
အရုဏ်မတက်ခင်မှာကို မိုးကတဖျောက်ဖျောက်ကျနေပြီ။ မိုးရာသီဆိုသော်လည်း ယနေ့ စိတ်အခြေအနေ နှင့်တော့ မိုးရွာခြင်းကိုလည်း အပြစ်မြင်နေရ၏။
“မိုးက ရွာမှာလား၊မရွာဘူးလား မသိဘူး။ အခုတော့ မိုးဖွဲလေးပဲ။ တူမကြီး.. ထီးပါရဲ့လား”
“ဟုတ်ကဲ့”
တကယ်က ကြည်သာ့မှာ ထီးမပါလာပါ။ သို့သော် အငှားကားဆရာဦးလေးကြီးကို စိတ်မပူစေချင်၍ အလွယ်သာဖြေလိုက်မိသည်။
“အေးကွယ်။ ဒါပေမဲ့ နေဦး၊ ဦးလေး အမိုးတန်းနားရောက်အောင်ရပ်ပေးမယ်”
“ရတယ် ဦးလေး။ သမီး ဒီကနေပဲလမ်းလျှောက်သွားတော့မယ်။ ရှာရမယ့်သူလည်းရှိသေးလို့”
တစ်ထောင်တန်လေးများထုတ်ပေးတော့ ဦးလေးကြီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍
“ဪ။ အေးပါကွယ်။ ဒါဆိုလည်း တူမကြီးရေ.. ဘဝခရီးလမ်းအစစချောမွေ့ပါစေ။ ဦးလေးကတော့ တူမကြီးအတွက် သိပ်ဂုဏ်ယူတယ်။ ဒီပိုက်ဆံကိုလည်း ကုသိုလ်လုပ်ဖို့ထဲထည့်မယ်နော်”
“ကျေးဇူးတင်ပါတယ်ရှင်”
အငှားကားလေးက လူအုပ်နှင့် ကားများကြားထဲ တဖြည်းဖြည်း ဘီးလှိမ့်ပျောက်ကွယ်သွားသည်ကို ကြည်သာ ငေးကြည့်နေမိ၏။ ထပ်တွေ့စရာမရှိသော သူစိမ်းတစ်ယောက်အနေဖြင့် ကားဆရာသည် အတော်ဖော်ရွေပြီး စကားပြော၍ကောင်းပါသည်။ ကြည်သာ သာ စိတ်မကောင်းဖြစ်မနေလျှင် ထိုကား ဆရာကို စကားဖောင်ဖွဲ့ပြောနေမိမည်။ ပြန်တွေးကြည့်တော့ ညသန်းခေါင်ကတည်းက ယခု နံနက် လေး နာရီထိ တွေ့ဆုံခဲ့ရသမျှ လူဒါဇင်များစွာထဲ “ဆေးကျောင်းတက်မှာပေါ့” ဟုမမေးသော ပထမဆုံးလူဖြစ်ခဲ့ ခြင်းအတွက် ကားဆရာကို ထိုထက်မက ကျေးဇူးတင်ခဲ့သင့်သည်။ ကြည်သာ သက်ပြင်းချလိုက်ပြီး ဖြည်း ဖြည်းချင်း ကျောင်းကြော်ငြာဘုတ်ထံလျှောက်လာခဲ့၏။
လမ်းတစ်လျှောက်မှာက မိသားစုများ၊ သူငယ်ချင်းများနှင့် အုပ်စုလိုက် စကားပြောနေကြသည့်မြင်ကွင်းကိုဖြတ်ကျော်ခဲ့ရသည်။ ဂုဏ်ယူနေသူ၊ ပျော်နေသူ၊ ငိုနေသူ၊ ကြိတ်မနိုင်ခဲမရဖြစ်သူနှင့် နှစ်သိမ့်ပေးနေသူ…။ ဘဝရဲ့အဆုံးအဖြတ် အချိုးအကွေ့တစ်ခုကို လာကြည့်ကြရသူတွေမဟုတ်လား။ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဆိုသည်က နှစ်တိုင်းဒီလိုပဲ ဟု ကားဆရာကပြောသွားသေးသည်။ လူသံ၊ ဆိုင်ကယ်သံ၊ မုန့် ရောင်းသည့် ဈေးဆိုင်တို့မှအသံ၊ စကားသံတို့ကို ဖြတ်လာပြီး လူအုပ်ထဲ တစ်ယောက်သောသူကိုလိုက်ရှာ မိသည်။ မည်မျှပင် အောင်စာရင်းကြည့်သောလူအုပ်ရှိသည်ဆိုဆို ဤကျောင်းက ကြည်သာ လာခဲ့သော ကျောင်းလောက် လူမများပါ။ ထို့ပြင် ကြည်သာရှာနေသောလူကို ချက်ချင်းရှာတွေ့နိုင်မည်ဟု ယုံကြည် ချက်ရှိသဖြင့် မျက်လုံးဝေ့ရှာနေမိသည်။
