Final – Light-years away

Final – Light-Years Away (အလင်းနှစ်များရဲ့အဝေး)

အလာစကာပြည်နယ်၏ နှင်းမုန်တိုင်းများကို ရင်ဆိုင်ရလျှင် ဝေယံသည် ကော်ဖီတစ်ခွက်ဖျော်ပြီး နားကြပ် တပ်ထားကာ ငေးကြည့်နေလေ့ရှိသည်။ နားကြပ်အနီလေးက ကြည်သာပေးခဲ့သော လက်ဆောင်ဖြစ်ပြီး ဝေယံ နားထောင်နေသည်ကတော့ နှစ်ယောက်မရှိနိုင်သော ချမ်းငြိမ်းအေးဟန်၏အသံပင်။ ချစ်သူ၏ အဝေးတွင် ဝေယံသည် နှင်းတောထဲမှ အရွက်မဲ့ သစ်ပင်ပမာ အထီးကျန်လှသည်။ အဆုံးသတ်တော့ ဝေယံခ သည် ချစ်ရသူထက် အိပ်မက်ကိုပဲ ရွေးချယ်ခဲ့သူအဖြစ် အများက အပြစ်တင်ကြတော့မည်။ မိဘ သဖွယ်ဖြစ်နေသည့် အနိတာနှင့် ကူးမားသည်ပင် ဝေယံ့ဆုံးဖြတ်ချက်ကို သဘောမကျကြပါ။ ဤကိစ္စရပ် တွင် ဝေယံ့ကို အပြစ်မတင်သူ တစ်ဦးတည်းသာရှိခဲ့ပါသည်။ ချစ်ရသော ချမ်းငြိမ်း…။ ချမ်းငြိမ်းကတော့ အပြစ်တစ်စုံတစ်ရာမဆိုခဲ့ပါ။

“စောင့်နေမယ်။ အဲဒီအချိန်ကာလတွေမှာ ကိုယ်လည်း ကိုယ့်အိပ်မက်နောက်ကိုလိုက်ရင်း မင်းကို စောင့် နေမယ်။ ကိုယ်တို့ စိတ်ချင်းနီးသ၍ ဘယ်တော့မှ မဝေးရပါဘူး”

ချမ်းငြိမ်းကို လမ်းခွဲဖို့ ကြိုးစားခဲ့သော ဝေယံ့လုပ်ရပ်တို့က ထိုစကားလုံးများအောက်တွင် အရာမထင်ခဲ့ပါ။ တစ်နှစ်လည်းဖြစ်နိုင်သည်.. နှစ်နှစ် သုံးနှစ်လည်းဖြစ်နိုင်သည်။ ဝေယံ ကိုယ်တိုင်ပင် မသေချာမရေရာနိုင် သော အချိန်ကာလတစ်ခုကို ချမ်းငြိမ်းက စောင့်ဆိုင်းနေမည်တဲ့လား။ ဝေယံသိပါသည်၊ ဝေယံက ချမ်းငြိမ်း ချစ်ခြင်းကို အများကြီး လျှော့တွက်ခဲ့မိသည်။ ထို့ကြောင့်လည်း အနိတာက ခေါ်ပြောခဲ့ခြင်းဖြစ်မည်။

“သား.. ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ကိုတစ်ယောက်ချစ်နေကြရုံနဲ့မပြီးဘူး။ တစ်ယောက်ရဲ့ ချစ်ခြင်းတရားကို တစ်ယောက်က အသိအမှတ်ပြုဖို့လည်းလိုသေးတယ်။ အခက်အခဲတွေဟာ အတူတူ ရင်ဆိုင်ကျော်လွှားရမှာပဲဖြစ်ရမှာ။ အခက်အခဲတွေကြောင့် လက်တွဲဖြုတ်လိုက်ရရင် အချစ် ဘယ်ဟုတ်ပါ တော့မလဲ။ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ နှလုံးအိမ်ထဲမှာ မင်းလက်တွဲဖော်ကို မမေ့ပါနဲ့”

ဝေယံ ခေါင်းငုံ့ပြီးသာ နားထောင်နေဖြစ်ခဲ့သည်။ ချမ်းငြိမ်းအေးဟန် မရှိဘဲ နေထိုင်ရှင်သန်ရမည့် ဝေယံ့ ဘဝသည် သေဆုံးသည်နှင့်မခြားတော့ပါ ဟု ပြန်ပြောချင်သော်လည်း ထိုခွန်အားသတ္တိတို့က နှုတ်ခမ်းဝသို့ ထွက်ပေါ်မလာခဲ့ပါ။ ဝေယံ့ အကြောင်းပြချက်တွေသည် အသုံးမဝင်သော အရေးမပါသည့် ခပ်ပေါပေါ အကြောင်းပြချက်များသာဖြစ်သွားခဲ့သည်။

သို့သော် ချမ်းငြိမ်းသည် ဝေယံ့ကို နည်းနည်းကလေးမျှ အပြစ်မဖို့ခဲ့ပေ။ အစကနဦးတွင် ကြေကွဲဝမ်းနည်း နေခဲ့သော ချမ်းငြိမ်းသည် ဖြည်းဖြည်းချင်း တည်ငြိမ်လာကာ ဝေယံ ပြောင်းရွှေ့ရေးအတွက် ကိုယ်တိုင်

ပြင်ဆင်ပေးခဲ့သည်။ ဝေယံ ထွက်မလာမီနေ့ရက်များတွင် ထူးဆန်းသောအခြေအနေနှင့် နှစ်ယောက်သား နေထိုင်ဖြစ်ခဲ့ကြ၏။ သေချာသည်ကတော့ ဝေယံတို့ လမ်းမခွဲခဲ့ပါ။ သို့သော် ပြဿနာကိုလည်း ရှင်းဖို့ မကြိုးစားကြတော့ဘဲ တစ်ယောက်လိုအပ်သည်အတွက် တစ်ယောက်ပြင်ဆင်ပေးခဲ့ရင်းဖြင့် ဂရုတစိုက် ချစ်ပေးမိခဲ့ကြသည်။ ချမ်းငြိမ်းအေးဟန်၏ ချစ်ခြင်းတရားသည် လုံခြုံနွေးထွေးသော မီးလင်းဖိုလေးကဲ့သို့ ဖြစ်မည်။ လုံလောက်သော အလင်းရောင် အနွေးဓာတ်လေးနှင့် မီးလင်းဖိုလေးသည် ထားခဲ့သောအခါတွင် လည်း တိတ်ဆိတ်ငြိမ်သက်စွာ နေရစ်ခဲ့ရှာသည်။

“မင်းကိုချစ်ခွင့်ရတဲ့သူဖြစ်လို့ ငါ ဘယ်လောက်ပျော်ရွှင်ကျေနပ်ရလဲ သိလား ချမ်းငြိမ်း။ အရာရာ အတွက် ကျေးဇူးတင်ပါတယ်”

“မင်းနားလည်တဲ့ သိပ္ပံဖြစ်လာဖို့ ကိုယ် ပိုကြိုးစားပါ့မယ်”

