော်စရာပါ။

ကိုကိုနဲ့ ဝေယံတို့ မင်္ဂလာပွဲကို အရင်းနှီးဆုံး ကြည်သာ မတက်ရောက်နိုင်တာတော့ ကိုကို နားလည်စေ ချင်တယ်။ နားလည်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်။ ပြီးတော့ အခုချိန်မှာ ကြည်သာတို့ ကျောင်း လေးက စာမေးပွဲကာလလေ ကိုကိုရဲ့။ ကလေးတွေက စာမေးပွဲပြီးလည်း မပျော်ရပါဘူး။ သူတို့မှာ ပြန် စရာအိမ်မှမရှိတာ ကိုကို။ ဒီတော့ ကြည်သာတို့စခန်းမှာပဲ မိုးရာသီအတွက် ပြင်ဆင်ကြရဦးမယ်။ ဒါပေမယ့် ကိုကိုတို့ မင်္ဂလာရက်မြတ်မှာ ကြည်သာ စခန်းတစ်ခုလုံးစာရော၊ အနီးအပါးက လက်လှမ်းမီ သလောက်နေရာတွေရောကို အသားဟင်းနဲ့ ထမင်းရယ်၊ ကိတ်မုန့်ရယ် ကျွေးဖို့ စီစဉ်ထားပါတယ်။ ကြည်သာ့ လက်ဖွဲ့လို့ သဘောထားပါနော်။ ဒီမှာ အသားဟင်းက သိပ်ရှားတယ် ကိုကိုရဲ့။ ကလေးတွေ ပျော်ကြမှာ။ ကလေးတွေတင်မကပါဘူးလေ။ အကုန်လုံးပျော်ကြမှာပါ။

ဒီမှာ ကြည်သာ ဘာလုပ်သလဲသိလား။ ကလေးတွေကို အပတ်တိုင်း စာဖတ်ပြတယ် ကိုကိုရဲ့။ ဒီတော့ မှ ကြည်သာသိလာတာ စာဖတ်ရတာ သိပ်ခက်တာပဲ။ အသံနေအသံထား အဖိအဖော့တွေက ထားပါဦး၊ နားထောင်သူတွေကို တွေးပြီးဖတ်ရတာ သိပ်ခက်တယ်။ ဒါပေမယ့် ကြည်သာ့မှာသင်ယူလို့ ရမယ့် ကိုကို့အသံဖိုင်တွေရှိတယ်လေ။ ကြည်သာ စာဖတ်တာ သိပ်ကောင်းတာပဲလို့ စခန်းက ဆရာမ တွေက ချီးကျူးကြတယ် ကိုကို။ ကြည်သာကတော့ ပြောချင်တာ.. ကိုကိုဖတ်သလောက် မကောင်းပါ ဘူးလို့လေ။ ကိုကိုက အခုထိ စာအုပ်တွေဖတ်ပြပြီး အီးမေးလ်ထဲပို့ထားတုန်းပဲနော်။ ကြည်သာ စာမပြန်ဖြစ်ပေမယ့် တစ်ခုချင်းစီတိုင်းကို တန်ဖိုးထားပြီး နားထောင်တယ်ဆိုတာ ကိုကို ယုံတယ် မဟုတ်လား။ အင်္ဂလိပ်ဝတ္ထုတွေဆို ဒီမှာရှာရခက်တယ်။ ကိုကိုဖတ်ပြပေးလို့သာ ကြည်သာ စာတွေနဲ့ အဆက်မပျက် သွားတာပါပဲ။ ကျေးဇူးတင်ပါတယ် ကိုကို။

ကိုကို ပျော်ရွှင်ပါ။ ကြည်သာကြိုက်တဲ့ လရိပ်ပိုးမျှင်ဝတ္ထုထဲကလိုပဲ.. ကိုကို ကြည်သာချမ်းမြေ့စွာ ရှင်သန်ပါ။

ကြည်သာ အခုနေ့တိုင်း ဘုရားရှိခိုးတယ်။ ကြည်သာ့ဆုတောင်းတွေက ကိုကို့အတွက်ပါပဲ။ ကိုကို ပျော်ဖို့၊ ကိုကို နေကောင်းဖို့၊ ကိုကို အဆင်ပြေဖို့လေ။ ဒါပေမယ့် ကိုကို.. ကြည်သာ တနေ့မှာ ဒီလိုအတွေးဝင်လာတယ်။ ကြည်သာလည်း အမှန်တကယ် ကြည်သာအေးမြချင်တယ်ပေါ့။ ကြည်သာ က ဖြစ်တည်မှု အမှားတစ်ခု မဟုတ်ပါဘူးလို့ သေချာချင်လာတယ်။

အဲဒါကြောင့် ကိုကို.. ကြည်သာလေ.. ကိုယ့်ကိုယ်ကိုယ် ပြန်ရှာဖွေဦးမယ်။ ကြည်သာ ဒီနှစ်ကုန်ရင် ဒီ စခန်းကနေ ထွက်သွားဖြစ်ဦးမယ်။ ဘယ်ကိုဖြစ်မလဲ ကြည်သာမသိသေးဘူး။ ဒါပေမယ့် ကိုကို… ကြည်သာ ဒီမေးလ်ဆက်သုံးဖြစ်နေမှာပါ။

ကြည်သာဟာကြည်သာအေးမြသွားတဲ့တနေ့တော့ ကိုကို့ဆီ အရောက်ပြန်လာခဲ့မယ်။ အလင်းနှစ်တွေ ရဲ့အလျင်နဲ့ပေါ့…။

ချစ်ခြင်းအားဖြင့်

ကြည်သာအေးမြ

===========================================================================


Leave a comment