တွေ့မယ့်တွေ့တော့လည်း လူအုပ်ကြားမှာမရှိ။ အောင်စာရင်းကပ်ထားသော ကျောင်းတံခါးဝဘေးရှိ အဆောင်လေးအောက်တွင် ဆရာမတစ်ယောက်နှင့် မတ်တပ်ရပ်စကားပြောနေသည်ကို တွေ့လိုက်ရ၏။ ဘေးတွင်လည်း ချမ်းငြိမ်း သူငယ်ချင်းများဖြစ်ဟန်တူသော နှစ်ယောက်ကို တွေ့လိုက်ရသည်။ ချမ်းငြိမ်း ဟာ အမြဲတမ်း အဲဒီလိုပဲ။ မတ်တပ်ရပ်နေခြင်းတူလျှင်ပင် ချမ်းငြိမ်း ရပ်နေပုံက ရိုကျိုးမှုပါသည်။ ကြည့်နေ ရင်းမှာပင် ချမ်းငြိမ်း သူငယ်ချင်းနှစ်ယောက်က တခြားဆရာမတစ်ယောက် ခေါ်၍လိုက်သွားပြီး ချမ်းငြိမ်း ပဲ ဆရာမနှင့်ကျန်ခဲ့၏။ ကြည်သာ သွားလိုက်သင့်လားဟု တွေးနေစဉ်မှာပင် ချမ်းငြိမ်းက ပုဆစ်တုပ်ထိုင် ပြီး ဆရာမခြေဖမိုးကိုထိ၍ ကန်တော့လိုက်သဖြင့် ခြေလှမ်းတို့တံ့သွားရသည်။ ချမ်းငြိမ်းက မေမေ့ကိုပင် ဤသို့ကန်တော့ရဲ့လား။ ဘယ်လောက်ပင် လေးစားပါစေ၊ သံမံတလင်းမှာ ထိုင်ကန်တော့နိုင်သည်လား။
ဆရာမကတော့ မျက်ရည်စများဖြင့် ဆုတွေတသီကြီးပေးရှာသည်။ ချမ်းငြိမ်းကို လက်နှစ်ဖက်မှနေ၍ ထူ ကာ မတ်တပ်ရပ်စေသည်။ ချမ်းငြိမ်း မျက်နှာကတော့ ပြောင်းလဲခြင်းမရှိပါ။
“ချမ်းငြိမ်းအေးဟန် ကိုစာသင်ခွင့်ရခဲ့တာ တီချယ် အရမ်းကံကောင်းတာပဲ”
“အဲဒီလိုမပြောပါနဲ့ခင်ဗျာ ကျွန်တော်ကမှ ကျေးဇူးတင်ရမှာပါ”
“အေး အေး၊ သူငယ်ချင်းတွေနဲ့ သွားတွေ့ဦး။ မိသားစုကိုလည်း ပြောဦးလေ။ သားက ထိန်းနိုင်ပေမဲ့ ထပ်မှာ ဦးမယ်။ အပျော်လွန်လို့ အပျက်ဖြစ်တတ်တဲ့နေ့မှာ သတိထားနော်”
“ကျွန်တော် မှတ်သားထားပါ့မယ်”
ဆရာမက မျက်ရည်စများကို လက်ကိုင်ပုဝါဖြင့်သုတ်၍ အဆောင်တွင်းဝင်သွားသည်။ ချမ်းငြိမ်းက ထို တော့မှ ကြည်သာ့ကို မြင်သွားဟန်ရှိပြီး အရှေ့သို့လျှောက်လာ၏။
“ဘယ်လိုရောက်လာတာလဲ ကြည်သာ”
“ကိုကို.. နင့်အောင်စာရင်းကဘယ်လိုလဲ”
ချမ်းငြိမ်းက မိုးရွာထဲရပ်မနေစေချင်၍ထင်၊ ခုနက ဆရာမရှိနေသော အဆောင်သို့ခေါ်လာသည်။ လက်ဆွဲ ခြင်းလည်းမရှိ၊ နှုတ်မှလည်းမပြောဘဲ ချမ်းငြိမ်းက ထိုသို့လုပ်တတ်သည်။
“မှန်းထားတဲ့အတိုင်းဖြစ်ပါတယ်”
“ဂုဏ်ထူးကရော”
“မြန်မာစာနဲ့ အင်္ဂလိပ်စာပါတယ်”
ဂုဏ်ထူး နှစ်ခု။ ချမ်းငြိမ်း မျက်နှာကို ကြည်သာ စိုက်ကြည့်နေမိသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာပဲ ဂုဏ်ထူး ပါသည့် ချမ်းငြိမ်းကို စာသင်ပေးရ၍ ကံကောင်းသည်ဟု ဆရာမများက ပြောနေချိန်တွင် ဘာသာစုံနီးပါး အမှတ်ပြည့်ရသည့် ကြည်သာ့ကို ဆရာမများက အားမလိုအားမရဖြစ်နေခဲ့၏။ ကြည်သာ ရင်ထဲမွန်းကျပ် သည်။
“မေမေတို့ကို ပြောလိုက်ဦးလေ…”
“အိမ်ရောက်မှပြောမလို့ပဲ။ ဒါပေမဲ့ ခုနက ဒေါ်အေးစိန်နဲ့တွေ့လိုက်တယ်။ အခုလောက်ဆို တစ်ရပ်ကွက် လုံးလည်း တစ်ကျောင်းလုံးစာသိလောက်ပါပြီ”
ချမ်းငြိမ်းအသံက အနည်းငယ်ရယ်မြူးရိပ်တို့ပါလာသဖြင့် သူလိုက်ပြုံးမိသည်။
“ချမ်းငြိမ်းရေ.. ဪ.. သူငယ်ချင်းရောက်နေတာလား”