ချမ်းငြိမ်းကိုကျောခိုင်းထွက်လာသော ဝေယံတစ်ယောက် လမ်းတွင် မျက်ရည်ကျခဲ့ရကြောင်းတော့ လက်မှ နာရီ လေးသာ သိပါသည်လေ။

အလာစကာပြည်နယ်က ဝေယံ့ကို အေးစက်တိတ်ဆိတ်စွာကြိုဆိုခဲ့သည်။ အလုပ်မှလွဲ၍ တခြားသော အရာများကို အာရုံစိုက်စရာမရှိတော့ဟု ဝေယံ ဆုံးဖြတ်လိုက်ပြီးနောက် ဘဝ စက်ရုပ်ဆန်စွာ ဖြတ်သန်းရ တော့သည်။ အလာစကာ၏ သဘာဝအလှတရားတွေကိုလည်း ဝေယံ မကြည့်ချင်၊ အာကာသသွားယာဉ် တည်ဆောက်ရေးကိုသာ တစိုက်မတ်မတ်လေ့လာဖြစ်ခဲ့သည်။ ပင်ပန်းလွန်းသောတနေ့တာ၏အဆုံး သတ်တွင်တော့ ချမ်းငြိမ်းပေးထားသော အသံသွင်းစက်ကလေးကိုဖွင့်လျက်ပဲ အိပ်ပျော်သွားတတ်လေ သည်။

==============================================================================

ဤနေရာသို့ ပြောင်းရွှေ့လာခြင်း၏တစ်ခုတည်းသော ကောင်းကွက်မှာ ဝေယံ အလုပ်ကိုအာရုံစိုက်၍ ရခြင်းပင်ဖြစ်သည်။ တကယ်တမ်းတော့ ဝေယံက မဟာဘွဲ့ ပါရဂူဘွဲ့တွေရှိထားသူမဟုတ်။ ကျောင်း ကောင်းကောင်းတစ်ခုမှ ရူပဗေဒဘွဲ့ကို အမှတ်ကောင်းကောင်းနှင့် အောင်ထားရုံသာရှိသည်။ သို့သော် NASA ရုံးရှိ လက်တွေ့ အတွေ့အကြုံက ဝေယံ့ကို အများကြီး အထောက်အကူပေးခဲ့သည်။ လက်ရှိဌာနမှ အကြီးအကဲသည်လည်း ဖရက် တို့ကဲ့သို့ပင် ဝေယံ့အပေါ်စာနာစွာဖြင့် အကူအညီများပေးခဲ့သည်။ ရောက်ပြီး လပိုင်းတွင်ပင် ဝေယံသည် Space Mission launching များတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခွင့်ရလာသည်။ ထို့အတွက်လည်း မိမိအိပ်မက် ဖြစ်မြောက်လာရေးအပေါ်တွင် မျှော်လင့်ချက်လေး ထားဖြစ်လာခဲ့၏။

စတွဲဖြစ်သောညက ချမ်းငြိမ်းက ပြောဖူးသည်။ ဝေယံ့အိပ်မက်တွေ အချိန်တိုအတွင်း တကယ်ဖြစ်လာ မည်ဟု ယုံကြည်သည်တဲ့။ ဝေယံ ထိုစကားနှင့် ထိုအားပေးမှုကို မည်သို့မျှမမေ့နိုင်။ ချမ်းငြိမ်းယုံကြည်ပေး ၍ မိမိအိပ်မက်တွေ အမှန်တကယ်အကောင်အထည်ပေါ်လာရသည်ဟု ဖြစ်စေချင်သည်။ ထွက်လာသူက ဝေယံ ဖြစ်သော်လည်း ချမ်းငြိမ်းထံ ပြန်သွားနိုင်ဖို့ နည်းလမ်းများကို နေ့တိုင်းညတိုင်း စဉ်းစားနေမိသူမှာ လည်း ဝေယံပင်ဖြစ်နေပြန်သည်။

ချမ်းငြိမ်း မဟာဘွဲ့ယူမည့်နေ့တွင်တော့ ဝေယံ အတော်အသည်းကွဲခဲ့ရသည်။ ချမ်းငြိမ်းပထမဘွဲ့ယူတုန်း ကလည်း ဝေယံ ရှိမနေခဲ့၊ သိပင်သိမနေခဲ့။ ယခု အတူတူရှိကြပြီး ဘွဲ့ယူပြန်တော့လည်း ဝေယံက အဝေး မှာရောက်နေပြန်သည်။ ချမ်းငြိမ်းဘွဲ့ယူဖို့ရာ အနိတာတို့ကို အကူအညီတောင်း၍ ပန်းစည်းပေးလိုက်နိုင် သည်နှင့်ပင် ကျေနပ်နှစ်သိမ့်လိုက်ရသည်။ နယူးယောက်ထက် ၄ နာရီနောက်ကျသော အလာစကာ တွင်နေထိုင် ရသည့် ဝေယံ့မှာ ထိုတနေ့လုံး နေမထိထိုင်မသာနှင့် အစားပင်မဝင်၍ နေမကောင်းဖြစ်ခဲ့ရ၏။ အနိတာပို့ ပေးလာသော ဘွဲ့ယူအခမ်းအနားမှ ပုံများကိုကြည့်၍ ဝေယံ ဂုဏ်ယူစွာဖြင့် မျက်ရည်ကျခဲ့ရသေးသည်။

ထိုညက ချမ်းငြိမ်းဖုန်းဆက်လာတော့ ဝေယံ​ ဆေးသွင်းထားရသော အခြေအနေမှာဖြစ်သည်။ ဗီဒီယို မဖွင့် တော့သော်လည်း ချမ်းငြိမ်းက ချက်ချင်းရိပ်စားမိသွားခဲ့၏။

“ကိုယ့်ဝေယံ.. နေမကောင်းဘူးလား။ ကိုယ့်အနားမှာမရှိနိုင်လို့ စိတ်မကောင်းဖြစ်နေတာလား”

“အလုပ်နည်းနည်းပင်ပန်းသွားလို့ပါ။ ငါအဆင်ပြေပါတယ်။ ဒါပေမဲ့ ဟုတ်တယ်.. မင်းဘွဲ့ယူချိန်မှာ ငါရှိနေ ချင်ပါတယ်”

“ကိုယ်သိတယ်… ကိုယ်ကတော့ မင်းကိုယ့်နားရှိနေတယ်လို့ပဲ ခံစားမိတာ”

“ချမ်းငြိမ်း… မင်း ငါ့ကို မမုန်းဘူးလား”

ချမ်းငြိမ်းက တိုးသက်ဖျော့တော့စွာ ရယ်သည်။

“မုန်းရမယ့် အကြောင်းပြချက်ပေးကြည့်လေ”

“ငါကတော့ မုန်းတယ်။ ငါ့ကိုယ်ငါ မုန်းစရာ အကြောင်းပြချက်တွေအများကြီးပဲ”

“အင်း… ကိုယ်ကပိုချစ်ပေးပါမယ်”

ဝေယံ ငေါက်ခနဲထထိုင်မိသည်။ ဒါ ချမ်းငြိမ်းအေးဟန် ပြောလိုက်တာတဲ့လား။ ဝေယံ ဆွံ့အစွာနှင့်ပင် ချမ်းငြိမ်း အသက်ရှူသံလေးကို ငြိမ်သက်စွာနားထောင်နေမိသည်။

“တကယ်ပြောတာ။ မင်းကိုယ်မင်း မုန်းမှဖြစ်မယ့်ကိစ္စတွေရှိရင်လည်း ရတယ်။ ဒါပေမဲ့ ကိုယ်က ပိုချစ်မှာ။ ဝေယံ သိလား.. မင်းကို ချစ်တဲ့အကြောင်းတွေ အများကြီးပြောပြဖို့ရှိသေးတယ်။ ကိုယ်တို့အတူတူရှိတုန်း က တွေဝေတုံ့ဆုတ်နေခဲ့မိတာတွေအတွက် ကိုယ် ဘယ်လောက်နောင်တရသလဲသိရဲ့လား”

“ချမ်းငြိမ်း…”

“အဲဒါကြောင့် ကိုယ်စောင့်နေမှာ။ နှစ်တွေ ဘယ်လောက်ကြာကြာ… ကိုယ်မင်းကို စောင့်နေမှာ”

“ငါ့ကို ယုံကြည်လားဟင်”

“ဝေယံ.. ကိုယ်စောင့်ရမှာက အလင်းနှစ်တွေဆိုရင်တောင် မင်းကိုပဲ ယုံကြည်ပြီးစောင့်နေမှာ။ အဲဒါကြောင့် ဘာမှမတွေးဘဲ ကောင်းကောင်းအနားယူ။ ကိုယ်တို့တွေ့ရဖို့ မဝေးတော့ဘူး”

“ချမ်းငြိမ်း.. တကယ်တော့လေ…”

“အင်း ကိုယ်နားထောင်နေတယ်”

“လွမ်းလွန်းလို့ရူးမှာပဲ”

“ကိုယ်ရောပဲ”

“ချစ်တယ်….”

ချမ်းငြိမ်းထံမှ တုံ့ပြန်စကားကို နားမထောင်ရက်တော့ဘဲ ဝေယံ ဖုန်းချလိုက်၏။ ထို့နောက် အသံတိတ်ငို နေမိပြန်သည်။ ဤသို့ ပျော့ညံ့သည့်ဝေယံခကိုလည်း ချမ်းငြိမ်းအေးဟန်ကတော့ နားလည်စွာပင် ထွေးပွေ့ ပေးဦးမည်ထင်သည်။ ထင်သည့်အတိုင်းပင် ခဏချင်း ဖုန်းထဲသို့ စာတစ်စောင်ရောက်လာ၏။

“ကြယ်တွေကိုတမ်းတရင်း ကိုယ့်ကောင်းကင်လေးကို လွမ်းတယ်။ နောက်တစ်ခွန်းကိုတော့ လူချင်း

တွေ့ရမယ့်တစ်နေ့အတွက် ကိုယ်သိမ်းထားပါမယ်။ ကောင်းသောညပါ ကိုယ့်ဝေယံ”

ဆုံနိုင်ခွင့်ရချင်ပါပြီ အချစ်ရယ်။

==========================================================================

ဝေယံနှင့် ချမ်းငြိမ်းတို့ကြားတွင် နက်နဲရှုပ်ထွေးသောချည်နှောင်မှုတစ်ခုထားထားပြီး အဆက်အသွယ် မပြတ်ဖြစ်အောင် နေထိုင်ကြသော်လည်း အကွာအဝေးဒဏ်ကို နှစ်ယောက်လုံးသိသိသာသာကြီး ခံစား လာရသည်။ ချမ်းငြိမ်းက အနိတာတို့နှင့်ပင် ဆက်နေထိုင်ပြီး စာရေးဆရာအလုပ်လည်းရှိနေသကဲ့သို့ မြန်မာကဲ့သို့သော နိုင်ငံများမှ ကလေးများအတွက် ကူညီထောက်ပံ့ရေးကို တက်ကြွစွာဆက်လုပ်နေ သည်။ ချမ်းငြိမ်းက တခါတရံဖုန်းဆက်လျှင် အလုပ်အကြောင်းပြောပြတတ်သည်။ ထိုသို့ဆိုတော့ ဝေယံ့ မှာက ပြောစရာသိပ်မရှိနေ။ ဝေယံက စက်ပစ္စည်းများအကြောင်းရှင်းပြရဖို့လည်း စိတ်မပါလှ။ တစ်နည်း ထိုအကြောင်းအရာများဖြင့် ဖုန်းပြောချိန်များကို မကုန်လွန်လို။ ထိုတော့လည်း ချမ်းငြိမ်းပြောသည်ကို သာ နားထောင်ဖြစ်လာသည်။ ချမ်းငြိမ်းအသံ၏ အေးချမ်းမှုကို သက်ဝင်ကိုးကွယ်သော ဝေယံ့အဖို့တော့ ချမ်းငြိမ်း ဘာပြောပြော မငြီးမငြူနားထောင်နိုင်ပါသည်။ ထိုကြားထဲမှပင် ချမ်းငြိမ်း ရောက်လာမည်ကို ဝေယံ မသိခဲ့ပါ။

နှင်းမုန်တိုင်းတိုက်ပြီးသည့် ရက်တစ်ရက်၊ ဝေယံ့ သိပ္ပံစမ်းသပ်ချက်အတွက် ရက်ပေါင်းဘယ်နှရက် ဟု သာ မှတ်ထားဖြစ်သော နေ့တစ်နေ့တွင် ဝေယံသည် ဌာနမှ ကားဖြင့် မြို့တွင်းသို့လာပြီး လိုအပ်သည်များ လာ ဝယ်ဖြစ်သည်။ တိုက်ဆိုင်စွာပင် ချမ်းငြိမ်းက မြို့ထဲရှိဈေးဆိုင်တန်းရှေ့တွင် ရပ်နေခဲ့၏။ ဝေယံ့မှာ စိတ် တွေထွေပြားပြီး စိတ်ကူးယဉ်မြင်ယောင်ကြည့်နေသည်ဟု ထင်မှတ်ကာ ကျော်သွားဖို့လုပ်သော်လည်း လက်မောင်းကို ရုတ်တရက်ဆွဲယူခြင်းခံလိုက်ရ၏။ ကုတ်အင်္ကျီရှည်ဝတ်ထားသော ချမ်းငြိမ်းက ဝေယံ့ကို ဆွဲယူပြီးနောက် ရုတ်တရက်ဆန်စွာပင် ဖက်ထားလိုက်တော့သည်။

“ဒါ.. ဘာ… ချမ်း.. ချမ်းငြိမ်းလား”

“တစ်နှစ်လောက်အတူမရှိတော့တာနဲ့ ချစ်သူကို မေ့သွားတာတော့ မဟုတ်ဘူးမလား ကိုယ့်ဝေယံ”

“နေ.. နေပါဦး။ မင်းကဒီကို ဘယ်လိုလုပ်.. ငါ အိပ်မက်မက်နေတာလား”