ချမ်းငြိမ်းဘေးတွင် ရှိနေခဲ့သော သူငယ်ချင်းနှစ်ယောက်ပြန်ရောက်လာခြင်းပင်။ မျက်မှန်နှင့် အရပ်မြင့်မြင့် တစ်ယောက်ရော၊ ပိန်ပိန်နှင့်တစ်ယောက်ရောက ကြည်သာ့ကို ပကတိပြုံးပြကြသည်။ ပကတိ…။ ချမ်းငြိမ်းက ကြည်သာ့အကြောင်းမပြောထားဘူးဆိုလျှင် မည်သို့သောသူငယ်ချင်းဖြစ်ပါစေ၊ စ နောက်နေ ကြမည်ထင်၏။ သို့သော် ထိုနှစ်ယောက်ကတော့ အေးအေးဆေးဆေးပင်။
“ချမ်းငြိမ်းညီမ ကြည်သာအေးမြ ပါ”
ကြည်သာကပဲ မိတ်ဆက်ပေးတော့ ဟိုနှစ်ယောက်က အနည်းငယ် အံ့သြပုံရသော်လည်း လူမှုရေးသိတတ် ကြပါသည်။
“ဪ.. ညီမလေးကိုး။ အစ်ကိုတို့က ကျော်ဇော နဲ့ သုခပါ”
“ညီမလေးမဟုတ်ပါဘူး။ ငါတို့ကရွယ်တူတွေပဲ။ ငါလည်း… အခုပဲ အောင်စာရင်းထွက်တာ”
“အမြွှာတွေ”
ချမ်းငြိမ်းက ထိုမျှသာဝင်ပြောသည်။
“ဟာ ဟုတ်လား။ ချမ်းငြိမ်းအေးဟန်မှာ အမြွှာညီမရှိတာ အခုမှသိတော့တယ်။ ချမ်းငြိမ်း ငါတို့ ဆရာ ညို ဆီသွားမလို့။ ကြည်သာရောက်လာတော့ နောက်နေ့မှသွားမလား”
သူတို့မှာအစီအစဉ်တွေရှိနေသဖြင့် ကြည်သာ စိတ်ညစ်သွားမိသည်။ ဤအချိန်တွင် ချမ်းငြိမ်းနှင့်ပဲရှိချင် သည်။ ကျော်ဇောတို့က မည်သို့ပင် အလိုက်သိပါစေ၊ ချမ်းငြိမ်းက ထိုသို့အစီအစဉ်ဖျက်မည်မဟုတ်။ သို့သော် သူ့စိတ်ကို ချမ်းငြိမ်းက ဖောက်ထွင်းသိပုံရပါသည်။
“နောက်နေ့မှသွားတော့မယ်။ ကိုယ် ကြည်သာ့ကို ပြန်လိုက်ပို့ချင်လို့။ အောင်စိုး အိမ်ကိုတော့ ညနေမှ လိုက်လာခဲ့မယ်”
“အင်း အင်း။ ဟုတ်ပြီ။ ဒါဆို ငါတို့သွားပြီနော်။ ကြည်သာရောနော်”
ကျော်ဇောနှင့် သုခက စကားတပြောပြောနှင့်ထွက်သွား၏။ သူတို့က ကြည်သာ့ကို အောင်စာရင်း အကြောင်း ဘာလို့မမေးတာလဲ ဟု စိတ်ထဲတထင့်ထင့်ဖြစ်နေမိသည်။ ကြည်သာ မျက်နှာမကောင်းတာကို စာမေးပွဲကျတယ်လို့များ ထင်နေတာလား။
“ကိုကို.. သူတို့က ငါ့ကို စာမေးပွဲကျတယ်ထင်နေတာလား”
ချမ်းငြိမ်းက သဘောကျသွားဟန်ဖြင့်ရယ်သည်။
“ကြည်သာ မပြောဘဲ သူတို့ဘယ်မေးမလဲ”
“ဒါဆိုလည်း နင်က ပြောလိုက်သင့်တာပေါ့ ကိုကို။ ငါ ဘာသာစုံဂုဏ်ထူးရတာကို”
“ကြည်သာ အဆင်မပြေဖြစ်မှာစိုးလို့ပါ။ မေမေတို့မပါဘူးထင်တယ်။ တစ်ယောက်တည်း ကားငှားလာ တာလား”
“ငါ အဲဒီကျောင်းနဲ့ အဲဒီလူတွေနားဆက်နေရင် ရူးသွားမယ်ထင်တယ်။ ဖုန်းလည်းပိတ်ထားလိုက်တယ်”
ချမ်းငြိမ်းက ဘာမှမပြောဘဲ ကြည်သာ့ကို ငုံ့ကြည့်နေသည်။ ချမ်းငြိမ်းက အားကစားမလုပ်ပါဘဲ အရပ်မြင့် သည့်ထဲပါတာ အားကျဖို့တော့ကောင်း၏။
“အာ.. ဖုန်း။ နင် အိမ်ကိုဆက်လိုက်လေ ကိုကို”
လက်ထဲမှ ဖုန်းကို ချမ်းငြိမ်းလက်ထဲထိုးပေးလိုက်တော့ ချမ်းငြိမ်းက လှမ်းယူကာ ဖုန်းဆက်လိုက်သည်။
“ဟုတ်ကဲ့။ အန်တီ.. ကျွန်တော်ချမ်းငြိမ်းပါ။ ဟုတ်ကဲ့၊ 2D ပါ။ မြန်မာနဲ့ အင်္ဂလိပ်စာပါပဲဗျ။ ဟုတ်ကဲ့။ မေမေ့ ကိုပြောပေးပါဦး။ ပြီးတော့ ကျွန်တော် ညီမလေးနဲ့ အပြင်ခဏသွားပြီးမှ ပြန်လာခဲ့ပါမယ်ခင်ဗျ။ ကြည်သာ လား၊ အဆင်ပြေပါတယ်။ ကျွန်တော်ရှိမှာပဲ အန်တီ။ ဟုတ်ကဲ့ဗျ။ ဒါဆိုရင် မနက်စာလည်း ကျွန်တော်တို့ အပြင်မှာပဲစားခဲ့ပါမယ်”