ဝေယံ ထိုစကားများကို မြန်မာလိုပင်မပြောနိုင်ခဲ့။ အင်္ဂလိပ်လို ထစ်အ ထစ်အ ပြောနေမိရင်း မိမိလက်ကို လည်း အတင်းကွေးဆန့်ကြည့်နေမိသည်။ အိပ်မက်လား လက်တွေ့လား…. ဒါ ဘယ်လိုအဖြစ်အပျက်ပါ လိမ့်။ ချမ်းငြိမ်းနှင့် တနေ့ကပင် ဖုန်းပြောဖြစ်ခဲ့သေးသည်။ သို့သော် အလာစကာကို ရောက်လာမည့် အကြောင်း အရိပ်အမြွက်မျှပင် မပါခဲ့။ ယခုတော့ ဝေယံက ချမ်းငြိမ်းရင်ခွင်ထဲရောက်နေခဲ့ပြီ။

“သတိရတယ်။ တွေ့ချင်လာတယ်။ မနက်တွေနိုးထလာတိုင်း မင်းနဲ့တစ်ရက်တွေ့ရမှာပါဆိုတဲ့စိတ်နဲ့ပေမဲ့ ကြာတော့ ကိုယ့်အလွမ်းတွေပိုသည်းလာတယ်။ တနေ့ကတော့ မင်းဆီသွားတွေ့ဖို့ ကိုယ်ဆုံးဖြတ်ချက်ချခဲ့ တယ်လေ။ မင်းစိတ်ဆိုးမှာသိပေမဲ့… ဖက်ထားလိုက်ရရင် ကိုယ်ဘာမဆို တောင့်ခံနိုင်မှာပဲ လို့တွေးဖြစ်ခဲ့ တယ်။ မင်းဒီနေ့ ဈေးဝယ်ဖို့ရှိတာသိလို့ ကိုယ်စောင့်နေတာ တော်တော်ကြာသွားပြီသိလား”

“ဟာ.. ချမ်းငြိမ်း။ အေးစက်နေပြီ။ ကျွတ်.. မင်း.. နေဦး။ ငါနဲ့လိုက်ခဲ့”

ဝေယံက ချမ်းငြိမ်းလက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ဈေးတန်းထဲရှိ ဘားလေးထဲသို့ ဝင်လိုက်မှ နွေး လာတော့သည်။ ချမ်းငြိမ်းကတော့ ခပ်ပြုံးပြုံးကြည့်နေဆဲ။ တစ်နှစ်အတွင်း ချမ်းငြိမ်းက ဘာမှ မပြောင်း လဲသွားပါ။ မျက်ဝန်းနက်များက ပို၍ လန်းဆန်းလာသည်ကိုတော့ ဝေယံ သတိထားမိ၏။

“ချမ်းငြိမ်းအေးဟန်..”

“မင်းဆူမှာတွေကို ခဏသိမ်းထားလိုက်ပါဦး။ ကိုယ့်ကို မလွမ်းဘူးလား”

“လွမ်းတယ်။ လွမ်းပေမဲ့ မင်းဒီလိုလိုက်လာလို့ အဆင်မပြေဘူးလေကွာ။ အခု တအားလည်း အေးနေတာ ကို ဒဏ်ရာတွေပြန်ကိုက်နေပြီလားဟင်”

“ကိုက်တယ်.. ရင်ဘတ်ထဲက တဆစ်ဆစ်နဲ့ပဲ”

“ကျွတ်.. ချမ်းငြိမ်းရာ။ မင်းတော့လေ.. ငါ ဆူရင် ဆူတယ်ဖြစ်ဦးမယ်”

“မဆူနဲ့။ ကိုယ့်ကိုနွေးသွားအောင် ကယ်တင်ဦး”

ဝေယံက ချမ်းငြိမ်းလက်နှစ်ဖက်ကို ပူးကပ်ဆုပ်ကိုင်ထားပြီး နှုတ်ခမ်းနားကပ်ကာ အနွေးဓာတ်ပေးလိုက် ၏။ ချမ်းငြိမ်းလက်ဖဝါးများက အေးစက်နေသည်မှ လက်သည်းခွံများပင် ဖြူလျော်နေပြီ။

“ဘယ်မှာနေလဲ အခု။ ဒီကိုလာတာ လက်အိတ်လေးတောင်ယူမလာဘူးလား။ မင်း ဒီလောက် ချမ်းတတ်တာကို”

“မင်းရှိတယ်ဆိုပြီး မင်းကိုတွေ့ချင်လို့လာတာပဲမို့လို့လေ”

“နွေးသွားအောင် အရက်သောက်… အာ.. မင်းမသောက်တာ ငါမေ့သွားလို့။ ရေနွေးသွားတောင်းဦးမယ် ခဏစောင့်”

“ရေနွေးထက် ပိုလိုအပ်တဲ့အရာကို ကိုယ့်ဝေယံသိပါတယ်”

ချမ်းငြိမ်းက ပြောပြောဆိုဆိုနှင့် နှုတ်ခမ်းချင်းထိတွေ့လာ၏။ မည်မျှပင် ချစ်သူရည်းစားတွေဖြစ်ပါစေဦး၊ ဤ ဒေသမှာတော့ နှစ်ယောက်လုံးသည် အစိမ်းသက်သက်ဖြစ်နေသေးသည်မို့ ဝေယံ မျက်နှာပူလာသည်။ ချမ်းငြိမ်းက ဝေယံ့နားရွက်ဖျားလေးများကို ထိတွေ့ပေးရင်း ပြုံးနေ၏။

“ကိုယ်တို့ နာရီလေးတွေ အခုမှရပ်ချိန်ရတော့တယ်”

“ဟုတ်ပါရဲ့… တော်တော်ကြာသွားတာပဲ”

“ပြန်တွေ့ရတော့ ဘယ်လိုနေလဲ”

ဝေယံ ရယ်လိုက်မိသည်။ ချမ်းငြိမ်းက တစ်ခုခုတော့ပြောင်းလဲသွားသည်။ ပို၍ လွတ်လပ်ပေါ့ပါးလာသည်။

“ငါပိုချောလာတယ်ထင်တာပဲ”

ထိုတော့လည်း ချမ်းငြိမ်းက ရယ်ပြန်ပါသည်။

“ကိုယ့်ဝေယံက ဘယ်တော့ဖြစ်ဖြစ်ချောပါတယ်။ ကိုယ်တော့ ဒီကိုလိုက်လာဖို့ဆုံးဖြတ်ခဲ့မိတာ မှန်တယ် လို့ထင်တယ်”

“ဘယ်လောက်နေမှာလဲ”

“သန်ဘက်ခါပြန်ရမယ်”

“သန်ဘက်ခါ…။ အင်း။ နေတော့ရော”

“ဟိုတယ်မှာနေပါတယ်ခင်ဗျ”

“ဒီည လိုက်ခဲ့မယ်”

ချမ်းငြိမ်းမျက်နှာလေး လင်းလက်သွားတော့ ဝေယံ ကျေနပ်ပါသည်လေ။

==============================================================================

ချမ်းငြိမ်းနေထိုင်သော ဟိုတယ်မှနေ၍ မိနစ် ၄၀ မျှသွားလျှင် ဥတ္တရအလင်းတန်းများကိုမြင်ရသည့် တောင်ကုန်း ရှိသည်။ ဝေယံ နေထိုင်လာသည့် တစ်နှစ်အတွင်း စခန်းမှနေ၍ အလှပဆုံးသော အလင်းတန်း များကို မြင်ရ တွေ့ရသော်လည်း တခါမှ ရင်ခုန်ခြင်းမဖြစ်ဖူးခဲ့။ ယခုတော့ ချစ်သူနှင့်အတူရှိနေလျှင် သဘာဝတရား၏ ကောင်းချီးကိုလည်း လိုချင်ပြန်သည်။ ကိုယ့်ကိုယ်ကိုယ်လည်း ရယ်မောမိသည့် အခိုက် အတံ့များပါပင်။

စိမ်းဖြာလက်ဝေသော အလင်းတန်းများအောက်တွင် ချမ်းငြိမ်းနှင့် အပြန်အလှန်မှီထားရသည်မှာ ဘဝ၏ အလှပဆုံးသော အချိန်ကာလများဖြစ်သည်။

“ကိုယ့်အတွက် အလှပဆုံးက ဟားဗတ်က ဥယျာဉ်ထဲမှာလေ။ မင်းလက်ကိုဆွဲပြီးပြေးခဲ့ရတာ.. အဲဒါ အလှ ဆုံး အခိုက်အတံ့ပဲ”

“အဲဒီတုန်းက မင်းကို တကယ်မကြိုက်မိသေးဘူး။ မင်း ဆွဲထိုးတော့မှာပဲလို့ တွေးနေခဲ့တာ..”

“ကိုယ် အများကြီး ရင်ခုန်ခဲ့ရတာသိလား”

“မင်းကမှ ငါ့ကို တိတ်တခိုးကြိုက်နေတာလေ”

“ဟုတ်တယ်။ အဲဒါကြောင့် ကြည်သာက တွဲလိုက်ရမလားလို့မေးချိန်မှာ ကိုယ် တကယ်ကြောက်လန့်ဖူး တယ်”

ဝေယံ ဆတ်ခနဲဖြစ်သွား၏။ ကြည်သာ… တစ်နှစ်အတွင်း ဝေယံ မေ့ထားခဲ့သောနာမည်။ ချမ်းငြိမ်းဘက်က ထုတ်ဖော်ပြောလာလိမ့်မည်ဟုတော့ ဝေယံထင်မထားခဲ့။

“ကိုယ်တို့ အဲဒီအကြောင်းပြောဖို့ အချိန်တန်ပြီမထင်ဘူးလား ကိုယ့်ဝေယံ”

“ဘာအကြောင်းလဲ”

“ကြည်သာ့အကြောင်းလေ။ ကြည်သာက အခု မြန်မာပြည်မှာပဲ အလုပ်လုပ်နေပါတယ်။ ကိုယ့်ကို တခါတခါ စာရေးလေ့ရှိတယ်။ ကိုယ်တို့နှစ်ယောက်က ကြည်သာ့အကြောင်းမပြောလို့မရဘူးလေ ဝေယံ”

“ငါ အဲဒီတုန်းက တမင်ပြောလိုက်တာပါ”

“မင်းစိတ်ထဲမှာ ကိုယ့်ကို မယုံနိုင်သေးဘူးမဟုတ်လား”

ဝေယံ ခေါင်းခါပြီး ဆံပင်ကိုသပ်တင်လိုက်၏။ အလင်းတန်းများက ခပ်ဝေးဝေးကောင်းကင်ပြင်မှာ ဝေဖြာနေမြဲ။

*သူက မင်းအပေါ် အစ်ကိုတစ်ယောက်ထက် ပိုခဲ့လား*

စိတ်ထဲမှာ ထိုမေးခွန်းကို အကြိမ်ကြိမ် မေးဖြစ်ခဲ့သော်လည်း ဝေယံ့အတွက်တော့ ချမ်းငြိမ်းကို မျက်နှာချင်းဆိုင်၍ နှုတ်မှထိုစကားမထွက်နိုင်ပါ။ ဝေယံ ဤစကြဝဠာထဲတွင် အယုံကြည်ဆုံးက ချမ်းငြိမ်း ပင် ဖြစ်လိမ့်မည်။ ချမ်းငြိမ်း၏ ကိုယ့်ကျင့်သိက္ခာကိုလည်း ဝေယံ ယုံကြည်လေးစားပါသည်။

တိတ်ဆိတ်နေမိတော့ ချမ်းငြိမ်းက အနားကိုတိုးလာကာ ခပ်တိုးတိုးလာပြော၏။

“ကြည်သာက မင်းကိုအနိုင်ယူချင်ခဲ့ရုံပါ။ ကိုယ်ထပ်ပြောမယ်.. ဘာကဖြစ်သင့်တယ် မဖြစ်သင့်ဘူး ဆိုတာ သူ ကောင်းကောင်းကြီးသိပါတယ်”

“မင်းရော”

“ကိုယ့်တစ်ဘဝစာအတွက် ကြည်သာဟာ အမြဲတည်ရှိနေမယ့် ကိုယ့်ညီမလေးပဲ။ မိဘတွေဆီက ကြည်သာ မရရှိခဲ့တဲ့ ကာကွယ်ပေးမှု၊ စောင့်ရှောက်ပေးမှု နဲ့ အနွံတာခံပေးမှုကို ကိုယ်ကတော့ ကြည်သာ့ အတွက် ပြည့်ပြည့်ဝဝပေးချင်တယ်။ အဖေက အဖေတာဝန်မကျေခဲ့တဲ့အခါ ကိုယ်က ကြည်သာ့အတွက် လစ်ဟာမှုမရှိရလေအောင် အစ်ကိုလိုရော အဖေလိုပါ ချစ်ခင်ပေးချင်ခဲ့တယ်။ ကိုယ် ကြည်သာ့ကို တစ်ဘဝလုံး အေးမြစေဖို့ တတ်စွမ်းသမျှ လုပ်ပေးမှာပဲ”

“ဟင့်အင်း ရပ်”

ဝေယံ ခေါင်းခါပြီးနောက်ဆုတ်သွားမိတော့ ချမ်းငြိမ်းက နှင်းပြင်ထဲမှာ ဝေယံ့နားကပ်လာသည်။

“ကိုယ် ပြောလို့မပြီးသေးဘူး ဝေယံ”

“မင်းမဖြေနဲ့။ ငါမကြားချင်ဘူး။ ငါသွားတော့မယ်။ မင်းမနက်ဖြန်ပြန်ရမှာမလား ပြန်တော့ ချမ်းငြိမ်း”

“ဝေယံ.. ထပ်ပြီး ရှောင်ပြေးဦးမှာလား”

“ငါမကြားချင်ဘူး။ ငါ့ကိုမဖြေနဲ့။”

နှင်းတောထဲမှ ပဋိပက္ခကြောင့် ရှုခင်းကြည့်နေသူတွေလည်းလှည့်ကြည့်လာ၏။ ဝေယံသည် ချမ်းငြိမ်း လိုက် လာသည်ကို ဂရုမထားတော့ဘဲ ကားတစ်စီးငှားကာ စခန်းသို့ပြန်လာခဲ့သည်။ ချမ်းငြိမ်းကားက လိုက်လာသော်လည်း ဝေယံတို့စခန်းကို အပြင်လူဝင်ခွင့်မရခဲ့ပါ။ တစ်ညလုံးစောင့်နေမည်ဖြစ်ကြောင်း အကြောင်းကြားသော်လည်း ဝေယံ ဂရုမစိုက်ခဲ့။ စခန်းထဲမှာ တစ်ကိုယ်တည်းနေခဲ့မိသည်။