ဖုန်းပြောပြီးတော့ ချမ်းငြိမ်းက ဖုန်းပြန်ပေးသည်။ ကြည်သာ ကျေနပ်စိတ်ဖြင့် နှုတ်ခမ်းတို့တွန့်ပြုံးမိ၏။
ချမ်းငြိမ်းကို သူမပြောပေမဲ့ အကုန်နားလည်နိုင်သူပဲ။ ဒီလိုအစ်ကိုမျိုးရထားတာ ကံကောင်းသားပါပဲ။
“ကိုကို.. နင် ဒီတခါတော့ ဖုန်းဝယ်တော့ဟာ။ နင့်ကိုအရေးနဲ့ အကြောင်းနဲ့ဆို ဘယ်လိုဆက်သွယ်ရမလဲ။ ငါ ဝယ်ပေးရမလား”
“အင်း၊ ဝယ်မယ်လို့စဉ်းစားထားပါတယ်။ ဖုန်းတစ်လုံးလောက်တော့လိုပြီလေ။ ကျူရှင်က မြန်မာစာဆရာ က ဖုန်းလိုင်းလျှောက်ပေးမယ်ပြောတယ်။ ဟန်းဆက်ပဲဝယ်စရာလိုတယ်”
ချမ်းငြိမ်းက ဘာမှမဖြစ်သလိုပြောနေသော်လည်း ကြည်သာ ရှက်ရွံ့သွားမိသည်။ ကြည်သာ့ထက် မိနစ် ပိုင်းကြီးသော ချမ်းငြိမ်းဟာ ကြည်သာဖုန်းရသည်ထက် နှစ်နှစ်နီးပါးနောက်ကျသည်ကိုလည်း အထွန့် မတက်နေပါ။ မိန်းကလေးလည်းဖြစ်၊ ကျူရှင်အသွားအပြန်အတွက်နှင့် ကျောင်းတွင်ပါ အဆင်ပြေစေရန် မေမေက ကြည်သာ့ကို ဈေးကြီးသော ဖုန်းလိုင်းလျှောက်ပေးပြီးဝယ်ပေးခဲ့သည်။
“သားကြီးကတော့ နောက်မှပဲယူတော့။ ယောက်ျားလေးပဲဟာ။ ညီမလေးက လိုအပ်တယ်”
“ဟုတ်ကဲ့”
ကြည်သာ့ကို ထိုသို့ “သမီးတော့နောက်မှယူ။ သားကိုဦးစားပေးမယ်” ဟုလာပြောလျှင် ကြည်သာ မခံနိုင် လောက်။ သို့သော် ချမ်းငြိမ်းအေးဟန် ဆိုသည့် လူက လူထူးဆန်း။
“ဒီမှာခဏစောင့်နေ။ ထီးသွားငှားဦးမယ်”
“ဘယ်သူ့ဆီကလဲ”
“ကျောင်းအစောင့်ဆီက”
“ထီးမဆောင်းချင်ဘူး။ မိုးကလည်း ဘာမှမရွာနေပါဘူး ကိုကိုရာ။ ငါအခု ကျောင်းတွေနားမှာ နည်းနည်းမှ မနေချင်ဘူး။ ငါဘာဖြစ်သလဲဆိုတာကို နင်နားထောင်ပေးမှဖြစ်မယ်”
“အင်း။ ဒါဆို ကားသွားငှားလိုက်မယ်”
ချမ်းငြိမ်း လက်ကိုဆွဲထားမိ၏။
“ဟင့်အင်း။ လမ်းလျှောက်ချင်တယ်။ နင်သွားချင်တဲ့နေရာသွား။ ငါလမ်းပဲလျှောက်မယ်”
“ပြီးတာပဲလေ”
မိုးဖွဲဖွဲကျနေသော လမ်းမထက်မှာ သူတို့နှစ်ယောက် ထီးမပါဘာမပါနှင့် လျှောက်လာဖြစ်ကြသည်။ မိုးက ရွာမှာဖြင့်မရွာဘူးဟု ကြည်သာ ရေရွတ်မိတော့ ချမ်းငြိမ်းက ဒီတိုင်းပဲကောင်းပါတယ် ဟုပြော၏။
“ကိုကို.. ငါ့ထက်အမှတ်များတဲ့သူရှိတယ်”
ချမ်းငြိမ်း ခြေလှမ်းတွေရပ်သွားပြီး ကြည်သာ့ဘက်လှည့်ကြည့်သည်။ ဤစကားကိုပြောဖို့ ချမ်းငြိမ်းကိုပင် အတော်အချိန်ယူလိုက်ရတာပါလား။ မီးတိုင်အောက်မှာ ကြည်သာ မျက်နှာမဖော်ရဲ။
“ငါ.. ငါ့ထက် တစ်မှတ်များတာတဲ့ ကိုကို။ နင်စဉ်းစားကြည့်။ အဲဒါဖြစ်နိုင်ရဲ့လား။ ငါ့အမှတ်ပေါင်းက ၅၆၇ နော်။ မြန်မာစာနဲ့ အင်္ဂလိပ်စာကို ၈၄ မှတ်ဆိုတာ ဘယ်သူရမှာလဲ။ နောက် ၄ ဘာသာကလည်း အမှတ် ပြည့် solid ပဲ။ ဒါပေမဲ့.. အဲဒီတစ်ယောက်က ၅၆၈ နှင့် မြန်မာတစ်နိုင်ငံလုံး ပထမတဲ့။ ပြီးတော့ သူက ငါ့ ကျောင်းကမဟုတ်ဘူး။ ငါ .. ငါ တော်တော်..”