ဝေယံ သံသယတွေဆီကနေ မလွတ်မြောက်နိုင်သေးပါလား။

===========================================================================

ချမ်းငြိမ်းဖုန်းဆက်လာသည်ကို ဝေယံ မကိုင်ခဲ့ပါ။ ဝေယံ ထိုအချိန်တွင်တခြားတစ်ယောက်ကို စကားပြော ချင်သဖြင့် ဖုန်းနံပါတ်တစ်ခုကို ရှာဆက်မိ၏။ ခက်ခက်ခဲခဲခေါ်ဆိုပြီးမှ နံပါတ်တစ်ခုထံသို့ လိုင်းဝင်သွားခဲ့ ပါသည်။

“ဘယ်သူလဲ”

“ငါပါ.. ဝေယံ”

ကျောင်းတက်ချိန်ဖြစ်ပုံရသည်။ ကလေးသံများ စာအံသံများကြားနေရ၏။ ကြည်သာသည် အစတွင်တော့ ဇဝေဇဝါဖြစ်နေပုံရသည်။

“နင်က ငါ့ကိုဘာကိစ္စရှိလို့… ကိုကို… သူတစ်ခုခုများ..”

“မဟုတ်ဘူး။ ငါနဲ့ ချမ်းငြိမ်းကို နင်ကယ်တင်ဖို့လိုတယ် ကြည်သာ”

“ဘာဖြစ်တာလဲ”

“နင်နဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်ကို ချမ်းငြိမ်းကရွေးရမယ်ဆိုရင် ဘယ်သူ့ကိုရွေးမယ်ထင်လဲ ကြည်သာ”

ကြည်သာ တိတ်ဆိတ်သွား၏။ ကြည်သာ့တိတ်ဆိတ်သွားဟန်ကြောင့် နောက်ခံအသံများက ပိုဆူလာ သလိုပင်။

“ဝေယံခ.. နင့်အတွက် ချမ်းငြိမ်းရဲ့ချစ်ခြင်းတွေက မလုံလောက်သေးဘူးလား”

“နင်သာ ငါ့ရင်ထဲကိုသံသယတွေမရိုက်ထည့်ခဲ့ရင် ငါတို့ ဒီထင်ပိုအဆင်ပြေမှာသိရဲ့လား”

“ချမ်းငြိမ်းအတွက် နင်နဲ့ငါက သိပ်ကိုရွေးချယ်ရခက်တဲ့ ကိစ္စပဲ။ ဒါပေမဲ့ ငါတစ်ခုပဲပြောမယ်။ ငါ .. ဘယ်တော့မှ နင်နဲ့ယှဉ်ရွေးမခံတော့ဘူး ဝေယံ။ ငါ ချမ်းငြိမ်းရှေ့မှာ ရွေးချယ်စရာအဖြစ် မရှိစေရဘူး။ ဒါ ငါ့ဘက်က သစ္စာပဲ။ နင် အဲဒါတောင်မှ ချမ်းငြိမ်းကို မယုံကြည်နိုင်ဘူးဆိုရင် အဖြေကရှင်းရှင်းလေး။ နင်က သူနဲ့မထိုက်တန်လို့ပဲ”

“ငါ ချမ်းငြိမ်းကို ယုံတယ်”

“ဒါဆို နင်ဘာကိုစောင့်နေတာလဲ”

“ငါ့ကိုယ်ငါမယုံတာ”

ကြည်သာက ဟာသတစ်ခုကိုကြားရဟန်ဖြင့် ရယ်မောပါတော့သည်။ ထိုရယ်သံကို ဝေယံတို့ တွဲခဲ့စဉ်က မကြာခဏကြားခဲ့ရ၏။ ယခုတခါတော့ ခံရမခက်တော့ပါ။

“အခွင့်အရေးတွေကိုလက်လွှတ်မခံနဲ့ ဝေယံ။ တစ်နည်းအားဖြင့် သတ္တိမနည်းစမ်းနဲ့”

“ငါ.. ချမ်းငြိမ်းကို သေလောက်အောင်ချစ်တယ် ကြည်သာ”

“ငါနဲ့ပတ်သက်ခဲ့ဖူးတာကို နင်နောင်တရနေတာလား ဝေယံ။ နင်က အတိတ်အတွက်နဲ့ အနာဂတ်ကိုပါ လက်လွှတ်ခံတဲ့ ငတုံးလား”

ဝေယံ သက်ပြင်းရှိုက်လိုက်၏။ ထိုပတ်သက်မှုကြောင့်မဟုတ်ဘဲ ချမ်းငြိမ်းအေးဟန်က သိပ်ကို တန်ဖိုးရှိ လွန်းသောကြောင့်ဟု ပြောချင်သည်။ ဝေယံပြန်ပြောမိသည်က တခြားတစ်ခုသာ။


“ငါနောက်မှပြန်ဆက်မယ်”

ဝေယံ စခန်းမှ ကားသော့တောင်းပြီး နှင်းတောသွားဂျစ်ကားကိုယူမောင်းကာ ချမ်းငြိမ်းရှိနေမည့် လေဆိပ် သို့ အပြေးသွားမိသည်။ ချမ်းငြိမ်းထံမှ လက်ရေးစာတစ်စောင်က ဂိတ်ဝမှာရှိနေခဲ့၏။ ဝေယံ မဖတ်အားသေးဘဲ ကားကို တဟုန်ထိုးမောင်းလာခဲ့သည်။ ဖုန်းဆက်တော့လည်း ချမ်းငြိမ်းဖုန်းက စက်ပိတ်ထား၏။ နာရီကိုကြည့်တော့ လေယာဉ်ချိန်နှင့် တော်တော်နီးနေပြီ။

ဝေယံ ထင်းရှူးတောတစ်ခုကိုဖြတ်မောင်းစဉ်မှာပင် ကောင်းကင်ထက်မှာ လေယာဉ်တစ်စီးပျံတက်သွား ခဲ့ပြီ။ ဝေယံ ဂျစ်ကားပေါ်မှာဆင်းကာ ထိုလေယာဉ်ပျံကိုမော့ကြည့်နေခဲ့မိ၏။ သွားပြန်ပြီ… အခွင့်အရေး တစ်ခု။

ထိုတော့မှ လက်ထဲမှ စာကို တုန်ခိုက်စွာဖြင့် ဖွင့်ဖောက်ဖတ်ကြည့်မိတော့သည်။ ချမ်းငြိမ်းလက်ရေးများက ယခုအချိန်ထိ ဝေယံ့ကို စိတ်ငြိမ်းချမ်းစေမြဲ။

“ကိုယ့်ဝေယံ..

ကိုယ့်ညီမလေးနဲ့ ပတ်သက်တဲ့ အတွေးတွေက မင်းကို သိပ်စိတ်ဖိစီးစေတာ ကိုယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ မင်းကို နားလည်စေချင်ခဲ့တာက ကိုယ့်ရဲ့ တာဝန်ကိုပါ။ ဘယ်သူကမှပေးထားခဲ့တာမဟုတ်ဘဲ ကိုယ်တိုင် လိုလိုလားလား ထမ်းဆောင်ခဲ့တဲ့ အစ်ကိုတစ်ယောက်ရဲ့တာဝန်ထဲမှာ ကြည်သာ့ စိတ်အလိုမကျမှုတွေကို ခံယူပေးဖို့လည်း အပါအဝင်ဖြစ်ခဲ့တယ်။ မိဘက မိဘလို မနေထိုင်ခဲ့ချိန်မှာ ကိုယ့် အတွေးထဲရှိတာက ကြည်သာပျော်ရွှင်အောင် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ ဆိုတာပါပဲ။ ဒါပေမဲ့ မင်းသိလား..ဝေယံ။ ကိုယ်က ကြည်သာ့ရှေ့မှာ တတ်နိုင်သမျှ သူမုန်းတာမခံရဖို့ အားထုတ်နေခဲ့ပေမဲ့ ကိုယ့်ဘဝထဲ ကိုယ်ထိန်းချုပ်မရတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ဥပမာ – မြန်မာစာ အမှတ်လိုမျိုး..။ ပြီးတော့ ကိုယ့်စိတ်ဆန္ဒထဲ ဝင်ရောက်လာခဲ့ တဲ့ မင်းကို ချစ်မြတ်နိုးမိတာမျိုး။ ကိုယ် ကြည်သာနဲ့ အတိုက်အခံ လုပ်ပြီး မင်းနဲ့နီးဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ ကြည်သာ့ရှေ့မှာ မင်းအတွက် တောင်းပန်ခဲ့တယ်။ ဝေယံခက ချမ်းငြိမ်းအေးဟန်ရဲ့ တစ်ခုတည်းသော အားနည်းချက်ဆိုရင် မင်း ယုံကြည်မှာလား။

ဝေယံ..။ အစ်ကိုတစ်ယောက်က သူ့ညီမကို ဘယ်လိုချစ်မြတ်နိုးသလဲဆိုတာ မင်းသံသယဝင်စေမိရင် ကိုယ် ဒီထက်ပိုပြီး ကြိုးစားရဦးမှာပဲလို့ တွေးမိတော့တယ်။ ကိုယ် ကြည်သာ့အပေါ်ထားတဲ့ စိတ်ဟာ သန့်စင်တဲ့ ပေးဆပ်မှုတစ်ခုပါ။  ကိုယ်ပြောသမျှဟာ အမှန်တရားတွေပဲ။

မင်း ကိုယ့်ကို ယုံကြည်လာမယ့်တစ်နေ့ကို ကိုယ်စောင့်နေမယ်။ အစစအရာရာဂရုစိုက်ပါ။

မင်းရဲ့

ချမ်းငြိမ်း”

အားနည်းချက်..။ ချမ်းငြိမ်းအေးဟန်ရဲ့ အားနည်းချက်တဲ့။ ဝေယံ နှင်းတောထဲ ဒူးထောက်ကျသွားခဲ့သည်။

===========================================================================

ယနေ့သည် အမေရိကန်ပြည်ထောင်စု၏ အာကာသသမိုင်းအတွက် အရေးကြီးသောနေ့ဖြစ်သကဲ့သို့ ဝေယံ့ အတွက်လည်း အရေးကြီးသောနေ့ဖြစ်သည်။ ဝေယံ ကိုယ်တိုင် တည်ဆောက်ခဲ့သော အာကာသ လေ့လာရေး ယာဉ်ကလေးသည် ယနေ့လွှတ်တင်မည့် ဒုံးပျံယာဉ်နှင့်အတူလိုက်ပါသွားတော့မည်။ ထိုယာဉ်ကလေး၏ ပုံစံငယ်ကို ဝေယံ့ဆရာက ဒီဇိုင်းဆွဲခဲ့ပြီး လက်တွေ့တည်ဆောက်ရေးကတော့ ဝေယံ က တာဝန်ယူခဲ့ရပါသည်။ အလျားအနံအားဖြင့် သေးငယ်သော ထိုယာဉ်ပျံလေးသည် ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်တို့အတွက် လိုအပ်သော သတင်းအချက်အလက်များကို ပေးပို့ရန် အာကာသထဲသို့ ခရီးနှင် ရတော့မည်။

အလာစကာပြည်နယ်ရှိ အာကာသယာဉ်လွှတ်တင်ရေးဌာနသို့ ကိုယ်တိုင်လာကြည့်ကြသော လူထုလည်း ရှိနေသည်။ ဝေယံသိပါသည်၊ ထိုလူထုထဲရှိတစ်နေရာတွင် ချမ်းငြိမ်းအေးဟန်ရှိနေလိမ့်မည်။ ဝေယံ့မှာ နာရီတကြည့်ကြည့်ဖြင့် ပဲ့ထိန်းစင်ပေါ်မှာနေရာယူထားရ၏။ အနှစ်နှစ်အလလ အပင်ပန်းခံခဲ့သော အိပ်မက်က ယနေ့တော့ လက်တွေ့ဖြစ်ပေါ်လာတော့မည်။ ပဲ့ထိန်းစင်ပေါ်မှနေ၍ ရေကန်တစ်ဖက်ကမ်းရှိ လူအုပ်ကိုလှမ်းကြည့်မိသည်။ အလာစကာမှာက ရာသီဥတုအေးရသည့်အထဲ ရေကန်ဘေးတွင်ဆိုတော့ တော်တော်ချမ်းမည်ဟု တွက်မိ၏။ မတတ်နိုင်။ အချိန်အနည်းငယ်သာစောင့်ရတော့မည်။

လွှတ်တင်ရေးကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသော ချန်နယ်များလည်းရှိသည်။ အင်တာနက်မှနေ၍ လည်း တိုက်ရိုက်ကြည့်ရှုရန် NASA ကစီစဉ်ပေးထားသည်။ သိပ်မကြာမီကပင် အနိတာတို့ကို ထို link ပို့ ထားပေးပြီးပြီ။ ဝေယံ စိတ်လှုပ်ရှားနေသည်မှာ နေ၍ပင်မရ။

“၁၀.. ၉.. ၈.. ၇.. ၆.. ၅.. ၄.. ၃… ၂… ၁…Launch”

အာကာသယာဉ်မှူးများလိုက်ပါခြင်းမရှိဘဲ စက်ကိရိယာများနှင့် ဂြိုဟ်ဆင်းယာဉ်များသာ ပါဝင်သော ဒုံးပျံ ယာဉ်သည် ပဲ့ထိန်းစင်မှနေ၍ မီးတောက်ကာ အရှိန်အဟုန်ဖြင့် ကောင်းကင်သို့ ထိုးထွင်းထွက်ခွာသွား၏။

ဝေယံ မျက်လုံးတွေပါပြာသွားသည်။ အားလုံး၏ ချီးကျူးမှုကိုလည်း သူမမြင်တော့။ မကြားတော့။ လူအုပ် ကြီးထဲမှ အမေရိကန်အလံများကိုလည်း မမြင်တော့။