ကြည်သာ ဆက်မပြောနိုင်တော့ဘဲ လမ်းမပေါ်မှာဆောင့်ကြောင့်ထိုင်ငိုနေမိသည်။ ငိုရင်းငိုရင်း အသံက ကျယ်လာသည်။ ကြည်သာ့ဘဝ၏ နှစ်ရှည်လများ ရည်မှန်းချက်က တစ်မှတ်ဆိုသောအတိုင်းအတာနှင့် ပျက်စီးခဲ့ရပြီ။
“ရနိုင်တဲ့အမြင့်ဆုံးအတိုင်းအတာထိ ငါလုပ်ခဲ့တာတောင် အဲဒီလူက တစ်မှတ်ပိုမြင့်တယ်တဲ့။ ကိုကို.. နင် စဉ်းစားကြည့်။ အဲဒါ ငါ့ကို မိန်းကလေးမို့လို့ ပိုမပေးတာလား။ ငါ မကျေနပ်ဘူး။ သူ ငါ့ထက် အမှတ်များ တာက မြန်မာစာတို့လို အမှတ်ပြည့်မပေးတဲ့ဘာသာရပ်တွေမှာပဲဖြစ်မှာ။ မေမေနဲ့ ဆရာမတွေကတော့ စာစစ်ဌာနကို မေးမယ်တဲ့။ ဒါပေမဲ့ အဲဒါက ပိုရှက်ဖို့ကောင်းမနေဘူးလား”
“ကြည်သာ… ညီမလေး”
ချမ်းငြိမ်းက သူ့ဘေးကို ငုံ့၍ ပုခုံးကို ဖွဖွလေးညှစ်ပေးသည်။
“ကြည်သာအေးမြ ဆိုတဲ့ ကိုယ့်ညီမလေးက ဘာသာစုံအမှတ်ပြည့်ရခဲ့တာပဲလေ။ အဲဒါက ကြည်သာ့ အတွက်ရော၊ ကြည်သာ့ ကျောင်းအတွက်ရော၊ မေမေ့အတွက်ရော လုံလောက်သင့်ပါတယ်။ ပင်ပန်းသွား ပြီ ကြည်သာ။ အကောင်းဆုံးလုပ်ခဲ့တဲ့ ကိုယ့်ညီမလေးအတွက် ဂုဏ်ယူပါတယ်။ ကြည်သာ တော်တယ်”
ထိုသို့နှစ်သိမ့်တော့မှ ပိုငိုချင်လာသဖြင့် ချမ်းငြိမ်းကို အတင်းဖက်ငိုမိတော့သည်။ ကြည်သာ့ ရင်ထဲမှ မျိုသိပ်ထားသမျှ ယခုမှ အကုန်ထွက်ကျလာတော့သည် ထင်၏။ မိုးပေါက်ဖွဲဖွဲလေးအောက်မှာ ချမ်းငြိမ်း ကိုယ်က နွေးထွေးလိုက်တာ။
“ကိုကို.. ငါသိတယ်။ နင်ပဲ အဲဒီလိုပြောပေးမှာ။ ငါ အောင်စာရင်းသိရတာနဲ့ လူတိုင်းက ငါ့ကို တစ်မှတ်လေး ပဲပိုရလိုက်ပါလားလို့ ပြောနေကြချိန်မှာ နင်ကတော့ ငါ့ကို တော်တယ်လို့ပြောပေးခဲ့တယ်။ ငါလိုအပ်တာ ဘာလဲ နင်ပဲသိတယ်။ ငါလေ.. နင့်ကိုတောင်းပန်တယ် ကိုကို။ ငါ့ကြောင့်နဲ့ နင့်မှာ အများကြီး ဒုက္ခရောက် ခဲ့ရပေမဲ့ နင်က ငါ့အတွက် အကောင်းဆုံးပဲ”
ချမ်းငြိမ်းက ကြည်သာ့ကျောကို သာသာလေးပွတ်ပေးသည်။
“ကြည်သာ၊ ကိုယ့်အမှားမဟုတ်တာတွေအတွက် တာဝန်ယူစရာမလိုဘူး။ ချမ်းငြိမ်းအေးဟန် ဘဝအတွက် ရော၊ မြန်မာတစ်နိုင်ငံလုံး ဒုတိယဖြစ်တာရော.. အဲဒါက ကြည်သာ့အမှားမဟုတ်ဘူး”
“ငါလေ.. ကြည်သာလေ.. ကိုကို့ကိုအားနာလို့ ရူးတော့မှာ။ ကိုကို ကြည်သာ့ကိုမမုန်းဘူးလားဟင်”
“ကြည်သာ..။ အမြွှာဆိုတာကလေ… တစ်ယောက်စိတ်ကိုတစ်ယောက်သိကြတဲ့အထိ နီးကပ်တဲ့လူတွေ။ ကိုယ်တို့က မေမေ့ဗိုက်ထဲမှာကတည်းက တစ်ယောက်နဲ့တစ်ယောက် အရာအားလုံးဝေမျှခဲ့ကြတာ။ ကိုယ် တို့က တချို့အမြွှာတွေလိုတော့ တစ်ယောက်နာကျင်ရင် လိုက်နာကျင်တာမျိုးမရှိပေမဲ့ ကြည်သာ ပျော်ရင် ကိုယ်ပျော်တယ်။ ကိုယ့်အတွက်တော့ ကြည်သာအေးမြ ဆိုတဲ့ အမြွှာညီမ ရှိတာကိုပဲ ကျေးဇူးတင်တယ်”