ဝေယံသိသည်က တစ်ခုသာ..။ ချမ်းငြိမ်းအေးဟန်။ ဝေယံ့အတွက် ပြင်းပြင်းပြပြလိုအပ်နေသည်က ချမ်းငြိမ်းအေးဟန်။

ဝေယံ ပြေးသည်။ လည်ဆွဲကတ်ကိုလည်း ဘယ်မှာချွတ်ခဲ့မိမှန်းပင်မသိတော့။ ဝေယံသည် ဖြစ်နိုင်လျှင် ကြားထဲရှိ ရေကန်ကြီးကိုပင် လက်ပစ်ကူးလိုက်ချင်သေးသည်။ ယခုတော့ ရေကန်ကိုပတ်၍ ကားတစ်စီး ကို မောင်းခိုင်းကာ လူအုပ်အနားသို့ပြေးသွားမိသည်။ ဘယ်သူတွေဘာတွေပြောနေပြီလဲ ဝေယံမသိ။ ကြားနိုင်စွမ်းလည်းမရှိ။

ကောင်းကင်ကိုမော့ကြည့်နေကြသည့် လူအုပ်ကြီးကတော့ သူတို့အနီးသို့ NASA ဝတ်စုံဖြင့်လူတစ်ယောက် အနားကပ်လာသည်ကို ဆန်းသည်ဟုထင်မည်မဟုတ်။ ဝေယံကလည်းဂရုမစိုက်။ ရှာစရာရှိသည့်လူကို ရှာ သည်။ မင်း ဘယ်မှာလဲ ချမ်းငြိမ်း။

“ဝေယံ”

ဆူညံမှုတွေကြားထဲမှ ထိုအသံရှင်ကို ဝေယံ ရှာနိုင်ပါသည်။ ချမ်းငြိမ်းက အေးဆေးတည်ငြိမ်စွာပင် ရပ်နေခဲ့၏။ ထုံးစံအတိုင်း လည်စည်းပုဝါနှင့် ကုတ်အင်္ကျီရှည်နှင့်။ ဝေယံ ခြေတွေပင်မခိုင်ချင်တော့။ ထို ပုံရိပ်ထံသို့ အပြေးသွားခဲ့မိသည်။ ဝေယံကပဲ တိုးဝင်လိုက်သလား ချမ်းငြိမ်းကပဲ ပြေးပွေ့လိုက်သည်လား မသဲကွဲ။ သေချာသည်ကတော့ ဝေယံသည် ချမ်းငြိမ်း၏ ကုတ်အင်္ကျီရှည်ကြီးအောက်တွင် နွေးထွေးလုံခြုံ စွာ ရှိနေသည်။

“ကိုယ့်ဝေယံ … မင်းကိုယ့်ကိုနားလည်ပြီလား”

“ငါ့ကို.. ခွင့်လွှတ်ပါ ချမ်းငြိမ်း”

“ကိုယ့်ဘဝမှာ မင်းပဲရှိပြီး မင်းတစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးသွားမှာ ဝေယံ၊ ကိုယ့်တစ်ဘဝစာ အတွက် မင်းပါပဲ”

“ငါမင်းကို ထပ်ပြီးလက်မလွှတ်တော့ဘူးနော်”

“ကိုယ်လည်း နောက်တခါ ဘယ်တော့မှအဝေးမခံဘူး။ မင်း ကိုယ့်ကိုလက်ခံမှာလား”

ချမ်းငြိမ်းက ဖက်ထားရာမှနေ၍ လက်စွပ်တစ်ကွင်းထုတ်ပေးလာတော့ ဝေယံ အံ့သြခြင်းများဖြင့် ငေးကြည့်နေမိ၏။ ဒီလူသားဟာ ဝေယံ့ကိုချစ်ပေးနိုင်မှုမှာ နည်းနည်းလေးမှ ပျက်ကွက်တာမရှိပါလား။

“အဲဒီအဖြေကို မင်းသိပါတယ်”

“ကိုယ်ကြားချင်သေးတယ်”

“ငါ့တစ်ဘဝလုံးစာအတူတူရှိနေချင်တဲ့သူက မင်းပဲ ချမ်းငြိမ်း”

ထို့နောက် ချမ်းငြိမ်းက ဝေယံ့ကို ပွေ့ဖက်ကာ ဝေယံက အနမ်းတွေစတင်ခဲ့သည်လား မပြောတတ်တော့။ လူအုပ်ကြီးထံမှ လက်ခုပ်သံများထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်အတွက်တော့မဟုတ်ပါပေ။ ကောင်းကင်ပေါ်ရှိ ဒုံးပျံယာဉ်က မြင်ကွင်းမှ ပျောက်ကွယ်သွားပြီဖြစ်သောကြောင့်ပင်။

ဝေယံခ၏ လေ့လာရေးယာဉ်ကလေးသည် အလင်းနှစ်များအဝေးကို ခရီးဆက်ကာ လူသားများအတွက် အကျိုးပြုပေဦးမည်။ ဝေယံ့နှလုံးသားကတော့ နားခိုရာရှာတွေ့ခဲ့ပါပြီ။

ချမ်းငြိမ်းအေးဟန်ဆိုသည့် အိမ်ကလေးထံတွင် ဝေယံ့နှလုံးသားက ထပ်တူကျခဲ့ပြီ။

-====================================================

ကမ္ဘာတစ်ဖက်ခြမ်းရှိ ပူလောင်အိုက်စပ်သော ရာသီဥတုအောက်တွင် ကွန်ပျူတာလေးထဲမှနေ၍ အာကာသယာဉ် လွှတ်တင်သည့်အစီအစဉ်ကို ကြည့်နေသော လူတစ်ယောက်ရှိနေခဲ့ပါသည်။ လည်ပင်း ထက်ရှိ ကြာပန်းဘယက်လေးနှင့် ကြည်သာ့ကို ကလေးများက ဆရာမ ဟု တလေးတစားခေါ်ကြသည်။


“ချစ်ခြင်းမေတ္တာဟာ ဘဝပေါင်းများစွာဆောက်တည်ယူလာရတဲ့ ရေစက်ကြောင့်တဲ့။ သေးငယ်တဲ့ ဖြစ်တည်မှုနဲ့ လူသားတစ်ယောက်က ဘယ်လိုသတ္တိနဲ့ ဘဝပေါင်းများစွာရဲ့ရေစက်ကိုလွန်ဆန်နိုင်မလဲ။ ဒါဟာ အမှားဆိုရင်တော့ စကြဝဠာဟာ မတရားမှုတွေပြည့်နေတဲ့နေရာလို့ ကိုယ်စွပ်စွဲမယ်”

ကြည်သာသည် ကွန်ပျူတာကိုပိတ်လိုက်ကာ ကလေးများထံသို့ ပြုံးရင်းထွက်လာဖြစ်သည်။ မျက်ရည်တစ်စက် လက်ခနဲဖြစ်သွားသည်ကိုတော့ ကွန်ပျူတာလေးသာသိလိုက်ပါသည်လေ။

ကိုကိုရေ.. ပျော်ရွှင်ပါနော်။

-============================================

ပြီး။

Mon Shwe Yee

6.6.2023


Leave a comment