လူမှန်းသိတတ်စကတည်းက ချမ်းငြိမ်းအေးဟန်က ကြည်သာအေးမြ ထက်ပိုပြီးအခွင့်ထူးရခဲ့သည်ဟူ၍ မရှိခဲ့ဖူးသော်လည်း ကြည်သာအေးမြ ကတော့ အရာရာပိုင်ဆိုင်နိုင်ခဲ့သည်။ တက်သည့် အထက်တန်း ကျောင်းပင် မတူခဲ့ပေ။ ကြည်သာ့ကို မေမေက သာမန်ကျောင်းမှနေ၍ နာမည်ကြီးကျောင်းသို့ ပိုက်ဆံ အကုန်အကျခံကာ ဝင်ခွင့်တောင်း၍ ထားခဲ့၏။ ကိုကိုကတော့ မူလတန်းတက်သောကျောင်းမှာပင် နေခဲ့ သည်။
“ငါ မပျော်ဘူး ကိုကို”
“အင်း။ တွေးကြည့်ရင်တော့… ကြက်ပေါင်းရည်နဲ့ ငှက်သိုက်သောက်စရာမလိုတော့ဘူးပေါ့။ ကြည်သာ မကြိုက်ဘူးမလား”
ငိုနေရာမှ အိခနဲတိတ်သွားပြီး ကြည်သာ မျက်စောင်းထိုးပစ်လိုက်တော့ ချမ်းငြိမ်းက ပြုံးပြီး ကြည်သာ့ကို မတ်တပ်ရပ်စေပါသည်။
“အဲဒီအရသာမကောင်းတာတွေကို မသောက်ချင်ပါနဲ့။ စားကောင်းတာ ဝယ်ကျွေးမယ်”
ကြည်သာ မရယ်ဘဲ မနေနိုင်တော့။ မျက်ရည်များကို တစ်ရှူးထုတ်သုတ်ရင်း ချမ်းငြိမ်းအတွက်လည်း တစ်ရှူးထုတ်ပေးလိုက်သည်။
“မိုးရေတွေနည်းနည်းပွတ်လိုက်ဦး”
အကြည့်က ချမ်းငြိမ်း ပုဆိုးအနက်ကွက်စိပ်လေးကို ရောက်သွားတော့ ကြည်သာ ထပ်ပြီးဆောင့်ကြောင့် ထိုင်ချမိပြန်သည်။
“ဘာလုပ်တာလဲ ကြည်သာ”
“ကိုကို့ပုဆိုးမှာ ဖုန်မှုန့်တွေပေနေတယ်။ ခုနက ကန်တော့တုန်းက ဖြစ်မယ်”
ကြည်သာက တစ်ရှူးနှင့်ဒူးနေရာကို ပွတ်ပေးတော့ ချမ်းငြိမ်းက ဖျတ်ခနဲဆွဲယူသည်။
“တော်တော့ ကြည်သာ။ မြင်မကောင်းဘူး။ သွားမယ်”
“ကိုကိုပဲ ကြည့်မကောင်းတာ”
“ဘာစားမလဲ။ ဆန်ပြုတ်သောက်မလား။ တရုတ်တန်းဘက်သွားမယ်လေ”
“ဟိုဟာ.. အခုချိန်ဆိုရင် ထမင်းကြော်ရောင်းသေးလား”
ချမ်းငြိမ်းက မျက်မှောင်ကျုံ့သွားပြီး နာရီကြည့်သည်။ ၅နာရီထိုးတော့မည်။
“ထမင်းကြော်က လက်ဖက်ရည်ဆိုင်တွေမှာရမယ်ထင်တယ်”
“အာ အဲဒီလိုမဟုတ်ဘူး။ ဟိုလေ.. ကိုကိုရာ.. ညဘက်ပဲဖွင့်တဲ့ ဟင်းနည်းနည်းနဲ့ ထမင်းကြော်ပဲရောင်း တဲ့ လမ်းဘေးဆိုင်လေးတွေရှိတယ်ဆို။ ကြည်သာ အဲဒါမစားဖူးဘူးလေ။ ဒီနေ့ အဲဒါ စားချင်လို့”
“ပိုကောင်းတာတွေရှိပါတယ်”
“နင်မခေါ်သွားလည်း တခြားသူတွေနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် သွားခိုးစားမယ်။ အဲဒါ ငါ ဆုံးဖြတ်ထားတာပဲ”
ချမ်းငြိမ်း တစ်ချက်မျက်နှာတည်သွားသည်။ ချမ်းငြိမ်းက မည်မျှ အေးဆေးနေတတ်သည်ဆိုဆို၊ အစ်ကို တစ်ယောက်ရဲ့စိတ်အပြည့်အဝရှိသည်ကို ကြည်သာယုံသည်။ နောက်ဆုံးတော့ ချမ်းငြိမ်းက ကြည်သာ့ကို ကျောင်းနားက လမ်းမကြီးရှိ ကားဂိတ်နားရောင်းသော ညဘက်ထမင်းကြော်ဆိုင်သို့ခေါ်သွားပေးပါသည်။
“ခါတိုင်းဆို ဆိုင်ကစောစောပိတ်တာ။ ဒီနေ့ကတော့ ဆယ်တန်းအောင်စာရင်းထွက်တော့ ပိုရောင်း ရမယ် ထင်လို့ ပိုပြင်ထားတာ”
ဆိုင်ရှင်အန်တီကြီးက ပြောပြောဆိုဆိုနှင့် ဒယ်အိုးထဲမှ ထမင်းကြော်ပူပူကို နှစ်ပန်းကန်ခွဲထည့်ပေး၏။
“ဘာဟင်းယူမလဲ သားတို့”
“ဟို.. ဝက်အချိုချက်စားချင်တယ်”
“ကျွန်တော့်ကို ကြက်ဥကြော်နဲ့ပေးပါခင်ဗျ”
အန်တီကြီးထည့်ပေးလာသော အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်နှစ်ပွဲကိုကြည့်၍ ကြည်သာ သွားရည်ကျနေမိသည်။ ဝက်သားအနှစ်နှင့် ငရုတ်သီးကြော်ပါတွဲဖက်စားလိုက်တော့ စိတ်ညစ် စရာ အကုန်မေ့သွားသလိုပင်။
“စားလို့ကောင်းလိုက်တာ ကိုကို။ ငါ ခဏခဏလာစားဖြစ်တော့မှာပဲ”
“ကြည်သာ.. တစ်ယောက်တည်းတော့မလာနဲ့”
“နင်ရှိတာပဲလေ ကိုကို။ နင်နဲ့သွားမှာပေါ့”
ချမ်းငြိမ်းက ကြက်ဥကြော်မှာထားသည့်တိုင် ကြက်ဥအနှစ်ကို သပ်ရပ်စွာဖယ်ထုတ်ပြီး ကြည်သာ့ထဲထည့် ပေးသည်။
“ငါ ဝက်သားရှိတယ်လေ။ နင့်ကြက်ဥတော့ နင့်ဟာနင်စားပါ ကိုကိုရယ်”
ချမ်းငြိမ်းက စကားပြန်မပြောဘဲ အရံဟင်းဖြစ်သော ချဉ်ပေါင်ကြော်နှင့် စားနေသည်။ တခါတရံ ချမ်းငြိမ်း ဘာတွေတွေးသနည်း သူသိချင်ပါသည်။
ချမ်းငြိမ်းပြောသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်စိတ်ချင်းဆက်သွယ်သော အမြွှာဖြစ်ရေးကို ကြည်သာ ရူးသွပ်ဖူးသည်။ ကြည်သာ့တစ်ကိုယ်တည်းဖြင့် ချမ်းငြိမ်းကို နားလည်နိုင်စွမ်းမရှိသောကြောင့် ပင်။ သို့သော်အိမ်မှလူများနှင့်က ပိုဆိုးသည်။ ကြည်သာကပဲ ချမ်းငြိမ်းအပေါ်နားအလည်နိုင်ဆုံးဖြစ်နေခဲ့ သည်လေ။
“အိုဗာတင်းသောက်ဦး”
ချမ်းငြိမ်းပြောလာသော စကားကြောင့် သူ သတိဝင်ပြီးကြည့်လိုက်တော့ စားပွဲခုံပုလေးမှာ အိုဗာတင်းတစ် ခွက်။ ကြည်သာက မနက်တိုင်း အိုဗာတင်း သို့မဟုတ် မိုင်လိုသောက်တတ်သည်ကို ချမ်းငြိမ်းက သတိရ ပေးသည်ပဲ။ ထမင်းကြော်ဆိုင်လေးမှာပင် ရအောင်မှာပေးသေးသည်။
“ငါ ကြက်ပေါင်းရည် မကြိုက်ပေမဲ့ အိုဗာတင်းတော့ ကြိုက်တယ် ကိုကို”
ကြည်သာ ဟာသပြောလိုက်သော်လည်း ချမ်းငြိမ်းကမရယ်ပါ။
“စိတ်ထဲ အရမ်းခံရခက်နေလား ကြည်သာ”
“ခုနကလောက်မဆိုးတော့ပါဘူး။ ဒါပေမဲ့ .. မနာလိုဘူး”
“ဖြစ်သင့်ပါတယ်။ ကြည်သာ.. တခါတလေမှာ တချို့ကိစ္စတွေက ကိုယ့်ဘက်က ရာနှုန်းပြည့်ရရင်တောင် မထင်ထားတဲ့ပြိုင်ဘက်က ကိုယ့်ထက် သုညဒဿမ တစ် လောက်ပိုရသွားတတ်တယ်။ ဒါပေမဲ့ အဲဒါက ကိုယ် ရှုံးတယ်လို့မဆိုလိုဘူးလေ။ ရာနှုန်းပြည့်ပေးတဲ့ ကိစ္စကို အပြည့်ရခဲ့ရင် ဒါက တော်တာထက်ကိုပိုနေ ပြီ။ သုညဒဿမ တစ် အတွက်နဲ့ ကိုယ့်ပျော်ရွှင်မှုကြီးပျက်စီးရတယ်ဆိုတာ ကိုယ့်အတွက်ရော ကိုယ့် ကြိုးစားမှုကိုရော မတရားရာကျတယ်”
“ကိုကို ပြောကြည့်။ အဲဒီကောင်က ဘာလို့ သုညဒဿမ တစ် ပိုသွားတာလဲ။ ဒါမတရားဘူးလေ”
“ဘာသာရေးအရဆိုရင်တော့ ကံ လို့ပြောရမယ်ထင်တယ်။ ကံကောင်းသွားတာ…။ ကြည်သာ့ ကံ၊ ဉာဏ်၊ ဝီရိယက အပြည့်ရှိတာ ကိုယ်သိတယ်။ သူကတော့ ကံ ပဲပိုသာနိုင်သွားတာဖြစ်ပါလိမ့်မယ်”
“ကံ.. အဲဒီကံဆိုတာကြီးက.. ယောက်ျားတွေအပေါ်ပဲ မျက်နှာသာပေးတာလား ကိုကို”
မကျေမနပ်ဖြင့် ဒေါသငွေ့ထန်နေမည့် ကြည်သာ့အကြည့်များက ချမ်းငြိမ်းအကြည့်နှင့်ဆုံတော့ မီးကိုရေ နှင့်ပက်သကဲ့သို့ ဖြစ်သွားရ၏။
“ကြည်သာ။ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတဲ့သတ်မှတ်မှုတွေက အပေါ်ယံပဲ။ ကံ ဆိုတာ သတ်မှတ်မှု ပေါ်မူတည်ပြီး မျက်နှာသာမပေးဘူး။ မျက်နှာသာပေးရင်လည်း အဲဒါဟာ ကံ မဟုတ်ဘူး”
“ဒါပေမဲ့.. ငါသာ ယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့ရင် လို့တွေးမိတယ်”
“ကြည်သာက ယောက်ျားလေးတစ်ယောက်ဖြစ်နိုင်ခဲ့တာပဲလေ။ အဲဒါတွေက ကိုယ့်ဆီရောက်လာတာက လွဲလို့ပေါ့။ စားလေ.. မာကုန်ရင်မကောင်းဘူး”
ချမ်းငြိမ်းက အေးအေးဆေးဆေးပဲ ပြောနေသည်။ ကြည်သာ တကယ်ပဲနားမလည်နိုင်။ မေမေက ဘယ်လို များ အမြွှာကိုတောင် ပြောင်းပြန်ကျအောင်မွေးနိုင်ခဲ့တာလဲပဲ။ ချမ်းငြိမ်းက ဖေဖေနှင့်တူပြီး ကြည်သာက မေမေနှင့်တူလွန်းသည်။ ဖေဖေရှိရင်လည်း ချမ်းငြိမ်းလိုပဲပြောမည်ထင်သည်။
“အခုချိန်ဆို ကြက်ပေါင်းရည်ရော အိုဗာတင်းရော သူ့ဆီရောက်နေပြီပေါ့နော်”
အမှန်ပြောရလျင် ကြည်သာက အင်တာဗျူးဖြေရန် မြန်မာဝတ်စုံလှလှလေးပင် ပြင်ဆင်ထားခဲ့သည်။ ကြိုသိခဲ့ရသည်ကလည်း ခြောက်ဘာသာဖြစ်ပြီး၍ ထူးထွေမစဉ်းစားခဲ့မိ။ ဘဝနှင့်ချီ၍ အားထုတ်ခဲ့ပြီး
လစ်ဟာမှုမရှိအောင် ဖြေခဲ့သည်မို့ ပထမ နေရာကိုကောင်းကောင်းမှန်းနိုင်သော်လည်း ဆယ် ယောက်စာရင်းကြေငြာတော့ ကြည်သာက ဒုတိယ ဖြစ်ခဲ့ရသည်။
“သေချာတာတော့ သူ့မှာ ထမင်းကြော်လိုက်ကျွေးပြီး အိုဗာတင်းလိုက်တိုက်မယ့် အစ်ကိုမရှိပါဘူး”
ချမ်းငြိမ်း ပြောစကားကြောင့် ကြည်သာ ရင်ထဲ အေးသွားရသည်။ ချမ်းငြိမ်းအေးဟန် ဟာလေ။
“အဲဒီကောင်နာမည်ကိုက အပိုးမကျိုးဘူးသိလား။ ကိုကို့လို နာမည်လှလှလေးနဲ့ အနိုင်ယူသွားရင်တောင် ငါ သည်းခံပေးဦးမယ်”
“နာမည်က ဘာတဲ့လဲ”
အောင်စာရင်းစာမျက်နှာ ထိပ်ဆုံးမှ နာမည်ကို ကြည်သာ ပြန်မြင်ယောင်ပြီး ဝက်သားကို ခက်ရင်းနှင့် ထိုးစိုက်ချလိုက်၏။
“ဝေ ယံ ခ”
ချမ်းငြိမ်းက နားထောင်ပြီး ခေါင်းညိတ်သည်။
“ကြည်သာအေးမြ လေးကပဲ ကြည်သာအေးမြ ပေးလိုက်ပါ”
“ဟုတ်ကဲ့ပါ ကိုချမ်းငြိမ်းအေးဟန် ရှင့်”
သေချာသည်က ချမ်းငြိမ်းသည် လူတကာကို အမှန်ချမ်းငြိမ်းပေးနိုင်ပါသည်။ ဒါပေါ့၊ ဝေယံခ ဆိုသည့် ကောင်က ကြက်ပေါင်းရည်ပဲသောက်လိုက်။ ဘာဖြစ်လို့ဆို ကြည်သာ့မှာ ချမ်းငြိမ်းအေးဟန် ရှိနေပြီလေ။

Leave a comment